အခန်း (၁၇၅-၁၇၆)
Vol. 11 Ch. 175-176
အခန်း (၁၇၅) ရေခဲဝိညာဉ်နဂါးပြာငှက်
“ယောင်္ကျားတွေဆိုတာ အကုန်အတူတူပါပဲ၊ မိန်းကလေးတွေကို လှည့်ဖျားဖို့ပဲ သိကြတာ” ဟု ယီနန်က နှုတ်ခမ်းဆူကာ ဆိုလေသည်။
ဘဝနှစ်ခုကို ဖြတ်သန်းခဲ့ရသူ ပီပီ ချင်ယွမ်ဖုန်းအဖို့ မိန်းကလေးတစ်ယောက်၏ စိတ်အလိုကို နားလည်ရန်မှာ အခက်ခဲဆုံးဟု ခံစားမိ၏။ တစ်ခဏချင်းတွင် အဆင်ပြေနေသော်လည်း နောက်တစ်စက္ကန့်၌ ရုတ်တရက် အမျက်ထွက်သွားတတ်ကြသည် မဟုတ်လော။
“ဒါ ငါ့အပြစိပါပဲ” ချင်ယွမ်ဖုန်းက ခေါင်းကို အသာခါယမ်းရင်း မတတ်သာသည့်အဆုံး စကားလမ်းကြောင်းကို အမြန်လွှဲလိုက်ရသည်။
“အနန္တပုံရိပ်... ဒီကနေ ထွက်လို့ရမယ့် တခြားလမ်းရှိသေးလား”
အနန္တပုံရိပ်က ခေါင်းညိတ်ပြလျက် “ရှေ့နားမှာ ထွက်ပေါက်တစ်ခု ရှိပါသေးတယ်၊ ဒါပေမဲ့ အဲဒါက တောင်ကမ်းပါးယံဆီကို ပေါက်နေတာ၊ တခြားဆင်းစရာ လမ်းတော့မရှိဘူး” ဟု ပြန်လည်ဖြေကြား၏။
ချင်ယွမ်ဖုန်းက ရယ်မောကာ “ရတယ်၊ ငါ့ကို အဲဒီကိုသာ ခေါ်သွားပေး၊ အဲဒီကနေ ငါတက်သွားလို့ရတယ်” ဟု ဆိုလေသည်။
အနန္တပုံရိပ်သည် ယီနန်၏ ကိုယ်ပေါ်မှ ခုန်ဆင်းကာ တံခါးနှင့် မျက်နှာချင်းဆိုင်ရှိ နံရံဆီသို့ သွား၍ ခလုတ်တစ်ခုကို နှိပ်လိုက်ရာ သူတို့ရှေ့တွင် တံခါးတစ်ချပ် ပွင့်ဟလာတော့သည်။
ထိုခဏ၌ပင် ဝှူးခနဲ တိုက်ခတ်လာသော လေပြင်းက ချင်ယွမ်ဖုန်းကို ချမ်းစိမ့်သွားစေ၏။ ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ရှုပြီးနောက် တခြားထူးခြားမှု မရှိတော့သဖြင့် ချင်ယွမ်ဖုန်းသည် နောက်ဆုံးအကြိမ် လှည့်ကြည့်ကာ ထွက်ခွာခဲ့တော့သည်။
အနန္တပုံရိပ်သည်လည်း ထိုနေရာရှိ ထောင့်စေ့အောင် ကြည့်ရှုကာ တသသဖြင့် မှတ်သားပြီးနောက် ချင်ယွမ်ဖုန်းနောက်သို့ လိုက်ပါလာခဲ့၏။
“ဒါနဲ့ အနန္တပုံရိပ်... ဒီမှာ ရေခဲဝိညာဉ်နဂါးပြာငှက် ရှိတယ်လို့ ငါကြားမိတယ်၊ အခု အဲဒါ ဘယ်မှာလဲ” ဟု ချင်ယွမ်ဖုန်းက မေးမြန်းလိုက်သည်။
အနန္တပုံရိပ်က မျက်မှောင်ကြုတ်လျက် “အရင်ကတော့ ရှိခဲ့ဖူးတယ်၊ ငါ့အရှင်သခင်က သူ့ကို အိမ်မွေးတိရစ္ဆာန်အဖြစ် ဖမ်းဆီးထားတာ၊ ဒါပေမဲ့ အခု ဘယ်ရောက်နေလဲတော့ ငါမသိဘူး၊ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်တုန်းကတော့ ငါ့ဆီကို တစ်ခေါက် လာလည်သေးတယ်” ဟု ဆို၏။
“အနှစ်သုံးဆယ်တုန်းက ဟုတ်လား” ချင်ယွမ်ဖုန်း မျက်လုံးများ ပြူးကျယ်သွားရသည်။ “ဟူး... ငါတို့ ဒီကနေ ထွက်သွားရင် အဲဒီအကောင်ကို ဘယ်မှာ သွားရှာရပါ့မလဲ”
လမ်းအတိုင်း လျှောက်လာခဲ့ကြရာ အပြင်မှ တိုက်ခတ်လာသော အေးစက်သည့်လေနှင့်အတူ နှင်းမှုန်များ ပါလာသည်ကို တွေ့ရ၏။ မကြာမီတွင် သူတို့ရှေ့၌ ရေခဲတံတိုင်းကြီး တစ်ခုက ပိတ်ဆို့နေလေသည်။
ချင်ယွမ်ဖုန်းသည် လုယန့်ဓားကို ထုတ်ကာ ရေခဲတံတိုင်းကို ခုတ်ပိုင်းဖွင့်လိုက်ပြီး အပြင်သို့ ဖြည်းညှင်းစွာ လျှောက်လှမ်းခဲ့သည်။
ယင်းမှာ တောင်ကမ်းပါးယံမှ ထွက်နေသော ကျောက်ဆောင်စင်မြင့်တစ်ခု ဖြစ်၏။
အထက်သို့ မော့ကြည့်လျှင် ရှန်းဝူအကယ်ဒမီကို မြင်ရပြီး အောက်ဘက်တွင်မူ ပင်လယ်ပြင်ကြီး ရှိနေလေသည်။ ထိုကျောက်ဆောင်စင်မြင့်ပေါ်တွင် ရေခဲတိုင်တစ်ခု ရှိနေပြီး ထိပ်ဖျား၌ ငှက်ငယ်တစ်ကောင် ပုံသဏ္ဍာန်ရှိသည့် ရေခဲရုပ်တုလေး တစ်ခု ရှိနေ၏။
“ရေခဲဝိညာဉ်နဂါးပြာငှက်လား” အနန္တပုံရိပ်က ခုန်ထွက်သွားပြီး ရေခဲရုပ်တုကို လက်ညှိုးထိုးကာ ဆိုသည်။
“ဒါက ရေခဲဝိညာဉ်နဂါးပြာငှက် ဟုတ်လား၊ ဘာလို့ ဒီလောက် သေးနေရတာလဲ” ချင်ယွမ်ဖုန်းက စာကလေးတစ်ကောင်ခန့်သာ ရှိသော ရေခဲရုပ်တုကို ကြည့်ကာ မျက်မှောင်ကြုတ်မိ၏။ ဤသည်မှာ သူစိတ်ကူးယဉ်ထားသည့် ပုံစံနှင့် လုံးဝ ကွဲပြားနေပေ၏။
“ဒါက သူ့ရဲ့ မူလပုံစံပဲ၊ အခု သူက အိပ်စက်ခြင်း အခြေအနေထဲကို ရောက်နေပုံရတယ်” ဟု အနန္တပုံရိပ်က အေးအေးဆေးဆေးပင် ပြောလိုက်သည်။
ချင်ယွမ်ဖုန်းမှာ အတိုင်းမသိ ဝမ်းသာသွားရ၏။ ဤသို့ အိပ်မောကျနေချိန်တွင် သူ၏ အနှစ်သာရသွေး တစ်စက်ကို ယူလိုက်လျှင်ပင် သိနိုင်မည် မဟုတ်ပေ။
“အနန္တပုံရိပ်... အနှစ်သာရသွေး အနည်းငယ် ထုတ်ယူနိုင်မယ့် နည်းလမ်း ရှိမလား” ဟု ချင်ယွမ်ဖုန်းက စပ်စုလိုက်သည်။
အနန္တပုံရိပ်က ခေါင်းခါလျက် “ဒီ ရေခဲဝိညာဉ်နဂါးပြာငှက် အပြင်ဘက်က ရေခဲလွှာဟာ ရှေးဟောင်းရေခဲတွေပဲ၊ တစ်တိုက်ကြီးလုံးမှာ အမာဆုံး ရေခဲတွေထဲက တစ်ခုမို့ ခွဲလို့ရမှာ မဟုတ်ဘူး” ဟု ဆို၏။
ထိုခဏ၌ပင် ရေခဲတုံးအတွင်းရှိ ရေခဲဝိညာဉ်နဂါးပြာငှက်သည် ရုတ်တရက် မျက်လုံးများ ပွင့်လာပြီး အလင်းတန်းတစ်ခု ပစ်လွှတ်လိုက်ရာ ချင်ယွမ်ဖုန်း၏ ရင်မှာ ဒိန်းခနဲ ခုန်သွားရသည်။
နောက်တစ်ခဏတွင်မူ ရေခဲလွှာများမှာ ဖြည်းညှင်းစွာ အရည်ပျော်ကျလာပြီး ဖြူဖွေးသော အရှိန်အဝါများ ထွက်ပေါ်လာတော့၏။
“အနန္တပုံရိပ်... မင်းက ဘာလို့ ဒီလူနဲ့ အတူ ထွက်လာရတာလဲ” ရေခဲများ အရည်ပျော်သွားသည်နှင့်အမျှ ကြမ်းတမ်းသော အသံကြီး တစ်သံ ထွက်ပေါ်လာသည်။
ချင်ယွမ်ဖုန်းမှာ ရေခဲဝိညာဉ်နဂါးပြာငှက်၏ နှုတ်သီးလေး ပွင့်ဟလှုပ်ရှားနေသည်ကို အတိုင်းသား မြင်လိုက်ရသဖြင့် မျက်လုံးများ ပြူးကျယ်သွားရ၏။
“မင်း စကားပြောနေတာလား” ချင်ယွမ်ဖုန်းက အံ့အားသင့်တကြီး ရေရွတ်လိုက်သည်။ ယီနန်ပင်လျှင် စိုးရိမ်တကြီးဖြင့် ချင်ယွမ်ဖုန်း၏ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိ၏။
“ဒါက ဘာဆန်းလို့လဲ၊ ငါက သန့်ရှင်းသော သားရဲပဲ၊ မင်းက သန့်ရှင်းသော သားရဲဆိုတာ ဘာလဲဆိုတာရော သိရဲ့လား”
ရေခဲဝိညာဉ်နဂါးပြာငှက်က အတောင်ပံလေးနှစ်ဖက်ကို ပိုက်လျက် မောက်မာသော လေသံဖြင့် ဆိုလေသည်။
ချင်ယွမ်ဖုန်းမှာ အံ့သြလွန်း၍ မေးအိုးပင် ပြုတ်ကျမတတ် ဖြစ်သွားရ၏။
သန့်ရှင်းသော သားရဲဆိုသည်မှာ လူသားတို့၏ ဘုရင်နယ်ပယ်နှင့် ညီမျှပေသည်။ သိုင်းပညာရှင်တိုင်း တစ်သက်လုံး ကြိုးပမ်းအားထုတ်ကြရသည့် အဆင့် မဟုတ်လော။
“ဆရာ့ကို လန့်သွားစေမိပြီ” ချင်ယွမ်ဖုန်းက ဖော်လံဖားသော လေသံဖြင့် ရေခဲဝိညာဉ်နဂါးပြာငှက် နောက်သို့ ပြေးသွားကာ ဆိုလိုက်သည်။
“ဆရာက နောက်နေတာပဲ၊ ဆရာက နာမည်ကျော် နတ်သားရဲ တစ်ကောင်ပဲဟာ၊ ကျွန်တော်က အံ့သြလွန်းသွားလို့ပါ”
“ဟွန်း... အနန္တပုံရိပ်၊ မင်းက ဘာလို့ ဒီကောင့်နောက် လိုက်လာရတာလဲ၊ ကြည့်ရတာ လူကောင်းပုံ တစ်စက်မှ မပေါက်ဘူး” ရေခဲဝိညာဉ်နဂါးပြာငှက်က အေးစက်စွာ ဆို၏။
“နဂါးပြာငှက် ဦးလေး... သူက သခင်ကြီး သဘောတူထားတဲ့ လူပါ” ဟု အနန္တပုံရိပ်က အမြန် ဝင်ပြောပေးရှာသည်။
“အရှင်သခင် သဘောတူထားတဲ့ လူ ဟုတ်လား” ရေခဲဝိညာဉ်နဂါးပြာငှက်က ချင်ယွမ်ဖုန်းကို အကဲခတ်ကြည့်ရင်း “ဒီလောက် နှစ်တွေ ကြာပြီးမှ အရှင်သခင်က တစ်ယောက်ယောက်ကို သဘောတူလိုက်တာလား၊ ဒါပေမဲ့ ဘာလို့ အနာဂတ် မရှိပုံရတဲ့ ကလေးကိုမှ ရွေးရတာလဲ” ဟု ဆိုလေသည်။
ချင်ယွမ်ဖုန်းမှာ မကျေမနပ် ဖြစ်သွားသော်လည်း ထုတ်မပြရဲပေ။ သန့်ရှင်းသော သားရဲနှင့် ယှဉ်လျှင် သူက ပုရွက်ဆိတ်တစ်ကောင်ထက် မပိုပေ။
““နဂါးပြာငှက် ဦးလေး... ကျွန်တော်ဟာ စီနီယာ လူရီ ရဲ့ အသိအမှတ်ပြုမှုကို ရရှိထားသူပါ” ချင်ယွမ်ဖုန်းက သူ၏ ရည်ရွယ်ချက်ကို တိုက်ရိုက်ပင် ပြောချလိုက်၏။ “အခု စီနီယာရဲ့ သဘောတူညီချက်ကိုလည်း ရထားပြီဆိုတော့... ကျွန်တော့်ကို အနှစ်သာရသွေး နှစ်စက်လောက် ပေးသနားရင် မကောင်းဘူးလား”
“မင်းက ငါ့ရဲ့ အနှစ်သာရသွေးကို လိုချင်တာလား၊ ဘာလုပ်ဖို့လဲ” ရေခဲဝိညာဉ်နဂါးပြာငှက်က အေးစက်စွာ မေးမြန်းသည်။
“ဦးလေး... မမြင်ဘူးလား၊ ကျွန်တော် ကောင်းကင်ဘုံသုဉ်း ‘ဂူ’ အဆိပ် မိထားတာ၊ ဆေးဖော်ဖို့အတွက် ဦးလေးရဲ့ အနှစ်သာရသွေး လိုအပ်နေလို့ပါ၊ မဟုတ်ရင် ကျွန်တော့်မှာ အသက်ရှင်ဖို့ တစ်နှစ်ပဲ ကျန်တော့တယ်” ဟု ချင်ယွမ်ဖုန်းက သနားစဖွယ် ဟန်ဆောင်ကာ ပြောလိုက်၏။
ဤသို့ ချော့မြှောက်ပရိယာယ်မှာ အလုပ်ဖြစ်သွားပုံရသည်။ ရေခဲဝိညာဉ်နဂါးပြာငှက်သည် ချင်ယွမ်ဖုန်းကို သံသယဖြင့် ကြည့်ကာ သူ၏ ဦးခေါင်းကို စူးစိုက်ကြည့်လေသည်။
“တကယ်ပဲ ကောင်းကင်ဘုံသုဉ်း ‘ဂူ’ ပါလား၊ မင်း တကယ်ပဲ ကံဆိုးတာပဲ၊ ကဲလေ... ငါက ငါ့အရှင်သခင်နဲ့ ရင်းနှီးတဲ့ သံယောဇဉ် ရှိသလို၊ မင်းကလည်း သူ သဘောတူတဲ့သူဆိုတော့ မင်း သေမှာကို ဒီတိုင်း ကြည့်မနေနိုင်ပါဘူး”
ရေခဲဝိညာဉ်နဂါးပြာငှက်က မတတ်သာသည့်အဆုံး ဆိုလိုက်ပြီး ဟင်းလင်းပြင်ထဲတွင် အစင်းကြောင်း နှစ်ကြောင်း ဆွဲလိုက်ရာ ဟင်းလင်းပြင် တံခါးငယ်တစ်ခု ပေါ်လာလေသည်။
“ဟင်းလင်းပြင်ကို ဖြတ်တောက်နိုင်တာလား” ချင်ယွမ်ဖုန်း မျက်လုံးများ ပြူးကျယ်သွားရ၏။ သန့်ရှင်းသော သားရဲများသာ ဟင်းလင်းပြင်ကို ဖြတ်တောက်နိုင်စွမ်း ရှိသည်ဖြစ်ရာ ယခုမှပင် ဤငှက်ငယ်မှာ အမှန်တကယ် သန့်ရှင်းသော သားရဲဖြစ်ကြောင်း ယုံကြည်သွားတော့သည်။
သွေးနှစ်စက်သည် ရှေးဟောင်းရေခဲလွှာ ပါးပါးလေး ဖုံးအုပ်ထားသော ရေခဲဝိညာဉ်နဂါးပြာငှက်၏ အတောင်ပံပေါ်တွင် ဝဲပျံနေ၏။
“ရော့... ကောင်လေး၊ ဒါက ငါ့ရဲ့ အနှစ်သာရသွေး နှစ်စက်ပဲ၊ သာမန်သွေး မဟုတ်ဘူးနော်၊ အလဟဿ မဖြစ်စေနဲ့” ဟု ရေခဲဝိညာဉ်နဂါးပြာငှက်က ဆိုလေသည်။
ချင်ယွမ်ဖုန်းသည် ထိုအနှစ်သာရသွေး နှစ်စက်ကို ဂရုတစိုက် သိမ်းဆည်းလိုက်၏။ ထို့ပြင် အလွန်တန်ဖိုးကြီးလှသည့် နှစ်သောင်းချီ သက်တမ်းရှိ ရေခဲအနှစ်သာရ နှစ်ခုကိုလည်း ရရှိလိုက်သေးသည်။
“မင်းရဲ့ ကောက်ကျစ်တဲ့ အပြုံးကို မြင်ရတာ ငါ ရုတ်တရက် နောင်တရသွားပြီ” ရေခဲဝိညာဉ်နဂါးပြာငှက်က မကျေမနပ်ဖြင့် ဆို၏။
ချင်ယွမ်ဖုန်း မျက်လုံးပြူးသွားကာ စိတ်ထဲမှ ကြိတ်၍ ကျိန်ဆဲနေမိသည် - ‘မင်းသာ သိုင်းအဆင့် ဒီလောက် မမြင့်ရင် ငါ မင်းကို ရိုက်နှက်လိုက်တာ ကြာလှပြီ’
“ဘာတွေ ပြောနေတာလဲ ဦးလေးရာ” ချင်ယွမ်ဖုန်းက ဖော်လံဖား အပြုံးကို ပြန်လည် ဆင်မြန်းလိုက်ပြီး “ဦးလေးက လူရီ... စီနီယာရဲ့ မိတ်ဆွေပဲဟာ၊ ကျွန်တော်တို့ မျိုးဆက်သစ်တွေအနေနဲ့ ရိုသေမှု မပျက်ကွက်သင့်ပါဘူး” ဟု ဆိုလေသည်။
“အင်း... ဒါမှ နည်းနည်း နားထောင်ကောင်းသေးတယ်” ရေခဲဝိညာဉ်နဂါးပြာငှက်က ခေါင်းညိတ်ကာ “ကဲ... တခြားကိစ္စ မရှိရင်လည်း မြန်မြန်သွားကြတော့၊ ငါ့အိပ်စက်ခြင်းကို လာမနှောင့်ယှက်နဲ့” ဟု ဆို၏။
ချင်ယွမ်ဖုန်းက အမြန် ခေါင်းခါယမ်းလျက် “နဂါးပြာငှက် ဦးလေး... ဒီမှာ နေလာတာ နှစ်တွေ အများကြီး ရှိပြီပဲ၊ အပြင်လောကကို ထွက်ပြီး မကြည့်ချင်ဘူးလား” ဟု မေးမြန်းကာ ရေခဲဝိညာဉ်နဂါးပြာငှက်ကို သူနှင့်အတူ လိုက်လာရန် ဖျောင်းဖျကြည့်လေသည်။
အကယ်၍သာ ဤသားရဲကြီးသာ သူ့နောက်သို့ လိုက်လာမည်ဆိုလျှင် ဤတိုက်ကြီးပေါ်တွင် သူ့ကို မည်သူက ရန်ပြုရဲပါဦးမည်နည်း။ သို့သော် ချင်ယွမ်ဖုန်းမှာ အလွန်အကျွံ စိတ်ကူးယဉ်နေခြင်းသာ ဖြစ်ပေတော့သည်။
အခန်း (၁၇၆) အကယ်ဒမီသို့ ဝင်ရောက်ခြင်း
"မင်းလေးကတော့ တော်တော်လေး လက်သွက်တာပဲ။ ငါ့အပြင် တခြားဘယ်နှကောင်လောက်ကို ဒီလိုပဲ လှည့်စားပြီး အလုပ်အကျွေး ပြုခိုင်းထားသလဲ ဆိုတာ ပြောစမ်းပါဦး" ဟု ရေခဲဝိညာဉ်နဂါးပြာငှက်က ချင်ယွမ်ဖုန်းကို ကြည့်ကာ နောက်ပြောင်သော လေသံဖြင့် ဆိုလေသည်။
ချင်ယွမ်ဖုန်းသည်လည်း လျင်မြန်စွာပင် လက်ကာပြလိုက်ပြီး "ဒါကို ဘယ်လိုလုပ် လှည့်စားတယ်လို့ ခေါ်လို့ရမှာလဲ။ ပြင်ပလောကကြီးက သိပ်ကို သာယာလှပလွန်းတော့ ကျွန်တော်တို့တွေ အပြင်ထွက်ပြီး လေ့လာသင့်တာပေါ့" ဟု ပြန်လည် တုံ့ပြန်လိုက်၏။
"ထားလိုက်ပါတော့၊ ငါ့သခင်နဲ့အတူ ရှန်းဝူ စကြဝဠာ တိုက်ကြီး တစ်ခွင်ကို နှံ့အောင် လျှောက်သွားခဲ့ဖူးတယ်။ နေရာတိုင်းကိုလည်း ရောက်ခဲ့ပြီးပြီဆိုတော့ ဘာမှ မထူးဆန်းတော့ပါဘူး" ဟု ရေခဲဝိညာဉ်နဂါးပြာငှက်က လူကြီးတစ်ယောက်ကဲ့သို့ မှတ်ချက်ပြုသည်။
ချင်ယွမ်ဖုန်းမှာ စိုးရိမ်တကြီးဖြင့် "နဂါးပြာငှက် ဦးလေး အနေနဲ့ နောက်တစ်ကြိမ်လောက် ပြန်စဉ်းစားပေးလို့ မရဘူးလား" ဟု မေးမြန်းမိပြန်သည်။
"မလိုတော့ဘူး" ဟု ရေခဲဝိညာဉ်နဂါးပြာငှက်က အေးစက်စွာ ဆို၏။ "ငါ ဒီမှာ ရှိနေတာကိုလည်း ဘယ်သူ့ကိုမှ မပြောပါနဲ့။ ငါ့ကို ဘယ်သူမှ လာမနှောင့်ယှက်တာကိုပဲ လိုလားတယ်။ အခုတော့ မင်းတို့အားလုံး ပြန်ကြပေတော့"
ချင်ယွမ်ဖုန်းမှာ များစွာ စိတ်ပျက်သွားရလေသည်။ ရေခဲဝိညာဉ်နဂါးပြာငှက်သည် အပြင်သို့ ထွက်ခွာရန် လုံးဝ ဆန္ဒမရှိကြောင်း သိသာလှပေသည်။
"မင်းရဲ့ ကျင့်စဉ်အဆင့်သာ နည်းနည်းလောက် မြင့်မားမယ်ဆိုရင်တော့ ငါ စိတ်ပြောင်းကောင်း ပြောင်းနိုင်ပါလိမ့်မယ်" ဟု ဆိုကာ ရေခဲဝိညာဉ်နဂါးပြာငှက်သည် ပြုံးလျက် မျက်စိကို ဖြည်းညှင်းစွာ မှိတ်လိုက်တော့သည်။
မကြာမီပင် ကြီးမားလှသော ရေခဲလွှာကြီး တစ်ခု ပေါ်ပေါက်လာပြီး ရေခဲဝိညာဉ်နဂါးပြာငှက်ကို ရစ်ပတ်ဖုံးအုပ်သွားကာ ယင်းသည် တစ်ဖန် ပြန်လည်၍ အိပ်မော်ကျသွားလေတော့သည်။
ချင်ယွမ်ဖုန်းသည် သက်ပြင်းတစ်ချက် ချလိုက်မိပြီး "နဂါးပြာငှက် ဦးလေး ဒီလောက်အထိ သတိကြီးလိမ့်မယ်လို့ မထင်ထားခဲ့ဘူး" ဟု ရေရွတ်မိသည်။
ထိုစဉ် ယီနန်သည် ချင်ယွမ်ဖုန်း၏ ဘေးသို့ ရောက်လာကာ "နင် ခုနက တော်တော်လေးကို နားငြီးဖို့ ကောင်းတာပဲ" ဟု ဆိုလေသည်။
"ဟားဟား၊ ဒါက လောကကြီးထဲမှာ ကျင်လည်တဲ့ နည်းလမ်းပဲလေ။ ဒီလိုမှလည်း အသက်ရှည်ရှည် နေရမှာပေါ့" ဟု ချင်ယွမ်ဖုန်းက ရယ်မောလျက် ပြန်ပြောလိုက်သည်။
ယီနန်သည်လည်း ပြုံးလိုက်ပြီး "ကောင်းပါပြီ၊ အခု အပေါ်ကို ဘယ်လို ပြန်တက်ကြမလဲ" ဟု မေးမြန်းရာ ချင်ယွမ်ဖုန်းက "လွယ်လွယ်လေးပါ၊ ငါ့ကို မြဲမြဲဖက်ထားလိုက်" ဟု ဆိုလိုက်ရာ ယီနန်၏ မျက်နှာမှာ ချက်ချင်းပင် နီမြန်းသွားပြီး ချင်ယွမ်ဖုန်း၏ ရင်ဘတ်ကို ရှက်ကိုးရှက်ကန်းဖြင့် ပုတ်လိုက်လေသည်။
ချင်ယွမ်ဖုန်းက ရယ်မောကာ "လျှောက်မတွေးပါနဲ့၊ နင့်ကို အပေါ်ကို ခေါ်သွားနိုင်အောင်လို့ ဖက်ထားခိုင်းတာပါ" ဟု ရှင်းပြလိုက်ရာ ယီနန်မှာ သက်ပြင်းတစ်ချက် ချနိုင်သော်လည်း အနည်းငယ်တော့ စိတ်ပျက်သွားမိသည်မှာ အမှန်ပင်။
"အနန္တပုံရိပ် သွားကြစို့" ဟု ချင်ယွမ်ဖုန်းက ခေါ်လိုက်လေသည်။
အနန္တပုံရိပ်သည် ချက်ချင်းပင် နားလည်သွားပြီး လေထဲသို့ ခုန်တက်ကာ သံမဏိတောင်ပံတစ်စုံအဖြစ် ပြောင်းလဲသွားပြီး ချင်ယွမ်ဖုန်း၏ ပခုံးပေါ်တွင် တပ်ဆင်လိုက်ရာ အလွန်ပင် ဆန်းပြားသော နည်းပညာ တစ်ခုကဲ့သို့ ထင်မှတ်ရပေသည်။
"အနန္တပုံရိပ်က တောင်ပံတွေအဖြစ် ပြောင်းလဲနိုင်တာလား" ဟု ယီနန်က အံ့အားသင့်စွာ မေးမြန်းသည်။
ချင်ယွမ်ဖုန်းက "ဟုတ်တယ်၊ နင် လုံးဝ တွေးတောင် မတွေးရဲတဲ့ တခြား စွမ်းဆောင်ရည်တွေ အများကြီး ရှိသေးတယ်" ဟု ဆိုကာ ယီနန်၏ ခါးကို ဖက်လိုက်ရာ ယီနန်သည်လည်း ချင်ယွမ်ဖုန်းကို ပြန်လည် ဖက်တွယ်လိုက်သည်။
မိုးတိမ်လွင့် ပညာရပ်ကို အသုံးပြု၍ ချင်ယွမ်ဖုန်းသည် လေထဲသို့ တိုက်ရိုက် ပျံတက်လိုက်လေသည်။ အနန္တပုံရိပ် ပြောင်းလဲထားသော တောင်ပံများ၏ အောက်ခြေမှ ပြာလွင်သော အရည်များ ပန်းထွက်လာပြီး ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်ကို အထက်သို့ တွန်းတင်ပေးလိုက်၏။
ချင်ယွမ်ဖုန်းသည် သိုင်းပါရဂူရှင်နယ်ပယ်သို့ မရောက်ရှိသေးသော်လည်း ယခုအခါတွင် လေထဲ၌ ပျံသန်းနိုင်ပြီ ဖြစ်သည်။ ခေတ္တမျှတွင် ချင်ယွမ်ဖုန်း၏ စိတ်ထဲ၌ ခံစားချက်များစွာ ပေါ်ပေါက်လာမိသည်။
အကယ်၍ အစောင့်အရှောက်နဂါးနှင့် လွင့်မျောတိမ်တိုက်နဂါး ဟူသော ပျံလွှားနဂါး နှစ်ကောင်သာ မရှိခဲ့လျှင် သူသည် စွန့်ပစ်ထားသော စာကြည့်တိုက်ကို ရှာတွေ့လိမ့်မည် မဟုတ်သလို အနန္တပုံရိပ်နှင့် ရေခဲဝိညာဉ်နဂါးပြာငှက်၏ အနှစ်သာရကိုလည်း ရရှိလိမ့်မည် မဟုတ်ပေ။
ဤအရာအားလုံးကို လွယ်ကူစွာ ရရှိခဲ့ခြင်းအပေါ် ချင်ယွမ်ဖုန်းမှာ ယုံတောင် မယုံနိုင်အောင် ဖြစ်နေရသည်။ မကြာမီပင် သူတို့နှစ်ဦးသည် ရှန်းဝူအကယ်ဒမီ၏ ခြံစည်းရိုးအပြင်ဘက်သို့ ပျံသန်းရောက်ရှိလာကြလေသည်။
ထိုအချိန်တွင် ချင်ယွမ်ဖုန်းကို လိုက်လံရှာဖွေနေကြသော ဆရာများလည်း စိုးရိမ်တကြီးဖြင့် ပြန်လည်ရောက်ရှိလာကြပြီး ကျောင်းသားများမှာလည်း ဝရန်တာများမှ ကြည့်ရှုကာ တစ်စုံတစ်ခုကို ဆွေးနွေးနေကြသည်။
ချက်ချင်းပင် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီး "ဟိုမှာ ကြည့်စမ်း၊ အဲဒါ ဘာကြီးလဲ" ဟု ဆိုလိုက်ရာ လူအားလုံး လှည့်ကြည့်လိုက်ကြပြီး ချင်ယွမ်ဖုန်းက ယီနန်ကို ပွေ့ချီလျက် ပျံသန်းဝင်ရောက်လာသည်ကို မြင်တွေ့သွားကြတော့သည်။
"အဲဒါ... ဆရာမ ယီနန် မဟုတ်လား"
"ဟုတ်တယ်၊ အဲဒီလူက ဘယ်သူလဲ။ ဆရာမ ယီနန်ကို ဖက်ထားတာလား"
"သူက ဘာလို့ ပျံနိုင်တာလဲ။ သူက သိုင်းပါရဂူရှင် ကျွမ်းကျင်သူ တစ်ယောက်လား"
"သူ့ကျောပေါ်က တောင်ပံတွေက ဘာတွေလဲ၊ တော်တော်လေးကို ကြည့်လို့ကောင်းတာပဲ"
...
ခဏချင်းမှာပင် တစ်ကျောင်းလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားလေတော့သည်။
"ချန်ဆန်းထံမှ ထိတ်လန့်မှု +၁၀၀"
"ဝူလျိုထံမှ ထိတ်လန့်မှု +၁၀၀"
ခဏအတွင်းမှာပင် ချင်ယွမ်ဖုန်းသည် ယုံကြည်မှုတန်ဖိုး ၁၀၀,၀၀၀ ကျော် ရရှိသွားရာ များစွာ အံ့အားသင့်သွားမိသည်။
ဤတန်ဖိုးအများစုမှာ ထိတ်လန့်မှုမှ လာခြင်းဖြစ်သော်လည်း တစ်ခုမှာမူ ချင်ယွမ်ဖုန်းကို စူးစမ်းလိုစိတ် ဖြစ်သွားစေသည်။
"ကျူးကောက်တာထံမှ အာဃာတ +၁၀၀"
ထိုအာဃာတ တန်ဖိုးမှာ အမြင့်ဆုံးသို့ ရောက်ရှိနေသဖြင့် ချင်ယွမ်ဖုန်းမှာ များစွာ ဇဝေဇဝါ ဖြစ်ရသည်။
ပုံမှန်အားဖြင့် သူ သတ်တော့မည့် သူများထံမှသာ ဤမျှ ပြင်းထန်သော အာဃာတကို ရရှိလေ့ရှိခြင်း ဖြစ်သည်။ သို့သော် သူသည် ဤ ကျူးကောက်တာ ဆိုသူကို လုံးဝ မသိပေ။
ချင်ယွမ်ဖုန်းသည် မိမိ၏ ရင်ခွင်ထဲရှိ ယီနန်ကို ငုံ့ကြည့်လိုက်မိသောအခါမှ အခြေအနေကို ရိပ်မိသွားလေသည်။ ဤမုန်းတီးမှုမှာ ယီနန်ကြောင့် ဖြစ်တန်ရာ၏။ အကယ်ဒမီမှ ဆရာများပင်လျှင် သူတို့နှစ်ဦးကို စူးစမ်းလိုစိတ်ဖြင့် ကြည့်နေကြသည်။
ချင်ယွမ်ဖုန်းသည် မြေပြင်သို့ ဖြည်းညှင်းစွာ ဆင်းသက်လိုက်ရာ ယီနန်သည် ချက်ချင်းပင် သူ့ကို တွန်းထုတ်လိုက်ပြီး မျက်နှာနီမြန်းလျက် ဘေးသို့ ဖယ်သွားလေသည်။
အနန္တပုံရိပ်သည်လည်း မူလ စက်လုံးပုံစံသို့ ပြန်လည်ပြောင်းလဲသွားပြီး ချင်ယွမ်ဖုန်း၏ သိုလှောင်အိတ် ထဲသို့ ပြန်ဝင်သွားသည်။
"ဆရာမ ယီနန်၊ ဘာတွေ ဖြစ်နေတာလဲ။ ဒီလူက ဘယ်သူလဲ။ ငါတို့ အကယ်ဒမီက ဆရာလား" ဟု တည်ကြည်သော အဘိုးအို တစ်ဦးက ရှေ့သို့ တိုးလာကာ မေးမြန်းလိုက်သည်။
ယီနန်က လျင်မြန်စွာပင် "ကျောင်းအုပ်ကြီး၊ ဒါက ချင်ယွမ်ဖုန်းပါ။ သူက ရှန်းဝူမျှော်စင် စမ်းသပ်မှုကို အောင်မြင်ခဲ့ပေမယ့် အဲဒီမှာ ဘယ်သူ့ကိုမှ မတွေ့လို့ အကယ်ဒမီကို ကိုယ်တိုင် လာခဲ့တာပါ" ဟု ရှင်းပြလိုက်သည်။
"မင်းကို သွားကြိုဖို့ ငါတို့ကျောင်းက ဆရာ ငါးယောက်တောင် ထွက်သွားကြတာ၊ ဘယ်သူမှ ရှာမတွေ့ခဲ့ကြဘူး" ဟု မျက်မှန်တပ်ထားသော အခြား လူလတ်ပိုင်း တစ်ဦးက အေးစက်စွာ ဆိုလေသည်။
"ဪ... ယွမ်ဖုန်း၊ ဒါကတော့ စီမံခန့်ခွဲရေးမှူး ဆရာ ရှုဝမ်ချန်းပါ" ဟု ယီနန်က မိတ်ဆက်ပေးသည်။
ချင်ယွမ်ဖုန်းက လက်အုပ်ချီ နှုတ်ဆက်လျက် "ဆရာတို့၊ စီမံခန့်ခွဲရေးမှူးနဲ့ ကျောင်းအုပ်ကြီးကို ဂါရဝပြုပါတယ်။ ကျွန်တော် တော်တော်ကြာအောင် စောင့်ခဲ့ပေမယ့် ဘယ်သူမှ ရောက်မလာလို့ ကိုယ်တိုင် လာခဲ့မိတာပါ။ ခွင့်လွှတ်ပေးကြပါ" ဟု ဆိုလိုက်သည်။
ကြင်နာတတ်သော ပုံစံရှိသည့် ကျောင်းအုပ်ကြီးမှာ ပြုံးလိုက်ပြီး "ကိစ္စမရှိပါဘူး။ ရှန်းဝူမျှော်စင် စမ်းသပ်မှုကို အောင်မြင်တဲ့သူ မရှိတာ ကြာပြီဆိုတော့ အကယ်ဒမီဘက်ကလည်း အစောင့်အရှောက် မထားမိခဲ့တာ ငါတို့ရဲ့ တာဝန်ပျက်ကွက်မှုပါပဲ" ဟု လေသံအေးအေးဖြင့် ဆိုလေသည်။
"နားလည်ပေးလို့ ကျေးဇူးတင်ပါတယ် ကျောင်းအုပ်ကြီး" ဟု ချင်ယွမ်ဖုန်းက ဆိုသည်။
"ကောင်းပြီ၊ အားလုံး လူစုခွဲကြတော့။ ဒါက မင်းတို့ရဲ့ အတန်းဖော်သစ်ပဲ။ နောက်နှစ်ရက်နေရင် ကျင်းပမယ့် လူသစ်များ ချန်ပီယံတိုက်ပွဲမှာ အတူတူ ပါဝင်ကြရမှာပါ" ဟု ကျောင်းအုပ်ကြီးက ကြေညာလိုက်ရာ ဆရာများနှင့် ကျောင်းသားများမှာ အနည်းငယ် ဦးညွှတ်ကာ ထွက်ခွာသွားကြတော့သည်။
ချင်ယွမ်ဖုန်းမှာမူ "ချန်ပီယံတိုက်ပွဲ" ဆိုသည်မှာ ဘာကို ဆိုလိုခြင်းဖြစ်သနည်းဟု တွေးတောကာ ဇဝေဇဝါ ဖြစ်နေရသည်။
"လာပါ၊ ငါတို့ ရုံးခန်းကို သွားပြီး အေးအေးဆေးဆေး စကားပြောကြရအောင်။ ယီနန်၊ မင်းလည်း လိုက်ခဲ့ဦး။ ကျန်တဲ့သူတွေတော့ ကိုယ့်အလုပ်ကိုယ် ပြန်လုပ်ကြတော့" ဟု ကျောင်းအုပ်ကြီးက ဆို၏။
ထို့နောက် ကျောင်းအုပ်ကြီးနှင့် စီမံခန့်ခွဲရေးမှူးနောက်သို့ သူတို့ လိုက်ပါသွားကြသည်။
သင်ကြားရေး အဆောက်အအုံ၏ အပေါ်ဆုံးထပ်သို့ ရောက်သောအခါ လှေကားထစ်များအနီးတွင် ဝိညာဉ်ကျောက်တုံး စွမ်းအင်သုံး ဓာတ်လှေကားကဲ့သို့ ကိရိယာတစ်ခုကို တွေ့ရသည်။
လူရီသည် ကမ္ဘာမြေ၏ နည်းပညာနှင့် ရှန်းဝူ စကြဝဠာ တိုက်ကြီး၏ နည်းပညာကို ပေါင်းစပ်ရာတွင် အမှန်ပင် ပါရမီရှင် တစ်ဦး ဖြစ်ပေသည်။
သူတို့ လေးဦး ဓာတ်လှေကားထဲသို့ ဝင်သွားကြစဉ် ယီနန်၏ မျက်နှာမှာ ယခုတိုင် နီမြန်းနေဆဲပင် ဖြစ်လေသည်။