← Chapters

အခန်း ၁၇၈၀

Vol. 119 Ch. 1780

အခန်း ၁၇၈၀

Vol. 119 Ch. 1780

အခန်း (၁၇၈၀ )

သူ သေသွားခဲ့ပြီ မဟုတ်လား

သွေးမိစ္ဆာ နတ်ဘုရင်က သွေးလမင်း နည်းဗျူဟာပုံစံကို အသက်သွင်းလိုက်ပြီးနောက် ထိုသွေးလမင်းအတွင်းမှ ဖိနှိပ်မှု အရှိန်အဝါများ အလုံးအရင်းနှင့် ထွက်ပေါ်လာ၏။ တစ်ခဏအတွင်းမှာပင် လျှို့ဝှက်လဝန်းနန်းတော် အတွင်းရှိ လူများပင်လျှင် ထိုဖိအားဒဏ်ကို ခံလိုက်ရပြီး သူတို့၏ အမြင်အာရုံများလည်း ဝေဝါးပျက်ယွင်းလာကာ သူတို့၏ မျက်စိရှေ့တွင် အာရုံခံလက်တံများပါသည့် မိစ္ဆာကောင်များ အမြောက်အမြား ပေါ်လာခဲ့သည်။

ထိုအခိုက်အတန့်တွင် လျှို့ဝှက်လဝန်းနန်းတော်၌ စိတ်ဓာတ်ကြံ့ခိုင်မှု မရှိသူများ၏ ရင်ထဲမှ ကြောက်ရွံ့မှုများ ရုတ်တရက် အဆမတန် ကြီးထွားလာ၏။ ထိုမိစ္ဆာကောင်များကို အစစ်အမှန်ဟု သူတို့က ထင်မှတ်ကာ ရှေ့မှ မိစ္ဆာများကို စတင်တိုက်ခိုက်ကြ တော့သည်။

သို့သော် ထိုမိစ္ဆာကောင်များသည် တကယ် ရှိနေခြင်းမဟုတ်ပဲ လျှို့ဝှက်လဝန်းနန်းတော်မှ အခြားတပည့်များသာ ဖြစ်နေသည်။

တစ်ခဏ အတွင်းမှာပင် လျှို့ဝှက်လဝန်းနန်းတော်မှ တပည့်များလည်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန် သတ်ဖြတ်မိကြတော့၏။

၎င်းကို သိလိုက်လျှင် ယွမ်ယုတိက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီးနောက် သူမ၏ ကိုယ်ပေါ်မှ ကြောက်မက်ဖွယ် အေးစက်သော အငွေ့အသက်များ ထွက်ပေါ်လာသည်။ ခဏချင်းမှာပင် လျှို့ဝှက်လဝန်းနန်းတော် တစ်ခုလုံးမှာ ခဲသွားပြီး အပြန်အလှန် သတ်ဖြတ်နေကြသော တပည့်များလည်း မလှုပ်ရှားနိုင်အောင် အေးခဲသွားကြတော့၏။

ဤအရာက လျှို့ဝှက်လဝန်းနန်းတော်မှ တပည့်များ အပြန်အလှန် ဒဏ်ရာရစေမှုကို ယာယီတားဆီးနိုင်ခဲ့သော်လည်း ဤအတိုင်း ဆက်ဖြစ်နေပါက အကြီးအကဲများကိုပင် ထိခိုက်လာနိုင်သည်။

ယွမ်ယုတိ၏ မျက်စိရှေ့တွင်ပင် အမြင်မှားများ စတင်ပေါ်ပေါက်လာပေပြီ။

ထိုသွေးလမင်းမှ ထွက်ပေါ်လာသော ဖိနှိပ်မှုကို လုချန်း ခံစားလိုက်ရပြီးနောက် နတ်ဘုရား‌ ချေမှုန်းဓားကို ချက်ချင်း ထုတ်ယူလိုက်၏။ ထို့နောက် သူ၏ ခန္ဓာကိုယ်အတွင်းရှိ နတ်အငွေ့အသက် အားလုံးကို စုစည်းကာ ဓားတစ်ချက် ဝှေ့ယမ်းလိုက်သည်။

ပိလော့ နဂါးပြာဟိန်းသံ...

ထိုစဉ် သွေးရောင်လွှမ်းနေသော နဂါးကြီးတစ်ကောင်သည် ကောင်းကင်ယံရှိ ဧရာမ သွေးလမင်းကြီးဆီသို့ တိုက်ရိုက် ပျံသန်းသွား၏။ လုချန်း၏ ဓားချက်မှ ဖိအားကို ခံစားလိုက်ရလျှင် သွေးမိစ္ဆာ နတ်ဘုရင်တို့ သုံးဦး၏ မျက်နှာများ သိသိသာသာ ပြောင်းလဲသွားကြ၏။

ဤဓားချက်၏ စွမ်းအားသည် နတ်သခင်တစ်ပါး၏ တိုက်ကွက်ထက် မနိမ့်ကြောင်း သူတို့ သိလိုက်ကြသည်။

ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အစွမ်းထက်နေရတာလဲ။

အစက လုချန်း၏ စွမ်းအားမှာ ဤမျှ မပြင်းထန်သေးပေ။

ပတ်ဝန်းကျင်၌ မိစ္ဆာစွမ်းအားများ အလွန်ပင် ထူထပ်သွားပြီး နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာ၏ ဆီမီးအိမ်များက လေထုထဲမှ မိစ္ဆာစွမ်းအားများကို ဝါးမျိုလိုက်ပြီးနောက် မိစ္ဆာစွမ်းအားများကို ဆက်လက် နှိမ်နင်းလိုက်ရုံသာမက ၎င်းတို့ကို လုချန်း၏ စွမ်းအားအဖြစ် အမြောက်အမြား ပြောင်းလဲပေးလိုက်ရာ သူက ပို၍ပင် အစွမ်းထက်လာခဲ့သည်။

နဂါးအသွင်ပြောင်းသွားသော လုချန်း၏ ဓားအရှိန်အဝါက ကောင်းကင်မှ သွေးလမင်းကို အပြင်းအထန် ရိုက်ခတ်လိုက်ရာ တစ်ခဏအတွင်းမှာပင် အာကာသအလွာသည် ဖန်သားပြင်ကဲ့သို့ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားခဲ့သည်။

ဝိညာဉ်လောက နတ်ဘုရင်က

“မကောင်းတော့ဘူး...အာကာသ ချိပ်ပိတ်မှု ပျက်တော့မယ်”

သွေးမိစ္ဆာ နတ်ဘုရင်နှင့် သူ၏ အဖော်များသည် အာကာသ ချိပ်ပိတ်မှုကို ပြန်လည် အားဖြည့်ရန်အတွက် သွေးလမင်း နည်းဗျူဟာကို ဆက်လက် ထိန်းသိမ်းခြင်းကို စွန့်လွှတ်လိုက်ကြရ၏။ အကယ်၍ အာကာသ ချိပ်ပိတ်မှု ပျက်စီးသွားပါက လျှို့ဝှက်လဝန်းနန်းတော်မှ လူများသည် ယခု တည်ဆောက်နေသော နည်းဗျူဟာပုံစံ ပြီးစီးသည်အထိ စောင့်ရန် မလိုတော့ပဲ အစကတည်းကရှိ‌နေသည့် တည်နေရာရွှေ့ပြောင်း နည်းဗျူဟာပုံစံကို အသုံးပြုကာ လျှို့ဝှက်လဝန်းနန်းတော်မှ တိုက်ရိုက် ထွက်ပြေးနိုင်ပေလိမ့်မည်။

…….

ထိုအချိန်မှာပင်။

ပိဟိုင်နတ်မြို့၌။

သူတို့ရှေ့ရှိ ဆိတ်သုဉ်းနေသော နတ်မြို့တော်ကို မြင်လိုက်ရလျှင် နောက်ကျမှ ရောက်လာသော ချီယန်နတ်ဘုရင်နှင့် လုကျင်တို့ မျက်မှောင်ကြုတ်သွားကြ၏။ သွေးလင်းယုန်ခန်းမက သူတို့ထက် အရင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ရာ လျှို့ဝှက်လဝန်းနန်းတော်ရှိ အဖိုးတန်ပစ္စည်းများကို သွေးလင်းယုန်ခန်းမက လုယက်သွားလောက်ပြီဟု သူတို့က ထင်မှတ်နေကြသည်။

ထိုအခိုက်အတန့်တွင် ကောင်းကင်ယံရှိ ဧရာမ သွေးလမင်းကြီးက လုကျင်နှင့် ချီယန်နတ်ဘုရင်တို့၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။ သွေးလင်းယုန်ခန်းမနှင့် လျှို့ဝှက်လဝန်းနန်းတော်တို့ အပြင်းအထန် တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ကြောင်း သိလိုက်ရသဖြင့် သူတို့နှစ်ဦး ဝမ်းသာသွားကြ၏။

လျှို့ဝှက်လဝန်းနန်းတော်သည် ရှုံးနိမ့်သွားခြင်း မရှိသေးပေ။

အကယ်၍ ယခု ချက်ချင်း သွားမည်ဆိုလျှင် သူတို့လည်း ဝေစုအချို့ ရနိုင်ပါသေးသည်။

ထိုအတွေးနှင့်အတူ လုကျင်နှင့် ချီယန်နတ်ဘုရင်တို့က စစ်တပ်ကို အပြည့်အဝ တိုက်ခိုက်ရန် ချက်ချင်း အမိန့်ပေးလိုက်ကြ၏။

ခဏအကြာတွင် ထျန်းရှနတ်ဘုရား နိုင်ငံတော်နှင့် ချီယန်ဂိုဏ်းတို့မှ စစ်နတ်လှေများ ကောင်းကင်သို့ ပျံတက်လာကြပြီး လျှို့ဝှက်လဝန်းနန်းတော် တစ်ခုလုံးကို ဝိုင်းရံထားလိုက်ကြသည်။ သို့သော် လျှို့ဝှက်လဝန်းနန်းတော် အထက်တွင် မိစ္ဆာစွမ်းအားများ အလွန်ထူထပ်နေသဖြင့် သူတို့ အနီးသို့ မကပ်ရဲကြပဲ စစ်နတ်လှေများဖြင့် ခပ်လှမ်းလှမ်းမှသာ ဝိုင်းရံထားကြ၏။

ကောင်းကင်ယံမှ ထူထပ်သော အနက်ရောင် စွမ်းအားများကို ကြည့်ကာ ချီယန်နတ်ဘုရင်က နတ်ဘုရင်ခံကွေးဟိုင်ကို မကျေမနပ်ဖြင့်

“သံတမန်ကြီး...သွေးလင်းယုန်ခန်းမက မိစ္ဆာစွမ်းအားတွေကို အများကြီး ထုတ်ထားတော့ ကျုပ်တို့ အနားမကပ်နိုင်ဘူး။ လျှို့ဝှက်လဝန်းနန်းတော်က ရတနာတွေကို သူတို့ တစ်ယောက်တည်း ယူချင်နေတာ ထင်ရှားတယ်။”

နတ်ဘုရင်ခံကွေးဟိုင်လည်း ချီယန်နတ်ဘုရင်၏ ဆိုလိုရင်းကို သဘာဝကျကျပင် နားလည်လိုက်၏။ ချီယန်ဂိုဏ်းက လျှို့ဝှက်လဝန်းနန်းတော်သို့ ပိုမိုနီးကပ်စွာ သွားနိုင်ရန်အတွက် သံတမန်က သွေးလင်းယုန်ခန်းမကို ဖိအားပေးစေလိုခြင်း ဖြစ်သည်။

သို့သော် နတ်ဘုရင်ခံကွေးဟိုင်သည် လူအ မဟုတ်ပေ။ သူတို့နှင့် သွေးလင်းယုန်ခန်းမကြား ဆက်ဆံရေးသည် အစကတည်းက မကောင်းခဲ့သလို အထက်လူကြီးများက လျှို့ဝှက်လဝန်းနန်းတော်ကို အမြစ်ပြတ် သုတ်သင်လိုခြင်း မရှိပါက သူတို့အနေနှင့် သွေးလင်းယုန်ခန်းမကဲ့သို့သော မိစ္ဆာနတ်ဂိုဏ်းနှင့် ပူးပေါင်းမည် မဟုတ်ပေ။

ထိုမိစ္ဆာနတ်အုပ်စုသည် တစ်ကိုယ်ကောင်းဆန်ပြီး ရက်စက်ကြရာ ကြီးမားသော အကျိုးအမြတ်များနှင့် ရင်ဆိုင်ရချိန်တွင် ထိုမိစ္ဆာနတ်များက သူ့ကို သံတမန်အဖြစ် အသိအမှတ်ပြုလိမ့်မည်ဟု သူ မယုံကြည်ပေ။

ယခုနေ သူက သွေးလင်းယုန်ခန်းမ၏ ခန်းမသခင်များရှေ့သို့ သွား၍ တစ်ခုခု ပြောမိပါက ချက်ချင်းပင် အလောင်း ဖြစ်သွားနိုင်သည်။

ထို့ပြင် လျှို့ဝှက်လဝန်းနန်းတော် ပျက်စီးသွားပါက သူ၏ တာဝန် ပြီးမြောက်ပြီ ဖြစ်သည်။ သွေးလင်းယုန်ခန်းမက လျှို့ဝှက်လဝန်းနန်းတော်မှ ရတနာ မည်မျှ ရသွားမည်ကို သူ ဂရုမစိုက်ပေ။

နတ်ဘုရင်ခံကွေးဟိုင်က ချီယန်နတ်ဘုရင်ကို

“လျှို့ဝှက်လဝန်းနန်းတော်က ရတနာတွေကို လိုချင်ရင် ကိုယ့်ဘာသာကိုယ်ယူကြ။ ကျုပ်ကို လာမပြောနဲ့။”

နတ်ဘုရင်ခံကွေးဟိုင်၏ စကားကို ကြားလျှင် ချီယန်နတ်ဘုရင်နှင့် လုကျင်တို့ မျက်မှောင်များ ချက်ချင်း ကြုတ်သွားကြ၏။ ခမ်းနားသော ကောင်းကင်ခန်းမမှ သံတမန်ကိုယ်တိုင်ပင် သွေးလင်းယုန်ခန်းမကို မပြောရဲလျှင် သူတို့က မည်သို့ ဇွတ်တိုးဝင်ရဲပါမည်နည်း။

ထိုအခိုက်အတန့်တွင် ကောင်းကင်ယံရှိ ဆီမီးအိမ်များက မိစ္ဆာစွမ်းအားများကို ရူးသွပ်စွာ ဝါးမျိုနေသည်ကို ချီယန်နတ်ဘုရင် ရုတ်တရက် သတိပြုမိသွားသည်။ ထိုဆီမီးအိမ်များကို သွေးလင်းယုန်ခန်းမက ထုတ်လွှတ်ထားသည်ဟု အစက သူတို့ ထင်ခဲ့သော်လည်း ယခုတော့ ထိုဆီမီးအိမ်များမှာ သွေးလင်းယုန်ခန်းမနှင့် မည်သို့မှ ပတ်သက်ပုံ မရကြောင်း ရိပ်မိလာသည်။

ထိုအခိုက်အတန့်တွင် ကျယ်လောင်သော နဂါးဟိန်းသံကြီး ကောင်းကင်၌ ပဲ့တင်ထပ်သွားပြီးနောက် သွေးရောင် နဂါးကြီးတစ်ကောင်သည် ကောင်းကင်မှ သွေးလမင်းဆီသို့ ပြေးဝင်သွားသည်ကို သူတို့ မြင်လိုက်ရ၏။ သွေးနဂါးနှင့် သွေးလမင်းတို့၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်သော ပေါက်ကွဲမှု ဖြစ်ပေါ်လာပြီး သွေးလင်းယုန်ခန်းမ၏ သွေးလမင်း နည်းဗျူဟာလည်း တစ်ခဏအတွင်း ပျက်စီးသွားရာ ကောင်းကင် အနည်းငယ် ပြန်လည် ကြည်လင်လာခဲ့သည်။

သို့သော် ကောင်းကင်တစ်ခုလုံး အရင်ကထက် ပိုတောက်ပလာသော်လည်း သွေးရောင်တော့ လွှမ်းနေဆဲပင်။

ထိုအခိုက်အတန့်တွင် လုကျင်သည် စစ်နတ်လှေ၏ ကုန်းပတ်ပေါ်၌ မှင်တက်ကာ ရပ်နေမိ၏။

သူ၏ မျက်စိသူငယ်အိမ်များ ကျုံ့သွားပြီး ဦးနှောက်မှာလည်း ဗလာဖြစ်သွားပေပြီ။

အလင်းရောင် လုံလောက်လာပြီဖြစ်ရာ လုချန်း၏ ရုပ်သွင်ကို လုကျင် အထင်အရှား မြင်လိုက်ရသည်။

နှစ်သန်းထောင်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း လုချန်း၏ ရုပ်သွင်ကို လုကျင် မှတ်မိနေဆဲပင် ဖြစ်သည်။ ထို့ပြင် ကစဉ့်ကလျား နယ်မြေသို့ ရောက်ဖူးသူများ၏ မှတ်ဉာဏ်များကိုလည်း သူ မကြာသေးမီက ဖတ်ထားဖူးသဖြင့် လုချန်း၏ ရုပ်သွင်မှာ သူနှင့် ရင်းနှီးနေဆဲ ဖြစ်၏။

လုကျင်က

“ဒါ... ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ...”

ဟု သူ့ဘာသာ ရေရွတ်နေမိသည်။

“သူ သေသွားခဲ့ပြီ မဟုတ်ဘူးလား”

လုချန်းထံမှ ထွက်ပေါ်လာသော နတ်ဘုရင် ဖိအားကို ခံစားလိုက်ရသဖြင့် လုကျင် ထိတ်လန့်သွားသည်။ ဧကရာဇ် ဖြစ်လာနိုင်သည့် ထျန်းရှနတ်ဘုရား နိုင်ငံတော်မှ မင်းသားအားလုံးကို သူ ရှင်းလင်းခဲ့သော်လည်း ယခုအချိန်အထိ လူများစွာက သူ့ကို အသိအမှတ်မပြုကြသေးပေ။

အကယ်၍ လုချန်း အသက်ရှင်နေဆဲဖြစ်ပြီး သူ၏ ကျင့်စဉ်အဆင့် နတ်ဘုရင် အဆင့်မှာပင် ရှိနေသေးကြောင်း ထျန်းရှနတ်ဘုရား နိုင်ငံတော်မှ လူများ သိသွားကြပါက အခြားအတွေးများ ဝင်လာနိုင်သည်။

ထိုသို့ တွေးလိုက်မိသည်နှင့် လုကျင်သည်သူ၏ စိတ်လှုပ်ရှားမှုများကို လျင်မြန်စွာ ပြန်လည် ထိန်းချုပ်လိုက်၏။

ခမ်းနားသော ကောင်းကင်ခန်းမမှ သံတမန် ရှိနေသဖြင့် သူ ထိတ်လန့်စရာ မလိုသလို ထိတ်လန့်ရန်လည်း မလိုအပ်ပေ။ အမှန်စင်စစ် ယခင်က လုချန်းကို တိုက်ခိုက်စဉ်က ခမ်းနားသော ကောင်းကင်ခန်းမကလည်း ပါဝင်ခဲ့ပြီး နတ်သခင်တစ်ပါးကိုပင် စေလွှတ်ခဲ့သည် မဟုတ်ပါလား။

ထို့ကြောင့် ခမ်းနားသော ကောင်းကင်ခန်းမက လုချန်းကို အသက်ရှင်ခွင့် မပေးနိုင်သလို ထျန်းရှနတ်ဘုရား နိုင်ငံတော်သို့ သူ ပြန်လာပြီး ဧကရာဇ် ဖြစ်လာခြင်းကိုလည်း ပို၍ပင် ခွင့်ပြုမည် မဟုတ်ပေ။ သို့သော် ထိုသို့ တွေးနေစဉ်မှာပင် အခြား ဖြစ်နိုင်ခြေတစ်ခုက သူ၏ ဦးနှောက်ထဲသို့ ဝင်လာပြန်သည်။

အကယ်၍ လုချန်းက ခမ်းနားသော ကောင်းကင်ခန်းမသို့ ဝင်ရောက်ရန် ရွေးချယ်လိုက်ပါက အဘယ်သို့ ဖြစ်မည်နည်း။

ယခင်က ခမ်းနားသော ကောင်းကင်ခန်းမက နတ်သခင်တစ်ပါးကို စေလွှတ်ခဲ့ရခြင်း၏ အဓိက အကြောင်းရင်းမှာ လုချန်းက သူတို့နှင့် ပူးပေါင်းရန် ငြင်းဆန်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း သူ မှတ်မိနေဆဲ ဖြစ်၏။

အကယ်၍ ယခုတစ်ကြိမ် ပြန်လာသော လုချန်းက ခမ်းနားသော ကောင်းကင်ခန်းမနှင့် ပူးပေါင်းရန် သဘောတူပြီး ကစဉ့်ကလျား ပင်လယ်၏ လျှို့ဝှက်ချက်အချို့ကို ဝေမျှလိုက်မည်ဆိုပါက ခမ်းနားသော ကောင်းကင်ခန်းမက လုချန်းကို အသက်ချမ်းသာပေးပြီး ထျန်းရှနတ်ဘုရား နိုင်ငံတော်၏ ဧကရာဇ်သစ်အဖြစ်ပင် ထောက်ခံပေးလိုက်မည် မဟုတ်ပါလား။

လုကျင် အတွေးထဲ နစ်မြောနေစဉ်မှာပင် ချီယန်နတ်ဘုရင်နှင့် နတ်ဘုရင်ခံကွေးဟိုင်တို့လည်း သူ၏ ထူးခြားမှုကို သတိပြုမိသွားကြ၏။

လုကျင်၏ မျက်နှာပေါ်မှ ထိတ်လန့်နေသော အမူအရာကို မြင်လိုက်ရသဖြင့် နတ်ဘုရင်ခံကွေးဟိုင်က

“ဘာဖြစ်လို့လဲ”

ဟု သိလိုစိတ်ဖြင့် မေးလိုက်သည်။

--

…………..

All Chapters