အခန်း ၇၈၇
Vol. 53 Ch. 787
အခန်း (၇၈၇) - ပိုမိုကြီးထွားလာသော ပဋိပက္ခများ
~ယဲ့ထျန်းဝေနှင့် လေ့ထျန်းကျွယ်တို့သည် ကျန်းကျွင့်လန်တို့အဖွဲ့နှင့် သွားရောက် ပူးပေါင်းလိုက်ကြ၏။
ယခုအချိန်တွင် ယဲ့ထျန်းဝေတို့ အဖွဲ့သည် တောင်ကြားငယ်လေး တစ်ခုအတွင်း၌ စုဝေးနေကြသည်။
ဤမျှ တန်ဖိုးကြီးမားလှသော ကျင့်ကြံရန် နေရာကောင်းတစ်ခုကို ယဲ့ထျန်းဝေတို့အဖွဲ့အနေဖြင့် သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်မှ ကျောင်းသားများအား မည်သို့ အလွယ်တကူ လက်လွှတ်ပေးနိုင်ပါမည်နည်း။ အထူးသဖြင့် သူတို့က အတင်းအဓမ္မ လုယူရန် ကြိုးစားခဲ့သောကြောင့် ပို၍ပင် မပေးနိုင်ပါချေ။
ယခုအခါ သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်မှ ကျောင်းသားများသည် တောင်ကြားလေးသို့ ပြန်လည်ရောက်ရှိလာကြပြီး သူတို့နှင့်အတူ အစွမ်းထက်သော အကူအညီများကိုပါ ခေါ်ဆောင်လာခဲ့ကြ၏။
“ထျန်းကျီဘုံ အဆင့် (၈) တစ်ယောက်၊ ထျန်းကျီဘုံ အဆင့် (၆) နှစ်ယောက်... သူတို့က ကျောင်းတော်က လူတွေတော့ မဖြစ်နိုင်ဘူး၊ သူတို့ နောက်ကွယ်က အင်အားစုတွေဆီက လူတွေပဲ ဖြစ်ရမယ်”
ပေတိုယန်က မျက်မှောင်ကြုတ်လျက် လေးနက်တည်ကြည်သော မျက်နှာထားဖြင့် ဆိုလိုက်သည်။
“အရမ်း အစွမ်းထက်တာပဲ”
ယီထျန်းချင်းကလည်း လေးနက်သော လေသံဖြင့် ... ပြောလိုက်သည်။
“ထျန်းယဲ့ သွားတာ တော်တော်ကြာနေပြီ၊ နန်းတော်သခင်ကို မတွေ့သေးဘူးလား မသိဘူး၊ သူ မြန်မြန် ပြန်မလာရင် ငါတို့ ပြဿနာတွေ ပိုကြီးလာတော့မယ်”
ထျန်းကျီဘုံ အဆင့် (၈) နှင့် အဆင့် (၆) ပညာရှင် နှစ်ဦးကို ရင်ဆိုင်ရမည်ဖြစ်ရာ ယီထျန်းချင်းတို့အဖွဲ့မှာ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာခြင်းမှာ သဘာဝပင် ဖြစ်ပါ၏။
သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်မှ ကျောင်းသားများက အကူအညီများ ခေါ်ဆောင်လာမှုကြောင့် ကျင့်ကြံသူ များစွာ၏ အာရုံစိုက်မှုကို ရရှိသွားပြီး လာရောက် ကြည့်ရှုသူ များပြားလာကာ ထိုအထဲတွင် ကြေးစားအဖွဲ့ဝင် အတော်များများလည်း ပါဝင်သည်။
လူတိုင်းက ဘာတွေဖြစ်နေသည်ကို တိတိကျကျ မသိကြသော်လည်း ပွဲကြည့်ရန် စိတ်အားထက်သန်စွာဖြင့် ရောက်လာကြခြင်းပင်။
“သူတို့က မတိုက်နိုင်တော့ အကူအညီ ပြန်ခေါ်လာကြတယ်ပေါ့... တကယ့်ကို အံ့ဩစရာပဲ၊ အင်အားကို အားကိုးပြီး တခြားသူတွေကို အနိုင်ကျင့်တာကလွဲရင် တခြား ဘာအရည်အချင်းမှ ရှိပုံမရဘူး”
လျိုချင်းယန်က မထီမဲ့မြင် နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ ဤမောက်မာလှသော ကျောင်းသားများကို အင်မတန် အထင်သေးနေမိတော့၏။
“ငါ အဲဒီကျောင်းကို မရွေးချယ်ခဲ့တာ တော်သေးတယ်၊ သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်က တကယ်ကို စိတ်ပျက်ဖို့ ကောင်းတာပဲ၊ နန်းတော်သခင်နောက် လိုက်ရတာကမှ အများကြီး ပိုကောင်းသေးတယ်”
ဟု ကောင်းဝူရွှမ်ကလည်း အေးစက်စွာ ကဲ့ရဲ့လိုက်သည်။
“တတိယ အကြီးအကဲ... သူတို့ပဲ”
ကျောင်းသား တစ်ဦးက ယဲ့ထျန်းဝေကို ဒေါသတကြီး လက်ညှိုးထိုးကာ ပြောလိုက်သည်။ ထိုကျောင်းသားမှာ စောစောက ယဲ့ထျန်းဝေ၏ လက်ချက်ဖြင့် ဒဏ်ရာရခဲ့သူပင် ဖြစ်ပါ၏။
အစွမ်းထက် ပညာရှင် သုံးဦးထဲမှ ဦးဆောင်လာသော အဘိုးအိုမှာ ထိုကျောင်းသား နောက်ကွယ်ရှိ အင်အားစုမှ အကြီးအကဲ တစ်ဦး ဖြစ်ကြောင်း ထင်ရှားလှပြီး သူတို့၏ အင်အားမှာ လုံးဝ မသေးငယ်ကြောင်းကိုလည်း ဖော်ပြနေသည်။
တတိယ အကြီးအကဲ၏ အကြည့်များက ယဲ့ထျန်းဝေတို့အဖွဲ့ကို အကဲခတ်နေပြီး သူတို့အားလုံးမှာ လူငယ်များသာ ဖြစ်သော်လည်း တစ်ယောက်ချင်းစီတိုင်းက အစွမ်းထက်သော ကျင့်ကြံခြင်းအဆင့်များကို ပိုင်ဆိုင်ထားကာ မျက်နှာစိမ်းများ ဖြစ်နေသည်ကို သတိပြုမိလိုက်၏။
“မင်းတို့က ဘယ်သူတွေလဲ... ဘာလို့ ဒီကျင့်ကြံဖို့ နေရာကောင်းကို လုယူပြီး ငါတို့ ယန်မိသားစုရဲ့ သခင်လေးကို ဒဏ်ရာရအောင် လုပ်ရတာလဲ”
တတိယ အကြီးအကဲက ဩဇာပါသော လေသံဖြင့် မေးလိုက်လေရာ သူ၏ အိုမင်းနေသော မျက်နှာကြီးပေါ်တွင် ဒေါသအရိပ်အယောင် အနည်းငယ် ပေါ်လွင်နေတော့၏။
ထိုစကားကို ကြားသောအခါ ယဲ့ထျန်းဝေက မျက်မှောင်ကြုတ်လိုက်ပြီး ... ရှင်းပြလိုက်သည်။
“အဘိုးကြီး... ကြည့်ရတာ ယန်မိသားစုရဲ့ သခင်လေးက ခင်ဗျားကို အမှန်တိုင်း မပြောပြထားဘူး ထင်တယ်၊ ဒီနေရာကို အရင်ဆုံး တွေ့တာ ကျွန်တော်တို့ပါ၊ သူတို့က သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်က ကျောင်းသားတွေ ဖြစ်နေလို့ ကျွန်တော်တို့က ယဉ်ယဉ်ကျေးကျေး ပြောဆိုခဲ့ပြီး တိုက်ခိုက်တဲ့ နေရာမှာတောင် သက်ညှာပေးခဲ့သေးတယ်၊ လုယူတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြောရရင်တော့ ယန်မိသားစုရဲ့ သခင်လေးကိုပဲ အပြစ်တင်ရမှာပါ”
ယဲ့ထျန်းဝေမှာ မေမာက်မာသလို နှိမ့်ချခြင်းလည်း မရှိဘဲ သူ၏ မျက်နှာပေါ်တွင် မည်သည့် ကြောက်ရွံ့မှုမျှ မရှိပါချေ။
သူ၏ နောက်ကွယ်တွင် နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့ ရှိနေသည်ကို မဆိုထားနှင့်၊ ရှန်ဝူဂိုဏ်း၏ ကျောထောက်နောက်ခံ တစ်ခုတည်းကပင် သူ့အား ယန်မိသားစုကို မကြောက်ရွံ့စေရန် လုံလောက်နေပြီပင်။
“တတိယ အကြီးအကဲ... သူ့ရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို နားမထောင်ပါနဲ့၊ ဒီတောင်ကြားကို အရင်ဆုံး တွေ့တာ ကျွန်တော်တို့ပါ၊ လမ်းတစ်လျှောက်လုံး ဘယ်သူမှ မရှိခဲ့ပါဘူး၊ သူတို့ကသာ ရုတ်တရက် ပေါ်လာပြီး သူတို့ရဲ့ ခွန်အားကို အားကိုးကာ ကျွန်တော့်ကို ဒဏ်ရာရအောင် လုပ်ခဲ့တာပါ... ကျွန်တော်တို့က သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်က ကျောင်းသားတွေသာ မဟုတ်ရင် သူတို့က ကျွန်တော်တို့ကို သတ်တောင် သတ်ပစ်လောက်တယ်”
ယန်မိသားစု၏ သခင်လေးက ဒေါသတကြီး အော်ဟစ်လိုက်သည်။
“တတိယ အကြီးအကဲ... ယန်ရွှမ် ပြောတာ အမှန်တွေပါ၊ ပြီးတော့ သူတို့က အရင် စတင် တိုက်ခိုက်ခဲ့တာပါ”
အခြား ကျောင်းသား တစ်ဦးကလည်း ဝင်ရောက် ထောက်ခံလိုက်ပြီး ကျန်သော ကျောင်းသားများကလည်း ယဲ့ထျန်းဝေတို့အဖွဲ့ကသာ အရင် စတင် တိုက်ခိုက်ပြီး နေရာကို လုယူခဲ့ခြင်း ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုကြ၏။
ဤကျောင်းသားများမှာ ကြိုတင် တိုင်ပင်ထားခဲ့ကြကြောင်း ထင်ရှားလှပေသည်။
ကျောင်းသား အားလုံးက တစ်ညီတစ်ညွတ်တည်း ထောက်ခံနေကြသည်ဖြစ်ရာ အားလုံးက လိမ်ပြောနေခြင်းတော့ မဖြစ်နိုင်ဟု လူအများက တွေးထင်သွားကြ၏။
“သူတို့က တော်တော် သတ္တိကောင်းတာပဲ... သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်က ကျောင်းသားတွေကိုတောင် ပြစ်မှားရဲတဲ့အပြင် ယန်မိသားစုရဲ့ သခင်လေးကိုပါ ဒဏ်ရာရအောင် လုပ်ရဲတယ်၊ သူတို့က အသက်ရှင်ရတာ ငြီးငွေ့နေပြီ ထင်တယ်... ယန်မိသားစု ခေါင်းဆောင်က သူ့သားကို ဘယ်လောက် အလိုလိုက်ထားလဲဆိုတာ နာမည်ကြီးပဲကို”
“ဒီကျောင်းတော်က ပါရမီရှင် ကျောင်းသားတွေကို သွားမရှုပ်တာ အကောင်းဆုံးပဲ၊ တစ်ယောက်ချင်းစီတိုင်းက ကောင်းကင်ထိ ထိုးတက်နေတဲ့ မာနတွေ ရှိကြတာလေ၊ သူတို့ကို ပြစ်မှားမိရင်တော့ ကိုယ့်ကံဆိုးမှုလို့ပဲ မှတ်လိုက်တော့”
စောင့်ကြည့်နေကြသူများက တိုးတိုးတိတ်တိတ် ဝေဖန် ဆွေးနွေးနေကြသည်။
“အော်... ကျင့်ကြံဖို့ နေရာလုကြတဲ့ ကိစ္စကိုး၊ ရတနာ တစ်ခုခုများ တွေ့လို့လား အောက်မေ့နေတာ”
စောင့်ကြည့်နေကြသော ကျင့်ကြံသူများက ခေါင်းခါယမ်းရင်း ရေရွတ်လိုက်ကြ၏။ မြောက်ဘက် ဆန်းကြယ် နယ်မြေမှ ကျင့်ကြံသူများ ဖြစ်ကြသည့်အားလျော်စွာ သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်မှ ကျောင်းသားများ၏ နောက်ကွယ်ရှိ ကြောက်မက်ဖွယ်ကောင်းသော နောက်ခံအင်အားစုများ အကြောင်းကို သူတို့ အားလုံး ကောင်းစွာ သိရှိထားကြပါ၏။
သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်နှင့် ပတ်သက်နေသူ မည်သူ့ကိုမဆို မည်သူကမျှ အလွယ်တကူ သွားရောက် မပြစ်မှားဝံ့ကြပါချေ။
“မင်းတို့ ပြောစရာ ရှိသေးလား”
တတိယ အကြီးအကဲက ဩဇာပါသော လေသံဖြင့် မေးလိုက်လေရာ သူ၏ အိုမင်းနေသော မျက်နှာကြီးမှာ အလွန်တရာ မှောင်မိုက်နေပြီး သူ၏ မျက်လုံးများထဲတွင် ရက်စက်သော အလင်းတန်းများ ဝင်းလက်နေတော့၏။
တတိယ အကြီးအကဲအနေဖြင့် ထိုကျောင်းသားများကို မယုံကြည်လျှင်တောင်မှ ယန်ရွှမ်ဘက်မှ ကာကွယ်ပေးမည်သာ ဖြစ်သည်။ မိမိ၏ သခင်လေး ဒဏ်ရာရထားသည်ကို သူက လက်ပိုက် ကြည့်နေနိုင်မည်လော။
“ဆက်ပြောနေလည်း အပိုပါပဲ၊ အချိန်ကုန်တာပဲ အဖတ်တင်မယ်... သူက ငါတို့ကို ယုံမှာမှ မဟုတ်တာ”
နန်းကုန်းကျန့်က မျက်မှောင်ကြုတ်လျက် ဆိုလိုက်သည်။
“ခင်ဗျားက သူတို့ကိုပဲ ယုံချင်နေမှတော့ ခင်ဗျား ဘာလိုချင်လဲဆိုတာသာ ပြောပါ၊ အချိန်ဆွဲမနေပါနဲ့”
လျိုချင်းယန်က လက်ကို ဖြန့်ကားပြလိုက်ပြီး စကားများများ ပြောနေမည့်အစား လိုရင်းကိုသာ တိုက်ရိုက် သွားလိုကြောင်း ပြသလိုက်သည်။
“ဒူးထောက်၊ ခေါင်းတိုက်ပြီး မင်းတို့အမှားကို ဝန်ခံ... ပြီးရင် ဒီကနေ ထွက်သွားကြစမ်း၊ မဟုတ်ရင် သေဖို့သာ ပြင်ထား”
သခင်လေးယန်က ဟိန်းဟောက်လိုက်ရာ သူ၏ မျက်နှာပေါ်တွင် မောက်မာသော လှောင်ပြုံးတစ်ခု ပေါ်ထွက်လာတော့၏။
ရွေးချယ်စရာ နှစ်လမ်းသာ ရှိသည်။ ဒူးထောက်ပြီး အမှားဝန်ခံမည်လား၊ သို့မဟုတ် သေမည်လား။
သို့သော် ထိုရွေးချယ်စရာ နှစ်ခုစလုံးမှာ လျိုချင်းယန်တို့အဖွဲ့အတွက် လုံးဝ အဆင်မပြေပါချေ။
“ငါက တတိယ လမ်းကြောင်းကို ရွေးချယ်ချင်တယ် ဆိုရင်ရော”
လျိုချင်းယန်က အေးစက်စွာ မေးလိုက်ပြီး သူ၏ မျက်နှာထားမှာ မှောင်မိုက်သွားကာ သခင်လေးယန်ကို ထီမထင်.. စိုက်ကြည့်လိုက်၏။
“တတိယ လမ်းကြောင်းဆိုတာလည်း သေလမ်းပဲကွ၊ တတိယ အကြီးအကဲ... သူတို့ကို သတ်ပစ်လိုက်”
သခင်လေးယန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
ထိုအခါ၊
ယဲ့ထျန်းဝေက အေးစက်စွာဖြင့် ...
တုံ့ပြန်လိုက်၏။
“ငါတို့က ယန်မိသားစုကို ကြောက်နေမယ်လို့ မင်း တကယ်ပဲ ထင်နေတာလား၊ ဘယ်သူ သေမလဲဆိုတာ မသေချာသေးဘူးနော်”
“စကားကြီး စကားကျယ်တွေ ပြောနေပါလား”
တတိယ အကြီးအကဲက ဟိန်းဟောက်လိုက်ရာ သူ၏ လွှမ်းမိုးဖိနှိပ်နိုင်သော အရှိန်အဝါများ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ထျန်းကျီဘုံ အဆင့် (၈) ၏ အားပြင်းသည့် စွမ်းအားများ အရပ်မျက်နှာ အနှံ့အပြားသို့ ရိုက်ခတ်သွားတော့၏။
“ဝီ... ဝီ...”
အားလှိုင်းများမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းပြီး ပြင်းထန်သော ချီစွမ်းအားများကို သယ်ဆောင်လာသည်။ စောင့်ကြည့်နေကြသော ကျင့်ကြံသူများ အားလုံးမှာ ကြောက်လန့်တကြား နောက်သို့ ဆုတ်ခွာသွားကြပြီး ပတ်ဝန်းကျင်ရှိ တောင်တန်းများမှာလည်း ပြင်းထန်စွာ တုန်လှုပ်သွားရ၏။
“သူတို့ကို ရင်ဆိုင်ဖို့ ထျန်းကျီဘုံ အဆင့် (၈) ကို အသုံးပြုတာက အနိုင်ကျင့်လွန်းရာ မကျဘူးလားဗျာ... ဒီက ကျွန်တော့် သူငယ်ချင်းတွေက အစွမ်းအထက်ဆုံးမှ ထျန်းကျီဘုံ အဆင့် (၃) ပဲ ရှိသေးတာ... အဘိုးကြီး... ခင်ဗျားက တိုက်ချင်နေတယ် ဆိုရင်လည်း ကျုပ်နဲ့ တိုက်ကြတာပေါ့ဗျာ”
ထိုအခိုက်အတန့်၌ ဖုန်းဝူချန်၏ တည်ငြိမ်သော အသံ ထွက်ပေါ်လာသည်။
“အစ်ကိုဖုန်း”
“နန်းတော်သခင်... နန်းတော်သခင် ရောက်လာပြီဟေ့”
ဖုန်းဝူချန်၏ အသံကို ကြားလိုက်ရသည်နှင့် လျိုချင်းယန်နှင့် ယဲ့ထျန်းဝေတို့မှာ ချက်ချင်းပင် အလွန်အမင်း ဝမ်းသာသွားကြပြီး သူတို့၏ မျက်နှာများပေါ်တွင် စိတ်လှုပ်ရှားဖွယ် အပြုံးများ ပေါ်ထွက်လာတော့၏။
ယီထျန်းချင်းက သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ပြီး ဆိုလိုက်သည်။
“နန်းတော်သခင် ရောက်လာလို့ တော်သေးတာပေါ့၊ မဟုတ်ရင် ဒီလောက် အစွမ်းထက်တဲ့ ပြိုင်ဘက်ကို ရင်ဆိုင်ရတာ ငါတို့ အများကြီး ဒုက္ခရောက်မှာ သေချာတယ်”
“အစ်ကိုဖုန်း ရောက်နေပြီဆိုတော့ ဘယ်သူ သေမလဲဆိုတာ ကြည့်ကြသေးတာပေါ့”
ဟု လျိုချင်းယန်က ထီမထင်စွာ.. ရယ်ရင်း ပြောလိုက်၏။
ဖုန်းဝူချန်၏ အသံ မဆုံးမီမှာပင် သူ၏ ကိုယ်ဟန်က ယဲ့ထျန်းဝေတို့၏ ရှေ့တွင် လျှို့ဝှက်ဆန်းကြယ်စွာ ပေါ်ထွက်လာသည်။ သူ၏ ကိုယ်ဖော့ပညာမှာ အလွန်တရာ အစွမ်းထက်လွန်းလှသဖြင့် ထိုနေရာတွင် ရှိနေသူ အားလုံးကို အံ့အားသင့်သွားစေတော့၏။
တတိယ အကြီးအကဲမှာ မျက်မှောင်ကို ပြင်းပြင်းထန်ထန် ကြုတ်လိုက်ပြီး အလွန်အမင်း အံ့အားသင့်သွားကာ ...
စိတ်ထဲမှ တွေးလိုက်မိသည်။
'အရမ်း အစွမ်းထက်တဲ့ ကိုယ်ဖော့ပညာပဲ၊ သူ ပေါ်လာမှပဲ ငါ သူ့ရဲ့ တည်ရှိမှုကို အာရုံခံမိတယ်၊ ပြီးတော့ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကိုလည်း ငါ လုံးဝ အကဲခတ်လို့ မရဘူး'
“ဒီလူငယ်လေးက သူ့ကိုယ်သူ သေချာ ဖုံးကွယ်ထားတာပဲ၊ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို လုံးဝ မှန်းဆလို့ မရဘူး”
“ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက် မောက်မာနေတယ်ဆိုတော့ သူ့ဆီမှာ အရည်အချင်း တစ်ခုခုတော့ ရှိရမယ်၊ မဟုတ်ရင်တော့ စကားကြီး စကားကျယ် ပြောနေတာ သက်သက်ပဲ”
“ဒီကောင်လေးက တော်တော် အစွမ်းထက်မယ့်ပုံပဲ၊ သူ ဘယ်အချိန်က ရောက်လာလဲဆိုတာ ငါတို့ လုံးဝ သတိမထားမိလိုက်ဘူး... သူ့ဆီမှာ တကယ့် စစ်မှန်တဲ့ ခွန်အားသာ မရှိရင် တတိယ အကြီးအကဲကို စိန်ခေါ်ရဲမှာ မဟုတ်ဘူး”
စောင့်ကြည့်နေကြသော ကျင့်ကြံသူ များစွာက တိုးတိုးတိတ်တိတ် ဝေဖန် ဆွေးနွေးနေကြပြန်၏။
“သေတွင်းတူးမယ့်ကောင် နောက်တစ်ယောက် ထပ်ရောက်လာပြန်ပြီပဲ... တတိယ အကြီးအကဲ... သူ့ကို အရင်ဆုံး သတ်ပစ်လိုက်စမ်း”
သခင်လေးယန်က ဒေါသတကြီး အော်ဟစ်လိုက်လေရာ သူ၏ မျက်နှာထားမှာ သူ့လမ်းကို ပိတ်ဆို့သူ မည်သူ့ကိုမဆို သတ်ပစ်တော့မည့်အလား အလွန်တရာ ရက်စက်ကြမ်းကြုတ်နေတော့သည်။
ဖုန်းဝူချန်က အေးစက်စွာ လှောင်ရယ် ရယ်လိုက်ပြီး ...သတိပေးလိုက်၏။
“ခင်ဗျားမှာ စွမ်းအားရှိရင် ကြိုက်သလို သတ်နိုင်ပါတယ်၊ ဒါပေမဲ့ ကျုပ် ကြိုပြောထားမယ်နော်... ကျုပ်တို့က လွယ်လွယ်နဲ့ အနိုင်ကျင့်လို့ ရမယ့်လူတွေ မဟုတ်ဘူးဗျ”
“မင်းတို့က လွယ်လွယ်နဲ့ အနိုင်ကျင့်လို့ မရဘူးဆိုတာ ဘယ်လိုမျိုးလဲ ငါ ကြည့်ချင်သေးတယ်”
တတိယ အကြီးအကဲက ဩဇာပါသော လေသံဖြင့် ဟိန်းဟောက်လိုက်ရာ သူ၏ အရှိန်အဝါမှာ နောက်တစ်ဖန် တစ်ဟုန်ထိုး မြင့်တက်လာပြီး စွမ်းအားကုန်ကို စုစည်းလိုက်လေတော့သည်။
တတိယ အကြီးအကဲသည် ဖုန်းဝူချန်၏ စွမ်းအားကို အကဲမခတ်နိုင်သဖြင့် ပေါ့ဆရန် မဝံ့ရဲဘဲ ခွန်အားကုန် ထုတ်သုံးရမည်သာ။
wunzinnosp