← Chapters

အခန်း ၁၇၈၄

Vol. 119 Ch. 1784

အခန်း ၁၇၈၄

Vol. 119 Ch. 1784

အခန်း (၁၇၈၄)

သူ အဆင်ပြေပါတယ်

သူ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများ လျင်မြန်စွာ ကုန်ခမ်းလာသည်ကို ခံစားမိရင်း နတ်ဘုရင်၏ ကျိန်စာစွမ်းအားသည် ပုံသေသာဖြစ်ပြီး ကြားဖြတ်၍ အခြားစွမ်းအားများ ဖြည့်တင်းပေးသော်လည်း အချိန်ထပ်တိုး၍ မရနိုင်ကြောင်းကို လုချန်း သိသွား၏။

နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကို အသုံးပြု၍ မိစ္ဆာစွမ်းအားများကို သူ၏စွမ်းအားအဖြစ် ပြောင်းလဲပြီးနောက် နတ်ဘုရင်၏ ကျိန်စာကို အချိန်အနည်းငယ် ပို၍ သုံးနိုင်လိမ့်မည်ဟု အစောပိုင်းက သူ ထင်မှတ်ခဲ့သည်။ သို့သော် ထိုကျမ်းစာက စုပ်ယူပေးသည့် စွမ်းအားမှာ သူ့ကို ပို၍စွမ်းအားကြီးမားစေရုံသာရှိပြီး အသုံးပြုနိုင်သည့် အချိန်ကိုတော့ တိုးမြှင့်ပေးနိုင်ခြင်း မရှိပေ။

လုချန်း၏ အငွေ့အသက်များ လျင်မြန်စွာ လျော့ပါးလာသည်ကို မြင်လျှင် သွေးမိစ္ဆာ နတ်ဘုရင်၏ ရင်ထဲရှိ ကြောက်ရွံ့မှုများလည်း ဒေါသအဖြစ်သို့ ပြောင်းလဲသွား၏။

သွေးမိစ္ဆာ နတ်ဘုရင်က ခနဲ့တဲ့တဲ့ အပြုံးဖြင့်

“ကျုပ်ရဲ့ ရုပ်ခန္ဓာကို ဖျက်ဆီးရဲတယ်ပေါ့... အခုတော့ ခင်ဗျား ဘယ်လို သေချင်လဲ။”

ထိုသို့ပြောရင်း သွေးမိစ္ဆာ နတ်ဘုရင်က ထပ်မံတိုက်ခိုက်ရန် ပြင်ဆင်လိုက်၏။

သွေးမိစ္ဆာ နတ်ဘုရင်၏ စကားကို ကြားရသော်လည်း လုချန်း၏ မျက်နှာထက်တွင် ထိတ်လန့်တုန်လှုပ်သည့် အရိပ်အယောင် အနည်းငယ်မှ မရှိပေ။

လုချန်းက ပြုံးလျက်

“ကျုပ်သာ ခင်ဗျားနေရာမှာဆိုရင် လက်စားချေဖို့ ကြိုးစားမယ့်အစား အခုချက်ချင်း ထွက်ပြေးဖို့ပဲ ရွေးချယ်မိမှာ။”

သွေးမိစ္ဆာ နတ်ဘုရင်က အေးစက်စွာဖြင့်

“ခင်ဗျားရဲ့ အခုရှိနေတဲ့ စွမ်းအားနဲ့ ကျုပ်တို့ကို ယှဉ်နိုင်ဦးမယ်လို့ တကယ်ပဲ ထင်နေတာလား”

စကားအဆုံးတွင် သွေးမိစ္ဆာ နတ်ဘုရင်က

“အလောင်းတောင် သွေးပင်လယ်...”

ဟုကြွေးကြော်လိုက်၏။

သွေးမိစ္ဆာ နတ်ဘုရင်က လုချန်းကို သတ်ရန် ကြံရွယ်နေစဉ်မှာပင် လုချန်း၏ မျက်နှာထက်တွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာ၏။ ထို့နောက်တွင် လုချန်း၏ အငွေ့အသက်များ လျင်မြန်စွာ ပြန်လည် မြင့်တက်လာသည်ကို လူတိုင်း ခံစားလိုက်ရသည်။

သွေးမိစ္ဆာ နတ်ဘုရင်တို့လူစု ခဏခန့် မှင်တက်သွားကြ၏။

ဘာတွေ ဖြစ်ပျက်နေသနည်း။

သူ၏ အငွေ့အသက်များ လျော့ပါးနေသည် မဟုတ်ပါလား။

အဘယ်ကြောင့် ရုတ်တရက် ပြန်လည် မြင့်တက်လာရသနည်း။

ထိုအခိုက်တွင် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားသော သွေးမိစ္ဆာ နတ်ဘုရင်က ထိတ်လန့်တကြား အော်ဟစ်လိုက်၏။

“မကောင်းတော့ဘူး... သူက သူ့ရဲ့ ဝိညာဉ်ကို သူကိုယ်တိုင်ဖောက်ခွဲတော့မှာ”

ထိုအရာကို ကြားလျှင် ဝိညာဉ်လောက နတ်ဘုရင်နှင့် ဝိညာဉ်ဆိုး နတ်ဘုရင်တို့လည်း ချက်ချင်းပင် သတိပြန်ဝင်လာကြ၏။ ၎င်းတို့သည် ဝေခွဲမနေတော့ပဲ အာကာသ ပိတ်ဆို့မှုကို ချက်ချင်းပင် ဖယ်ရှားလိုက်ကြသည်။

သို့သော် ထိုအချိန်မှာပင် လုချန်း၏ ခန္ဓာကိုယ်သည် ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခုနှင့်အတူ ပေါက်ကွဲထွက်သွားခဲ့ပြီဖြစ်၏။ သူ ပေါက်ကွဲသွားသည့် ခဏမှာပင် အာကာသ အက်ကွဲသွားပြီး ဧရာမ ဟင်းလင်းပြင်ကြီး တစ်ခု ဖြစ်ပေါ်လာ၏။

အာကာသ ဝဲကယက်အတွင်းသို့ ရောက်ရှိသွားသည့် သွေးလင်းယုန်ခန်းမမှ စစ်နတ်လှေများနှင့် မိစ္ဆာနတ်များလည်း အစအနမကျန် ကြေမွသွားတော့သည်။

အဝေးတစ်နေရာတွင် ရှိနေသော နတ်ဘုရင် ရွှမ်ကျန့်တို့လူစုကတော့ ပေါက်ကွဲမှု၏ ပထမလှိုင်းဒဏ်ကြောင့် လွင့်စင်သွားရသော်လည်း အာကာသ ဝဲကယက်အတွင်းသို့ ပါဝင်သွားခြင်း မရှိပေ။

ကောင်းကင်ပေါ်ရှိ စစ်နတ်လှေများသည်လည်း မိုးပေါက်များကဲ့သို့ မြေပြင်သို့ တဖွဲဖွဲ ကြွေကျကုန်ကြ၏။

နတ်ဘုရင်ခံ ကွေးဟိုင် သတိပြန်ဝင်လာချိန်တွင် အာကာသ ဝဲကယက် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သော်လည်း ပြတ်တောက်နေသော ခြေလက်များနှင့် အကြွင်းအကျန်များကတော့ ပတ်ဝန်းကျင်၌ ပြန့်ကျဲနေတော့သည်။

လေထဲတွင် မျောလွင့်နေသော အသားစများနှင့် အကြွင်းအကျန်များကို မြင်သောအခါ နတ်ဘုရင်ခံ ကွေးဟိုင်၏ ရင်ထဲတွင် ကြောက်စိတ်များ ပေါ်လာပြန်၏။ လုချန်းက ဤမျှအထိ ပြတ်သားစွာဖြင့် သူကိုယ်သူ ဖောက်ခွဲပစ်မည့် လမ်းကို ရွေးချယ်လိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။

အစက သူသည် ကစဉ့်ကလျား ပင်လယ်၏ လျှို့ဝှက်ချက်များကို သိနိုင်ရန်အတွက် လုချန်းကို အရှင်ဖမ်းဆီးလိုခြင်း ဖြစ်သည်။

သေဆုံးသွားသော လုချန်းထက် အသက်ရှင်နေသော လုချန်းက ပို၍ တန်ဖိုးရှိသည် မဟုတ်ပါလား။

နတ်ဘုရင်ခံ ကွေးဟိုင်က မျက်နှာပျက်ပျက်ဖြင့်

“တောက်... ဒီအရူးကတော့ တကယ်ကို ရူးနေတာပဲ။”

ယခုအခါ လျှို့ဝှက်လဝန်းနန်းတော် လွတ်မြောက်သွားခဲ့ပြီး လုချန်းကလည်း သူ့ကိုယ်သူ ဖောက်ခွဲဖျက်ဆီးခဲ့ပြီဖြစ်၏။ သူခမ်းနား‌သော ကောင်းကင်ခန်းမ ပြန်ရောက်လျှင် မည်သို့ ရှင်းပြရမည်နည်း။

ထိုအခိုက်တွင် ပေါက်ကွဲမှုဖြစ်ပွားရာ ဗဟိုချက်ကို ချီယန် နတ်ဘုရင် လှမ်းကြည့်လိုက်၏။ သူသည် စိတ်ပျက်မသွားသည့်အပြင် အတိုင်းထက်အလွန်ပင် စိတ်လှုပ်ရှား ဝမ်းသာနေမိသည်။

နတ်ဘုရင်တစ်ပါး၏ ကိုယ်တိုင်ဖောက်ခွဲမှုဒဏ်ကို သွေးလင်းယုန်ခန်းမမှ နတ်ဘုရင် သုံးပါးတို့ တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။

ထိုပေါက်ကွဲမှုအတွင်း ၎င်းတို့ တကယ်သေဆုံးသွားခြင်း ရှိမရှိကိုတော့ မည်သူမှ မသိနိုင်ပေ။

အကယ်၍ ၎င်းတို့သာ သေဆုံးသွားခဲ့လျှင် သွေးလင်းယုန်ခန်းမက သိမ်းပိုက်ထားသည့် လျှို့ဝှက်လဝန်းနန်းတော်၏ နယ်မြေများသည် ချီယန်ဂိုဏ်း၏ လက်ဝယ်သို့ ရောက်ရှိလာမည် ဖြစ်ပြီး သွေးလင်းယုန်ခန်းမ၏ ကျူးကျော်မှုကိုလည်း စိုးရိမ်ရန် မလိုတော့ပေ။

ထိုအရာကို တွေးမိရင်း ချီယန် နတ်ဘုရင် အလွန်တရာ ကျေနပ်ပီတိ ဖြစ်နေတော့သည်။ ခမ်းနားသော ကောင်းကင်ခန်းမနှင့် ပူးပေါင်းခြင်းက တစ်ချက်ခုတ် နှစ်ချက်ပြတ် အကျိုးကျေးဇူး ရရှိစေလိမ့်မည်ဟု သူ ထင်မထားခဲ့သဖြင့် သူ၏ ဆုံးဖြတ်ချက် မှန်ကန်ကြောင်းကိုလည်း ပို၍ ယုံကြည်သွား၏။

…

ထိုအချိန်တွင်။

သွေးလင်းယုန်ခန်းမ၌။

တစ်ချက်တစ်ချက် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသော သွေးရောင်ဝိညာဉ်တစ်ခုသည် ခန်းမသခင်၏ တံခါးပိတ်ကျင့်စဉ်စခန်းအတွင်းသို့ ရုတ်တရက် တိုးဝင်လာ၏။ ထိုသွေးရောင်ဝိညာဉ် ရပ်တန့်သွားသောအခါမှ သွေးမိစ္ဆာ နတ်ဘုရင်၏ ပုံရိပ် ပေါ်လာတော့သည်။

လုချန်း သူကိုယ်သူ ဖောက်ခွဲလိုက်ပြီးနောက် သူသည် အာကာသကို ဖြတ်ကျော်ကာ ချက်ချင်းပင် ထွက်ပြေးခဲ့ခြင်း ဖြစ်သည်။ ပေါက်ကွဲမှု၏ ရိုက်ခတ်မှုကြောင့် ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့သော်လည်း သူအသက်ရှင်နိုင်ခဲ့၏။

ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပုံကို ပြန်လည်တွေးတောမိရင်း သွေးမိစ္ဆာ နတ်ဘုရင် သူ၏ လက်သီးကို တင်းတင်းဆုပ်လိုက်မိသည်။ ထိုလူသည်လည်း မိစ္ဆာနတ် တစ်ပါးလားဟုပင် သူ အကြီးအကျယ် သံသယဝင်လာ၏။

မိစ္ဆာပညာနှင့် တူညီသော နတ်ပညာများကို အသုံးပြုခြင်းက တစ်ပိုင်းဖြစ်၏။ သို့သော် အနိုင်မရနိုင်တော့သည်ကို သိသည်နှင့် တစ်ဖက်လူအားလုံးကိုပါ အတူတကွ သေတွင်းထဲသို့ ဆွဲခေါ်သွားခြင်းကတော့ မယုံနိုင်စရာပင် ဖြစ်သည်။

ဤပျက်စီးမှုကြောင့် သွေးလင်းယုန်ခန်းမကို ပြန်လည် ထူထောင်ရန် နှစ်ပေါင်း သောင်းချီ ကြာမြင့်လိမ့်မည်ကို သိလိုက်ရသဖြင့် သွေးမိစ္ဆာ နတ်ဘုရင်၏ ရင်ထဲ ဒေါသမီးများ တဟုန်းဟုန်း တောက်လောင်လာ၏။

ယခုတစ်ကြိမ်တွင် သွေးလင်းယုန်ခန်းမ၏ အကြီးအကဲများနှင့် တပည့်များစွာ ဆုံးရှုံးခဲ့ရသည့်အပြင် ဝိညာဉ်ဆိုး နတ်ဘုရင်နှင့် ဝိညာဉ်လောက နတ်ဘုရင်တို့ပါ သေဆုံးသွားခဲ့ကြရသည်။ သူ နှစ်ပေါင်းများစွာ ကြိုးစားလာခဲ့သမျှလည်း ပျက်စီးသွားရပြီး အဓိက ရန်သူကလည်း သူကိုယ်သူ ဖောက်ခွဲသွားခဲ့လေပြီ။

ဤအခြေအနေများက သွေးမိစ္ဆာ နတ်ဘုရင်၏ ရင်ထဲတွင် ရင်ပူစရာများ ဖြစ်နေစေသော်လည်း မည်သူ့ကိုမှ ဖွင့်ဟ၍ မရနိုင်ပေ။ အချိန်အတော်ကြာမှသာ သူ၏ ရင်ထဲရှိ ကြောက်ရွံ့မှုနှင့် ဒေါသများကို သွေးမိစ္ဆာ နတ်ဘုရင် ထိန်းချုပ်နိုင်တော့သည်။

သူ တံခါးပိတ်ကျင့်စဉ် စတင်ရမည် ဖြစ်သောကြောင့် အပြင်ရောက်နေသော သွေးလင်းယုန်ခန်းမမှ တပည့်အားလုံးကို ပြန်လာရန် အမိန့်ပေးလိုက်၏။

…..

နေဝင်တောင်တန်း၏ မြောက်ဘက်တောင်တွင်။

ဧရာမ အရိပ်ကြီးတစ်ခုက နေရောင်ခြည်ကို ကွယ်လိုက်သဖြင့် တောင်တန်းတစ်ဖက်ရှိ လွင်ပြင်တစ်ခုလုံး အမှောင်အတိ ကျသွား၏။ ကောင်းကင်ယံတွင် ပေါ်လာသော ကြီးမားသည့် အရိပ်ကြီးကို မြင်လျှင် နေဝင် တောင်တန်း၏ မြောက်ဘက်တောင်ရှိ ဂိုဏ်းမှ နတ်များ မှင်တက်သွားကြသည်။

ဗဟုသုတ ကြွယ်ဝသော နတ်အချို့ကတော့ ဖြစ်ပျက်နေသည့် အရာကို ချက်ချင်းနားလည်လိုက်ကြ၏။ ၎င်းတို့၏ အထက်သို့ နတ်ဂိုဏ်းတစ်ခုလုံး ပြောင်းရွှေ့လာခြင်း ဖြစ်တာ ထင်ရှားသည်။

သာမန်အားဖြင့် ကောင်းကင်ယံရှိ နတ်ဂိုဏ်းများကို ဖုံးကွယ်ခြင်း နည်းဗျူဟာများ ပုံစံဖြင့် ကာကွယ်ထားလေ့ ရှိသည်။ ထိုနည်းဗျူဟာများ ရှိနေသောကြောင့် အထက်ကောင်းကင်ယံ၌ ဂိုဏ်းရှိနေသော်လည်း အောက်ခြေရှိ လူများက မမြင်နိုင်သလို နေရောင်ခြည်ကိုလည်း မကွယ်နိုင်ပေ။

သို့သော် ထိုအရာက သာမန်အချိန်များတွင်သာ ဖြစ်သည်။ လျှို့ဝှက်လဝန်းနန်းတော်သည် တည်နေရာရွှေ့ပြောင်းနေစဉ်တွင် ပြင်ပရှိ ဖုံးကွယ်ခြင်း နည်းဗျူဟာ ပုံစံ ပျက်စီးသွားခဲ့သဖြင့် အရိပ်ကြီး ပေါ်လာရခြင်း ဖြစ်သည်။

ထိုအခိုက်တွင် လျှို့ဝှက်လဝန်းနန်းတော်မှ အကြီးအကဲများနှင့် တပည့်များလည်း တုန်လှုပ်ခြောက်ခြားစွာဖြင့် ရပ်နေကြမိ၏။ ၎င်းသည် တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ တစ်ခုသာ ဖြစ်ကြောင်း လုချန်းက ပြောခဲ့သော်လည်း လျှို့ဝှက်လဝန်းနန်းတော် တစ်ခုလုံးကို ပြောင်းရွှေ့နိုင်လိမ့်မည်ဟု သူတို့ တကယ်တမ်း မထင်မှတ်ခဲ့ပေ။

ဤနေရာရှိ နတ်အငွေ့အသက်များသည် တောင်ဘက်နယ်မြေလောက် မသိပ်သည်းသဖြင့် သူတို့ တောင်ဘက်နယ်ပယ်နှင့် ဝေးကွာသော နေရာသို့ ရောက်ရှိနေကြောင်း ထင်ရှားလှ၏။

လျှို့ဝှက်လဝန်းနန်းတော်မှ အကြီးအကဲများနှင့် တပည့်များ သတိပြန်ဝင်လာသည်နှင့် သူတို့ ရောက်ရှိနေသည့် နေရာကို သိနိုင်ရန်အတွက် နတ်အာရုံများကို ချက်ချင်းပင် ဖြန့်ကျက်လိုက်ကြသည်။ အနောက်တောင်ဘက်တွင် အဆုံးမဲ့သော တောင်တန်းများနှင့် အနောက်မြောက်ဘက်တွင် ကျယ်ပြောလှသော သဲကန္တာရကို မြင်လျှင် လူရိုင်းနယ်မြေသို့ ရောက်ရှိနေကြောင်း သူတို့ သိလိုက်ရ၏။

တောင်ဘက်နယ်မြေမှ လူရိုင်းနယ်မြေသို့ သွားလျှင် သာမန်နတ်များပင် တစ်နှစ် ၊ နှစ်နှစ်ခန့် ကြာမြင့်သော်လည်း ယခုတော့ လျှို့ဝှက်လဝန်းနန်းတော် တစ်ခုလုံးသည် မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာခဲ့သည်။

မှင်တက်နေမိသူများထဲတွင် ယဲ့ချူယောင်လည်း အပါအဝင် ဖြစ်သည်။ သတိပြန်ဝင်လာလျှင် လုချန်း သူတို့နှင့်အတူ ပါမလာသည်ကို သူမ တွေ့ရှိသွား၏။

ခဏခန့် သူမ၏ ရင်ထဲတွင် စိုးရိမ်စိတ်များက ဝေခွဲမရဖြစ်နေမှုများကို ဖုံးလွှမ်းသွားကာ ယွမ်ယုတိကို အလျင်အမြန် ပြောလိုက်၏။

“ဆရာ... မောင်လေး... ပါမလာဘူး...”

ယဲ့ချူယောင်၏ စကားကို ကြားလျှင် ငေးငိုင်နေသော ယွမ်ယုတိလည်း သတိပြန်ဝင်လာ၏။ လျှို့ဝှက်လဝန်းနန်းတော်၏ သူတော်စင်မဟောင်း တစ်ဦးအနေနှင့် ဗဟုသုတ ကြွယ်ဝသော်လည်း လုချန်း၏ ဝိညာဉ်နယ်ပယ် ဖြတ်ကျော် နည်းဗျူဟာ ပုံစံကို မြင်လျှင် သူမလည်း အံ့အားသင့်သွားရသည်။

သူမ၏ စိတ်ကို ပြန်လည် ထိန်းချုပ်လိုက်ပြီးနောက် ယွမ်ယုတိ၏ မျက်နှာ ယခင်ကကဲ့သို့ပင် အေးစက်သွား၏။

သူမက ယဲ့ချူယောင်ကို ခပ်အေးအေး လှမ်းကြည့်လိုက်ရင်း

“သူ အဆင်ပြေပါတယ်”

ထိုခန္ဓာကိုယ်မှာ လုချန်း၏ ရုပ်သေးခန္ဓာကိုယ်များထဲမှ တစ်ခုသာ ဖြစ်ကြောင်း သူမ ကောင်းစွာ သိထားသည်။ လျှို့ဝှက်လဝန်းနန်းတော်အတွင်း၌ လုချန်း၏ အခြားခန္ဓာကိုယ်တစ်ခု ရှိနေသေးရာ ထိုရုပ်သေးခန္ဓာကိုယ် ပျက်စီးသွားခြင်းက အရေးကြီးသည့် ကိစ္စ မဟုတ်ပေ။

--

………..

All Chapters