← Chapters

အခန်း (၁၇၇-၁၇၈)

Vol. 11 Ch. 177-178

အခန်း (၁၇၇-၁၇၈)

Vol. 11 Ch. 177-178

အခန်း (၁၇၇) ကျောင်းအုပ်ကြီးနှင့် ပညာရေးမှူး

ဓာတ်လှေကားသည် သူတို့အား အပေါ်ဆုံးထပ်သို့ တိုက်ရိုက်ပို့ဆောင်ပေးခဲ့ပြီးနောက် ကျောင်းအုပ်ကြီး၏ ရုံးခန်းအတွင်းသို့ ဝင်ရောက်ခဲ့ကြလေသည်။

"ထိုင်ကြပါဦး" ဟု ဆိုကာ ကျောင်းအုပ်ကြီးက သူ့နေရာတွင် ဝင်ထိုင်လိုက်၏။

ဘေးတွင် ထိုင်နေသော ပညာရေးမှူး ရှုဝမ်ချန်းမှာမူ စေ့စပ်သေချာသူတစ်ဦးဖြစ်ဟန်တူပြီး စည်းကမ်းကြီးကာ ရှေးရိုးစွဲဆန်သော အသွင်အပြင်ရှိပေသည်။

ယီနန်နှင့် ချင်ယွမ်ဖုန်းတို့မှာမူ တစ်ဖက်တွင် ဝင်ရောက်နေရာယူလိုက်ကြ၏။

"မင်းနာမည်က ယွမ်ဖုန်းလား... ဒီနာမည်ကို ငါတစ်ခါမှ မကြားဖူးသေးဘူး" ဟု ကျောင်းအုပ်ကြီးက ပြုံးရွှင်စွာ မေးမြန်းလိုက်သည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလိုက်ပြီး "ကျွန်တော်က သိပ်ပြီး နာမည်ကြီးတဲ့သူ မဟုတ်ပါဘူး၊ နာမည်အရင်းက ချင်ယွမ်ဖုန်းပါ... ဆေးနတ်ဘုရားဂိုဏ်းက တပည့်တစ်ယောက်ဖြစ်ပါတယ်" ဟု ဖြေကြားခဲ့လေသည်။

"ဆေးနတ်ဘုရားဂိုဏ်းထဲကို ဝင်ခွင့်ရတဲ့သူမှန်သမျှဟာ ပါရမီရှင်တွေချည်းပါပဲ" ဟု ကျောင်းအုပ်ကြီးက ပြုံးလျက် ဆို၏။

"မင်းက ရှန်းဝူမျှော်စင်ရဲ့ စမ်းသပ်မှုကို အောင်မြင်ခဲ့ပြီဆိုတော့ ငါတို့အကယ်ဒမီရဲ့ ကျောင်းသားတစ်ယောက် ဖြစ်သွားပါပြီ... ဒါပေမဲ့ ငါတစ်ခုလောက် မေးပါရစေ၊ မင်း ဒီကိုလာရတဲ့ ရည်ရွယ်ချက်က ဘာလဲ"

"ပိုပြီး သန်မာလာဖို့ပါ" ဟု ချင်ယွမ်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။

"ပိုပြီး သန်မာလာဖို့ ဟုတ်လား..." ကျောင်းအုပ်ကြီးသည် ချင်ယွမ်ဖုန်း၏ မျက်ဝန်းများထဲမှ ပြတ်သားမှုကို မြင်တွေ့လိုက်ရသဖြင့် ခေါင်းညိတ်လိုက်ပြီး "မင်းမှာ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ရှိပုံရတယ်" ဟု ဆို၏။

"လုပ်စရာရှိတာလေးတွေ ရှိနေလို့ပါ" ဟု ချင်ယွမ်ဖုန်းက ပြုံး၍ ဖြေလိုက်သည်။

ကျောင်းအုပ်ကြီးက ခေါင်းညိတ်ထောက်ခံရင်း "စိတ်မပူပါနဲ့၊ ငါတို့အကယ်ဒမီက ကျောင်းသားတစ်ဦးချင်းစီရဲ့ အရည်အချင်းအလိုက် သင်ကြားပေးတာပါ... ကျင့်ကြံခြင်း၊ ဆေးဖော်စပ်ခြင်း၊ လက်မှော်သွန်းလုပ်ခြင်း ဒါမှမဟုတ် အဆောင်လက်ဖွဲ့ အတတ်ပညာပဲဖြစ်ဖြစ် သီးခြားအတန်းတွေ ရှိပြီးသားမို့ ဘာမှစိုးရိမ်စရာမလိုဘူး" ဟု ရှင်းပြလေသည်။

"ကျေးဇူးအများကြီးတင်ပါတယ် ကျောင်းအုပ်ကြီး" ဟု ချင်ယွမ်ဖုန်းက စိတ်လှုပ်ရှားစွာ ပြောလိုက်မိ၏။

ယခုအချိန်တွင် သူသည် ကမ္ဘာမြေပေါ်ရှိ ကျောင်းတော်သို့ ပြန်ရောက်သွားသကဲ့သို့ ခံစားလိုက်ရကာ လွမ်းဆွတ်တမ်းတမှုများလည်း ရင်ထဲတွင် တဖွားဖွား ပေါ်ပေါက်လာခဲ့သည်။

"ဒါနဲ့... မင်းနဲ့ ဆရာမ ယီနန်တို့က ဘယ်လိုလဲ" ဟု ကျောင်းအုပ်ကြီးက ချင်ယွမ်ဖုန်းအား ရယ်ချင်ပတ်ကျိ အမူအရာဖြင့် ကြည့်ကာ မေးလိုက်၏။

ယီနန်က "ဒီလိုပါ ကျောင်းအုပ်ကြီး... ပြီးခဲ့တဲ့အခါက ကျွန်မ ကျောင်းသားသစ်တွေ သွားကြိုရင်းနဲ့ ကျူးကော့ခန်းအတွက် မြေကမ္ဘာနက်ရှိုင်းသော ကြယ်တာရာမြက်ပင်ကို ကူရှာပေးခဲ့ပါတယ်၊ အဲဒီမှာ မိစ္ဆာကျင့်ကြံသူ ကျီးကန်းနဲ့ တိုးခဲ့တာပါ... ချင်ယွမ်ဖုန်းက ကျွန်မကို ကယ်တင်ပေးခဲ့ရုံတင်မကဘဲ အဲဒီမြက်ပင်ကိုပါ ရအောင် ယူပေးခဲ့တာပါ" ဟု အလျင်အမြန် ရှင်းပြလိုက်လေသည်။

"ဪ... ဒါဆို မင်းတို့နှစ်ယောက်က ရေစက်ရှိတယ်လို့ ပြောရမှာပေါ့" ဟု ကျောင်းအုပ်ကြီးက ရယ်မောကာ ဆို၏။

"ဒါနဲ့... မင်းက ဘာလို့ ပင်မတံခါးကနေ မလာဘဲ တံတိုင်းပေါ်ကနေ ခုန်ကျော်ဝင်လာရတာလဲ"

ယီနန်မှာ ချင်ယွမ်ဖုန်းက ရှန်းဝူအကယ်ဒမီရှိ လူအများရှေ့တွင် သူမအား ပွေ့ဖက်ခဲ့သည်ကို သတိရသွားကာ မျက်နှာလေး နီမြန်းသွားရလေသည်။

ချင်ယွမ်ဖုန်းက ဝင်ရောက်ဖြေကြားသည်မှာ "အဲဒါက ဒီလိုပါ ကျောင်းအုပ်ကြီး... ကျွန်တော် ဒီနေရာကို ရှာတွေ့တော့ နောက်ဘက်တံခါးက ပိတ်နေတာနဲ့ ခုန်ကျော်ဝင်ခဲ့မိတာပါ၊ အဲဒီမှာ အစောင့်အရှောက်နဂါးနဲ့ လွင့်မျောတိမ်တိုက်နဂါး လျူယွန်းတို့က ကျွန်တော့်ကို လာတိုက်ကြလို့ ဆရာမ ယီနန်က ကူညီရင်းနဲ့ ကျွန်တော်က စွန့်ပစ်ထားသော စာကြည့်တိုက်ထဲကို မတော်တဆ ပြုတ်ကျသွားခဲ့တာပါ" ဟု စာကြည့်တိုက်အတွင်း ကျခဲ့ပုံကို အသေးစိတ် ပြန်လည်ပြောပြလိုက်၏။

"မင်းပြောတာက... ကျောင်းအုပ်ကြီး လူရီ ချန်ထားခဲ့တဲ့ ကဗျာချိတ်ဆက်မှုကို မင်းက အဖြေဖော်နိုင်ခဲ့တယ်ပေါ့ ဟုတ်လား"

ကျောင်းအုပ်ကြီး၏ မျက်လုံးများမှာ ထိုခဏ၌ အံ့အားသင့်မှုကြောင့် ဝိုင်းစက်သွားရသည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလျက် "ကံကောင်းချင်တော့ ကျောင်းအုပ်ကြီး လူရီနဲ့ ကျွန်တော်က တစ်မြေတည်းသားတွေ ဖြစ်နေလို့ပါ" ဟု ဆို၏။

ကျောင်းအုပ်ကြီးသည် အားရပါးရ ရယ်မောလိုက်ပြီး ချင်ယွမ်ဖုန်းအပေါ် ပိုမိုနှစ်သက်သဘောကျသွားပုံရသည်။

"ကျောင်းအုပ်ကြီး လူရီ သက်ရှိထင်ရှားရှိစဉ်တုန်းက သူဟာ ဒီလောကသား မဟုတ်ဘူးလို့ အမြဲပြောလေ့ရှိကြောင်း ငါ့အဘိုးဆီက ကြားဖူးတယ်... အခုတော့ ကျောင်းအုပ်ကြီး လူရီလည်း စိတ်အေးလက်အေး အနားယူနိုင်ပါပြီ"

"နောက်ထပ် ပြောစရာလေးတွေ ရှိသေးတယ်၊ ဝမ်ချန်းကိုပဲ ရှင်းပြခိုင်းလိုက်မယ်... သူက မင်းတို့ရဲ့ ပညာရေးမှူးပဲ" ဟု ကျောင်းအုပ်ကြီးက ပြုံးလျက် ဆိုလိုက်၏။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလိုက်သည်။ ဤ ရှုဝမ်ချန်း၏ အစွမ်းမှာ ယွမ်ထျန်းကန်နှင့် မရှေးမနှောင်းပင် ဖြစ်တန်ရာသည်ဟု သူ ခန့်မှန်းမိသည်။

"ကောင်းပြီ... ရှန်းဝူအကယ်ဒမီထဲ ရောက်လာပြီဆိုရင်တော့ အရင်လို လွတ်လွတ်လပ်လပ် နေလို့မရတော့ဘူး၊ အကယ်ဒမီရဲ့ စည်းကမ်းတွေကို လိုက်နာရမယ်" ဟု ရှုဝမ်ချန်းက သူ၏ မျက်မှန်ကို ပင့်တင်ရင်း ပြောလိုက်၏။

"နားလည်ပါတယ်၊ ကျွန်တော်လည်း ဒီလိုကျောင်းမျိုး တက်ဖူးပါတယ်" ဟု ချင်ယွမ်ဖုန်းက ခေါင်းညိတ်ဝန်ခံလိုက်သည်။

"ဒါဆိုရင်တော့ ကောင်းတာပေါ့" ဟု ရှုဝမ်ချန်းက ခေါင်းညိတ်ပြကာ "နောက်နှစ်ရက်နေရင် ကျောင်းသားသစ်တွေရဲ့ ချန်ပီယံလုပွဲ ရှိတယ်၊ မင်းလည်း ပါဝင်ရမယ်" ဟု ဆိုလေသည်။

"ချန်ပီယံလုပွဲ ဆိုတာက ဘာလဲ" ဟု ချင်ယွမ်ဖုန်းက သိလိုစိတ်ဖြင့် မေးလိုက်၏။

"ချန်ပီယံလုပွဲ ဆိုတာက ကျောင်းသားသစ်တွေကို ကြိုဆိုတဲ့ အခမ်းအနားတစ်ခုပဲ၊ ရှန်းဝူအကယ်ဒမီရဲ့ အစဉ်အလာတစ်ခုလို့လည်း ပြောလို့ရတယ်... ကျောင်းသားဟောင်းတွေရော ကျောင်းသားသစ်တွေကိုပါ ကျောက်စိမ်းတံဆိပ်ပြား တစ်ခုစီ ပေးထားမယ်၊ ကျောင်းသားသစ်တွေက အဲဒီတံဆိပ်ပြားကို အလုမခံရအောင် ကာကွယ်ရမှာဖြစ်ပြီး ကျောင်းသားဟောင်းတွေကတော့ အတင်းလုယူကြမှာပဲ"

"ဘယ်ကျောင်းသားသစ်က တံဆိပ်ပြားကို ဆုံးရှုံးအောင် မခံဘဲ ထိန်းသိမ်းနိုင်မလဲ၊ အဲဒီကျောင်းသားက အကယ်ဒမီရဲ့ ဆုလာဘ်ကို ရမှာပဲ" ဟု ရှုဝမ်ချန်းက အေးဆေးစွာ ရှင်းပြခဲ့သည်။

ချင်ယွမ်ဖုန်းက စိတ်ထဲမှ ခေါင်းညိတ်လိုက်မိ၏။ ဤပွဲမှာ ကျောင်းသားသစ်များ၏ မာန်မာနကို ချိုးနှိမ်ရန် ပြုလုပ်သည့် ပွဲတစ်ပွဲသာ ဖြစ်ပေလိမ့်မည်။

အမှန်စင်စစ် ဤနေရာသို့ လာရောက်သူများမှာ ထူးချွန်ထက်မြက်သူများ ဖြစ်ကြသဖြင့် မာန်မာနကြီးကြသည်မှာ ဓမ္မတာပင်။ ထိုသို့သော ကြိုဆိုပွဲက သူတို့၏ မာန်မာနကို သွေးပေးနိုင်သကဲ့သို့ ကိုယ့်ထက်သာသူ အမြဲရှိနေသည်ကိုလည်း သိရှိစေပေလိမ့်မည်။

"နားလည်ပြီလား" ဟု ရှုဝမ်ချန်းက မေးလိုက်၏။

"နားလည်ပါပြီ ဆရာ... ကျွန်တော် ပါဝင်ပါ့မယ်" ဟု ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီ... အကယ်ဒမီထဲမှာ မင်းရဲ့ အပြောအဆို အပြုအမူကို ဆင်ခြင်ရမယ်၊ ဝတ်ပုံစားပုံကအစ သပ်သပ်ရပ်ရပ် ရှိရမယ်..."

ထို့နောက်တွင်မူ ရှုဝမ်ချန်းသည် သူ၏ အတုမရှိသော ပွစိပွစိ ပြောဆိုတတ်သည့် စွမ်းရည်ကို ထုတ်ဖော်ပြသတော့ရာ ချင်ယွမ်ဖုန်းမှာ ငိုက်မြည်းချင်လာသည်အထိ ခံစားလိုက်ရသည်။

၎င်းမှာ ပညာရေးမှူးတိုင်းတွင် ရှိတတ်သော အလေ့အထတစ်ခု ဖြစ်ဟန်တူပေသည်။

"နားလည်ရဲ့လား" ဟု ရှုဝမ်ချန်းက စကားအဆုံးတွင် အေးစက်စက် လေသံဖြင့် မေးလိုက်၏။

ချင်ယွမ်ဖုန်းကလည်း "နားလည်ပါပြီ" ဟု အလျင်အမြန် ခေါင်းညိတ်ပြလိုက်ရလေသည်။

"ကောင်းပြီ... တခြားကိစ္စမရှိရင် ငါ သွားတော့မယ်" ဟု ဆိုကာ ရှုဝမ်ချန်းက ထွက်ခွာရန် ပြင်လိုက်၏။

ထိုစဉ် ချင်ယွမ်ဖုန်းက အမြန်ထရပ်လိုက်ပြီး "နေပါဦး ကျောင်းအုပ်ကြီးနဲ့ ပညာရေးမှူး... ကျွန်တော် တင်ပြစရာ တစ်ခုရှိလို့ပါ"

ကျောင်းအုပ်ကြီးနှင့် ရှုဝမ်ချန်းတို့မှာ မျက်မှောင်ကြုတ်လျက် ချင်ယွမ်ဖုန်းအား ကြည့်လိုက်ကြသည်။

"ဒီလိုပါ... ကျွန်တော် လုပ်စရာ ကိစ္စလေးအချို့ ရှိနေလို့ပါ၊ အကယ်ဒမီကို တရားဝင် ဝင်ခွင့်ရပြီးရင် တစ်နှစ်လောက် ခွင့်ယူချင်ပါတယ်" ဟု ချင်ယွမ်ဖုန်းက ဆိုလိုက်၏။

"ခွင့်ယူမယ် ဟုတ်လား..."

"တစ်နှစ်တောင်လား..."

ရှုဝမ်ချန်းနှင့် ကျောင်းအုပ်ကြီးတို့မှာ အံ့အားသင့်စွာ ရေရွတ်လိုက်မိကြသည်။

"မဖြစ်နိုင်တာ..." ဟု ရှုဝမ်ချန်းက ပြတ်သားစွာ ငြင်းပယ်လိုက်ပြီး "ဒီနေရာကို မင်းက တည်းခိုခန်းများ မှတ်နေသလား၊ စိတ်ကြိုက် လာချင်တိုင်းလာ သွားချင်တိုင်း သွားလို့ရမယ် ထင်နေလား" ဟု ဆို၏။

"သူ့အကြောင်းပြချက်ကို အရင် နားထောင်ကြည့်ရအောင်" ဟု ကျောင်းအုပ်ကြီးက အေးဆေးစွာ ဝင်ပြောလိုက်သည်။

ချင်ယွမ်ဖုန်းက လက်အုပ်ချီလျက် "အမှန်အတိုင်း ပြောရရင် ကျွန်တော့်မှာ ကောင်းကင်ဘုံသုဉ်း 'ဂူ' အဆိပ် အလုပ်ခံထားရလို့ အသက်ရှင်ဖို့ တစ်နှစ်ပဲ အချိန်ရပါတော့တယ်... အဲဒီအချိန်အတွင်းမှာ သန့်စင်ခြင်းဆေးလုံး ဖော်စပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကို ရှာတွေ့မှသာ ကျွန်တော့်ကိုယ်ထဲက အဆိပ်ကို ဖယ်ရှားနိုင်မှာမို့လို့ပါ" ဟု ရှင်းပြခဲ့လေသည်။

"ကောင်းကင်ဘုံသုဉ်း 'ဂူ' လား... လောကကြီးမှာ ဒီလိုအရာမျိုး ရှိနေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး" ဟု ကျောင်းအုပ်ကြီးက သက်ပြင်းချကာ ဆို၏။

ရှုဝမ်ချန်းမှာလည်း ခဏမျှ တိတ်ဆိတ်သွားရသည်။

"မင်းက ယီနန်နဲ့လည်း ရင်းနှီးသလို ရှန်းဝူအကယ်ဒမီက ကျောင်းသားတစ်ယောက်ကိုလည်း ကယ်ခဲ့ဖူးတာဆိုတော့... ဒီတစ်ကြိမ်တော့ ချွင်းချက်အနေနဲ့ ခွင့်ပြုပေးလိုက်မယ်၊ မင်းကို ယီနန်ရဲ့ အတန်းထဲမှာပဲ ထည့်ပေးမယ်... ဘာကန့်ကွက်စရာ ရှိသေးလဲ" ဟု ရှုဝမ်ချန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

ချင်ယွမ်ဖုန်းမှာ ဝမ်းသာအားရ ဖြစ်သွားပြီး "ကျေးဇူးအများကြီး တင်ပါတယ် ပညာရေးမှူး" ဟု ဆို၏။

"မလိုပါဘူး" ဟု ရှုဝမ်ချန်းက ဝတ်ကျေတမ်းကျေ ပြောကာ ကျောင်းအုပ်ကြီး၏ ရုံးခန်းအတွင်းမှ ထွက်ခွာသွားလေတော့သည်။

"သူ့ကို စိတ်ထဲမထားပါနဲ့၊ ဝမ်ချန်းက စည်းကမ်းကြီးပေမဲ့ စိတ်ထားနူးညံ့ပါတယ်" ဟု ကျောင်းအုပ်ကြီးက ပြုံး၍ ဆိုသည်။

ချင်ယွမ်ဖုန်းကလည်း "ပညာရေးမှူးရှုက ဆရာကောင်းတစ်ယောက်ပါ" ဟု ခေါင်းညိတ်ထောက်ခံလိုက်၏။

"ကဲ... ဒါဆိုရင်တော့ ယီနန်၊ ချင်ယွမ်ဖုန်းကို ပတ်ဝန်းကျင်နဲ့ ရင်းနှီးအောင် လိုက်ပြပေးလိုက်ပါဦး... ခရီးထွက်မယ့်အချိန်ကျရင်တော့ ဒီကိုလာပြီး ခွင့်စာ လက်မှတ်လာထိုးပေါ့" ဟု ကျောင်းအုပ်ကြီးက အေးဆေးစွာ ဆိုလေသည်။

"နားလည်ပါပြီ ကျောင်းအုပ်ကြီး" ဟု ဆိုကာ ယီနန်က ထရပ်လိုက်၏။

"သွားကြတော့လေ" ဟု ကျောင်းအုပ်ကြီးက ပြုံးလျက် လက်ဝှေ့ယမ်း ပြလိုက်သည်။

ယီနန်က ခေါင်းညိတ်ပြကာ ချင်ယွမ်ဖုန်းကို ခေါ်ဆောင်၍ အပြင်သို့ ထွက်လာခဲ့ကြသည်။

"လူငယ်လေး... နဂါးပြာငှက် ဦးလေးရော နေကောင်းရဲ့လား" ဟု ကျောင်းအုပ်ကြီးက ရုတ်တရက် မေးလိုက်၏။

ချင်ယွမ်ဖုန်းမှာ အံ့အားသင့်သွားရသည်။ သူ ဤအကြောင်းကို ကျောင်းအုပ်ကြီးအား မပြောပြရသေးပေ။

"နေကောင်းပါတယ်၊ သူက ကျွန်တော်နဲ့အတူ မလိုက်ချင်လို့ ကျန်နေခဲ့တာပါ" ဟု ချင်ယွမ်ဖုန်းက ဖြေလိုက်သည်။

"ဟူး... သူကတော့ ကျောင်းအုပ်ကြီး လူရီကို သတိရနေတုန်းပဲကိုး၊ အချို့သော စွဲလမ်းမှုတွေကတော့ စွန့်လွှတ်ဖို့ ခက်ခဲလှတယ်" ဟု ကျောင်းအုပ်ကြီးက သက်ပြင်းချကာ ရေရွတ်လိုက်လေတော့သတည်း။

အခန်း (၁၇၈) သင်ခန်းစာများ စတင်ခြင်း

ချင်ယွမ်ဖုန်း၏ ရင်ခုန်သံတို့သည် တစ်ဒင်္ဂမျှ ရပ်တန့်သွားရချေသည်။ ကျောင်းအုပ်ကြီးသည် မိမိအား အရေးတယူ ရှိလိမ့်မည်မဟုတ်ဟု သူက ထင်မှတ်ထားခဲ့မိသည် မဟုတ်လော။

"ပြီးတော့ ဝမ်ချိုင်ကိုလည်း ကောင်းကောင်းအသုံးချပါ၊ ကျောင်းအုပ်ကြီး လူရီရဲ့ ဂုဏ်သတင်းကိုလည်း ညှိုးနွမ်းအောင် မလုပ်ပါနဲ့ဦး" ဟု ကျောင်းအုပ်ကြီးက ပြုံးရွှင်စွာဖြင့် မိန့်ကြားလေသည်။

မိမိကျောပေါ်ရှိ အတောင်ပံများ၏ မြစ်ဖျားခံရာကို ကျောင်းအုပ်ကြီး ရိပ်စားမိနေပြီဖြစ်ကြောင်း နားလည်သွားသည့်အတွက် ချင်ယွမ်ဖုန်းက လေးနက်စွာ ခေါင်းညိတ်ပြလျက် "စိတ်ချပါ ကျောင်းအုပ်ကြီး" ဟု ပြန်လည်ဖြေကြားခဲ့သည်။

ကျောင်းအုပ်ကြီးရုံးခန်းမှ ထွက်ခွာလာပြီးနောက် ယီနန်သည် ချင်ယွမ်ဖုန်းအား အကယ်ဒမီအတွင်း လှည့်လည်ကြည့်ရှုစေကာ နယ်မြေအနေအထားတို့ကို လိုက်လံပြသလေတော့သည်။

သင်ကြားရေးအဆောက်အအုံများ၊ အိပ်ဆောင်များ၊ ဆေးဖော်စပ်ခန်း၊ လက်နက်သွန်းလုပ်ခန်း၊ စာကြည့်တိုက်၊ စားသောက်ဆောင်နှင့် ရေချိုးဆောင် စသည်တို့မှာ တောင်ပေါ်၌ တည်ရှိကြပြီး ကျောင်း၏ ကစားကွင်းမှာမူ တောင်ခြေ၌ တည်ရှိပေသည်။

ရှန်းဝူအကယ်ဒမီတွင် အရှေ့ဘက်တံတိုင်း၌လည်း တံခါးတစ်ခုရှိပြီး ထိုမှတစ်ဆင့် ကျောက်လှေကားငယ်အတိုင်း တောင်ခြေရှိ ကစားကွင်းသို့ ဆင်းသက်သွားနိုင်ပေသည်။

လိုအပ်သည့် အထောက်အပံ့များ ပြည့်စုံရုံမျှမက ထူးချွန်ထက်မြက်သူများကိုသာ ရွေးချယ်၍ တစ်ဦးချင်းအလိုက် စနစ်တကျ လေ့ကျင့်သင်ကြားပေးသောကြောင့် ရှန်းဝူအကယ်ဒမီသည် သန့်ရှင်းသော နယ်မြေတစ်ခုအဖြစ် ကျော်ကြားလာခြင်းမှာ အံ့အားသင့်ဖွယ်ရာ မရှိချေ။

သို့ရာတွင် ကျောင်းသားအများစုမှာ ချင်ယွမ်ဖုန်းနှင့် ယီနန်တို့ကို စူးစမ်းသော မျက်လုံးများဖြင့် ခိုးကြည့်နေကြလေသည်။ ၎င်းတို့၏ အမြင်တွင်မူ ဆရာမယီနန်၌ ရည်းစားရသွားပြီဟု ထင်မှတ်နေကြပုံရ၏။

၎င်းတို့နှစ်ဦး စာသင်ခန်းသို့ သွားရန် ပြင်ဆင်နေစဉ်မှာပင် ကျူးကောက်တာက ရုတ်တရက် လမ်းပိတ်ရပ်လိုက်လေသည်။

"ယွမ်ဖုန်း... ဒါက ဆရာကျူးပဲ" ဟု ယီနန်က ခပ်အေးအေးပင် မိတ်ဆက်ပေးသည်။

'ကျူး' ဆိုသည့် မျိုးရိုးအမည်ကို ကြားလိုက်ရသည်နှင့် ချင်ယွမ်ဖုန်း စိတ်ထဲတွင် ဝမ်းသာသွားရသည်။

ဤသူမှာ မိမိအား အာဃာတတန်ဖိုးနှင့် ယုံကြည်မှုတန်ဖိုးများ ပေးအပ်ခဲ့သည့် ကျူးကောက်တာ မဟုတ်လော။

"ဪ... ဆရာကျူးကိုး၊ ဆရာ့အကြောင်း ကြားဖူးနားဝ ရှိပါတယ်" ချင်ယွမ်ဖုန်းက နွေးထွေးစွာဖြင့် ရှေ့သို့တိုးကာ လက်ဆွဲနှုတ်ဆက်လိုက်ရာ ကျူးကောက်တာမှာ အံ့အားသင့်သွားရချေသည်။

"မင်း ငါ့အကြောင်း ကြားဖူးတယ် ဟုတ်လား" ကျူးကောက်တာ၏ မျက်နှာတွင် မာန်မာနအရိပ်အယောင်တို့ ဖြတ်သန်းသွားသည်။

"မကြားဖူးပါဘူး" ဟု ချင်ယွမ်ဖုန်းက ပွင့်လင်းစွာပင် ပြန်ပြောလိုက်၏။

ကျူးကောက်တာက ချင်ယွမ်ဖုန်းအား စိုက်ကြည့်ကာ လက်ကို ခါထုတ်လိုက်ပြီး "မင်း ငါ့အကြောင်း ကြားဖူးဖို့ မလိုပါဘူး" ဟု ခပ်ပြတ်ပြတ် ပြောဆိုသည်။

"ယဉ်ကျေးတဲ့အနေနဲ့ ပြောလိုက်တာပါ" ဟု ချင်ယွမ်ဖုန်းက ပြုံးလျက် တုံ့ပြန်လေသည်။

ကျူးကောက်တာက အာဃာတအပြည့်ဖြင့် စိုက်ကြည့်ရင်း "ဒီမှာ... ငါပြောချင်တာက ရှန်းဝူအကယ်ဒမီမှာ ချစ်သူရည်းစားထားတာကို တားမြစ်ထားတယ်၊ ပြီးတော့ ယီနန်က ဆရာမတစ်ယောက်ဖြစ်တဲ့အတွက် မင်းအနေနဲ့ ကိုယ့်နေရာကိုယ် သိသင့်တယ်" ဟု ဆိုလာတော့သည်။

ထိုအခါ ယီနန်က မျက်မှောင်ကြုတ်လိုက်ကာ "ဆရာကျူး... အကယ်ဒမီမှာ အဲဒီလို စည်းကမ်းရှိတာ ကျွန်မ ဘာလို့မသိရတာလဲ၊ နောက်ပြီး ကျွန်မက ဆရာမ ဖြစ်နေရင်တောင် ယွမ်ဖုန်းက ကျွန်မရဲ့ သူငယ်ချင်းပဲ၊ ဒါ ရှင့်အလုပ် မဟုတ်ပါဘူး" ဟု ပြန်လည်ချေပလိုက်၏။

"ယီနန်... မင်း ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားသင့်တယ်" ဟု ကျူးကောက်တာက လေးနက်ဟန်ဖြင့် ဆိုသည်။

"ဆရာကျူးသာ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားစမ်းပါ" ယီနန်က ခပ်ပြတ်ပြတ်ပင် ဆိုလိုက်ပြီး ချင်ယွမ်ဖုန်း၏ လက်ကိုဆွဲကာ ကျူးကောက်တာကို ကျော်ဖြတ်လျက် သင်ကြားရေး အဆောက်အအုံအတွင်းသို့ ဝင်သွားလေတော့သည်။

ကျူးကောက်တာ၏ မျက်လုံးများမှာ ဒေါသကြောင့် မီးခိုးထွက်မတတ် ဖြစ်နေရပြီး လက်သီးကိုလည်း တင်းတင်းဆုပ်ထားမိချေသည်။

'ဒီလို ဖောက်ပြန်တဲ့အတွဲကို ငါ သင်ခန်းစာ ပေးရမယ်' ဟု သူက စိတ်ထဲမှ ကြုံးဝါးနေလေသည်။

"ယီနန်... အဲဒါ ဘယ်သူလဲ" ဟု ချင်ယွမ်ဖုန်းက စပ်စုလိုက်သည်။

"အကယ်ဒမီက ဆရာတစ်ယောက်ပါ၊ ကျွန်မနောက်ကို လိုက်နေတာ" ဟု ယီနန်က ထိုသူ့အကြောင်းကို မပြောလိုဟန်ဖြင့် အသာအယာပင် ဆိုသည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်လျက် "ဪ... ဒါကြောင့်မို့ ငါ့အပေါ် အာဃာတတွေ ထားနေတာကိုး" ဟု ဆိုလေသည်။

"ကဲ... စနောက်မနေနဲ့တော့၊ အခုကစပြီး အကယ်ဒမီထဲမှာငါ့ကို ဆရာမလို့ ခေါ်ရမယ်နော်၊ နားလည်လား" ယီနန်က ပြုံးလျက် ပြောလိုက်ရာ ချင်ယွမ်ဖုန်းကလည်း "နားလည်ပါပြီ ဆရာမယီနန်" ဟု အလျှင်အမြန်ပင် ထူးလိုက်လေသည်။

ယီနန်က ရယ်မောလိုက်ပြီးနောက် ၎င်းတို့နှစ်ဦးသည် ဓာတ်လှေကားဖြင့် ပထမနှစ် ကျောင်းသားများရှိရာ စတုတ္ထထပ်သို့ တက်လာခဲ့ကြသည်။

တစ်ကယ်ဒမီလုံးတွင် ကျောင်းသားပေါင်း တစ်ထောင်ကျော်မျှသာ ရှိသော်လည်း ထိုသူများအားလုံးမှာ ရှန်းဝူစကြဝဠာ တိုက်ကြီးမှ ထူးချွန်သည့် ပါရမီရှင်များ ဖြစ်ကြပေရာ ကျောင်းဆင်းချိန်တွင်မူ တိုက်ကြီးတစ်ခုလုံးကို တုန်လှုပ်စေမည့်သူများ ဖြစ်လာကြပေလိမ့်မည်။

"ငါတို့ အကယ်ဒမီမှာ အတန်း ၁၀ တန်းရှိပြီး တစ်တန်းကို လူတစ်ရာကျော်ပဲ ရှိတယ်" ဟု ယီနန်က ရှင်းပြသည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်ကာ "ဒါဆို အကယ်ဒမီမှာ ၁၀ နှစ်ကြာ လေ့ကျင့်ရမှာပေါ့" ဟု ဆိုရာ ယီနန်က ကလေးမလေးတစ်ဦးကဲ့သို့ ပြုံးလျက် "ဟုတ်တယ်လေ... နင်မပျော်ဘူးလား" ဟု ပြန်မေးလေသည်။

ချင်ယွမ်ဖုန်းက လက်ကို ခါယမ်းလျက် "မပျော်စရာ ရှိမလား၊ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်တွေအတွင်း ငါ ကြုံတွေ့ခဲ့ရတာတွေကို ပြန်စဉ်းစားကြည့်ရင် တော်တော်လေး များပြားနေပြီပဲ" ဟု ဆိုလိုက်ရာ "နင်က သိပ်အလုပ်ရှုပ်တာကိုး" ဟု ယီနန်က မျက်စောင်းထိုးလျက် ပြောလေသည်။

ချင်ယွမ်ဖုန်းသည် အကယ်ဒမီသို့ ပြန်ရောက်သည့်အခါ ယီနန်မှာ အပြင်လောကတွင် ရှိစဉ်ကနှင့် မတူဘဲ ပြောင်းလဲသွားသည်ကို သတိထားမိသည်။

အပြင်တွင် ခပ်တန်းတန်း နေတတ်သော်လည်း ယခုမူ အတော်လေး ချစ်စဖွယ်ကောင်းနေချေသည်။ သို့ရာတွင် ယီနန်သည် အခြားသူများအပေါ်တွင်မူ အေးစက်သည့် အရှိန်အဝါကို ထိန်းသိမ်းထားဆဲပင်။

စာသင်ခန်းသို့ ရောက်သောအခါ ယီနန်သည် အဝတ်အစားများကို သပ်ရပ်အောင် ပြင်ဆင်ပြီးမှ အတွင်းသို့ ဝင်သွားလေသည်။ အခန်းထဲရှိ ကျောင်းသား တစ်ရာကျော်မှာ ယီနန်အား မျှော်လင့်တကြီး စိုက်ကြည့်နေကြသည်။

"ကျောင်းသားတို့... ဒီနေ့ ငါတို့ဆီမှာ ကျောင်းသားသစ်တစ်ယောက် ရောက်လာတယ်၊ ချင်ယွမ်ဖုန်း... ရှေ့ကို လာခဲ့ပါဦး" ဟု ယီနန်က ခေါ်လိုက်သည်။

ချင်ယွမ်ဖုန်း ခေါင်းညိတ်ပြလျက် အခန်းထဲသို့ ဝင်လာခဲ့သည်။ လူရီ၏ ကျေးဇူးကြောင့် ဤစာသင်ခန်းများမှာ ကမ္ဘာမြေရှိ စာသင်ခန်းများအတိုင်း စင်မြင့်၊ ကျောက်သင်ပုန်းနှင့် စားပွဲ၊ ကုလားထိုင်များဖြင့် ပြည့်စုံလျက် ရှိနေပေသည်။

"မင်းကိုယ်မင်း မိတ်ဆက်လိုက်ပါဦး" ယီနန်က ခပ်အေးအေးပင် ဆိုလိုက်ရာ ချင်ယွမ်ဖုန်းမှာ အနည်းငယ် စိတ်လှုပ်ရှားသွားရသည်။

၎င်းသည် ကမ္ဘာမြေတွင် ပထမဆုံး ကျောင်းစတက်ရသကဲ့သို့ ခံစားချက်မျိုး ဖြစ်နေရ၏။

"အားလုံးပဲ မင်္ဂလာပါ၊ ငါ့နာမည်က ချင်ယွမ်ဖုန်းပါ၊ အသက် ၁၈ နှစ်ရှိပါပြီ၊ လုယွဲ့အင်ပါယာက လာတာပါ" ဟု ချင်ယွမ်ဖုန်းက ပြုံးလျက် မိတ်ဆက်လိုက်ရာ အောက်မှ ကျောင်းသားများက လက်ခုပ်တီး၍ ကြိုဆိုကြလေသည်။

ကျောင်းသားများ၏ အသက်အရွယ်မှာ မတူညီကြဘဲ အငယ်ဆုံးမှာ ၇ နှစ်၊ ၈ နှစ်ခန့်သာ ရှိသော်လည်း အကြီးဆုံးမှာမူ အသက် ၂၀ ထက် မပိုကြချေ။

"ကောင်းပြီ... မင်း ကျူးကော့ခန်း ဘေးမှာ သွားထိုင်လိုက်ပါ" ဟု ယီနန်က နေရာညွှန်းပြလိုက်ပြီး "ကျူးကော့ခန်း... ဆရာမ အပြင်မှာ မြေကမ္ဘာနက်ရှိုင်းသော ကြယ်တာရာမြက်ပင်ကို တွေ့ခဲ့တယ်၊ အဲဒါ ချင်ယွမ်ဖုန်းက ပေးခဲ့တာ" ဟု ပြောလိုက်လေသည်။

ချင်ယွမ်ဖုန်းသည် ပိန်ပိန်ပါးပါး လူငယ်လေးတစ်ဦးဖြစ်သည့် မိမိ၏ အတန်းဖော် ကျူးကော့ခန်း၏ ဘေးတွင် ဝင်ထိုင်လိုက်သည်။

"ကျေးဇူးတင်ပါတယ်"

ကျူးကော့ခန်းက ချင်ယွမ်ဖုန်းအား ကျေးဇူးတင်လွန်းသည့် မျက်လုံးများဖြင့် စိုက်ကြည့်ရင်း "မင်းသာ မရှိရင် ငါ တကယ်ပဲ အသက်ရှင်နိုင်မှာ မဟုတ်တော့ဘူး" ဟု ဆိုလေသည်။

"ဒီလောက်အထိ မဟုတ်ပါဘူးဗျာ၊ ကျေးဇူးတင်ဖို့ မလိုပါဘူး၊ ဆရာမယီနန်က ဒါကိုရှာဖို့ သူ့အသက်တောင် အသေခံခဲ့ရတာပါ" ဟု ချင်ယွမ်ဖုန်းက လက်ခါပြလျက် ဆိုလိုက်သည်။

"ဘာပဲဖြစ်ဖြစ်... မင်းက ငါ့ရဲ့ ကျေးဇူးရှင်ပါပဲ၊ အကယ်ဒမီထဲမှာ ဘယ်သူကပဲ အနိုင်ကျင့် အနိုင်ကျင့် ငါ လုံးဝ လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး" ဟု

ကျူးကော့ခန်းက ခိုင်မာစွာ ပြောဆိုလေသည်။

ချင်ယွမ်ဖုန်းမှာ မတတ်သာတော့ဘဲ သက်ပြင်းချလျက် "ကောင်းပါပြီ... မင်း စိတ်ချမ်းသာသလိုသာ လုပ်ပါတော့" ဟု ဆိုလိုက်ရချေသည်။

ပထမနှစ် ကျောင်းသားများအတွက် သင်ခန်းစာ အနည်းငယ်သာ ရှိသေးပြီး အစပိုင်းတွင်မူ အကယ်ဒမီ၏ သမိုင်းကြောင်းနှင့် ကျော်ကြားသော ကျောင်းသားဟောင်းများ အကြောင်းကိုသာ သင်ကြားရပေသည်။

စနစ်တကျ သင်ကြားမှုများကိုမူ ကျောင်းသားသစ်များ၏ ပြိုင်ပွဲပြီးမှသာ စတင်ပေလိမ့်မည်။

ချင်ယွမ်ဖုန်းမှာ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေမိသည်။ ၎င်းသည် ကမ္ဘာမြေတွင် ၉ နှစ်ကြာ မသင်မနေရ ပညာရေးနှင့် အထက်တန်းအဆင့်အထိ စုစုပေါင်း ၁၂ နှစ်တိုင်တိုင် ကျောင်းတက်ခဲ့ဖူးသူ မဟုတ်လော။

ဝိညာဉ်ကူးပြောင်းလာပြီးနောက် ဤကလေးများနှင့် အတူတူ ကျောင်းပြန်တက်ရလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့မိချေ။

သို့ရာတွင် အကယ်ဒမီရှိ သင်ခန်းစာများမှာ စိတ်ဝင်စားဖွယ် ကောင်းလှပေသည်။

ဆေးဖော်စပ်ခြင်း၊ လက်နက်သွန်းလုပ်ခြင်းနှင့် အဆောင်လက်ဖွဲ့ ဖန်တီးခြင်း စသည့် ဘာသာရပ်အားလုံးကို သင်ယူရမည်ဖြစ်ကြောင်း ချင်ယွမ်ဖုန်း သိလိုက်ရသည်။

ထို့အပြင် ကျင့်ကြံခြင်းဆိုင်ရာ အခြေခံသဘောတရားများ၊ ရှန်းဝူစကြဝဠာ တိုက်ကြီး၏ သမိုင်းကြောင်း၊ ပန်းချီနှင့် လက်ရေးလှ ပညာရပ်များကဲ့သို့ အခြေခံသင်ခန်းစာများလည်း ပါဝင်ပေသည်။

ဒုတိယနှစ်သို့ ရောက်ရှိသည့်အခါတွင်မူ ကျောင်းသားများကို အတန်းများ ခွဲခြားပေးမည်ဖြစ်ရာ မိမိတို့၏ ပါရမီနှင့် အရည်အချင်းကို အပြည့်အဝ ဖွံ့ဖြိုးလာအောင် လေ့ကျင့်သင်ကြားပေးမည် ဖြစ်လေတော့သတည်း။

All Chapters