← Chapters

အခန်း ၁၃၃၅

Vol. 89 Ch. 1335

အခန်း ၁၃၃၅

Vol. 89 Ch. 1335

အခန်း (၁၃၃၅) ငါဘယ်သူလဲဆိုတာ မင်းသိပြီဆိုမှတော့ မင်းဘာသာမင်းပဲ အဆုံးသတ်လိုက်တော့

လူတိုင်းမှာ ဆွံ့အမင်သက်သွားကြပြီး သတ္တိနည်းသူများမှာ တစ်ကိုယ်လုံးပင် တုန်ရီနေကြလေသည်။ ဒါက... ဒါက တကယ်ကြီး ဖြစ်နေတာလား၊ ဒါမှမဟုတ် ငါ အိပ်မက်မက်နေတာလား...

အဓိက လိုဏ်ဂူနတ်ဘုရားဘုံကြီး ခုနစ်ခု ပေါင်းစည်းထားသော အင်အားဖြင့်ပင် အမြစ်ပြတ် မချေမှုန်းနိုင်ခဲ့ဘဲ ဤနယ်ပယ်သို့ အကြိမ်ကြိမ် ကျူးကျော်ဝင်ရောက်ခဲ့သော နတ်ဆိုးဧကရီသည် ဤအဖြူရောင်ဝတ် လူငယ်လေး၏ လုံးဝ ဖိနှိပ်ချုပ်ချယ်မှုကို ခံနေရသည်။ ကြည့်ရသည့် အခြေအနေအရ သူက ဧကရီကို အပိုင်းပိုင်းအစစ ဆွဲဖြဲတော့မည့်ပုံပင်ဖြစ်သဖြင့် ဤသည်မှာ လုံးဝ စိတ်ကူးနှင့်ပင် မှန်းဆ၍မရနိုင်သော အရာပင်ဖြစ်သည်။

လူတိုင်း အံ့သြမှင်သက်နေဆဲမှာပင် ရွှယ်အန်းသည် ဧကရီ၏ နံရိုးများအား အလွန် ကျွမ်းကျင်ပိုင်နိုင်စွာ ဆွဲဖြုတ်လိုက်သည်။ မြေပြင်ပေါ်တွင် ပုံကျလာသော ဧရာမ အရိုးပုံကြီးကို ကြည့်ပြီး အတွေ့အကြုံရင့်ကျက်သော ဓားကိုင်အကြီးအကဲနှင့် အခြားသူများပင်လျှင် တံတွေးကို အနိုင်နိုင် မြိုချလိုက်ကြရလေသည်။

"ညီ... ညီလေး နံပါတ်လေး၊ နတ်ဆိုး ဧကရီကို တကယ်ကြီး ဒီလိုမျိုး ရှင်းလင်းပစ်လို့ ရတာလား"

ဓားကိုင်အကြီးအကဲက တုန်ရီနေသော အသံဖြင့် မေးလေသည်။ ဓားထိန်းအကြီးအကဲက ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ခါးသီးစွာ ပြုံးလျက် ခေါင်းခါပြလိုက်လေသည်။

"ကျုပ်လည်း မသိဘူး၊ ဒါပေမဲ့ ဒီလောက် ကြမ်းတမ်းရက်စက်တဲ့ နည်းလမ်းမျိုးကို ကျုပ်မြင်ဖူးတာ ဒါပထမဆုံးပဲ"

သူ၏ စကားကို ကြားသောအခါ လူတိုင်းသည် ဧကရီ၏ ခြေထောက်များကို စိတ်အားထက်သန်စွာ ဆွဲဖြုတ်နေသော ကောင်းကင်ယံရှိ ရွှယ်အန်းကို မော့ကြည့်လိုက်ကြပြီး ဆွံ့အသွားကြသည်။

နည်းနည်းတော့ ကြမ်းတမ်းလွန်းတယ်လို့ ထင်ရပေမယ့်... တကယ်ကို ကျေနပ်စရာကောင်းတာပဲ...

နတ်ဆိုးတစ္ဆေ မျိုးနွယ်စုသည် လူသားမျိုးနွယ်ကို အစားအစာအဖြစ် အမြဲတမ်း သတ်မှတ်ထားခဲ့ပြီး နှစ်ထောင်ပေါင်းများစွာ တိုင်အောင် ဤနယ်ပယ်သို့ အကြိမ်ကြိမ် ကျူးကျော်ဝင်ရောက်ကာ မရေမတွက်နိုင်သော သက်ရှိများကို သတ်ဖြတ်ခဲ့ကြောင်း သိထားကြပေသည်။

အတိတ်ကာလများက လူသားမျိုးနွယ်အပေါ် ရက်စက်ကြမ်းကြုတ်သော နည်းလမ်းပေါင်းစုံကို အသုံးပြုခဲ့သူမှာ ဤဧကရီပင် ဖြစ်သည်။

ယခု သူမ၏ အလှည့်သို့ ရောက်လာသောအခါ လူတိုင်း၏ ရင်ထဲတွင် ကြီးမားသော ကျေနပ်အားရမှုများကို သဘာဝကျကျပင် ခံစားလိုက်ကြရသည်။

ထိုအချိန်မှာပင် ကျယ်လောင်သော အက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာပြီးနောက် ပြင်းထန်သော တုန်ခါမှုများ ဆက်တိုက် ဖြစ်ပေါ်လာသည်။

လူအုပ်ကြီး ထပ်မံ မော့ကြည့်လိုက်သောအခါ အစွမ်းထက်လှပါသည်ဆိုသော ဧကရီ၏ ခြေထောက်များသည် ဒူးဆစ်များမှနေ၍ ကျိုးပဲ့ထွက်သွားပြီဖြစ်ကာ ကျိုးကြေသွားသော ခြေသလုံးများသည် မြေပြင်ပေါ်သို့ ပြုတ်ကျလာသည်ကို မြင်တွေ့လိုက်ကြရလေသည်။

သူမသည်လည်း ပြင်းထန်လွန်းလှသော နာကျင်မှုကြောင့် အရိုင်းဆန်စွာ လူးလှိမ့်ရုန်းကန်နေသည်။ မည်သည့်အသံမျှ မထွက်ပေါ်လာသော်လည်း သူမ၏ နာကျင်စွာ စူးစူးဝါးဝါး အော်ဟစ်သံများကို လူတိုင်းက စိတ်ကူးဖြင့်ပင် ကြားသိနိုင်သကဲ့သို့ ရှိနေသည်။ လူများစွာသည် မျက်နှာများ ဖြူလျော့သွားကြပြီးမနေနိုင်ဘဲ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိကြလေသည်။ ဤအချိန်၌ ရွှယ်အန်းက သူ၏လက်များကို ခါလိုက်ပြီး ဂရုမစိုက်သည့်ဟန်ဖြင့် မေးလိုက်လေသည်။

"ဘယ်လို ခံစားရလဲ"

သူ၏ စကားကို ကြားသောအခါ မောက်မာမှုနှင့် ရက်စက်ကြမ်းကြုတ်မှုများဖြင့် အမြဲတမ်း နာမည်ကျော်ကြားခဲ့သော နတ်ဆိုးဧကရီသည် သူမ၏ ခေါင်းကို မော့လာပြီး သူမမျက်လုံးများထဲတွင် အံ့သြထိတ်လန့်မှုများနှင့် အကြောက်တရားများ ပြည့်နှက်နေသည်။

"ဟမ် ဖြေလေ"

ရွှယ်အန်းက မျက်ခုံးတစ်ဖက်ကို ပင့်လိုက်လေသည်။ ဧကရီသည် တစ်ကိုယ်လုံး တုန်ရီသွားပြီးနောက် အလျင်အမြန်ပင် ဖားယားမြှောက်ပင့်သော အပြုံးတစ်ခုကို သူမ၏ ပါးစပ်တွင်ပေါ်လာသည်။

ဤမြင်ကွင်းကို မြင်သောအခါ လူတိုင်း၏ ပါးစပ်များမှာ အနည်းငယ် ဟသွားကြလေသည်။ အဘယ်ကြောင့်ဆိုသော် ယခင်နှင့်ကွာဟချက်မှာ အလွန် ကြီးမားလွန်းလှသောကြောင့်ဖြစ်ကာ ဧကရီသည် တစ်ချိန်က ဤနယ်ပယ်ရှိ လူတိုင်း၏ အိပ်မက်ဆိုးကြီး ဖြစ်ခဲ့သည်။

သို့သော် ယခုမူကား သူမသည် ဤအဖြူရောင်ဝတ် လူငယ်လေး၏ရှေ့တွင် ပြပ်ဝပ်ခယနေရပြီ ဖြစ်သည်။ ဤကွာဟချက်က လူများစွာကို လုံးဝ ယုံကြည်နိုင်စရာ မရှိလောက်အောင် ယုတ္တိကင်းမဲ့လွန်းသည်ဟု ခံစားရစေလေသည်။ ထိုအချိန်မှာပင် ဓားထိန်းအကြီးအကဲက ရုတ်တရက် အော်ဟစ်လာသည်။

"သ...သခင်ကြီး... ဒီနတ်ဆိုးတစ္ဆေတွေရဲ့ လှည့်ကွက်တွေထဲ မကျရောက်ပါစေနဲ့၊ အထူးသဖြင့် ဒီနေရာကို နှစ်တစ်ထောင်တိုင်တိုင် နှိပ်စက်ခဲ့ပြီး သူမရဲ့ လက်ချက်နဲ့ သက်ရှိပေါင်းများစွာ သေဆုံးခဲ့ရတဲ့ ဒီဧကရီကို လုံးဝအလွတ်မပေးပါနဲ့ဗျာ"

သူ၏ စကားများက လူများစွာကို သတိဝင်သွားစေသည်။

"ဟုတ်တယ်၊ ဒီနတ်ဆိုးတစ္ဆေတွေက လူသားမျိုးနွယ်တွေ မဟုတ်ဘူး၊ သူတို့က ဝိညာဉ်ရှိနေတဲ့ တိရစ္ဆာန်တွေလိုပဲ"

လူများက စတင်အော်ဟစ်လာကြပြီး သူတို့၏ မျက်လုံးများထဲတွင် နက်ရှိုင်းသော မုန်းတီးမှုများ တောက်ပနေသည်။

ဤအခြေအနေကို မြင်သောအခါ ဧကရီသည် ပြာယာခတ်သွားသည်။ ယခုအခါ သူမသည် ဘယ်ဆီကနေ ရောက်လာမှန်းမသိသော ဤရွှယ်အန်းကို။ကြောက်ရွံ့နေခဲ့ပြီ ဖြစ်သည်။ ထိုအချိန်၌ ရှရွှယ်အန်းသည် ဖြည်းညင်းစွာ ငုံ့လိုက်ပြီး သူမ၏ နားထဲသို့ တိုးတိုးလေး ပြောလေသည်။

"တွေ့လား၊ လူတွေက မင်းကို သိပ်သဘောကျပုံ မပေါ်ဘူးနော်"

ဧကရီ၏ ခန္ဓာကိုယ်သည် တုန်ရီသွားပြီး သူမ၏ ပေါက်ပြဲနေသော ပါးစပ်က လှုပ်ရှားသွားသည်။ သို့သော် ထိုအချိန်လေးမှာပင် ရွှယ်အန်းသည် သူမ၏ ခြေထောက်တစ်ဖက်ကို မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ တက်နင်းလိုက်ပြီး အခြား ခြေထောက်တစ်ဖက်ကို ဆွဲကိုင်ကာ အေးစက်စွာ ပြောလိုက်လေသည်။

"မင်းတို့အားလုံး အရမ်း သဘောကျတဲ့ စကားစုတစ်ခု ရှိတယ်၊ အခု အဲဒါကို မင်းဆီ ငါ လက်ဆောင်ပေးမယ်"

"ငရဲဘုံကနေ ကြိုဆိုပါတယ်"

သူ၏ စကားလုံးများဆုံးသွားသည်နှင့် ရွှယ်အန်း၏ လက်မောင်းများ တုန်ခါသွားပြီး ရုတ်တရက် ခပ်ဟဟ အော်ဟစ်လိုက်သည်။

"ငါ့အတွက် ကွဲထွက်သွားစမ်း... ကွဲထွက်စမ်း"

အဆက်မပြတ် ထွက်ပေါ်လာသော ပေါက်ကွဲသံများနှင့်အတူ ဧကရီသည် အလွန် ပြင်းထန်သော နာကျင်မှုကြောင့် ရုန်းကန်နေရပြီး သူမ၏ မျက်လုံးများထဲတွင် မုန်းတီးမှုများ ပြည့်နှက်နေလေသည်။ သို့သော် ဤအရာအားလုံးက သူမ၏ ကံကြမ္မာကို ပြောင်းလဲပေးနိုင်စွမ်း မရှိခဲ့ချေ။

ထို့နောက် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာကာ နတ်ဆိုးဧကရီ၏ ဒုတိယ အသွင်ပြောင်းခြင်း ခန္ဓာကိုယ်ကြီးသည် ရှရွှယ်အန်း၏ အရှင်လတ်လတ် ဆွဲဖြဲခြင်းကို ခံလိုက်ရပြီး နှစ်ခြမ်းကွဲသွားလေတော့သည်။ သို့သော် မည်သည့် သွေးတစ်စက်မျှ မထွက်လာခဲ့ပေ။

အရာအားလုံးမှာ မိုးရွာကျသကဲ့သို့ ပြန့်ကျဲသွားသော အရိုးအပိုင်းအစများနှင့် ဖုန်မှုန့်များသာ ဖြစ်လေသည်။ မည်သူတစ်ဦးတစ်ယောက်ကမျှ စကားမဟရဲကြပေ။ အဘယ်ကြောင့်ဆိုသော် သူတို့အားလုံးသည် ရွှယ်အန်း၏ ဤတိုက်ခိုက်မှု စွမ်းအားကြောင့် ဆွံ့အ မင်သက်နေခဲ့ကြသောကြောင့် ဖြစ်သည်။

ထို့နောက် ရွှယ်အန်းသည် ဆွဲဖြဲခံထားရသော နတ်ဆိုးအရိုးများကို ပေါ့ပေါ့ပါးပါးပင် လွှင့်ပစ်လိုက်ပြီး ထွက်မသွားသေးပဲ လက်မှ ဖုန်များကို ခါလိုက်ပြီး ဂရုမစိုက်သည့်ဟန်ဖြင့် ပြောလိုက်သည်။

"မင်းမှာ ဒီလောက် လှည့်ကွက်လေးပဲ ရှိတာလား၊ တကယ်ကို စိတ်ပျက်စရာပဲ"

သူ၏ စကားကို တုံ့ပြန်လိုက်သည့်အလား နတ်ဆိုးအရိုးများ မြေကြီးပေါ်သို့ ကျရောက်သွားသည့် အချိန်လေးမှာပင် ကျန်းပြည်နယ် တစ်ခုလုံးကို ပြိုလဲသွားစေနိုင်လောက်အောင် အစွမ်းထက်သော ဖိနှိပ်လွှမ်းမိုးနိုင်သည့် အရှိန်အဝါတစ်ခုသည် မည်သည့်နေရာကမှန်းမသိ ရုတ်တရက် ထွက်ပေါ်လာလေသည်။

ထို့နောက် ကောင်းကင်ယံတွင် အလွန် မှောင်မိုက်သော အမှောင်ထုကြီးတစ်ခု ပေါ်လာပြီး ထိုအမှောင်ထုအတွင်း၌ သေးငယ်ကာ အထီးကျန်ဆန်သော ပုံရိပ်လေးတစ်ခု ဖြည်းညင်းစွာ ထွက်ပေါ်လာလေသည်။

"တ... တတိယ အသွင်ပြောင်းခြင်းပဲ၊ ဒါ ဧကရီရဲ့ တတိယ အသွင်ပြောင်းခြင်းကွ"

ဓားထိန်းအကြီးအကဲသည် တစ်စုံတစ်ရာကို နားလည်သွားပုံရကာ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ သူ၏ဘေးတွင် ဓားကိုင်အကြီးအကဲသည် ကြောက်ရွံ့မှုကြောင့် မဟုတ်ဘဲ ထိုအရှိန်အဝါကြောင့် တုန်ရီနေသည်။

"အင်မော်တယ်ဘုရင်တစ်ပါးရဲ့... စွမ်းအားပဲ"

သူ့ မျက်လုံးများထဲတွင် အံ့အားသင့်မှုများ ပြည့်နှက်နေလျက် တိုးတိုးလေး ရေရွတ်လိုက်လေသည်။ အဘယ်ကြောင့်ဆိုသော် အင်မော်တယ်ဘုရင် တစ်ပါး၏ စွမ်းအားကသာ ကောင်းကင်နှင့် မြေကြီးကို ပြိုကျပျက်စီးမည့် လက္ခဏာများ ပြသလာစေနိုင်သောကြောင့် ဖြစ်သည်။

သူ၏ စကားကို ကြားလိုက်ရပုံရသော ကောင်းကင်ယံအထက်မှ ရွှယ်အန်းသည် ထိုအရှိန်အဝါ၏ လွှမ်းမိုးမှုကို မခံရဘဲ အနည်းငယ် ပြုံးမိသွားသည်။

"မင်း မှားနေပြီ၊ ဒါက တကယ့် အင်မော်တယ်ဘုရင်တစ်ပါးရဲ့ လက်ချောင်းထိပ်ဖျားလေးနဲ့တောင် ယှဉ်လို့မရဘူး၊ ရတနာ လျှို့ဝှက်သိုင်းပညာ တစ်ခုကို သုံးပြီး ဖန်တီးထားတဲ့ အင်မော်နယ်ဘုရင် အတုအယောင်လေးတစ်ခု သက်သက်ပဲ၊ ငါပြောတာ မှန်တယ်မလား"

ရွှယ်အန်း၏ စကားအပြီးတွင် အမှောင်ထုထဲမှ ထွက်ပေါ်လာသော အမျိုးသမီးက အေးစက်စွာ ရယ်မောလာသည်။

"စကားကို ကောင်းကောင်း ပြောလိုက်တာပဲ၊ ဒါပေမဲ့ နင် မေ့နေတာ တစ်ခုက အင်မော်တယ်ဘုရင် အတုအယောင်ဆိုတာလည်း အင်မော်တယ် ဘုရင်ပဲလေ၊ အဲ့တော့... ခုနက နင်လုပ်ခဲ့တဲ့ အရာတွေအတွက် အဆတစ်ထောင် ပြန်ပေးဆပ်ရမယ်"

ဤအမျိုးသမီး၏ လက်ရှိ အသွင်အပြင်မှာ နတ်ဆိုးတစ္ဆေ တစ်ကောင် ပုံစံလည်း မဟုတ်သလို လူသားတစ်ယောက်၏ ပုံစံလည်းမဟုတ်ဘဲ ထိတွေ့၍မရနိုင်သော ဝိညာဉ်ရေးရာ အခြေအနေ တစ်မျိုး ဖြစ်နေသည်။ သို့တိုင်အောင် သူမ၏ မျက်လုံးများထဲရှိ မုန်းတီးမှုနှင့် ရက်စက်ကြမ်းကြုတ်မှုများကို ခံစားသိရှိနိုင်သေးပေသည်။

ယခုလေးတင် သူမ၏ နတ်ဆိုးခန္ဓာကိုယ်ကို ရွှယ်အန်း ကိုင်တွယ်ဖြေရှင်းခဲ့ပုံက သူမကို အဆုံးအစမရှိသော ဒေါသများနှင့် အရှက်ရမှုများဖြင့် ပြည့်နှက်သွားစေခဲ့လေသည်။ ဤမျှ မြင့်မားသော အဆင့်အတန်းရှိသည့် တည်ရှိမှုတစ်ခု အနေဖြင့် သူမသည် ဤကဲ့သို့ မည်သည့်အခါမျှ အရှက်ခွဲ မခံခဲ့ရဖူးချေ။ ထို့ကြောင့် ယခုအခါ သူမသည် ရှရွှယ်အန်းကို အရှင်လတ်လတ် ဝါးမြိုစားသောက်ပစ်ချင်ရုံမှလွဲ၍ အခြား ဆန္ဒမရှိတော့ပေ။

အခြားသူများမှာမူ အကြောက်တရားဖြင့် တုန်ရီနေကြလေသည်။ မျှော်လင့်ချက် ကင်းမဲ့ခြင်းသည် လူတိုင်း၏ နှလုံးသားထဲတွင် အမြစ်တွယ်သွားသည်။ ဧကရီ ပြောခဲ့သလိုပင် အင်မော်တယ်ဘုရင် အတုအယောင် ဆိုသည်မှာလည်းအင်မော်တယ် ဘုရင်ပင်ဖြစ်သည် မဟုတ်ပါလား။

ဤခွန်အား ကွာဟချက်ကြီးက လူတိုင်းကို မျက်တောင်တစ်ခတ်အတွင်း အမြစ်ပြတ် သုတ်သင်ပစ်ရန် လုံလောက်နေပြီး ကျန်းပြည်နယ် ကိုယ်တိုင်ပင်လျှင် လွတ်ကင်းနိုင်မည် မဟုတ်ပေ။

သို့သော် ထိုအချိန်လေးမှာပင် ရွှယ်အန်းသည် ဧကရီ၏ ဘေးတွင် လျှပ်တစ်ပြက် ပေါ်လာလေသည်။ သူမ တုံ့ပြန်ရန် အချိန်မရမီမှာပင် သူမ၏ နားထဲသို့ တစ်စုံတစ်ရာကို တိုးတိုးလေး ပြောလိုက်သည်။ လျှပ်တစ်ပြက်အတွင်း ဧကရီ၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူမ၏ အဆိပ်ပြင်းသော မျက်နှာပေါ်တွင် ယခင်က တစ်ခါမှ မဖြစ်ပေါ်ဖူးသော အကြောက်တရား အရိပ်အယောင်တစ်ခု ပေါ်ထွက်လာသည်။

"ရှင်... ရှင်က..."

ရွှယ်အန်းက ပြုံးလိုက်ပြီးနောက် သူ၏ အကြည့်များကို နှိမ့်ချကာ တိုးညင်းစွာ ပြောသည်။

"ငါ ဘယ်သူလဲဆိုတာ မင်း သိပြီဆိုမှတော့ မင်းဘာသာမင်းပဲ အဆုံးသတ်လိုက်တော့"

ထိုအသံသည် နေရာအနှံ့သို့ ပျံ့နှံ့သွားပြီး လူများစွာ၏ မျက်လုံးများ ပြူးကျယ်သွားကာ သူတို့နားကိုပင် မယုံနိုင်အောင် ဖြစ်သွားကြလေသည်။ သို့သော် လူတိုင်းကို အံ့အားသင့်သွားစေသည်မှာ ဧကရီ၏ မျက်လုံးများထဲတွင် ထိတ်လန့်ပြာယာခတ်မှုနှင့် မလိုလားမှု အရိပ်အယောင် အချို့ ပေါ်လာသော်လည်း အဆုံးတွင် သူမသည် နက်ရှိုင်းစွာ ဦးညွှတ်လိုက်သည်။

"အမိန့်အတိုင်းပါ... သခင်ကြီး"

ထိုသို့ပြောပြီးသည်နှင့် သူမ၏ ပုံရိပ်သည် လျှပ်တစ်ပြက်အတွင်း ပေါက်ကွဲသွားကာ ဘာမျှမကျန်သည်အထိ ပျောက်ကွယ်သွားတော့သည်။

--

All Chapters