အခန်း ၇၉၃
Vol. 53 Ch. 793
အခန်း (၇၉၃) - ဖြေဆေးကို ရယူခြင်း
~“ရူရီ ခရမ်းရောင် ဝိညာဉ် ပန်းပွင့် ဟုတ်လား”
လုကျဲ့နှင့် လုထျန်းချန်တို့မှာ မျက်မှောင် အနည်းငယ် တွန့်ချိုးသွားကြပြီး ထိုပန်းပွင့် အကြောင်းကို တစ်ခါမှ မကြားဖူးသလို မြင်လည်း မမြင်ဖူးခဲ့ကြပါချေ။
“ရူရီ ခရမ်းရောင် ဝိညာဉ် ပန်းပွင့်ဆိုတာ အဆိပ်အားလုံးကို ပြေစေနိုင်တဲ့ အလွန်ကို ထူးခြားတဲ့ ဆေးဖက်ဝင် အပင် တစ်မျိုးပါ”
ယဲ့ထျန်းဝေက ရှင်းပြလိုက်သည်။
လုကျဲ့က ကူကယ်ရာမဲ့စွာ ပြုံးရင်း ...
“ဒါပေမဲ့ ငါတို့ အဲဒီအကြောင်းကို တစ်ခါမှတောင် မကြားဖူးဘူး၊ ဒီနားတစ်ဝိုက်မှာ အဲဒီဆေးပင်တွေ ရောင်းတာကို မတွေ့ဖူးတာတော့ မပြောနဲ့တော့... ရှုမီ ချောက်ကမ်းပါးထဲမှာတောင် ဒီဆေးပင်အကြောင်း တစ်ခါမှ မကြားဖူးဘူး”
“ဆေးဆရာ တစ်ယောက်ယောက်များ ရှိလားဗျ”
ဟု ကျန်းကျွင့်လန်က မေးလိုက်၏။
“ဆေးဆရာ တစ်ယောက်တော့ ရှိတယ်... အဲဒါကလည်း အဆင့် (၇) ဆေးဆရာနော်”
လုထျန်းချန်က အလျင်အမြန် ပြန်ဖြေလိုက်ပြီး ဆက်လက်၍ ... ဆိုလိုက်သည်။
“ငါတို့ မြင့်မြတ်သော လင်းယုန် မြို့တော်နဲ့ သိပ်မဝေးတဲ့ နေရာမှာပဲ၊ သူက ရှင်းယွင် ဂိုဏ်းရဲ့ ပထမ အကြီးအကဲလေ”
“ထျန်းဝေ... ရှောင်ကျန်း၊ မင်းတို့ နှစ်ယောက် အစ်ကိုလုနဲ့ အတူ ရှင်းယွင် ဂိုဏ်းကို သွားပြီး အဲဒီဆေးပင် ရှိမရှိ သွားကြည့်ကြ... ရွှေဒင်္ဂါးပြား ဘယ်လောက်ပဲ ပေးရပေးရ တစ်ပင်တော့ ဝယ်ပြီး ပြန်ယူလာခဲ့ကြ၊ ငါနဲ့ ချင်းယန်ကတော့ သွေးမိစ္ဆာ ကြေးစားအဖွဲ့ဆီ သွားပြီး ဖြေဆေး သွားယူမယ်”
ထိုသို့၊ ဖုန်းဝူချန်က နည်းလမ်း နှစ်သွယ်ဖြင့် ပြင်ဆင်ကာ အမိန့်ပေးလိုက်၏။
“ဟုတ်ကဲ့ပါ”
သူတို့နှစ်ဦးက ရိုသေစွာ တုံ့ပြန်လိုက်ကြသည်။
“အစ်ကိုဖုန်း... ကျန်းလန်ယွဲ့ ဆိုတဲ့ ကောင်က သာမန်တော့ မဟုတ်ဘူးဗျ၊ ကျုပ်ပါ ခင်ဗျားတို့နဲ့ လိုက်ခဲ့ပါ့မယ်”
လုကျဲ့က ကမန်းကတန်း ဝင်ပြောလိုက်သည်။ ဖုန်းဝူချန်တို့ နှစ်ယောက်တည်း သွားမည်ကို သူ စိတ်မချပါချေ။
“ခေါင်းဆောင်... ခင်ဗျားက ဒဏ်ရာရထားသေးတယ်လေ၊ လိုက်သွားဖို့ မလိုပါဘူး... သွေးမိစ္ဆာ ကြေးစားအဖွဲ့က အစ်ကိုဖုန်းရဲ့ ပြိုင်ဘက် မဟုတ်ပါဘူး”
လျိုချင်းယန်က ယုံကြည်ချက် အပြည့်ရှိသော အပြုံးဖြင့် ဆိုလိုက်၏။
“ဖြေဆေးကို သွားလဲလှယ်ရုံ သက်သက်ပါပဲ... ဘာအန္တရာယ်မှ မရှိပါဘူး”
ဖုန်းဝူချန်က ခပ်အေးအေးပင် ပြောလိုက်ပြီးနောက် လျိုချင်းယန်နှင့်အတူ သွေးမိစ္ဆာ ကြေးစားအဖွဲ့ ရှိရာသို့ အလျင်အမြန် ထွက်ခွာသွားကြလေတော့သည်။
လုကျဲ့က သူတို့ကို တားဆီးရန် ပြင်လိုက်သော်လည်း လုထျန်းချန်က ...
ဝင်ရောက် နှစ်သိမ့်လိုက်၏။
“အစ်ကိုကြီး... စိတ်ချပါ၊ အစ်ကိုဖုန်းရဲ့ ခွန်အားက အစ်ကိုကြီးထက် မနိမ့်ပါဘူး... ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး”
“အဲဒီလို ဖြစ်ဖို့ပဲ မျှော်လင့်ရတာပေါ့”
လုကျဲ့က မျက်မှောင်ကြုတ်လျက် စိုးရိမ်နေဆဲ လေသံဖြင့် ဆိုလိုက်သည်။
“အစ်ကိုလု... ကျွန်တော်တို့လည်း သွားကြတာပေါ့”
ကျန်းကျွင့်လန်က ပြောလိုက်ပြီးနောက် သူတို့ သုံးဦးလည်း ရှင်းယွင် ဂိုဏ်းဆီသို့ အပြေးအလွှား ထွက်ခွာသွားကြ၏။
အချိန်က သူတို့ကို စောင့်ဆိုင်းနေမည် မဟုတ်ပါချေ။
“အစ်ကိုဖုန်း... ကျွန်တော်တို့ သွေးမိစ္ဆာ ကြေးစားအဖွဲ့ကို အမြစ်ပြတ် ရှင်းလင်းပစ်လိုက်ရင် မကောင်းဘူးလား”
လမ်းခရီးတွင် လျိုချင်းယန်က အကြံပြုလိုက်သည်။
“ဖြေဆေး ရပြီးမှပဲ အဲဒီအကြောင်း ပြောကြတာပေါ့”
ဖြေဆေး မရမီ အချိန်တွင် အခြားအရာများကို ပြောနေခြင်းမှာ အချည်းနှီးသာ ဖြစ်ပါ၏။
သွေးမိစ္ဆာ ကြေးစားအဖွဲ့မှ ထွက်လာသည်မှာ တစ်နာရီပင် မပြည့်သေးသော်လည်း ဖုန်းဝူချန်မှာ နောက်တစ်ကြိမ် ပြန်လည် ရောက်ရှိလာခဲ့၏။
နန်းတော်အတွင်း၌ ကျန်းလန်ယွဲ့မှာ စောစောက ဖြစ်ရပ်များကြောင့် အံ့အားသင့်နေဆဲ ဖြစ်သည်။
“ခေါင်းဆောင်... မကောင်းတော့ဘူး... သူ... သူ ပြန်လာပြန်ပြီ”
ရုတ်တရက် လူတစ်ယောက် ခန်းမဆောင် အတွင်းသို့ ပျာယာခတ်စွာ ဝင်လာပြီး အော်ဟစ်လိုက်သည်။
“ဘာတွေ လောနေတာလဲ... တည်တည်ငြိမ်ငြိမ်နဲ့ ပြောစမ်း၊ ဘယ်သူ ပြန်လာတာလဲ”
ကျန်းလန်ယွဲ့က ဒေါသတကြီး ဟောက်လိုက်ပြီး ထိုလူကို ရက်စက်စွာ စိုက်ကြည့်လိုက်သည်။
ထိုလူက ကြောက်လန့်တကြားဖြင့် ...
ပြန်ဖြေလိုက်၏။
“စောစောက ထွက်ပြေးသွားတဲ့ ကောင်လေးလေ... သူ... သူ ပြန်ရောက်လာပါပြီ”
“ဘာ”
...
“ကောင်းတယ်... ခွေးမသားလေး၊ မင်းက ပြန်လာရဲသေးတယ်ပေါ့လေ”
“ခေါင်းဆောင်... အဲဒီကောင်လေးက ဖြေဆေး လာယူတာ သေချာတယ်”
ဟု ချိုးယွမ်ရှန်က အလျင်အမြန် ဝင်ပြောလိုက်၏။
“ဖြေဆေး လိုချင်ရင်တော့ အိပ်မက်သာ မက်နေလိုက်တော့”
ဒုတိယ ခေါင်းဆောင်ကလည်း အေးစက်စွာ ကြိမ်းမောင်းလိုက်သည်။
ကျန်းလန်ယွဲ့သည် ခန်းမဆောင် အတွင်းမှ ဒေါသတကြီး ထွက်လာခဲ့၏။ ဖုန်းဝူချန်က စောစောက သူ၏ မျက်နှာကို အရှက်ခွဲကာ ထွက်ပြေးသွားခဲ့သည် ဖြစ်ရာ ယခုအခါ လက်စားချေရန် အခွင့်အရေး ရပြီဟု သူက မှတ်ယူထားသည်။
နန်းတော် အပြင်ဘက်ရှိ ကွင်းပြင်ကျယ်ကြီး အတွင်း၌ သွေးမိစ္ဆာ ကြေးစားအဖွဲ့မှ အဖွဲ့ဝင် တစ်ထောင်ကျော်ခန့် စုဝေးနေကြပြီး သူတို့၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ အထင်းသား ပေါ်လွင်နေတော့၏။
ဖုန်းဝူချန် စောစောက ပြသခဲ့သော အားပြင်းသည့် စွမ်းအားများက သူတို့ကို အလွန်အမင်း ခြောက်လှန့်ထားခဲ့သဖြင့် မည်သူကမျှ ရှေ့သို့ မတက်ရဲကြပါချေ။
“ခွေးမသားလေး... မင်းက တကယ် ပြန်လာရဲတာပဲ”
ကျန်းလန်ယွဲ့က နန်းတော်ထဲမှ ထွက်လာသည်နှင့် ကောင်းကင်ယံရှိ ဖုန်းဝူချန်ကို မြင်လိုက်ရပြီး ဒေါသတကြီး အော်ဟစ်လိုက်လေရာ သူ၏ အသံထဲတွင် လူသတ်ချင်စိတ်များ အပြည့်အဝ ပါဝင်နေတော့၏။
ဖုန်းဝူချန်က ရိသဲ့သဲ့ ပြုံးလိုက်ပြီး ...
ပြန်လည် ချေပလိုက်သည်။
“ဘာလို့ မလာရဲရမှာလဲ... သွေးမိစ္ဆာ ကြေးစားအဖွဲ့ဆိုတာ ငရဲပြည်မှ မဟုတ်တာပဲ”
စကားပြောနေရင်းမှာပင် ဖုန်းဝူချန်နှင့် လျိုချင်းယန်တို့သည် မိမိတို့၏ အိမ်ခြံဝင်း အတွင်းသို့ ဝင်လာသကဲ့သို့ ကွင်းပြင်ကျယ်ကြီး အတွင်းသို့ ဖြည်းညင်းစွာ ဆင်းသက်လာကြပြီး မည်သည့် ကြောက်ရွံ့မှုမျှ မရှိကြောင်း ပြသလိုက်သည်။
ဖုန်းဝူချန်၏ ဤမျှ မောက်မာပြီး ရဲတင်းလှသော အပြုအမူကို မြင်လိုက်ရသည့်အခါ ကျန်းလန်ယွဲ့မှာ ဒေါသများ ပေါက်ကွဲထွက်လာပြီး သူ့အား အရူးအမူး သွားရောက် ရိုက်နှက်ချင်စိတ်များပင် ပေါ်လာတော့၏။
“နေဦး”
ဖုန်းဝူချန်က သူ့ကို တားဆီးရန်အတွက် လက်ကို ရုတ်တရက် ဆန့်တန်းလိုက်သည်။
“ပြောစရာရှိတာ မြန်မြန်ပြောစမ်း”
ကျန်းလန်ယွဲ့က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
ဒုတိယ ခေါင်းဆောင်က လေးနက်တည်ကြည်သော လေသံဖြင့် ...
ဝင်ပြောလိုက်သည်။
“မင်းက ဖြေဆေး လာယူတာဆိုရင်တော့ လုံးဝ ညှိနှိုင်းစရာ အကြောင်းမရှိဘူး”
“ကံဆိုးခြင်း အဆိပ်မြူက တကယ်ကို အဆိပ်ပြင်းတာ မှန်ပါတယ်... ဒါပေမဲ့ ရူရီ ခရမ်းရောင် ဝိညာဉ် ပန်းပွင့်ကို ရှာတွေ့ပြီး ဆေးပင်တွေရဲ့ အဆီအနှစ်ကို ထုတ်ယူကာ သေစေနိုင်လောက်တဲ့ အဆိပ်ကို အားပျော့သွားအောင် လုပ်နိုင်မယ်ဆိုရင် ခန္ဓာကိုယ်ထဲက အဆိပ်တွေကို အပြည့်အဝ ဖယ်ရှားပစ်နိုင်ပါတယ်... ခင်ဗျားတို့က ဖြေဆေး မပေးရင်တောင်မှ ကျုပ်ဆီမှာ အဆိပ်ဖြေဖို့ နည်းလမ်း ရှိတယ်၊ နည်းနည်းလေး အလုပ်ရှုပ်သွားရုံပါပဲ”
ဟု ဖုန်းဝူချန်က ခပ်အေးအေးပင် ရှင်းပြလိုက်သည်။
ခဏရပ်ပြီးနောက် သူက ဆက်လက်၍ ... သတိပေးလိုက်၏။
“တကယ်လို့ ခင်ဗျားတို့ ဖြေဆေးကို မပေးဘူးဆိုရင် ကျုပ်က ခင်ဗျားတို့ရဲ့ သွေးမိစ္ဆာ ကြေးစားအဖွဲ့ကို အမြစ်ပြတ် သုတ်သင်ပစ်မယ်”
“စကားကြီး စကားကျယ်တွေ ပြောနေပါလား... သတ္တိရှိရင် လာစမ်း”
ကျန်းလန်ယွဲ့က ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး အဆင့်မြင့် ဝိညာဉ်လက်နက် ပုဆိန်တစ်လက်ကို ချက်ချင်း ဆင့်ခေါ်လိုက်ရာ လွှမ်းမိုးဖိနှိပ်နိုင်သော အရှိန်အဝါများ ရုတ်တရက် ရစ်သိုင်းလာတော့၏။
“ခေါင်းဆောင်... လောစရာ မလိုပါဘူး”
ဒုတိယ ခေါင်းဆောင်က အေးစက်သော လှောင်ပြုံးဖြင့် ဝင်ပြောလိုက်ပြီးနောက် ...
“မင်း ပြောတာလည်း အဓိပ္ပာယ်တော့ ရှိပါတယ်... မင်းလို လူငယ်လေး တစ်ယောက်က ဆေးဖက်ဝင် အပင်တွေ အကြောင်းကို ဒီလောက် နားလည်နေတာ အံ့ဩစရာပါပဲ၊ ဒါပေမဲ့ ရူရီ ခရမ်းရောင် ဝိညာဉ် ပန်းပွင့်ဆိုတာ အရမ်းကို ရှားပါးပြီး တန်ဖိုးကြီးတယ်လေ၊ မင်း အဲဒါကို ရှာတွေ့တဲ့ အချိန်ကျရင် သူတို့က သေနေလောက်ပြီ”
စကားပြောနေစဉ်မှာပင် ဒုတိယ ခေါင်းဆောင်က ကျောက်စိမ်းပုလင်း တစ်လုံးကို ထုတ်ယူကာ လှောင်ပြုံးပြုံးရင်း ...
“ဖြေဆေးက ဒီတစ်ပုလင်းပဲ ကျန်တော့တာ... မင်း ဖြေဆေး လိုချင်ရင် မင်းတို့ရဲ့ အသက်ကို ထားခဲ့ရမယ်” ဟု တောင်းဆိုလိုက်သည်။
“အဆင့် (၇) ဆေးလုံး တစ်လုံးနဲ့ လဲလှယ်ရင်ကော ဘယ်လိုလဲ”
ဖုန်းဝူချန်က အဆင့် (၇) ဆေးလုံးဖြင့် လဲလှယ်ရန် ကမ်းလှမ်းလိုက်၏။
“မင်းက ငါနဲ့ စည်းကမ်းချက်တွေ လာညှိနှိုင်းဖို့ အရည်အချင်း မရှိဘူး... သေဖို့သာ ပြင်ထားတော့”
ကျန်းလန်ယွဲ့က ဒေါသတကြီး ဟိန်းဟောက်လိုက်လေရာ ထျန်းကျီဘုံ အဆင့် (၇) ၏ အားပြင်းသည့် စွမ်းအားများ ပေါက်ကွဲထွက်လာပြီး ပုဆိန်ကို ဝှေ့ကာ ကောင်းကင်ယံသို့ ထိုးတက်သွားသည်။ ထို့နောက် သူက ပုဆိန်ကို လက်နှစ်ဖက်ဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ အဟုန်ပြင်းစွာ ခုတ်ချလိုက်တော့၏။
“ဝှစ်”
“ဝီ... ဝီ...”
ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်သော ဧရာမ စွမ်းအင် ပုဆိန်ကြီးမှာ အဟုန်ပြင်းစွာဖြင့် တိုက်ခိုက်လာလေရာ ၎င်းဖြတ်သန်းသွားရာ နေရာတိုင်းရှိ ဟင်းလင်းပြင်မှာ အလွှာလိုက် ပြိုကျပျက်စီးသွားရသည်။ မျက်တောင်တစ်ခတ်အတွင်း ပတ်ဝန်းကျင် တစ်ခုလုံး မှောင်မိုက်သွားတော့၏။
“အစ်ကိုဖုန်း... သူတို့နဲ့ စကားပြောလို့ ရမှာ မဟုတ်ဘူးဗျာ”
လျိုချင်းယန်က မျက်မှောင်ကြုတ်လျက် ပြောလာသည်။
“ဒါဆိုရင်တော့ ခက်ခက်ခဲခဲပဲ ယူရတော့မှာပေါ့”
ဖုန်းဝူချန်၏ မျက်နှာထားမှာ ရေခဲပမာ အေးစက်သွားပြီး နဂါးနတ်ဘုရား လက်အိတ်များကို ဆင့်ခေါ်ကာ သူ၏ စွမ်းအားများကို အသက်သွင်းလိုက်လေရာ ကြောက်မက်ဖွယ် စွမ်းအင်များ အရူးအမူး ရစ်သိုင်းလာတော့၏။
ဖုန်းဝူချန်၏ အရှိန်အဝါမှာ ထျန်းကျီဘုံ အဆင့် (၇) အတားအဆီးကို မျက်တောင်တစ်ခတ်အတွင်း ချိုးဖြတ်သွားပြီး ကျန်းလန်ယွဲ့၏ အရှိန်အဝါကိုပင် ကျော်လွန်သွား၏။
“ထျန်းကျီဘုံ အဆင့် (၇) ပါလား”
ဖုန်းဝူချန် ရုတ်တရက် ထုတ်လွှတ်လိုက်သော စွမ်းအားများကြောင့် ကျန်းလန်ယွဲ့၏ မျက်နှာထားမှာ သိသိသာသာ ပြောင်းလဲသွားပြီး အလွန်အမင်း အံ့အားသင့်သွားရသည်။
“သူ... သူက တကယ်ကြီး ထျန်းကျီဘုံ အဆင့် (၇) ကို ရောက်နေတာလား”
ချိုးယွမ်ရှန်၏ မျက်လုံးများမှာ ပြူးထွက်လုမတတ် ဖြစ်သွားပြီး အလွန်အမင်း အံ့အားသင့်မှု၊ ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်နေတော့၏။
ဖုန်းဝူချန်က သူ၏ လက်မောင်းကို ဖြည်းညင်းစွာ မြှောက်လိုက်ပြီး လက်ဖဝါးကို အပြင်ဘက်သို့ လှည့်ကာ လွှမ်းမိုးဖိနှိပ်နိုင်သော စွမ်းအားများကို စုစည်းလိုက်ရာ သွေးရောင် အလင်းတန်း တစ်ခုက သူ့ လက်ကို ဖုံးလွှမ်းသွားတော့သည်။
“ဝုန်း”
“ဝီ... ဝီ...”
ကျန်းလန်ယွဲ့နှင့် သွေးမိစ္ဆာ ကြေးစားအဖွဲ့ဝင် အားလုံး၏ ထိတ်လန့်နေသော အကြည့်များအောက်တွင် ဖုန်းဝူချန်သည် ဧရာမ စွမ်းအင် ပုဆိန်ကြီးကို လက်တစ်ဖက်တည်းဖြင့် တားဆီးလိုက်၏။ ဟင်းလင်းပြင်မှာ ပြင်းထန်စွာ တုန်လှုပ်သွားပြီး အားလှိုင်းများ အရူးအမူး ရိုက်ခတ်လာသော်လည်း ဖုန်းဝူချန်အား ခြေတစ်ဝက်မျှပင် နောက်သို့ ဆုတ်ခွာသွားအောင် မလုပ်နိုင်ခဲ့ပါချေ။
“ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”
ကျန်းလန်ယွဲ့မှာ လုံးဝ ဆွံ့အသွားပြီး သူ၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ဝင်းလက်နေတော့၏။
“ခေါင်းဆောင် သုံးလိုက်တဲ့ သိုင်းကွက်က အနည်းဆုံး ထျန်းကျီဘုံ အဆင့် (၈) ရဲ့ စွမ်းအား ရှိတာကို... သူက လက်ဗလာနဲ့ တကယ်ကြီး တားဆီးနိုင်ခဲ့တာလား”
ဒုတိယ ခေါင်းဆောင်မှာ အလွန်အမင်း အံ့အားသင့်သွားပြီး သူ၏ မျက်နှာထားမှာ တောင့်တင်းနေတော့၏။
“သူက မိစ္ဆာကောင်များလား”
သွေးမိစ္ဆာ ကြေးစားအဖွဲ့မှ ထောင်ပေါင်းများစွာသော လူများ၏ မျက်နှာများမှာ ကြောက်ရွံ့မှုနှင့် အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေကြသည်။
“ဝုန်း”
“ဂျွတ်”
ကြောက်မက်ဖွယ် စွမ်းအင် ပုဆိန်ကြီးမှာ ဖုန်းဝူချန်အား အနည်းငယ်မျှပင် မလှုပ်ရှားစေနိုင်ခဲ့ပါချေ။ ထို့နောက် ဖုန်းဝူချန်၏ အစွမ်းထက်သော လက်သီးချက်အောက်တွင် စွမ်းအင် ပုဆိန်ကြီးမှာ အရာမယွင်းသကဲ့သို့ မျက်တောင်တစ်ခတ်အတွင်း အပိုင်းပိုင်း အစစ ကွဲကြေသွားလေတော့သည်။
ထျန်းကျီဘုံ အဆင့် (၈) ၏ အားပြင်းသည့် စွမ်းအားကို ဖုန်းဝူချန်က အလွယ်တကူပင် အမှုန့်ကြိတ်ပစ်လိုက်ခြင်း ဖြစ်သည်။
“ဖြေဆေးကို ပေးရင် အသက်ကို ချမ်းသာပေးမယ်... မဟုတ်ရင်တော့ ဒီနေ့ ခင်ဗျားတို့ရဲ့ သွေးမိစ္ဆာ ကြေးစားအဖွဲ့ကို မြေကြီးနဲ့ တစ်ပြေးတည်း ဖြစ်အောင် လုပ်ပစ်မယ်”
ဖုန်းဝူချန်က ခြိမ်းခြောက်လိုက်လေရာ သူ၏ အသံထဲတွင် ကျောချမ်းသွားစေနိုင်သော လူသတ်ချင်စိတ်များ ပြည့်နှက်နေပြီး ကြားလိုက်ရသူတိုင်း၏ နှလုံးသားကို တုန်လှုပ်သွားစေတော့၏။
wunzinnosp