အခန်း ၇၈၉
Vol. 53 Ch. 789
အခန်း (၇၈၉) - အကြောက်တရား သွင်းပေးခြင်း
~ဖုန်းဝူချန်သည် ကြီးစိုးသော အင်အားဖြင့် လှုပ်ရှားလိုက်သည်။
“ဝှစ်”
“ဝီ... ဝီ...”
တပ်မဟာကြီး တစ်ခုလုံးကို အမှုန့်ကြိတ်ပစ်နိုင်စွမ်းရှိသော အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသည့် သွေးရောင် စွမ်းအင်ဓားကြီး တစ်လက်သည် ယန်မိသားစု၏ တတိယ အကြီးအကဲထံသို့ အဟုန်ပြင်းစွာ ပြေးဝင်သွားရာ နားကွဲမတတ် လေခွင်းသံများ ထွက်ပေါ်လာတော့၏။ နာကျင်ဖွယ်ကောင်းသော အသံကြောင့် လူတိုင်း၏ နားစည်များ အက်ကွဲလုမတတ် ဖြစ်သွားပြီး အားလုံးက နားများကို ကမန်းကတန်း ပိတ်ထားလိုက်ကြရသည်။ အားကောင်းသော ဓားကြီး ဖြတ်သန်းသွားရာ နေရာတိုင်းရှိ ဟင်းလင်းပြင်တွင် အမည်းရောင် အက်ကွဲကြောင်းကြီးများ ခြောက်ခြားဖွယ်ရာ ပေါ်ထွက်လာတော့၏။
တတိယ အကြီးအကဲ၏ မျက်နှာထားမှာ အလွန်တရာ လေးနက်တည်ကြည်သွားသည်။ ဖုန်းဝူချန်၏ စွမ်းအင်ဓားကြီးက သူ့အား သတိဝီရိယ ကြီးစွာထားရန် သတိပေးနေသကဲ့သို့ ဖြစ်နေသဖြင့် သူသည် ပြတ်သားစွာ နောက်သို့ ဆုတ်ခွာလိုက်ရင်း တစ်ချိန်တည်းမှာပင် အဆင့်မြင့် ဝိညာဉ်လက်နက် တစ်ခုကို ဆင့်ခေါ်လိုက်သည်။
“ဝီ... ဝီ...”
အားပြင်းသည့် စွမ်းအားများကို အစွမ်းကုန် အသက်သွင်းလိုက်ပြီးနောက် တတိယ အကြီးအကဲသည် နောက်သို့ ဆုတ်ခွာနေစဉ်မှာပင် လက်ကွက်များ ဖော်ကာ ကြောက်စရာကောင်းသော စွမ်းအားများကို စုစည်းလိုက်၏။
“မြေကမ္ဘာအဆင့် အဆင့်မြင့် သိုင်းကွက်... မီးတောက်ဓား ကိုးလက်”
တတိယ အကြီးအကဲက ဟိန်းဟောက်လိုက်ရာ သူ၏ ညာဘက်လက်မှ မိုးထိမတတ် မြင့်မားသော မီးတောက်များ မျက်တောင်တစ်ခတ်အတွင်း ပေါ်ထွက်လာပြီး အားပြင်းသည့် စွမ်းအားများ လွှမ်းခြုံသွားတော့၏။
အဆင့်မြင့် ဝိညာဉ်လက်နက်နှင့် မြေကမ္ဘာအဆင့် သိုင်းကွက်တို့ ပေါင်းစပ်လိုက်သည့်အခါ ထွက်ပေါ်လာသော စွမ်းအားမှာ ထျန်းကျီဘုံ အဆင့် (၉) ၏ စွမ်းအားနှင့် နှိုင်းယှဉ်နိုင်ပြီး ဖုန်းဝူချန်၏ စွမ်းအားကိုပင် ကျော်လွန်သွားခဲ့သည်။
ဖုန်းဝူချန်က တည်ငြိမ်စွာဖြင့် ...
“တကယ် အားမနည်းတဲ့ စွမ်းအားပဲ” ဟု မှတ်ချက်ချလိုက်သည်။
“ဝှစ်”
“ဝီ... ဝီ...”
တတိယ အကြီးအကဲက သူ၏ လက်ကို ရုတ်တရက် ဝှေ့ယမ်းလိုက်ရာ ပေထောင်ချီ ကြီးမားလှသော မီးတောက်ဓားကြီး တစ်လက်သည် တားဆီး၍မရနိုင်သော အဟုန်ဖြင့် ပေါက်ကွဲထွက်လာသည်။ တောက်ပလှသော မီးရောင်များက ဟင်းလင်းပြင် တစ်ခုလုံးကို နီရဲသွားစေပြီး ပတ်ဝန်းကျင်၏ အပူချိန်မှာလည်း ရုတ်တရက် အဆမတန် မြင့်တက်လာတော့၏။
“ဝုန်း ဝုန်း ဝုန်း”
“ဝီ... ဝီ...”
လူအုပ်ကြီး၏ ထိတ်လန့်နေသော အကြည့်များအောက်တွင် ဟင်းလင်းပြင်ကို ပိုင်းဖြတ်လာသော အားပြင်းသည့် စွမ်းအားကြီး နှစ်ခုမှာ မျက်တောင်တစ်ခတ်အတွင်း ပြင်းထန်စွာ ရိုက်ခတ်သွားပြီး ပေါက်ကွဲထွက်သွားသည်။ ကမ္ဘာမြေကို တုန်လှုပ်သွားစေသော ပေါက်ကွဲသံက ရှုမီ ချောက်ကမ်းပါး တစ်ခုလုံးကို ပဲ့တင်ထပ်သွားစေပြီး အားလှိုင်းများက ဟင်းလင်းပြင်ကို ဖောက်ထွင်းကာ ဧရာမ အမည်းရောင် အပေါက်ကြီး တစ်ခုကို ဖြစ်ပေါ်စေပြီး နေရာတစ်ခုလုံးကို တောက်ပသော အလင်းတန်းများဖြင့် ဖုံးလွှမ်းသွားစေတော့၏။
မိမိတို့ထံသို့ ပြေးဝင်လာသော အားလှိုင်းများကို ရင်ဆိုင်ရသည့်အခါ လျိုချင်းယန်နှင့် အခြားသူများက ယွမ်စွမ်းအင်များကို ကမန်းကတန်း လှုံ့ဆော်ကာ ခုခံလိုက်ကြသော်လည်း နောက်သို့ လွင့်စင်သွားကြရသည်။
ကြောက်မက်ဖွယ် အားလှိုင်းများ အောက်ဘက်သို့ ပျံ့နှံ့သွားရာ အောက်ဘက်ရှိ ခမ်းနားထည်ဝါလှသော တောင်တန်းကြီးများမှာ တစ်ခုပြီးတစ်ခု ပြိုကျပျက်စီးကုန်တော့၏။
“ဝုန်း ဝုန်း ဝုန်း”
“ဝီ... ဝီ...”
လူအုပ်ကြီး မျက်လုံးပင် မဖွင့်နိုင်မီ အချိန်အတွင်းမှာပင် ကောင်းကင်ယံထက်မှ ပြင်းထန်လှသော တိုက်ပွဲအသံများ ထပ်မံ ထွက်ပေါ်လာပြန်သည်။ တိုက်ခိုက်နေသူ နှစ်ဦးမှာ ကြောက်မက်ဖွယ် အားလှိုင်းများကို အနည်းငယ်မျှပင် ဂရုမစိုက်ကြပါချေ။
စွမ်းအားများ၏ ပြင်းထန်လှသော ရိုက်ခတ်မှုများက ယခင် အားလှိုင်းများကို အတင်းအဓမ္မ လူစုခွဲပစ်လိုက်ပြီး တောက်ပသော အလင်းတန်းများကိုပါ လွင့်စင်သွားစေသည်။
ဖုန်းဝူချန်နှင့် တတိယ အကြီးအကဲတို့၏ ပြင်းထန်လှသော တိုက်ပွဲကြီးကို လူတိုင်း၏ အမြင်အာရုံထဲတွင် နောက်တစ်ဖန် ထင်ရှားစွာ မြင်တွေ့လိုက်ရပြန်၏။
တတိယ အကြီးအကဲသည် သူ၏ ကိုယ်ပိုင် စွမ်းအားများဖြင့် ဤမျှ အစွမ်းထက်နေခြင်းမှာ ဖြစ်နိုင်ခြေ ရှိလှပေသည်။
သို့သော် ဖုန်းဝူချန်မှာမူ ပြင်ပ စွမ်းအားများကို အားကိုးပြီးမှသာ ဤအဆင့်သို့ ရောက်ရှိလာခြင်း ဖြစ်ရာ သူ၏ ခန္ဓာကိုယ်က ဤမျှ ကြီးမားသော စွမ်းအားများကို ခံနိုင်ရည် ရှိပါမည်လော။
“အဲဒီကောင်လေးက ဘယ်သူလဲ... သူ့ရဲ့ စွမ်းအားက တကယ်ပဲ အဲဒီလောက် ကြောက်စရာကောင်းနေတာလား... စောစောက မြေကမ္ဘာအဆင့် သိုင်းကွက်နဲ့ ထိပ်တိုက် ရင်ဆိုင်လိုက်ရတာတောင် ဒဏ်ရာမရဘူးတဲ့လား”
“ငါ အသက်ရှင်လာတဲ့ ဆယ်စုနှစ်တွေ တစ်လျှောက်လုံးမှာ ဒီလောက် ကြောက်စရာကောင်းတဲ့ လူငယ်မျိုးကို တစ်ခါမှ မမြင်ဖူးဘူး... သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်က နံပါတ်တစ် ပါရမီရှင်တောင် သူ့နောက်မှာ အများကြီး ကျန်ခဲ့တာပဲ”
“သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်က ဆရာတွေကိုတောင် ကျော်လွန်နေပြီပါလား”
လူအုပ်ကြီးမှာ ပို၍ပင် အံ့အားသင့်လာကြပြီး သူတို့၏ မျက်နှာများမှာ တောင့်တင်းနေတော့၏။ တတိယ အကြီးအကဲသည် အဆင့်မြင့် ဝိညာဉ်လက်နက်ကို ထုတ်သုံးထားသည်ကို သူတို့ သိသော်လည်း သူသည် ဖုန်းဝူချန်အား မဖိနှိပ်နိုင်သေးသည် မဟုတ်ပါလော။
ယန်မိသားစု၏ သခင်လေးနှင့် ကျောင်းသား အနည်းငယ်မှာ သစ်သားရုပ်ကြီးများပမာ မှင်သက်ကာ ရပ်နေမိကြသည်။
သူတို့ မသိသောအရာမှာ ဖုန်းဝူချန်၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်မှာ အလွန်တရာ သန်မာလွန်းလှပြီး ကြောက်မက်ဖွယ်ကောင်းသော အဆင့်တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းကိုပင်။
အကယ်၍များ ဖုန်းဝူချန်သည် စွမ်းအားကုန်ကို မထုတ်သုံးရသေးကြောင်း သူတို့ သိရှိသွားပါက ကြောက်လန့်ပြီး သေသွားနိုင်လောက်ပေသည်။
အချိန်ကြာလာသည်နှင့်အမျှ ပြင်းထန်လှသော တိုက်ပွဲကြီးအတွင်း၌ တတိယ အကြီးအကဲမှာ နောက်တစ်ဖန် အရေးနိမ့်လာပြန်ပြီး သူ၏ ယွမ်စွမ်းအင်များမှာလည်း အကြီးအကျယ် ကုန်ခမ်းနေ၏။
“ကြည့်ရတာ အဘိုးကြီး ဆက်မတောင့်ခံနိုင်တော့ဘူး ထင်တယ်၊ ဟီးဟီး”
ဖုန်းဝူချန်က အရူးအမူး တိုက်ခိုက်နေရင်း အေးစက်စွာ ရယ်လိုက်သည်။
တတိယ အကြီးအကဲ၏ မျက်နှာမှာ အနည်းငယ် ဖြူဖျော့နေပြီး အသက်ရှူနှုန်းများလည်း မြန်ဆန်လာတော့၏။ ကြောက်မက်ဖွယ်ကောင်းသော ဖုန်းဝူချန်ကို ရင်ဆိုင်ရာတွင် သူသည် အဆုံးအစမရှိသော နာကျင်မှုများကို ခံစားနေရပြီး အသည်းအသန် ရုန်းကန်နေရသော်လည်း မဖွင့်ဟနိုင်ပါချေ။
“ဒါဆိုရင်တော့ ကျုပ်လည်း သက်ညှာနေမှာ မဟုတ်တော့ဘူး”
ဖုန်းဝူချန်က အေးစက်စွာ လှောင် ရယ်လိုက်ပြီး စကားပြောနေရင်းမှာပင် သူ၏ အမြန်နှုန်းနှင့် စွမ်းအားများက ရုတ်တရက် တစ်ဟုန်ထိုး မြင့်တက်လာတော့၏။
“သူက စွမ်းအားတွေကို ဖုံးကွယ်ထားသေးတာလား... သူကများ ထျန်းကျီဘုံ အဆင့် (၉) ကို ရောက်နေတာလား”
တတိယ အကြီးအကဲ၏ နှလုံးသားမှာ ပြင်းထန်စွာ တုန်လှုပ်သွားပြီး ထိုအတွေးကိုပင် ဆက်မတွေးဝံ့အောင် ဖြစ်သွားရသည်။
“ဘုန်း ဘုန်း ဘုန်း”
“ဖူး ဖူး”
ဖုန်းဝူချန်၏ အမြန်နှုန်းမှာ ရုတ်တရက် တစ်ဟုန်ထိုး မြင့်တက်သွားရာ တတိယ အကြီးအကဲမှာ လုံးဝ မခုခံနိုင်တော့ဘဲ ဖုန်းဝူချန်၏ ပြင်းထန်သော တိုက်ကွက်များကို ခံလိုက်ရပြီး သွေးများ အဆက်မပြတ် အန်ထွက်လာတော့၏။
“တတိယ အကြီးအကဲ”
သခင်လေးယန်မှာ အလွန်အမင်း ထိတ်လန့်သွားပြီး မနေနိုင်တော့ဘဲ စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။
“ဟယ်...”
ယန်မိသားစု၏ တတိယ အကြီးအကဲသည် ဖုန်းဝူချန်၏ ရက်စက်ကြမ်းကြုတ်စွာ ရိုက်နှက်ခံနေရသည်ကို မြင်လိုက်ရသည့်အခါ စောင့်ကြည့်နေကြသော ကျင့်ကြံသူများစွာမှာ ကြောက်လန့်တကြား ပင့်သက်ရှိုက်သွားကြပြီး သူတို့၏ ခန္ဓာကိုယ်များမှာ တုန်ရီကာ ချွေးသီးချွေးပေါက်များ ကျလာကြသည်။
“အကြီးအကဲယန်က အဲဒီကောင်လေးကို တကယ် မယှဉ်နိုင်ပါလား”
“အကြီးအကဲယန်တော့ ရှုံးတော့မယ်”
“အဲဒီကောင်လေးက တကယ့်ကို ကြောက်စရာကောင်းတာပဲဗျာ”
ကျင့်ကြံသူများမှာ အလွန်အမင်း ထိတ်လန့်နေကြပြီး ဖုန်းဝူချန်ကို မိစ္ဆာတစ်ကောင်အား ကြည့်နေသည့်အလား ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသော အကြည့်များဖြင့် စိုက်ကြည့်နေမိကြတော့၏။
တတိယ အကြီးအကဲမှာ ပြန်လည် တိုက်ခိုက်နိုင်စွမ်း မရှိတော့ဘဲ ဖုန်းဝူချန်၏ အဆက်မပြတ် ရိုက်နှက်ခြင်းကို ခံနေရကာ သူ၏ ဒဏ်ရာများမှာလည်း အလျင်အမြန် ဆိုးရွားလာသည်။
“ဝုန်း”
“ဖူး”
နောက်ဆုံး လက်သီးချက်ဖြင့် ဖုန်းဝူချန်သည် တတိယ အကြီးအကဲကို အဝေးသို့ လွင့်စင်သွားစေပြီး ပြင်းထန်သော ဒဏ်ရာများကို အပြည့်အဝ ပေးစွမ်းလိုက်လေတော့၏။
ပြင်းထန်စွာ ဒဏ်ရာရထားသော တတိယ အကြီးအကဲမှာ ဆက်လက် မရပ်တည်နိုင်တော့ဘဲ လုံးဝ အရေးနိမ့်သွားခဲ့သည်။
တိတ်ဆိတ်ခြင်း... နေရာတစ်ခုလုံး သေမင်းတမန် တိတ်ဆိတ်သွားပြီး လူတိုင်း၏ အကြည့်များက လွင့်ထွက်သွားသော တတိယ အကြီးအကဲထံသို့သာ ရောက်ရှိနေကြသည်။
ဖုန်းဝူချန်၏ အားပြင်းသည့် စွမ်းအားများက တစ်နေရာလုံးကို အကြောက်တရား သွင်းပေးလိုက်နိုင်သည်မှာ သေချာလှပေသည်။
ကျင့်ကြံသူများစွာသည် ဖုန်းဝူချန်အား လုံးဝ သွားမပြစ်မှားမိစေရန် သူတို့၏ စိတ်ထဲတွင် တိတ်တဆိတ် ဆုံးဖြတ်လိုက်ကြလေတော့၏။
တိုက်ပွဲမှာ နာရီဝက်ပင် မကြာလိုက်သော်လည်း တတိယ အကြီးအကဲမှာ ရှုံးနိမ့်သွားခဲ့ပြီး ဖုန်းဝူချန်မှာမူ အနည်းငယ်မျှပင် ထိခိုက်ဒဏ်ရာ မရရှိခဲ့သလို အသက်ရှူပင် မမှားခဲ့ပါချေ။
“တတိယ အကြီးအကဲ”
သခင်လေးယန်က ပျာယာခတ်စွာဖြင့် သူ၏ အနီးသို့ ပျံသန်းသွားသည်။
“အဟွတ် အဟွတ်...”
တတိယ အကြီးအကဲက အဆက်မပြတ် ချောင်းဆိုးလိုက်ရာ သူ၏ မျက်နှာမှာ စက္ကူတစ်ရွက်ပမာ ဖြူဖျော့နေပြီး ခက်ခဲစွာဖြင့် ... ပြောလိုက်သည်။
“မင်းဆီမှာ ဒီလို စွမ်းအားမျိုး ရှိနေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး... မင်းရဲ့ နိုင်ပွဲကို ငါ လုံးဝ အသိအမှတ်ပြုပါတယ်”
ထိုစကားကို ကြားသောအခါ ဖုန်းဝူချန်က ...ဆုံးမလိုက်သည်။
“ကျုပ်တို့ အားလုံးက ကျင့်ကြံဖို့ ဒီကို လာကြတာပဲ... ဘာလို့ လုနေဖို့ လိုလို့လဲ၊ မင်းတို့က သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်က ကျောင်းသားတွေ ဖြစ်နေလို့ ကျုပ် ခွင့်လွှတ်ပေးလိုက်မယ်၊ ဒါပေမဲ့ သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်က ကျောင်းသားတွေ ဖြစ်ရုံနဲ့ လုပ်ချင်ရာ လုပ်လို့ ရတယ်လို့ မထင်နဲ့... တိုက်ကြီးရဲ့ နံပါတ်တစ် ကျောင်းတော်ဆိုတဲ့ နာမည်ကို မဖျက်ဆီးပါနဲ့”
“မင်းက ဘယ်သူများလဲ ဆိုတာ သိခွင့်ရမလား”
တတိယ အကြီးအကဲက ဖုန်းဝူချန်၏ နောက်ခံကို အမှန်တကယ် စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။
“ဝူကျိ နယ်မြေ၊ နဂါးနတ်ဘုရား နန်းတော်က ပဲ”
ဖုန်းဝူချန်က ပြန်ဖြေလိုက်၏။
“ဝူကျိ နယ်မြေက နဂါးနတ်ဘုရား နန်းတော်လား”
“ငါ တစ်ခါမှ မကြားဖူးပါဘူး... ဝူကျိ နယ်မြေက အင်အားကြီး အဖွဲ့အစည်းတွေဆိုတာ အင်မော်တယ်လက်နက် အဆောက်အအုံ၊ ကျန်းမိသားစု၊ လေလံရုံနဲ့ ထျန်းတောက်ဂိုဏ်းတို့ပဲ မဟုတ်ဘူးလား”
“အင်အားစု အသစ်များ ဖြစ်နေမလား... ဒါပေမဲ့ အင်အားစု အသစ်တစ်ခုက ဒီလောက် အစွမ်းထက်နေစရာ အကြောင်းမှ မရှိတာ”
ဝူကျိ နယ်မြေတွင် နဂါးနတ်ဘုရား နန်းတော် ဆိုသည်ကို တစ်ခါမှ မကြားဖူးကြသဖြင့် လူအုပ်ကြီးမှာ ဇဝေဇဝါ ဖြစ်နေကြသည်။
“နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့များလား”
“ခင်ဗျားတို့ အားလုံး ဒီမှာ လာကျင့်ကြံဖို့ ကြိုဆိုပါတယ်... ဒါပေမဲ့ ကျုပ်တို့မှာ တခြား ကိစ္စလေးတွေ ရှိသေးလို့ သွားလိုက်ပါဦးမယ်”
ဖုန်းဝူချန်က အချိန်မဖြုန်းလိုတော့ဘဲ နှုတ်ဆက်လိုက်၏။
“ငါ့နောက်ကို လိုက်ခဲ့... သွေးမိစ္ဆာ ကြေးစားအဖွဲ့ဆီကို အခုချက်ချင်း သွားကြမယ်”
ဖုန်းဝူချန်က အမိန့်ပေးလိုက်ပြီး ရှေ့မှ ဦးဆောင် ပျံသန်းသွားရာ လျိုချင်းယန်နှင့် အခြားသူများကလည်း အနောက်မှ အနီးကပ် လိုက်ပါသွားကြသည်။
“ဝှစ် ဝှစ် ဝှစ်”
ဖုန်းဝူချန်နှင့် သူ၏အဖွဲ့သည် လျှပ်တစ်ပြက် နေရာရွှေ့ပြောင်းခြင်းကို အသုံးပြုကာ လျှို့ဝှက်ဆန်းကြယ်ပြီး အံ့မခန်း ကိုယ်ဖော့ပညာဖြင့် မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားရာ စောင့်ကြည့်နေသူများကို လုံးဝ အံ့အားသင့်သွားစေတော့၏။
‘ဒါ ဘယ်လို ကြောက်စရာကောင်းတဲ့ ကိုယ်ဖော့ပညာမျိုးလဲ... တစ်ခါမှတောင် မကြားဖူးဘူးလေ။’
“စောစောက သွေးမိစ္ဆာ ကြေးစားအဖွဲ့ဆီ သွားမယ်လို့ သူ ပြောသွားတာ မဟုတ်ဘူးလား”
“စောစောက သွေးမိစ္ဆာ ကြေးစားအဖွဲ့ရဲ့ တတိယတပ်မှူးက လူတွေနဲ့ ဝင်လာတာကို ငါ တွေ့လိုက်တယ်၊ ခုနက တိုက်ပွဲက တတိယတပ်မှူးနဲ့ သူရဲ့ လူတွေများလား”
“သေချာတယ်... စောစောက ငါ ရောက်လာတုန်းက သွေးမိစ္ဆာ ကြေးစားအဖွဲ့ရဲ့ တတိယတပ်မှူး ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတာကို တွေ့လိုက်တယ်၊ ပြီးတော့ မြင့်မြတ်သော လင်းယုန် ကြေးစားအဖွဲ့ရဲ့ ဒုတိယ ခေါင်းဆောင်နဲ့ ထန်ယွင်ရှန်တို့လည်း အဲဒီမှာ ရှိနေကြတယ်”
“သွေးမိစ္ဆာ ကြေးစားအဖွဲ့က သူတို့ကိုများ သွားပြစ်မှားမိတာလား... သူတို့တော့ တကယ့် ပြိုင်ဘက်နဲ့ တွေ့တာပဲ... အားလုံးပဲ၊ မြန်မြန် သွားကြည့်ကြရအောင်”
မျက်တောင်တစ်ခတ်အတွင်းမှာပင် ကျင့်ကြံသူများစွာသည် သွေးမိစ္ဆာ ကြေးစားအဖွဲ့ ရှိရာသို့ အပြေးအလွှား ထွက်ခွာသွားကြလေတော့၏။
wunzinnosp