အခန်း ၁၇၇၉
Vol. 119 Ch. 1779
အခန်း( ၁၇၇၉ )
မိစ္ဆာနတ်ထက်ပင် မိစ္ဆာဆန်သူ
ဝိညာဉ်ဆိုး နတ်ဘုရင်၏ သတိပေးမှုကို ကြားလျှင် သွေးမိစ္ဆာ နတ်ဘုရင်နှင့် ဝိညာဉ်လောက နတ်ဘုရင်တို့အနည်းငယ် တုန်လှုပ်သွားကြသော်လည်း လျင်မြန်စွာပင် တုံ့ပြန်လိုက်ကြ၏။
သူတို့၏ မျက်နှာအမူအရာများမှာ အလွန်တရာ တည်တင်းလေးနက်နေပေပြီ။
ဝိညာဉ်ဆိုး နတ်ဘုရင်၏ သတိပေးချက် မရှိလျှင်ပင် ထိုဆီမီးအိမ်များမှ ထွက်ပေါ်လာသော ဖိအားကို သွေးမိစ္ဆာ နတ်ဘုရင်နှင့် ဝိညာဉ်လောက နတ်ဘုရင်တို့ ခံစားနေကြရ၏။
ထိုဆီမီးအိမ်များက ကောင်းကင်ယံကို လင်းထိန်သွားစေသည်နှင့်အမျှ သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ မိစ္ဆာစွမ်းအား စီးဆင်းမှု သိသိသာသာ နှေးကွေးသွားသည်ကို ခံစားလိုက်ရသည်။ ကောင်းကင်ယံ၌ ပျံ့နှံ့နေသော မိစ္ဆာစွမ်းအားများမှာလည်း တဖြည်းဖြည်း လွင့်ပါးပျောက်ကွယ်သွားပေပြီ။
ထိုအခိုက်အတန့်တွင် သွေးမိစ္ဆာ နတ်ဘုရင်တို့ သုံးဦးစလုံး၏ မျက်နှာများ ညိုမှောင်သွား၏။ သူတို့သည် ကောင်းကင်ယံရှိ ဆီမီးအိမ်များကို အလွန်လေးနက်သော အမူအရာဖြင့် စိုက်ကြည့်နေကြသည်။
ဤအရာက ဘယ်လို နတ်ပညာရပ်မျိုးပါနည်း။
မိစ္ဆာစွမ်းအားအပေါ် အဘယ်ကြောင့် ဤမျှ ကြောက်မက်ဖွယ်ကောင်းအောင် နှိမ်နင်းနိုင်ရသနည်း။
မဟုတ်သေးပေ။
ဤနတ်ပညာရပ်ကို တခြားသူတွေလက်ထဲ ဘယ်နည်းနဲ့မှ အရောက်ခံ၍ မဖြစ်ပေ။
အခြား ဖြောင့်မတ်သော နတ်တွေသာ ဒီပညာရပ်ကို ရသွားမယ်ဆိုရင် ထျန်းရန်နတ်ဘုရား နယ်မြေမှာ မိစ္ဆာနတ်တွေအတွက် နေစရာနေရာ ရှိတော့မှာ မဟုတ်ပေ။
ထိုသို့ တွေးလိုက်မိသည်နှင့် သွေးမိစ္ဆာ နတ်ဘုရင်က ဝိညာဉ်ဆိုး နတ်ဘုရင်နှင့် ဝိညာဉ်လောက နတ်ဘုရင်ကို
“ဒီလူကို ရင်ဆိုင်ရတာ လွယ်မှာတော့ မဟုတ်ဘူး။ အစွမ်းကုန်သာ တိုက်ခိုက်ကြ။”
ပြောပြောဆိုဆိုနှင့် သွေးမိစ္ဆာ နတ်ဘုရင်သည် သူ၏ ကောင်းကင်အဆင့် နတ်လက်နက်ဖြစ်သော ဝိညာဉ်ဘုရင် အိုးကြီးကို ချက်ချင်း ထုတ်ယူ၍ အသက်သွင်းလိုက်၏။
ထိုအခါ ဝိညာဉ်ဘုရင် အိုးကြီးထဲမှ ရွှေနတ်အဆင့်ရှိသော ဝိညာဉ်ပေါင်း မြောက်မြားစွာ တိုးဝှေ့ထွက်ပေါ်လာကြ၏။
တစ်ခဏအတွင်းမှာပင် လျှို့ဝှက်လဝန်းနန်းတော်၏ ကောင်းကင်ယံတစ်ခုလုံးတွင် ရွှေနတ်ဝိညာဉ်များဖြင့် ပြည့်နှက်သွားပြီးနောက် ထိုဝိညာဉ်များ ပေါင်းစပ်သွားကြရာ သွေးမိစ္ဆာ နတ်ဘုရင်၏ နိယာမ ကိုယ်ထည်ထက်ပင် ပို၍ကြီးမားသော ကိုယ်ထည်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
၎င်းနောက် သွေးမိစ္ဆာ နတ်ဘုရင်က ဝိညာဉ်ဘုရင် အိုးကြီးကို အသက်သွင်းလိုက်ရာ ရွှေနတ်ဝိညာဉ်များ ပေါင်းစပ်ထားသော ထိုဘီလူးကြီးထံမှ နတ်သခင်အဆင့်နှင့် နီးစပ်သော ဖိအားတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုဘီလူးကြီးက လုချန်းထံသို့ လက်ဝါးဖြင့် ရိုက်ချလိုက်စဉ် ဝိညာဉ်လောက နတ်ဘုရင်နှင့် ဝိညာဉ်ဆိုး နတ်ဘုရင်တို့ကလည်း တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်ကြ၏။
လုချန်းက သူ၏ အစွမ်းကို ချက်ချင်း ထုတ်ဖော်လိုက်ရာ ကောင်းကင်ယံရှိ ထိုဆီမီးအိမ်များမှ တောက်ပသော အနီရောင်အလင်းတန်းများ ထွက်ပေါ်လာ၏။ ထို့နောက် ဆီမီးအိမ်များမှ အနီရောင် နတ်အငွေ့အသက်များ ထွက်လာပြီး ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံထားသော အနီရောင် ပိုးချည်မျှင် ကွန်ယက်တစ်ခုအဖြစ် လျင်မြန်စွာ စုစည်းသွားသည်။
ထို့နောက် ထိုအနီရောင် ပိုးချည်မျှင် ကွန်ယက်က ဝိညာဉ်ဘီလူးကြီးအပေါ်သို့ ကျဆင်းသွား၏။ ပိုးချည်မျှင်နှင့် ဝိညာဉ်ဘီလူးကြီး ထိတွေ့မိသည်နှင့် ဘီလူးကြီးထံမှ နာကျင်စွာ အော်ဟစ်ညည်းညူသံမျိုးစုံ ထွက်ပေါ်လာသည်။
တစ်ခဏချင်းမှာပင် သွေးမိစ္ဆာ နတ်ဘုရင် ထုတ်လွှတ်လိုက်သော မိစ္ဆာဝိညာဉ်အားလုံးလည်း မီးခိုးစိမ်းများအဖြစ် ပြောင်းလဲကာ လွင့်စင်သွားခဲ့၏။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သွေးမိစ္ဆာ နတ်ဘုရင်တို့ သုံးဦးစလုံးလည်း ဝေဟင်ထက်၌ ကြောင်တောင်တောင်ဖြင့် ကျန်ရစ်ခဲ့ကြ၏။
သူတို့ သတိမဝင်နိုင်သေးခင်မှာပင် ကောင်းကင်ယံရှိ ဆီမီးအိမ်များ၏ အလင်းရောင်သည် ပို၍ပင် တောက်ပလာပြီး ကောင်းကင်တစ်ခုလုံးလည်း ဆီမီးအိမ်များ၏ အလင်းရောင်အောက်တွင် သွေးကဲ့သို့ နီရဲသွားရာ အလွန်ပင် ထူးဆန်းထိတ်လန့်ဖွယ် ကောင်းနေတော့သည်။
ထိုအချိန်မှသာ သွေးမိစ္ဆာ နတ်ဘုရင်တို့ သုံးဦး သတိပြန်ဝင်လာကြပြီး အဝေးရှိ လုချန်းကို သံသယများဖြင့် ကြည့်လိုက်ကြ၏။
သူတို့ရှေ့ရှိ ထိုလူက အဘယ်ကြောင့် သူတို့ထက်ပင် ပို၍ မိစ္ဆာနတ်နှင့် တူနေရသနည်း။
ခုနက ဝိညာဉ်များကို ထိုသူ၏ နတ်ပညာရပ်ဖြင့် ဝါးမျိုကာ ဆီမီးအိမ်များအတွက် လောင်စာအဖြစ် ပြောင်းလဲလိုက်ခြင်းဖြစ်ကြောင်း သူတို့ အထင်အရှား သိလိုက်ကြ၏။ ထို့ကြောင့်လည်း ဆီမီးအိမ်များ ဤမျှ တောက်ပလာခြင်း ဖြစ်သည်။
ဤမြင်ကွင်းကို မြင်သောအခါ လျှို့ဝှက်လဝန်းနန်းတော်ရှိ လူများ၏ စိတ်ဓာတ်များ အလွန် တက်ကြွလာကြ၏။ သူတို့၏ နန်းတော်တွင် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အစွမ်းရှိသည့် နတ်ဘုရင်တစ်ပါး ရှိနေလိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ကြပေ။
သွေးလင်းယုန်ခန်းမမှ ခန်းမသခင် သုံးဦး၏ တိုက်ကွက်ကို တစ်ချက်တည်းဖြင့် အလွယ်တကူ တားဆီးနိုင်ခဲ့သည် မဟုတ်ပါလား။
ယွမ်ယုတိလည်း ထိုမြင်ကွင်းကို မြင်သောအခါ အနည်းငယ် မိန်းမောသွား၏။
“ဒီလူက ထျန်းရန်နတ်ဘုရား နယ်မြေရဲ့ သမိုင်းမှာ ပါရမီအရှိဆုံးလို့ တစ်ချိန်က ချီးကျူးခံခဲ့ရတဲ့သူပဲလား”
ဟုယွမ်ယုတိ အံ့အားသင့်စွာ တွေးလိုက်၏။
ကစဉ့်ကလျား ပင်လယ်သို့ သွားရောက်ခဲ့ပြီး ကစဉ့်ကလျား စွမ်းအားများ၏ တိုက်စားမှုကို ခံခဲ့ရတာတောင် သူက ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အစွမ်းကို ပိုင်ဆိုင်ထားဆဲပင်။
ထိုအခိုက်အတန့်တွင် ယဲ့ချူယောင်၏ ဦးနှောက် လုံးဝ ဗလာဖြစ်သွား၏။ ဘာတွေဖြစ်နေမှန်း သူမ နည်းနည်းမှ နားမလည်တော့ပဲ ပို၍ပင် ရှုပ်ထွေးသွားသည်။
သူ၏ ဂိုဏ်းတူမောင်လေးက အဘယ်ကြောင့် ဤမျှ အစွမ်းထက်နေရသနည်း။
“ ဂိုဏ်းတူမောင်လေးက ဟိုးအရင်ကတည်းက သေသွားခဲ့ပြီလား။ ဒါက တခြားသူတွေ ဇဝေဇဝါဖြစ်အောင် ဂိုဏ်းချုပ်က ဖိတ်ခေါ်ထားတဲ့ နတ်ဘုရင်တစ်ပါးက ဂိုဏ်းတူမောင်လေးအဖြစ် ဟန်ဆောင်နေတာများလား။”
ဟုပင် ယဲ့ချူယောင် အတွေးဝင်လာ၏။
ယဲ့ချူယောင်၊ အကြီးအကဲများနှင့် တပည့်များ အားလုံး အတွေးထဲနစ်မြောနေစဉ်မှာပင် ယွမ်ယုတိက လူတိုင်းကို
“အားလုံးပဲ...နည်းဗျူဟာပုံစံကြီးထဲကို ဝိညာဉ် စွမ်းအားတွေ ချက်ချင်းထည့်ကြ”
ယွမ်ယုတိ၏ အေးစက်သော စကားသံကို ကြားလျှင် လူများလည်း ထိတ်လန့်နေရာမှ သတိပြန်ဝင်လာကြပြီး နည်းဗျူဟာပုံစံကြီးထဲသို့ ဝိညာဉ် စွမ်းအားများကို တစ်ပြိုင်နက်တည်း ထည့်သွင်းလိုက်ကြ၏။
လျှို့ဝှက်လဝန်းနန်းတော် ပတ်ဝန်းကျင်ရှိ အာကာသ ပို၍ပင် ပုံပျက်လာသည်ကို ခံစားလိုက်ရသဖြင့် သွေးမိစ္ဆာ နတ်ဘုရင်တို့ သုံးဦး၏ မျက်နှာများ ပို၍ပင် ကြည့်မကောင်း ဖြစ်သွားသည်။
ထိုအခါ သွေးမိစ္ဆာ နတ်ဘုရင်က လုချန်းကို
“ခင်ဗျားက ဘယ်သူလဲ...ဘာလို့ လျှို့ဝှက်လဝန်းနန်းတော်ကို ကူညီနေရတာလဲ။”
လုချန်းက ခပ်အေးအေးပင်
“အဲ့ဒါကို ခင်ဗျားတို့ သိဖို့ မလိုဘူး”
သွေးမိစ္ဆာ နတ်ဘုရင်က လှောင်ပြုံးပြုံးလျက်
“ကျုပ်တို့က ခင်ဗျားကို ကြောက်နေတယ်လို့ တကယ်ထင်နေတာလား။ ခင်ဗျားက တစ်ယောက်တည်းပဲလေ။ သွေးလင်းယုန်ခန်းမရဲ့ စစ်တပ်ကြီးကို ဘယ်လိုများ တားဆီးနိုင်မှာလဲ။”
ထို့နောက် သွေးမိစ္ဆာ နတ်ဘုရင်က သွေးလင်းယုန်ခန်းမရှိ အကြီးအကဲများနှင့် တပည့်များကို အသံလှိုင်းဖြင့်
“အားလုံးပဲ လျှို့ဝှက်လဝန်းနန်းတော်ကို လာကြ။ သွေးလမင်း နည်းဗျူဟာကို သုံးမယ်။”
သွေးမိစ္ဆာ နတ်ဘုရင်၏ အမိန့်ကို ရရှိသည်နှင့် ခဏချင်းမှာပင် လျှို့ဝှက်လဝန်းနန်းတော် ပတ်ဝန်းကျင်၌ သွေးလင်းယုန်ခန်းမမှ စစ်နတ်လှေ အမြောက်အမြား ပေါ်လာခဲ့သည်။
ကောင်းကင်ယံရှိ သွေးရောင်လွှမ်းနေသော ဆီမီးအိမ်များကို မြင်လိုက်ရသောအခါ သွေးလင်းယုန်ခန်းမမှ အကြီးအကဲများနှင့် တပည့်များ တုန်လှုပ်ချောက်ချားသွားကြ၏။
တစ်ခဏအတွင်းမှာပင် သွေးလင်းယုန်ခန်းမရှိ တပည့်များနှင့် အကြီးအကဲများ ထိတ်လန့်သွားကြကုန်၏။ အဘယ့်ကြောင့်ဆိုသော် သူတို့၏ မိစ္ဆာစွမ်းအားများ အပြင်းအထန် နှိမ်နင်းခံနေရကြောင်း သူတို့ အထင်အရှား ခံစားနေရသောကြောင့်ဖြစ်သည်။
သွေးလင်းယုန်ခန်းမမှ ခန်းမသခင် သုံးဦးသည် နတ်ဘုရင်များ ဖြစ်ကြသဖြင့် သူတို့၏ ခန္ဓာကိုယ်အတွင်း မိစ္ဆာစွမ်းအားများ လုံလောက်စွာ ရှိနေသေးရာ ထိုနှိမ်နင်းမှုဒဏ်ကို အတော်အသင့် ခုခံနိုင်နေသေး၏။
သို့သော်လည်း အဆင့်နိမ့် မိစ္ဆာနတ်များ၏ မိစ္ဆာစွမ်းအားက အားနည်းလှသဖြင့် နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာ၏ နှိမ်နင်းမှုအောက်တွင် သူတို့ အသုံးပြုနိုင်သော စွမ်းအားက အချိန်နှင့်အမျှ နည်းပါးလာနေခဲ့သည်။
မကြာမီမှာပင် သွေးလင်းယုန်ခန်းမရှိ အကြီးအကဲများနှင့် တပည့်များ၏ စွမ်းအားများ သိသိသာသာ လျော့နည်းသွားတော့သည်။
သွေးလင်းယုန်ခန်းမရှိ အကြီးအကဲများနှင့် တပည့်များ ထိတ်လန့်နေသည်ကို မြင်သောအခါ သွေးမိစ္ဆာ နတ်ဘုရင်က
“နည်းဗျူဟာ ခင်းကျင်းကြ”
ထိုသို့ပြောပြီးနောက် သွေးမိစ္ဆာ နတ်ဘုရင်က အဆင့်သင့် ပြင်ဆင်ထားသော အင်းချပ်ပြားကို ထုတ်ယူလိုက်၏။ ထိုအင်းချပ်ပြားတွင် နည်းဗျူဟာပုံစံများကို ကြိုတင်ရေးထိုးထားပြီး အရေးပေါ် အခြေအနေတွင် ချက်ချင်း အသက်သွင်းနိုင်ရန် ပြင်ထားခြင်း ဖြစ်သည်။
သွေးလမင်း နည်းဗျူဟာ ပုံစံသည် သွေးလင်းယုန်ခန်းမ၏ အစွမ်းထက်ဆုံးသော သတ်ဖြတ်ခြင်း နည်းဗျူဟာ ဖြစ်၏။ သူတို့သည် ဤနည်းဗျူဟာကို အသုံးပြု၍ ဒုက္ခပေးနေသော နတ်ဘုရင်များစွာကို ဖြေရှင်းခဲ့ဖူးသည်။
ဤသတ်ဖြတ်ခြင်း နည်းဗျူဟာအတွင်း၌ ရန်သူ၏ အင်အားသည် အဆမတန် လျော့နည်းသွားမည့်အပြင် အရေးအကြီးဆုံးမှာ ရန်သူ၏ စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်စေနိုင်ခြင်း ဖြစ်သည်။
သွေးမိစ္ဆာ နတ်ဘုရင်၏ စကားအဆုံးတွင် သွေးလင်းယုန်ခန်းမမှ အကြီးအကဲများနှင့် တပည့်များ ချက်ချင်းပင် လူစုခွဲလိုက်ကြပြီး လုချန်းကို ဝိုင်းရံထားလိုက်ကြ၏။
ထို့နောက် သွေးမိစ္ဆာ နတ်ဘုရင်က သူ၏လက်ထဲရှိ အင်းချပ်ပြားကို အသက်သွင်းလိုက်ရာ သွေးရောင် အင်းကွက်တစ်ခု အင်းချပ်ပြားထဲမှ ထွက်ပေါ်လာပြီး အဆပေါင်း သောင်းနှင့်ချီ၍ ကျယ်ပြန့်သွားကာ လုချန်းကို ဖုံးလွှမ်းသွားသည်။
ထိုအခိုက်အတန့်တွင် သွေးမိစ္ဆာ နတ်ဘုရင်က
“ခင်ဗျား အရမ်းအစွမ်းထက်တယ်ဆိုတာ ကျုပ် ဝန်ခံပါတယ်။ ဒါပေမဲ့ ကံဆိုးတာက ခင်ဗျား ဘယ်လောက်ပဲ တော်နေပါစေ ဒီနေ့တော့ ဒီမှာပဲ အဆုံးသတ်ရမှာပဲ။”
ထိုသို့ပြောပြီးနောက် သွေးမိစ္ဆာ နတ်ဘုရင်က
“နည်းဗျူဟာ...အသက်ဝင်စေ”
ဟုကြွေးကြော်လိုက်၏။
နောက်တစ်ခဏတွင် ကောင်းကင်ယံ၌ ဝိုင်းစက်နေသော သွေးရောင်လမင်းကြီး တစ်စင်း ပေါ်ထွက်လာ၏။ ထိုသွေးလမင်း ပေါ်လာသည်နှင့်အမျှ ကောင်းကင်၏ အရောင်သည် ပို၍ပင် နီရဲလာပြီး အနီရင့်ရောင်သို့ ပြောင်းလဲသွားရာ ကောင်းကင်တစ်ခုလုံး အလွန် ထူးဆန်းထိတ်လန့်ဖွယ် ကောင်းနေတော့သညိ။
သို့သော် ထိုမြင်ကွင်းကို မြင်သော်လည်း လုချန်းက ဂရုမစိုက်ပေ။
ထိုလမင်း ပေါ်လာသည်နှင့်အမျှ ကောင်းကင်ရှိ ဆီမီးအိမ်များ၏ အလင်းရောင်လည်း ပို၍ပင် တောက်ပလာသည်ကို သူ တွေ့ရှိလိုက်ရသည်။
ဆီမီးအိမ်များသည် မိစ္ဆာစွမ်းအားများကို အထူးနတ်အငွေ့အသက်များအဖြစ် ပြောင်းလဲပေးနေပြီး ၎င်းတို့သည် သူ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာရာ သူ၏ ကျင့်စဉ်အဆင့်လည်း တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။
လုချန်း၏ ခန္ဓာကိုယ်မှ အငွေ့အသက်များ ပိုမိုအားကောင်းလာသည်ကို ခံစားလိုက်ရသဖြင့် သွေးမိစ္ဆာ နတ်ဘုရင်တို့ ထပ်မံ၍ တုန်လှုပ်သွားကြပြန်သည်။ ထိုဆီမီးအိမ်များက မိစ္ဆာစွမ်းအားများကို နတ်အငွေ့အသက်များအဖြစ် ပြောင်းလဲ၍ လုချန်း၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပေးနေခြင်းဖြစ်ပြီး သူ၏ စွမ်းအားကို အဆမတန် မြင့်တက်စေကြောင်း သူတို့ လျင်မြန်စွာ သဘောပေါက်လိုက်ကြ၏။
တစ်နည်းအားဖြင့် ပြောရလျှင် မိစ္ဆာစွမ်းအားများလေလေ၊ ထိုလူက ပို၍ အစွမ်းထက်လာလေလေ ဖြစ်နေသည် မဟုတ်ပါလား။
“မိုးနတ်မင်း... သူကပဲ တကယ့်မိစ္ဆာနတ်လား။ ဒါမှမဟုတ် ကျုပ်တို့ကပဲ မိစ္ဆာနတ်လား။”
သွေးမိစ္ဆာ နတ်ဘုရင်၏ မျက်ဝန်းထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ ဖြတ်ပြေးသွားပြီးနောက် သွေးလမင်း နည်းဗျူဟာကို ချက်ချင်း အသက်သွင်းလိုက်သည်။
သူတို့အနေနှင့် ဤအတိုင်း ဆက်အဖြစ်မခံနိုင်တော့ပေ။ အကယ်၍ လုချန်းသာ မိစ္ဆာစွမ်းအားများကို ဆက်လက် ဝါးမျိုနေဦးမည်ဆိုပါက မကြာမီမှာပင် သူတို့ လုချန်း၏ ပြိုင်ဘက် မဟုတ်တော့မှာ သေချာလှသည်။
--
…………