အခန်း ၁၃၂၁
Vol. 89 Ch. 1321
အခန်း (၁၃၂၁) ပထမ ဂူနတ်ဘုရားဘုံ၏ တည်နေရာ၊ ကျန်းကျိုး
ရွှေရောင်အလင်းတန်းသည် တဖြည်းဖြည်း လွင့်စင်ပျောက်ကွယ်သွားပြီး ရွှေရောင်ဆေးမီးဖိုရိပ်မြုံအတွင်းရှိ လူအားလုံးသည် အထက်မှ ကြည်လင်နေသော ကောင်းကင်ယံကို မင်သက်စွာ မော့ကြည့်နေကြသည်။
ထို့နောက် လူများစွာ၏ မျက်လုံးများသည် တဖြည်းဖြည်း နီရဲလာကြ၏။
သို့သော် ထိုအချိန်တွင် အမည်းရောင် အလင်းတန်းတစ်ခု လျှပ်တစ်ပြက် ဖြတ်ပြေးသွားပြီးနောက် ခန္ဓာကိုယ်တစ်ခုလုံး စုတ်ပြတ်သတ်နေအောင် ပေါက်ကွဲခံထားရသော နတ်ဆိုးတစ္ဆေတစ်ကောင်သည် စုတ်ချာစွာဖြင့် ပြုတ်ကျလာလေသည်။ ၎င်း၏ အသွင်အပြင်ကြောင့် ရွှေမီးဖိုဂိုဏိးအတွင်း၌ ဆူညံပွက်လောရိုက်သွားသည်။
"တကယ်ကြီး မသေသေးဘူးလား"
လူများစွာက မယုံကြည်နိုင်စွာ မှင်သက်သွားသည်။ တစ်ချိန်တည်းမှာပင် နတ်ဆိုးတစ္ဆေသည် တံတွေးများကို ထွေးထုတ်လိုက်ပြီး ကျိန်ဆဲလိုက်သည်။
"ထွီ... သေနာမ၊ ငါ အမြန်ရှောင်လိုက်လို့ ကံကောင်းသွားတယ်၊ မဟုတ်ရင် အဲဒီ အရူးမလက်ချက်နဲ့ တကယ် သေတော့မလို့၊ နှမြောစရာပဲ... မင်းဘာသာ ဝိညာဉ်ကို ဖောက်ခွဲလိုက်တော့ရော ဘာတတ်နိုင်မှာလဲ၊ ဒီဂိုဏ်းကြီး ပျက်စီးရမယ့် ကံကြမ္မာကိုတော့ ပြောင်းလဲနိုင်မှာ မဟုတ်ဘူး"
ထိုသို့ပြောပြီးနောက် နတ်ဆိုးတစ္ဆေသည် မကောင်းဆိုးဝါးဆန်စွာ ရယ်မောလိုက်လေသည်။ သို့သော် ရယ်မောသံသည် ရုတ်တရက် ရပ်တန့်သွား၏။
အဘယ်ကြောင့်ဆိုသော် ထိုခဏ၌ ရွှေရောင်ဆေးမီးဖိုရိပ်မြုံ၏ အဆောက်အအုံ တစ်ခုလုံးသည် ရုတ်တရက် တုန်ခါသွားပြီး တောက်ပသော အလင်းတန်းများသည် အလွှာလိုက် အလွှာလိုက် အထက်သို့ ပျံ့နှံ့သွားကာ မျက်စိတစ်မှိတ်အတွင်းမှာပင် ရွှေရောင်ဆေးမီးဖိုရိပ်မြုံ တစ်ခုလုံးကို ဖုံးအုပ်သွားသောကြောင့် ဖြစ်သည်။
ရွှေရောင်ဆေးမီးဖိုရိပ်မြုံမှ ဂိုဏ်းစောင့်များနှင့် တပည့်များစွာ၏ မဆုတ်မနစ် ကြိုးပမ်းအားထုတ်မှုကြောင့် တောင်စောင့်ကာကွယ်ရေး အစီအရင်သည် အဆုံးတွင် အောင်မြင်စွာ ပွင့်လာခဲ့သည်။
အစပိုင်းတွင် အလင်းရောင်များ တုန်ခါကာ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသော်လည်း အတိတ်မှ ချန်ရစ်ခဲ့သော အလွန်အစွမ်းထက်သည့် အစီအရင်ပုံစံများကြောင့် မျက်တောင်တစ်ခတ်အတွင်းမှာပင် အစီအရင်၏ အလင်းရောင်သည် တည်ငြိမ်သွားသည်။ နတ်ဆိုးတစ္ဆေမှာ ထိုမြင်ကွင်းအား ကြက်သေသေလျက် စိုက်ကြည့်နေပြီးနောက် ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ကျစ်... ကျက်သရေမရှိလိုက်တာ၊ အဲ့ဒါ အရူးမကြောင့်ပဲ"
သို့ရာတွင် သူ ဒေါသထွက်နေရန် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ နတ်ဆိုးတစ္ဆေသည် မကျေမနပ်ဖြစ်နေသော မျက်လုံးများဖြင့် ရွှေရောင်ဆေးမီးဖိုရိပ်မြုံကို ကြည့်နေရုံမှလွဲ၍ ဘာမှမတတ်နိုင်တော့ဘဲ မုန်းတီးစွာဖြင့် ရေရွတ်သည်။
"အရမ်းကြီး သဘောမကျနေကြနဲ့ဦး၊ မကြာခင် မင်းတို့အားလုံး တစ်ယောက်မကျန် အသတ်ခံရတော့မှာပဲ၊ ဟမ့်"
ထိုသို့ပြောပြီးသည်နှင့် နတ်ဆိုးတစ္ဆေသည် လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွားကာ အမည်းရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး လူတိုင်း အမြင်အာရုံမှ ပျောက်ကွယ်သွားသည်။ သူထွက်ခွာသွားသည်ကို မြင်သောအခါမှ ရွှေရောင်ဆေးမီးဖိုရိပ်မြုံရှိ လူများ၏ စိတ်နှလုံးသည် အဆုံးတွင် အနည်းငယ် သက်သာရာရသွားသည်။
သို့သော် မည်သူတစ်ဦးတစ်ယောက်မျှ စိတ်မအေးနိုင်ကြပေ။ အဘယ်ကြောင့်ဆိုသော် ထိတ်လန့်ဖွယ်ရာ အတွေးတစ်ခုမှာ သူတို့စိတ်ထဲတွင် ပေါ်ပေါက်လာသောကြောင့် ဖြစ်သည်။
ရွှေရောင်ဆေးမီးဖိုရိပ်မြုံကဲ့သို့သော ပထမအဆင့် လိုဏ်ဂူနတ်ဘုံပင်လျှင် ဤနတ်ဆိုးတစ္ဆေများ၏ လက်မှ မလွတ်ကင်းဘဲ သူတို့လက်ထဲသို့ ကျရောက်လုနီးပါး ဖြစ်ခဲ့ရသည်။ သို့ဆိုလျှင် အခြားသော အဓိက လိုဏ်ဂူနတ်ဘုရားဘုံကြီးများ၏ အခြေအနေမှာ မည်သို့ရှိနိုင်မည်နည်း။ ပို၍ပင် ဆိုးရွားနေနိုင်သည် မဟုတ်ပါလား။ ထိုအတွေးသည် လူတိုင်း၏ စိတ်ထဲတွင် လေးလံစွာ ဖိစီးလာသည်။
ရွှေရောင်ဆေးမီးဖိုရိပ်မြုံသည် လတ်တလောတွင် ဘေးအန္တရာယ်မှ သီသီလေး လွတ်မြောက်သွားချိန်၌ပင် အရှေ့ဘက်အဝေးဆီတွင် တောက်ပသော အလင်းရောင်များနှင့် ထူးချွန်ထက်မြက်သော လူစွမ်းကောင်းများ၏ အရှိန်အဝါများ ဝန်းရံနေသည့် ကြီးကျယ်ခမ်းနားသော မြေပြင်ပေါ်၌ နက်နဲဆန်းကြယ်သော ကျန်းပြည်နယ်မှာ မားမားမတ်မတ် တည်ရှိနေသည်။
၎င်းမှာ ပထမအဆင့် လိုဏ်ဂူနတ်ဘုရားဘုံဖြစ်သော မင်ရှင်းနန်းတော်၏ တည်နေရာပင် ဖြစ်သည်။ အဓိက လိုဏ်ဂူနတ်ဘုရားဘုံကြီး ခုနစ်ခုအနက် ပထမဆုံးဖြစ်ပြီး အဆင့်သတ်မှတ်ချက်နှင့် ပတ်သက်၍ မည်သည့်အခါမျှ သံသယဝင်ခံရခြင်း မရှိသော ဂိုဏ်းတစ်ခုအနေဖြင့် မင်ရှင်းနန်းတော်သည် လောကကြီး၏ အင်မော်တယ်ဂိုဏ်းအဖြစ် သံသယကင်းမဲ့စွာ တည်ရှိနေသည်။ မြို့ကိုပင် မင်ရှင်းနန်းတော် တည်ရှိနေမှုကြောင့် ကျန်းပြည်နယ်ဟု အမည်ပေးထားခြင်းဖြစ်၏။
ဤဆန်းကြယ်သော မြေပြင်ပေါ်တွင် မရေမတွက်နိုင်သော ထူးခြားသည့် ပုဂ္ဂိုလ်များ ရှိသော်လည်း အများစုမှာ သုံးပေရှည်သော ဓားရှည်များအား ကိုင်ဆောင်ကာ ကတိသစ္စာအား အလေးအနက်ထားပြီး အသက်နှင့် သေခြင်းတရားကို ပေါ့ပေါ့တန်တန် သဘောထားတတ်သည့် ဓားလမ်းစဉ် ကျင့်ကြံသူများ ဖြစ်ကြသည်။ ထိုမျှ နက်ရှိုင်းလှသော အမွေအနှစ်များကြောင့်လည်း မင်ရှင်းနန်းတော်၏ အဆင့်အတန်းသည် အလွန်မြင့်မားလွန်းလှသဖြင့် လူအများက ၎င်းတို့ကို အင်မော်တယ်နန်းတော်ဟု ရိုသေလေးစားစွာ ခေါ်ဆိုကြခြင်း ဖြစ်သည်။
ဤအချိန်၌ ကျန်းပြည်နယ်၏ အလယ်ဗဟိုတည့်တည့်တွင် တည်ရှိပြီး တိမ်တိုက်များထဲသို့ ထိုးထွက်ကာ တောင်ထိပ်သည် ကောင်းကင်နှင့် ထိစပ်နေသော ဓားတောင်၏ အထွတ်အထိပ်တွင်...
မင်ရှင်းနန်းတော်သည် အနာအဆာကင်းသော အလွန်လှပသည့် ကျောက်စိမ်းတစ်ခုပမာ တောင်ထိပ်ရှိ တိမ်တိုက်များအလယ်တွင် တဖြည်းဖြည်း လွင့်မျောနေသည်။ အကယ်၍ သေချာစွာ ကြည့်ပါက မင်ရှင်းနန်းတော်အား သာမန်ပုံပေါက်နေသော ရှေးဟောင်းဓားတစ်လက်က အမှန်တကယ် ထောက်မထားကြောင်း တွေ့ရှိရမည်။ ထို့အပြင် မင်ရှင်းနန်းတော်၏ အထက်တွင် သံကြိုးခြောက်ချောင်း ဆန့်ထွက်နေပြီး အောက်ဘက်ရှိ ဓားတောင်ကြီးနှင့် ခိုင်မြဲစွာ ဆက်သွယ်ထားလေသည်။ ဤသည်မှာ ကျော်ကြားလှသော မင်ရှင်းနန်းတော်၏ တည်နေရာပင် ဖြစ်သည်။
ယခုအချိန် မင်ရှင်းနန်းတော် ထိပ်ရှိ ဓားသွေးဆောင်အတွင်း၌ ဓားကိုင်အကြီးအကဲသည် ပြတင်းပေါက်တစ်ခုရှေ့တွင် ထိုင်ကာ စစ်တုရင်ကစားနေသည်။ သို့သော် သူ၏ စစ်တုရင်ခုံသည် အပြန်အလှန် ယှက်နွယ်နေသော ဓားဆန္ဒများဖြင့် ဖွဲ့စည်းထားပြီး ၎င်းအပေါ်တွင် စစ်တုရင်ရုပ်များ လွင့်မျောကာ ရှေ့နောက် ရွေ့လျားနေမှုမှာ မျက်စိကျိန်းစရာပင် ကောင်းလှ၏။
မင်ရှင်းနန်းတော်၏ ခေါင်းဆောင်တပည့်ဖြစ်သူ ထျန်းယွမ်ချင်သည် မည်သည့် စိတ်မရှည်မှုမျှ မရှိဘဲ သူ့ ဆရာဘေးတွင် ရိုသေစွာ ရပ်နေသည်။ အဘယ်ကြောင့်ဆိုသော် သူ့ဆရာ စစ်တုရင်ကစားခြင်းသည် တစ်ခါတစ်ရံ တစ်နေ့လုံး ကြာတတ်ကြောင်းကို သိထားသောကြောင့် ဖြစ်သည်။
သူသညိ တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်သော်လည်း သူ့ဘေးရှိ နျန်ရွှယ်ရှင်းမှာမူ ကိုယ့်ကိုယ်ကို ထိန်းချုပ်ရန် ခက်ခဲနေပြီ ဖြစ်သည်။ သူမ၏ အကြည့်များသည် ပြတင်းပေါက် အပြင်ဘက်သို့ အကြိမ်ကြိမ် လွင့်မျောနေသည်အား မြင်တွေ့နိုင်ပြီး သူမခန္ဓာကိုယ်မှာလည်း ပို၍ ဂဏာမငြိမ် ဖြစ်လာသည်။
အချိန်အနည်းငယ်အကြာ သူမသည် ဘေးရှိ ထျန်းယွမ်ချင်အား မနေနိုင်တော့ဘဲ တီးတိုးမေးလိုက်သည်။
"ဂိုဏ်းတူအစ်ကိုကြီး၊ ဆရာ အိပ်ပျော်သွားပြီလား"
ထျန်းယွမ်ချင်မှာ အနည်းငယ် ရယ်ချင်သွားပြီး စိတ်လည်း အနည်းငယ် ရှုပ်သွားသော်လည်း သူ၏မျက်နှာကို တည်တည်ထားကာ ပြောလာသည်။
"ဂိုဏ်းတူညီမလေး... ဆရာက ဓားနှလုံးသားကို နားလည်သဘောပေါက်ဖို့ စစ်တုရင်ကို အသုံးပြုနေတာလေ၊ မင်း လျှောက်မပြောသင့်ဘူး၊ ဆရာ ကြားသွားလိမ့်မယ်"
သို့သော် နျန်ရွှယ်ရှင်းက နှုတ်ခမ်းဆူကာ ပြောသည်။
"ဟွန့်... ပြီးခဲ့တဲ့ အကြိမ်တုန်းကလည်း အစ်ကိုကြီး အဲဒီလိုပဲ ပြောခဲ့တာပဲ၊ ဒါပေမဲ့ ဆရာက သုံးရက်တိတိ စစ်တုရင် ကစားခဲ့တာလေ၊ အကယ်လို့ အကြီးအကဲထင်းကျန်းသာ မလာခဲ့ဘူးဆိုရင် ဆရာက လောကကြီးကို မေ့ပြီး အခုထိ အိပ်ငိုက်နေတုန်းပဲဖြစ်မှာ သေချာတယ်"
ထျန်းယွမ်ချင်မှာ သဘောထားကြီးသူဖြစ်ပြီး အခြားသူများနှင့် အငြင်းပွားရာတွင် မကျွမ်းကျင်သူ ဖြစ်ကာ နျန်ရွှယ်ရှင်းသည် သူတို့အထဲတွင် အသက်အငယ်ဆုံးနှင့် အချစ်ခံရဆုံး ဂိုဏ်းတူညီမလေး ဖြစ်နေသောကြောင့် သူမ ထိုသို့ပြောသည်ကို ကြားသောအခါ စကားဆွံ့အသွားသည်။ သို့သော် ထိုအချိန်လေးမှာပင် စစ်တုရင်ရုပ် တစ်ရုပ်သည် နျန်ရွှယ်ရှင်း၏ ခေါင်းပေါ်တွင် ရုတ်တရက် ပေါ်လာပြီး သူမ နဖူးကို ဖွဖွလေး ခေါက်သည်။
"ရွှယ်ရှင်း... မင်း ဆရာ့ကွယ်ရာမှာ အတင်းပြောနေပြန်ပြီလား"
ဓားကိုင်အကြီးအကဲသည် သူ၏ မျက်လုံးများအား ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး ပြုံးလျက် ပြောလာသည်။ နျန်ရွှယ်ရှင်းသည် ခပ်တိုးတိုး အော်လိုက်ပြီးနောက် သူမခေါင်းကို ပွတ်ကာ ရှက်ကိုးရှက်ကန်း ပြုံးလျက် ပြောသည်။
"ဆရာ၊ နိုးပြီပေါ့"
"ပေါက်ကရတွေ၊ ငါ ဘယ်တုန်းကမှ မအိပ်ပျော်ခဲ့ဘူး"
နျန်ရွှယ်ရှင်းက ရယ်မောလိုက်သည်။
"ဆရာ အိပ်ပျော်သွားပြီ ထင်နေတာ၊ ဆရာက တကယ်ကို တော်တာပဲ"
ဓားကိုင်အကြီးအကဲမှာ စိတ်အနှောင့်အယှက်လည်းဖြစ်ကာ ရယ်လည်း ရယ်ချင်နေမိသည်။ အကြီးအကဲငါးပါး၏ ခေါင်းဆောင်နှင့် မင်ရှင်းနန်းတော်၏ အကြီးအကဲချုပ်တစ်ဦး ဖြစ်ပါလျက်နှင့် သူ၏ အငယ်ဆုံးတပည့်အပေါ်တွင်မူ အကူအညီမဲ့နေသည်ဟုသာ ခံစားနေရသည်။ ထို့ကြောင့် သူသည် ခေါင်းကိုသာ ခါယမ်းပြီး ပြောသည်။
"ဒီ ကောင်မလေးကတော့... မင်းရဲ့ ဓားနှလုံးသားကို လေ့ကျင်ဖို့ ဒီမှာ ရပ်ခိုင်းထားတာကို မင်းက တစ်ဝက်လောက်တောင် ငြိမ်ငြိမ်မနေနိုင်ဘူး၊ အရင်တုန်းက ငါဆိုရင် မင်းတို့ရဲ့ ဆရာအဘိုးရှေ့မှာ..."
"တစ်လတိတိ ရပ်ခဲ့တာလေ၊ အဲဒီနောက်တော့ ဆရာအဘိုးက ဆရာ့ရဲ့ ထူးချွန်တဲ့ အရည်အချင်းကို အသိအမှတ်ပြုပြီး ဓားလမ်းစဉ်ရဲ့ စစ်မှန်တဲ့အဓိပ္ပာယ်ကို ဆရာ့ဆီ လက်ဆင့်ကမ်းဖို့ ဆုံးဖြတ်လိုက်လို့ အခုလို ကျင့်ကြံခြင်းအဆင့်ကို ရောက်လာတာမလား"
နျန်ရွှယ်ရှင်းသည် သူ၏စကားကို ချောမွေ့စွာ ဆက်ပြောလိုက်ပြီးနောက် အနည်းငယ် စိတ်ပျက်လက်ပျက်ဖြင့် ပြောလာသည်။
"ဆရာ... အဲဒီစကားကို ဆရာ ပြောခဲ့တာ အကြိမ် ၁၂၃၁ ကြိမ်တောင် ရှိနေပြီနော်၊ သမီး အလွတ်တောင် ရနေပြီ"
"ပေါက်ကရတွေ... ဘယ်လိုလုပ် အဲဒီလောက် များရမှာလဲ၊ ၁၂၁၁ ကြိမ်တည်း ဆိုတာ ရှင်းနေတာပဲကို"
"ဟိုတစ်နေ့ကတင် ဆရာက အကြီးအကဲ မော့ကျန်းနဲ့အတူ သေချာပေါက် မူးသွားပြီးတော့ အကြိမ်နှစ်ဆယ်တောင် ထပ်ပြောခဲ့သေးတယ်လေ၊ အကြီးအကဲ မော့ကျန်းခမျာ ဆရာ့စကားကို နားထောင်ရင်း မျက်နှာတွေ ဖြူလျော့သွားပြီး ဝိုင်ဓားရေကန်ကို တစ်ချက်တည်းနဲ့ ဖျက်ဆီးပစ်လုနီးပါး ဖြစ်သွားသေးတယ်"
နျန်ရွှယ်ရှင်းက လက်ချောင်းများကို ချိုးကာ ရေတွက်ပြလိုက်သည်။ ဓားကိုင်အကြီးအကဲသည် အနည်းငယ် ရှက်ရွံ့သွားကာ ဂုတ်ကိုကုတ်လိုက်ပြီး သူ၏ အကြီးဆုံးတပည့် ထျန်းယွမ်ချင်ကို လှမ်းကြည့်သည်။
"တကယ်လား"
ထျန်းယွမ်ချင်သည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။
ဒါကြောင့်မို့ အဲဒီနေ့ကစပြီး အဲဒီ ကောင်စုတ် မော့ကျန်းတစ်ယောက် တံခါးပိတ် ကျင့်ကြံသွားတော့တာကိုး၊ ဓားကိုင်အကြီးအကဲသည် သူ့ဘာသာ ရေရွတ်လိုက်သည်။ နျန်ရွှယ်ရှင်းမှာ သူ့အား တောက်ပသော မျက်လုံးများဖြင့် ကြည့်နေသည်ကို မြင်သောအခါ သူ၏ မျက်နှာသည် နီရဲသွားပြီး အမြန်ပင် ချောင်းအနည်းငယ် ဟန့်လိုက်သည်။
"အမ်း... ယွမ်ချင်၊ မင်းရဲ့ ဂိုဏ်းတူညီ ဖန် ပြန်ရောက်ပြီလား"
ထျန်းယွမ်ချင်က ခေါင်းခါပြသည်။
"အချိန်အရ တွက်ကြည့်ရင် ဂိုဏ်းတူညီလေးဖန်က တာအိုမျိုးဆက်ပြိုင်ပွဲကို အခုလေးတင် ဝင်သွားလောက်ပြီ"
တာအိုမျိုးဆက်ပြိုင်ပွဲ ဟူသော စကားလုံးကို ကြားသောအခါ ဓားကိုင်အကြီးအကဲ၏ မျက်လုံးများထဲတွင် မထီမဲ့မြင်ပြုသည့် အရိပ်အယောင်တစ်ခု လျှပ်တစ်ပြက် ပေါ်လာသည်။
"တာအိုမျိုးဆက်ပြိုင်ပွဲတဲ့လား၊ ဟားဟား... နာမည်တောင် ဘယ်လိုမှ မှတ်မိစရာမရှိအောင် ပြောင်းလဲသွားပြီပဲ၊ ဘိုးဘေးကြီးတွေရဲ့ မူလရည်ရွယ်ချက်နဲ့ ဘာတစ်ခုမှ မတူတော့ဘူး"
ထျန်းယွမ်ချင်နှင့် နျန်ရွှယ်ရှင်းတို့ နှုတ်ဆိတ်သွားကြသည်။ အကြောင်းမှာ ဓားကိုင်အကြီးအကဲသည် တာအိုမျိုးဆက်ပြိုင်ပွဲအပေါ် မည်မျှအထိ မထီမဲ့မြင် ပြုသည်ကို လူတိုင်း သိထားသောကြောင့် ဖြစ်သည်။ သို့သော် ဓားကိုင်အကြီးအကဲ ဆက်ပြောရန်ဟန်ပြင်လိုက်ချိန်တွင် သူသည် ရုတ်တရက် အပေါ်သို့ မော့ကြည့်လိုက်ပြီး သူ၏ မျက်လုံးများထဲတွင် ယခင်က မမြင်ဖူးသော အလင်းရောင်တစ်ခု တောက်ပသွားသည်။
"နတ်ဆိုးတစ္ဆေလား”
--