အခန်း ၇၉၅
Vol. 53 Ch. 795
အခန်း (၇၉၅) - စိတ်ပျက်ရခြင်း
~“အဆင့် (၇) ဆေးဆရာပါလား”
နန်းတော်တံခါးဝသို့ မရောက်မီမှာပင် ယဲ့ထျန်းဝေသည် အလွန်တရာ အစွမ်းထက်လှသော ဝိညာဉ်စွမ်းအားကို အာရုံခံမိလိုက်ပြီး စိတ်ထဲမှ တိတ်တဆိတ် အံ့အားသင့်သွားသည်။
ရှင်းယွင် ဂိုဏ်းတွင် အဆင့် (၇) ဆေးဆရာ တစ်ဦး ရှိနေခြင်းက သူတို့သည် လျစ်လျူရှု၍မရနိုင်သော အင်အားကြီး အဖွဲ့အစည်းတစ်ခု ဖြစ်ကြောင်း ဖော်ပြနေပါ၏။
“ရပ်လိုက်စမ်း... မင်းတို့က ဘယ်သူတွေလဲ”
သူတို့ သုံးဦး လှေကားပေါ်သို့ စတင် တက်လှမ်းလိုက်စဉ်မှာပင် လူတစ်ယောက်က သူတို့၏ လမ်းကို ပိတ်ဆို့လိုက်ပြီး သူ၏ မျက်မှောင်ကို အနည်းငယ် တွန့်ချိုးကာ ကျန်းကျွင့်လန်နှင့် အခြားနှစ်ဦးကို ကြည့်ရင်း မေးလိုက်သည်။
“အစ်ကိုကြီး... သူက မြင့်မြတ်သော လင်းယုန် ကြေးစားအဖွဲ့ရဲ့ ဒုတိယ တပ်မှူး လုထျန်းချန်ပါ၊ ပထမ အကြီးအကဲနဲ့ တွေ့ဆုံခွင့် ရဖို့ လာတာပါ”
တပည့်ဖြစ်သူက ရိုသေစွာဖြင့် အလျင်အမြန် ပြန်ဖြေလိုက်သည်။
“ဘာကိစ္စ ရှိရှိ လူတိုင်းက ပထမ အကြီးအကဲကိုပဲ လာရှာနေကြတာလား... ပထမ အကြီးအကဲက အဲဒီလောက်တောင် အားနေတယ် ထင်နေလား”
အစ်ကိုကြီး ဖြစ်သူ တပည့်၏ စကားများမှာ အနည်းငယ် ရိုင်းစိုင်းနေပြီး သူ၏ အသံထဲတွင် အေးစက်သော အရိပ်အယောင်များ ပါဝင်နေတော့၏။
ထိုစကားကို ကြားလိုက်ရသည့်အခါ ကျန်းကျွင့်လန်နှင့် ယဲ့ထျန်းဝေတို့ နှစ်ဦးစလုံး၏ မျက်နှာထားများမှာ အနည်းငယ် ပြောင်းလဲသွားပြီး သူတို့၏ အကြည့်များက စီနီယာ တပည့်ထံသို့ ရောက်ရှိသွားသည်။
“လူ့အသက်က အရေးကြီးဆုံးမို့လို့ပါဗျာ... တကယ်လို့ တခြား နည်းလမ်းသာ ရှိရင် ပထမ အကြီးအကဲကို ကျွန်တော်တို့ လာနှောင့်ယှက်မှာ မဟုတ်ပါဘူး”
လုထျန်းချန်က အနည်းငယ် အနေခက်စွာဖြင့် ရှင်းပြလိုက်သည်။
“ပထမ အကြီးအကဲက ဘာမှ မပြောဘူး ဆိုပေမဲ့ မင်းတို့ကတော့ အခွင့်အရေး ယူလွန်းတယ်... ပြန်သွားလိုက်ကြတော့၊ ပထမ အကြီးအကဲက မင်းတို့ကို ကူညီပေးလိမ့်မယ်လို့ မမျှော်လင့်နဲ့”
စီနီယာ တပည့်က အေးစက်စွာ ပြောလိုက်သည်။
“အစ်ကိုကြီး... အဲဒါကလေ... ပထမ အကြီးအကဲက သဘောတူထားပြီးသားပါ၊ အခု ဂိုဏ်းချုပ်နဲ့ အတူတူ စောင့်နေကြပါတယ်”
တပည့်ဖြစ်သူမှာ စီနီယာ တပည့်၏ စကားကို ကြားပြီးနောက် အတော်လေး အခက်တွေ့သွားကာ ဝင်ပြောလိုက်ရသည်။
“ငါက ဝင်ခွင့်မပေးဘူး ဆိုရင် ဝင်ခွင့်မရှိဘူးပဲ”
စီနီယာ တပည့်က စိတ်မရှည်စွာဖြင့် ဟောက်လိုက်သည်။
“ပထမ တစ်ချက်... ငါတို့က မင်းကို လာတွေ့တာ မဟုတ်သလို မင်းကိုလည်း မသိဘူး၊ ဒုတိယ တစ်ချက်... ပထမ အကြီးအကဲက သဘောတူထားပြီးသားပဲ၊ မင်းက ငါတို့ကို ဝင်ခွင့်မပေးဘူး ဆိုတာက ပထမ အကြီးအကဲရဲ့ အမိန့်ကို ဖီဆန်နေတာပဲ၊ လေးစားမှု လုံးဝ မရှိဘူး... ပြီးတော့ စကားပုံလည်း ရှိတယ်လေ... ခွေးကောင်းဆိုတာ လမ်းမပိတ်ဘူးတဲ့၊ ဖယ်စမ်း”
ယဲ့ထျန်းဝေက မည်သည့် ယဉ်ကျေးမှုမျှ မရှိဘဲ အေးစက်စွာ ဟိန်းဟောက်လိုက်သည်။
“မင်းက ငါ့ကို စော်ကားရဲတယ်ပေါ့လေ”
ထိုစကားကို ကြားသည်နှင့် စီနီယာ တပည့်၏ မျက်နှာမှာ ချက်ချင်း မှောင်မိုက်သွားပြီး သူ၏ ခြိမ်းခြောက်လိုသော အကြည့်များက ယဲ့ထျန်းဝေထံသို့ ရောက်ရှိသွားကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
“မင်းက ထပ်ပြီး ပိတ်ဆို့နေဦးမယ်၊ အပိုစကားတွေ ထပ်ပြောနေဦးမယ် ဆိုရင် မင်းကို ငါ တကယ် ရိုက်မိလိမ့်မယ်နော်... ကုသဖို့ အချိန်နောက်ကျသွားရင် မင်း တာဝန်ယူရဲလား”
ယဲ့ထျန်းဝေက စီနီယာ တပည့်၏ အမူအရာကို ဆက်လက် သည်းမခံနိုင်တော့ဘဲ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
လူ့အသက်က အရေးအကြီးဆုံး ဖြစ်နေချိန်တွင် ဤလူက အာဏာပြချင်နေသည် မဟုတ်ပါလော။
ယဲ့ထျန်းဝေ၏ ဒေါသတကြီး ဟိန်းဟောက်မှုကြောင့် ရှင်းယွင် ဂိုဏ်းမှ တပည့်များစွာမှာ လုံးဝ ဆွံ့အသွားကြသည်။ အပြင်လူ တစ်ယောက်ဖြစ်သော ယဲ့ထျန်းဝေက စီနီယာ တပည့်အား ဤကဲ့သို့ ဆက်ဆံရဲလိမ့်မည်ဟု မည်သူကမျှ မယုံကြည်နိုင်အောင် ဖြစ်နေကြတော့၏။
လုထျန်းချန်မှာလည်း ယဲ့ထျန်းဝေ၏ ပေါက်ကွဲလွယ်သော ဒေါသကြောင့် အလန့်တကြား ဖြစ်သွားရသည်။
အခြားတစ်ဖက်တွင်မူ ကျန်းကျွင့်လန်၏ မျက်နှာထားမှာ တည်ငြိမ်နေဆဲ ဖြစ်ပါ၏။
“မောက်မာလိုက်တာ”
စီနီယာ တပည့်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ ထျန်းကျီဘုံ အဆင့် (၃) ၏ စွမ်းအားများ သူ့ထံမှ ပေါက်ကွဲထွက်လာပြီး လူသတ်ချင်စိတ်များဖြင့် ပြည့်နှက်နေကာ တိုက်ခိုက်ရန် အသင့်ဖြစ်နေတော့၏။
“ထျန်းဆော်... ရပ်လိုက်စမ်း၊ သူတို့ကို ပေးဝင်လိုက်”
ထိုအခိုက်အတန့်၌ ခန်းမဆောင်ကြီး အတွင်းမှ အိုမင်းသော အသံ တစ်သံ ထွက်ပေါ်လာသည်။
“မင်း မှတ်ထားလိုက်”
ထျန်းဆော်က ယဲ့ထျန်းဝေကို ရက်စက်စွာ စိုက်ကြည့်လိုက်ရာ သူ၏ မျက်နှာပေါ်တွင် ခြိမ်းခြောက်မှုများ အထင်းသား ပေါ်လွင်နေတော့၏။
ယဲ့ထျန်းဝေက သူ့ကို လုံးဝ လျစ်လျူရှုထားလိုက်ပြီး အနည်းငယ်မျှပင် ဂရုမစိုက်ပါချေ။
“ခင်ဗျားတို့ သုံးယောက် ဝင်သွားကြပါ... ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေက ခန်းမဆောင်ထဲမှာ စောင့်နေကြပါတယ်”
တပည့်ဖြစ်သူက လမ်းညွှန်ပေးလိုက်ပြီးနောက် ချက်ချင်း ထွက်သွားသည်။ သူသည် ထျန်းဆော်ကို ကြောက်လန့်နေကြောင်း ထင်ရှားလှပြီး ထိုနေရာတွင် ဆက်မနေဝံ့ပါချေ။
ယဲ့ထျန်းဝေနှင့် သူ၏ အပေါင်းအပါ နှစ်ဦးမှာ ခန်းမဆောင်ကြီး အတွင်းသို့ ဝင်ရောက်သွားကြပြီး ထျန်းဆော်ကလည်း အနောက်မှ လိုက်ပါလာခဲ့သည်။
“ရှင်းယွင် ဂိုဏ်းချုပ်နဲ့ အကြီးအကဲ သုံးဦးကို အရိုအသေ ပေးပါတယ်ခင်ဗျာ”
ခန်းမဆောင်ကြီး အတွင်းသို့ ဝင်ရောက်သွားသည်နှင့် လုထျန်းချန်နှင့် အခြားသူများက ရိုသေစွာ ဂါရဝပြုလိုက်ကြသည်။
ခန်းမဆောင်ကြီး အတွင်းရှိ ဂုဏ်သရေရှိ နေရာတွင် ထိုင်နေသူမှာ အခြားသူ မဟုတ်၊ ရှင်းယွင် ဂိုဏ်း၏ ဂိုဏ်းချုပ် ကူရှန်ဟယ်ပင် ဖြစ်သည်။ သူ၏ တစ်ဖက်တစ်ချက်စီတွင် အကြီးအကဲ သုံးဦး ထိုင်နေကြပြီး ပထမ အကြီးအကဲမှာ မိုရွှမ်၊ ဒုတိယ အကြီးအကဲ လျိုဆုန်ရန်နှင့် တတိယ အကြီးအကဲ ချီကျွယ်တို့ ဖြစ်ကြသည်။
ကျန်းကျွင့်လန်ကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် ဂိုဏ်းချုပ်နှင့် အကြီးအကဲ သုံးဦးလုံး၏ မျက်နှာထားများမှာ သိသိသာသာ ပြောင်းလဲသွားပြီး ကျန်းကျွင့်လန်ကို အလွန်အမင်း အံ့အားသင့်စွာဖြင့် လှမ်းကြည့်လိုက်ကြတော့၏။
“သခင်လေးကျန်း... ဒီလို အရိုအသေပေးဖို့ မလိုပါဘူး၊ ကျွန်တော်တို့ ဂိုဏ်းက သခင်လေးဆီကနေ ဒီလောက် ကြီးမားတဲ့ ဂါရဝပြုမှုကို လက်ခံဖို့ မထိုက်တန်ပါဘူး”
ခဏအကြာတွင် ကူရှန်ဟယ်က အလျင်အမြန် မတ်တပ်ရပ်လိုက်ရာ သူ၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုနှင့် ဂုဏ်ယူမှုများ ရောယှက်နေပြီး ရိုသေစွာဖြင့် ပြောလိုက်သည်။
“သခင်လေးကျန်းကို အရိုအသေ ပေးပါတယ်”
အကြီးအကဲ သုံးဦးကလည်း ရိုသေစွာ ခေါင်းညွတ်၍ နှုတ်ဆက်လိုက်ကြသည်။
“အာ...”
ကျန်းကျွင့်လန်မှာ လုံးဝ အံ့အားသင့်သွားသည်။ ကူရှန်ဟယ်နှင့် အခြားသူများက သူ့ကို အမှန်တကယ် မှတ်မိနေလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပါချေ။
'သခင်လေးကျန်းလား'
ကူရှန်ဟယ်၏ ရိုသေလေးစားသော အမူအရာကြောင့် လုထျန်းချန်နှင့် ထျန်းဆော်တို့မှာ ချက်ချင်းပင် အလန့်တကြား ဖြစ်သွားကြပြီး သူတို့၏ အကြည့်များမှာ ဇဝေဇဝါ ဖြစ်မှု၊ အံ့အားသင့်မှုများဖြင့် ကျန်းကျွင့်လန်ထံသို့ ရောက်ရှိသွားကြသည်။
ဘယ်က သခင်လေးကျန်းလဲ။
မြောက်ဘက် ဆန်းကြယ် နယ်မြေတွင် ရှင်းယွင် ဂိုဏ်းက ဤမျှ သတိထား ဆက်ဆံရလောက်အောင် ကြီးကျယ်သော သခင်လေးကျန်း ဆိုသည်မှာ မရှိသလောက်ပင် ဖြစ်ပါ၏။
'သူ... သူက တကယ်ကို ဘယ်သူများလဲ... ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေကတောင် သူ့ကို ဒီလောက် အရိုအသေ ပေးနေကြတာပါလား'
ထျန်းဆော်မှာ ကျန်းကျွင့်လန်ကို ကြောက်လန့်တကြား ကြည့်ရင်း စိတ်ထဲမှ တွေးလိုက်မိသည်။
'သခင်လေးကျန်း ဟုတ်လား... သူက ဝူကျိ နယ်မြေကနေ လာတာပဲ၊ သူကများ...'
လုထျန်းချန်၏ စိတ်ထဲတွင် အတွေးများ လျင်မြန်စွာ ပြေးလွှားသွားပြီး ကျန်းကျွင့်လန်၏ နောက်ခံကို အလျင်အမြန် ခန့်မှန်းမိလိုက်ရာ သူ၏ မျက်နှာပေါ်တွင် ချက်ချင်းပင် အံ့အားသင့်မှုနှင့် မယုံကြည်နိုင်မှုများ ပြည့်နှက်သွားတော့၏။
'သူက ဝူကျိ နယ်မြေက အင်မော်တယ်လက်နက် သွန်းလုပ်တဲ့ ကျန်းမိသားစုရဲ့ သခင်လေးပါလား'
လုထျန်းချန်၏ နှလုံးသားမှာ အပြင်းအထန် ခုန်ပေါက်နေပြီး သူ၏ မျက်လုံးများပင် ပြူးထွက်လုမတတ် ဖြစ်သွားရသည်။ ဤမျှ ကြီးကျယ်မြင့်မြတ်သော ပုဂ္ဂိုလ်တစ်ဦးက သူ၏ ဘေးနားတွင် ရှိနေသည်ကို သူ လုံးဝ မယုံကြည်နိုင်အောင် ဖြစ်နေရသည်။
ဤအခိုက်အတန့်တွင် လုထျန်းချန်က ဖုန်းဝူချန်ကို တွေးမိလိုက်သည်။ အကယ်၍ ဖုန်းဝူချန်က ကျန်းမိသားစု၏ သခင်လေးကိုပင် အမိန့်ပေး ခိုင်းစေနိုင်စွမ်း ရှိသည်ဆိုလျှင် သူကိုယ်တိုင်က မည်မျှ ကြောက်မက်ဖွယ်ကောင်းသော အဆင့်အတန်းနှင့် နောက်ခံကို ပိုင်ဆိုင်ထားမည်နည်း။
“ရှင်းယွင် ဂိုဏ်းချုပ်နဲ့ အကြီးအကဲ သုံးယောက်က ကျွန်တော့်ကို မှတ်မိနေလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူးဗျ”
ကျန်းကျွင့်လန်က ကူရှန်ဟယ်နှင့် အခြားသူများကို ကြည့်ကာ ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည်။
“သခင်လေးကျန်းက တိုက်ကြီးရဲ့ အင်မော်တယ်လက်နက် သွန်းလုပ်တဲ့ နေရာမှာ နံပါတ်တစ် ပါရမီရှင်ပဲဟာ... ဘယ်သူက မသိဘဲ နေမှာလဲ”
ကူရှန်ဟယ်က ရိုသေစွာဖြင့် ဆိုလိုက်သည်။
'ဘာ... သူက ဝူကျိ နယ်မြေ ကျန်းမိသားစုက သခင်လေးကျန်းတဲ့လား'
ထျန်းဆော်၏ မျက်နှာထားမှာ နောက်တစ်ဖန် သိသိသာသာ ပြောင်းလဲသွားပြန်သည်။ ခန်းမဆောင် အပြင်ဘက်တွင် ကျန်းကျွင့်လန်မှာ အလွန်တရာ တည်ငြိမ်နေခဲ့ပြီး သူ့အား လုံးဝ အလေးအနက် မထားခဲ့သည်ကို သူ ပြန်လည် သတိရသွားတော့၏။
ယဲ့ထျန်းဝေအား သူ ခြိမ်းခြောက်ခဲ့မိသည်များကို ပြန်လည် တွေးမိလိုက်သည့်အခါ ထျန်းဆော်၏ ရင်တွင်း၌ ကြောက်ရွံ့မှုများ တစ်ဟုန်ထိုး တက်လာပြီး သူ၏ ကျောပြင်တွင် ချွေးသီးချွေးပေါက်များပင် ကျလာတော့၏။
“ရှင်းယွင် ဂိုဏ်းချုပ်က မြှောက်ပြောလွန်းနေပါပြီဗျာ”
ကျန်းကျွင့်လန်က ပြုံးလျက် နှိမ့်ချစွာ တုံ့ပြန်လိုက်သည်။
“သခင်လေးကျန်း... ဘယ်သူများ ဒဏ်ရာရထားလို့ပါလဲဗျ”
ပထမ အကြီးအကဲ မိုရွှမ်က မေးမြန်းလိုက်သည်။
ထို့နောက် ကျန်းကျွင့်လန်က ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြန်လည် ပြောပြလိုက်ရာ ကူရှန်ဟယ်နှင့် အခြားသူများလည်း နောက်ဆုံးတော့ သဘောပေါက်သွားကြသည်။
“ကံဆိုးခြင်း အဆိပ်မြူ ဟုတ်လား... ဒီအဆိပ်က တကယ်ကို အဆိပ်ပြင်းတယ်၊ သွေးမိစ္ဆာ ကြေးစားအဖွဲ့ရဲ့ ဒုတိယ ခေါင်းဆောင် ဖန်တီးထားတာ ဖြစ်ပြီး အရမ်းကို လွှမ်းမိုးဖိနှိပ်နိုင်တယ်... ထျန်းကျီဘုံ အဆင့် (၃) အောက်က လူတွေ ဆိုရင် ဘယ်သူမှ ဒီအဆိပ်ကို မခံနိုင်ဘူး”
ကူရှန်ဟယ်က မျက်မှောင် အနည်းငယ် တွန့်ချိုးလျက် ဆိုလိုက်သည်။
“အဲဒါကြောင့်မို့လို့ပါပဲဗျာ... ပြီးတော့ ရှုမီ ချောက်ကမ်းပါး အနီးတစ်ဝိုက်မှာ ရူရီ ခရမ်းရောင် ဝိညာဉ် ပန်းပွင့်က မရှိဘူးလေ... ပထမ အကြီးအကဲက အဆင့် (၇) ဆေးဆရာလို့ အစ်ကိုလုဆီကနေ ကြားလိုက်ရလို့ ကျွန်တော်တို့ ဒီကို လာကြည့်ဖို့ စဉ်းစားမိတာပါ”
“ဒီအဆိပ်နဲ့ ပတ်သက်ပြီး ကျုပ်လည်း ကူကယ်ရာမဲ့ပါပဲ... ပြီးတော့ ရှင်းယွင် ဂိုဏ်းမှာလည်း ရူရီ ခရမ်းရောင် ဝိညာဉ် ပန်းပွင့်က မရှိပါဘူး... အဲဒီဆေးဖက်ဝင် အပင်က အရမ်းကို တန်ဖိုးကြီးပြီး ရှားပါးလွန်းလို့ ကျုပ်ကိုယ်တိုင်တောင် တစ်ခါမှ မကြုံဖူးသေးပါဘူး”
မိုရွှမ်က လေးနက်သော မျက်နှာထားဖြင့် ရှင်းပြလိုက်၏။
“ပထမ အကြီးအကဲဆီမှာတောင် မရှိဘူးလား”
ဟု ကျန်းကျွင့်လန်က စိတ်ပျက်လက်ပျက်ဖြင့် မေးလိုက်သည်။
မိုရွှမ်က ကူကယ်ရာမဲ့စွာ ခေါင်းခါယမ်းပြလိုက်၏။
“ဒါတော့ ခက်ပြီ... ငါတို့ ဆေးဖက်ဝင် အပင်ကို မရနိုင်ဘူး ဆိုရင်၊ ပထမ အကြီးအကဲကလည်း ဖြေဆေး မရနိုင်ဘူး ဆိုရင်... အစ်ကိုကြီးထန်တို့အတွက် မျှော်လင့်ချက် မရှိတော့ဘူး ဆိုတဲ့ အဓိပ္ပာယ်လား”
ယဲ့ထျန်းဝေမှာ ဘာလုပ်ရမှန်း မသိတော့ဘဲ စိုးရိမ်တကြီးဖြင့် ရေရွတ်လိုက်သည်။
“အခု ငါတို့ ဘယ်လို လုပ်ကြမလဲ”
လုထျန်းချန်မှာ ပျာယာခတ်သွားပြီး ရှင်းယွင် ဂိုဏ်း၏ ပထမ အကြီးအကဲတွင်ပင် ရူရီ ခရမ်းရောင် ဝိညာဉ် ပန်းပွင့် မရှိသည်ကို လုံးဝ မယုံကြည်နိုင်အောင် ဖြစ်နေရသည်။
“တကယ်လို့ အချိန် သုံးရက်ပဲ ရမယ် ဆိုရင်တော့ ရူရီ ခရမ်းရောင် ဝိညာဉ် ပန်းပွင့်ကို ရှာဖို့ အချိန် လုံလောက်မှာ မဟုတ်ဘူး... သူတို့ သုံးယောက်ကို ကယ်ဖို့ တစ်ခုတည်းသော နည်းလမ်းက ဖြေဆေးကို ရအောင် ယူဖို့ပဲ”
ဟု ကူရှန်ဟယ်က အကြံပြုလိုက်၏။
“ပထမ အကြီးအကဲ... ရူရီ ခရမ်းရောင် ဝိညာဉ် ပန်းပွင့်ကို ဘယ်နေရာမှာ ရှာလို့ရနိုင်မလဲဆိုတာများ သိလားဗျ”
ကျန်းကျွင့်လန်က ထပ် မေးလိုက်သည်။
အကယ်၍ မည်သည့်နေရာတွင် ရှိသည်ကို သိပါက သူတို့ တိုက်ရိုက် သွားယူနိုင်သည် သို့မဟုတ် ဝယ်ယူနိုင်ပြီး အချိန် လုံလောက်လိမ့်မည် မဟုတ်ပါလော။
ခဏတာ တွေးတောပြီးနောက် မိုရွှမ်က အကြံပေးလိုက်သည်။
“ရူရီ ခရမ်းရောင် ဝိညာဉ် ပန်းပွင့်က ယင်စွမ်းအင် အရမ်း ပြင်းထန်တဲ့ နယ်မြေတွေမှာပဲ ပေါက်ရောက်တာလေ... အအေးဓာတ် လွှမ်းမိုးနေတဲ့ ကောင်းကင် နယ်မြေရဲ့ အနက်ရှိုင်းဆုံး အပိုင်းတွေမှာ ရှိနိုင်ပေမဲ့ အချိန် လုံးဝ လောက်မှာ မဟုတ်ဘူး... ဒီလို တန်ဖိုးကြီးတဲ့ ဆေးပင်မျိုးကို သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်မှာ တစ်ခါတော့ ကျုပ် မြင်ဖူးတယ်... သခင်လေးကျန်း... မင်း အဲဒီကို တစ်ခေါက်လောက် သွားကြည့်ရလိမ့်မယ် ထင်တယ်”
“သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်လား”
ကျန်းကျွင့်လန်က ခေါင်းကို အသာအယာ ညိတ်လိုက်သည်။
ဒါက မိမိတို့၏ နောက်ဆုံး မျှော်လင့်ချက် ဖြစ်နိုင်ပါ၏။
wunzinnosp