အခန်း ၁၃၂၃
Vol. 89 Ch. 1323
အခန်း (၁၃၂၃) တပည့်များ သွားရောက်ရန် ဆန္ဒရှိခြင်း
"ဓားကျင့်ကြံသူ... ငါ ဒီတစ်ခေါက် လာတာ မင်းတို့ကို အခွင့်အရေး တစ်ခုပေးဖို့ပဲ၊ မင်းတို့သာ ဧကရီရဲ့လက်အောက်ထဲမှာ ခိုလှုံဖို့ ဆန္ဒရှိမယ်ဆိုရင် ငါတို့ တစ္ဆေဂိုဏ်းက လက်ကမ်းကြိုဆိုနေမှာပါ"
နတ်ဆိုးတစ္ဆေသည် ရယ်မောလာသည်။ထိုအသံဆုံးသွားသည်နှင့် တစ်ပြိုင်နက် စစ်ကျန်းသည် အလွန် ဒေါသထွက်သွားပြီး မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ ဓားချက်တစ်ချက်ကို ထုတ်လွှတ်လိုက်သည်။
ဘုန်း...
ပန်းပွင့်ထဲမှ ယခုလေးတင် ပေါ်ထွက်လာသော နတ်ဆိုးတစ္ဆေသည် တိုက်ရိုက်ပင် အပိုင်းပိုင်းအစစ ပေါက်ကွဲထွက်သွားသည်။ ထို့နောက် စစ်ကျန်းမှာ ဟိန်းဟောက်လာသည်။
"စိတ်ကူးယဉ်မနေနဲ့၊ မင်းတို့လို မကောင်းဆိုးဝါးတွေက မင်ရှင်းနန်းတော်နဲ့ ယှဉ်ပြောခံရလောက်အောင် ဘာအရည်အချင်း ရှိလို့လဲ"
တစ်ချိန်တည်းမှာပင် လှောင်ချိုင့်အပြင်ဘက်မှ ဒေါသတကြီး နှာမှုတ်သံတစ်ခု ထွက်ပေါ်လာလေသည်။
"ခေါင်းမာတဲ့ ဓားအရူးအမူး ကောင်တွေ၊ ငါက ဒီမှာ စေတနာထားပြီး ပြောနေတာကို မင်းတို့က ဒီလောက်တောင် ခေါင်းမာပြီး ထင်ရာစိုင်းနေကြသေးတယ်၊ ကောင်းပြီလေ... ဒီမှာပဲ ပိတ်မိပြီး သေသွားဖို့သာ စောင့်နေကြတော့၊ အို... မင်းတို့ကို ပြောဖို့ မေ့နေလိုက်တာ"
ထိုသို့ပြောပြီးနောက် အမျိုးသမီးအသံသည် ဂုဏ်ယူဝင့်ကြွားကာ ရယ်မောသံအား ထုတ်လွှတ်လာသည်။
"အခုချိန်ဆို အပြင်လောကက လိုဏ်ဂူနတ်ဘုံကြီး တော်တော်များများ ပျက်စီးသွားလောက်ပြီ၊ မင်းတို့ရဲ့ မင်ရှင်း မသေမျိုးနန်းတော် တစ်ခုတည်းပဲ ဒီမှာ မားမားမတ်မတ် ကျန်ရစ်တော့တာ"
"ဘာ"
ဓားကုိင်အကြီးအကဲသည် ပထမဆုံး တုံ့ပြန်လိုက်သူဖြစ်ပြီးနောက် ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ဒီတစ်ကြိမ် တာအိုအမွေအနှစ် ပြိုင်ပွဲကို မင်းတို့ ဝင်နှောင့်ယှက်ထားတာလား"
"ကျွတ် ကျွတ်... သိပ်တော်တာပဲ၊ ဟုတ်တယ် မင်းပြောတာ မှန်တယ်၊ ဒီတစ်ကြိမ် တာအိုအမွေအနှစ် ပြိုင်ပွဲမှာ ပါဝင်တဲ့သူ တစ်ယောက်မှ မလွတ်ဘူး၊ အားလုံး သေကုန်ကြပြီ"
အမျိုးသမီးအသံသည် ဂုဏ်ယူမှုများဖြင့် ပြည့်လျှံနေလေသည်။ နျန်ရွှယ်ရှင်းမှာ ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီးနောက် မျက်ရည်စများနှင့်အတူ ပြောလာသည်။
"အစ်ကိုကြီးဖန်..."
"ဒါကြောင့် မင်းတို့ကိုယ်မင်းတို့ လိမ္မာပါးနပ်စွာ နေကြဖို့ ငါ အကြံပေးချင်တယ်၊ ဘာပဲဖြစ်ဖြစ် ရက်အနည်းငယ်နေလို့ ဧကရီ ရောက်လာတဲ့အခါ မင်းတို့ လက်နက်ချချင်ရင်တောင် သေလမ်းပဲရှိတော့မှာ၊ ကိုယ့်ဘာသာ သေချာ စဉ်းစားကြပေါ့"
စစ်ကျန်းသည် ဒေါသများဖြင့် လောင်ကျွမ်းနေလေသည်။
"ခွေးကောင်တွေ"
ထိုသို့ပြောကာ သူသည် ဓားချက်အနည်းငယ်ကို ထပ်မံ ခုတ်ပိုင်းလိုက်သော်လည်း အမည်းရောင် လှောင်ချိုင့်ကြီး အနည်းငယ် တုန်ခါသွားသည်မှလွဲ၍ မည်သည့်အရာမျှ ထိခိုက်မှု မရှိခဲ့ပေ။ အမျိုးသမီးအသံသည် ကျေနပ်အားရစွာဖြင့် ရယ်မောပြီးနောက် တိတ်ဆိတ်သွားလေသည်။ ထိုအချိန်တွင် မင်ရှင်းနန်းတော်မှ လူတိုင်း၏ မျက်နှာအမူအရာများသည် အလွန် ကြည့်ရဆိုးနေသည်။ အကယ်၍ ဤနတ်ဆိုးတစ္ဆေ ပြောသည်သာ အမှန်ဖြစ်ပါက မင်ရှင်းနန်းတော်သည် လိုဏ်ဂူနတ်ဘုရားဘုံကြီး ခုနစ်ခုအနက် တစ်ခုတည်းသော ကျန်ရစ်သည့် နေရာ ဖြစ်နေပေလိမ့်မည်။
မင်ရှင်းနန်းတော်၏ အင်အား ကြီးမားလှသော်လည်း သေချာစွာ ပြင်ဆင်ထားသော ဤနတ်ဆိုးတစ္ဆေများနှင့် ရင်ဆိုင်ရချိန်တွင် သူတို့သည် သိသိသာသာ အင်အားချည့်နဲ့ကာ အထီးကျန်နေခဲ့ပြီဖြစ်သည်။
"ဂိုဏ်းတူအစ်ကိုကြီး... ငါတို့ ဘာဆက်လုပ်ကြမလဲ"
မော့ကျန်း နှင့် အခြား အကြီးအကဲ အနည်းငယ်တို့သည် ခေါင်းငုံ့ကာ တိတ်ဆိတ်နေသော ကျန်းရီထံသို့ လှမ်းကြည့်လိုက်ကြသည်။ မင်ရှင်းနန်းတော်၏ အကြီးအကဲချုပ်တစ်ဦးအနေဖြင့် သူ၏ ဆုံးဖြတ်ချက်များသည် လူတိုင်း ရှေ့ဆက်ရမည့် လမ်းကြောင်းကို ကိုယ်စားပြုနေသည်။ ခဏအကြာတွင် ကျန်းရီ သူ၏ ခေါင်းကို ဖြည်းညင်းစွာ မော့လိုက်ပြီး သူတို့ကို ကြည့်လိုက်သော သူ့ အကြည့်များသည် စူးရှသည်။
"ဒီနတ်ဆိုးတစ္ဆေပြောတာ အမှန်ပဲဖြစ်ဖြစ် အလိမ်ပဲဖြစ်ဖြစ်၊ လက်ရှိ အခြေအနေတွေအရ ငါတို့ အပြင်လောကနဲ့ အထူးသဖြင့် အခြား လိုဏ်ဂူနတ်ဘုရားဘုံကြီးတွေက လူတွေနဲ့ ဆက်သွယ်နိုင်မယ့် နည်းလမ်းကို အရင်ရှာရမယ်၊ မဟုတ်ရင် ငါတို့ ထိုင်နေတဲ့ ဘဲတွေလို အလွယ်တကူ အသတ်ခံရတော့မှာပဲ"
လူတိုင်း သဘောတူညီစွာ ခေါင်းညိတ်ကြသည်။ ကျန်းရီသည် သက်ပြင်းကို ဖြည်းညင်းစွာ ချလိုက်ပြီး လေးနက်သော အသံဖြင့် ပြောသည်။
"ငါက ပုံမှန်ဆိုရင် အခြား လိုဏ်ဂူနတ်ဘုံကြီးတွေရဲ့ အသေးအဖွဲ ရန်ဖြစ်မှုတွေနဲ့ အကြံအစည်တွေကို သိပ်ဂရုမစိုက်တတ်ပေမယ့် အခုလို ဘုံဘေးအန္တရာယ်တစ်ခုကို ရင်ဆိုင်နေရချိန်မှာ တာအိုအမွေအနှစ်ကို မျှဝေခံစားကြတဲ့ မျိုးဆက်တစ်ခုတည်းက အကိုင်းအခက်တွေအနေနဲ့ ငါတို့ ကယ်တင်နိုင်တဲ့သူတိုင်းကို ကယ်တင်ရမယ်၊ ဘာပဲဖြစ်ဖြစ် ဒါက ငါတို့ကိုယ်ငါတို့ ကယ်တင်တာလည်း ဖြစ်တယ်လေ"
"နားလည်ပါပြီ၊ ကျွန်တော့်ကို သွားခွင့်ပြုပါ အစ်ကိုကြီး"
စစ်ကျန်းသည် ပထမဆုံး စေတနာ့ဝန်ထမ်လုပ်ရန် ထွက်ဆိုလာသည်။
"ကျွန်တော်လည်း သွားမယ်"
ဓားကိုင်အကြီးအကဲလည်း ချက်ချင်း ဝင်ပြောသည်။ သို့သော် မော့ကျန်း နှင့် ထင်ကျန်းတို့မှာမူ တိတ်ဆိတ်နေခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ကျန်းရီ ဤသို့ ပြောလာလျှင် သူ့စိတ်ထဲတွင် အစီအစဉ်တစ်ခုရှိနေပြီးသား ဖြစ်မည်ကို သူတို့ သိထားသောကြောင့် ဖြစ်သည်။
ထို့နောက် ကျန်းရီ က ခါးသီးသော အပြုံးဖြင့် ခေါင်းခါပြလိုက်သည်ကို သူတို့ မြင်တွေ့လိုက်ရသည်။
"ညီလေးနံပါတ်ငါး၊ ညီလေးနံပါတ်လေး... မင်းတို့ရဲ့ ခံစားချက်ကို ငါ နားလည်ပါတယ်၊ ဖြစ်နိုင်ရင် ငါလည်း မင်းတို့ကို သွားခွင့်ပြုချင်တာပေါ့၊ မင်းတို့နှစ်ယောက်စလုံးရဲ့ ခွန်အားနဲ့ ဗျူဟာတွေက လုံလောက်မှု ရှိပေမယ့် အဓိကအချက်ကတော့..."
ကျန်းရီ မော့ကြည့်လိုက်ပြီး သူ၏ မျက်လုံးများသည် ကောင်းကင်ကို အပိုင်းပိုင်း ပိုင်းဖြတ်ထားသော အမည်းရောင် ချီတန်းကြီးများပေါ်တွင် ကျရောက်နေကာ လေးနက်စွာ ပြောသည်။
"ဒီ ကောင်းကင်ဖျက်ဆီးခြင်း သော့ခလောက်က ရင်ဆိုင်ဖို့ အဲဒီလောက် မလွယ်ကူဘူးကွ"
"ဘာသဘောလဲ"
စစ်ကျန်း က နားမလည်နိုင်စွာ မေးလိုက်သည်။
"ဒီ ကောင်းကင်ဖျက်ဆီးခြင်း သော့ခလောက်က ငါတို့ရဲ့ ဆရာ့ဆရာ သက်ရှိထင်ရှားရှိစဉ်က ပြောပြဖူးတဲ့ တစ္ဆေနယ်ပယ်ရဲ့ လျှို့ဝှက်သိုင်းပညာတစ်ခုပဲ၊ ဒီသိုင်းပညာက အရမ်း ရက်စက်ကြမ်းကြုတ်တယ်၊ အဲဒါကို တစ္ဆေနယ်ပယ်ရဲ့ အဆိပ်အပြင်းဆုံး တစ္ဆေစွမ်းအင်တွေကနေ ရယူပြီးတော့ သန့်စင်ထားတာ၊ နောက်ဆုံး ပုံပေါ်လာလို့ အသုံးပြုလိုက်ပြီဆိုရင် ၎င်းအတွင်းက အရာအားလုံးကို ပိတ်လှောင်ပစ်လိမ့်မယ်"
"သေစေနိုင်လောက်တဲ့ စွမ်းအား နည်းပါးပေမယ့် ဒီသိုင်းပညာရဲ့ ကောက်ကျစ်တဲ့ အပိုင်းကတော့ ပိုပြီး အစွမ်းထက်တဲ့သူဖြစ်လေလေ ပိုပြီး နက်ရှိုင်းစွာ ပိတ်လှောင်ခံရလေလေ ဖြစ်ပြီး လွတ်မြောက်ဖို့ ပိုပို ခက်ခဲလာတာပဲ၊ ဒါကြောင့်မို့ အဲဒါက အစွမ်းထက်တဲ့ ရန်သူတွေကို ကိုင်တွယ်ဖို့ အထူးပြု သိုင်းပညာတစ်ခု ဖြစ်လာတာပေါ့"
ဓားကိုင်အကြီးအကဲ၏ ရှင်းပြချက်ကို ကြားသောအခါ စစ်ကျန်း ၏ မျက်နှာအမူအရာသည် အလွန် ကြည့်ရဆိုးသွားသည်။ ဓားထိန်းမှာမူ အနည်းငယ် လှုပ်ရှားသွားပြီးနောက် ပြောသည်။
"ဒါဆိုရင် အစ်ကိုကြီး ဆိုလိုတာက..."
ဓားကိုင်အကြီးအကဲမှာ ခေါင်းညိတ်ပြသည်။
"ဟုတ်တယ်"
သူသည် ဘေးတွင် ရပ်နေကြသော ထျန်းယွမ်ချင်၊ နျန်ရွှယ်ရှင်းနှင့် အခြား တပည့်များထံသို့ လှမ်းကြည့်လေသည်။
"ငါက ယွမ်ချင်တို့ကို ဒီခရီးစဉ်အတွက် စေလွှတ်ဖို့ ပြင်ဆင်နေတာ"
ထိုစကားများကို ကြားသောအခါ စစ်ကျန်း နှင့် မော့ကျန်း အပါအဝင် အခြား အကြီးအကဲများအားလုံး၏ မျက်နှာအမူအရာများသည် သိသိသာသာ ပြောင်းလဲသွားသည်။ အထူးသဖြင့် ဂိုဏ်းအတွင်းရှိ တပည့်များ၏ အလွန် ချစ်ခင်လေးစားမှုကို ခံရသော ဖော်ရွေသည့် အကြီးအကဲချုပ် ထင်ကျန်းက ချက်ချင်း ဝင်ပြောသည်။
"အစ်ကိုကြီး... ဒါက အဆင်မပြေဘူးလို့ ကျွန်တော် ထင်တယ်၊ ယွမ်ချင်တို့မှာ လေးစားလောက်တဲ့ ကျင့်ကြံခြင်းအဆင့်တွေနဲ့ သင့်တင့်တဲ့ ဓားရည်ရွယ်ချက်တွေ ရှိတယ် ဆိုပေမယ့် သူတို့က ကလေးတွေပဲ ရှိပါသေးတယ်၊ တကယ်လို့ သူတို့ အပြင်ထွက်သွားတဲ့အခါ တစ္ဆေနယ်ပယ်က ကြောက်စရာကောင်းတဲ့ နတ်ဆိုးတစ္ဆေတွေနဲ့ ကြုံတွေ့ရရင် အဲဒါက..."
သို့သော် သူ စကားမဆုံးမီမှာပင် ထျန်းယွမ်ချင်က ရိုသေစွာ ဦးညွှတ်လိုက်ပြီး ပြောယသည်။
"ဆရာ့ရဲ့ အမိန့်ကို အစွမ်းကုန် ကြိုးစားပြီး နာခံပါ့မယ်"
ထင်းကျန်းလည်း အံ့အားသင့်သွားသည်။ ထို့နောက် ထျန်းယွမ်ချင်က သူ့ကို ပြုံးပြလိုက်သည်။
"ဦးလေး ထင်းကျန်း... ဦးလေးက ကျွန်တော်တို့အတွက် အကောင်းဆုံး ဖြစ်စေချင်တယ်ဆိုတာ ကျွန်တော် သိပါတယ်၊ ဒါပေမဲ့ ဓားကျင့်ကြံသူတွေရဲ့ တပည့်တွေအနေနဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရချိန်မှာ ကျွန်တော်တို့ ဘယ်လိုလုပ် ရှောင်ပြေးလို့ ရမှာလဲ၊ ဓားသမားတစ်ယောက် ဖြစ်လာဖို့ဆိုတာ ဓားနှလုံးသားလည်း ရှိဖို့လိုတယ် ဆိုပြီး ဦးလေး အမြဲ သင်ပေးခဲ့တာ မဟုတ်ဘူးလား"
ထိုစကားကို ကြားသောအခါ ထင်းကျန်း က ခါးသီးသော အပြုံးတစ်ခုကို ဖော်ပြလိုက်သည်။
"အဲဒါက မှန်ပေမယ့်လည်း..."
သို့သော် နျန်ရွှယ်ရှင်းမှာမူ ဝမ်းသာလုံးဆို့ကာ ပျော်ရွှင်စွာ ခုန်ပေါက်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ သယမ ငယ်စဉ်ကတည်းက ဂိုဏ်းထဲတွင် ကျင့်ကြံခဲ့ပြီး တောင်ပေါ်မှ မည်သည့်အခါမျှ မဆင်းဖူးသဖြင့် သူတို့ကို တာဝန်တစ်ခုဖြင့် စေလွှတ်မည်ဟူသော သတင်းက သူမအား စိတ်လှုပ်ရှားစေခဲ့ပြီး အမြန် ၀င်ပြောသည်။
"ဦးလေး... အစ်ကိုကြီး ပြောတာ မှန်တယ်လို့ သမီး ထင်တယ်၊ ဒီတစ်ခေါက် အခြား အဓိက လိုဏ်ဂူနတ်ဘုံကြီးတွေရဲ့ အခြေအနေကို စုံစမ်းဖို့ လိုအပ်တာတင်မကဘဲ အစ်ကိုကြီး ဖန်ရှင်းအန်းရဲ့ သဲလွန်စကိုပါ ရှာဖွေရဦးမှာလေ"
"ကျွန်တော်တို့ သွားဖို့ ဆန္ဒရှိပါတယ်"
ထိုစကားသံများ ပဲ့တင်ထပ်သွားသည်နှင့် မင်ရှင်းနန်းတော်၏ အတွင်းဆောင် တပည့်စစ်များ အားလုံးသည် တစ်ပြိုင်နက်တည်း ရှေ့သို့ ထွက်လာကာ ဦးညွှတ်လျက် ထိုစကားများကို ဆိုလိုက်ကြသည်။
ဤမြင်ကွင်းကို မြင်သောအခါ ထင်ကျန်း သည် သက်ပြင်းချလိုက်ပြီးနောက် ခေါင်းသ။ခါသည်။ အခြား အကြီးအကဲချုပ်များလည်း တိတ်ဆိတ်စွာပင် ဆို့နင့်သွားကြသည်။ ဓားကိုင်အကြီးအကဲ၏ နှလုံးသားသည် အနည်းငယ် တုန်ရီသွားပြီး သူ့ အကြည့်များသည် ဤငယ်ရွယ်သော မျက်နှာလေးများပေါ်သို့ ဖြတ်ပြေးသွားကာ အဆုံးတွင် သဘောတူညီစွာ ခေါင်းညိတ်ပြလေသည်။
"ကောင်းပြီ၊ မင်ရှင်းနန်းတော်က ဓားကျင့်ကြံသူရဲ့ တပည့်တွေ ဖြစ်ရတာနဲ့ တကယ်ကို ထိုက်တန်ပါပေတယ်"
ဤတပည့်များအတွက်ပင် ကောင်းကင်ဖျက်ဆီးခြင်း သော့ခလောက်၏ အတားအဆီးကို ဖြတ်ကျော်ရန်မှာ မလွယ်ကူသော ကိစ္စတစ်ခုဖြစ်သည်။
ဓားကိုင်နှင့် မော့ကျန်းအပြင် အခြား အကြီးအကဲချုပ် အနည်းငယ်တို့ ပူးပေါင်းလုပ်ဆောင်ကြပြီး နောက်ဆုံးတွင် ကြီးမားသော အားထုတ်မှုဖြင့် ကွက်လပ်ငယ်တစ်ခုကို ဖွင့်နိုင်ခဲ့လေသည်။
တပည့်မြောက်မြားစွာရှိသဖြင့် သဘာဝကျကျပင် အားလုံး ထွက်သွားနိုင်မည် မဟုတ်ပေ။ အဆုံးတွင် ထျန်းယွမ်ချင်သည် သူ၏ ဂိုဏ်းတူညီအစ်ကို အနည်းငယ်ကို ရွေးချယ်ခဲ့သည်။ နျန်ရွှယ်ရှင်းသည် ငယ်ရွယ်ပြီး အမျိုးသမီးတစ်ဦးဖြစ်သော်လည်း သူမ၏ ဓားနှလုံးသားသည် ဖြူစင်ကာ သူမခွန်အားမှာ ရွယ်တူများကြားတွင် ထျန်းယွမ်ချင်နှင့် ဖန်ရှင်းအန်း တို့၏နောက် ဒုတိယနေရာတွင် ရှိနေသဖြင့် သဘာဝကျကျပင် သူမလည်း လိုက်ပါရမည် ဖြစ်သည်။
သူတို့ ခရီးမထွက်ခွာမီလေးမှာပင် စစ်ကျန်း ရှေ့သို့ ထွက်လာပြီး တစ်ယောက်စီတိုင်းကို ဓားဆန္ဒများ တိတ်ဆိတ်စွာ ထည့်သွင်းပေးလိုက်ကာ ထျန်းယွမ်ချင်၏ ပခုံးကို ညင်သာစွာ ပုတ်လိုက်သည်။
"မင်းတို့ အပြင်ရောက်သွားရင် သတိထားကြနော်"
"ဟုတ်ကဲ့"
ထျန်းယွမ်ချင် တုံ့ပြန်သည့်အနေဖြင့် ဦးညွှတ်လာသည်။
"တကယ်လို့ မင်းတို့ ကိုင်တွယ်နိုင်တဲ့ နတ်ဆိုးတစ္ဆေတွေနဲ့ ကြုံရင် ငါ့အတွက်ပါ အပိုနည်းနည်းလောက် သတ်ပစ်ဖို့ မှတ်ထားဦး"
ထျန်းယွမ်ချင်သည် ခေတ္တရပ်သွားပြီးနောက် လေးစားစွာ ဦးညွှတ်လိုက်သည်။
"နားလည်ပါပြီ"
ထျန်းယွမ်ချင်နှင့် အခြားသူများသည် ကောင်းကင်ဖျက်ဆီးခြင်း သော့ခလောက် ကို ဖြတ်ကျော်ကာ ကျန်းပြည်နယ်မှ ထွက်ခွာသွားပြီး လူတိုင်း၏ အမြင်အာရုံမှ ပျောက်ကွယ်သွားသည်။ ထင်းကျန်းသည် မနေနိုင်တော့ဘဲ မေးမိသည်။
"အစ်ကိုကြီး... ဒီကလေးတွေ တကယ်ပဲ ကိုင်တွယ်နိုင်ပါ့မလား"
ဓားကိုင်အကြီးအကဲက ခေါင်းခါလိုက်သည်။
"ငါလည်း မသိဘူး"
"ဒါဆိုရင် ကျွန်တော်တို့က ဒီမှာ ထိုင်စောင့်နေရုံပဲလား"
စစ်ကျန်း နာကြည်းစွာ ပြောသည်။ ဓားကိုင်အကြီးအကဲမှာ မတ်တတ်ရပ်လိုက်ပြီး ခေတ္တမျှ တိတ်ဆိတ်သွားကာ ပြောလာသည်။
"မကြာခင်မှာ ဒီနေရာက ငြိမ်းချမ်းမှုနဲ့ ဝေးကွာသွားတော့မယ်လို့ ငါ ခံစားနေရတယ်”
--