← Chapters

အခန်း ၇၈၅

Vol. 53 Ch. 785

အခန်း ၇၈၅

Vol. 53 Ch. 785

အခန်း (၇၈၅) - အချိန်ကိုက် ရောက်ရှိလာခြင်း

~“ဘယ်လိုနေလဲ... ခန္ဓာကိုယ်ထဲမှာ အပူငွေ့တွေ ပြင်းပြင်းထန်ထန် စီးဆင်းနေတာကို ခံစားရလား”

တောင်ခြေရှိ ကျောက်တုံးတစ်တုံးပေါ်တွင် တင်ပျဉ်ခွေ ထိုင်ကာ ကြက်သွေးရောင် သွေးသီး တစ်လုံးကို စားသုံးပြီးနောက် တရားထိုင်နေသော မြောင်ချင်းချင်းအား ဖုန်းဝူချန်က ခပ်ပြုံးပြုံးဖြင့် မေးလိုက်သည်။

“အရမ်း အစွမ်းထက်တဲ့ စွမ်းအားပဲ... ကိုးထပ်ချန်ခွင်းမျှော်စင်ရဲ့ ပဉ္စမထပ်က စွမ်းအင်ဘောလုံးတွေထက်တောင် ပိုပြီး သန့်စင်နေသေးတယ်”

ကြက်သွေးရောင် သွေးသီးကို မျိုချလိုက်ပြီးနောက် မြောင်ချင်းချင်းသည် သူမ၏ ခန္ဓာကိုယ်အနှံ့သို့ လျင်မြန်စွာ ပျံ့နှံ့သွားသော အလွန်တရာ အစွမ်းထက်သည့် စွမ်းအားတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။ သူမ၏ လှပသော မျက်နှာလေးပေါ်တွင် အံ့အားသင့်မှုများ ပြည့်နှက်သွားရသည်။

“မြန်မြန် စုပ်ယူလိုက်... ရက်အနည်းငယ် အတွင်းမှာ မင်း ထျန်းကျီဘုံကို အလွယ်တကူ ချိုးဖြတ်နိုင်လိမ့်မယ်”

ဖုန်းဝူချန်က ပြုံးလျက် ပြောလိုက်ပြီးနောက် ဆေးလုံးတစ်လုံးကို ထုတ်ယူကာ ဆက်လက်၍ ...

မှာကြားလိုက်သည်။

“ဒါက အဆင့် (၆) လီဟို့ သန္ဓေပြောင်း ဆေးလုံးပဲ၊ ပျက်စီးသွားတဲ့ အရာတွေကို ပြန်လည် တည်ဆောက်ပေးနိုင်စွမ်း ရှိတယ်၊ ထျန်းကျီဘုံကို ချိုးဖြတ်တဲ့နေရာမှာ ဘာအန္တရာယ်မှ ရှိမှာ မဟုတ်ဘူး”

“ကျေးဇူးတင်ပါတယ် အစ်ကိုဖုန်း”

မြောင်ချင်းချင်းမှာ အလွန် ဝမ်းသာသွားပြီး သူမ၏ မျက်နှာလေးမှာ စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေတော့၏။

“ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ထားပါ၊ ဒီရက်ပိုင်းအတွင်းမှာ လန်ယွဲ့က မင်းကို...”

ဖုန်းဝူချန် စကားမဆုံးမီမှာပင် သူ၏ စိတ်ထဲသို့ အသံလွှင့် သတင်းပို့ချက်တစ်ခု ရုတ်တရက် ဝင်ရောက်လာသည်။

“ထျန်းယဲ့လား... မကောင်းတော့ဘူး... အစ်ကိုကြီးလုတို့ အန္တရာယ်ရှိနေပြီ၊ အနောက်ဘက်မှာ”

ဖုန်းဝူချန်၏ မျက်နှာထားမှာ သိသိသာသာ ပြောင်းလဲသွားပြီး သူက အလျင်အမြန်ပင် ...အမိန့်ပေးလိုက်သည်။

“လန်ယွဲ့... မင်း ဒီမှာနေပြီး ချင်းချင်းကို စောင့်ရှောက်ထားခဲ့”

ထိုစကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ဖုန်းဝူချန်၏ ကိုယ်ဟန်မှာ လျှပ်တစ်ပြက် ပျောက်ကွယ်သွားတော့၏။

“အစ်ကိုကြီးလုတို့ ဘာဖြစ်လို့လဲ”

ဖုန်းဝူချန်၏ အမူအရာကို မြင်လိုက်ရသည့်အခါ မြောင်ချင်းချင်းမှာ ဇဝေဇဝါဖြစ်သွားပြီး စိုးရိမ်ပူပန်လာသည်။

“သခင်က အဲဒီကို အပြေးသွားပြီ၊ ချင်းချင်း... နင် ကျင့်ကြံတာကိုသာ ဆက်လုပ်ပါ၊ ဘာပြဿနာမှ ရှိမှာ မဟုတ်ပါဘူး”

ဟု လန်ယွဲ့က နှစ်သိမ့်လိုက်၏။

ဤအခိုက်အတန့်တွင် အခြေအနေမှာ အလွန်တရာ အန္တရာယ်များနေ၏။ ပေတိုထျန်းယဲ့မှာ အလွန်အမင်း ပျာယာခတ်နေပြီး ထန်ယွင်ရှန်ကို ကာကွယ်ပေးထားရစဉ် ချိုးယွမ်ရှန်ကို တားဆီးရန် လုံးဝ မဖြစ်နိုင်သလို သူ၏ ခွန်အားကိုလည်း မယှဉ်နိုင်ပါချေ။

ပေတိုထျန်းယဲ့သည် ဖုန်းဝူချန် မည်သည့်နေရာတွင် ရှိနေသည်ကို မသိသဖြင့် စွန့်စားရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ပါချေ။

သို့သော် ဖုန်းဝူချန်ထံမှ မည်သည့် တုံ့ပြန်မှုမျှ မရရှိသေးပါချေ။

“နန်းတော်သခင်က ဒီအနီးအနားမှာ မရှိဘူးလား၊ ဘာလို့ ဘာသံမှ မကြားရတာလဲ”

ပေတိုထျန်းယဲ့၏ နှလုံးသားမှာ ရင်ဘတ်ထဲမှ ထွက်ကျမတတ် ခုန်ပေါက်နေတော့၏။

အချိန်မရှိတော့သည်ကို မြင်သောအခါ ပေတိုထျန်းယဲ့က အံကြိတ်ကာ ရေရွတ်လိုက်သည်။

“ငါ ဆက်စောင့်နေလို့ မဖြစ်တော့ဘူး”

အခြေအနေ အရေးကြီးနေသဖြင့် အချိန်ဆွဲနေရန် ခွင့်မပြုသလို ပေတိုထျန်းယဲ့လည်း အချိန်ဖြုန်းရန် မဝံ့ရဲပါချေ။

“လျှပ်တစ်ပြက် နေရာရွှေ့ပြောင်းခြင်း”

ပေတိုထျန်းယဲ့သည် သူ၏ ယွမ်စွမ်းအင်များကို အစွမ်းကုန် အသက်သွင်းလိုက်ပြီး လျှပ်တစ်ပြက် နေရာရွှေ့ပြောင်းခြင်းကို ချက်ချင်း အသုံးပြုကာ ပြင်းထန်စွာ ဒဏ်ရာရထားသော ထန်ယွင်ရှန်ကို ဆွဲယူပြီး မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားသည်။

“အရှိန်အဝါ ပျောက်သွားပြီ၊ ဒါ ဘယ်လို ကိုယ်ဖော့ပညာမျိုးလဲ”

ကျိုးရီ၏ မျက်နှာထားမှာ သိသိသာသာ ပြောင်းလဲသွားပြီး အံ့အားသင့်ကာ ဇဝေဇဝါ ဖြစ်သွား၏။

“တတိယတပ်မှူး... အဲဒီကောင်လေး ထန်ယွင်ရှန်ကို ခေါ်ပြီး ပြေးသွားပြီ”

ကျိုးရီက ရုတ်တရက် အော်ဟစ်လိုက်သည်။

သို့သော် ကျိုးရီက ချိုးယွမ်ရှန်ဘက်သို့ လှည့်ကြည့်လိုက်သောအခါ ပေတိုထျန်းယဲ့နှင့် ထန်ယွင်ရှန်တို့၏ ကိုယ်ဟန်များကို မြင်တွေ့လိုက်ရသဖြင့် အလွန်အမင်း အံ့အားသင့်သွားပြီး ထိုနေရာတွင်ပင် မှင်သက်သွားတော့၏။

ထျန်းကျီဘုံ အဆင့် (၂) သို့ ရောက်ရှိနေသော ကျိုးရီကပင် ပေတိုထျန်းယဲ့သည် ချိုးယွမ်ရှန်၏ အနီးသို့ မည်သည့်အချိန်က ရောက်ရှိသွားသည်ကို လုံးဝ သတိမထားမိလိုက်ပါချေ။

ပေတိုထျန်းယဲ့သည် သူ၏ လျှပ်တစ်ပြက် နေရာရွှေ့ပြောင်းခြင်းကို အသုံးပြုကာ လုထျန်းချန်ကို ကယ်တင်ရန် ရည်ရွယ်ထားပြီး အနည်းဆုံးတော့ သူတို့၏ အသက်ကို အာမခံနိုင်စေရန်နှင့် အချိန်ဆွဲရန် နည်းလမ်းရှာဖို့ စီစဉ်ထားခြင်း ဖြစ်သည်။

သို့သော် ပေတိုထျန်းယဲ့၏ အစီအစဉ်များမှာ မျှော်လင့်ချက် ရှိသော်လည်း လက်တွေ့မှာတော့ သူ စိတ်ကူးထားသကဲ့သို့ ပြည့်စုံလှပခြင်း မရှိခဲ့ပါချေ။

လျှပ်တစ်ပြက် နေရာရွှေ့ပြောင်းခြင်းက မည်မျှပင် မြန်ဆန်စေကာမူ အကွာအဝေး လုံးဝမရှိသော ချိုးယွမ်ရှန်လောက်တော့ မမြန်နိုင်ပါချေ။ အထူးသဖြင့် လုထျန်းချန်မှာ ချိုးယွမ်ရှန်၏ ဖမ်းချုပ်ခြင်းကို ခံထားရသောကြောင့် ပို၍ပင် ခက်ခဲလှ၏။

“ခွေးမသားလေး... မင်းက သေချင်နေတာလား”

ပေတိုထျန်းယဲ့ ရောက်ရှိလာသည်ကို အာရုံခံမိလိုက်သည်နှင့် ချိုးယွမ်ရှန်က အေးစက်စွာ ပြောလိုက်ပြီး သူ၏ ရက်စက်သော အကြည့်များက ပေတိုထျန်းယဲ့ထံသို့ ရောက်ရှိသွားသည်။

လုထျန်းချန်ကို ရိုက်ချတော့မည့် လက်ဝါးမှာ ပေတိုထျန်းယဲ့ထံသို့ ပြောင်းလဲဦးတည်သွားတော့၏။

လျှပ်တစ်ပြက် နေရာရွှေ့ပြောင်းခြင်း ...

သူ၏ ကိုယ်ဖော့ပညာကို ချက်ချင်း အသက်သွင်းလိုက်ပြီး ပေတိုထျန်းယဲ့သည် ဟင်းလင်းပြင်ထဲသို့ ပျောက်ကွယ်သွားသည်။

“ဝုန်း”

“ဝီ ... ဝီ ...”

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားမှာ ဟင်းလင်းပြင်ကို ထိမှန်သွားပြီး ပတ်ဝန်းကျင်ရှိ တောင်တန်းများကိုပင် တုန်ခါသွားစေကာ ကျယ်လောင်သော မြည်ဟိန်းသံများ ထွက်ပေါ်လာတော့၏။

နောက်တစ်စက္ကန့်တွင် ပေတိုထျန်းယဲ့သည် ချိုးယွမ်ရှန်၏ နောက်ကျောဘက်သို့ အသံတိတ် ရောက်ရှိလာပြီး လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။

“ဝုန်း”

ရုတ်တရက် ဝင်ရောက်လာသော တိုက်ခိုက်မှုကြောင့် ချိုးယွမ်ရှန်မှာ အငိုက်မိသွားသည်။ သူ သတိထားမိလိုက်သော်လည်း အချိန်မီ မရှောင်တိမ်းနိုင်ခဲ့ဘဲ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ မီတာဆယ်နှင့်ချီ၍ လွင့်ထွက်သွားရတော့၏။

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ချိုးယွမ်ရှန်မှာ အပြင်းအထန် တုန်လှုပ်သွားရပြီး ပေတိုထျန်းယဲ့၏ ကြောက်မက်ဖွယ် ကိုယ်ဖော့ပညာကို စိတ်ထဲမှ ကြိတ်၍ အံ့ဩနေမိသည်။

သို့သော် သူ လွင့်ထွက်သွားသည့်တိုင်အောင် ချိုးယွမ်ရှန်သည် ပြင်းထန်စွာ ဒဏ်ရာရထားသော လုထျန်းချန်ကို လုံးဝ မလွှတ်ပေးခဲ့ပါချေ။

“တတိယတပ်မှူး”

ကျိုးရီမှာ အံ့အားသင့်ကာ ပျာယာခတ်သွားပြီး ချိုးယွမ်ရှန်ကဲ့သို့ ကျင့်ကြံခြင်းအဆင့် ရှိသူကပင် ပေတိုထျန်းယဲ့၏ တိုက်ခိုက်မှုကို အချိန်မီ သတိမထားမိခဲ့သည်ကို လုံးဝ မယုံကြည်နိုင်အောင် ဖြစ်နေရ၏။

“ညီလေး... မင်း သွားတော့၊ သူတို့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး”

ထန်ယွင်ရှန်က ခက်ခဲစွာ စကားပြောလိုက်သည်။ သူသည် ပေတိုထျန်းယဲ့ကို သူ့ကြောင့် ဒုက္ခမရောက်စေချင်ပါချေ။

ပေတိုထျန်းယဲ့က အံကြိတ်ကာ ...

“လုံးဝ မဖြစ်ဘူး” ဟု ပြတ်သားစွာ ဆိုလိုက်သည်။

“သေဖို့သာ ပြင်ထားတော့”

ထိုအခိုက်အတန့်၌ ကျိုးရီက ဟိန်းဟောက်လိုက်ပြီး ပေတိုထျန်းယဲ့ထံသို့ အရှိန်အဟုန်ပြင်းစွာ ပြေးဝင်လာသည်။

ပေတိုထျန်းယဲ့သည် လျှပ်တစ်ပြက် နေရာရွှေ့ပြောင်းခြင်းကို နောက်တစ်ကြိမ် အသုံးပြုကာ ထန်ယွင်ရှန်ကို ဆွဲယူပြီး သီသီလေး ရှောင်တိမ်းလိုက်၏။

“ဘာ”

ကျိုးရီ၏ တိုက်ကွက်မှာ လွဲချော်သွားသဖြင့် သူ အလွန်အမင်း အံ့အားသင့်သွားရသည်။ သူသည် ပေတိုထျန်းယဲ့၏ အရှိန်အဝါကို အပိုင်သော့ခတ်ထားသော်လည်း ဒါက မျက်တောင်တစ်ခတ်အတွင်း ပြန်လည် ပျောက်ကွယ်သွားခဲ့ပြန်၏။

“ကျိန်စာသင့်မယ့် ကောင်လေး”

ချိုးယွမ်ရှန်မှာ ဒေါသပေါက်ကွဲသွားပြီး ပြင်းထန်စွာ ဒဏ်ရာရထားသော လုထျန်းချန်ကို မ,ကာ ...

ဟိန်းဟောက်လိုက်သည်။

“ငါ လုထျန်းချန်ကို သတ်ပြီးတာနဲ့ နောက်တစ်ယောက် သတ်မယ့် သူက မင်းပဲ”

ထိုသို့ ပြောပြီးနောက် ချိုးယွမ်ရှန်သည် နောက်တစ်ကြိမ် တိုက်ခိုက်ရန် ပြင်ဆင်လိုက်ပြီး လုထျန်းချန်အား လက်ဝါးဖြင့် ရိုက်ချလိုက်တော့၏။

“မကောင်းတော့ဘူး”

ပေတိုထျန်းယဲ့၏ မျက်နှာထားမှာ သိသိသာသာ ပြောင်းလဲသွားပြီး ပထမဆုံး အခွင့်အရေး ရသည်နှင့် လှုပ်ရှားလိုက်သည်။

သို့သော် ပေတိုထျန်းယဲ့ ရောက်ရှိလာပြီး တားဆီးရန် ပြင်လိုက်ချိန်တွင် ဒါက ထောင်ချောက်တစ်ခု ဖြစ်နေကြောင်း သဘောပေါက်သွားသည်။

“ဟွန့်... မိုက်မဲတဲ့ ကောင်လေး၊ မင်း လာမှာမဟုတ်ဘူးလို့တောင် စိုးရိမ်နေတာ”

ချိုးယွမ်ရှန်က ရက်စက်စွာ ဆိုလိုက်၏။ တကယ်တော့ သူသည် လုထျန်းချန်ကို မတိုက်ခိုက်ခဲ့ပါချေ။ ဒါက ပေတိုထျန်းယဲ့ကို အနီးသို့ ဆွဲခေါ်ရန် လှည့်ကွက်တစ်ခု သက်သက်သာ ဖြစ်သည်။

“ငါ အလိမ်ခံလိုက်ရပြီ”

ပေတိုထျန်းယဲ့၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားရသည်။

ချိုးယွမ်ရှန်၏ လက်ဝါးရိုက်ချက်မှာ မည်သည့် သနားညှာတာမှုမျှ မရှိဘဲ ပေတိုထျန်းယဲ့ထံသို့ တည့်တည့်မတ်မတ် ကျရောက်လာတော့၏။

“ပြီးပြီ”

ပေတိုထျန်းယဲ့၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှု လှိုင်းတံပိုးကြီး တစ်ခု ရိုက်ခတ်သွားသည်။ ချိုးယွမ်ရှန်သည် အခွင့်အရေးကို အမိအရ ဖမ်းဆွဲပြီး အချိန်ကိုက် တွက်ချက်ထားသဖြင့် ပေတိုထျန်းယဲ့အနေဖြင့် လျှပ်တစ်ပြက် နေရာရွှေ့ပြောင်းခြင်းကို အသုံးပြုရန် အခွင့်အရေး လုံးဝ မရှိတော့ပါချေ။

“ရပ်လိုက်စမ်း...”

ပြင်းထန်စွာ ဒဏ်ရာရထားသော လုထျန်းချန်က အားနည်းစွာ အော်ဟစ်ရန် ကြိုးစားလိုက်သည်။

ကံဆိုးစွာဖြင့် သူ၏ အသံမှာ တိုးလွန်းသဖြင့် မကြားရသလို ကြားလျှင်တောင်မှ ချိုးယွမ်ရှန်က တစ်စက္ကန့်လေးမျှပင် တုံ့ဆိုင်းနေမည် မဟုတ်ပါချေ။

“ချိုးယွမ်ရှန်... ရပ်လိုက်စမ်း”

ထန်ယွင်ရှန်က ပျာယာခတ်စွာ ဟိန်းဟောက်လိုက်သည်။ သူသည် သူ့ကိုယ်သူအတွက် စိုးရိမ်နေခြင်း မဟုတ်ဘဲ ပေတိုထျန်းယဲ့ကို ဒုက္ခတွင်းထဲ ဆွဲသွင်းမိသွားမည်ကို စိုးရိမ်နေခြင်း ဖြစ်ပါ၏။

“မင်းက ငါနဲ့ ညှိနှိုင်းရမယ့် အနေအထားမှာ မရှိဘူးကွ... ခွေးမသားလေး... သွားသေလိုက်စမ်း”

ချိုးယွမ်ရှန်က မိုးကြိုးပစ်ချလိုက်သကဲ့သို့ အော်ဟစ်လိုက်သည်။

“ဝုန်း”

“ဖူး”

ကြောက်မက်ဖွယ် လက်ဝါးရိုက်ချက် ပေါက်ကွဲထွက်သွားသော်လည်း လူတိုင်းကို အံ့အားသင့်သွားစေသည်မှာ သွေးအန်သွားသူမှာ ပေတိုထျန်းယဲ့ မဟုတ်ဘဲ ချိုးယွမ်ရှန် ဖြစ်နေခြင်းပင် ဖြစ်ပါ၏။

ရိုက်ခတ်သွားသည့် အခိုက်အတန့်တွင် ချိုးယွမ်ရှန်မှာ အမည်းရောင် မျဉ်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အဝေးသို့ လွင့်ထွက်သွားကာ သူ၏ လုထျန်းချန်ကို ဖမ်းဆုပ်ထားမှုမှာလည်း နောက်ဆုံးတွင် ပြေလျော့သွားလေတော့သည်။

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ချိုးယွမ်ရှန်၏ စိတ်ထဲတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။ ပေတိုထျန်းယဲ့တွင် ဤကဲ့သို့သော စွမ်းအားမျိုး လုံးဝ ရှိမနေနိုင်ပါချေ။

“တတိယတပ်မှူး”

ကျိုးရီမှာလည်း အလန့်တကြား ဖြစ်သွားပြီး အလွန်အမင်း ထိတ်လန့်သွားရသည်။

“နန်းတော်သခင်”

ဖုန်းဝူချန်၏ ကိုယ်ဟန်ကို မြင်လိုက်ရသည့်အခါ ပေတိုထျန်းယဲ့၏ နှလုံးသားထဲတွင် ဝမ်းသာမှုများ လျှံကျလာတော့၏။

ဝင်ရောက် ကယ်တင်ပေးခဲ့သူမှာ အခြားသူ မဟုတ်၊ ဖုန်းဝူချန်ပင် ဖြစ်သည်။ ပေတိုထျန်းယဲ့၏ သတင်းပို့ချက်ကို ရရှိပြီးနောက် ဖုန်းဝူချန်သည် ချက်ချင်း ရောက်ရှိလာခဲ့ပြီး ကံကောင်းထောက်မစွာဖြင့် အချိန်ကိုက်ပင် ဖြစ်သွားခဲ့သည်။

အကယ်၍သာ သူ ခြေတစ်လှမ်း နောက်ကျသွားခဲ့ပါက လုထျန်းချန်သာမက ပေတိုထျန်းယဲ့ပါ ချိုးယွမ်ရှန်၏ လက်ချက်ဖြင့် သေဆုံးသွားရမည်မှာ မလွဲဧကန်ပင် ဖြစ်ပါ၏။

“ဖုန်း... အစ်ကိုဖုန်း”

ထန်ယွင်ရှန်မှာ အလွန်အမင်း အံ့အားသင့်သွားပြီး သူ၏ မျက်လုံးများပင် ပြူးထွက်မတတ် ဖြစ်သွားရသည်။

“ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”

ပြင်းထန်စွာ ဒဏ်ရာရထားသော လုထျန်းချန်မှာ ဖုန်းဝူချန်က ချိုးယွမ်ရှန်အား လက်ဝါးတစ်ချက်တည်းဖြင့် ပြင်းထန်စွာ ဒဏ်ရာရသွားစေသည်ကို ကြည့်ရင်း အလွန်အမင်း မှင်သက်နေပြီး လုံးဝ မယုံကြည်နိုင်အောင် ဖြစ်နေတော့၏။

“သူ... သူပါလား... သူက... သူက အရမ်း သန်မာတာပဲ”

အဝေးတစ်နေရာမှ ကျိုးရီမှာ ကြောက်ရွံ့မှုကြောင့် တစ်ကိုယ်လုံး တုန်ရီနေလေတော့သည်။

“နောက်ဆုံးတော့ အချိန်မီ ရောက်လာခဲ့ပြီပဲ”

ဖုန်းဝူချန်က သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ပြီး ပေတိုထျန်းယဲ့ဘက်သို့ လှည့်ကာ ...

မေးလိုက်သည်။

“ထျန်းယဲ့... မင်း အဆင်ပြေရဲ့လား”

“ကျွန်တော် အဆင်ပြေပါတယ်...

နန်းတော်သခင်... နောက်ဆုံးတော့ ရောက်လာပြီပဲ”

ပေတိုထျန်းယဲ့က ဝမ်းသာမျက်ရည်များ ကျဆင်းရင်း ပြန်ဖြေလိုက်သည်။ သေဘေးမှ သီသီလေး လွတ်မြောက်လာခဲ့ခြင်းပင် ဖြစ်ပါတော့၏။

wunzinnosp

All Chapters