အခန်း ၁၇၇၄
Vol. 119 Ch. 1774
အခန်း (၁၇၇၄)
ဘက်ပြောင်းခိုလှုံသူ
သွေးလင်းယုန်ခန်းမသည် လျှို့ဝှက်လဝန်းနန်းတော်၏ နယ်မြေအတွင်းသို့ ဝင်ရောက်လာပြီးနောက် အလွန်သတိကြီးစွာ ထားခဲ့၏။ အကြောင်းမှာ လျှို့ဝှက်လဝန်းနန်းတော်တွင် မိစ္ဆာအငွေ့အသက်များကို ထိန်းချုပ်ဟန့်တားနိုင်သည့် နတ်ပညာတစ်မျိုး ရှိနေသောကြောင့် ဖြစ်သည်။
သို့သော် ယခုတော့ ပိဟိုင်နတ်မြို့သို့ပင် သူတို့ ရောက်ရှိလာကြပြီဖြစ်၏။
လျှို့ဝှက်လဝန်းနန်းတော်၏ လက်ကျန်နတ်မြို့ အနည်းငယ်ကိုသာ ချိုးဖောက်နိုင်ပါက နန်းတော်သို့ တိုက်ရိုက် ချဉ်းကပ်နိုင်မည် ဖြစ်၏။ သို့သော်လည်း ယခုအချိန်အထိ လျှို့ဝှက်လဝန်းနန်းတော်ဘက်မှ မည်သူမှ ထိုနတ်ပညာကို အသုံးမပြုသေးပေ။
ထိုအခြေအနေတွင် ဖြစ်နိုင်ခြေ နှစ်ခုရှိ၏။ ပထမတစ်ခုမှာ ထိုအတတ်ပညာကို လူအနည်းငယ်သာ သိခြင်းဖြစ်ပြီး၊ ဒုတိယတစ်ခုကတော့ သူတို့ကို မျှားခေါ်သည့် နည်းဗျူဟာဖြစ်သည်။
ရန်သူကို ထောင်ချောက်ထဲသို့ ဆွဲသွင်းရန်အတွက် လျှို့ဝှက်လဝန်းနန်းတော်က ရည်ရွယ်ချက်ရှိရှိဖြင့် ဆုတ်ခွာပေးနေခြင်းလည်း ဖြစ်နိုင်၏။
ထိုအခိုက်အတန့်တွင် ဝိညာဉ်ဆိုး နတ်ဘုရင်က
“ဒီနတ်ပညာကို လူအနည်းငယ်ပဲ သိတာ ဖြစ်နိုင်သလို မိစ္ဆာအငွေ့အသက်တွေကို နှိမ်နင်းနိုင်မှန်း သူတို့ကိုယ်တိုင်လည်း သတိမထားမိတာမျိုး ဖြစ်နိုင်တယ်။”
ဝိညာဉ်ဆိုး နတ်ဘုရင်က
“နတ်ဘုရင် လင်ရင်သာ သူ့ရဲ့ နတ်ပညာက မိစ္ဆာအငွေ့အသက်တွေကို နှိမ်နင်းနိုင်မှန်း သိခဲ့ရင် လျှို့ဝှက်လဝန်းနန်းတော်က တခြားတပည့်တွေကိုလည်း သင်ပေးထားမှာ အသေအချာပဲ။ ဒါပေမဲ့ စစ်မြေပြင်မှာ တစ်ယောက်တောင် အသုံးမပြုတာကို ကြည့်ရင် ဒါက မဖြစ်နိုင်ဘူး။”
ဝိညာဉ်ဆိုး နတ်ဘုရင်၏ ခွဲခြမ်းစိတ်ဖြာချက်ကို စစ်နတ်လှေပေါ်ရှိ အကြီးအကဲများ ကြားလျှင် သူ၏အကြောင်းပြချက် အကျိုးအကြောင်းဆီလျော်သည်ဟု ခံစားမိကာ အတွေးထဲ နစ်မြောသွားကြ၏။
ထို့နောက် အကြီးအကဲတစ်ဦးက
“တတိယခန်းမသခင် ပြောသလိုသာဆိုရင် နောက်ထပ် အလုံးအရင်းနဲ့ တိုက်ခိုက်သင့်သလား။”
လောလောဆယ်တွင် ချီယန်ဂိုဏ်းနှင့် ထျန်းရှနတ်ဘုရားနိုင်ငံတော်တို့၏ ရှေ့တန်းစစ်မျက်နှာမှာများလည်း နတ်မြို့သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း သူတို့၏ ပင်မတပ်ဖွဲ့များကတော့ ရောက်မလာသေးပေ။ အကယ်၍ သူတို့သာ ရောက်ရှိလာပါက လျှို့ဝှက်လဝန်းနန်းတော်၏ အရင်းအမြစ်များကို ခွဲဝေယူကြမည့်အပြင် မိစ္ဆာအငွေ့အသက်များကို နှိမ်နင်းနိုင်သည့် ထိုနတ်ပညာကိုပါ ရရှိသွားနိုင်၏။
သွေးလင်းယုန်ခန်းမအတွက် ယခုအချိန်တွင် အရေးကြီးဆုံးမှာ ထိုမိစ္ဆာနှိမ်နင်းရေး နတ်ပညာကို တခြားသူများ၏ လက်ထဲ၊ အထူးသဖြင့် ဖြောင့်မတ်သောနတ်များ၏ လက်ထဲသို့ မရောက်အောင် တားဆီးရန် ဖြစ်သည်။
သို့မှသာ မိစ္ဆာနတ်များ၏ အားသာချက်ကို ဆက်လက်ထိန်းသိမ်းထားနိုင်မည် မဟုတ်ပါလား။
ထို့ကြောင့်ပင် သွေးလင်းယုန်ခန်းမမှ မိစ္ဆာနတ်များသည် လျှို့ဝှက်လဝန်းနန်းတော်အား ချက်ချင်း ကျူးကျော်ဝင်ရောက်ရန်အတွက် စိတ်အားထက်သန်နေကြခြင်းဖြစ်၏။
ထိုစဉ် အကြီးအကဲများ၏ အကြည့်များက ပထမခန်းမသခင်ဖြစ်သည့် သွေးမိစ္ဆာ နတ်ဘုရင်ထံသို့ ကျရောက်သွားကြ၏။ သွေးမိစ္ဆာ နတ်ဘုရင် ကိုယ်တိုင်ကလည်း ရှုကျင့်ရှူးအား ယွမ်ယုတိ ဖမ်းဆီးထားနိုင်သည်ဟု ယူဆထားသောကြောင့် လျှို့ဝှက်လဝန်းနန်းတော်ကို အမြန်ဆုံး တိုက်ခိုက်လိုစိတ် ပြင်းပြနေသည်။
ရှုကျင့်ရှူးသည် သူ့ နတ်သခင်အဆင့်သို့ တက်လှမ်းရန်အတွက် မရှိမဖြစ် လိုအပ်သူဖြစ်၏။ သူမအား တစ်စုံတစ်ခု ဖြစ်သွားမည်ကို သူ အစိုးရိမ်ဆုံးပင်။
ထို့နောက် ဝိညာဉ်လောက နတ်ဘုရင်က
“လျှို့ဝှက်လဝန်းနန်းတော်က အကြီးအကဲတွေကို စည်းရုံးပြီး အဲဒီနတ်ပညာကို သူတို့ သိ၊ မသိ စမ်းသပ်ကြည့်လို့ရတယ်။ တကယ်လို့ သူတို့မသိဘူးဆိုရင် ဒါက နတ်ဘုရင် လင်ရင် တစ်ယောက်တည်းပဲ အသုံးချနိုင်တာဆိုတော့ စိုးရိမ်စရာ မရှိတော့ဘူး။”
ဝိညာဉ်လောက နတ်ဘုရင်က
“သူ ဘယ်လောက်ပဲ စွမ်းအားကြီးပါစေဦးတော့ တစ်ယောက်တည်းပဲ ရှိတာလေ။”
ဝိညာဉ်လောက နတ်ဘုရင် ပြောပြီးနောက် ဝိညာဉ်ဆိုး နတ်ဘုရင်က
“လျှို့ဝှက်လဝန်းနန်းတော်က အကြီးအကဲတွေကို စည်းရုံးဖို့ဆိုတာ မလွယ်လောက်ဘူး။”
ဝိညာဉ်လောက နတ်ဘုရင်က
“ပြောရခက်ပါတယ်။ ကျုပ် သိရသလောက်တော့ လျှို့ဝှက်လဝန်းနန်းတော်က တချို့အကြီးအကဲတွေဟာ လျှို့ဝှက်လဝန်းနတ်ဘုရင်က ခေါ်လာတဲ့သူတွေ မဟုတ်ကြဘူး။ ဒါကြောင့် နန်းတော်အပေါ် သူတို့ရဲ့ သစ္စာရှိမှုက သိပ်မခိုင်မြဲနိုင်ဘူး။”
ဝိညာဉ်လောက နတ်ဘုရင်က
“အခုလို လျှို့ဝှက်လဝန်းနန်းတော် သေရေးရှင်ရေး အခြေအနေကို ရောက်နေချိန်မှာ သူတို့ကို ဘာမှမလုပ်ဘူးလို့သာ ကတိပေးလိုက်ရင် အညံ့ခံမယ့်သူ ဧကန်မုချ ရှိလာမှာပဲ။”
ဝိညာဉ်လောက နတ်ဘုရင်က
“ဒါကြောင့်လည်း ကျုပ် စမ်းသပ်ဖို့အတွက် လူလွှတ်ထားပြီးပြီ။ မကြာခင် ရလဒ် ထွက်လာလိမ့်မယ်”
ဝိညာဉ်ဆိုး နတ်ဘုရင်က စပ်စုလိုစိတ်ဖြင့်
“ခင်ဗျား ဘယ်လိုလုပ်လိုက်တာလဲ”
ဝိညာဉ်လောက နတ်ဘုရင်က
“လျှို့ဝှက်လဝန်းနန်းတော်ရဲ့ လက်အောက်ခံ အဖွဲ့အစည်းက အကြီးအကဲတွေကို ကျုပ် ပြန်လွှတ်ပေးလိုက်တယ်။ သူတို့ကို နတ်မြို့တွေဆီ ပြန်လွှတ်ပြီး နန်းတော်က အကြီးအကဲတွေနဲ့ ဆက်သွယ်ဖို့နဲ့ စည်းရုံးဖို့ လမ်းစရှာခိုင်းထားတယ်။”
လက်ရှိအချိန်တွင် လျှို့ဝှက်လဝန်းနန်းတော်၏ နတ်မြို့များအတွင်းရှိ လက်အောက်ခံ အဖွဲ့အစည်းများ၌ ဖြောင့်မတ်သောနတ် အမြောက်အမြား ရှိနေကြပြီး သူတို့အထဲမှ အမြောက်အမြားမှာ သွေးလင်းယုန်ခန်းမထံသို့ တိတ်တဆိတ် အညံ့ခံထားကြသူများ ဖြစ်ကြသည်။
ဝိညာဉ်ဆိုး နတ်ဘုရင် တစ်စုံတစ်ခု ပြောရန် ပြင်နေစဉ်မှာပင် သွေးလင်းယုန်ခန်းမမှ တပည့်တစ်ဦး စစ်နတ်လှေပေါ်ရှိ အစည်းအဝေးခန်းမအတွင်းသို့ ဝင်ရောက်လာ၏။
တပည့်က သွေးမိစ္ဆာ နတ်ဘုရင်နှင့် ကျန်နှစ်ဦးအား ဂါရဝပြုပြီးနောက်
“သခင်တို့ သုံးယောက်ကို တွေ့ချင်တဲ့သူ တစ်ယောက် ရှိပါတယ်”
သွေးမိစ္ဆာ နတ်ဘုရင်က ခပ်အေးအေးပင်
“ဘယ်သူလဲ”
တပည့်က ခန်းမအတွင်းရှိ အကြီးအကဲများကို တစ်ချက်ကြည့်လိုက်ပြီးမှ
“သူ့ရဲ့ အဆင့်အတန်းက ထူးခြားနေလို့ သူ ဒီကို ရောက်နေတာကို လောလောဆယ် တခြားသူတွေ မသိစေချင်ဘူး။”
ထိုအရာကို ကြားလျှင် သွေးမိစ္ဆာ နတ်ဘုရင်က ခန်းမအတွင်းရှိ အကြီးအကဲများအား
“ခင်ဗျားတို့အားလုံး ထွက်သွားကြတော့”
သွေးမိစ္ဆာ နတ်ဘုရင် အမိန့်ပေးပြီးနောက် သွေးလင်းယုန်ခန်းမမှ အကြီးအကဲများ အပြင်သို့ ထွက်သွားကြသော်လည်း မည်သူက ခန်းမသခင်ကို တွေ့ချင်ရသနည်းဟူသော အချက်နှင့် ပတ်သက်၍ အလွန်ပင် စပ်စုချင်နေကြ၏။
အကြီးအကဲများ ထွက်သွားပြီးနောက် သွေးမိစ္ဆာ နတ်ဘုရင်က နောက်ဆုံး၌
“ကဲ ပြောစမ်းပါဦး ခင်ဗျားပြောတဲ့သူက ဘယ်သူလဲ”
တပည့်က
“နတ်ဘုရင်ခံ ကျူးယွဲ့....ထွက်လာလို့ ရပါပြီ”
ထိုစကားများအဆုံးတွင် ခန်းမအတွင်း၌ လခြမ်းပုံသဏ္ဌာန် တစ်ခု ပေါ်လာပြီးနောက် မျက်နှာဖုံးစွပ်ကာ အဖြူရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး ပေါ်ထွက်လာသည်။
နတ်ဘုရင်ခံ ကျူးယွဲ့က သွေးမိစ္ဆာ နတ်ဘုရင်နှင့် ကျန်နှစ်ဦးအား ချက်ချင်း ဂါရဝပြုလိုက်ကာ
“ခန်းမသခင် သုံးဦးကို ဂါရဝပြုပါတယ်”
သွေးမိစ္ဆာ နတ်ဘုရင်က
“ခင်ဗျားက ဘယ်သူလဲ...ကျုပ်တို့ဆီကို ဘာကိစ္စနဲ့ လာတာလဲ။”
နတ်ဘုရင်ခံ ကျူးယွဲ့က
“ကျွန်မက လျှို့ဝှက်လဝန်းနန်းတော်ရဲ့ အတွင်းစည်း အကြီးအကဲတစ်ဦးပါ။”
ထိုအရာကို ကြားလျှင် သွေးမိစ္ဆာ နတ်ဘုရင်နှင့် ကျန်နှစ်ဦး အနည်းငယ် မှင်တက်သွားကြ၏။ အထူးသဖြင့် သွေးမိစ္ဆာ နတ်ဘုရင်နှင့် ဝိညာဉ်ဆိုး နတ်ဘုရင်တို့သည် ဝိညာဉ်လောက နတ်ဘုရင်၏ နည်းဗျူဟာ ဤမျှအထိ လျင်မြန်စွာ အောင်မြင်လိမ့်မည်ဟု မထင်ထားခဲ့ကြပေ။
ယခု ရောက်လာသူက လျှို့ဝှက်လဝန်းနန်းတော်မှ အကြီးအကဲတစ်ဦးဖြစ်သည့်အပြင် အတွင်းစည်း အကြီးအကဲတစ်ဦးလည်း ဖြစ်၏။
သွေးမိစ္ဆာ နတ်ဘုရင် သတိပြန်ဝင်လာပြီးနောက်
“ခင်ဗျားက သွေးလင်းယုန်ခန်းမဆီကို အလင်းဝင်ချင်တာလား”
နတ်ဘုရင်ခံ ကျူးယွဲ့က
“ဟုတ်ပါတယ်။ ခန်းမသခင် သုံးဦးဆီမှာ ကျွန်မ ခိုလှုံလိုပါတယ်။”
နတ်ဘုရင်ခံ ကျူးယွဲ့က
“ကျွန်မရဲ့ သစ္စာရှိမှုကို ပြတဲ့အနေနဲ့ အရေးကြီးတဲ့ သတင်းအချက်အလက် တစ်ခုကို ယူဆောင်လာခဲ့ပါတယ်။”
သွေးမိစ္ဆာ နတ်ဘုရင်က
“ခင်ဗျားက အလင်းဝင်ဖို့ ရွေးချယ်လိုက်ပြီဆိုမှတော့ ခင်ဗျားကို ကျွန်ုပ်တို့ဘက်က ဒုက္ခပေးမှာ မဟုတ်ပါဘူး။ ဒီနေ့ကစပြီး ခင်ဗျားဟာ သွေးလင်းယုန်ခန်းမရဲ့ အစိတ်အပိုင်းတစ်ခုပဲ။ ကဲ ပြောပါ...ခင်ဗျားယူလာတဲ့ သတင်းက ဘာလဲ။”
နတ်ဘုရင်ခံ ကျူးယွဲ့က
“လျှို့ဝှက်လဝန်းနတ်ဘုရင်က အဆင့်တက်ဖို့ ကြိုးစားရင်း ကျရှုံးသွားလို့ သူ့ရဲ့ ကျင့်စဉ်အဆင့်ဟာ နတ်ဘုရင်ခံအဆင့်ထိ ကျဆင်းသွားပါပြီ။ အခု သူတို့တွေ လျှို့ဝှက်လဝန်းနန်းတော်ကနေ ထွက်ပြေးဖို့ ပြင်ဆင်နေကြပါတယ်။”
ထိုအရာကို ကြားလျှင် သူတို့သုံးဦးစလုံး ထိတ်လန့်သွားကြပြီး သွေးမိစ္ဆာ နတ်ဘုရင်က လေးနက်သောအမူအရာဖြင့်
“ဒါ တကယ်ပဲလား”
သွေးမိစ္ဆာ နတ်ဘုရင်၏ ကိုယ်မှ ထွက်ပေါ်လာသည့် ထိတ်လန့်ဖွယ် ဖိအားများကို ခံစားရလျှင် သွေးလင်းယုန်ခန်းမသို့ အလင်းဝင်ရန် ရွေးချယ်ခဲ့ခြင်းက အမှန်ကန်ဆုံး ဆုံးဖြတ်ချက်ဖြစ်ကြောင်း နတ်ဘုရင်ခံ ကျူးယွဲ့ သိသွားကာ များစွာ ဝမ်းသာမိသွား၏။
နတ်ဘုရင်ခံ ကျူးယွဲ့က
“လျှို့ဝှက်လဝန်းနတ်ဘုရင်က နတ်မြို့တွေမှာရှိတဲ့ တပည့်အားလုံးကို ပြန်လာဖို့ အမိန့်ပေးထားပြီးပါပြီ။”
ထိုအရာကို ကြားလျှင် သွေးမိစ္ဆာ နတ်ဘုရင်နှင့် ကျန်နှစ်ဦး၏ မျက်နှာများ ညိုမှောင်သွားကြ၏။ အကယ်၍ လျှို့ဝှက်လဝန်းနန်းတော်မှ လူများသာ ထွက်ပြေးသွားပါက ထိုနေရာရှိ အရင်းအမြစ်များနှင့် ရတနာများကိုလည်း ဆုံးရှုံးရပေတော့မည်။
သွေးမိစ္ဆာ နတ်ဘုရင်က အေးစက်စွာ ရယ်မောလိုက်ကာ
“ကောင်းကင်ဘုံက ကျုပ်ကို တကယ် ကူညီနေတာပဲ”
ထိုအခိုက်အတန့်တွင် သွေးမိစ္ဆာ နတ်ဘုရင်က တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားကာ
“ဒီနှစ်တွေအတွင်းမှာ လျှို့ဝှက်လဝန်းနတ်ဘုရင်က မိစ္ဆာနတ် အမျိုးသမီးတစ်ယောက်ကို ခေါ်လာခဲ့တာမျိုး ခင်ဗျား သိထားသလား။”
ဒါက...
နတ်ဘုရင်ခံ ကျူးယွဲ့ ခဏခန့် တွန့်ဆုတ်သွားပြီးနောက်
“ကျွန်မ အဲ့ဒီအကြောင်း တစ်ခါမှ မကြားမိပါဘူး”
သွေးမိစ္ဆာ နတ်ဘုရင်၏ မျက်ခုံးများ တွန့်သွားပြီး သူ၏ သွေးရောင်လွှမ်းနေသော မျက်နှာ၌ အတွေးများဖြင့် ရှုပ်ထွေးသွားသည်။
တစ်ခါမှ မကြားမိဘူး ဟုတ်လား။
ရှုကျင့်ရှူးက လျှို့ဝှက်လဝန်းနန်းတော်မှာ တကယ်ပဲ မရှိတာလား။
ဒါဆို သူ ဘယ်ကို ရောက်သွားတာလဲ။
သူထံသို့ အလင်းဝင်ထားပြီးဖြစ်သည့် နတ်ဘုရင်ခံ ကျူးယွဲ့က သူ့ကို လိမ်ညာရဲမည်ဟု သွေးမိစ္ဆာ နတ်ဘုရင် မယုံကြည်ပေ။
ထို့နောက် ဝိညာဉ်ဆိုး နတ်ဘုရင်
“လျှို့ဝှက်လဝန်းနတ်ဘုရင်က ထွက်ပြေးဖို့ ကြံနေတာတောင် ခင်ဗျားက ဘာဖြစ်လို့ သွေးလင်းယုန်ခန်းမဆီ အလင်းဝင်ဖို့ ရွေးချယ်ခဲ့တာလဲ။”
နတ်ဘုရင်ခံ ကျူးယွဲ့
“ကျွန်မက တောင်ပိုင်းနယ်မြေ ဇာတိပါ။ ကျွန်မရဲ့ မိသားစု တွေကလည်း ဒီမှာပဲ ရှိတာ။ ကျွန်မသာ တောင်ပိုင်းနယ်မြေကနေ ထွက်ခွာသွားမယ်ဆိုရင် ဘာမှရှိတော့မှာ မဟုတ်ဘူး။”
နတ်ဘုရင်ခံ အဆင့်ရှိသူ အများစု၏ နောက်ကွယ်တွင် ကြီးမားသော အင်အားစု ကွန်ရက်များ ရှိနေကြပြီး နယ်မြေတစ်ခုကို စွန့်ခွာရခြင်းမှာ အရာအားလုံး အစမှ ပြန်စရမည်ဟု ဆိုလိုခြင်းဖြစ်သည်။ ထိုအရာများကို စွန့်လွှတ်နိုင်ရန်က လူတိုင်းအတွက် မလွယ်ကူပေ။
--
…………..