← Chapters

အခန်း ၇၈၄

Vol. 53 Ch. 784

အခန်း ၇၈၄

Vol. 53 Ch. 784

အခန်း (၇၈၄) - မိုးသောက်ယံ အန္တရာယ်

~“မိုက်မဲလိုက်တာ... ဒီလောကမှာ ခွန်အားကသာ အရာရာပဲ”

ကျောင်းသားတစ်ဦးက မထီမဲ့မြင် ပြောလိုက်သည်။

“ခွန်အားကသာ အရာရာပဲ ဟုတ်လား... ဒါဆိုလည်း ငါ့ရဲ့ စစ်မှန်တဲ့ ခွန်အားကို မင်းတို့ကို ပြရသေးတာပေါ့”

ယဲ့ထျန်းဝေက မျက်လုံးများကို အနည်းငယ် မှေးလိုက်ပြီး သူ၏ ခန္ဓာကိုယ်မှ သွေးဆာနေသော လူသတ်ချင်စိတ်များ ရစ်သိုင်းလာသည်။ အထွတ်အထိပ် ခန္ဓာကိုယ်၏ စွမ်းအားများ ပေါက်ကွဲထွက်လာပြီးနောက် ယဲ့ထျန်းဝေ၏ အရှိန်အဝါမှာ အရူးအမူး မြင့်တက်လာတော့၏။

“ဝီ... ဝီ...”

သူ၏ ကျင့်ကြံခြင်းအဆင့်မှာ ထျန်းကျီဘုံ အဆင့် (၂) သာ ဖြစ်သော်လည်း ပုံမှန်အားဖြင့် ထျန်းကျီဘုံ အဆင့် (၂) ၏ စွမ်းအားကိုသာ ပြသလေ့ရှိပါ၏။ သို့သော် အထွတ်အထိပ် ခန္ဓာကိုယ်၏ စွမ်းအားကို အသက်သွင်းလိုက်သည့်အခါ ယဲ့ထျန်းဝေ၏ အရှိန်အဝါမှာ ထျန်းကျီဘုံ အဆင့် (၃) သို့ မျက်တောင်တစ်ခတ်အတွင်း ချိုးဖြတ်သွားသည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများက ဝေ့ဝဲထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ တောင်တန်းများကိုပင် တုန်လှုပ်သွားစေတော့၏။

သူက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ အမည်းရောင် သစ်ရွက်လေးမှာ ပျောက်ကွယ်သွားသည်။

နောက်တစ်ကြိမ် ထပ်မံ ဝှေ့ယမ်းလိုက်သည့်အခါ ရွှေရောင် သစ်ရွက်လေး တစ်ရွက် ဟင်းလင်းပြင်ထဲမှ ဘွားခနဲ ပေါ်ထွက်လာသည်။

ရွှေရောင် သစ်ရွက်လေး ပေါ်ထွက်လာသည်နှင့် ယဲ့ထျန်းဝေ၏ အရှိန်အဝါမှာ နောက်တစ်ဖန် မြင့်တက်လာပြန်ပြီး မျက်တောင်တစ်ခတ်အတွင်း ထျန်းကျီဘုံ အဆင့် (၃) အထွတ်အထိပ်သို့ ရောက်ရှိသွားလေတော့သည်။

“အင်မော်တယ်လက်နက်... သူ့ဆီမှာ တကယ်ကြီး အင်မော်တယ်လက်နက် ရှိနေတာလား”

“ထျန်းကျီဘုံ အဆင့် (၃) အထွတ်အထိပ်တဲ့လား... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

“သူက ဒီလောက် ကြောက်စရာကောင်းတဲ့ ခွန်အားတွေကို ဖုံးကွယ်ထားတာပါလား”

ယဲ့ထျန်းဝေ၏ ကြမ်းတမ်းလှသော စွမ်းအားများကို ခံစားလိုက်ရသည့်အခါ ပါရမီရှင် ကျောင်းသား ခုနစ်ဦးမှာ အလွန်အမင်း အံ့အားသင့်သွားကြပြီး ယဲ့ထျန်းဝေကို မှင်သက်စွာ စိုက်ကြည့်နေကြတော့၏။

“ငါက သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်ကို မျက်နှာထောက်ပြီး ဒီကိစ္စကို အသာလေး ကျော်သွားပေးမလို့ပဲ၊ မင်းတို့နဲ့ ပြဿနာ မတက်ချင်ဘူးလေ... ဒါပေမဲ့ မင်းတို့က ငါ့ကို အရမ်း စိတ်ပျက်အောင် လုပ်တာပဲ”

ယဲ့ထျန်းဝေက ရက်စက်စွာ ဆိုလိုက်သည်။ သူ၏ ရေခဲပမာ အေးစက်လှသော လူသတ်ချင်စိတ်များကို ဖုံးကွယ်ထားခြင်း မရှိတော့ဘဲ လွတ်လပ်စွာ ထုတ်လွှတ်လိုက်တော့၏။

“နန်းတော်သခင် သန့်စင်ပေးထားတဲ့ အင်မော်တယ်လက်နက်ပဲ”

လေ့ထျန်းကျွယ်က ယဲ့ထျန်းဝေ၏ လက်ထဲရှိ ရွှေရောင် သစ်ရွက်လေးကို စိုက်ကြည့်ရင်း ရေရွတ်လိုက်သည်။

ယဲ့ထျန်းဝေ၏ လက်ထဲရှိ ရွှေရောင် သစ်ရွက်လေးမှာ ဖုန်းဝူချန် ကိုယ်တိုင် ပေါင်းစပ်ဖန်တီးပေးထားသော အင်မော်တယ်လက်နက်တစ်ခုပင် ဖြစ်ပါ၏။

ယဲ့ထျန်းဝေက ထျန်းကျီဘုံ အဆင့် (၃) သို့ ရောက်ရှိနေသော ကျောင်းသားများကို အေးစက်စွာ စိုက်ကြည့်ရင်း ...

“အစွမ်းလေး နည်းနည်း ရှိတာနဲ့ပဲ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး မောက်မာနေတာလား၊ ငါ့ကို ဒဏ်ရာရအောင် လုပ်နိုင်လို့ မင်းတို့ကိုယ်မင်း အရမ်း စွမ်းတယ်လို့ ထင်နေတာလား” ဟု မေးလိုက်သည်။

“...”

ထိုကျောင်းသားမှာ ပြန်ပြောစရာ စကားပင် မရှိတော့ဘဲ သူ၏ မျက်နှာထားမှာ မှောင်မိုက်ပြီး ကြည့်ရဆိုးနေတော့၏။

ယဲ့ထျန်းဝေ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် သူ၏ ကိုယ်ဟန်မှာ ထိုကျောင်းသား၏ ဘယ်ဘက်သို့ လျှို့ဝှက်ဆန်းကြယ်စွာ ရောက်ရှိနေ၏။ သူ၏ အမြန်နှုန်းမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှပြီး အသံတိတ်ကာ ခြေရာလက်ရာပင် မရှိပါချေ။

“ဘာ”

ထျန်းကျီဘုံ အဆင့် (၃) ပါရမီရှင် ကျောင်းသား၏ မျက်နှာမှာ သိသိသာသာ ဖြူဖျော့သွားပြီး သူ၏ တစ်ကိုယ်လုံး တုန်ရီသွားရသည်။ သို့သော် သူ ခေါင်းလှည့်ကြည့်လိုက်သည့် အချိန်တွင်မူ ယဲ့ထျန်းဝေမှာ ပျောက်ကွယ်သွားခဲ့၏။

ယဲ့ထျန်းဝေ နောက်တစ်ကြိမ် ပေါ်ထွက်လာချိန်တွင် ထိုကျောင်းသား၏ ညာဘက်သို့ ရောက်ရှိနေ၏။

“ဝုန်း”

“ဖူး”

ယဲ့ထျန်းဝေက လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ရာ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ပြင်းထန်လှသော စွမ်းအားကြောင့် ထိုကျောင်းသားမှာ သွေးအန်ကာ အဝေးသို့ လွင့်ထွက်သွားရတော့၏။

အခြား ကျောင်းသား ခြောက်ဦးမှာ ဤမျှ ကြောက်စရာကောင်းသော ခွန်အားကို မြင်တွေ့လိုက်ရသဖြင့် အလွန်အမင်း ထိတ်လန့်သွားကြသည်။

“ဒါကတော့ လွန်လွန်းပြီ... ဟိုကျိန်စာသင့် ကိုယ်ဖော့ပညာ ထပ်လာပြန်ပြီ”

ထိုကျောင်းသားက ဒေါသတကြီး အံကို ကြိတ်ကာ အော်ဟစ်လိုက်သည်။

သို့သော် သူ၏ အော်ဟစ်သံ အဆုံးတွင် သူ၏ မျက်နှာထားမှာ ရုတ်တရက် ပြောင်းလဲသွားသည်။ ရွှေရောင် အလင်းတန်း တစ်ခုက သူ၏ ရှေ့တွင် လျှပ်တစ်ပြက် ဝင်းလက်သွားပြီး ပျောက်ကွယ်သွားကာ ရွှေရောင် သစ်ရွက်လေးကို ကိုင်ဆောင်ထားသော ယဲ့ထျန်းဝေက ထိုကျောင်းသား၏ နောက်စေ့ကို ထိရုံလေး ထိထားသည်ကို သတိပြုမိလိုက်သောကြောင့်ပင် ဖြစ်ပါ၏။

“ထွက်သွားကြစမ်း... မဟုတ်ရင် မင်းတို့ အကုန်လုံးကို သတ်ပစ်မယ်”

ယဲ့ထျန်းဝေက ရေခဲပမာ အေးစက်စွာ ပြောလိုက်သည်။ မျက်တောင်တစ်ခတ်အတွင်း ရွှေရောင် သစ်ရွက်လေးများ ဒါဇင်နှင့်ချီ၍ ထွက်ပေါ်လာပြီး အားပြင်းသည့် စွမ်းအားများကို စုစည်းထားကာ အချိန်မရွေး ပေါက်ကွဲထွက်ရန် အသင့်ဖြစ်နေတော့၏။

“မင်း မှတ်ထားလိုက်”

ဒဏ်ရာရသွားသော ကျောင်းသားက ရက်စက်သော မျက်နှာထားဖြင့် အံကို ကြိတ်ကာ ဟိန်းဟောက်လိုက်သည်။

“မင်းကို ရှုမီ ချောက်ကမ်းပါးထဲကနေ အသက်ရှင်လျက် ထွက်သွားခွင့် လုံးဝ မပေးဘူး”

“သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်ကို မျက်နှာမထောက်ရင် မင်း အခုလောက်ဆို သေနေလောက်ပြီ”

လေ့ထျန်းကျွယ်က လှောင်ပြောင်လိုက်သည်။

ကျောင်းသား ခုနစ်ဦး ထွက်ခွာသွားပြီးနောက် ယဲ့ထျန်းဝေက မျက်မှောင်ကြုတ်ကာ ...

“ထျန်းယဲ့... သွားပြီး နန်းတော်သခင်ကို ချက်ချင်း သတင်းပို့လိုက်၊ ငါတို့က ချင်းယန်တို့နဲ့ သွားဆုံမယ်” ဟု အမိန့်ပေးလိုက်သည်။

တိုက်ပွဲတွင် အနိုင်ရခဲ့သော်လည်း ထိုကျောင်းသားများ မကြာမီ ပြန်လာကြမည်ကို ယဲ့ထျန်းဝေက စိုးရိမ်နေသည်။

သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်သို့ ဝင်ခွင့်ရရန် ဆိုသည်မှာ ကျောင်းတော်၏ ကြောက်မက်ဖွယ် အင်အားကို ထားလိုက်ဦး၊ ထိုကျောင်းသားများ ကိုယ်တိုင်ကပင် ကြိုးစားအားထုတ်သော ပါရမီရှင်များ ဖြစ်ကြသည့်အပြင် သူတို့ထဲမှ အများစုမှာ နောက်ကွယ်တွင် အစွမ်းထက်သော ကျောထောက်နောက်ခံများ ရှိနေကြသည် မဟုတ်ပါလော။

---

“ဝုန်း”

“ဖူး”

တောင်တန်းကြီး၏ အခြားတစ်နေရာတွင်မူ လုထျန်းချန်သည် ချိုးယွမ်ရှန်၏ လက်ဝါးရိုက်ချက်ကြောင့် သွေးများ အန်ကာ သစ်ပင်တစ်ပင်ပြီး တစ်ပင်ကို ဝင်တိုက်ကာ အဝေးသို့ လွင့်စင်ထွက်သွားရသည်။

“လုထျန်းချန်... မင်း ဒီလိုနေ့မျိုးကို ရောက်လာမယ်လို့ ဘယ်သူက ထင်မှာလဲ... လူလေးယောက်တည်းနဲ့ ရှုမီ ချောက်ကမ်းပါးထဲ ဝင်ရဲတယ်ဆိုတော့ တော်တော် သတ္တိကောင်းတာပဲ”

ချိုးယွမ်ရှန်က မထီမဲ့မြင် လှောင်ပြောင်လိုက်သည်။

လုထျန်းချန်၏ ဒဏ်ရာများမှာ အလွန် ပြင်းထန်နေပြီး သူ၏ မျက်နှာမှာလည်း စက္ကူတစ်ရွက်ပမာ ဖြူဖျော့နေတော့၏။

“ဒုတိယ ခေါင်းဆောင်”

ယွင်ယွင်နှင့် ချန်းချန်းတို့မှာ အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားကြသည်။

“အဲဒီကောင်မလေး နှစ်ယောက်ကို ဖမ်းစမ်း”

ကျိုးရီက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

“ဟုတ်ကဲ့ပါ”

သွေးမိစ္ဆာ ကြေးစားအဖွဲ့၏ လက်အောက်ငယ်သားများက ရိုသေစွာ တုံ့ပြန်လိုက်ကြသည်။ ပြင်းထန်ပြီး အသည်းအသန် တိုက်ခိုက်ပြီးနောက် ယွင်ယွင်နှင့် ချန်းချန်းတို့မှာ ဒဏ်ရာများ ရရှိကာ အဖမ်းခံလိုက်ရ၏။

“ဒုတိယ ခေါင်းဆောင်... အစ်ကိုကြီးထန်”

မိန်းကလေး နှစ်ဦးက ကြောက်လန့်တကြား အော်ဟစ်နေကြသည်။

“လူယုတ်မာတွေ... သူတို့ကို လွှတ်ပေးစမ်း”

ထန်ယွင်ရှန်က ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး သူ၏ မျက်ဝန်းထဲတွင် လူသတ်ချင်စိတ်များ ပြည့်နှက်နေတော့၏။

ကံဆိုးစွာဖြင့် ထန်ယွင်ရှန်၏ ခွန်အားမှာ ကျိုးရီကို လုံးဝ မယှဉ်နိုင်ပါချေ။ ပြင်းထန်သော တိုက်ပွဲအပြီးတွင် သူသည် ဒဏ်ရာများ ရရှိထားပြီး အခြားသူများကို ကယ်တင်ရန် မဆိုထားနှင့် သူ့ကိုယ်သူပင် မနည်း ကယ်တင်နေရသည့် အခြေအနေ ဖြစ်နေသည်။

သူတို့နှစ်ဦးကြားတွင် အဆင့်တစ်ဆင့်သာ ကွာဟသော်လည်း ထျန်းကျီဘုံ၌ အဆင့်တစ်ဆင့် ကွာဟခြင်းမှာ ကြီးမားလှသော ခွန်အား ကွာဟမှုကြီး တစ်ခုပင် ဖြစ်ပါ၏။

ကျိုးရီက မောက်မာစွာဖြင့် ...

“မင်းက သေတော့မယ့်ဟာကို သူတို့အတွက် စိတ်ပူနေသေးတယ်ပေါ့လေ၊ မင်းကို ငါ ပြောပြမယ်... ဒီည ငါ သူတို့နှစ်ယောက်စလုံးကို ဝါးမြိုပစ်မယ်ကွ... ဒီလောက် လှတဲ့ မိန်းမတွေဆိုတော့ တွေးကြည့်ရုံနဲ့တင် အရမ်း စိတ်လှုပ်ရှားဖို့ ကောင်းတယ်၊ သွေးမိစ္ဆာ ကြေးစားအဖွဲ့က ညီအစ်ကိုတွေ အကုန်လုံးကလည်း စောင့်နေကြတာ... ကျွတ် ကျွတ် ကျွတ်... သူတို့က ဒီကောင်မလေးတွေကို ကောင်းကောင်းကြီး ပြုစုပေးကြမှာပါ” ဟု ပြောလိုက်သည်။

“ခွေးမသား”

ထန်ယွင်ရှန်မှာ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဒေါသများ ပေါက်ကွဲထွက်လာပြီး သူ၏ မျက်လုံးများမှာ သွေးကြောများဖြင့် နီရဲနေကာ ရူးသွပ်နေသူ တစ်ဦးပမာ အရူးအမူး တိုက်ခိုက်လေတော့သည်။

“ထန်ယွင်ရှန်... မင်းက အရမ်း အားနည်းလွန်းတယ်ကွာ”

ကျိုးရီက မထီမဲ့မြင် ခေါင်းခါယမ်းလိုက်ပြီး ထန်ယွင်ရှန်၏ ပြင်းထန်သော တိုက်ကွက်များကို အေးဆေးသက်သာစွာ ရှောင်တိမ်းလိုက်သည်။

“ဝုန်း ဝုန်း ဝုန်း”

“ဖူး ဖူး”

စကားပြောနေရင်းမှာပင် ကျိုးရီက ချက်ချင်း တန်ပြန် တိုက်ခိုက်လိုက်လေရာ သူ၏ အမြန်နှုန်းမှာ ပိုမို မြန်ဆန်လာပြီး စွမ်းအားများမှာလည်း ပိုမို ကြောက်မက်ဖွယ်ကောင်းလာတော့၏။ လက်သီး သုံးချက်၊ ခြေကန်ချက် နှစ်ချက်ဖြင့်ပင် ထန်ယွင်ရှန်ကို သွေးအန်ကာ လွင့်ထွက်သွားစေခဲ့သည်။

“ယွင်ယွင်... ချန်းချန်း...”

ထန်ယွင်ရှန်မှာ ဒေါသနှင့် ကြောက်ရွံ့မှုတို့ ရောယှက်နေသော်လည်း မည်သို့မျှ မတတ်နိုင်ခဲ့ပါချေ။

သွေးမိစ္ဆာ ကြေးစားအဖွဲ့၏ ညီအစ်ကိုများမှာ သူ၏ အမြင်အာရုံမှ ပျောက်ကွယ်သွားကြပြီ ဖြစ်သည်။

မိန်းကလေး နှစ်ဦး အဖမ်းခံလိုက်ရပြီ ဖြစ်ရာ မျှော်လင့်ချက်ဆိုသည်မှာ မရှိသလောက်ပင် ဖြစ်သွားခဲ့၏။

သွေးမိစ္ဆာ ကြေးစားအဖွဲ့၏ ဖမ်းဆီးခြင်းကို ခံရသော မည်သည့် မိန်းကလေးမျှ အသက်ရှင်လျက် ပြန်ထွက်လာနိုင်ခဲ့ခြင်း မရှိပါချေ။

သူတို့သည် အသတ်မခံရသော်လည်း အသေခံလုမတတ် ညှဉ်းပန်းနှိပ်စက်ခြင်း ခံရမည်မှာ သေချာလှပေသည်။

“ကျိုးရီ... အပိုစကားတွေ ပြောမနေနဲ့တော့၊ သူ့ကို သတ်လိုက်စမ်း”

ချိုးယွမ်ရှန်က ရက်စက်စွာ ဟိန်းဟောက်လိုက်ပြီး ထန်ယွင်ရှန်ကို ရက်စက်သော အကြည့်ဖြင့် တစ်ချက် လှမ်းကြည့်လိုက်သည်။

“စိတ်ချပါ တတိယတပ်မှူး... သူ မကြာခင် သေတော့မှာပါ”

ကျိုးရီက လှောင်ပြောင်လိုက်ပြီး တဖြည်းဖြည်း ရှေ့သို့ တိုးလာသည်။

ပြင်းထန်စွာ ဒဏ်ရာရထားသော ထန်ယွင်ရှန်မှာ ဆက်လက် ခုခံနိုင်စွမ်း မရှိတော့ပါချေ။

“ဝှစ် ဝှစ် ဝှစ်”

လူရိပ်တစ်ခုမှာ အလျင်အမြန် ဖြတ်သန်းသွားပြီး အဆက်မပြတ် ပေါ်လိုက် ပျောက်လိုက် ဖြစ်နေသော်လည်း ဤနေရာသို့ ရောက်လာသောအခါ ရုတ်တရက် ရပ်တန့်သွားသည်။

ထိုလူရိပ်မှာ ဖုန်းဝူချန်ကို ရှာဖွေရန် ထွက်လာသော ပေတိုထျန်းယဲ့ပင် ဖြစ်ပါတော့သည်။

“အစ်ကိုကြီးလု... အစ်ကိုကြီးထန်...”

ပြင်းထန်စွာ ဒဏ်ရာရထားသော သူတို့နှစ်ဦးကို မြင်လိုက်ရသည့်အခါ ပေတိုထျန်းယဲ့၏ မျက်နှာထားမှာ သိသိသာသာ ပြောင်းလဲသွားသည်။

“ရပ်လိုက်စမ်း”

ကျိုးရီ သတ်ဖြတ်တော့မည့် ဆဲဆဲတွင် ပေတိုထျန်းယဲ့က ဒေါသတကြီး အော်ဟစ်လိုက်ပြီး လျှပ်တစ်ပြက် နေရာရွှေ့ပြောင်းခြင်းကို အသုံးပြုကာ ထိုနေရာသို့ ချက်ချင်း ပေါ်လာခဲ့သည်။

ပေတိုထျန်းယဲ့သည် မျက်တောင်တစ်ခတ်အတွင်း ရောက်ရှိလာပြီး ထန်ယွင်ရှန်၏ ရှေ့တွင် ဝင်ရပ်ကာ ကျိုးရီကို ရက်စက်စွာ စိုက်ကြည့်လျက် အံကို ကြိတ်ပြီး ...

“သွေးမိစ္ဆာ ကြေးစားအဖွဲ့ပါလား” ဟု ရေရွတ်လိုက်သည်။

“အော်... မင်းကိုး ခွေးမသားလေး... မင်းက ဘာလို့ တစ်ယောက်တည်း ဖြစ်နေတာလဲ၊ တခြားသူတွေရော ဘယ်ရောက်သွားလဲ၊ အလှလေး နှစ်ယောက်လည်း ပါတယ်လို့ ငါ မှတ်မိနေပါသေးတယ်”

ကျိုးရီမှာ အစပိုင်းတွင် အနည်းငယ် လန့်သွားသော်လည်း ပေတိုထျန်းယဲ့ကို ချက်ချင်း မှတ်မိသွားပြီး သူ၏ နှုတ်ခမ်းထောင့်တွင် တပ်မက်ဖွယ်ကောင်းသော အပြုံးတစ်ခု ပေါ်လာသည်။

“ခွေးမသားလေး... သူတို့ကို မင်းက ကယ်နိုင်မယ်လို့ ထင်နေတာလား”

ချိုးယွမ်ရှန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ ယခုအချိန်တွင် သူသည် ပြင်းထန်စွာ ဒဏ်ရာရထားသော လုထျန်းချန်ကို မ ကြွထားပြီး သူ၏ ဘယ်ဘက်လက်တွင် အားပြင်းသည့် စွမ်းအားများကို စုစည်းကာ လုထျန်းချန်အား အစအနမကျန် ဖျက်ဆီးပစ်ရန် ပြင်ဆင်နေတော့၏။

“သေစမ်း... ရပ်လိုက်စမ်း”

ပေတိုထျန်းယဲ့မှာ အလွန်အမင်း ထိတ်လန့်သွားပြီး ချက်ချင်းပင် အသံလွှင့်ကာ သတင်းပို့လိုက်သည်။

“နန်းတော်သခင်... နန်းတော်သခင်... ကျွန်တော့်ကို ကြားရလား၊ အစ်ကိုကြီးလုနဲ့ အစ်ကိုကြီးထန် အန္တရာယ်ရှိနေပြီ၊ ကျေးဇူးပြုပြီး လာကူညီပေးပါဦး”

wunzinnosp

All Chapters