← Chapters

အခန်း ၁၃၂၇

Vol. 89 Ch. 1327

အခန်း ၁၃၂၇

Vol. 89 Ch. 1327

အခန်း (၁၃၂၇ ) အဆုံးတွင် ရှရွှယ်အန်း လက်သီးတစ်ချက်၏ စွမ်းအားကို ထုတ်ဖော်ပြသလိုက်ခြင်း

"နင် ဘာလုပ်မလို့လဲ"

နျန်ရွှယ်ရှင်း၏ မျက်လုံးများသည် အံ့သြထိတ်လန့်မှုကြောင့် ပြူးကျယ်သွားသည်။

"ခစ်ခစ်... နင်တို့အားလုံးကို... ယဇ်ပူဇော်မလို့လေ"

အမျိုးသမီးက ဆွဲဆောင်မှုရှိစွာ တခစ်ခစ် ရယ်မောလိုက်သည်။ လူတိုင်း၏ နှလုံးသားများသည် တဖြည်းဖြည်း ကျဆင်းသွားပြီး သူတို့၏ မျက်လုံးများထဲတွင် မျှော်လင့်ချက် ကင်းမဲ့နေသော အရိပ်အယောင်များ ပေါ်ထွက်လာသည်။

"နင် သိပ်ရဲတင်းလွန်းနေပြီ"

နျန်ရွှယ်ရှင်း၏ ရင်ထဲတွင် ဒေါသများ ဟိန်းဟောက်နေသည်။

"ငါ မရဲဘူး ထင်နေတာလား"

အမျိုးသမီးက သရော်လိုက်ပြီးနောက် သူမ၏ လက်ထဲရှိ ဆံထိုးကို ဝှေ့ယမ်းလိုက်လေသည်။ ပိတ်လှောင်ခံထားရသူ အားလုံးသည် လေထဲသို့ လွင့်တက်သွားကြပြီး အမျိုးသမီး အဝေးသို့ ပျံသန်းသွားရာနောက်သို့ လိုက်ပါသွားကြသည်။

"နင် ငါတို့ကို ဘယ်ခေါ်သွားမလို့လဲ"

နျန်ရွှယ်ရှင်းမှာ ဒေါသတကြီး အော်ဟစ်သည်။ ယခုအချိန်တွင် သူတို့ ပတ်ဝန်းကျင်ရှိ အပြောင်းအလဲများကို သတိထားမိသွားပြီဖြစ်သော ပိုင်ဟန်က အရှုံးပေးထားသော မျက်နှာအမူအရာဖြင့် ပြောလိုက်သည်။

"ဧရာမမြို့ကြီးဆီကိုပဲ... သူမက ငါတို့ကို တာအိုအမွေအနှစ် ဆင့်ကဲပြောင်းလဲခြင်း မီးဖိုကြီးဆီ ခေါ်သွားနေတာ"

"မှန်တယ်"

အမျိုးသမီးက ပြုံးလိုက်ပြီးနောက် သူမ၏ ခြေလှမ်းများကို ရပ်တန့်လိုက်လေသည်။တစ်ချိန်တည်းမှာပင် ရှေ့မှ အမည်းရောင် တိမ်တိုက်များသည် တဖြည်းဖြည်း ကွဲကွာသွားပြီး ကျယ်ပြောလှသော ရင်ပြင်ကျယ်ကြီး တစ်ခုကို ဖော်ပြလိုက်သည်။ ရင်ပြင်၏ စင်မြင့်ထက်တွင်ကား ခမ်းနားကြီးကျယ်လှသော တာအိုအမွေအနှစ် ဆင့်ကဲပြောင်းလဲခြင်း မီးဖိုကြီးသည် မားမားမတ်မတ် တည်ရှိနေလေသည်။

အမျိုးသမီးက လှောင်ပြောင်လာသည်။

"တွေ့လား၊ လိုဏ်ဂူနတ်ဘုရားဘုံ အတော်များများက လူတွေ ဒီနေရာမှာ သေဆုံးသွားခဲ့ကြပြီ၊ နင်တို့လည်း ယဇ်ကောင်တွေအဖြစ်နဲ့ ဧကရီ ကြွလာဖို့အတွက် အာဟာရ ဖြစ်လာရမယ်"

သွေးအာဟာရ...

ဤဝေါဟာရက လူတိုင်း၏ နှလုံးသားများကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သလိုဖြစ်သွားသည်။ သူတို့သည် သေရမည်ကို မကြောက်ရွံ့ကြပေ။ သို့သော် တာအိုအမွေအနှစ်ကို ဆက်ခံသူများအနေဖြင့် နတ်ဆိုးတစ္ဆေများအတွက် သွေးအာဟာရဖြစ်ကာ မိစ္ဆာဝိညာဉ်များ ဆင်းသက်လာစေရန် ကူညီပေးရမည့် သေဆုံးခြင်းမျိုးကိုမူ တကယ်ကို လက်ခံရန် ခက်ခဲလှပေသည်။

"နတ်ဆိုးတစ္ဆေ... ငါ သေသွားရင်တောင် နင့်ကို အလွတ်မပေးဘူး"

နျန်ရွှယ်ရှင်းက ဒေါသတကြီး ကျိန်ဆဲလိုက်သည်။ သို့သော် အမျိုးသမီးသည် ကျယ်လောင်စွာ ရယ်မောသည်

"နင် သေသွားရင်တောင် ငါ့ကို အလွတ်မပေးဘူး ဟုတ်လား၊ ဘယ်လိုလုပ်မလို့လဲ၊ နင်က တစ္ဆေ ဖြစ်ချင်သေးလို့လား၊ ကံမကောင်းတာက ဧကရီ နင့်ကို သုံးဆောင်ပြီးသွားရင် နင်က တစ္ဆေဖြစ်ဖို့တောင် အရည်အချင်း မီတော့မှာ မဟုတ်ဘူး၊ နင်က ဧကရီရဲ့ရုပ်သေးရုပ် ဖြစ်သွားပြီး ထာဝရ ကျွတ်လွတ်နိုင်တော့မှာ မဟုတ်ဘူး"

အမျိုးသမီး၏ စကားကြောင့် နျန်ရွှယ်ရှင်း အပါအဝင် အခြားငယ်ရွယ်သူ မြောက်မြားစွာသည် ထိတ်လန့်သွားကြလေသည်။ အထူးသဖြင့် နျန်ရွှယ်ရှင်းသည် ငိုသံပါကြီးဖြင့် ပြောလိုက်သည်။

"ငါ ရုပ်သေးရုပ် မဖြစ်ချင်ဘူး၊ ငါ သေပဲ သေလိုက်ချင်တယ်"

ထျန်းယွမ်ချင်နှင့် မင်ရှင်းနန်းတော်မှ သူ၏ ဂိုဏ်းတူညီအစ်ကိုများသည် ဒေါသတကြီး ဟိန်းဟောက်ကြသည်။

မကောင်းဆိုးဝါး... မင်း ငါတို့ကို ရုပ်သေးရုပ် လုပ်ရဲတဲ့ သတ္တိရှိမှတော့ ငါတို့ရဲ့ ညီမလေးကိုတော့ ချမ်းသာပေးလိုက်စမ်း"

"ဟုတ်တယ်၊ မိန်းကလေး တစ်ယောက်ကို ပစ်မှတ်ထားတာက ဘာစွမ်းဆောင်ရည် ရှိလို့လဲ"

အမျိုးသမီး၏ နှုတ်ခမ်းများသည် ကောက်ကျစ်ဆိုးယုတ်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားသည်။

"ငါက မိန်းကလေးကို ပစ်မှတ်ထားတော့ နင်တို့က ဘာလုပ်နိုင်မှာမို့လို့လဲ"

ထိုသို့ပြောကာ သူမသည် လက်ထဲရှိ ဆံထိုးကို မြှောက်လိုက်သည်။ နျန်ရွှယ်ရှင်းသည် ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး နတ်ဆိုးတစ္ဆေ၏ သွေးအာဟာရ ဖြစ်ရမည်ကို ကြောက်ရွံ့မှုကြောင့် မထိန်းနိုင်ဘဲ ငိုကြွေးလျက် အမျိုးသမီးဆီသို့ လွင့်ကနဲ ပါသွားသည်။

"အစ်ကိုကြီး"

ထျန်းယွမ်ချင်သည် မျက်ရည်များ ကျဆင်းနေပြီဖြစ်ကာ သူ့ကိုယ်ကို အပြစ်တင်မှုများနှင့် နောင်တရမှုများ ရောယှက်နေပြီး မထိန်းနိုင်တော့ဘဲ အော်ဟစ်သည်။

"ရွှယ်ရှင်း... မျက်လုံးမှိတ်ထားလိုက်၊ မကြာခင် ပြီးသွားလိမ့်မယ်"

နျန်ရွှယ်ရှင်းသည် ပြောသည့်အတိုင်း လုပ်ဆောင်ကာ မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်ပြီး မထိန်းချုပ်နိုင်အောင် တုန်ရီနေသည်။ အမျိုးသမီးက သရော်လိုက်ပြီးနောက် သူမ၏ ဆံထိုးသည် အောက်ဘက်သို့ စိုက်ဆင်းသွားလေသည်။

သို့သော် သူမ၏ ဆံထိုးသည် တစ်ဝက်ခန့်သို့ ရောက်ရှိသွားချိန်လေးမှာပင် အနောက်ဘက် စင်မြင့်ပေါ်ရှိ တာအိုအမွေအနှစ် ဆင့်ကဲပြောင်းလဲခြင်း မီးဖိုကြီးသည် ရုတ်တရက် တုန်ခါသွားလေသည်။

အစပိုင်းတွင် တုန်ခါမှုသည် အလွန် သေးငယ်လွန်းသဖြင့် ထင်ယောင်ထင်မှား ဖြစ်နေသကဲ့သို့ ထင်ရသော်လည်း မကြာမီမှာပင် ဒုတိယအကြိမ် တုန်ခါမှုသည် များစွာ ပိုမို ပြင်းထန်လာပြီး ရင်ပြင် တစ်ခုလုံးကိုပင် တုန်ခါသွားစေလေသည်။ အမျိုးသမီးသည် အံ့အားသင့်သွားပြီး သူမ၏ လုပ်ရပ်များကို ရပ်တန့်ကာ လှည့်ကြည့်လိုက်သည်။

ဤအချိန်၌ မီးဖိုကြီးထံမှ အက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာပြီး ဧရာမ မီးဖိုကြီး၏ ကိုယ်ထည်ပေါ်တွင် ကြီးမားသော အက်ကွဲကြောင်းကြီးများ စတင် ပေါ်ပေါက်လာသည်။ မကြာမီမှာပင် ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး တာအိုအမွေအနှစ် ဆင့်ကဲပြောင်းလဲခြင်း မီးဖိုကြီးသည် ကွဲကြေသွားကာ စူးရှတောက်ပသော အလင်းတန်းတစ်ခုသည် ကောင်းကင်ယံသို့ ထိုးတက်သွားလေရာ ၎င်း၏ အရှိန်အဟုန်သည် မိုင်တစ်ရာအတွင်းရှိ အမည်းရောင် တိမ်တိုက်များကို တံမြက်စည်းလှည်းသကဲ့သို့ ဖယ်ရှားပစ်လိုက်သည်။

ဤမျှ အံ့သြဖွယ်ကောင်းသော မြင်ကွင်းကြောင့် လူတိုင်းမှာ အစွံအအ ဖြစ်သွားကြလေသည်။ ပါးစပ်ဟောင်းလောင်းဖြင့် ဤမြင်ကွင်းကို ကြည့်ရှုနေသော အမျိုးသမီး နတ်ဆိုးတစ္ဆေ ပါအဝင် ဖြစ်လေသည်။ ခဏအကြာမှသာ အမျိုးသမီး နတ်ဆိုးတစ္ဆေသည် တုန်ရီသွားပြီး သတိပြန်ဝင်လာကာ ထိတ်လန့်တကြား အော်ဟစ်လာသည်။

"ဘာတွေ ဖြစ်နေတာလဲ"

သူမသည် တတိယအဆင့် လိုဏ်ဂူနတ်ဘုရားဘုံသို့ စေလွှတ်ခံခဲ့ရခြင်းဖြစ်ပြီး သူမ၏ အရေးအကြီးဆုံး တာဝန်မှာ ယခုအခါ လူသူကင်းမဲ့နေပြီဖြစ်သော အချစ်ခြံဝင်းကို ဖျက်ဆီးပစ်ရန်မဟုတ်ဘဲ ဤ တာအိုအမွေအနှစ် ဆင့်ကဲပြောင်းလဲခြင်း မီးဖိုကြီး ကို စောင့်ကြပ်ရန် ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် ဤမီးဖိုကြီးသည် အဆုံးအစမရှိ အံ့သြဖွယ်ကောင်းပြီး ဧကရီအတွက် အလွန်အရေးကြီးသောကြောင့် ဖြစ်သည်။

သို့သော် ဤရုတ်တရက်ဖြစ်ရပ်က သဘာဝကျကျပင် နတ်ဆိုးတစ္ဆေကို အလွန် ထိတ်လန့်သွားစေလေသည်။

ထိုအချိန်မှာပင် အလင်းတန်းများ အတွင်းမှ တည်ငြိမ်သော အသံတစ်ခု ထွက်ပေါ်လာလေသည်။

"ကံကောင်းတာက ငါ ပြန်လာတာ သိပ်မနောက်ကျသေးဘူးပဲ"

ထိုစကားများနှင့်အတူ အဖြူရောင် ဝတ်ဆင်ထားသော လူငယ်တစ်ဦးသည် အလင်းရောင်များထဲမှ ဖြည်းညင်းစွာ ထွက်ပေါ်လာပြီး လေဟာပြင်ထဲတွင် ရပ်ကာ နေရာတစ်ခုလုံးကို စီးမိုးကြည့်ရှုနေလေသည်။

သူ၏ အဝတ်အစားများသည် လေထဲတွင် လွင့်ခါနေပြီး သူ့ မျက်ခုံးများသည် ဓားရှည်များနှင့် တူကာ သူ၏ မျက်လုံးများသည် ကြယ်များကဲ့သို့ တောက်ပနေသည်။ သူသည် ထိုနေရာတွင် ရိုးရှင်းစွာ ရပ်နေရုံမျှသာ ဖြစ်သော်လည်း လေးစားခံပုဂ္ဂိုလ်တစ်ဦးကိုပင် အထင်သေးစွာ ငုံ့ကြည့်နေသကဲ့သို့ သူ၏ မောက်မာမှုမှာ ပြိုင်ဘက်ကင်းနေလေသည်။

ဤကဲ့သို့သော အမူအရာက တက်ရောက်လာသူ အားလုံးကို အံ့အားသင့်သွားစေသည်။ ထို့နောက် ချည်နှောင်ခံထားရသော ရွှေရောင်ဆေးမီးဖိုရိပ်မြုံမှ လူများသည် အလွန် အံ့အားသင့်စွာဖြင့် မနေနိုင်တော့ဘဲ အော်ဟစ်ကြသည်။

"အရှယ်ရွှယ်"

"သခင်ကြီးရွှယ်"

ပိုင်ဟန် ပင်လျှင် တုန်လှုပ်သွားပြီးနောက် သူမ၏ မျက်လုံးများထဲတွင် အလွန် ဝမ်းသာပျော်ရွှင်နေသော အရိပ်အယောင်များ ပေါ်လွင်လာလေသည်။ တစ်ချိန်က သူမအား ဆုံးမခဲ့ဖူးသော ဤလူငယ်နှင့် ပတ်သက်၍ သူမ၏ မှတ်ဉာဏ်သည် နက်ရှိုင်းလှပြီး ယခု သူ ပေါ်လာခြင်းက အခြားသူများ အားလုံးလည်း အဆင်ပြေနေသည်ဟု ဆိုလိုခြင်း မဟုတ်ပါလား။

သူမ၏ အတွေးများကို တုံ့ပြန်သည့်အနေဖြင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ ကောင်းကင်အလင်းတန်းများ အတွင်း၌ လူရိပ်များသည် တစ်ယောက်ပြီး တစ်ယောက် ဆက်တိုက် ပေါ်ထွက်လာသည်ကို လူတိုင်း မြင်တွေ့လိုက်ရလေသည်။

"အစ်ကိုကြီးဖန်"

ယခုအချိန်တွင် နျန်ရွှယ်ရှင်းသည် မျက်လုံးများ ဖွင့်ထားပြီးဖြစ်ကာ ရင်းနှီးသော ပုံရိပ်တစ်ခုကို မြင်လိုက်ရသောအခါ သူမသည် ဝမ်းသာအားရ အော်ဟစ်လိုက်မိလေသည်။ ဖန်ရှင်းအန်းက သူမအား အနည်းငယ် ခေါင်းညိတ်ပြလိုက်ပြီးနောက် အားလုံးနှင့်အတူ ရွှယ်အန်း ၏ အနောက်တွင် ဝင်ရပ်လိုက်သည်။

ဤ တာအိုအမွေအနှစ် ပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်သူများထဲမှ တစ်ဦးတစ်ယောက်မျှ ပျောက်ဆုံးနေခြင်း မရှိဘဲ အားလုံး ရွှယ်အန်း၏ အနောက်တွင် ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည်။

ယခင်က ရွှေရောင်ဆေးမီးဖိုရိပ်မြုံကို ဆန့်ကျင်ရန် ကြိုးစားခဲ့သော်လည်း အဆုံးတွင် ရှင်းယွီရှု ကြောင့် ဖျက်ဆီးခံလိုက်ရသည့် ပဉ္စမနှင့် ဆဋ္ဌမ လိုဏ်ဂူနတ်ဘုံမှ သဲဝါဆောင် နှင့် ကောင်းကင်သိုင်းဂိုဏ်းမှ လူများပင်လျှင် အထိအခိုက် မရှိကြပေ။ သို့သော် ထိုဂိုဏ်းနှစ်ခုမှ ဂိုဏ်းချုပ်များမှာမူ မျက်နှာပေါ်တွင် ရှက်ရွံ့မှုများ အပြည့်ဖြင့် လူအုပ်၏ အနောက်တွင် တိတ်ဆိတ်စွာ နေနေကြပြီး ခေါင်းမော့ကြည့်ရန်ပင် မရဲကြချေ။

တစ်ချိန်တည်းမှာပင် ဤနတ်ဆိုးတစ္ဆေသည် တကယ့် တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ ဤမြင်ကွင်းကို ကြက်သေသေလျက် စိုက်ကြည့်နေပြီးနောက် ရုတ်တရက် သဘောပေါက်သွားကာ ထိတ်လန့်တကြား အော်ဟစ်လာသည်။

"ဘာတွေ ဖြစ်နေတာလဲ၊ နင်တို့တွေက..."

"သူတို့တွေ ဘာလို့ မသေသေးတာလဲလို့ မေးနေတာလား"

ရွှယ်အန်းက ပြုံးလိုက်ပြီး မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။

"ဘာလို့လဲဆိုတာ ခန့်မှန်းကြည့်လေ"

နတ်ဆိုးတစ္ဆေသည် ရုတ်တရက် တုန်ရီသွားလေသည်။ အဘယ်ကြောင့်ဆိုသော် သူမသည် ပြင်းထန်သော စိုးရိမ်ပူပန်မှု တစ်ခုကို ခံစားလိုက်ရသောကြောင့် ဖြစ်သည်။ တစ္ဆေနယ်ပယ်တွင် တိုက်ပွဲဝင်ကာ ကြီးပြင်းလာခဲ့ရသော နတ်ဆိုးတစ္ဆေတစ်ကောင် အနေဖြင့် အန္တရာယ်နှင့် ပတ်သက်သော သူတို့၏ အလိုအလျောက် သိမြင်နိုင်စွမ်းသည် မွေးရာပါနီးပါး ဖြစ်နေလေသည်။ သို့မဟုတ်ပါက သူတို့သည် ယခုအချိန်အထိ အသက်ရှင်ကျန်ရစ်ခဲ့မည် မဟုတ်ပေ။

ယခုမူကား ဤနတ်ဆိုးတစ္ဆေသည် ဧကရီထံမှသာ ခံစားခဲ့ဖူးပြီး ၎င်းထက်ပင် ပိုမို အစွမ်းထက်နေသော အရှိန်အဝါ တစ်ခုကို ဤအဖြူရောင် ဝတ်ဆင်ထားသော လူငယ်လေးထံမှ ခံစားလိုက်ရလေသည်။ ထို့ကြောင့် မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ သူမသည် လှည့်၍ ထွက်ပြေးတော့သည်။

ထိုအရာကို မြင်သောအခါ ရွှယ်အန်း သည် ပေါ့ပါးသော အပြုံးတစ်ခုကို ဖော်ပြလိုက်ပြီး သက်ပြင်းကို တိုးတိုးလေး ချလိုက်သည်။

"မင်းတို့ နတ်ဆိုးတစ္ဆေတွေက ငါနဲ့ တွေ့ပြီးတာနဲ့ ထွက်ပြေးဖို့ချည်းပဲ မစဉ်းစားဘဲ မနေနိုင်ကြဘူးလား"

ထိုသို့ပြောကာ ရွှယ်အန်းသည် ခြေတစ်လှမ်း လှမ်းလိုက်ရာ လူတိုင်းသည် ဝေဝါးသော ပုံရိပ်တစ်ခုကိုသာ မြင်လိုက်ရပြီးနောက်ရွှယ်အန်း၏ ပုံရိပ်သည် အမျိုးသမီး နတ်ဆိုးတစ္ဆေ၏ရှေ့တွင် ရောက်ရှိနေပြီဖြစ်ကြောင်းကို အံ့အားသင့်စွာ တွေ့ရှိလိုက်ကြလေသည်။ အမျိုးသမီး နတ်ဆိုးတစ္ဆေသည် အော်ဟစ်လိုက်သော်လည်း သူမ၏ လက်ထဲရှိ ဆံထိုးဖြင့် လှုပ်ရှားမှုမှာမူ နှောင့်နှေးသွားခြင်း မရှိဘဲ ပြန်

စိုက်ချသည်။

ရွှယ်အန်းသည် သတိမထားမိဟန်ဖြင့် အပြုံးတစ်ပွင့်နှင့်အတူ ရပ်ကြည့်နေရုံသာ ဖြစ်လေသည်။ နတ်ဆိုးတစ္ဆေ၏ နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှုတစ်ခု ဖြတ်ပြေးသွားလေသည်။ သူ မရှောင်ဘူးလား ဟဲဟဲ... ဒါက ဧကရီ ကိုယ်တိုင် လက်ဆောင်ပေးထားတဲ့ ဆံထိုးပဲ၊ သေစေနိုင်လောက်တဲ့ စွမ်းအား အရမ်းကြီးတယ်၊ နင်က အင်မော်တယ်သခင်အဆင့် အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေရင်တောင် ငါ့ကို အရှုံးပေးရမှာပဲ။

သူမ၏ ကျေနပ်ဂုဏ်ယူမှုများ မပြယ်ပျောက်မီမှာပင် လက်ကောက်ဝတ်တွင် ရုတ်တရက် အေးစက်သွားသည်ကို ခံစားလိုက်ရပြီး ရွှယ်အန်းသည် သူမ မသိလိုက်ခင်မှာပင် ဆံထိုးကို ဆွဲယူသွားခဲ့ပြီး သူမ၏ ကိုယ်ပိုင် လက်မှာလည်း သတိမထားမိလိုက်ဘဲ ပြာအဖြစ် ပြောင်းလဲသွားကြောင်းကို မြင်လိုက်ရသည်။

အမျိုးသမီး နတ်ဆိုးတစ္ဆေသည် တုန်ရီသွားရသည်။ ထိုအချိန်တွင် ရွှယ်အန်း သည် ဆံထိုးကို အကြိမ်အနည်းငယ် ပေါ့ပေါ့ပါးပါး ကစားလိုက်ရာ သူ၏ မျက်လုံးများထဲတွင် ဒေါသအရိပ်အယောင် တစ်ခု လျှပ်တစ်ပြက် ပေါ်လာသည်။

"အပြစ်ကင်းတဲ့ ဝိညာဉ်ပေါင်းများစွာနဲ့ မှော်လက်နက်တစ်ခုကို ပေါင်းစပ်ဖွဲ့စည်းထားတာလား၊ မင်းတို့ နတ်ဆိုးတစ္ဆေ အုပ်စုက တကယ်ကို သေသင့်တယ်"

ထိုသို့ပြောပြီးနောက် ရွှယ်အန်း သည် ဆံထိုးကို လက်တစ်ဆုပ်တည်းဖြင့် ကြေမွသွားအောင် ညှစ်ချေသည်။ ထို့နောက် အမျိုးသမီး နတ်ဆိုးတစ္ဆေ တုံ့ပြန်ရန် မစောင့်တော့ဘဲ သူ၏ လက်ကို မြှောက်ကာ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။

အမျိုးသမီး နတ်ဆိုးတစ္ဆေသည် အော်ဟစ်ကာ ရှောင်တိမ်းရန် ကြိုးစားလိုက်လေသည်။ သို့သော် ထိုအချိန်တွင် သူမသည် ကြောက်မက်ဖွယ်ကောင်းသော ချီစွမ်းအင်တစ်ခု၏ ပိတ်လှောင်ခြင်းကို ခံလိုက်ရပြီး ရှောင်တိမ်းရန် နည်းလမ်းမရှိတော့ကြောင်းကို ထိတ်လန့်တကြား တွေ့ရှိလိုက်ရလေသည်။

"ဟင့်အင်း..."

သူမ၏ အော်ဟစ်သံသည် ရုတ်တရက် ရပ်တန့်သွားလေသည်။ ရွှယ်အန်း ၏ လက်သီးချက်သည် နတ်ဆိုးတစ္ဆေကို တိုက်ရိုက်ပင် ဘာမျှမကျန်အောင် ပေါက်ကွဲထွက်သွားစေပြီး လက်သီးစွမ်းအား၏ အကြွင်းအကျန်များသည် ကောင်းကင်ယံသို့ ထိုးဖောက်သွားကာ အမည်းရောင် တိမ်တိုက်များကြားတွင် အောက်ခြေမရှိသော လမ်းကြောင်းကြီး တစ်ခုကို ဖောက်ချပစ်လိုက်သည်ကို မြင်တွေ့လိုက်ရသည်။

ဤသည်မှာ လက်သီးတစ်ချက်၏ ကြောက်မက်ဖွယ်ရာ စွမ်းအားပင် ဖြစ်တော့သည်။

--

All Chapters