← Chapters

အခန်း ၁၇၈၅

Vol. 119 Ch. 1785

အခန်း ၁၇၈၅

Vol. 119 Ch. 1785

အခန်း (၁၇၈၅)

ချန်းလုက လုချန်း

လုချန်း အဆင်ပြေပါတယ်ဟု တည်ငြိမ်စွာ ပြောဆိုလိုက်သည့် ယွမ်ယုတိ၏ အမူအရာကို ကြည့်ရင်း သူမ၏ မောင်လေးအကြောင်းကို ဆရာဖြစ်သူက များစွာ သိထားသည်ဟု ယဲ့ချူယောင် ခံစားလိုက်ရ၏။

ယဲ့ချူယောင်က ဆက်လက်၍ သိချင်စိတ်ဖြင့်

“သူက... တကယ်ပဲ ကျွန်မရဲ့ မောင်လေးလား...”

ချန်းလုသည် တစ်စုံတစ်ရာ ဒုက္ခရောက်နေနိုင်ပြီး ယခုလေးတင် မြင်တွေ့ခဲ့ရသည့် ချန်းလုမှာ သူမ၏ ဆရာက ချန်းလု၏ ပုံပန်းသဏ္ဌာန် ဖန်တီး၍ ခဏတာ အသုံးပြုခဲ့သည့် နတ်ဘုရင်တစ်ပါးသာ ဖြစ်နိုင်သည်ဟု ယဲ့ချူယောင် သံသယဝင်လာမိသည်။

ယဲ့ချူယောင်သည် လုချန်းအပေါ် အငြိုးအတေးရှိနေပုံရပြီး သူ၏ သရုပ်မှန်ကိုလည်း မသိသေးသဖြင့် သူမ အနေနှင့် ဆက်လက်ဖုံးကွယ်ထားရန် မလိုတော့ဟု ယွမ်ယုတိ ခံစားလိုက်ရ၏။ လုချန်း၏ သရုပ်မှန် သိသွားပြီးနောက် ယဲ့ချူယောင်၏ တုံ့ပြန်မှုကိုလည်း သူမ အလွန် မြင်တွေ့ချင်နေမိသည်။

အကယ်၍ ချန်းလုက လုချန်းဖြစ်ကြောင်း ယဲ့ချူယောင် သိသွားပါက သူမသည် လုချန်းအပေါ် စိတ်ကုန်သွားပြီး နောင်တွင် ကျင့်ကြံခြင်း၌သာ အာရုံစိုက်သွားနိုင်သည်။

ထိုအရာကို တွေးမိရင်း ယွမ်ယုတိက တိုက်ရိုက်ပင် ပြောလိုက်၏။

“မဟုတ်ဘူး”

ယွမ်ယုတိ၏ စကားကြောင့် ယဲ့ချူယောင်၏ ရင်ခုန်သံ တစ်ချက်ခန့် တုန်ခါသွားရ၏။

သူသည် ချန်းလု မဟုတ်ပေ။

ချန်းလုအနေနှင့် နတ်ဘုရင်တစ်ပါး၏ စွမ်းအားကို မည်သို့ ရုတ်တရက် ရရှိနိုင်မည်နည်းဟု သူမ တွေးတောလိုက်ရင်း ထိုသူမှာ တကယ့်ချန်းလု မဟုတ်ကြောင်း သူမ သိလိုက်ရသည်။

ထိုသို့ဆိုလျှင် တကယ့်ချန်းလုက ယခု ဘယ်အရပ်သို့ ရောက်ရှိနေပါသနည်း။

သူ၏ ယခင်က သံသယများကို ပြန်လည်တွေးတောမိရင်း ယဲ့ချူယောင်၏ မျက်နှာ ဖြူလျော်သွား၏။

ချန်းလု တကယ်ပဲ...

အတွေးထဲတွင် နစ်မြောနေစဉ်မှာပင် ယွမ်ယုတိက ထပ်ပြောလိုက်သည်။

“သူက လုချန်းပဲ”

ထိုစကားများနှင့်အတူ ယဲ့ချူယောင် သတိပြန်ဝင်လာ၏။

“လု... လုချန်း...”

ယဲ့ချူယောင် လုံးဝ မှင်တက်သွားသည်။

လုချန်းသည် ထျန်းရှနတ်ဘုရား နိုင်ငံတော်တွင် သူကိုယ်သူ ဖောက်ခွဲပစ်ခဲ့သည် မဟုတ်ပါလား။

လုချန်း သေချင်ယောင်ဆောင်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု ထိုစဉ်က သူမ သံသယဝင်ခဲ့သော်လည်း လုချန်း သူ့ကိုယ်သူ ဖောက်ခွဲလိုက်သည်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်ဟု ဆရာဖြစ်သူက ပြောခဲ့ဖူးသည်။

ယခုတော့ သူက မည်သို့ ပြန်လည် အသက်ရှင်နေရသနည်း။

ယွမ်ယုတိက ဆက်လက်၍

“ချန်းလုက လုချန်းပဲ”

ထိုသတင်းကို ကြားလျှင် ယဲ့ချူယောင်၏ စိတ်များ ဗလာဖြစ်သွား၏။

သူမသည် ချန်းလု၏ သရုပ်မှန်ကို သိရန်အတွက် သူ၏ အပျိုစင်ဘဝကိုပင် စတေး၍ ချန်းလုထံသို့ ချဉ်းကပ်ခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံးတွင် သူမ မှားယွင်းခဲ့သည်ဟု ထင်မှတ်ကာ ချန်းလု၏ သရုပ်မှန်ကို စိတ်မပါပဲ လက်ခံခဲ့ရသည်။

ယခုတော့ ချန်းလု လုချန်းဖြစ်ကြောင်းကို ဆရာဖြစ်သူက သူမကို ပြောပြနေပေပြီ။

သို့ဆိုလျှင် သူမ၏ ပင်ကိုယ်အလိုလိုသိစိတ်က အစကတည်းက မှန်ကန်နေခဲ့ခြင်းလား။

လုချန်း၏ လှည့်စားခြင်းကို ခံခဲ့ရသည်ဟု တွေးမိရင်း ယဲ့ချူယောင်၏ ရင်ထဲတွင် ဒေါသများ ပြည့်လျှံလာ၏။

ယဲ့ချူယောင် မှင်တက်နေသည်ကို မြင်သော်လည်း ယွမ်ယုတိက ဘာမှထပ်မပြောတော့ပေ။ ယဲ့ချူယောင်အနေနှင့် မည်သို့လုပ်ဆောင်ရမည်ကို နောက်ဆုံးတွင် သိသွားလိမ့်မည်ဟု သူမ ယုံကြည်ထားသည်။

ထိုအခိုက်တွင် လုချန်း၏ ပုံရိပ် ကျင့်စဉ်ရင်ပြင်၌ ပေါ်လာ၏။ လုချန်း ပေါ်လာသည်ကို မြင်သည်နှင့် ယဲ့ချူယောင်၏ ရင်ထဲရှိ ဒေါသမီးများ တဟုန်းဟုန်း တောက်လောင်သွားတော့သည်။

သူမ၏ ခန္ဓာကိုယ် တစ်ချက်မျှ လှုပ်ရှားသွားပြီး ဓားကို ဆွဲထုတ်ကာ လုချန်းထံသို့ ပြေးဝင်သွား၏။

လုချန်း၏ လည်ပင်းသို့ ဓားဦးဖြင့် ချိန်ရွယ်ရင်း အေးစက်သော အသံဖြင့် ယဲ့ချူယောင်က

“ရှင် ကျွန်မကို ဘာလို့ ညာခဲ့တာလဲ”

လုချန်းက ယဲ့ချူယောင်၏ မျက်နှာကို ဇဝေဇဝါဖြစ်လျက် ကြည့်ရင်း

“စီနီယာ... ဘာကို ဆိုလိုတာလဲ”

ယဲ့ချူယောင်က ခနဲ့ပြုံးဖြင့်

“လုချန်း... ရှင် ဘယ်လောက်အထိ ဆက်ပြီး ဟန်ဆောင်နေဦးမှာလဲ။”

ထိုအရာကို ကြားလျှင် လုချန်း ခဏခန့် တုံ့ဆိုင်းသွားပြီးနောက် မနီးမဝေးရှိ ယွမ်ယုတိကို လှမ်းကြည့်လိုက်၏။ သူမက ဇာတ်လမ်းကြည့်နေသကဲ့သို့ စောင့်ကြည့်နေသည်ကို မြင်လျှင် ယွမ်ယုတိက ယဲ့ချူယောင်ကို သူ၏ သရုပ်မှန်အကြောင်း ပြောပြလိုက်ပြီ ဖြစ်ကြောင်း လုချန်း ချက်ချင်း နားလည်လိုက်သည်။

လုချန်း ခပ်တိုးတိုး ရယ်လိုက်၏။ ထိုအရာကို သူ သိပ်ဂရုမစိုက်ပေ။

သူ၏ စွမ်းအားကို ထုတ်ပြလိုက်ပြီးနောက်တွင် ယဲ့ချူယောင်အနေနှင့် သူ၏ သရုပ်မှန်ကို သိသွားနိုင်တာ ထင်ရှားသည်။ ထို့ကြောင့် ယဲ့ချူယောင်ကို ကြာရှည်စွာ ဖုံးကွယ်ထားနိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

အနှေးနှင့်အမြန် သူမကို သူ၏ သရုပ်မှန်အား ထုတ်ဖော်ပြရန် သူ ရည်ရွယ်ထားပြီးသားပင် ဖြစ်သည်။

ယဲ့ချူယောင်ကို လုချန်းက

“ကျုပ် ဘယ်သူဆိုတာ ခင်ဗျား သိပြီးသား မဟုတ်ဘူးလား။ အဲဒီတုန်းက ခင်ဗျား သဘောတူခဲ့တာက...”

လုချန်းက စကားကို ရပ်တန့်လိုက်ရင်း ကျင့်စဉ်ရင်ပြင်ရှိ အကြီးအကဲများကို လှမ်းကြည့်လိုက်၏။ ထိုကဲ့သို့သော ကိစ္စရပ်များကို လူအများကြားတွင် ပြောဆိုခြင်းက မသင့်တော်ကြောင်း ယွမ်ယုတိလည်း သတိပြုမိသွားသည်။

ထိတ်လန့်နေမှုများမှ ပြန်လည် နိုးထလာသော အကြီးအကဲများကလည်း လုချန်းနှင့် ယဲ့ချူယောင်တို့ကို ကြည့်ကာ ဇာတ်လမ်းကြည့်ရန် စိတ်အားထက်သန်နေကြ၏။

ယဲ့ချူယောင်သည် သူမ၏ တပည့်ဖြစ်သောကြောင့် လူအများကြားတွင် အရှက်ရစေမည့် အဖြစ်မျိုးကို ယွမ်ယုတိ မလိုလားပေ။ သူမက လက်ကို ဝေ့ယမ်းလိုက်ရာ နောက်တစ်ခဏတွင် လုချန်းနှင့် ယဲ့ချူယောင်တို့ ယွမ်ယုတိ၏ အိပ်ဆောင်အတွင်းသို့ ရောက်ရှိသွားကြသည်။

ယခုအခါ အနားတွင် အခြားသူများ မရှိတော့သဖြင့် သူတို့နှစ်ဦး အေးအေးဆေးဆေး ရန်ဖြစ်နိုင်ကြပြီ ဖြစ်သလို ပတ်သက်မှုများကိုလည်း အပြီးတိုင် ဖြတ်တောက်ပစ်နိုင်သည်။

ပတ်ဝန်းကျင်တွင် မည်သူမှ မရှိတော့ကြောင်း သိလိုက်ရသောအခါ လုချန်းက ဆက်လက်၍

“စီနီယာ... အစကတည်းက အရာအားလုံးကို စတင်ခဲ့တာ စီနီယာကိုယ်တိုင်ပဲလေ။ ကျုပ် ဘယ်သူလဲဆိုတာကို စီနီယာ ရိပ်မိလို့ ကျုပ်နဲ့ စုံတွဲကျင့်စဉ် ကျင့်ဖို့ ရွေးချယ်ခဲ့တာ မဟုတ်လား။ အခုကျမှ ဘာလို့ ကျုပ်ကို အပြစ်တင်နေရတာလဲ။”

လုချန်း၏ စကားကို ကြားလျှင် ယဲ့ချူယောင် ခဏခန့် ဆွံ့အသွား၏။ ချန်းလု လုချန်း ဖြစ်နိုင်သည်ဟု သူမ အစောပိုင်းက သံသယရှိခဲ့သောကြောင့် သူနှင့် စုံတွဲကျင့်စဉ် ကျင့်ရန် ရွေးချယ်ခဲ့ခြင်းကတော့ အမှန်တကယ် ဖြစ်သည်။

လုချန်း၏ ဖြေရှင်းချက်ကြောင့် ယဲ့ချူယောင် စကားပြန်ပြောရန်ပင် ခက်ခဲသွားပြီး လည်‌ချောင်းထဲတွင် စကားလုံးများ တစ်ဆို့နေတော့သည်။

ယဲ့ချူယောင်က အေးစက်စွာဖြင့်

“ဒါပေမဲ့ ရှင်က လုချန်း မဟုတ်ဘူးလို့ လိမ်မပြောသင့်ဘူးလေ။”

လုချန်းက

“စီနီယာအနေနဲ့ ကျုပ်က လုချန်းဆိုတာကို သိခဲ့ရင်တောင် ဘာတွေ ထူးခြားသွားမှာလဲ။ ကျုပ်တို့က လင်မယား ဆက်ဆံရေးမျိုး တည်ဆောက်ထားပြီးသားပဲကို... စီနီယာက ကျုပ်ကို တကယ်ပဲ သတ်ရက်မှာလား။”

“ကျုပ်က လုချန်း မဟုတ်ဘူးလို့ ပြောခဲ့တာက စီနီယာရဲ့ စိတ်ထဲက စိုးရိမ်စိတ်တွေကို လျော့ပါးသွားစေနိုင်လို့ပါ။ ကျုပ်ရဲ့ သရုပ်မှန်ကို ဖုံးကွယ်ထားခဲ့တာက စီနီယာ ကောင်းဖို့အတွက်ပါပဲ။”

ယဲ့ချူယောင် ထပ်မံ၍ ဆွံ့အသွားပြန်၏။ ချန်းလုသည် လုချန်း မဟုတ်ဟု သူမ ယုံကြည်လိုက်သည့် အချိန်မှစ၍ သူမ၏ ရင်ထဲတွင် စိုးရိမ်စိတ်များ လျော့နည်းသွားခဲ့ရခြင်းကလည်း အမှန်တကယ်ပင်။

ပိဟိုင်နတ်မြို့တွင် လုချန်းနှင့်အတူ စုံတွဲကျင့်စဉ် ကျင့်စဉ်ကလည်း သူမ၏ စိတ်ထဲတွင် ဝန်ထုပ်ဝန်ပိုး မရှိခဲ့ပေ။

ယဲ့ချူယောင် မှင်တက်နေသည်ကို မြင်လျှင် ယွမ်ယုတိ အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ ဤအခြေအနေက သူမ မြင်တွေ့ချင်သည့် အနေအထား မဟုတ်ပေ။

လုချန်းဆိုသည့် ထိုလူလိမ်က တကယ်ပင် စကားပြောကောင်းလှ၏။ စကားအနည်းငယ်မျှဖြင့် ယဲ့ချူယောင်၏ ရင်ထဲရှိ သတ်ဖြတ်လိုသော စိတ်များကို ပျောက်ကွယ်သွားစေခဲ့ပေပြီ။

ထိုအခိုက်တွင် လုချန်းက ဆက်လက်၍

“စီနီယာ... ကျန်းဝမ်ကို ကျုပ် ခေါ်သွားခဲ့လို့ စီနီယာက ကျုပ်ကို အငြိုးထားနေမှန်း ကျုပ် သိပါတယ်။ ဒါပေမဲ့ ကျန်းဝမ်နဲ့ ကျုပ်က တကယ် ချစ်ကြတာပါ။ ကျန်းဝမ်က အသက်ရှင်နေဆဲဖြစ်သလို ကျုပ်ရဲ့ ရင်သွေးကိုလည်း လွယ်ထားရတယ်။ ကျုပ် နတ်ဧကရာဇ် ဖြစ်လာတဲ့အခါ ကျန်းဝမ်တို့ကို ကစဉ့်ကလျား ပင်လယ်ထဲကနေ သွားခေါ်ပြီး စီနီယာနဲ့ ပြန်ဆုံပေးပါ့မယ်။ အဲဒါဆို အဆင်ပြေတယ် မဟုတ်လား”

“အခြေအနေတွေက ဒီလို ဖြစ်နေပြီပဲ... စီနီယာက ကျုပ်ကို သတ်ချင်နေတုန်းပဲလား။ အကယ်၍ ကျုပ်ကို သတ်လိုက်ရင် ကျန်းဝမ်က သူရဲ့ ချစ်သူကို ဆုံးရှုံးရမှာဖြစ်သလို ကလေးကလည်း ဖခင်မဲ့သွားလိမ့်မယ်။ ကျန်းဝမ်ကို နှလုံးကွဲအောင် လုပ်ချင်လို့လား။”

“သူ အချစ်ရဆုံး ယောက်ျားကို စီနီယာက နာကျင်အောင် လုပ်ခဲ့တယ်ဆိုတာကို သိသွားရင် သူ စီနီယာ့ကို ဘယ်လို မြင်မလဲ။”

လုချန်း၏ စကားများကို ကြားလျှင် ယဲ့ချူယောင်၏ စိတ်များ ပို၍ဝေခွဲမရ ဖြစ်လာ၏။

အကယ်၍ ဝူကျန်းဝမ်သာ တကယ် အသက်ရှင်နေပါက သူမနှင့် ပြန်လည်ဆုံတွေ့နိုင်ရန် လုချန်းကိုသာ အားကိုးရမည် ဖြစ်သည်။ သူမ သိထားသူများထဲတွင် လုချန်းတစ်ဦးတည်းသာ ကစဉ့်ကလျား ပင်လယ်အတွင်းမှ ပြန်လည် ထွက်ပေါ်လာခဲ့သူ ဖြစ်ရာ ဝူကျန်းဝမ် ရှိမည့်နေရာကိုလည်း လုချန်းတစ်ဦးတည်းသာ သိနိုင်သည်။

သို့သော် လုချန်းက သူမကို လှည့်စားခဲ့ပုံနှင့် သူ၏ စကားများထဲတွင် ခြိမ်းခြောက်သည့် အရိပ်အယောင်များ ပါဝင်နေသည်ကို တွေးမိရင်း ယဲ့ချူယောင် အလွန် မကျေမနပ် ဖြစ်သွား၏။

သူမက အေးစက်စွာဖြင့်

“ရှင်က လူယုတ်မာပဲ”

လုချန်းကို ဆဲဆိုပြီးနောက် ယဲ့ချူယောင်လည်း ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်ကာ ယွမ်ယုတိ၏ အိပ်ဆောင်အတွင်းမှ လှည့်မကြည့်ပဲ ထွက်ခွာသွားတော့သည်။

သူမ၏ ရင်ထဲတွင် ဒေါသများ ပြည့်နှက်နေ၏။ လုချန်းကို ကြည့်လေလေ သူမ ပို၍ ဒေါသထွက်လေလေ ဖြစ်သည်။

အရေးကြီးဆုံးမှာ ဝူကျန်းဝမ်နှင့် ပြန်လည် ဆုံတွေ့ချင်နေသဖြင့် လုချန်းကို သူမ ဘာမှ မလုပ်နိုင်ခြင်း ဖြစ်၏။

ထို့ပြင် သူမကိုယ်တိုင်လည်း လုချန်း၏ လက်ထဲတွင် ကစားခံခဲ့ရသည် ဖြစ်ရာ ဝူကျန်းဝမ်နှင့် ပတ်သက်၍ ပြောဆိုရန်လည်း သူမ၌ အခွင့် မရှိတော့ဟု ခံစားနေရသည်။

ပိဟိုင်နတ်မြို့မှ အချိန်များကို တွေးမိရင်း ယဲ့ချူယောင် အလွန် စိတ်မသက်မသာ ဖြစ်သွား၏။ အစက သူမသည် လုချန်း၏ သရုပ်မှန်ကို ထုတ်ဖော်နိုင်ရန် ကြိုးစားခဲ့ခြင်း ဖြစ်သော်လည်း နောက်ဆုံးတွင် ထိုလူယုတ်မာ၏ ထောင်ချောက်အတွင်းသို့ သူမကိုယ်တိုင် သက်ဆင်းခဲ့ရသည်။

ထိုလူယုတ်မာ၏ ပြတ်တောက်နေသော သွေးကြောများ အဘယ်ကြောင့် ဤမျှ လျင်မြန်စွာ ပြန်လည် ကောင်းမွန်လာရသနည်းဟု သူမ စဉ်းစားမရ ဖြစ်နေခဲ့သော်လည်း ယခုတော့ သူမကို လှည့်စားရန်အတွက် သူ ဟန်ဆောင်နေခဲ့ခြင်းဖြစ်‌ကြောင်း ထင်ရှားလှသည်။

သူမ၏ စိတ်များ ရှုပ်ထွေးနေပြီး ရှေ့ဆက် ဘာလုပ်ရမည်ကိုလည်း ဝေခွဲမရ ဖြစ်နေတော့သည်။

ယဲ့ချူယောင် ယွမ်ယုတိ၏ အိပ်ဆောင်အတွင်းမှ ထွက်ခွာသွားပြီးနောက် လုချန်း၏ အကြည့်က ဇာတ်လမ်းကြည့်နေသော ယွမ်ယုတိထံသို့ ကျရောက်သွား၏။

--

All Chapters