အခန်း ၇၉၂
Vol. 53 Ch. 792
အခန်း (၇၉၂) - သေစေလောက်သော အဆိပ်ကို ထိန်းချုပ်ခြင်း
~“ခင်ဗျားရဲ့ အကာအကွယ်က ကျုပ်အတွက်တော့ ပုံရိပ်ယောင် သက်သက်ပဲ”
မှင်သက်နေသော ကျန်းလန်ယွဲ့ကို တစ်ချက် လှည့်ကြည့်ကာ ဖုန်းဝူချန်က မထီမဲ့မြင် လှောင်ပြောင်လိုက်ပြီးနောက် သူ၏ ကိုယ်ဟန်မှာ မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားလေတော့သည်။
ကျန်းလန်ယွဲ့မှာ ဖုန်းဝူချန် ထွက်ခွာသွားသည်ကို ကြည့်ရင်း လုံးဝ ဆွံ့အကာ ကျောက်ရုပ်ကြီး တစ်ရုပ်ပမာ ရပ်နေမိတော့၏။
ကောင်းကင်ဘုံလူသားဘုံ ပညာရှင် ဒါဇင်နှင့်ချီသော သူများမှာလည်း မှင်သက်နေကြပြီး အနည်းငယ်မျှပင် မလှုပ်ရှားနိုင်ကြတော့ပါချေ။
“သူက ခေါင်းဆောင်ရဲ့ အကာအကွယ်ကို တကယ်ကြီး ချိုးဖြတ်သွားတာပါလား”
နန်းတော်အတွင်းမှ အကြီးအကဲ တစ်ဦးက လျှပ်တစ်ပြက် ပေါ်ထွက်လာပြီး သူ၏ အိုမင်းနေသော မျက်နှာကြီးမှာ အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေသည်။
“အဲဒီ အံ့မခန်း ကိုယ်ဖော့ပညာနဲ့ပဲ ငါ့ကို ဒဏ်ရာရအောင် လုပ်သွားတာ...”
ချိုးယွမ်ရှန်က ကြောင်တောင်တောင်ဖြင့် ရေရွတ်နေလေသည်။ သူ ဘာပြောနေမှန်းကိုပင် သူကိုယ်တိုင် သိပုံမရချေ။
မျှော်လင့်ထားသော တိုက်ပွဲကြီး ဖြစ်ပွားမလာသဖြင့် အဝေးမှ စောင့်ကြည့်နေကြသော ကျင့်ကြံသူများလည်း ထိုနေရာတွင် ဆက်လက် မနေဝံ့ကြတော့ဘဲ တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားကြသည်။
သွေးမိစ္ဆာ ကြေးစားအဖွဲ့မှ ထွက်လာပြီးနောက် ဖုန်းဝူချန်သည် လျှပ်တစ်ပြက် နေရာရွှေ့ပြောင်းခြင်းကို အဆက်မပြတ် အသုံးပြုကာ လျိုချင်းယန်နှင့် အခြားသူများ၏ အရှိန်အဝါကို အာရုံခံရင်း သူတို့ထံသို့ အပြေးအလွှား သွားရောက်ခဲ့သည်။
ရှန်ယင် မြို့တော်... မြင့်မြတ်သော လင်းယုန် ကြေးစားအဖွဲ့၏ အခြေစိုက်ရာ မြို့တော်ဖြစ်ပြီး ရှုမီ ချောက်ကမ်းပါး၏ အရှေ့တောင်ဘက် အစွန်အဖျားတွင် တည်ရှိသည်။ ထိုမြို့တော်ကို ကြေးစားအဖွဲ့က တည်ဆောက်ခဲ့ခြင်း ဖြစ်သောကြောင့် အဖွဲ့၏ နာမည်ကို အစွဲပြုကာ မှည့်ခေါ်ထားခြင်း ဖြစ်ပါ၏။
အခြား မြို့တော်များနှင့် မတူဘဲ ရှန်ယင် မြို့တော်မှာ သိပ်မကြီးမားလှသော်လည်း မြင့်မြတ်သော လင်းယုန် ကြေးစားအဖွဲ့အပြင် လွတ်လပ်သော ကျင့်ကြံသူများနှင့် သာမန် ကျင့်ကြံသူ အများအပြားလည်း မြို့တွင်း၌ နေထိုင်ကြသည်။
ဖုန်းဝူချန်က လမ်းတစ်လျှောက်လုံး အပြေးအလွှား လာခဲ့ရာ ယဲ့ထျန်းဝေတို့ အဖွဲ့လည်း ရှန်ယင် မြို့တော်သို့ ရောက်ရှိသွားချိန်နှင့် အချိန်ကိုက်ပင် ဖြစ်သွားခဲ့သည်။
“အစ်ကိုဖုန်း”
ဖုန်းဝူချန် ပြန်ရောက်လာသည်ကို မြင်လိုက်ရသည့်အခါ လျိုချင်းယန်က ဝမ်းသာအားရ လက်ပြနှုတ်ဆက်လိုက်သည်။
“အစ်ကိုဖုန်း... တော်သေးတာပေါ့ဗျာ၊ ခင်ဗျား အဆင်ပြေလို့ ကျွန်တော် စိတ်အေးသွားပြီ”
လုထျန်းချန်မှာ နောက်ဆုံးတော့ သူ၏ စိုးရိမ်ပူပန်မှုများကို လျှော့ချလိုက်နိုင်၏။
“အရင်ဆုံး သူတို့ကို ပြန်ခေါ်သွားရအောင်၊ သေစေနိုင်တဲ့ အဆိပ်တွေကို အမြန်ဆုံး ဖယ်ရှားပစ်ဖို့ နည်းလမ်း ရှာရမယ်”
ဖုန်းဝူချန်က လေးနက်စွာ ပြောလိုက်ပြီးနောက် အားလုံးက ပင်မမြို့တော်ဆီသို့ ချက်ချင်း ဦးတည်သွားကြသည်။
“အစ်ကိုကြီးထန်က ကံဆိုးခြင်း အဆိပ်မြူတွေ သင့်နေတာ... ပြီးတော့ သူ့မျက်လုံးထဲ ဝင်သွားတာနော်”
“ငါတို့ ဘယ်လို လုပ်ကြမလဲ၊ ကံဆိုးခြင်း အဆိပ်မြူကို ဘယ်သူမှ မဖြေရှင်းနိုင်ဘူးလေ”
“ယွင်ယွင်နဲ့ ချန်းချန်းလည်း ကံဆိုးခြင်း အဆိပ်မြူတွေ သင့်နေတာ... ဖြေဆေး မရှိရင် သူတို့ လုံးဝ အသက်ရှင်နိုင်မှာ မဟုတ်ဘူး”
မြင့်မြတ်သော လင်းယုန် ကြေးစားအဖွဲ့မှ အဖွဲ့ဝင်များမှာ အလွန်အမင်း စိုးရိမ်ပူပန်နေကြသော်လည်း ကူကယ်ရာမဲ့စွာဖြင့် စိတ်ပူနေရုံမှလွဲ၍ ဘာမျှ မတတ်နိုင်ကြပါချေ။
“နန်းတော်သခင်... ဖြေဆေး မရခဲ့ဘူးလား”
ဟု ယဲ့ထျန်းဝေက မေးလိုက်သည်။
ဖုန်းဝူချန်က ခေါင်းခါယမ်းလိုက်ပြီး ...
“ငါတို့မှာ အချိန်လောက်မယ် မထင်ဘူး... ကံဆိုးခြင်း အဆိပ်မြူက အရမ်း ကြောက်ဖို့ကောင်းတယ်၊ အထူးသဖြင့် အစ်ကိုကြီးထန်ရဲ့ မျက်လုံးတွေက အဆိပ်သင့်နေတာဆိုတော့လေ၊ ငါတို့ တစ်စက္ကန့်လေးတောင် အချိန်ဆွဲနေလို့ မဖြစ်ဘူး၊ မဟုတ်ရင် သူ တစ်သက်လုံး မျက်ကန်း ဖြစ်သွားနိုင်တယ်”
အချိန်က အလွန်.. ကပ်နေပြီး အခြေအနေကလည်း အလွန် အရေးကြီးနေသဖြင့် ဖုန်းဝူချန်အနေဖြင့် ဖြေဆေးကို လုယူရန် အချိန်မရခဲ့ခြင်း ဖြစ်ပါ၏။
ပင်မမြို့တော်၏ ခန်းမဆောင်ကြီး အတွင်း၌ ဖုန်းဝူချန်သည် ထန်ယွင်ရှန်နှင့် အခြားသူများ၏ အခြေအနေကို သေချာစွာ စစ်ဆေးနေသည့်အခိုက်၊ သူ၏ မျက်နှာထားမှာ လေးနက်တည်ကြည်နေတော့၏။
ကြေးစားအဖွဲ့၏ ခေါင်းဆောင်မှာ သတင်းကြားသည်နှင့် ချက်ချင်း အပြေးအလွှား ရောက်လာသည်။
လုကျဲ့... မြင့်မြတ်သော လင်းယုန် ကြေးစားအဖွဲ့၏ ခေါင်းဆောင်ဖြစ်ပြီး ထျန်းကျီဘုံ အဆင့် (၅) သို့ ရောက်ရှိနေကာ ရှန်ယင် မြို့တော်တွင် အစွမ်းအထက်ဆုံး ပညာရှင် တစ်ဦး။
သို့သော် သူ၏ ဒဏ်ရာများမှာ အပြည့်အဝ မသက်သာသေးသဖြင့် မျက်နှာမှာ အနည်းငယ် ဖြူဖျော့နေဆဲ ဖြစ်ပါ၏။
လုကျဲ့သည် အမည်းရောင် ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး ရွှေရောင် သရဖူကို ဆောင်းထားကာ ခေါင်းဆောင် တစ်ဦး၏ အရှိန်အဝါများ အပြည့်အဝ ပေါ်လွင်နေသည်။
“ညီလေး... ဘာတွေဖြစ်ခဲ့တာလဲ”
လုကျဲ့က ခန်းမဆောင်ကြီး အတွင်းသို့ အလျင်အမြန် ဝင်လာရင်း ပျာယာခတ်စွာ မေးလိုက်သည်။
ထို့နောက် လုထျန်းချန်က ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြန်လည် ရှင်းပြလိုက်ပြီးနောက်မှသာ ထန်ယွင်ရှန်နှင့် အခြားသူများ ကံဆိုးခြင်း အဆိပ်မြူ သင့်ခဲ့ကြောင်းကို လုကျဲ့ သိရှိသွားသည်။
“ကံဆိုးခြင်း အဆိပ်မြူ ဟုတ်လား”
လုကျဲ့၏ မျက်နှာထားမှာ ပြင်းပြင်းထန်ထန် မှောင်မိုက်သွားပြီး ဒေါသတကြီး ... အံကြိတ်လိုက်မိ၏။
“ခွေးမသားတွေ”
“ဒီတစ်ခါတော့ အစ်ကိုဖုန်းတို့ အဖွဲ့ကိုပဲ ငါတို့ အသက်တွေအတွက် ကျေးဇူးတင်ရမယ်... မဟုတ်ရင် ငါတို့ အကုန်လုံး သေကုန်လောက်ပြီ”
လုထျန်းချန်က ပြောလိုက်သည်။
တွေးလေလေ ပို၍ ဒေါသထွက်လာလေ ဖြစ်နေသော်လည်း ဝင်ပေါက်တွင် ဖုန်းဝူချန်တို့အဖွဲ့ကို စေတနာဖြင့် ကူညီပေးခဲ့မိသည်ကိုတော့ တိတ်တဆိတ် ကျေးဇူးတင်နေမိတော့၏။
“ကျွန်တော်တို့ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်ကိုဖုန်း”
လုကျဲ့က လက်နှစ်ဖက်ကို ယှက်ကာ ဖုန်းဝူချန်အား အလျင်အမြန် ကျေးဇူးတင်စကား ဆိုလိုက်သည်။
ဖုန်းဝူချန်က မချိပြုံးလေး ပြုံးရင်း ...
“ဒါက သေးငယ်တဲ့ အကူအညီလေး တစ်ခုပါ... ခေါင်းဆောင်အနေနဲ့ ကျွန်တော့်ကို ကျေးဇူးတင်နေစရာ မလိုပါဘူးဗျာ၊ အထူးသဖြင့် အစ်ကိုလုကလည်း ကျွန်တော်တို့ကို ကူညီပေးခဲ့ဖူးတာပဲဟာ” ဟု ပြန်ဖြေလိုက်သည်။
ထိုစဉ်၊ မြောင်ချင်းချင်းက ဝင်ပြောလိုက်သည်။
“အခုလောလောဆယ် အရေးအကြီးဆုံးက အဆိပ်ဖြေဖို့ နည်းလမ်းရှာရမှာပဲ”
လုကျဲ့က အခြေအနေကို အလျင်အမြန် စစ်ဆေးကြည့်လိုက်သော်လည်း သူ မြင်လိုက်ရသည့်အရာကြောင့် သူ၏ မျက်နှာထားမှာ မှောင်မိုက်သွားသည်။ အဆိပ်သင့်မှုမှာ အလွန် ပြင်းထန်နေပြီး ယာယီသာ ထိန်းချုပ်ထားနိုင်ကြောင်း ထင်ရှားလှပေသည်။
“အစ်ကိုဖုန်း... ခင်ဗျားမှာ နည်းလမ်းများ ရှိလား”
လုကျဲ့က ကံဆိုးခြင်း အဆိပ်မြူကို မည်သို့ ဖြေရှင်းရမည်ကို လုံးဝ မသိသဖြင့် မေးလိုက်၏။
“လောလောဆယ်တော့ မရှိသေးဘူးဗျ... ကံဆိုးခြင်း အဆိပ်မြူရဲ့ သဘောသဘာဝကို သေချာ နားလည်အောင် အရင်လုပ်ရဦးမယ်၊ ပြီးမှ ဖြေရှင်းဖို့ နည်းလမ်းရှာလို့ ရမယ်”
ဖုန်းဝူချန်က ခေါင်းကို အသာအယာ ခါယမ်းရင်း ပြန်ဖြေလိုက်သည်။
ပြင်းထန်သော အဆိပ်များကို ဝါးမြိုပစ်ရန်အတွက် ဝူမီးတောက်ကို အသုံးပြုရန် စီစဉ်ထားခဲ့ခြင်း ဖြစ်ပါ၏။ မည်သို့ပင်ဆိုစေကာမူ ဝူမီးတောက်သည် အရာအားလုံးကို ဝါးမြိုပစ်နိုင်စွမ်း ရှိသည်။ သို့သော် ကံဆိုးခြင်း အဆိပ်မြူ၏ ယုတ်မာမှုမှာ မျက်လုံးထဲတွင် ရှိနေခြင်း သို့မဟုတ် အသားထဲသို့ ထိုးဖောက် ဝင်ရောက်နေခြင်း ဖြစ်ရာ ထန်ယွင်ရှန်တို့အနေဖြင့် ဝူမီးတောက်၏ အပူဒဏ်ကို လုံးဝ ခံနိုင်ရည် မရှိနိုင်ပါချေ။
“အစ်ကိုဖုန်း... ကျွန်တော့်မျက်လုံးတွေအတွက် မျှော်လင့်ချက် ရှိသေးလား”
ထန်ယွင်ရှန်က အလွန်အမင်း နာကျင်မှုကို မနည်း အောင့်အည်း သည်းခံရင်း မေးလိုက်သည်။ သူ၏ အကန့်အသတ်သို့ ရောက်နေပြီဟု ခံစားနေရပုံရ၏။
“ခေါင်းဆောင်... ကျွန်မ ဆက်မရှင်ချင်တော့ဘူး၊ တစ်ကိုယ်လုံးက ပုပ်ပွနေပြီ... ကျွန်မ ဆက်မခံနိုင်တော့ဘူး”
ယွင်ယွင်က အလွန်အမင်း ကြောက်လန့်စွာဖြင့် အော်ဟစ်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ ပုပ်ပွနေသော အသားများကို သူမ လုံးဝ မကြည့်ဝံ့တော့ဘဲ မျှော်လင့်ချက် အားလုံး ဆုံးရှုံးသွားခဲ့၏။
“ယွင်ယွင်... မကြောက်ပါနဲ့၊ သေချာပေါက် နည်းလမ်း ရှိလာမှာပါ”
လုထျန်းချန်က နှစ်သိမ့်လိုက်သည်။ မိန်းကလေးများ၏ ခန္ဓာကိုယ်မှ ပုပ်ပွနေသော အသားများကို ကြည့်ရင်း သူ၏ နှလုံးသားမှာ သွေးထွက်မတတ် နာကျင်နေရတော့၏။
“သခင်... ကျွန်မက သူတို့ရဲ့ အခြေအနေ ပိုမဆိုးသွားအောင်ပဲ တားဆီးပေးနိုင်တာပါ”
လန်ယွဲ့က ဖုန်းဝူချန်ကို ပြောလိုက်သည်။ ကံဆိုးခြင်း အဆိပ်မြူမှာ အလွန် ပြင်းထန်သော စားသုံးနိုင်စွမ်း ရှိပြီး လန်ယွဲ့သည် သူတို့၏ ပုပ်ပွနေသော ဒဏ်ရာများ ဆက်လက် မဆိုးရွားသွားစေရန်သာ ကာကွယ်ပေးနိုင်၏။
ဖုန်းဝူချန်က ခေါင်းညိတ်လိုက်ပြီး ...
“အဲဒီလောက်ဆို ရပါပြီ... ပြင်းထန်တဲ့ အဆိပ်တွေ ဆက်မပျံ့သွားအောင် ငါ ထိန်းချုပ်ထားလိုက်မယ်”
တဆက်တည်း၌၊ သူက သူတို့သုံးဦး၏ ခန္ဓာကိုယ်အတွင်းသို့ ကမ္ဘာဖျက် စွမ်းအားများကို လှုံ့ဆော်ထည့်သွင်းလိုက်ပြီး ကမ္ဘာဦး စွမ်းအားဖြင့် ပြင်းထန်လှသော အဆိပ်များကို အတင်းအဓမ္မ ဖိနှိပ်လိုက်သည်။ သာမန် စွမ်းအားများဖြင့် ဤအဆိပ်များကို ဖိနှိပ်ရန် လုံးဝ မဖြစ်နိုင်ပါချေ။
“ကမ္ဘာဦး စွမ်းအားက လွှမ်းမိုးဖိနှိပ်နိုင်လွန်းလို့ တော်သေးတာပေါ့”
ဖုန်းဝူချန် ကြိတ်၍ သက်ပြင်းချလိုက်မိသည်။ ယခင်က ယွမ်စွမ်းအင်များဖြင့် အဆိပ်ကို မနည်း ဖိနှိပ်ထားခဲ့ရသော်လည်း ယခုအခါ ကမ္ဘာဦး စွမ်းအားဖြင့် အပြည့်အဝ ထိန်းချုပ်နိုင်သွားခဲ့၏။
“တကယ့်ကို ခမ်းနားကြီးကျယ်တဲ့ စွမ်းအားပဲ... ယွမ်စွမ်းအင်ထက် အများကြီး ပိုပြီး အစွမ်းထက်တယ်၊ ဒါက ရှေးခေတ်က ဒဏ္ဍာရီလာ စွမ်းအားများလား”
လုကျဲ့မှာ ထိုအရာကို သတိပြုမိသွားပြီး အလွန်အမင်း တုန်လှုပ်သွားရသည်။
“အစ်ကိုဖုန်းက ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအားမျိုး ပိုင်ဆိုင်ထားလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ... ကျန်းလန်ယွဲ့နဲ့ ထိပ်တိုက် တွေ့တာတောင် အသက်ရှင်လျက် ပြန်လာနိုင်တယ်ဆိုတော့ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က ကျန်းလန်ယွဲ့ကိုတောင် ယှဉ်နိုင်လို့ ဖြစ်ရမယ်”
လုထျန်းချန်မှာလည်း အတိုင်းအဆမသိ အံ့အားသင့်နေတော့၏။
“အစ်ကိုဖုန်း... အခြေအနေ ဘယ်လိုနေလဲ”
ဟု လုထျန်းချန်က စိုးရိမ်တကြီး မေးလိုက်သည်။
“ပြင်းထန်တဲ့ အဆိပ်တွေကိုတော့ ထိန်းချုပ်ထားနိုင်ပြီ... ဒါပေမဲ့ အများဆုံး သုံးရက်ပဲ အချိန်ရမယ်၊ သုံးရက်အတွင်းမှာ ကျွန်တော်တို့ ဖြေဆေးကို သေချာပေါက် ရအောင် ယူရမယ်”
ဖုန်းဝူချန်က မချိပြုံးလေး ပြုံးရင်း ပြန်ဖြေလိုက်သည်။ ပြင်းထန်သော အဆိပ်များကို ထိန်းချုပ်ထားနိုင်သရွေ့ အရာအားလုံးကို ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိထားပါ၏။
“ကောင်းလိုက်တာ... တကယ် ကောင်းတာပဲ”
လုထျန်းချန်မှာ အနည်းဆုံး သုံးရက် အချိန်ရသွားသဖြင့် လုံးဝ စိတ်အေးသွားရသည်။
“ပြင်းထန်တဲ့ အဆိပ်တွေကို ထိန်းချုပ်လိုက်နိုင်ပြီလား... ငါ့မျက်လုံးတွေ မနာတော့ဘူး”
ထန်ယွင်ရှန်က မျှော်လင့်ချက် ရောင်ခြည်ကို မြင်တွေ့လိုက်ရသဖြင့် ဝမ်းသာအားရ အော်ဟစ်လိုက်သည်။
“အစ်ကိုဖုန်း... ကျွန်မတို့အတွက် တကယ်ပဲ အခွင့်အရေး ရှိသေးလို့လား”
ယွင်ယွင်နှင့် ချန်းချန်းတို့က ပျာယာခတ်စွာ မေးလိုက်ကြလေရာ မျှော်လင့်ချက် ကြီးစွာဖြင့် ဖုန်းဝူချန်ကို စူးစိုက်ကြည့်နေကြတော့၏။
“ဒါပေါ့... ငါတို့ ဖြေဆေး ရသရွေ့တော့ သေချာပေါက် မျှော်လင့်ချက် ရှိပါတယ်”
ဖုန်းဝူချန်က ယုံကြည်ချက် အပြည့်ဖြင့် ပြန်ဖြေလိုက်သည်။
“ကံဆိုးခြင်း အဆိပ်မြူရဲ့ ဖြေဆေးက သွေးမိစ္ဆာ ကြေးစားအဖွဲ့ရဲ့ ဒုတိယ ခေါင်းဆောင်ဆီမှာပဲ ရှိတာလေ... အဲဒီအဘိုးကြီးက အဆိပ်ဖြေဆေးတွေကို အဓိကထားပြီး သုတေသန လုပ်တဲ့ ဆေးဆရာ တစ်ယောက်ဖြစ်ပြီး အရမ်း အစွမ်းထက်တယ်၊ သူ့ဆီကနေ ဖြေဆေးရဖို့ဆိုတာ လွယ်မှာ မဟုတ်ဘူး”
ဟု လုကျဲ့က မျက်မှောင်ကြုတ်လျက် ရှင်းပြလိုက်၏။
လုကျဲ့၏ စကားကို ကြားလိုက်ရသည့်အခါ မျှော်လင့်ချက်လေး ရှင်သန်လာခဲ့သော ထန်ယွင်ရှန်နှင့် ယွင်ယွင်တို့မှာ ချက်ချင်းပင် နောက်တစ်ကြိမ် စိတ်ပျက်သွားကြရပြန်သည်။
ကျန်းလန်ယွဲ့၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို တွေးမိလိုက်သည့်အခါ ဖုန်းဝူချန်အနေဖြင့် ဖြေဆေးကို ပြန်ယူနိုင်မည်ဟု သူတို့ လုံးဝ မမျှော်လင့်ရဲကြတော့ပါချေ။
“ခေါင်းဆောင်... ကျွန်မတို့ ဘယ်လို လုပ်ကြမလဲ”
ချန်းချန်းက စိုးရိမ်တကြီး မေးလိုက်ရာ သူမ၏ မျက်နှာပေါ်တွင် မျက်ရည်များ စီးကျနေတော့၏။
“ကံဆိုးခြင်း အဆိပ်မြူကို ရှေးဟောင်း နွယ်ပင်သစ်ပင်ရဲ့ ပြင်းထန်တဲ့ အဆိပ်၊ ယင်လေနှင်း ကြာရွက်၊ အမည်းရောင် သန္တာကျောက်နဲ့ အလွန်အမင်း နာကျင်မှုကို ဖြစ်စေတဲ့ တခြား ဆေးဖက်ဝင် အစိတ်အပိုင်းတွေနဲ့ ပေါင်းစပ် ဖန်တီးထားတာ... အဆိပ်က အရမ်းကို ယုတ်မာလွန်းတယ်၊ ဖြေဆေး ဖော်စပ်ဖို့အတွက် ရူရီ ခရမ်းရောင် ဝိညာဉ် ပန်းပွင့်ကို ရှာဖို့ လိုအပ်တယ်... အဲဒီဆေးပင်က အရမ်းကို ရှားပါးတာပဲ”
ဖုန်းဝူချန်က ဖြည်းညင်းစွာ ရှင်းပြလိုက်လေတော့၏။
wunzinnosp