အခန်း ၈၇၄
Vol. 84 Ch. 874
အခန်း (၈၇၄) မင်း နေကို မြင်ဖူးလား
ထန်ထျန်းကတော့ သေချာပေါက် သိနေသည်။ ဤမိန်းကလေးမှာ တစ်ခုခု အမှားလုပ်ထား၍သာ ဤကဲ့သို့ ပုံပြင်တစ်ပုဒ်ကို လုပ်ကြံဖန်တီးထားခြင်း ဖြစ်ပေမည်။
ကျွင်းချန်ချင်းကလွဲလျှင် သူ၏ခန္ဓာကိုယ်မှ သွေးထွက်အောင် လုပ်နိုင်သည့်အရာ ဤလောက၌ မရှိသလောက်ပင်။
အကယ်၍ ကျွင်းချန်ချင်းသာ ဆိုပါကလည်း 'ရွှေအူတိုင်' အစောပိုင်းအဆင့်သာရှိသည့် ဤမိန်းကလေးက မောင်းထုတ်နိုင်ရန်မှာ မဖြစ်နိုင်ပေ။
သို့သော် ထန်ထျန်းက သူမကို အရှက်မခွဲတော့ဘဲ ခေါင်းညိတ်ကာ "အော်... အဲ့ဒီလိုကိုး" ဟုသာ ပြောလိုက်သည်။
မိန်းကလေးက ခေါင်းကို တရစပ်ညိတ်သည်။
"ဟုတ်တယ်"
" ဒါကြောင့် ရှင် ကျွန်မတို့နဲ့ တွေ့ရတာက ဘဝပေါင်းရာချီ ကုသိုလ်လုပ်ခဲ့လို့ပဲ"
" ရှင့်အနေနဲ့ ကျွန်မတို့ကို ကောင်းကောင်း ကျေးဇူးတင်သင့်တယ်"
"ဒါပေမဲ့လည်း..."
"ကျွန်မတို့က မူလကတည်းက ကုသိုလ်လုပ်ရတာ ဝါသနာပါတဲ့သူတွေဆိုတော့ ကျေးဇူးတင်တာတွေ ဘာတွေကတော့ ထားလိုက်ပါတော့... အင်း..."
သူမ၏ မသိစိတ်ထဲက အမှန်တရားကို သိနေ၍လားမသိ၊ မိန်းကလေးမှာ ထန်ထျန်းကို အတင်းအကျပ် ကျေးဇူးတင်ခိုင်းခြင်းမျိုး မလုပ်တော့ပေ။
သို့သော်လည်း ထန်ထျန်းက "ကျေးဇူးတင်ပါတယ်" ဟု ခပ်တိုးတိုး ပြောလိုက်မိသည်။
မည်သို့ပင်ဆိုစေကာမူ သူတို့က သူ့ကို ခေါ် လာခဲ့သည်မှာတော့ အမှန်ပင်။
မိန်းကလေးမှာ အလွန်ဖော်ရွေပြီး စကားလည်း အလွန်များသူဖြစ်သည်။ သူမက ထန်ထျန်းဘေးတွင် တတွတ်တွတ်နှင့် မရပ်မနား ပြောနေတော့သည်။
သူမ ပြောသမျှမှာ များသောအားဖြင့် ကျင်းရှန် မြို့ ထဲမှ မြင်ကွင်းများဖြစ်ပြီး သူမကိုယ်တိုင်လည်း ဤမြို့ကြီးသို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်ပုံရသည်။
သူမတို့၏ မူလမြို့မှာ သိပ်မကြီးလှဘဲ ကြယ်တစ်လုံးသာ ရှိကာ အလင်းရောင်မှာလည်း အလွန်မှိန်ဖျော့သည်ဟု ဆိုသည်။
သူမ အများဆုံး ပြောဖြစ်သည့် အကြောင်းအရာမှာလည်း ထိုအလင်းရောင် အကြောင်းပင်။
"မင်း နေကို မြင်ဖူးလား"
ထန်ထျန်းက ရုတ်တရက် မေးလိုက်သည်။
မိန်းကလေးမှာ ကြောင်သွားပြီး ပြန်မေးသည်။ "နေ လား"
" အဲ့ဒါ ဘာကြီးလဲ"
ထန်ထျန်းက ခဏစဉ်းစားပြီး "ကောင်းကင်ယံမှာ ချိတ်ဆွဲထားတဲ့ မီးလုံးကြီး တစ်လုံးပေါ့"
" အခု ငါတို့ ခေါင်းပေါ်က ကြယ်တွေနဲ့ ဆင်တူပေမဲ့ တစ်လုံးတည်းပဲ ရှိတယ်။ ဒါပေမဲ့ အဲ့ဒါက ဒီကြယ်တွေထက် အဆပေါင်း ထောင်ချီပြီး ပိုလင်းတယ်၊ တစ်ကမ္ဘာလုံးကို လင်းထိန်စေနိုင်တယ်"
" ပြီးတော့ တစ်ကမ္ဘာလုံးကိုလည်း နွေးထွေးစေနိုင်တယ်"
မိန်းကလေးမှာ ခေတ္တမျှ မှင်တက်သွားပြီးနောက် ရယ်မောကာ ပြောလိုက်သည်။ "လျှောက်ပြောမနေပါနဲ့၊ အဲ့ဒီလိုမျိုး ဘယ်မှာရှိမှာလဲ"
သူမ၏ မျက်နှာတွင် မယုံကြည်သည့် အရိပ်အယောင်များ အထင်အသား ပေါ်လွင်နေသည်။
"ဘယ်လို မီးလုံးမျိုးက တစ်ကမ္ဘာလုံးကို လင်းစေမှာလဲ"
" အရမ်း ချဲ့ကားလွန်းနေပြီ"
" ရှင့်ခေါင်းတစ်ခုခုနဲ့ တိုက်မိသွားတာလား..."
"မဟုတ်ဘူး၊ သားရဲရဲ့ အတိုက်ခံရလို့ ဒဏ်ရာပြင်းထန်ပြီး စိတ်ကူးယဉ်အာရုံတွေ ဖြစ်နေတာ ထင်တယ်"
သူမ စကားပြောမှားတော့မည့်အရေးကို အမြန်ထိန်းလိုက်ရသည်။
ထန်ထျန်း၏ ပြောစကားကို သူမက လုံးဝမယုံကြည်ဘဲ လျှောက်ပြောနေသည်ဟုသာ မှတ်ယူထားသည်။
ထန်ထျန်းမှာ တိတ်ဆိတ်သွားမိသည်။
ကြည့်ရသည်မှာ ထိုအချိန်မှစ၍ နှစ်ပေါင်းများစွာ ကြာမြင့်သွားခဲ့ပြီ ထင်သည်။
သို့မဟုတ်ပါက သူမသည် ကိုယ်တိုင်မမြင်ဖူးလျှင်တောင် ကြားဖူးရမည် မဟုတ်ပါလား။
"ရှင် မှားပြီး မှတ်မိတာ ဖြစ်မှာပါ"
" ကောင်းကင်မှာ သွေးလ ပဲ ရှိတာ၊ နေဆိုတာ မရှိဘူး"
"အဲ့ဒါက မကောင်းဆိုးဝါးနဲ့ ကပ်ဘေး ရဲ့ ပြယုဂ်ပဲ"
မိန်းကလေးက တတွတ်တွတ်နှင့် ဆက်ပြောနေပြီး ထန်ထျန်းကတော့ တစ်ခါတစ်ရံမှသာ ပြန်ဖြေ ရင်း နားထောင်နေလိုက်သည်။
မိန်းကလေး၏ ပြောပြချက်အရ လက်ရှိ အခြေအနေ အရပ်ရပ်ကို သူ နားလည်လာခဲ့သည်။
မိန်းကလေး၏ အမည်မှာ ရှောင်ယင် ဖြစ်ပြီး သူမ ပြောပြောနေသည့် သခင်မလေးမှာ ကျူးကျစ်ယန် ဖြစ်သည်။
သူမတို့မှာ အခြားမြို့ငယ်လေးတစ်ခုမှ အထက်တန်းလွှာ မိသားစုဝင်များဖြစ်ပြီး ကျင်းရှန် မြို့သို့ လူတစ်ယောက် လာရှာခြင်း ဖြစ်သည်။
ရှောင်ယင်၏ စကား အရ 'နေ့' နှင့် 'ည' ဆိုသည့် အယူအဆမှာ မရှိတော့ပေ။
'အမြဲတမ်း ည' သာ ရှိတော့သည်။
သွေးလ တစ်စင်း ဝင်သွားပြီးနောက် ပိုကြီးသော အခြား သွေးလ တစ်စင်းက အခြားတစ်ဖက်မှ ပြန်ထွက်လာကာ သံသရာလည်နေခြင်း ဖြစ်သည်။
ထိုအရာမှာ နေ၏ အကြွင်းအကျန်များ ဖြစ်ကြောင်း ထန်ထျန်း သိလိုက်သည်။
သွေးလကြီး ထွက်လာသည့်အချိန်တွင် ကမ္ဘာကြီးမှာ အနည်းငယ် ပိုလင်းလာသော်လည်း တစ်ကမ္ဘာလုံးကို လင်းထိန်စေရန်မှာမူ ဝေးကွာလွန်းလှသေးသည်။
အဆမှာင် ကာလတွင် အရာအားလုံးမှာ ကြီးမားစွာ ပြောင်းလဲသွားခဲ့သည်။
အသိသာဆုံးမှာ ကမ္ဘာတစ်ဝန်းရှိ တိရစ္ဆာန်များနှင့် အပင်များ ဖြစ်သည်။
အလင်းရောင် မရှိခြင်းမှာ အပင်များအတွက် အကြီးမားဆုံး ကပ်ဘေး ဖြစ်ရာ ၎င်းတို့မှာ လျင်မြန်စွာ သေဆုံးကုန်ကြပြီး အသက်ရှင်ကျန်ရစ်သည့် အပင်များမှာလည်း ပုံစံပျက်ယွင်းကာ ထူးဆန်းကြောက်မက်ဖွယ် ကောင်းလာသည်။
တောရိုင်းတိရစ္ဆာန်များ များမှာလည်း သွေးလအောက်တွင် မျိုးဗီဇ ပြောင်းလဲသွားပြီး 'သားရဲ' ဟု ခေါ်တွင်လာကြသည်။
၎င်းတို့မှာ သွေးဆာပြီး ကြမ်းတမ်းလှကာ လူသားများကို ဦးတည် တိုက်ခိုက်တတ်ကြသည်။ အလင်းရောင်မရှိသော လွင်ပြင်များတွင် လူသားများမှာ ဘေးကင်းစွာ နေထိုင်နိုင်ရန် အလွန်ခက်ခဲလှသည်။
ကံကောင်းသည်မှာ အစွမ်းထက်သော ပုဂ္ဂိုလ်ကြီးအချို့က မြို့အချို့တွင် အစီအရင်ကြီးများ ခင်းကျင်းကာ အလင်းရောင်ကို ဖန်တီးပေးထားသဖြင့် လူသားများမှာ နေထိုင်နိုင်ခြင်း ဖြစ်သည်။
ကျင်းရှန် မြို့မှာ မိုင်ပေါင်း သန်းနှင့်ချီသော ပတ်ဝန်းကျင်တွင် အကြီးဆုံးသော လူသား အခြေချရာ မြို့ကြီး ဖြစ်သည်။
ဤအကြောင်းများကို ကြားရသောအခါ ထန်ထျန်းမှာ တိတ်ဆိတ်စွာသာ နေနိုင်တော့သည်။
ထိုစဉ်က အခြေအနေက မည်သို့ပင်ရှိစေကာမူ ဤကဲ့သို့ ဝမ်းနည်းဖွယ် ကောင်းလှသော အခြေအနေဆိုးကြီးမှာ သူကိုယ်တိုင် ဖန်တီးခဲ့ခြင်း ဖြစ်သည်။
သူတို့နှစ်ဦး စကားပြောနေစဉ်မှာပင် ရှောင်ယင် ပြောသော သခင်မလေး ပြန်ရောက်လာသည်။
သူမမှာ အသက် ၂၀ ကျော်ခန့်ရှိသည့် အမျိုးသမီးဖြစ်ပြီး အဝတ်အစားမှာ ရှောင်ယင်နှင့် ဆင်တူသော်လည်း အရောင်အသွေး အနည်းငယ် ပိုစုံသည်။
သူမ၏ အသားအရေမှာလည်း အလွန်ပင် ဖြူဖျော့နေသည်။
သူမမှာလည်း ကျင့်ကြံသူတစ်ဦးဖြစ်ပြီး ဝိညာဉ်အသွင်ပြောင်းခြင်း အထွတ်အထိပ် အဆင့်တွင် ရှိရာ ရှောင်ယင်ထက် ကျင့်ကြံခြင်း ပိုမြင့်မားသည်။
ကျူးကျစ်ယန် ပြန်လာသည်ကို မြင်သောအခါ ရှောင်ယင်က အပြေးလေး ကြိုဆိုလိုက်သည်။
"သခင်မလေး၊ ဘယ်လိုလဲ"
သူမ မေးလိုက်သည်။
ကျူးကျစ်ယန်က ခေါင်းခါပြကာ "ဘာသတင်းမှ မရသေးဘူး"
" မြင့်မြတ်နယ်မြေ ရဲ့ စည်းကမ်းတွေက အရမ်း တင်းကျပ်တာ၊ သာမန်လူတွေက အတွင်းရေးတွေကို စုံစမ်းဖို့ အရမ်းခက်တယ်"
"ကျစ်ယွီကို ခေါ်သွားတဲ့လူကိုတော့ ငါ တွေ့ခဲ့တယ်၊ သူက စုံစမ်းပေးမယ်လို့တော့ ပြောတယ်၊ ဒါပေမဲ့ အချိန်အနည်းငယ် စောင့်ရဦးမယ်"
ပြောပြီးနောက် သူမက လှေကားထစ်တွင် ထိုင်နေသော ထန်ထျန်းကို ကြည့်လိုက်သည်။
"သူ နိုးပြီလား"
ရှောင်ယင်က ခေါင်းညိတ်ကာ "သုံးရက်တိတိ မေ့နေတာ၊ ထပ်မနိုးရင်တော့ ကျွန်မ သူ့ကို ပြန်ပစ်ထားခဲ့မလို့ပဲ"
" ဒါပေမဲ့ သခင်မလေးရေ၊ သူက ကျွန်မတို့ မြင်းရထားလုံးနဲ့ တိုက်မိပြီး မှတ်ဉာဏ်တွေ ပျောက်သွားပုံရတယ်..."
ကျူးကျစ်ယန်က အံ့သြသွားပြီး "မှတ်ဉာဏ် ပျောက်သွားတာလား"
ရှောင်ယင်က "ဟုတ်တယ်"
"သူ့အိမ် ဘယ်မှာလဲဆိုတာလည်း သူ မသိတော့ဘူး၊ ကျွန်မတို့ အခု ကျင်းရှန် မြို့မှာ ရောက်နေတာကိုလည်း သူ မသိဘူး"
"အခြေခံအကျဆုံး အကြောင်းအရာတွေကိုတောင် သူ မေ့ကုန်ပြီ"
" ဘယ်လိုလုပ်မလဲ"
"ကျွန်မတို့ အကြောင်းပြချက် တစ်ခုခုပေးပြီး သူ့ကို ဒီအတိုင်းပဲ လွှတ်လိုက်ရင်ကော"
ကျူးကျစ်ယန်က မျက်မှောင်ကြုတ်လိုက်သည်။
"မှတ်ဉာဏ်ပျောက်နေတဲ့ သာမန်လူတစ်ယောက်ကို ကျင်းရှန် မြို့မှာ ဘယ်လို အသက်ရှင်ခိုင်းမှာလဲ"
" ဒီကြားထဲမှာ ငါလည်း လေ့လာကြည့်ပြီးပြီ၊ ကျင်းရှန် မြို့မှာ ဥပဒေ တွေ ရှိတယ်ဆိုပေမဲ့ ရှင်သန်မှု အခြေအနေက ငါတို့ဘက်ထက်တောင် ပိုဆိုးသေးတယ်"
" သူ့ကို ဒီအတိုင်း လွှတ်လိုက်ရင် ဒီညတောင် သူ အသက်ရှင်နိုင်မှာ မဟုတ်ဘူး"
ရှောင်ယင်က ပါးစပ်လေးဟလျက် "အာ..."
" ဒါဆို ဘယ်လိုလုပ်မလဲ"
" ကျွန်မတို့မှာလည်း ကိုယ့်ကိစ္စနဲ့ကိုယ် ရှိနေတာ၊ သူ့ကို တစ်သက်လုံး ကျွေးထားလို့တော့ မဖြစ်ဘူးလေ"
ကျူးကျစ်ယန်က ခဏစဉ်းစားပြီး
"ဒီမှာပဲ ခဏ နေပါစေဦး၊ ငါတို့ကိစ္စကလည်း ချက်ချင်း ပြီးမှာ မဟုတ်ဘူး"
" နင် သူ့ကို နည်းနည်း ဂရုစိုက်ပေးလိုက်၊ မှတ်ဉာဏ်တွေ မကြာခင် ပြန်ရလာနိုင်တာပဲ"
" ငါလည်း အားရင် စုံစမ်းပေးပါ့မယ်၊ မိသားစုဝင် ပျောက်ဆုံးနေတဲ့သူတွေ ရှိလားလို့ပေါ့... ဒါပေမဲ့ ဖြစ်နိုင်ခြေကတော့ သိပ်မများဘူး..."
"သူ့ရဲ့ အခု အခြေအနေက ငါတို့ကြောင့် ဖြစ်ခဲ့တာပဲ"
" လောကကြီးက ဘယ်လောက်ပဲ ရက်စက်ပါစေ၊ လူတစ်ယောက်ရဲ့ အခြေခံ အကျင့်စာရိတ္တကိုတော့ မစွန့်လွှတ်သင့်ဘူး၊ သိလား"
ရှောင်ယင်က လိမ္မာပါးနပ်စွာ ခေါင်းညိတ်ပြလိုက်သည်။
သူတို့နှစ်ဦးမှာ ထန်ထျန်းနှင့် အတန်ငယ် ဝေးရာတွင် တိုးတိုးလေး ပြောနေခြင်း ဖြစ်သော်လည်း သူတို့ ပြောသမျှ စကားလုံးတိုင်းကို ထန်ထျန်းကတော့ အကုန်လုံး ရှင်းရှင်းလင်းလင်း ကြားနေရသည်။
ကြည့်ရသည်မှာ သူ ဤကမ္ဘာကြီးသို့ ပြန်ရောက်လာသည့်အချိန်တွင် သူတို့၏ မြင်းရထားလုံးနှင့် ကွက်တိ တိုက်မိသွားပုံရသည်။
ထိုအချိန်တွင် သူ သတိမရသေးသဖြင့် သူတို့က တိုက်မိလို့ မေ့လဲသွားသည်ဟု ထင်နေကြခြင်း ဖြစ်သည်။
တကယ့်ကို စိတ်ဝင်စားစရာကောင်းသည့် တိုက်ဆိုင်မှုပင်။
ဒီကောင်မလေး နှစ်ယောက်ကလည်း တော်တော် စိတ်ဝင်စားဖို့ ကောင်းသည်။
ဤကဲ့သို့ အလွန်ရက်စက်လှသော ကမ္ဘာကြီးထဲတွင် အခြေခံ ကိုယ်ကျင့်တရားကို ဆုပ်ကိုင်ထားနိုင်ခြင်းမှာ အမှန်တကယ်ပင် ခဲယဉ်းလှသော အရာဖြစ်သည်။
သခင်မလေး နှင့် အစေခံနှစ်ဦး တိုင်ပင်ပြီးနောက် ကျူးကျစ်ယန်၏ ဦးဆောင်မှုဖြင့် ထန်ထျန်းရှိရာသို့ လျှောက်လာကြသည်