← Chapters

အခန်း ၁၇၇၅

Vol. 119 Ch. 1775

အခန်း ၁၇၇၅

Vol. 119 Ch. 1775

အခန်း (၁၇၇၅)

လျှို့ဝှက်လဝန်းနန်းတော်အား ချိပ်ပိတ်ခြင်း

နတ်ဘုရင်ခံ ကျူးယွဲ့၏ စကားများကို ကြားလျှင် ဝိညာဉ်လောက နတ်ဘုရင်က

“ခင်ဗျား မှန်ကန်တဲ့ ရွေးချယ်မှုကို လုပ်လိုက်တာပဲ”

ဝိညာဉ်လောက နတ်ဘုရင်က ဆက်လက်၍

“ခင်ဗျား ယူလာတဲ့ သတင်းက သွေးလင်းယုန်ခန်းမအတွက် အရမ်း အရေးကြီးသလို ဒါဟာ ကြီးမားတဲ့ အကျိုးဆောင်မှုတစ်ခုလည်း ဖြစ်တယ်။ ဒါပေမဲ့ တခြား နတ်ဘုရင်ခံတွေကိုလည်း သွေးလင်းယုန်ခန်းမဆီ အလင်းဝင်လာအောင် စည်းရုံးနိုင်မယ်ဆိုရင်တော့ ခင်ဗျားရဲ့ စွမ်းဆောင်မှုက ဒီထက်မက ပိုကြီးမားလာလိမ့်မယ်။”

တောင်ပိုင်းနယ်မြေမှ မထွက်ခွာလိုသော ဒေသခံ နတ်ဘုရင်ခံတစ်ဦး ရှိနေသည့်အတွက် တခြားဒေသခံ နတ်ဘုရင်ခံများတွင်လည်း ထိုကဲ့သို့သော အတွေးမျိုး ရှိနေနိုင်ခြေ များသည်။ အကယ်၍ နတ်ဘုရင်ခံ ကျူးယွဲ့က သူတို့ကိုပါ သွေးလင်းယုန်ခန်းမထံ အလင်းဝင်လာအောင် ဆွဲဆောင်နိုင်ပါက လျှို့ဝှက်လဝန်းနန်းတော်၏ ကံစွမ်းအားကို ပို၍ ပြင်းပြင်းထန်ထန် အားနည်းသွားစေမည့်အပြင် နန်းတော်တစ်ခုလုံးကိုလည်း အလွယ်တကူ ပြိုကွဲသွားစေမည် ဖြစ်၏။

ဝိညာဉ်လောက နတ်ဘုရင်၏ စကားကို ကြားလျှင် နတ်ဘုရင်ခံ ကျူးယွဲ့ ခဏခန့် စဉ်းစားပြီးနောက်

“ဒီတာဝန်ကို အောင်မြင်အောင် ကျွန်မ အစွမ်းကုန် ကြိုးစားပါ့မယ်။”

လျှို့ဝှက်လဝန်းနန်းတော်မှ အကြီးအကဲများကိုသာ ဆိုပါက သူမအနေနှင့် စည်းရုံးနိုင်မည် မဟုတ်သော်လည်း တောင်ပိုင်းနယ်မြေမှ မထွက်ခွာလိုသူများဆိုလျှင်တော့ အခက်အခဲကြီးကြီးမားမား ရှိလိမ့်မည်မဟုတ်ဟု နတ်ဘုရင်ခံ ကျူးယွဲ့ ခဏခန့် တွေးတောမိပြန်သည်။ ဤကဲ့သို့သော အကျိုးဆောင်မှုမျိုးဖြင့်သာ သွေးလင်းယုန်ခန်းမသို့ တရားဝင် ဝင်ရောက်နိုင်ပါက သူမအတွက် အဆင့်အတန်းတစ်ခုကိုလည်း ရရှိနိုင်ပေလိမ့်မည်။

ထိုအခိုက်အတန့်တွင် သွေးမိစ္ဆာ နတ်ဘုရင်က

“ကောင်းပြီ...ခင်ဗျား အရင်ပြန်နှင့်တော့။ လျှို့ဝှက်လဝန်းနန်းတော်ဘက်က တစ်စုံတစ်ရာ ထူးခြားတာနဲ့ ချက်ချင်း အကြောင်းကြားပါ။”

နတ်ဘုရင်ခံ ကျူးယွဲ့က

“ကောင်းပါပြီ ခန်းမသခင်”

ထိုစကားများနှင့်အတူ နတ်ဘုရင်ခံ ကျူးယွဲ့ လှည့်ထွက်သွား၏။

နတ်ဘုရင်ခံ ကျူးယွဲ့ ထွက်သွားပြီးနောက် သွေးမိစ္ဆာ နတ်ဘုရင်က

“ဒီကိစ္စမှာ လှည့်ကွက်တွေများ ရှိနေမလား”

ဝိညာဉ်လောက နတ်ဘုရင်က

“မရှိနိုင်ပါဘူး။ လျှို့ဝှက်လဝန်းနန်းတော်ရဲ့ ကံစွမ်းအားက အတော်လေး ဆုတ်ယုတ်နေပြီပဲ။ လျှို့ဝှက်လဝန်းနတ်ဘုရင် အဆင့်တက်ဖို့ ကြိုးစားရင်း ကျရှုံးသွားတာက ရှောင်လွှဲလို့မရတဲ့ ကိစ္စပဲလေ။”

ဝိညာဉ်ဆိုး နတ်ဘုရင်က ဆက်လက်၍

“နတ်မြို့မှာရှိတဲ့ တပည့်အားလုံးကို လျှို့ဝှက်လဝန်းနန်းတော်က ပြန်ခေါ်ထားတယ်လို့ သူ ပြောခဲ့တယ် မဟုတ်လား။ နတ်မြို့ကို ခုခံမယ့်သူ ရှိမရှိ သိရအောင် အခုပဲ အစမ်း တိုက်ခိုက်ကြည့်လို့ ရတာပဲ။ တကယ်လို့ သူတို့တွေ နတ်မြို့ကို စွန့်ခွာသွားကြပြီဆိုရင် သူပြောတာ မှန်တယ်လို့ ယူဆလို့ရတယ်။”

သွေးမိစ္ဆာ နတ်ဘုရင် ခဏခန့် စဉ်းစားပြီးနောက် သွေးလင်းယုန်ခန်းမ၏ စစ်တပ်ထံသို့ အမိန့်ပေးလိုက်၏။

သွေးမိစ္ဆာ နတ်ဘုရင်က

“စစ်တပ်တစ်ခုလုံး အမိန့်ကို နာခံကြ... ဒီနေ့ကစပြီး အလုံးအရင်းနဲ့ တိုက်စစ်ဆင်ကြ။”

ဤအခြေအနေတွင် အစမ်းတိုက်ခိုက်မှုများ ပြုလုပ်နေရန် မလိုအပ်တော့ပေ။ အကယ်၍ နတ်ဘုရင်ခံ ကျူးယွဲ့ ပြောသည့်အရာများ အမှန်ဖြစ်ပါက လာမည့်ရက် အနည်းငယ်အတွင်း လျှို့ဝှက်လဝန်းနန်းတော်၏ နတ်မြို့အားလုံးကို သိမ်းပိုက်နိုင်ပေလိမ့်မည်။

နတ်ဘုရင်ခံ ကျူးယွဲ့၏ သတင်းများ မမှန်ခဲ့လျှင်ပင် ချီယန်ဂိုဏ်းနှင့် ထျန်းရှနတ်ဘုရားနိုင်ငံတော်တို့၏ ပင်မတပ်ဖွဲ့များ ရောက်ရှိလာတော့မည် ဖြစ်သောကြောင့် အလုံးအရင်းနှင့် တိုက်စစ်ဆင်ရန် လိုအပ်နေသေး၏။ ဆက်လက်နှောင့်နှေးနေပါက ထိုပင်မတပ်ဖွဲ့များ ရောက်ရှိလာသည်နှင့် လျှို့ဝှက်လဝန်းနန်းတော်ရှိ ရတနာများနှင့် ကျင့်စဉ်အရင်းအမြစ်များကို သူတို့က သိမ်းပိုက်သွားကြမည်မှာ ဧကန်မုချပင်။

ရတနာများနှင့် ကျင့်စဉ်အရင်းအမြစ်များက ဒုတိယအချက်သာ ဖြစ်၏။ အကယ်၍ ထျန်းရှနတ်ဘုရားနိုင်ငံတော်နှင့် ချီယန်ဂိုဏ်းတို့သာ မိစ္ဆာနတ်များကို တန်ပြန်နှိမ်နင်းနိုင်သည့် နတ်နိယာမများကို ရရှိသွားပါက ပို၍ ဒုက္ခရောက်သွားပေလိမ့်မည်။ နောင်တွင် သွေးလင်းယုန်ခန်းမအနေနှင့် နယ်မြေချဲ့ထွင်လိုပါက ခက်ခဲသွားမည့်အပြင် အဆုံးတွင် ပျက်သုဉ်းသွားခြင်းနှင့်ပင် ရင်ဆိုင်ရနိုင်ပေသည်။

သွေးမိစ္ဆာ နတ်ဘုရင်၏ အမိန့်နှင့်အတူ သွေးလင်းယုန်ခန်းမ၏ စစ်နတ်လှေများသည် လျှို့ဝှက်လဝန်းနန်းတော်၏ နတ်မြို့ဆီသို့ စတင်ဦးတည်လာကြ၏။ မကြာမီမှာပင် စစ်နတ်လှေများထံမှ အလင်းတန်းများ ပွင့်ထွက်လာပြီး ရှေ့ရှိ ပိဟိုင်နတ်မြို့ဆီသို့ တရစပ် ပစ်ခတ်လေတော့သည်။

နောက်တစ်ခဏတွင် ပိဟိုင်နတ်မြို့၏ ကာကွယ်ရေး နည်းဗျူဟာ ပုံစံ အသက်ဝင်လာခဲ့၏။ ရွှေရောင်အတားအဆီးတစ်ခုသည် တစ်မြို့လုံးကို လွှမ်းခြုံသွား၏။

သွေးလင်းယုန်ခန်းမ၏ တိုက်ခိုက်မှုကို သတိပြုမိသည်နှင့် ပိဟိုင်နတ်မြို့ရှိ နတ်များသည် မြို့လယ်ရှိ တည်နေရာရွှေ့ပြောင်းခြင်း ရင်ပြင်ဆီသို့ အသည်းအသန် ပြေးလွှားကြတော့သည်။

လျှို့ဝှက်လဝန်းနန်းတော်သို့ ဆုတ်ခွာရန် အမိန့်ကို နန်းတော်ဘက်မှ ထုတ်ပြန်ထားပြီး ဖြစ်သည်။ ပိဟိုင်နတ်မြို့ကို စွန့်ခွာရတော့မည်မှာ ထင်ရှားနေပြီး မည်သူမှ ဆက်လက်ခုခံရန် ရည်ရွယ်ချက် မရှိကြတော့ပေ။

ပိဟိုင်နတ်မြို့တော်ဝန်သည် မြို့စောင့်အတားအဆီးကို အားဖြည့်ပြီးနောက် တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာ ပုံစံမှတစ်ဆင့် ကောင်းကင်ပေါ်ရှိ လျှို့ဝှက်လဝန်းနန်းတော်ဆီသို့ တိုက်ရိုက် ကူးပြောင်းသွား၏။

ပိဟိုင်နတ်မြို့၏ ကာကွယ်ရေး နည်းဗျူဟာမှာ အတော်ပင် ခိုင်ခံ့လှသဖြင့် သွေးလင်းယုန်ခန်းမ၏ စစ်နတ်လှေများက အကြိမ်ကြိမ် အထပ်ထပ် ပစ်ခတ်တိုက်ခိုက်သော်လည်း ထိုနည်းဗျူဟာကြီးကို မချိုးဖောက်နိုင်သေးပေ။ ထိုကဲ့သို့ အခြေအနေ မထူးမခြား ဖြစ်နေသည်ကို မြင်လျှင် ဝိညာဉ်ဆိုး နတ်ဘုရင်လည်း စိတ်မရှည်နိုင်တော့ပဲ စစ်နတ်လှေပေါ်မှနေ၍ ပိဟိုင်နတ်မြို့၏ ရှေ့မှောက်သို့ တိုက်ရိုက် ပျံသန်းထွက်ခွာလာ၏။

ထို့နောက် သူ၏ မိစ္ဆာစွမ်းအားအားလုံးကို စုစည်းကာ လက်ဝါးတစ်ချက် ရိုက်ချလိုက်တော့သည်။

နဝမဝိညာဉ်လောက မိစ္ဆာမီးလျှံလက်ဝါး...

ကောင်းကင်ယံမှ ကြီးမားလှသော အနက်ရောင်လက်ဝါးကြီးတစ်ချက်သည် ပိဟိုင်နတ်မြို့ဆီသို့ ဖိနှိပ်ကျဆင်းလာ၏။ သို့သော် သူ အံ့အားသင့်သွားရသည်က ရွှေရောင်အတားအဆီးပေါ်တွင် အက်ကြောင်းအနည်းငယ်သာ ပေါ်လာပြီး ထိုအက်ကြောင်းများမှာလည်း ချက်ချင်းပင် ပြန်လည်ကောင်းမွန်သွားခြင်း ဖြစ်သည်။

ဤကဲ့သို့သော နတ်မြို့များ၏ ကာကွယ်ရေး နည်းဗျူဟာများကို နတ်ဘုရင်တစ်ပါး၏ တိုက်ခိုက်မှုကို ခုခံနိုင်စွမ်း ရှိရမည်ဟူသော စံနှုန်းဖြင့် တည်ဆောက်ထားခြင်းဖြစ်ရာ ဝိညာဉ်ဆိုး နတ်ဘုရင်၏ တိုက်ခိုက်မှုကို ဟန့်တားနိုင်ခြင်းက အံ့သြစရာမဟုတ်ပေ။

ထို့ပြင် ပိဟိုင်နတ်မြို့တော်ဝန်သည် မထွက်ခွာမီ အချိန်ဆွဲနိုင်ရန်အတွက် နတ်ကျောက်တုံးအမြောက်အမြားကို ကာကွယ်ရေး နည်းဗျူဟာထဲသို့ ထည့်သွင်းထားခဲ့၏။ ထိုကျောက်တုံးများမှ ရရှိသော နတ်အငွေ့အသက်များ၏ ပံ့ပိုးမှုကြောင့် နည်းဗျူဟာ ပုံစံ ပျက်စီးသွားသည့်တိုင် အချိန်တိုအတွင်း ပြန်လည်ကောင်းမွန်လာနိုင်ခြင်း ဖြစ်သည်။

သူ၏ တိုက်ခိုက်မှုက နည်းဗျူဟာကို မဖျက်ဆီးနိုင်သည်ကို မြင်လျှင် ဝိညာဉ်ဆိုး နတ်ဘုရင် နှာခေါင်းရှုံ့လိုက်ကာ

“တရစပ် ဆက်တိုက်ကြ... ဒီလိုအဆင့်ရှိတဲ့ နည်းဗျူဟာကို ထိန်းသိမ်းဖို့ ပိဟိုင်နတ်မြို့မှာ နတ်ကျောက်တုံး ဘယ်လောက်တောင် ရှိနေမလဲဆိုတာ ကျုပ် ကြည့်ချင်သေးတယ်။”

နည်းဗျူဟာ၏ ကာကွယ်ရေးအဆင့် မြင့်မားလေလေ နတ်ကျောက်တုံး သုံးစွဲမှု ပိုများပြားလေလေ ဖြစ်သည်။ နတ်ဘုရင်တစ်ပါး၏ အပြင်းထန်ဆုံး တိုက်ခိုက်မှုကို ခုခံနိုင်သည့် နည်းဗျူဟာသည် နတ်အငွေ့အသက် အမြောက်အမြားကို ကုန်ဆုံးစေ၏။

နည်းဗျူဟာကို အသက်သွင်းထားသရွေ့ နတ်ကျောက်တုံးများ အဆက်မပြတ် ကုန်ဆုံးနေမည်ဖြစ်ပြီး ပြင်ပမှ တိုက်ခိုက်ခံရပါက ကုန်ဆုံးနှုန်းမှာ ပို၍ပင် မြန်ဆန်လာပေလိမ့်မည်။

ဝိညာဉ်ဆိုး နတ်ဘုရင်၏ အမိန့်ကို ကြားလျှင် သွေးလင်းယုန်ခန်းမ၏ စစ်နတ်လှေများသည် ပိဟိုင်နတ်မြို့၏ နည်းဗျူဟာကြီးဆီသို့ အလင်းတန်း ရာပေါင်းများစွာကို ထပ်မံပစ်လွှတ်ကာ တိုက်ခိုက်ကြပြန်၏။ ထိုသို့ဖြင့် သွေးလင်းယုန်ခန်းမ၏ စစ်နတ်လှေများသည် တစ်ရက်နှင့် တစ်ညတိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။

ပိဟိုင်နတ်မြို့၏ ကာကွယ်ရေးအတားအဆီး မှေးမှိန်လာသည်ကို မြင်ရလျှင် အချိန်တန်ပြီဖြစ်ကြောင်း ဝိညာဉ်ဆိုး နတ်ဘုရင် သိလိုက်ပြီး သူ၏ မိစ္ဆာစွမ်းအားအားလုံးကို စုစည်းကာ နောက်ထပ် လက်ဝါးတစ်ချက် ရိုက်ချလိုက်ပြန်၏။

နဝမဝိညာဉ်လောက မိစ္ဆာမီးလျှံလက်ဝါး...

ကောင်းကင်ယံမှ ကြီးမားလှသော အနက်ရောင်လက်ဝါးကြီး ဖြည်းညှင်းစွာ ကျဆင်းလာသည်နှင့်အမျှ ပိဟိုင်နတ်မြို့၏ ကာကွယ်ရေး နည်းဗျူဟာလည်း ထိုလက်ဝါး၏ စွမ်းအားကို မခုခံနိုင်တော့ပဲ ဝုန်းခနဲ မြည်ဟည်းကာ ပျက်စီးသွားတော့သည်။

ပိဟိုင်နတ်မြို့၏ နည်းဗျူဟာကြီး ပျက်စီးသွားသည်နှင့် မိစ္ဆာနတ်များသည် နတ်မြို့အတွင်းသို့ အလုအယက် ပြေးဝင်ကြတော့၏။

နတ်မြို့တစ်မြို့ဖြစ်သည့်အတွက် အရင် ရောက်ရှိသူများသည် ရတနာများနှင့် ကျင့်စဉ်အရင်းအမြစ်များကို ပိုမိုရရှိနိုင်မည် မဟုတ်ပါလား။

သို့သော် မကြာမီမှာပင် သွေးလင်းယုန်ခန်းမမှ မိစ္ဆာနတ်များ မှင်တက်သွားကြရ၏။ သူတို့မြင်တွေ့လိုက်ရသည်က ခြောက်ကပ်နေသော ပိဟိုင်နတ်မြို့သာဖြစ်သည်။

တစ်မြို့လုံးတွင် လူသူကင်းမဲ့နေရုံသာမက ရတနာဆို၍လည်း တစ်ခုမှ မကျန်တော့ပေ။

အချို့သော မိသားစုများမှာ အလောတကြီးထွက်ပြေးရသည့်အတွက် ကျင့်စဉ်ပစ္စည်းအချို့ ကျန်ရစ်ခဲ့သော်လည်း ထိုပစ္စည်းများ၏ တန်ဖိုးမှာ ပိဟိုင်နတ်မြို့ကို တိုက်ခိုက်ရာတွင် သုံးစွဲခဲ့သည့် နတ်ကျောက်တုံးများ၏ တန်ဖိုးကိုပင် မမီပေ။

ထိုအခိုက်အတန့်တွင် သွေးမိစ္ဆာ နတ်ဘုရင်နှင့် ကျန်နှစ်ဦးလည်း ပိဟိုင်နတ်မြို့၏ အထက်ကောင်းကင်သို့ ရောက်ရှိလာကြ၏။ ခြောက်ကပ်နေသော မြို့ကို မြင်လျှင် သွေးမိစ္ဆာ နတ်ဘုရင်က

“ဟို နတ်ဘုရင်ခံ ပြောခဲ့တာ တကယ် မှန်ပုံရတယ်။”

သွေးမိစ္ဆာ နတ်ဘုရင်က

“ဒီလိုဆိုရင်တော့ သူတို့တွေ ထွက်မပြေးနိုင်အောင် လျှို့ဝှက်လဝန်းနန်းတော် ပတ်ဝန်းကျင်က အာကာသကို ချိပ်ပိတ်ဖို့ ပြင်ဆင်ရမယ်။”

နတ်ဂိုဏ်းတစ်ဂိုဏ်း၏ အာကာသကို ချိပ်ပိတ်ခြင်းက မိစ္ဆာစွမ်းအား အမြောက်အမြားကို ကုန်ဆုံးစေသောကြောင့် သူတို့ ချက်ချင်း မလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ယခု လျှို့ဝှက်လဝန်းနန်းတော်က ထွက်ပြေးရန် ကြံရွယ်နေကြောင်း သေချာသွားပြီဖြစ်ရာ မိစ္ဆာစွမ်းအား မည်မျှပင် ကုန်ဆုံးစေကာမူ အာကာသကို ချိပ်ပိတ်ရန် လိုအပ်လာပြီဖြစ်သည်။ လျှို့ဝှက်လဝန်းနန်းတော်မှ လူများက ရတနာများနှင့် ကျင့်စဉ်အရင်းအမြစ်များကို ယူဆောင်ကာ ထွက်ပြေးသွားကြပါက သွေးလင်းယုန်ခန်းမအနေနှင့် ဤစစ်ပွဲကို အချည်းနှီး ဆင်နွှဲခဲ့သလို ဖြစ်သွားလိမ့်မည်။

သွေးမိစ္ဆာ နတ်ဘုရင်၏ စကားကို ကြားလျှင် ဝိညာဉ်ဆိုး နတ်ဘုရင်နှင့် ဝိညာဉ်လောက နတ်ဘုရင်တို့လည်း တွန့်ဆုတ်မနေတော့ပဲ ကောင်းကင်ယံသို့ တိုက်ရိုက် ပျံတက်သွားကြ၏။ မကြာမီမှာပင် သူတို့သုံးဦးသည် တိမ်တိုက်များကို ဖြတ်ကျော်ကာ လျှို့ဝှက်လဝန်းနန်းတော် တည်ရှိရာ အမြင့်သို့ ရောက်ရှိသွားကြသည်။

ထိုသူသုံးဦးသည် ချက်ချင်းပင် တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်ကြရာ သူတို့၏ ခန္ဓာကိုယ်များထံမှ မိစ္ဆာစွမ်းအားများ တဟုန်ထိုး ထွက်ပေါ်လာတော့သည်။ ခဏအတွင်းမှာပင် လျှို့ဝှက်လဝန်းနန်းတော်၏ ပတ်ဝန်းကျင် တစ်ခုလုံး အနက်ရောင် မြူခိုးများဖြင့် ဖုံးလွှမ်းသွားခဲ့၏။

ထိုအခိုက်အတန့်တွင် ယွမ်ယုတိသည် လျှို့ဝှက်လဝန်းနန်းတော်ရှိ ကျင့်စဉ်ရင်ပြင်တစ်ခုပေါ်၌ ရပ်နေပြီး အပြင်ဘက်ရှိ မိစ္ဆာစွမ်းအားများကို ကြည့်ကာ မျက်မှောင်ကြုတ်နေမိ၏။ ဤအရာသည် သွေးလင်းယုန်ခန်းမမှ နတ်ဘုရင်များက အာကာသကို ချိပ်ပိတ်နေခြင်းကြောင့် ဖြစ်ကြောင်း သူမ သိသည်။

ယခုအချိန်တွင် သူတို့ ထွက်ပြေးလိုပါက လုချန်း၏ တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံ အ‌ပေါ်ကိုသာ မျှော်လင့်ချက် ထားနိုင်တော့မည်။ သို့သော် သူက ထိုနည်းဗျူဟာ ပုံစံကို အဘယ်ကြောင့် ယခုထက်တိုင် မပြင်ဆင်ရသေးသနည်း။

--

………….

All Chapters