အခန်း ၁၃၂၉
Vol. 89 Ch. 1329
အခန်း (၁၃၂၉) အမြစ်ပြတ် သုတ်သင်ရှင်းလင်းခြင်း
နတ်ဆိုးတစ္ဆေများ၏ မွေးရာပါ ဝိသေသလက္ခဏာများကြောင့် ၎င်းတို့ကို အမြစ်ပြတ် သုတ်သင်ရှင်းလင်းရန်မှာ အလွန် ခက်ခဲလှပေသည်။ နတ်ဆိုးတစ္ဆေ ပိုမို အစွမ်းထက်လေလေ၊ ဤအချက်က ပို၍ မှန်ကန်လေလေပင် ဖြစ်သည်။
ယခု အခြေအနေကိုကြည့်ရသလောက် ခုနလေးတင် အပိုင်းပိုင်းအစစ ဖျက်ဆီးခံလိုက်ရသော ရွှမ်ဟစ်ကြွေးသည် သာမန် အစွမ်းထက် သတ္တဝါတစ်ကောင် လုံးဝ မဟုတ်ကြောင်း ရှင်းလင်းနေပေသည်။
ရွှယ်အန်းသည် ဤအရာများကို သိပ်ပြီး ဂရုမစိုက်ပေ။ ထိုအစား သူသည် မျက်ခုံးကို အနည်းငယ်ပင့်လိုက်ပြီး စိတ်ဝင်တစားဖြင့် မေးသည်။
"မင်းက ဘာဖြစ်လို့ ဒီအကြောင်းတွေ အားလုံးကို ငါ့ကို ပြောပြနေရတာလဲ"
အမည်းရောင် မြူခိုးများသည် အတက်အကျ ဖြစ်သွားပြီးနောက် ယိုချန် က အလွန် ဖားယားမြှောက်ပင့်သော လေသံဖြင့် ပြောသည်။
"ဘာလို့လဲဆိုတော့ သခင်ကြီးရဲ့ ခွန်အားက တကယ်ကို အံ့မခန်း ဖြစ်နေလို့ပါပဲ၊ ပြီးတော့ အသက်ရှင်သန်နိုင်ဖို့အတွက် သခင်ကြီးက ဒီကောင်တွေကို ရှင်းလင်းတဲ့နေရာမှာ ကျွန်မ ကူညီပေးချင်လို့ပါ၊ ဘာပဲဖြစ်ဖြစ် အစွမ်းထက်တဲ့သူတွေက အရာအားလုံးနဲ့ ထိုက်တန်တယ်လေ"
ဤစကားကြောင့် လူများစွာမှာ ကြက်သီးထသွားကြလေသည်။
လူများစွာသည် အစွမ်းထက်သူများကို ကွယ်ရာတွင် မြှောက်ပင့်ဖားယား တတ်ကြသော်လည်း ယိုချန်ကဲ့သို့ အရှက်မဲ့သောသူကား တစ်ယောက်မျှ မရှိပေ။ အသက်ရှင်သန်ရန်အတွက်ပင်ဖြစ်လင့်ကစား သူမသည် အပေါင်းအပါများကို သစ္စာဖောက်ရခြင်းအပေါ် အမှန်တကယ် ဂုဏ်ယူနေသေးသည်။
လူများစွာ၏ မျက်လုံးများထဲတွင် ရွံရှာစက်ဆုပ်သော အရိပ်အယောင်များ ပေါ်ထွက်လာသည်။ သို့သော် ရွှယ်အန်းမှာမူ အလွန် ကျေနပ်သွားပုံရပြီး အားရပါးရ ရယ်ချသည်။
"ကောင်းကောင်း ပြောလိုက်တာပဲ"
ယိုချန်သည် ဝမ်းသာလုံးဆို့သွားသည်။
"ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်ကြီး"
လူတိုင်း၏ နှလုံးသားများစွာသည် တင်းကျပ်သွားရသည်။ အထူးသဖြင့် တာအိုပြိုင်ပွဲသို့ ဝင်ရောက်ခဲ့ပြီး ကံကောင်းထောက်မစွာ အသက်ရှင်ကျန်ရစ်ခဲ့သူများ အားလုံးသည် တစ်ယောက်ကိုတစ်ယောက် အကဲခတ်ကြည့်ရှုလိုက်ကြရာ သူတို့တစ်ယောက်စီ၏ မျက်လုံးများထဲရှိ စိုးရိမ်ပူပန်မှုများကို အထင်းသား မြင်တွေ့လိုက်ကြရသည်။
ဒီသခင်ရွှယ် ဒီနတ်ဆိုးတစ္ဆေဆီက စကားကောင်း အနည်းငယ် ကြားလိုက်ရုံနဲ့ သူမကို တကယ်ကြီး လွှတ်ပေးလိုက်တော့မလို့လား...
ထိုအချိန်တွင် ရွှယ်အန်းသည် လက်နောက်ပစ်လျက် မတ်တတ်ရပ်နေပြီး ကောင်းကင်ယံတွင် ပြန်လည် စုရုံးလာသော အမည်းရောင် တိမ်တိုက်များကို မော့ကြည့်ကာ ပေါ့ပါးစွာ ပြောလိုက်လေသည်။
"ဒီ ညစ်ပတ်နေတဲ့ အမည်းရောင် မြူခိုးတွေက ကြည့်နေရုံနဲ့တင် စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းလိုက်တာ"
ထိုသို့ပြောပြီးနောက် ရွှယ်အန်း သည် ရုတ်တရက် ခြေဆောင့်နင်းလိုက်လေသည်။ ကြီးမားပြင်းထန်သော တုန်ခါမှုကြီးတစ်ခုနှင့်အတူ သူ၏ ပတ်ဝန်းကျင်တွင် မရေမတွက်နိုင်သော ဓားအလင်းတန်းများ ရုတ်တရက် ပေါ်ထွက်လာပြီးနောက် ၎င်းတို့၏ ဓားထိပ်ဖျားများသည် ကောင်းကင်ယံသို့ ထောင့်ဖြတ် ချိန်ရွယ်ကာ မြင့်တက်လာသည်။
ဤမြင်ကွင်းက လူတိုင်းကို တုန်လှုပ်သွားစေသည်။ အထူးသဖြင့် မင်ရှင်းနန်းတော် မှ လူများသည် ပြင်းထန်စွာ တုန်လှုပ်သွားကြပြီးနောက် တစ်ပြိုင်နက်တည်း အံသြသံ ပြုလိုက်ကြသည်။
"ဒီ ဓားဆန္ဒက..."
ထျန်းယွမ်ချင် ၏ မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားပြီး သူ၏ ကိုယ်ပိုင် မျက်လုံးများကိုပင် မယုံနိုင်အောင် ဖြစ်နေလေသည်။ နျန်ရွှယ်ရှင်းသည် ပါးစပ်အဟောင်းသားဖြင့် ရွှယ်အန်းကို မင်သက်စွာ စိုက်ကြည့်နေသည်။ အဘယ်ကြောင့်ဆိုသော် ဓားကျင့်ကြံသူများ အချင်းချင်း ဖြစ်ကြသည့်အလျောက် ဤဓားအလင်းတန်းများအတွင်း၌ ပါဝင်နေသော ဖိနှိပ်လွှမ်းမိုးနိုင်စွမ်းရှိသည့် ဓားဆန္ဒကို သူတို့ ပို၍ပင် ရှင်းလင်းစွာ ခံစားသိရှိနိုင်သောကြောင့် ဖြစ်သည်။
ဤဓားဆန္ဒ၏ ခွန်အားသည် လူများစွာ၏ စိတ်ကူးယဉ်နိုင်စွမ်းထက်ပင် ကျော်လွန်နေသည်။ အနည်းဆုံးတော့ နျန်ရွှယ်ရှင်း သည် ဤဓားအလင်းတန်းများနှင့် နှိုင်းယှဉ်လိုက်ပါက သူမ၏ ကိုယ်ပိုင် ဓားရည်ရွယ်ချက်မှာ ကလေးငယ်တစ်ဦး၏ ကစားစရာအရုပ် တစ်ခုပမာ လုံးဝ ရယ်စရာကောင်းနေကြောင်းကို ရုတ်တရက် ခံစားလိုက်ရသည်။
အံ့မခန်း လက်သီးစွမ်းရည်တွေအပြင် ထိုမျှလောက် ဖိနှိပ်လွှမ်းမိုးနိုင်တဲ့ ဓား ဆန္ဒပါ ပိုင်ဆိုင်ထားသော ဤလူငယ်လေးမှာ ဘယ်သူများဖြစ်သနည်း။
ဤသည်မှာ မင်ရှင်းနန်းတော်မှ လူတိုင်း၏ စိတ်ထဲတွင် ကျန်ရစ်နေသော မေးခွန်းပင် ဖြစ်လေသည်။ တစ်ချိန်တည်းမှာပင် ရွှယ်အန်းက သူ၏လက်ကို မြှောက်လိုက်သည်နှင့်တပြိုင်နက် ဓားအလင်းတန်းများသည် အဆုံးအစမရှိသော ရေလွှမ်းမိုးမှုကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်ဘုံဆီသို့ တိုက်ရိုက် ပေါက်ကွဲထွက်ပေါ်သွားသည်။
ပထမဆုံး ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာပြီးနောက် ဓားအလင်းတန်းများသည် အမည်းရောင် တိမ်တိုက်များ အတွင်းမှနေ၍ ပေါက်ကွဲထွက်လာကာ မိုးကြိုးပမာ အရှိန်အဟုန်ဖြင့် တံမြက်စည်းလှည်းသကဲ့သို့ ဖယ်ရှားပစ်လိုက်သည်။
မျှော်လင့်ချက် ကင်းမဲ့နေသော ငိုကြွေးသံကြီးတစ်ခုသည် ကောင်းကင်ယံ တစ်ခွင်သို့ ပဲ့တင်ထပ်သွားသော်လည်း ၎င်းသည် လျင်မြန်စွာပင် တိတ်ဆိတ်မှုဆီသို့ ပြန်လည် ရောက်ရှိသွားပြီး ကောင်းကင်ရှိ အမည်းရောင် တိမ်တိုက်များသည် လုံးဝ ဖယ်ရှားရှင်းလင်းခံလိုက်ရကာ အရိပ်အယောင် တစ်စက်မျှပင် မကျန်ရစ်ခဲ့တော့ချေ။ သူတို့ လွမ်းဆွတ်တမ်းတနေခဲ့ရသော နေရောင်ခြည် အလင်းတန်းများသည် ဖြည်းညင်းစွာ ကျဆင်းလာပြီး တက်ရောက်လာသူ အားလုံး၏ မျက်နှာများပေါ်သို့ ကျရောက်လာကာ သူတို့၏ မျက်လုံးများထဲရှိ အံ့သြထိတ်လန့်မှုများကို အထင်းသား ဖော်ပြနေလေသည်။
ရွှယ်အန်းသည် အသေးအဖွဲ ကိစ္စတစ်ခုကိုသာ ပြုလုပ်ခဲ့သည့်အလား သူ၏ အကြည့်များကို ဖြည်းညင်းစွာ ပြန်လည် ရုပ်သိမ်းလိုက်ပြီး ဘောလုံးလေးတစ်လုံးပမာ ကျုံ့ဝင်နေသော ယိုချန်ကို ပေါ့ပါးစွာ ပြုံးပြလိုက်လေသည်။
"အခုတော့ မင်းရဲ့ လုပ်ဖော်ကိုင်ဖက်တွေ လုံးဝ အမြစ်ပြတ်သွားပြီလား"
ထိုအကြည့်များ ကျရောက်လာသည်နှင့် ယိုချန်သည် ကြောက်ရွံ့မှုကြောင့် ထိုနေရာတွင်ပင် ပေါက်ကွဲထွက်လုနီးပါး ဖြစ်သွားပြီး သမိုင်းတစ်လျှောက် ကြောက်လန့်၍ သေဆုံးရသည့် ပထမဆုံးသော နတ်ဆိုးတစ္ဆေ ဖြစ်လာနိုင်ခြေ ရှိနေသည်။ သူမသည် သူမ၏ ဝိညာဉ်ကို အနိုင်နိုင် ထိန်းကျောင်းလိုက်ပြီး တုန်ရီနေသော အသံဖြင့် ပြောလိုက်လေသည်။
"သခင်ကြီး... ရွှမ်ဟစ်ကြွေး ကတော့ သေချာပေါက် သေသွားပါပြီ၊ ဧကရီ ကိုယ်တိုင် ရောက်လာရင်တောင် သူမကို အသက်ပြန်ရှင်လာအောင် လုပ်ပေးနိုင်မှာ မဟုတ်တော့ပါဘူး"
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီလေ၊ ကြည့်ရတာ မင်းက လုံးဝ အသုံးမဝင်တာမျိုးတော့ မဟုတ်သေးဘူးပဲ"
"ဟုတ်ပါတယ်၊ ဟုတ်ပါတယ် သခင်ကြီး၊ ကျွန်မ အသက်ကိုသာ ချမ်းသာပေးမယ်ဆိုရင် ဒီနယ်ပယ်ကို ကျူးကျော်ဝင်ရောက်လာတဲ့ နတ်ဆိုးတစ္ဆေတွေ အားလုံးနဲ့ ပတ်သက်တဲ့ အသေးစိတ် သတင်းအချက်အလက်တွေကို ပေးစွမ်းနိုင်ပြီး သူတို့ရဲ့ အားနည်းချက်တွေကိုပါ ပြောပြပေးပါ့မယ်"
ယိုချန်သည် သူမ၏ ကိုယ်ပိုင် စည်းမျဉ်းကို သစ္စာဖောက်ရန် မည်သည့် တုံ့ဆိုင်းမှုမျှ မရှိခဲ့ချေ။ အို... နေပါဦး၊ ဒီနတ်ဆိုးတစ္ဆေတွေမှာ ဘာစည်းမျဉ်းတွေများ ရှိလို့လဲ...
ရွှယ်အန်းက ရယ်မောလိုက်ပြီး စကားပြောတော့မည့်ဆဲဆဲတွင် သူ၏ အကြည့်များသည် အရှေ့ဘက် မိုးကုတ်စက်ဝိုင်းဆီသို့ ရုတ်တရက် မြင့်တက်သွားပြီး အမူအရာမှာ ရေခဲတမျှ အေးစက်သွားသည်။
"နောက်ဆုံးတော့ ရောက်လာပြီပေါ့"
လူအုပ်ကြီးမှာ သူ၏ အဓိပ္ပာယ်ကို နားမလည်နိုင်သေးမီမှာပင် ပတ်ဝန်းကျင် ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်များသည် အရိုင်းဆန်စွာ စတင် တုန်ခါလာလေသည်။ ၎င်းမှာ တည်ငြိမ်အေးချမ်းနေသော ရေကန်တစ်ခုအတွင်းသို့ ဆင်တစ်ကောင် ရုတ်တရက် ပြုတ်ကျသွားသဖြင့် ရေပြင်ထက်တွင် ဧရာမ လှိုင်းလုံးကြီးများ ပေါက်ကွဲထွက်ပေါ်လာသကဲ့သို့ ဖြစ်နေသည်။
ထိုရင်းနှီးနေသော အရှိန်အဝါကို ခံစားလိုက်ရသောအခါ ယိုချန်သည် သူမ၏ ရင်တွင်း၌ ဝမ်းသာပျော်ရွှင်မှုများ လျှံတက်လာသည်ကို ခံစားလိုက်ရပြီးနောက် ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။
"ဧကရီပဲ၊ ဧကရီ နောက်ဆုံးတော့ ကြွလာပြီ"
ဘာ...
သူမ၏ အော်ဟစ်သံကို ကြားသောအခါ လူအားလုံး၏ မျက်နှာများသည် မယုံနိုင်လောက်အောင် လေးနက်တည်ကြည်သွားကြသည်။ နျန်ရွှယ်ရှင်းသည် အလွန် စိတ်မရှည်ဖြစ်နေသဖြင့် မေးလိုက်သည်။
"သူမ ဘယ်နေရာကို ဆင်းသက်လာတာလဲ..."
သူမ၏ ဂိုဏ်းတူအစ်ကို ထျန်းယွမ်ချင်နှင့် အခြားသူများကဲ့သို့ပင် နျန်ရွှယ်ရှင်းလည်း ဓားဆန္ဒ တုန်ခါသွားသည်ကို ခံစားလိုက်ရသောကြောင့် နောက်ဆုံး စကားလုံးများသည် အဆုံးမသတ်နိုင်ဘဲ ကျန်ရစ်ခဲ့လေသည်။ နျန်ရွှယ်ရှင်း ၏ မျက်လုံးများမှာ တဖြည်းဖြည်း ပြူးကျယ်လာပြီး လမ်းပျောက်ကာ အသက်မဲ့နေသော အသံဖြင့် တိုးတိုးလေး ရေရွတ်လိုက်လေသည်။
"ကျန်းပြည်နယ်ပဲ..."
"မှန်ပါတယ်၊ နှစ်ထောင်ပေါင်းများစွာ အတွင်း မင်ရှင်းနန်းတော်ရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ နတ်ဆိုးတစ္ဆေတွေနဲ့ ပတ်သက်ပြီး ဧကရီက သူမရဲ့ မကျေနပ်မှုကို တစ်ခါက အမိန့်ထုတ်ပြန်ခဲ့ဖူးတယ်၊ ဒါကြောင့်မို့ သူမက ဝင်ထွက်သွားလာခွင့်ကို ပိတ်ဆို့ဖို့ ကောင်းကင်ဖျက်ဆီးခြင်း သော့ခလောက်ကို တပ်ဆင်ခဲ့ပြီး အခု အဲဒီနေရာကို ဆင်းသက်လာကာ မင်ရှင်းနန်းတော်ကို အရင်ဆုံး ဖျက်ဆီးပစ်ဖို့ ပြင်ဆင်နေတာပဲ"
ယိုချန်က သူမ၏ လေသံထဲမှ သူတစ်ပါး ဒုက္ခရောက်သည်ကို ဝမ်းသာသည့် အရိပ်အယောင်များကို အတင်းအကျပ် ဖိနှိပ်ထားလျက် ပြောလိုက်လေသည်။
သို့သော် ယခုအချိန်တွင် မည်သူကမျှ သူမ၏ လေသံကို ဂရုမစိုက်နိုင်ကြတော့ပေ။
ဤအခြေအနေကို မြင်သောအခါ ထျန်းယွမ်ချင်သည် သက်ပြင်းကို နက်နက်ရှိုင်းရှိုင်း ချလိုက်ပြီးနောက် တက်ရောက်လာသူ အားလုံးကို ဦးညွှတ် ဂါရဝပြုလိုက်လေသည်။
"တာအိုမိတ်ဆွေတို့... ကျွန်တော်တို့ရဲ့ ဂိုဏ်းက အကျပ်အတည်း ရင်ဆိုင်နေရပြီမို့လို့ အရင် ခွင့်ပြုပါဦး"
သူ၏ စကားများသည် နျန်ရွှယ်ရှင်း၊ ဖန်ရှင်းအန်းနှင့် အခြားသူများကိုပါ သတိပြန်လည်လာစေခဲ့သည်။ မင်ရှင်းနန်းတော် မှ တပည့်များအားလုံးသည် ချက်ချင်းပင် အသင့်ပြင်လိုက်ကြသည်။ သို့သော် သူတို့သည် ဓားများပေါ်သို့ တက်ကာ ပျံသန်းထွက်ခွာရန် ပြင်ဆင်နေဆဲမှာပင် ရှေ့ဆုံးမှ ဓားဆန္ဒ တစ်ခု ရုတ်တရက် ပေါ်ထွက်လာပြီး သူတို့၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်လေသည်။ ထို့နောက် ရွှယ်အန်း က ဂရုမစိုက်သည့်လေသံဖြင့် ပြောသည်။
"မင်းတို့ လူနည်းနည်းလေးနဲ့ မင်းတို့ရဲ့ ဂိုဏ်းကို ပြန်သွားပြီး ကယ်တင်နိုင်မယ်လို့ ထင်နေတာလား"
သူ၏ လေသံမှာ ပေါ့ပါးသော်လည်း စကားလုံးများမှာမူ အတော်လေး ရိုင်းစိုင်းလှပေသည်။ ထျန်းယွမ်ချင်သည် သူ၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို မထိန်းချုပ်နိုင်ခဲ့ပေ။
"သခင်ရွှယ်... ဒီစကားက ဘာသဘောလဲ"
ရွှယ်အန်းက ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ပြီး သူ၏ အကြည့်များသည် တက်ရောက်လာသူ အားလုံးပေါ်သို့ ဖြတ်ပြေးသွားကာ တည်ငြိမ်စွာ ပြောလိုက်လေသည်။
"ဒီ ဧကရီ ဆင်းသက်လာတယ်ဆိုတဲ့ ကိစ္စက မင်းတို့ ဒါမှမဟုတ် မင်းတို့ရဲ့ မင်ရှင်းနန်းတော် တစ်ခုတည်းနဲ့ ဖြေရှင်းနိုင်မယ့် ကိစ္စမျိုး မဟုတ်ဘူး"
ထျန်းယွမ်ချင် စကားပြောတော့မည့်ဆဲဆဲတွင် ဒုတိယအဆင့် လိုဏ်ဂူနတ်ဘုရားဘုံရှိ ဝိညာဉ်ဖျက်ဆီးဆောင် ၏ ခေါင်းဆောင် မေချင် သည် ရှေ့သို့ ထွက်လာကာ လေးနက်စွာ ပြောလိုက်သည်။
"သခင်ရွှယ် ပြောတာ မှန်တယ်၊ ဒီတစ်ကြိမ် နတ်ဆိုးတစ္ဆေတွေက ကြောက်စရာကောင်းတယ်၊ ဘယ်ကျောင်းတော်၊ ဘယ်ဂိုဏ်း တစ်ခုတည်းကမှ ခုခံနိုင်မယ့် အရာမျိုး မဟုတ်ဘူး၊ မင်ရှင်းနန်းတော်က အဓိက လိုဏ်ဂူနတ်ဘုရားဘုံကြီး ခုနစ်ခုထဲမှာ ထိပ်ဆုံးကဖြစ်လို့ ဘာအမှားအယွင်းမှ အဖြစ်ခံလို့ မရဘူး၊ ဒါကြောင့်မို့ ဝိညာဉ်ဖျက်ဆီးဂိုဏ်း အဖွဲ့ဝင်တွေ အားလုံးက နင်တို့နဲ့ ပူးပေါင်းပြီး ဒီကပ်ဘေးကြီးကို အတူတကွ ရင်ဆိုင်ဖို့ မင်ရှင်းနန်းတော်ကို သွားမယ်လို့ ငါ ဆုံးဖြတ်လိုက်တယ်"
ဝိညာဉ်ဖျက်ဆီးဂိုဏ်းမှ အဖွဲ့ဝင်များသည် တစ်ပြိုင်နက်တည်း ဦးညွှတ်လိုက်ကြလေသည်။
"ဂိုဏ်းချုပ်ရဲ့ အမိန့်အတိုင်း လိုက်နာပါ့မယ်"
မေချင်း၏ ကြေညာချက်သည် ပုလင်းအဖုံးကို ဖွင့်လိုက်သကဲ့သို့ ဖြစ်သွားပြီး လူများသည် တစ်ယောက်ပြီးတစ်ယောက် ရှေ့သို့ ထွက်လာကြလေတော့သည်။
"တတိယအဆင့် လိုဏ်ဂူနတ်ဘုရားဘုံက အချစ်ခြံဝင်းကလည်း ကိုယ့်အပြစ်တွေအတွက် ရှက်ရွံ့မိပါတယ်၊ အထူးသဖြင့် ဒီလို အရေးကြီးတဲ့ အချိန်မျိုးမှာ ကျွန်မတို့က မဖြစ်မနေ အစွမ်းကုန် ကူညီပေးရမှာပါ၊ နတ်ဆိုးတစ္ဆေတွေကို အတူတကွ ပူးပေါင်းပြီး အမြစ်ပြတ် သုတ်သင်ပစ်ချင်ပါတယ်"
ရှမြောင်ရီ၏ မျက်လုံးများထဲတွင် ခံစားနိုင်လောက်သည်အထိ ပြင်းထန်သော မုန်းတီးမှုများ ပြည့်နှက်နေသည်။ အမှန်တကယ်တော့ သူမ အပြင်သို့ ရောက်လာချိန်တွင် ပထမဆုံး ပြုလုပ်ခဲ့သောအရာမှာ လုလင်းဖန်၏ ဝိညာဉ်ကို ဖျက်ဆီးပစ်ခြင်းပင် ဖြစ်လေသည်။ လုလင်းဖန် ၏ လုပ်ရပ်များကြောင့် လူတိုင်း သေလုနီးပါး ဖြစ်ခဲ့ရသည်။ အကယ်၍ ထိုသို့သာ ဖြစ်ခဲ့ပါက အချစ်ခြံဝင်း ဖျက်ဆီးခံရမည်သာမက သူတို့၏ နှစ်ထောင်ချီသော နာမည်ကောင်းသည်လည်း လုံးဝ ပျက်စီးသွားမည် ဖြစ်သည်။ ထို့ကြောင့် သူမ၏ပြတ်သညးမှုကို ပြသရန် ပို၍ပင် စိတ်အားထက်သန်နေခဲ့ခြင်းဖြစ်သည်။
"စတုတ္ထအဆင့် လိုဏ်ဂူနတ်ဘုရားဘုံက တန်ရှားကျောင်းတော်ကလည်း နတ်ဆိုးတစ္ဆေတွေကို တိုက်ခိုက်ဖို့ အားလုံးနဲ့ ပူးပေါင်းချင်ပါတယ်"
"ပဉ္စမအဆင့် လိုဏ်ဂူနတ်ဘုကားဘုံက ကောင်းကင်သိုင်းဂိုဏ်းကလည်း သွားဖို့ ဆန္ဒရှိပါတယ်"
"ဆဋ္ဌမအဆင့် လိုဏ်ဂူနတ်ဘုဂားဘုံက သဲဝါဆောင်ကလည်း သွားဖို့ ဆန္ဒရှိပါတယ်”
--