အခန်း ၁၇၇၆
Vol. 119 Ch. 1776
အခန်း (၁၇၇၆)
ရှင်းလင်းရေး လုပ်ငန်း
ထိုအခိုက်အတန့်တွင် လျှို့ဝှက်လဝန်းနန်းတော်၏ အကြီးအကဲများ ယွမ်ယုတိကို ဝိုင်းရံထားကြ၏။ ကောင်းကင်ယံရှိ အနက်ရောင်အငွေ့အသက်များကို ကြည့်ကာ အကြီးအကဲတစ်ဦးက
“နန်းတော်သခင်...ကျွန်မတို့ အခု ဘာဆက်လုပ်ကြမလဲ”
အခြား အကြီးအကဲတစ်ဦးကလည်း
“နတ်ဂိုဏ်းအပြင်ဘက်က အာကာသကို အခု ချိပ်ပိတ်လိုက်ပြီဆိုတော့ ကျွန်မတို့ တည်နေရာရွှေ့ပြောင်းလို့ ရတော့မှာ မဟုတ်ဘူး ထင်တယ်။”
ယွမ်ယုတိ ဘာမှပြန်မပြောပဲ တိတ်ဆိတ်နေ၏။
ထိုစဉ် ကျင့်စဉ်ရင်ပြင်ပေါ်သို့ လုချန်း တိုက်ရိုက် လျှောက်လှမ်းလာ၏။ လုချန်း၏ ပုံသဏ္ဌာန်ကို မြင်လျှင် ယွမ်ယုတိ၏ အနီးတွင် ရပ်နေသော ယဲ့ချူယောင် အနည်းငယ် မှင်တက်သွားသည်။
လုချန်း၏ ကျင့်စဉ်အဆင့်က ကောင်းကင်နတ်အဆင့်သို့ ပြန်လည်ရောက်ရှိသွားပြီလား။
ဒါက...
သူနှင့် သူမတို့၏ စုံတွဲကျင့်စဉ်ကြောင့်ပင် ဤမျှအထိ လျင်မြန်စွာ ပြန်လည်သက်သာလာခြင်း ဖြစ်နိုင်ပါ့မလား။
အချိန်က သိပ်မကြာသေးပေ။
ထိုအခိုက်အတန့်တွင် ယွမ်ယုတိက ယဲ့ချူယောင်ကို မျက်လုံးထောင့်မှနေ၍ ရုတ်တရက် ဝေ့ကြည့်လိုက်၏။ ယွမ်ယုတိ၏ အကြည့်ကို ယဲ့ချူယောင် ချက်ချင်း သတိပြုမိသွားကာ စိတ်မလုံသလို ခံစားလိုက်ရသည်။
လုချန်းက ယွမ်ယုတိ အနားသို့ လျှောက်လာကာ
“ဆရာ...နတ်မြို့က လူတွေအားလုံး လျှို့ဝှက်လဝန်းနန်းတော်ကို ရောက်ကုန်ကြပြီလား။”
ယွမ်ယုတိက အေးစက်စွာပင်
“အေး ရောက်ပြီ”
လုချန်းက ယွမ်ယုတိကို ထိုသို့မေးမြန်းသည်ကို ကြားသောအခါ သူ၏ ရည်ရွယ်ချက်ကို ယဲ့ချူယောင် သိချင်မိသွား၏။
ထိုအခိုက်အတန့်တွင် လုချန်းက ယွမ်ယုတိ၏ အနားရှိ အကြီးအကဲများကို ဝေ့ကြည့်လိုက်ပြီးမှ
“အားလုံး စုံနေပြီဆိုတော့ အရင်ဆုံး ရှင်းလင်းရေး လုပ်ကြတာပေါ့။ ဒါမှ နောက်မှ နည်းဗျူဟာကို အသက်သွင်းတဲ့အခါ ဘယ်သူမှ နှောင့်ယှက်လို့ မရမှာ။”
လုချန်း၏ စကားကို ကြားလျှင် ရောက်ရှိနေသူအားလုံး ဇဝေဇဝါ ဖြစ်သွားကြ၏။
နည်းဗျူဟာပုံစံ...
ဘာနည်းဗျူဟာပုံစံလဲ။
လုချန်း ပြောနေတာက တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာကို ဆိုလိုခြင်း ဖြစ်နိုင်သလား။
သို့သော် အပြင်ဘက်ရှိ အာကာသကို ချိပ်ပိတ်ထားပြီး ဖြစ်ရာ တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာကို အသက်သွင်းလျှင်ပင် မည်သူ့ကိုမှ ရွှေ့ပြောင်းပေးနိုင်မည် မဟုတ်ပေ။
ဤအချိန်တွင် အဘယ်ကြောင့် နည်းဗျူဟာပုံစံကို အသက်သွင်းလိုရသနည်း။
လုချန်းက ယွမ်ယုတိ၏ အနားရှိ အကြီးအကဲများကို ကြည့်ကာ ပြုံးလျက်
“ကျုပ်ရဲ့ ဆရာက ကျုပ် ကို မှော်ရတနာ တစ်ခု ပေးထားဖူးတယ်။ ဒီမှော်ရတနာကို သုံးပြီး ဘယ်သူက သစ္စာဖောက်ထားသလဲဆိုတာ ကျုပ် ခွဲခြားနိုင်တယ်။”
ဒါက...
လုချန်း၏ စကားကို ကြားလျှင် အဘယ်ကြောင့် ယခုကဲ့သို့ ပြောရသနည်းဟု အချို့က ဇဝေဇဝါ ဖြစ်နေကြသော်လည်း အချို့ကတော့ ထိတ်လန့်သွားကြသည်။
အကယ်၍ လုချန်းတွင် ထိုကဲ့သို့သော မှော်ရတနာ တကယ်ရှိနေပါက သူတို့ လျှို့ဝှက်လဝန်းနန်းတော်ကို သစ္စာဖောက်ပြီး သွေးလင်းယုန်ခန်းမထံ တိတ်တဆိတ် အညံ့ခံထားသည်ကို သိသွားပေလိမ့်မည်။
မဖြစ်နိုင်ပေ။
လုချန်းအား ထိုမှော်ရတနာ အသုံးခွင့် ပေး၍မရပေ။
ထိုစဉ် နတ်ဘုရင်ခံ ကျူးယွဲ့ ရှေ့သို့ လှမ်းတက်လာကာ
“နန်းတော်သခင်...ရှင့်မှာ ဒီလိုမှော်ရတနာ တကယ် ရှိတာလား။”
ယွမ်ယုတိ ကိုယ်တိုင်လည်း ဤမေးခွန်းကို သိလိုနေ၏။
သူမက လုချန်းကို ထိုသို့သော မှော်ရတနာမျိုး မည်သည့်အချိန်က ပေးခဲ့သနည်း။
ထို့ပြင် သူမကျုပ်တိုင်ပင် ထိုကဲ့သို့သော မှော်ရတနာမျိုး မရှိပါပဲ လုချန်းကို မည်သို့ ပေးနိုင်ပါမည်နည်း။
လျှို့ဝှက်လဝန်းနန်းတော်ကို သစ္စာဖောက်မည့်သူများ ရှိ၊ မရှိ သိရန်အတွက် သူက ဤလူများကို လိမ်ညာလှည့်စားနေခြင်း ဖြစ်နိုင်သလား။
ထိုဖြစ်နိုင်ခြေကို တွေးမိသည်နှင့် ယွမ်ယုတိလည်း လုချန်းနှင့် ပူးပေါင်းရန် ဆုံးဖြတ်လိုက်ကာ
“အဲ့ဒါက လျှို့ဝှက်လဝန်း ကျောင်းတော်ကနေ ယူလာခဲ့တဲ့ ကောင်းကင်အဆင့် နတ်လက်နက်ပဲ။”
ယွမ်ယုတိ၏ အဖြေကို ကြားလျှင် နတ်ဘုရင်ခံ ကျူးယွဲ့ ရုတ်တရက် ထိတ်လန့်သွား၏။
ဒါကတော့ မကောင်းပေ။
လုချန်းမှာ ထိုကဲ့သို့ မှော်ရတနာမျိုး ရှိနေလိမ့်မည်ဟု သူမ နည်းနည်းမှ စိတ်ကူးမထားခဲ့ဖူးပေ။
ထို့နောက် နတ်ဘုရင်ခံ ကျူးယွဲ့က သူမနှင့် တိတ်တဆိတ် ပူးပေါင်းထားသော အကြီးအကဲများထံသို့ အချက်ပြလိုက်သည်။
အကယ်၍ လုချန်းက ထိုမှော်ရတနာကို အသုံးပြုပြီး သူတို့၏ သစ္စာဖောက်မှုကို သိသွားပါက နတ်ဘုရင် လင်ရင်က သူတို့ကို ချက်ချင်းပင် အရေးယူပေလိမ့်မည်။
သူတို့၏ အကြောင်း ဖော်ထုတ်ခံရတော့မည် ဖြစ်ရာ သူတို့၏ အစီအစဉ်ကို အဆုံးတိုင်အောင် ဆက်လက်လုပ်ဆောင်ပြီး ယွမ်ယုတိကို တိုက်ရိုက် ထိန်းချုပ်လိုက်သည်က ပိုကောင်းပေလိမ့်မည်။
ယွမ်ယုတိသည် ပြင်းထန်စွာ ဒဏ်ရာရထားပြီး ကျင့်စဉ်အဆင့်မှာလည်း နတ်ဘုရင်ခံအဆင့်သို့ ကျဆင်းနေပြီ ဖြစ်ရာ သာမန် နတ်ဘုရင်ခံတစ်ဦးထက်ပင် စွမ်းအားနည်းနေမည်မှာ သေချာလှ၏။
အကယ်၍ ယွမ်ယုတိကိုသာ ထိန်းချုပ်နိုင်ပါက သူတို့၏ သစ္စာဖောက်မှုကို လူသိသွားလျှင်ပင် မည်သူမှ သူတို့ကို ရန်မမူရဲတော့ပေ။
ထို့ပြင် သွေးလင်းယုန်ခန်းမမှ နတ်ဘုရင် သုံးပါး အပြင်ဘက်တွင် ရှိနေကြပြီ ဖြစ်သည်။
သူတို့သာ လှုပ်ရှားလိုက်ပါက သွေးလင်းယုန်ခန်းမမှ နတ်ဘုရင်များက နည်းဗျူဟာပုံစံကို ဖျက်ဆီးရန် နည်းလမ်းတစ်ခုခု ဧကန်မုချ ရှာတွေ့ပေလိမ့်မည်။ သွေးလင်းယုန်ခန်းမမှ နတ်ဘုရင်များက နည်းဗျူဟာ ပုံစံကို ချိုးဖောက်နိုင်သည်အထိ သူတို့ အချိန်ဆွဲထားနိုင်လျှင် ဘေးကင်းသွားပေလိမ့်မည်။
ထိုအရာကို တွေးတောမိသည်နှင့် ယွမ်ယုတိထံသို့ နတ်ဘုရင်ခံ ကျူးယွဲ့၏ ဘေးရှိ နတ်ဘုရင်ခံ သုံးဦး ရုတ်တရက် ခုန်အုပ်လိုက်ကြ၏။
ထိုအခြေအနေကို မြင်လျှင် နတ်ဘုရင်ခံ ဝေရွှီက
“မကောင်းတော့ဘူး။ နန်းတော်သခင်ကို ကာကွယ်ကြ”
နတ်ဘုရင်ခံ ဝေရွှီ သတိမဝင်နိုင်သေးမီမှာပင် နတ်ဘုရင်ခံ ကျူးယွဲ့က ယွမ်ယုတိထံသို့ ဓားဖြင့် ထိုးနှက်လိုက်သည်။
အလွန် နီးကပ်နေသည့်အတွက် ဤတိုက်ခိုက်မှုကို ယွမ်ယုတိ မည်သို့မှ ရှောင်တိမ်းနိုင်မည် မဟုတ်ပေ။
ယွမ်ယုတိသည် ပြင်းထန်စွာ ဒဏ်ရာရတော့မည့် ဆဲဆဲတွင်ပင် သူမ၏ မျက်နှာအမူအရာကတော့ လုံးဝ ပြောင်းလဲခြင်း မရှိပေ။ သူမထံသို့ ပြေးဝင်လာသော နတ်ဘုရင်ခံများကို သူမက အေးစက်စွာ ဝေ့ကြည့်လိုက်ပြီး အနည်းငယ်မှပင် အံ့သြသွားဟန် မရှိပေ။
နောက်တစ်ခဏတွင် ယွမ်ယုတိ၏ ခန္ဓာကိုယ်ထံမှ ထိတ်လန့်ဖွယ် အအေးဓာတ်များ ပေါက်ကွဲထွက်လာပြီးနောက် နတ်ဘုရင်အဆင့် ဖိအားများ တဟုန်ထိုး ထွက်ပေါ်လာတော့သည်။
ထိုဖိအားကို ခံစားရသည်နှင့် နတ်ဘုရင်ခံ ကျူးယွဲ့နှင့် ကျန်ရှိသူများ မှင်တက်သွားကြ၏။
ဒါက...
ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ...
သူရဲ့ ကျင့်စဉ်အဆင့်က နတ်ဘုရင်ခံအဆင့်ကို ကျဆင်းသွားပြီ မဟုတ်ဘူးလား။
ဘယ်လိုလုပ်ပြီး ဒီလောက် မြန်မြန် ပြန်ကောင်းလာနိုင်ရတာလဲ။
နတ်ဘုရင်ခံ ကျူးယွဲ့နှင့် ကျန်ရှိသော သစ္စာဖောက်များ မှင်တက်နေစဉ်မှာပင် ယွမ်ယုတိ၏ အအေးဓာတ်များက သူတို့ကို လွင့်ထွက်သွားစေ၏။
နတ်ဘုရင်ခံ ကျူးယွဲ့က မကျေမနပ်ဖြစ်ကာ
“ရှင်... ရှင် ဒဏ်ရာမရခဲ့ပဲ။ ကျွန်မတို့ကို လိမ်လိုက်တာပဲ”
ယွမ်ယုတိ၏ ကျင့်စဉ်အဆင့် ကျဆင်းသွားပြီဟူသော သတင်းက သစ္စာဖောက်များကို ဖော်ထုတ်ရန်အတွက် ရည်ရွယ်ချက်ရှိရှိ လွှင့်ထားသော ကောလာဟလတစ်ခုဟု နတ်ဘုရင်ခံ ကျူးယွဲ့က ယူဆနေဆဲ ဖြစ်သည်။
ယွမ်ယုတိ၏ မျက်နှာကတော့ အေးစက်ခက်ထန်နေပြီး တစ်ခွန်းမှ ပြန်မပြောပေ။
သူမ၏ အဆင့်နယ်ပယ်မှာ အမှန်တကယ် ကျဆင်းသွားခဲ့သော်လည်း လုချန်းနှင့် နှစ်ကြိမ်တိုင်တိုင် စုံတွဲကျင့်စဉ် ကျင့်ကြံရန် သဘောတူပြီးနောက်မှာတော့ လျှို့ဝှက်လဝန်းနန်းတော်၏ ကံစွမ်းအား သိသိသာသာ မြင့်တက်လာခဲ့ကာ သူမ၏ ကျင့်စဉ်မှာလည်း အချိန်တိုအတွင်း ပြန်လည်ကောင်းမွန်လာခဲ့ခြင်း ဖြစ်သည်။
ဤအရာမှာ လုချန်း၏ ကံစွမ်းအားကြောင့်ဖြစ်ကြောင်း သူမ သိလိုက်ပြီး သူ၏ ကံစွမ်းအား မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းကြောင်းကိုလည်း ပေါ်လွင်စေပေသည်။ လျှို့ဝှက်လဝန်းနန်းတော်၏ နယ်မြေအားလုံးနီးပါး ဆုံးရှုံးလုဆဲဆဲ အခြေအနေတွင်ပင် သူတစ်ဦးတည်းက နန်းတော်၏ ကံစွမ်းအား အတော်များများကို ပြန်လည်ကောင်းမွန်စေနိုင်၏။
ဤလူက သာမန် ကံထူးရှင်တစ်ဦး မဟုတ်သည်မှာ ထင်ရှားလှပေသည်။
ဤလောကတွင် ကံစွမ်းအား ကြီးမားသူ အများစုသည် သူတို့ကိုယ်တိုင် အပေါ်တွင်သာ အကျိုးသက်ရောက်မှု ရှိစေနိုင်ကြ၏။ သူတို့ ပါဝင်နေသော နတ်ဂိုဏ်းများတွင် ဘေးဒုက္ခနှင့် ကြုံရပါက အကောင်းဆုံးအနေနှင့် သူကိုယ်တိုင် ဘေးကင်းအောင်သာ လုပ်ဆောင်နိုင်ကြပြီး နတ်ဂိုဏ်းကတော့ ပျက်သုဉ်းခြင်းနှင့် ရင်ဆိုင်ရစမြဲ ဖြစ်သည်။
ထို့ကြောင့် နတ်ဂိုဏ်းတစ်ဂိုဏ်းလုံး၏ ရှင်သန်ခြင်းနှင့် ပျက်သုဉ်းခြင်းအပေါ် လွှမ်းမိုးနိုင်သော လုချန်း၏ ကံစွမ်းအား မည်မျှအထိ ကြီးမားလာကြောင်း သက်သေပြနေသည်။
ယွမ်ယုတိသည် နတ်ဘုရင်ခံ ကျူးယွဲ့နှင့် ကျန်ရှိသူများကို ဂရုမစိုက်တော့ပဲ သူတို့ထံသို့ ရေခဲဆူးချွန် အမြောက်အမြားကို ပစ်လွှတ်လိုက်၏။
နတ်ဘုရင်ခံ ကျူးယွဲ့က
“အတူတူ ခုခံကြ။ ဟိုသုံးယောက် နည်းဗျူဟာကြီးကို ဖျက်ဆီးနိုင်တဲ့အထိ ကျွန်မတို့ တောင့်ခံထားနိုင်ရင် ဘေးကင်းမှာပဲ။”
နတ်ဘုရင်ခံ ကျူးယွဲ့၏ စကားအဆုံးတွင် အခြားသော သစ္စာဖောက် အကြီးအကဲများသည် နည်းဗျူဟာ ပုံစံတစ်ခုကို အမြန်ဆုံး တည်ဆောက်ကာ ကိုယ့်ကိုယ်ကို ကာကွယ်လိုက်ကြ၏။
လျှို့ဝှက်လဝန်းနန်းတော်အတွင်း ရုတ်ရုတ်သဲသဲ ဖြစ်နေသည်ကို ကောင်းကင်ယံရှိ သွေးမိစ္ဆာ နတ်ဘုရင် သုံးဦးလည်း ချက်ချင်း သိသွားကြ၏။ ယွမ်ယုတိက နတ်ဘုရင်ခံ ကျူးယွဲ့ကို တိုက်ခိုက်နေသည်ကို မြင်လျှင် လျှို့ဝှက်လဝန်းနန်းတော်အတွင်း၌ ပဋိပက္ခဖြစ်နေကြောင်း သူတို့ သိကြသော်လည်း နတ်ဘုရင်ခံ ကျူးယွဲ့နှင့် သူမ၏ အပေါင်းအပါများကို ကယ်တင်ရန် စိတ်ကူးမရှိကြပေ။
အကယ်၍ နတ်ဘုရင်ခံ ကျူးယွဲ့နှင့် သူမ၏ အပေါင်းအပါများ သေဆုံးသွားပါက ယွမ်ယုတိ၏ စွမ်းအားကို လျော့ကျသွားစေမည့်အပြင် သူတို့၏ သစ္စာခံမှုက လူသိရှင်ကြား မဟုတ်သဖြင့် စစ်ပွဲအပြီးတွင် နတ်ဘုရင်ခံ ကျူးယွဲ့၏ မိသားစုကို စောင့်ရှောက်ပေးရန်လည်း မလိုအပ်တော့ပေ။
သို့သော် သွေးမိစ္ဆာ နတ်ဘုရင်၏ မျက်နှာကတော့ အနည်းငယ် လေးနက်နေသည်။
သွေးမိစ္ဆာ နတ်ဘုရင်က
“လျှို့ဝှက်လဝန်းနတ်ဘုရင်ကို ကြည့်ရတာ သူ့ရဲ့ ကျင့်စဉ်က တကယ် ကျဆင်းသွားတာ မဟုတ်ဘူး ထင်တယ်။”
နတ်ဂိုဏ်း၏ နည်းဗျူဟာကြီးကို ဖြတ်ကျော်၍ ထွက်ပေါ်နေသော ယွမ်ယုတိထံမှ နတ်ဘုရင်အဆင့် ဖိအားကို သူတို့သုံးဦးစလုံး ခံစားနေရဆဲ ဖြစ်သည်။
နတ်ဘုရင်ခံ ကျူးယွဲ့ ကိုယ်တိုင်ပင် ယွမ်ယုတိကို တိုက်ခိုက်ခဲ့ခြင်းကို ကြည့်လျှင် သူမက သူတို့ကို လိမ်ညာခဲ့ခြင်း မဟုတ်ပဲ သူမကိုယ်တိုင်လည်း ယွမ်ယုတိ၏ ကျင့်စဉ် ကျဆင်းသွားခဲ့သည်ဟု ယုံကြည်နေကြောင်း ပေါ်လွင်စေသည်။
ယွမ်ယုတိက နတ်ဘုရင်ခံ ကျူးယွဲ့နှင့် ကျန်ရှိသူများကို ရည်ရွယ်ချက်ရှိရှိ လိမ်ညာခဲ့ခြင်း ဖြစ်နိုင်သလား။
ထိုသို့လုပ်ဆောင်ခြင်း၏ နောက်ကွယ်၌ ဘယ်လို ရည်ရွယ်ချက်မျိုး ရှိနိုင်သနည်း။
--
………….