← Chapters

အခန်း ၈၇၃

Vol. 84 Ch. 873

အခန်း ၈၇၃

Vol. 84 Ch. 873

အခန်း (၈၇၃) မှတ်ဉာဏ် ပျောက်ဆုံးသွားခြင်း

​ထန်ထျန်းက မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။

​သူ့မြင်ကွင်းထဲသို့ ပထမဆုံး ဝင်လာသည်မှာ သိပ်မကျယ်လှသော အခန်းတစ်ခု ဖြစ်သည်။

အခန်းတွင်း အပြင်အဆင်မှာ ရိုးရှင်းလှပြီး စားသောက်ဆိုင် သို့မဟုတ် တည်းခိုခန်းတစ်ခု၏ အခန်းဖွဲ့စည်းပုံနှင့် တူလှသည်။

​အခန်းအလယ်တွင် ဖယောင်းတိုင်တစ်တိုင်မှာ ငြိမ်သက်စွာ လောင်ကျွမ်းနေပြီး တစ်ခါတစ်ရံတွင် လေတိုးသဖြင့် ယိမ်းနွဲ့သွားတတ်သည်။

​"ဟင်းဟင်း..."

​"မင်းက ငါ့ကို တကယ်ပဲ ပြန်ခေါ်လာခဲ့တာပဲ"

​ထန်ထျန်းက သူ့ကိုယ်ပေါ်ရှိ စောင်ကို ဖယ်ကာ ကုတင်ပေါ်တွင် ထိုင်လိုက်သည်။

သူ မည်မျှကြာအောင် မေ့လဲနေခဲ့သည်ကို သူကိုယ်တိုင် မသိပေ။ ယခုအချိန်တွင် ခေါင်းထဲ၌ အနည်းငယ် မူးနောက်နောက် ခံစားနေရသည်။

​သူ့ခန္ဓာကိုယ်ထဲတွင်လည်း ဘာမှမရှိတော့ဘဲ အလွတ်ကြီး ဖြစ်နေကာ မည်သည့် ကျင့်ကြံခြင်း စွမ်းအားမှ ကျန်မနေတော့ပေ။

စွမ်းအားအားလုံးသည် 'ကောင်းကင်ဝါးမြိုနတ်ဆိုး' ထုတ်ယူခံလိုက်ရစဉ်ကတည်းက သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်သွားးခဲ့ပြီ ဖြစ်သည်။

​သို့သော် ကံကောင်းသည်မှာ သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှု ခွန်အားကတော့ ကျန်ရှိနေသေးသဖြင့် ဘာမှ မထိခိုက်ပေ။ ထိုသို့သာ မဟုတ်လျှင် ဖရိုဖရဲ ထဲတွင် သူ ဘေးကင်းကင်းနှင့် နေနိုင်လိမ့်မည် မဟုတ်ပေ။

ထို့အပြင် သူ၏ ခန္ဓာကိုယ်မှာ အထွတ်အထိပ်သို့ ရောက်အောင် လေ့ကျင့်ထားပြီးသား ဖြစ်ရာ ကျွင်းချန်ချင်းကလွဲလျှင် သူ၏ လက်သီးတစ်ချက်ကို မည်သူမျှ ခံနိုင်ရည်ရှိမည် မဟုတ်ပါ၊ ကျိကျွင်း အဆင့်များပင် ခံနိုင်မည် မဟုတ်ပေ။

​သို့သော် ယခုအချိန်တွင် ထန်ထျန်းက ထိုအရာများကို စိတ်မဝင်စားပေ။

​သူ လောင်းကြေးထပ်ခဲ့သည်မှာ အောင်မြင်ခဲ့ပြီ ဖြစ်သည်။

ငါးမွေးသူက သူ့ကို ဖန်ဆင်းရှင် ကောင်းကင်တိုင်မှ တကယ်ပင် ပြန်ခေါ်လာခဲ့သည်။

​ဒါပေမဲ့ အရာအားလုံးကို ပြောင်းလဲနိုင်မယ့် စွမ်းအားကော ဘယ်မှာလဲ။

​ထန်ထျန်းက သူ၏ ခန္ဓာကိုယ်ကို သေသေချာချာ စစ်ဆေးကြည့်သည်။ ဆုံးရှုံးသွားသော ကျင့်ကြံခြင်း၊ အားကောင်းဆဲ ခန္ဓာကိုယ်နှင့် ယခင်က ဖန်တီးထားသော ကိုယ်ပိုင် နေရာလွတ် ကလွဲလျှင် အခြား ဘာမှ မရှိတော့ပေ။

အရာအားလုံးက အရင်အတိုင်းပင် ဖြစ်သည်။

​"မင်း ငါ့ကို ပြန်ခေါ်လာတာက ဒီကမ္ဘာကြီး ဘယ်လို ပျက်စီးသွားမလဲဆိုတာကို ကြည့်ခိုင်းဖို့လား"

​ထန်ထျန်းက ခေါင်းခါလိုက်သည်။

​သူက ငါးမွေးသူ၏ ဆန္ဒကို မည်သို့မျှ ခန့်မှန်း၍ မရသေးပေ။

သို့သော် ဤလုပ်ရပ်မှာ အကြောင်းမဲ့တော့ မဟုတ်နိုင်ဟု သူ ယုံကြည်သည်။

အခွင့်အရေးဆိုသည်မှာ သေချာပေါက် ရှိနေလိမ့်မည်။

​ငြိမ်သက်စွာ ခေတ္တမျှ ထိုင်နေပြီးနောက် ထန်ထျန်းက သက်ပြင်းအရှည်ကြီး ချလိုက်သည်။

​ဖြည်းဖြည်းချင်းပဲ လုပ်ရမည်။ ထိုမျှ အံ့သြဖွယ်ကောင်းသော စွမ်းအားမျိုးကို လွယ်လွယ်ကူကူ ရရှိသွားမည်ဆိုလျှင်လည်း အဓိပ္ပာယ် သိပ်မရှိလှပေ။

ငါးမွေးသူက သူ့ကို ဤနေရာတွင် နိုးထလာအောင် လုပ်ခြင်းမှာ အထူးအစီအစဉ်တစ်ခု ရှိနေ၍ ဖြစ်ပေလိမ့်မည်။

လျှို့ဝှက်ချက်မှာ ဤနေရာတွင် ရှိနေနိုင်သည်။

​ထိုသို့ တွေးတောပြီးနောက် ထန်ထျန်းက ထရပ်လိုက်ပြီး လက်ရှိကမ္ဘာကြီးမှာ မည်သို့ ပြောင်းလဲသွားပြီလဲဆိုသည်ကို ကြည့်ရန် အပြင်သို့ ထွက်ရန် ပြင်လိုက်သည်။

သူ မေ့လဲနေစဉ်အတွင်း အချိန်မည်မျှ ကုန်ဆုံးသွားပြီလဲဆိုသည်ကိုလည်း သူ မသိသေးပေ။

​အခန်းတံခါးကို တွန်းဖွင့်လိုက်သည့်အခါ အပြင်ဘက်မှ မှိန်ဖျော့သော အလင်းရောင်က သူ့အပေါ်သို့ ကျရောက်လာသည်။

​သေချာကြည့်လိုက်မှ ထိုအရာမှာ နေရောင်ခြည် မဟုတ်ဘဲ ကောင်းကင်ယံထက်မှ ထွန်းလင်းနေသော သိပ်မတောက်ပလှသည့် ကြယ်ကိုးလုံးမှ လာခြင်းဖြစ်ကြောင်း ထန်ထျန်း သတိပြုမိသွားသည်။

ထိုအရာမှာ အစစ်အမှန် ကြယ်များ မဟုတ်ဘဲ အစီအရင် တစ်ခုဖြင့် ဖန်တီးထားခြင်း ဖြစ်ကာ အောက်ဘက်ရှိ အရာအားလုံးကို အလင်းပေးထားခြင်း ဖြစ်သည်။

၎င်းတို့၏ အလင်းရောင်မှာ သိပ်မကောင်းလှဘဲ လပြည့်ညကဲ့သို့ အနည်းငယ်သာ လင်းထိန်သည်။

​အခန်းထဲတွင် ဘာကြောင့် ဖယောင်းတိုင် ထွန်းထားရသလဲဆိုသည်မှာ မထူးဆန်းတော့ပေ။

​ဝေးကွာလှသော ကောင်းကင်ယံကို ကြည့်ရင်း ထန်ထျန်းက တိုးတိုးလေး သက်ပြင်းချလိုက်မိသည်။

​နေ၊ လနှင့် ကြယ်များ အားလုံး ပျောက်ကွယ်သွားခဲ့ပြီ။

သူကိုယ်တိုင်ပင် ဝါးမြိုခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်မှစ၍ နှစ်ပေါင်း မည်မျှ ကြာသွားပြီလဲ မသိသော်လည်း ဤကဲ့သို့ အမှောင် ကာလတွင် သက်ရှိများမှာ မည်မျှ ခက်ခဲစွာ နေထိုင်နေရမည်ကို ထန်ထျန်း ခန့်မှန်းနိုင်သည်။

​ငါက တကယ်ပဲ ကယ်တင်ရှင်လား။

​ထန်ထျန်းက တံခါးဝရှိ လှေကားထစ်တွင် ထိုင်ချလိုက်ပြီး ကောင်းကင်ကို ကြည့်ကာ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် တွေးခဲ့ဖူးသည့် မေးခွန်းကို ထပ်မံ စဉ်းစားနေမိသည်။

​ရုတ်တရက် သူ့ဘေးမှ ကြည်လင်သော အသံလေးတစ်ခု ထွက်ပေါ်လာသည်။

​"အရမ်းလင်းတာပဲ မဟုတ်လား"

​ထန်ထျန်းက လှည့်ကြည့်လိုက်သည့်အခါ အင်္ကျီလက်ရှည် ဝတ်ဆင်ထားသော မိန်းကလေးတစ်ဦးကို တွေ့လိုက်ရသည်။

အဝတ်အစား ပုံစံမှာ သူ မှတ်မိနေသော ပုံစံနှင့် မတူဘဲ အလှအပထက် ပိုပြီး နွေးထွေးစေမည့်အပေါ် ပိုဦးစားပေးထားပုံရသည်။

​နေရောင်ခြည် မရှိတော့သဖြင့် ထိုမိန်းကလေး၏ အသားအရေမှာ အလွန်ပင် ဖြူဖျော့နေသည်။

ထို့အပြင် သူမက ကျင့်ကြံသူတစ်ဦးလည်း ဖြစ်သည်။

​ထန်ထျန်းက ကျင့်ကြံခြင်း စွမ်းအားများ ဆုံးရှုံးသွားသော်လည်း သူ၏ အာရုံခံစားမှုနှင့် အမြင်အာရုံကတော့ ကျန်ရှိနေသေးသည်။

ဤမိန်းကလေးမှာ အသက် ၁၅၊ ၁၆ နှစ်ခန့်ရှိပြီး 'ရွှေအူတိုင်' အစောပိုင်း အဆင့်တွင် ရှိသည်။ သူမ၏ ကျင့်ကြံခြင်း ပါရမီမှာ တော်တော်လေး ကောင်းမွန်လှသည်။

​"ကြယ်ကိုးလုံးတောင် ရှိတယ်"

​မိန်းကလေးက လျှောက်လာပြီး ထန်ထျန်းဘေးတွင် ထိုင်ချလိုက်သည်။

​"ကျွန်မတို့ဆီမှာတော့ ကြယ်တစ်လုံးပဲ ရှိတာ။ တစ်ခါတလေ သတိမထားမိရင် လမ်းလျှောက်ရင်း နံရံနဲ့ တိုက်မိတတ်တယ်"

" ဒီမှာဆိုရင်တော့ အဲ့ဒီအတွက် စိုးရိမ်စရာ မလိုတော့ဘူး"

​ထန်ထျန်းက ပြန်မဖြေပေ။

​ဤအရာအားလုံးမှာ တကယ်တော့ သူ ဖန်တီးခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာကြီးတွင် နေ၊ လနှင့် ကြယ်များ ပျောက်ကွယ်သွားခြင်း၏ နောက်ဆက်တွဲမှာ အလွန် ကြောက်စရာကောင်းလှသည်။

အလင်းရောင် ဆုံးရှုံးရုံသာမက တစ်ကမ္ဘာလုံး၏ ပတ်ဝန်းကျင်မှာလည်း ကြီးမားစွာ ပြောင်းလဲသွားခဲ့သည်။

​အသိသာဆုံးမှာ ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအား များမှာ ယခင်ကထက် အဆမတန် နည်းပါးသွားခြင်း ဖြစ်သည်။

ရတနာများနှင့် ဆေးပင်များမှာလည်း အချိန်နှင့်အမျှ ညှိုးနွမ်းပျောက်ကွယ်သွားလိမ့်မည်။

ဤခေတ်တွင် ကျင့်ကြံခြင်းက ပို၍ ခက်ခဲလာပေလိမ့်မည်။

ဤမိန်းကလေး၏ ကျင့်ကြံခြင်း ပါရမီနှင့်ဆိုလျှင် သူမက ယခုအချိန်တွင် 'ရွှေအူတိုင် ' အဆင့်တွင်သာ ရှိနေရမည် မဟုတ်ဘဲ အရင်ခေတ်ကဆိုလျှင် အတိဒုက္ခဖြတ်ကျော်ခြင်း အဆင့်သို့ပင် ရောက်နေနိုင်ပေသည်။

​ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် မိန်းကလေးက ထပ်မံ မေးမြန်းလိုက်သည်။ "ရှင် ဘယ်လို ခံစားရလဲ"

​"နေမကောင်းတာမျိုး ရှိလား"

​ထန်ထျန်းက ခဏစဉ်းစားပြီး "ဘာမှ မဖြစ်ပါဘူး"

​"နည်းနည်း ခေါင်းကိုက်တာပဲ ရှိတယ်"

​သူက ငါးမွေးသူ၏ ဆန္ဒကို မည်သို့မျှ ခန့်မှန်း၍ မရသေးပေ။

ရပ်တည်ချက်ကို အတည်ပြုပြီးပြီ ဆိုသော်လည်း ဘာလုပ်ရမည်ကို မသိသေးပေ။

တကယ်ပင် ခေါင်းကိုက်စရာ ကိစ္စပင် ဖြစ်သည်။

​မိန်းကလေးက ကြောင်သွားပြီး "ခေါင်းကိုက်တာလား"

​"ဒါက လွယ်ပါတယ်၊ ကျွန်မ ဆေးနည်းနည်း လုပ်ပေးမယ်"

​"စိတ်ချပါ၊ ကျွန်မက ကျင့်ကြံသူလေ။ ကျွန်မရဲ့ ဆေးတွေက အရမ်း စွမ်းတယ်"

​ပြောပြီးနောက် မိန်းကလေးက ထန်ထျန်းကို ကြည့်လိုက်သော်လည်း သူက ဘာတုံ့ပြန်မှုမှ မပြသည်ကို တွေ့လိုက်ရသည်။

​သူမက စိတ်ထဲမှ တိတ်တဆိတ် အံ့သြနေမိသည်။ မြို့ကြီးက လူတွေက ကျင့်ကြံသူတွေကို မြင်ဖူးနေကြမို့လို့ ထင်ပါရဲ့၊ နည်းနည်းလေးတောင် အံ့သြပုံမရပေ ။

သူတို့ဆီမှာဆိုရင် သာမန်လူတွေက ကျင့်ကြံသူကို မြင်ရင် ရင်ခုန်စိတ်လှုပ်ရှားတာ ဒါမှမဟုတ် ကြောက်လန့်တုန်ရင်နေတာမျိုး ရှိတတ်ပေမဲ့ ဒီလူကတော့ အရမ်း တည်ငြိမ်နေသည်။

​"ရှင့် နာမည်က ဘယ်သူလဲ"

မိန်းကလေးက ထပ်မေးသည်။

ထန်ထျန်းက ဖြေလိုက်သည်။ ​"ထန်ထျန်း"

​မိန်းကလေးက "အော်..." ဟု ဆိုကာ "ဒါဆို ရှင့်အိမ်က ဘယ်မှာလဲ"

​"ရှင့်ဒဏ်ရာက သိပ်မပြင်းထန်ပါဘူး။ ကျွန်မ ဆေးလုပ်ပေးမယ်၊ ပြီးရင် ရှင့်ကို အိမ်ပြန်ပို့ပေးမယ်လေ"

​ထန်ထျန်းက ကောင်းကင်ကို ကြည့်လိုက်သည်။

​အိမ်လား။

​သူ ပထမဆုံး သတိရမိသည်မှာ လူတစ်ယောက် ဖြစ်သည်။

သူမ အခု ဘယ်မှာလဲ၊ ဘယ်လိုနေ နေမလဲဆိုတာ သူ မသိပေ။

ကျင့်ကြံခြင်း စွမ်းအားများ ဆုံးရှုံးသွားသဖြင့် သူနှင့် ဂျင်ဂို ကမ္ဘာ ကြားမှ ဆက်သွယ်မှုလည်း ပြတ်တောက်သွားခဲ့ပြီ။

၎င်းမှာ တည်ရှိနေသေးကြောင်းကိုသာ အဝေးမှ ခပ်ပါးပါး အာရုံရနိုင်သည်။

​ပြန်သွားဖို့ကတော့ မခက်လှပေ ၊ ခွန်အားတွေ ပြန်ရအောင် လုပ်လိုက်ရုံသာ ရှိသည်။

သူ့ရဲ့ ကိုယ်ပိုင် နေရာလွတ် ထဲမှာ အရင်က စုဆောင်းထားတဲ့ အရင်းအမြစ်တွေ အများကြီး ရှိနေသေးသဖြင့် လုံလောက်လှသည်။

​သို့သော် ထန်ထျန်းက အခုချက်ချင်း မပြန်ချင်သေးပေ။ ငါးမွေးသူက သူ့ကို ဤနေရာတွင် နိုးထစေခဲ့ခြင်းမှာ မည်သည့် လျှို့ဝှက်ချက် ရှိနေသလဲဆိုတာကို သူ သိချင်နေသည်။

​ထန်ထျန်းက အကြာကြီး တိတ်ဆိတ်နေသည်ကို မြင်သောအခါ မိန်းကလေးက မျက်မှောင်ကြုတ်သွားပြီးနောက် တစ်ခုခုကို သတိရသွားသလိုမျိုး မျက်လုံးလေးတွေ ဝိုင်းသွားသည်။

​"ရှင်..."

​သူမက မျက်လုံးလေးတွေ ကလည်ကလည် လုပ်ပြီး မေးလိုက်သည်။ "ဒါဆို... ရှင် ဒီကို ဘယ်လို ရောက်လာလဲဆိုတာ သိလား"

​ထန်ထျန်းက ခေါင်းခါပြလိုက်သည်။

​မိန်းကလေးက "အော်..." ဟု အဓိပ္ပာယ်ပါပါ ရေရွတ်လိုက်သည်။

​ထို့နောက် သူမက ရယ်ကျဲကျဲဖြင့် ထန်ထျန်းနားသို့ တိုးကပ်လာပြီး ပြောလိုက်သည်။ "ဒါဆို ကျွန်မ ပြောပြမယ်"

​"ရှင်က ကျွန်မနဲ့ ကျွန်မတို့ သခင်မလေး လွင်ပြင်ထဲမှာ သွားရင်း တွေ့ခဲ့တာ"

​"အဲ့ဒီအချိန်မှာ ရှင်က သားရဲ တစ်ကောင်ရဲ့ ရန်မူတာကို ခံနေရတာ၊ သေတော့မယ့် အခြေအနေပဲ"

​"ကံကောင်းလို့ ကျွန်မတို့ အချိန်မီ ကူညီပေးလိုက်လို့ ရှင့်အသက် မသေတာ"

​ထန်ထျန်းက မျက်ခုံးပင့်လိုက်ပြီး "သားရဲ ဟုတ်လား"

​မိန်းကလေးက ခေါင်းကို တရစပ် ညိတ်ပြကာ "ဟုတ်တယ် ရှင့်ဘာသာရှင် ဘာထင်နေလို့လဲ"

​"တကယ်ပါပဲ၊ သာမန်လူတစ်ယောက် ဖြစ်ပြီး ဘာလို့ လွင်ပြင်ထဲကို တစ်ယောက်တည်း သွားရတာလဲ မသိဘူး"

​"ကျွန်မတို့က သားရဲကို မောင်းထုတ်ပြီး ရှင့်ကို ကယ်ခဲ့တာ"

" အဲ့ဒီတုန်းက ရှင့်မှာ ဒဏ်ရာတွေ အများကြီးနဲ့ တစ်ကိုယ်လုံး သွေးတွေရွဲလို့ သတိမေ့နေတာ"

" ကျွန်မတို့က သနားလို့ ရှင့်ကို ခေါ်လာပြီး တစ်လလုံးလုံး သေသေချာချာ ပြုစုပေးခဲ့ရတာ၊ အဲ့ဒါကြောင့်ပဲ ရှင် အခုလို ပြန်ကောင်းလာတာ"

​ထန်ထျန်းက မိန်းကလေး၏ အလွန်ပင် ရိုးသားပုံရသော မျက်ဝန်းများကို ကြည့်ရင်း စိတ်ထဲမှ တွေးလိုက်မိသည်။

​ဒီကောင်မလေးက ဘာများ အမှားလုပ်ထားလို့ ဒီလောက် ယုတ္တိမရှိတဲ့ ပုံပြင်ကို လုပ်ကြံပြောနေရတာလဲ။

​ငါ့ခန္ဓာကိုယ်ကနေ သွေးထွက်အောင် ဘယ်သူက လုပ်နိုင်မှာလဲ။

ကျွင်းချန်ချင်းက သားရဲ ဖြစ်သွားတာလား။

All Chapters