← Chapters

အခန်း ၁၃၂၈

Vol. 89 Ch. 1328

အခန်း ၁၃၂၈

Vol. 89 Ch. 1328

အခန်း (၁၃၂၈) ပြဿနာတစ်ခုကို လက်သီးတစ်ချက်တည်းနဲ့ ဖြေရှင်းနိုင်တယ်ဆိုရင် အဲဒီအတွက် ခေါင်းစားခံပြီး အများကြီး စဉ်းစားမနေတော့ဘူး

ရွှယ်အန်းက ဆံထိုးကို ဆုပ်ချေဖျက်ဆီးလိုက်ပြီးနောက် ထျန်းယွမ်ချင်နှင့် အခြားသူများသည် ချည်နှောင်ထားမှုများမှ လွတ်ကင်းသွားခဲ့ပြီဖြစ်သည်။ သို့သော် ထိုလက်သီးချက်ကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသောအခါ သူတို့သည် နေရာတွင်ပင် အံ့သြမှင်သက်စွာ ရပ်နေမိခြင်းမှလွဲ၍ အခြားမတတ်နိုင်ခဲ့ကြချေ။

မည်မျှ အစွမ်းထက်လှသော လက်သီးချက်နည်း။ ထျန်းယွမ်ချင်၏ မျက်လုံးများထဲတွင် အံ့အားသင့်သွားသော အရိပ်အယောင်တစ်ခု လျှပ်တစ်ပြက် ဖြတ်ပြေးသွားရသည်။ တစ်ဖက်တွင်မူ နျန်ရွှယ်ရှင်းသည် ရွှယ်အန်းကို စူးစမ်းလိုစိတ်အပြည့်ပါသော အကြည့်များဖြင့် အကဲခတ်နေသည်။

အဘယ်ကြောင့်ဆိုသော် ဖိနှိပ်လွှမ်းမိုးနိုင်လွန်းလှသော အရှိန်အဝါများကို ပိုင်ဆိုင်ထားသည့် ဤအဖြူရောင်ဝတ် လူငယ်လေးသည် သူမ၏ ဂိုဏ်းတူအစ်ကို ဖန် ထက်ပင် ပို၍ ငယ်ရွယ်ပုံပေါက်နေသည်ကို တွေ့ရှိလိုက်ရသောကြောင့်ဖြစ်သည်။ ဤမျှ ငယ်ရွယ်သော အသက်အရွယ်နှင့်ကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်ထားသည်ဖြစ်ရာ နျန်ရွှယ်ရှင်း၏ နှလုံးသားထဲတွင် သိချင်စိတ်များ ပြည့်လျှံနေသည်မှာ သဘာဝကျလှပေသည်။

ထိုခဏ၌ တစ်စုံတစ်ယောက်က သူ့အား စူးစမ်းအကဲခတ်နေသည်ကို ရွှယ်အန်း ခံစားလိုက်ရသဖြင့် မနေနိုင်ဘဲ ခေါင်းလှည့်ကြည့်လိုက်ရာ သိချင်စိတ်များ အပြည့်ရှိနေသော မျက်နှာလေးနှင့် မိန်းကလေးတစ်ဦးကို တွေ့လိုက်ရသည်။ သူမ၏ အရှိန်အဝါကို အကဲခတ်ကြည့်လိုက်သောအခါ ဖန်ရှင်းအန်းနှင့် ဂိုဏ်းတစ်ခုတည်းမှ ဖြစ်ကြောင်း သိလိုက်ရသဖြင့် သူက ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။

နျန်ရွှယ်ရှင်း၏ ခန္ဓာကိုယ်လေး တုန်တက်သွားပြီးနောက် သူမသည် ထိတ်လန့်တကြားဖြင့် ခေါင်းကို အမြန်ငုံ့လိုက်လေသည်။ အဘယ်ကြောင့်ဆိုသော် ဤအဖြူရောင်ဝတ် လူငယ်လေး၏ မျက်လုံးများထဲတွင် မည်သူမျှ တည့်တည့်မစိုက်ကြည့်ရဲလောက်အောင် နက်ရှိုင်းကျယ်ပြောလှသော သမုဒ္ဒရာကြီးတစ်ခု ကိန်းအောင်းနေသကဲ့သို့ ရှိနေကြောင်းကို သူမ သတိထားမိလိုက်သောကြောင့် ဖြစ်သည်။

နျန်ရွှယ်ရှင်း၏ နှလုံးသားသည် အဆမတန် မြန်ဆန်စွာ ခုန်ပေါက်လာပြီး ထိတ်လန့်သွားသော အရိပ်အယောင်တစ်ခုက သူမ၏ မျက်နှာပေါ်တွင် အမှတ်မထင် ဖြတ်ပြေးသွားလေသည်။ ဤမျှ နက်ရှိုင်းလှပြီး တစ်ချိန်တည်းမှာပင် တည်ငြိမ်အေးချမ်းလွန်းလှသော မျက်လုံးမျိုးကို သူမ တစ်ခါမှ မမြင်ဖူးခဲ့ချေ။ ခဏတစ်ဖြုတ်မျှ အကြည့်ဆုံလိုက်ရုံဖြင့်ပင် ထိုမျက်လုံးများထဲသို့ မရုန်းထွက်နိုင်လောက်အောင် နစ်မြုပ်သွားစေနိုင်စွမ်း ရှိပေသည်။

ထိုအချိန်တွင် ဖန်ရှင်းအန်းသည် ရှေ့သို့ ထွက်လာကာ အလွန် အားနာရှက်ရွံ့နေသည့်ဟန်ဖြင့် လက်နှစ်ဖက်ကို ဆုပ်လျက် အရိုအသေပေးလိုက်လေသည်။

"ဂိုဏ်းတူအစ်ကိုကြီး... ဒီတစ်ခေါက်တော့..."

ထျန်းယွမ်ချင်က သူ့လက်ကို ဝှေ့ယမ်းပြလိုက်သည်။

"ဘာမှ ဆက်ပြောမနေပါနဲ့တော့၊ ဒါတွေ အားလုံးက နတ်ဆိုးတစ္ဆေ ချထားတဲ့ ထောင်ချောက်တွေပါ၊ မင်းရော တခြား တာအိုမိတ်ဆွေတွေပါ ဘေးကင်းကြတာပဲ တော်ပါပြီ"

ဖန်ရှင်းအန်းသည် ဤဂိုဏ်းတူအစ်ကိုကြီးအား လေးစားရိုသေသလို ကြောက်လည်း ကြောက်ရွံ့ရသည်။ အကြောင်းမှာ သူတို့၏ ဆရာသည် ပုံမှန်အားဖြင့် အတော်လေး ပျင်းရိတတ်သူဖြစ်ပြီး တပည့်များကို သွန်သင်ဆုံးမသည့် တာဝန်များစွာကို ခေါင်းဆောင်တပည့်ဖြစ်သော ထျန်းယွမ်ချင်ကသာ တာဝန်ယူရလေ့ရှိသောကြောင့် ဖြစ်သည်။

ထို့ကြောင့် ဤဂိုဏ်းတူအစ်ကိုကြီးသည် သူတို့အတွက် ဆရာတစ်ဝက်ခန့် ဖြစ်နေပြီး မင်ရှင်းနန်းတော်တစ်ခုလုံးတွင် နျန်ရွှယ်ရှင်းမှလွဲ၍ သူ့ကို မကြောက်သောသူဟူ၍ တစ်ယောက်မျှ မရှိပေ။ ဂိုဏ်းတူအစ်ကိုကြီးက သူ့ကို အပြစ်တင်မည် မဟုတ်ကြောင်း သိထားသော်လည်း ထိုစကားများကို ကြားလိုက်ရသောအခါမှသာ ဖန်ရှင်းအန်းသည်မနေနိုင်ဘဲ သက်ပြင်းချကာ စိတ်သက်သာရာ ရသွားတော့သည်။

ဤအချိန်တွင် နျန်ရွှယ်ရှင်းသည် ပုံမှန်အခြေအနေသို့ ပြန်ရောက်နေပြီဖြစ်ရာ သူမက ဖန်ရှင်းအန်း၏ အင်္ကျီလက်စကို ဆွဲကိုင်လိုက်ပြီး သိချင်စိတ်များ အပြည့်ဖြင့် မေးလိုက်လေသည်။

"အစ်ကိုကြီး ဖန်... ပြိုင်ပွဲလုပ်နေတုန်း အစ်ကိုတို့က ဘာလို့ ဒီလောက်တောင် ကြာနေရတာလဲဟင်၊ ပြီးတော့ တာအိုအမွေအနှစ် ဆင့်ကဲပြောင်းလဲခြင်း မီးဖိုကြီးကရော ဘယ်လိုဖြစ်ရတာလဲ"

ဤမေးခွန်းသည် ထျန်းယွမ်ချင်နှင့် ပိုင်ဟန်

တို့ကိုယ်တိုင်လည်း မေးချင်နေသော မေးခွန်းပင် ဖြစ်သည်။ ထိုစကားကို ကြားသောအခါ ဖန်ရှင်းအန်းက ခါးသီးစွာ ပြုံးလိုက်ပြီး သက်ပြင်းကို ဖွဖွလေး ချသည်။

"ဒီအကြောင်းတွေ စပြောရမယ်ဆိုရင်တော့ ဇာတ်လမ်းက တော်တော်လေး ရှည်လိမ့်မယ်"

အကြောင်းရင်းမှာကား ဤသို့ဖြစ်လေသည်။ ထိုအချိန်က နတ်ဆိုးတစ္ဆေ ယိုချန် သည် လုလင်းဖန်၏ ခန္ဓာကိုယ်တွင် ဝင်ရောက်ပူးကပ်ခဲ့ပြီး တာအိုအမွေအနှစ် ဆင့်ကဲပြောင်းလဲခြင်း မီးဖိုကြီးပေါ်ရှိ အဆောင်လက်ဖွဲ့ မန္တန်ကွက်များကို တိတ်တဆိတ် ပြုပြင်ပြောင်းလဲခဲ့လေသည်။ သူမသည် တာအိုအမွေအနှစ် ပြိုင်ပွဲတွင် ပါဝင်သူအားလုံးကို တစ်ချက်တည်းနှင့် ဖမ်းဆီးရမိရန် ကြိုးစားလျက် တုန်လှုပ်ဖွယ်ကောင်းသော ပူးပေါင်းကြံစည်မှုကြီးတစ်ခုကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။

သို့သော် ဤအကြံအစည်များ အားလုံးသည် ရွှယ်အန်း၏ ချေမှုန်းဖျက်ဆီးခြင်းကို ခံလိုက်ရသည်။ ထိုအချိန်တွင် ဆင့်ကဲပြောင်းလဲခြင်း မီးဖိုကြီးအတွင်း၌ လူများစွာ သေဆုံးနေခဲ့ပြီဖြစ်သည်။ ယိုချန်သည် ရွှယ်အန်း၏ လက်ထဲသို့ ကျရောက်နေပြီ ဖြစ်သော်လည်း သူမသည် အလွန် မောက်မာနေဆဲဖြစ်ကာ သူမ၏ အကူအညီသာ မပါပါက သေဆုံးသွားသူများကို ပြန်လည် အသက်သွင်းနိုင်မည် မဟုတ်ရုံသာမက ကျန်ရစ်သူများအနေဖြင့်လည်း ဤမီးဖိုကြီးထဲမှ ထွက်ခွာနိုင်ရန် ခက်ခဲလိမ့်မည်ဟု ကြုံးဝါးခဲ့သည်။

ထို့အပြင် ယိုချန်က တာအိုအမွေအနှစ် ဆင့်ကဲပြောင်းလဲခြင်း မီးဖိုကြီး၏ အချိန်နှင့် သက်ဆိုင်သော အဆောင်လက်ဖွဲ့ မန္တန်ကွက်များကို သူမ တိတ်တဆိတ် ပြုပြင်ပြောင်းလဲထားခဲ့ပြီး ၎င်းသည် အသက်ဝင်နေပြီဖြစ်ကြောင်းကို ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုခဲ့သေးသည်။ ယခုအခါ မီးဖိုကြီးအတွင်းရှိ အချိန်စီးဆင်းမှုသည် အပြင်လောကထက် များစွာ ပိုမိုမြန်ဆန်နေပြီဖြစ်ရာ လူများ အန္တရာယ်ကင်းစွာ ထွက်ခွာနိုင်ခဲ့လျှင်တောင်မှ အချိန်များစွာ ကြာမြင့်ပြီးနောက်မှသာ ဖြစ်ပေလိမ့်မည်။

ထိုအချိန်သို့ ရောက်သောအခါ အရာအားလုံးက နောက်ကျလွန်းနေပြီ ဖြစ်လိမ့်မည်။ ထိုခဏ၌ လူတိုင်းနီးပါးသည် မျှော်လင့်ချက် ကင်းမဲ့ခြင်းထဲသို့ ကျဆင်းသွားခဲ့ကြသည်။ အထူးသဖြင့် အမှောင်ထဲတွင် ချန်လှပ်ထားခြင်းခံခဲ့ရသော အချစ်ခြံဝင်းမှ လူများမှာမူ သည်းမခံနိုင်လောက်အောင် ရှက်ရွံ့ခြင်း၊ ဒေါသထွက်ခြင်းများ ဖြစ်ခဲ့ကြရလေသည်။

အကြောင်းမှာ ဤဖြစ်ရပ်တစ်ခုလုံးသည် တိုးတက်ချင်သော လောဘကြောင့် သူတြို၏ စစ်မှန်သော နှလုံးသားကို ဆုံးရှုံးခဲ့ရပြီး မိစ္ဆာပူးကပ်ခြင်းကို ခံလိုက်ရသည့် လုလင်းဖန်ကြောင့် ဖြစ်ပေါ်လာခဲ့ရခြင်း ဖြစ်ပေသည်။ ထို့ကြောင့် ရွှယ်အန်း စကားပြောလာမည်ကိုပင် မစောင့်တော့ဘဲ အချစ်ခြံဝင်း၏ ဂိုဏ်းချုပ် ရှမြောင်ယီနှင့် အခြားသူများသည် မတ်တတ်ရပ်လာကာ ဂိုဏ်း၏ လျှို့ဝှက်နည်းလမ်းဖြင့် လုလင်းဖန် ကို တိုက်ရိုက် ချုပ်နှောင်လိုက်ကြလေသည်။

ဆင့်ကဲပြောင်းလဲခြင်း မီးဖိုကြီး ထဲမှ ထွက်ခွာပြီးနောက် သူမ၏ ခန္ဓာကိုယ်ကို အပိုင်းပိုင်းအစစ ခုတ်ထစ်ကာ ဝိညာဉ်ကိုပါ အမြစ်ပြတ် သုတ်သင်ရှင်းလင်းရန် ရည်ရွယ်ထားကြသည်။ သို့သော် ဤအရာအားလုံးက ထိုအချိန်က ရင်ဆိုင်နေရသော အကျပ်အတည်းကို ကူညီဖြေရှင်းပေးနိုင်ခြင်း မရှိခဲ့ပေ။

ယိုချန်သည် သူမ၏ အကူအညီသာ မပါပါက ဤလူများအားလုံး ဤနေရာတွင် ပိတ်မိပြီး သေဆုံးရလိမ့်မည်ဟု ယုံကြည်ကာ ကျယ်လောင်စွာပင် ရယ်မောလိုက်သေးသည်။ သို့သော် သူမ၏ အောင်ပွဲခံမှုမှာ အလွန် တိုတောင်းသော အချိန်လေးတစ်ခုသာ ကြာမြင့်ခဲ့သည်။

ရွှယ်အန်းသည် သူမကို မသတ်ခဲ့ဘဲ သူမ၏ နတ်ဘုရားအာရုံကိုသာ ပိတ်လှောင်လိုက်ပြီးနောက် ဂရုမစိုက်သည့်လေသံဖြင့် ပြောသည်။

"မန္တန်ကွက် အနည်းငယ်လောက်ကိုများ... ငါ မဖြေရှင်းနိုင်ဘူးလို့ မင်း တကယ်ပဲ ထင်နေတာလား"

ထိုသို့ပြောပြီးနောက် သူသည် ယိုချန်၏ ထိတ်လန့်ကြောက်ရွံ့နေသော အကြည့်များအောက်တွင် မန္တန်ကွက်များကို စတင် ပြုပြင်တော့သည်။ အစီအရင်၏ အတွင်းမှနေ၍ ပြုပြင်ခြင်းနှင့် အပြင်ဘက်မှနေ၍ တိုက်ရိုက် ပြုပြင်ခြင်းတို့မှာ ကွဲပြားခြားနားသော ကိစ္စနှစ်ခု ဖြစ်ကြောင်း သိထားသင့်ပေသည်။ အစီအရင်အတွင်းမှ ပြုပြင်ခြင်းမှာ အဆောင်လက်ဖွဲ့ အစီအရင်၏ အလယ်ဗဟိုချက်ထဲသို့ မြင့်မြတ်သော အာရုံခံနိုင်စွမ်း အများအပြားကို တိုက်ရိုက်ထည့်သွင်းရန် လိုအပ်သောကြောင့် အဆပေါင်းများစွာ ပိုမို ခက်ခဲလေသည်။

ဤလုပ်ရပ်မှာ အလွန် အန္တရာယ်များလှပြီး အနည်းငယ်မျှ ပေါ့ဆသွားပါက ဝိညာဉ်ကို ထိခိုက်ပျက်စီးသွားစေနိုင်သည်။ သို့သော် ဤကိစ္စသည် အခြားသူများအတွက် အလွန်ခက်ခဲလှသည် ဆိုသော်လည်း ရှရွှယ်အန်း အတွက်မူ အားစိုက်ထုတ်မှု အနည်းငယ် ပိုလုပ်လိုက်ရုံမျှသာ ဖြစ်လေသည်။

ထို့ကြောင့် နာရီအနည်းငယ် အတွင်းမှာပင် ရွှယ်အန်း သည် မန္တန်ကွက်များကို ၎င်းတို့၏ မူလအခြေအနေအတိုင်း လုံးဝ ပြန်လည် ပြုပြင်နိုင်ခဲ့သည်။ကျရှုံးမှုကို မြင်တွေ့ရန် ပြင်ဆင်ထားခဲ့သော ယိုချန်မှာ ဤအမြန်နှုန်းကြောင့် လုံးဝ ဆွံ့အမင်သက်သွားခဲ့ရသည်။ မန္တန်ကွက်များကို ဝင်ရောက်နှောင့်ယှက်ရန် လုလင်းဖန်အား သူမ အမိန့်ပေးခဲ့စဉ်က ၎င်းတို့အတွက် အချိန် သုံးနှစ်တိတိ ကြာမြင့်ခဲ့ကြောင်း သိထားရမည် ဖြစ်သည်။

သို့ပါလျက်နှင့် ဤအဖြူရောင်ဝတ် လူငယ်လေး၏ လက်ထဲတွင် နာရီအနည်းငယ်သာ ကြာမြင့်ခဲ့သည် ဟုတ်လား။ ကွာဟချက်မှာ အလွန် ကြီးမားလွန်းလှပေသည်။ သို့သော် နောက်ဆက်တွဲ ဖြစ်ပေါ်လာသောအရာက ယိုချန်၏ ပါးစပ်ကို လုံးဝ ပိတ်သွားစေခဲ့လေသည်။ လူအားလုံးကို ပြန်လည် အသက်မသွင်းမီ မီးဖိုကြီး အပြင်ဘက်သို့ ထွက်လာမည့်အချိန်ကို စောင့်ဆိုင်းနေမည့်အစား ရွှယ်အန်းသည် တာအိုအမွေအနှစ် ဆင့်ကဲပြောင်းလဲခြင်း မီးဖိုကြီး အတွင်းရှိ မူလစွမ်းအင်ကို တိုက်ရိုက် ထိန်းချုပ်လိုက်ပြီး ၎င်းအတွင်း၌ ယခင်က သေဆုံးသွားခဲ့သူများအားလုံးကို အတင်းအကျပ် ပြန်လည် အသက်သွင်းပေးခဲ့လေသည်။

ဤအထဲတွင် ရွှေရောင်ဆေးမီးဖိုရိပ်မြုံကို ဆန့်ကျင်ရန် ကြံစည်ခဲ့ကြသော ကောင်းကင်သိုင်းဂိုဏ်းနှင့် သဲဝါဆောင် မှ အဖွဲ့ဝင်များပင် ပါဝင်နေသည်။ ဤမြင်ကွင်းကို မြင်သောအခါ လိုဏ်ဂူနတ်ဘုရားဘုံမှ လူတိုင်းအပြင် ဖန်ရှင်းအန်း ကိုယ်တိုင်လည်း စကားဆွံ့အသွားခဲ့ကြရပြီး သူတို့သည် ရိုသေလေးမြတ်စွာဖြင့် ခေါင်းများကို နက်ရှိုင်းစွာ ညွှတ်ချရုံမှလွဲ၍ အခြား မတတ်နိုင်ခဲ့ကြပေ။

ရွှယ်အန်းသည် လူတိုင်းကို ပြန်လည် အသက်သွင်းပေးခဲ့သော်လည်း ထောင်ချောက်ထဲမှ လွတ်မြောက်ရန်မှာ အခက်အခဲများစွာ ရှိနေဦးမည်ဟု တွေးကာ ယိုချန်၏ စိတ်ထဲတွင် မျှော်လင့်ချက် အနည်းငယ် ကျန်ရှိနေသေးသည်။ အထူးသဖြင့် အပြင်သို့ ထွက်ခွာရာလမ်းကြောင်းရှိ မန္တန်ကွက်များကို သူမကိုယ်တိုင် လုံးဝ ဖျက်ဆီးပစ်ခဲ့သောကြောင့်ပင်။

သို့သော် သူမသည် ရွှယ်အန်း ကို အထင်သေးနေဆဲပင် ဖြစ်သည်။ သူက ပုံမှန် လမ်းကြောင်းများမှတစ်ဆင့် လွတ်မြောက်ရန် လုံးဝ ရည်ရွယ်မထားပေ။ သူ၏ နည်းလမ်းမှာ ရိုးရှင်းလှပေသည်။ လက်သီးတစ်ချက်တည်းဖြင့် နှစ်ထောင်ချီ၍ လက်ဆင့်ကမ်း အမွေပေးလာခဲ့သော တာအိုအမွေအနှစ် ဆင့်ကဲပြောင်းလဲခြင်း မီးဖိုကြီးကို အပိုင်းပိုင်းအစစ ကွဲကြေသွားစေခဲ့လေသည်။

ထို့နောက် လူတိုင်း၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် ရှရွှယ်အန်း သည် သူ၏ လက်သီးကို ဖြည်းညင်းစွာ ပြန်ရုပ်သိမ်းလိုက်ပြီး ဂရုမစိုက်သည့်ဟန်ဖြင့် ပြောသည်။

"ရိုးရှင်းတဲ့ လက်သီးတစ်ချက်တည်းနဲ့ ဖြေရှင်းလို့ရတဲ့ ကိစ္စတွေအတွက် ငါက ခေါင်းစားခံပြီး စဉ်းစားမနေတက်ဘူး"

ထိုအခါမှသာ ရွှယ်အန်းသည် လူတိုင်းကို ဦးဆောင်ကာ အတွင်းမှ ထွက်လာခဲ့ခြင်း ဖြစ်လေသည်။ ဤသည်မှာ ပြီးခဲ့သော ဖြစ်ရပ်ပင် ဖြစ်လေသည်။ ဖန်ရှင်းအန်း ပြန်လည် ပြောပြနေသမျှ အရာအားလုံးကို နားထောင်ရင်း နျန်ရွှယ်ရှင်း၏ မျက်လုံးများမှာ တဖြည်းဖြည်း ပြူးကျယ်လာခဲ့ပြီးနောက် သူမသည် အဝေးရှိ ရွှယ်အန်းကို တိတ်တဆိတ် လှမ်းကြည့်လိုက်ရာ သူမ၏ နှလုံးသားထဲတွင် အံ့သြထိတ်လန့်မှုများနှင့် ကြောက်ရွံ့ရိုသေမှုများဖြင့် ပြည့်နှက်သွားသည်။

ဒီအဖြူရောင်ဝတ် လူငယ်လေးက တကယ်ပဲ ဒီလောက်တောင် ကြောက်မက်ဖွယ် ကောင်းနေတာလား...

ထျန်းယွမ်ချင်၏ မျက်နှာပေါ်ရှိ အမူအရာမှာ ပို၍ပင် လေးနက်တည်ကြည်သွားရသည်။ သဘာဝကျကျပင် သူသည် ဖန်ရှင်းအန်း ၏ စကားများကို သံသယဝင်မည် မဟုတ်ပေ။ အမှန်တွင် ၎င်းကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရသူမှာ ဖန်ရှင်းအန်း တစ်ယောက်တည်း မဟုတ်ချေ။

အဓိက လိုဏ်ဂူနတ်ဘုရားဘုံ အားလုံးကလည်း ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရခြင်း ဖြစ်သည်။ ယခုအချိန်အထိပင် ကောင်းကင်သိုင်းဂိုဏ်းနှင့် သဲဝါဆောင် မှ လူများသည် ရှက်ရွံ့လွန်းသဖြင့် ခေါင်းမော့ကာ ရှရွှယ်အန်း ၏ အကြည့်များကို ရင်မဆိုင်ရဲကြသေးပေ။

ဤအရာအားလုံးက ထျန်းယွမ်ချင်၏ စိတ်ထဲတွင် ရွှယ်အန်းအပေါ် အကဲဖြတ်မှုကို ပို၍ပင် မြင့်မားသွားစေလေသည်။

နတ်ဆိုးတစ္ဆေ၏ သစ္စာဖောက် ယုတ်မာမှုများကို အလွယ်တကူ တားဆီးနိုင်ပြီး ဤမျှ ဖိနှိပ်လွှမ်းမိုးနိုင်သော ခွန်အားကို ပိုင်ဆိုင်ထားသူတစ်ဦးမှာ သာမန်လူ တစ်ယောက်တော့ လုံးဝ မဖြစ်နိုင်ပေ။ လူတိုင်း လေးစားအားကျမှုထဲသို့ နစ်မြုပ်နေစဉ် ရုတ်တရက် ထူထဲသော အမည်းရောင် မြူခိုးများသည် ကောင်းကင်ယံ တစ်ခွင်သို့ ပျံ့နှံ့သွားပြီး ၎င်းအတွင်း၌ အမည်းရောင် အလင်းစက်လေးများ မှိတ်တုတ်မှိတ်တုတ် ဖြစ်ပေါ်လာသည်။

ရွှယ်အန်း၏ ရှေ့တွင် မှေးမှိန်သော အမည်းရောင် မြူခိုးတစ်ခု ရုတ်တရက် ပေါ်လာပြီး ၎င်းအတွင်းမှ ယိုချန်၏ ဖားယားမြှောက်ပင့်သော အသံ ထွက်ပေါ်လာလေသည်။

"သခင်ကြီး... အဲဒါက သခင်ကြီး လက်သီးတစ်ချက်တည်းနဲ့ အပိုင်းပိုင်း ဖျက်ဆီးပစ်ခဲ့တဲ့ ရွှမ်ဟစ်ကြွေး နတ်ဆိုးတစ္ဆေပါ၊ သူမက ပြန်လည် ပေါင်းစည်းဖို့ ကြိုးစားနေတာပါ"

ထိုစကားကို ကြားသောအခါ လူတိုင်း၏ နှလုံးသားများ တင်းကျပ်သွားတော့သည်။

--

All Chapters