အခန်း ၁၇၈၃
Vol. 119 Ch. 1783
အခန်း( ၁၇၈၃ )
စွမ်းအားကုန်ခမ်းသွားသော လုချန်း
လုကျင်၏ မေးမြန်းမှုကို နတ်ဘုရင် ရွှမ်ကျန့်က ခပ်အေးအေးပင် တုံ့ပြန်လိုက်၏။
“ဘုရင်ကြီး... ချန်ဘုရင်ရဲ့ စွမ်းအားက အရမ်းကို ကြီးမားလွန်းပါတယ်။ ကျုပ်တို့ သူ့ကို မယှဉ်နိုင်ပါဘူး။”
ထိုအရာကို ကြားလျှင် လုကျင်၏ မျက်နှာမှာ ချက်ချင်းပင် ပျက်ယွင်းသွားကာ အေးစက်စွာ မေးလိုက်၏။
လုကျင်က နတ်ဘုရင် ရွှမ်ကျန့်ကို
“ခင်ဗျားတို့ လက်တောင် မလှုပ်ရသေးပဲနဲ့ မယှဉ်နိုင်ဘူးလို့ ပြောနေတာလား။”
“ခင်ဗျားတို့က အရင်သံယောဇဉ်တွေကို ငဲ့ပြီး သူ့ကို အရေးမယူချင်တာလို့ ကျုပ်ဘာလို့ ခံစားနေရတာလဲ။”
လုကျင်က
“ဘာလဲ... သူ့ကို ပြန်ကြိုဆိုပြီး ထျန်းရှ နတ်ဘုရား နိုင်ငံတော်ရဲ့ အရှင်သခင် အဖြစ် ပြန်တင်မြှောက်ဖို့ ကြံနေကြတာလား။”
လုကျင်က
“မမေ့နဲ့... သူက ခမ်းနားသော ကောင်းကင်ခန်းမရဲ့ ရန်သူပဲ။ တကယ်လို့ သူ့ကို လွှတ်ပေးလိုက်မယ်ဆိုရင် ခင်ဗျားတို့အားလုံး အပြစ်ပေးခံရလိမ့်မယ်။”
လုကျင်၏ စကားများကို ကြားပြီးနောက် နတ်ဘုရင်ခံ ကွေးဟိုင် စိတ်ထဲတွင် အလွန်ပင် ကျေနပ်သွား၏။ လုကျင် ပြောလိုက်သည့် စကားများမှာ သူ၏ ရင်ထဲရှိ စကားများကို တိုက်ရိုက် ပြောလိုက်ခြင်းပင် ဖြစ်သည်။
နတ်ဘုရင်ခံ ကွေးဟိုင်က နတ်ဘုရင် ရွှမ်ကျန့်တို့ကို
“ချက်ချင်း ပြန်သွားပြီး လုချန်းကို ဖမ်းဆီးစမ်း။ မဟုတ်ရင် ဒီနေ့ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို ခမ်းနားသော ကောင်းကင်ခန်းမကို ဧကန်မုချ အစီရင်ခံရလိမ့်မယ်။”
နတ်ဘုရင်ခံ ကွေးဟိုင် စကားဆုံးသည်နှင့် နတ်ဘုရင် ရွှမ်ကျန့်တို့လူစု တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ နောက်ဆုံးတွင် နတ်ဘုရင် ရွှမ်ကျန့်လည်း တစ်ဖက်သို့ လှည့်ကာ လုချန်းရှိရာ အရပ်သို့ ပျံသန်းရန် ပြင်ဆင်လိုက်သည်။
နတ်ဘုရင် ရွှမ်ကျန့်တို့လူစု လှည့်ထွက်သွားသည်ကို မြင်လျှင် နတ်ဘုရင်ခံ ကွေးဟိုင် အေးစက်စွာ ရယ်မောလိုက်၏။ ခမ်းနားသော ကောင်းကင်ခန်းမ၏ အရှိန်အဝါရှေ့တွင် ထိုသူများ အနေနှင့် နာခံရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိပေ။
သို့သော် နတ်ဘုရင် ရွှမ်ကျန့်တို့လူစုသည် အလွန်ပင် နှေးကွေးစွာ လှုပ်ရှားနေ၏။ နတ်ဘုရင် တစ်ပါး၏ အရှိန်အဟုန်ဖြင့်ဆိုလျှင် လုချန်းထံသို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိနိုင်သော်လည်း ယခုတော့ သူတို့၏ အရှိန်မှာ သာမန်လူ တစ်ယောက် လမ်းလျှောက်သည်ထက်ပင် နှေးကွေးနေ၏။
ထိုအခိုက်အတန့်တွင် လုချန်း၏ ပုံရိပ် ရုတ်တရက် ဝေဝါးသွားကာ သွေးမိစ္ဆာ နတ်ဘုရင်တို့ သုံးဦးထံသို့ ပြေးဝင်သွား၏။ သူတို့ထံသို့ လုချန်း ပြေးဝင်လာသည်ကို မြင်လျှင် မိစ္ဆာ နတ်ဘုရင် သုံးဦးလည်း အလျင်အမြန်ပင် တုံ့ပြန်လိုက်ကြ၏။
“သွေးယဇ်ပူဇော်ခြင်း နတ်ဆိုးချိပ်ပိတ်တံဆိပ်”
“ဝိညာဉ် ဝိညာဉ်မီးလျှံ လက်ဝါး”
နှင့် “အလောင်းတောင် သွေးပင်လယ်”
အစရှိသည့် ကျင့်စဉ်များကို အသီးသီး ထုတ်ဖော်လိုက်ကြ၏။
တစ်ခဏအတွင်း ကောင်းကင်တစ်ခွင်လုံးတွင် မိစ္ဆာစွမ်းအားများ ဖုံးလွှမ်းသွား၏။ ထိုထူထပ်သော အမှောင်ထုကို ခံစားမိလျှင် နတ်ဘုရင် ရွှမ်ကျန့်တို့လူစု ဝမ်းမြောက်သွားကာ လုချန်းထံသို့ ဆက်မသွားပဲ ချက်ချင်းပင် ရပ်တန့်လိုက်ကြသည်။ ယခု အခြေအနေအရ သူတို့ ဝင်ရောက်စွက်ဖက်၍ မရနိုင်သည်မှာ ထင်ရှားလှ၏။
ထိုထူထပ်လှသော မိစ္ဆာစွမ်းအားများက သူတို့အတွက် အလွန်ပင် ကြောက်မက်ဖွယ် ကောင်းနေသည်။
နတ်ဘုရင် ရွှမ်ကျန့်တို့ တစ်ဖန် ပြန်လည် ရပ်တန့်သွားသည်ကို မြင်လျှင် နတ်ဘုရင်ခံ ကွေးဟိုင်၏ မျက်နှာ ပျက်ယွင်းသွားပြန်၏။ သူ တစ်စုံတစ်ရာ ပြောရန် ပြင်လိုက်သော်လည်း မိစ္ဆာနတ်ဘုရင် သုံးဦး ထုတ်လွှတ်လိုက်သည့် မိစ္ဆာစွမ်းအားများကြောင့် အသက်ရှူပင် ကြပ်လာရ၏။
နတ်ဘုရင်ခံ ကွေးဟိုင်လည်း တိတ်ဆိတ်စွာသာ နေလိုက်ရတော့၏။ မိစ္ဆာနတ်များ လှုပ်ရှားနေချိန်တွင် နတ်ဘုရင် ရွှမ်ကျန့်တို့သည် ထိုမိစ္ဆာစွမ်းအားများကို အကြောင်းပြချက်အဖြစ် သုံးကာ လုချန်းကို အရေးယူရန် ငြင်းဆန်ကြဦးမည်ကို သူ သိနေသည်။
ထိုကဲ့သို့ အကြောင်းပြချက်ရှိနေလျှင် သူလည်း နတ်ဘုရင် ရွှမ်ကျန့်တို့ကို အပြစ်တင်၍ မရနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် မိစ္ဆာစွမ်းအားများ၏ ဖြောင့်မတ်သောနတ်များကို ဖိနှိပ်မှုမှာ အလွန်ပြင်းထန်သောကြောင့် ဖြစ်၏။
ထို့နောက် နတ်ဘုရင်ခံ ကွေးဟိုင်၏ အကြည့်သည် သွေးမိစ္ဆာ နတ်ဘုရင်နှင့် သူ၏ အပေါင်းအပါများထံသို့ ကျရောက်သွား၏။ ထိုမိစ္ဆာနတ်ဘုရင် သုံးဦးကတော့ လုချန်းကို ဧကန်မုချ ဖမ်းဆီးနိုင်လိမ့်မည်ဟု သူ တွေးနေမိသည်။
နတ်ဘုရင်ခံ ကွေးဟိုင် ထိုသို့ တွေးနေစဉ်မှာပင် ကောင်းကင်ပေါ်ရှိ ဆီမီးအိမ်များ ရုတ်တရက် ပို၍လင်းထိန်လာ၏။ ထိုမှ ထွက်ပေါ်လာသော နီရဲသည့် နတ်အငွေ့အသက်များသည် ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံထားသည့် အနီရောင် ပုဝါတစ်ထည်အဖြစ် ချက်ချင်းပင် ပြောင်းလဲသွားသည်။
ထိုအနီရောင် ပုဝါသည် သွေးမိစ္ဆာ နတ်ဘုရင် သုံးဦး၏ တိုက်ခိုက်မှု အားလုံးကို ချက်ချင်းပင် ဟန့်တားလိုက်၏။ ထို့နောက်တွင် ပတ်ဝန်းကျင်ရှိ မိစ္ဆာစွမ်းအားများ အားလုံးကိုလည်း ကောင်းကင်ပေါ်ရှိ ဆီမီးအိမ်က စုပ်ယူကာ ပြောင်းလဲပစ်လိုက်သည်။
ထိုမြင်ကွင်းကို မြင်လျှင် သွေးမိစ္ဆာ နတ်ဘုရင် သုံးဦးလည်း ကြက်သီးမွေးညင်းများပင် ထသွားရ၏။ ဖြောင့်မတ်သောနတ် တစ်ပါး၏ ရှေ့တွင် ပထမဆုံးအကြိမ်အဖြစ် ရှုံးနိမ့်မှုကို ခံစားလိုက်ရခြင်း ဖြစ်သည်။
ထိုအခိုက်အတန့်တွင် လုချန်း၏ စွမ်းအား တစ်ဖန် ပြန်လည် မြင့်တက်လာပြန်၏။ သူ၏ ကိုယ်မှ ထွက်ပေါ်နေသော ဖိအားသည် နတ်သခင် အဆင့်သို့ပင် နီးကပ်နေသည်။
လုချန်း၏ ကိုယ်မှ ထွက်ပေါ်နေသော ထိုကြောက်မက်ဖွယ် ဖိအားကို ခံစားမိလျှင် ရှိရှိသမျှ လူအားလုံး မှင်တက်သွားကြ၏။ နတ်ဘုရင်ခံ ကွေးဟိုင်ဆိုလျှင် ပို၍ပင် တုန်လှုပ်နေသည်။
နတ်ဘုရင်ခံ ကွေးဟိုင်သည် ထိုကဲ့သို့သော ဖိအားမျိုးကို နတ်သခင် တစ်ပါး၏ ရှေ့တွင်သာ ခံစားဖူးခဲ့ခြင်း ဖြစ်၏။ သူ၏ စိတ်ထဲတွင် ကြောက်မက်ဖွယ် အတွေးတစ်ခုလည်း ဝင်ရောက်လာခဲ့၏။
လုချန်းသည် နတ်သခင် အဆင့်သို့ပင် ရောက်ရှိသွားပြီလား။
အကယ်၍သာ ထိုသို့ ဖြစ်ခဲ့လျှင် ခမ်းနားသော ကောင်းကင်ခန်းမ၏ သံတမန် ဖြစ်သည့် သူ့ကို လုချန်း သိသွားပါက ရလဒ်က ဧကန်မုချ ကောင်းလိမ့်မည် မဟုတ်ပေ။ ထိုသို့ တွေးမိသည်နှင့် နတ်ဘုရင်ခံ ကွေးဟိုင် စိတ်လှုပ်ရှားလာကာ စစ်မြေပြင်မှ ချက်ချင်းပင် ဆုတ်ခွာသွားချင်စိတ် ပေါ်လာသည်။
သွေးမိစ္ဆာ နတ်ဘုရင်ကို လုချန်း တစ်ချက်ကြည့်လိုက်၏။
လုချန်းက
“နောက်ထပ်လာမယ့် ဓားချက်ကို ခင်ဗျားတို့ တောင့်ခံနိုင်မလား ကြည့်ကြတာပေါ့။”
သူ၏ စကားအဆုံးတွင် ရှိရှိသမျှ လူအားလုံး၏ ရှေ့မှောက်၌ အလောင်းတောင် သွေးပင်လယ် မြင်ကွင်းကြီး ပေါ်လာခဲ့သည်။ ကောင်းကင်ကြီးမှာလည်း ငရဲဘုံအလား နီရဲသွားသည်။
သူတို့၏ ခြေဖဝါးအောက်တွင် အရိုးစုများ ပြန့်ကျဲနေကာ သွေးများ စီးဆင်းနေ၏။ များပြားလှစွာသော ဝိညာဉ်များ၏ ငိုကြွေးသံများမှာလည်း နားထဲတွင် ပဲ့တင်ထပ်နေသည်။
သွေးမိစ္ဆာ နတ်ဘုရင်တို့လူစုလည်း ရုတ်တရက် အလွန် ထိတ်လန့်သွားကြ၏။
ဤသည်မှာ သတ်ဖြတ်ခြင်း နယ်ပယ်ပင် ဖြစ်သည်။
ထို့နောက်တွင် သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများ အလွန် ဖိနှိပ်ခံလိုက်ရသည်ကိုလည်း ခံစားလိုက်ရသည်။
လုချန်း၏ သတ်ဖြတ်ခြင်း နယ်ပယ်က သူတို့၏ မိစ္ဆာစွမ်းအားများကို ချုပ်တည်းထားလိုက်ခြင်းဖြစ်၏။ သတ်ဖြတ်ခြင်း နယ်ပယ် ပေါ်လာသည်နှင့် သူတို့၏ စွမ်းအားများ လုံးဝ ကျဆင်းသွားခဲ့သည်။
သူတို့သည် ထိုသတ်ဖြတ်ခြင်း နယ်ပယ်အတွင်း ခုခံမှု မပြုနိုင်ပဲ ပြုသမျှ နုနေကြရတော့၏။
သူတို့ ရှေ့မှောက်ရှိ လူကို သူတို့ မည်သို့မှ အနိုင်ယူနိုင်မည် မဟုတ်ကြောင်း သွေးမိစ္ဆာ နတ်ဘုရင် သုံးဦး ထိုအခိုက်တွင် သဘောပေါက်သွားကြသည်။
ထွက်ပြေးရမည်...
ဤနေရာမှ သူတို့ အမြန်ဆုံး ထွက်ပြေးကြရပေမည်။
သွေးမိစ္ဆာ နတ်ဘုရင်က ဝိညာဉ်ဆိုး နတ်ဘုရင်နှင့် ဝိညာဉ်လောက နတ်ဘုရင်တို့ကို
“အားလုံးအတူတူ တိုက်ခိုက်ပြီး သူ့ရဲ့ နယ်ပယ်ကို ဖောက်ထွက်ကြစို့။”
ထို့နောက် သွေးမိစ္ဆာ နတ်ဘုရင်တို့ သုံးဦးသည် လုချန်း၏ သတ်ဖြတ်ခြင်း နယ်ပယ်ကို ဖျက်ဆီးရန် တစ်ဖန် ပြန်လည် တိုက်ခိုက်လိုက်ကြ၏။
သတ်ဖြတ်ခြင်း နယ်ပယ်အတွင်းတွင် အာကာသ ချိပ်ပိတ်ခံထားရ၏။ အာကာသကို ဖောက်ထွက်ပြီး ထွက်ပြေးရန်အတွက် သတ်ဖြတ်ခြင်း နယ်ပယ်ကို အရင်ဆုံး ဖျက်ဆီးပစ်ရန် လိုအပ်သည်။
ထိုစဉ် လုချန်းသည် သူ၏ ကိုယ်အတွင်းရှိ နတ်အငွေ့အသက်များကို စုစည်းကာ ဓားတစ်ချက် ဝှေ့ယမ်းလိုက်သည်။
“ပိလော့ နဂါးပြာ ဟိန်းသံ”
ဓားစွမ်းအားများသည် သွေးရောင် လွှမ်းနေသည့် နဂါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားကာ သွေးမိစ္ဆာ နတ်ဘုရင်တို့ သုံးဦးထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွား၏။
သတ်ဖြတ်ခြင်း နယ်ပယ်အတွင်း လုချန်း၏ တိုက်ခိုက်မှုသည် မျက်စိတစ်မှိတ်အတွင်း အလွန်လျှင်မြန်စွာ ဖြစ်ပေါ်နိုင်ကြောင့် သွေးမိစ္ဆာ နတ်ဘုရင်တို့လည်း ခုခံရန်ပင် အချိန်မရလိုက်ပေ။
ထိုသွေးနဂါးကြီးက သူတို့ကို ချေမှုန်းလိုက်သည်နှင့် သူတို့၏ ခန္ဓာကိုယ်များ ချက်ချင်းပင် ပျက်စီးသွားခဲ့သည်။
ထိုတိုက်ခိုက်မှုက လုချန်း၏ စွမ်းအားကိုလည်း များစွာ ကုန်ဆုံးစေခဲ့၏။
သူ၏ စွမ်းအားများ လျင်မြန်စွာ ကုန်ဆုံးနေသည်ကို ခံစားရလျှင် လုချန်း မျက်မှောင်ကြုတ်လိုက်၏။ နတ်ဘုရင်၏ ကျိန်စာမှ ရရှိသော စွမ်းအားသည် သူ ထင်ထားသည်ထက် ပိုမိုမြန်ဆန်စွာ ကုန်ဆုံးနေသည်။
သွေးမိစ္ဆာ နတ်ဘုရင်တို့၏ ခန္ဓာကိုယ်များ ပျက်စီးသွားပြီးနောက် သတ်ဖြတ်ခြင်း နယ်ပယ်အတွင်းတွင် သူတို့၏ နတ်အာရုံကို ကိုယ်စားပြုသည့် ဝိညာဉ် သုံးခု ပေါ်ထွက်လာ၏။
ဤနေရာတွင်တော့ မိစ္ဆာနတ်များနှင့် ဖြောင့်မတ်သော နတ်များ တူကြ၏။ သူတို့၏ နတ်အာရုံ ရှိနေပါက သူတို့ သေဆုံးမည် မဟုတ်ပေ။
သို့သော် ခန္ဓာကိုယ်၏ အကာအကွယ် မရှိလျှင် သူတို့၏ နတ်အာရုံသည် အလွန်ပင် ထိခိုက်လွယ်လှသည်။
သူတို့၏ ခန္ဓာကိုယ်များ ချေမှုန်းခံလိုက်ရသောအခါ သွေးမိစ္ဆာ နတ်ဘုရင်တို့၏ ရင်ထဲ ကြောက်ရွံ့မှုများ လွှမ်းမိုးသွားသည်။ နတ်တို့၏ သွေးဖြင့် အကြိမ်ကြိမ် ပေါင်းစပ်ထားကာ နတ်သခင် တစ်ပါးကဲ့သို့ သန်မာလှသော သူတို့၏ ခန္ဓာကိုယ်များသည် ဓားတစ်ချက်တည်းဖြင့် ပျက်စီးသွားခဲ့ရခြင်း ဖြစ်သည်။
အကယ်၍ လုချန်းသာ နောက်တစ်ကြိမ် တိုက်ခိုက်ခဲ့လျှင် သူတို့၏ ဝိညာဉ်များပါ ပျောက်ကွယ်သွားရမည် မဟုတ်ပါလား။
ထိုအခိုက်တွင် ဝိညာဉ်ဆိုး နတ်ဘုရင်က ရုတ်တရက် ပြောလိုက်၏။
“သူ့ရဲ့ အငွေ့အသက်တွေ အားနည်းသွားပြီ”
ထိုအရာကို ကြားလျှင် သွေးမိစ္ဆာ နတ်ဘုရင်နှင့် ဝိညာဉ်လောက နတ်ဘုရင်တို့လည်း ချက်ချင်းပင် သတိပြုမိသွားကြ၏။ လုချန်း၏ အရှိန်အဝါ တကယ်ပင် အားနည်းသွားကာ သတ်ဖြတ်ခြင်း နယ်ပယ်မှာလည်း မတည်မငြိမ် ဖြစ်လာခဲ့သည်။
သွေးမိစ္ဆာ နတ်ဘုရင်က
“သူ ခုနက စွမ်းအားတွေကို အတင်းမြှင့်ဖို့ လျှို့ဝှက်နည်းလမ်းတစ်ခုကို သုံးခဲ့တာပဲ ဖြစ်ရမယ်။”
သွေးမိစ္ဆာ နတ်ဘုရင်က
“အရင်ဆုံး သူ့ရဲ့ နယ်ပယ်ကို ဖျက်ဆီးကြစို့”
ထိုသို့ ပြောရင်း သွေးမိစ္ဆာ နတ်ဘုရင်သည် သတ်ဖြတ်ခြင်း နယ်ပယ်ကို ဖျက်ဆီးရန် လှုပ်ရှားလိုက်၏။ သို့သော် သူ မလှုပ်ရှားမီမှာပင် သတ်ဖြတ်ခြင်း နယ်ပယ်က အလိုအလျောက် ပျောက်ကွယ်သွားသည်။
သတ်ဖြတ်ခြင်း စွမ်းအားကို အသုံးပြုခြင်းက သူ၏ စွမ်းအားများကို ကြောက်စရာကောင်းလောက်အောင် ကုန်ဆုံးစေသည်ကို သိသွားသဖြင့် လုချန်း မျက်မှောင်ကြုတ်လိုက်မိ၏။
တစ်ဖက်တွင်တော့ သူ့ကို ဖိနှိပ်ထားသော အရှိန်အဝါများ ပျောက်ကွယ်သွားသဖြင့် နတ်ဘုရင်ခံ ကွေးဟိုင် ကျေနပ်သွားသည်။ လုချန်းသည် ကစဉ့်ကလျား ပင်လယ်မှ ထွက်လာတာ မကြာလှသေးသဖြင့် သူ၏ စွမ်းအားများ မည်သို့မှ အပြည့်အဝ ပြန်မကောင်းနိုင်ကြောင်း သူ တွေးနေမိ၏။
ယခုတော့ သူ၏ ပုံစံအစစ်အမှန် ပေါ်လာပြီ ဖြစ်သည်။
ယခုဆိုလျှင် လုချန်းသည် သွေးမိစ္ဆာ နတ်ဘုရင်နှင့် သူ၏ အပေါင်းအပါများကို ဧကန်မုချ ယှဉ်နိုင်တော့မည် မဟုတ်ပေ။
--
…………..