← Chapters

အခန်း ၈၇၆

Vol. 84 Ch. 876

အခန်း ၈၇၆

Vol. 84 Ch. 876

အခန်း (၈၇၆) လျှို့ဝှက်ဆန်းကြယ် သော မြင့်မြတ်နန်းတော်

​"ဒီအတောအတွင်း သခင်မလေးက နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားခဲ့တာ၊ ဒါပေမဲ့ မြင့်မြတ်နန်းတော်ရဲ့ တံခါးကိုတောင် ဝင်ခွင့်မရဘူး..."

​"သူတို့က သခင်လေး ကျိယွီ ရဲ့ အခြေအနေကို ဘယ်လိုမှ ပြောမပြကြဘူး၊ အသက်ရှင်နေသလား သေသွားပြီလားဆိုတာတောင် မသိရဘူး... ဟင်း..."

​ရှောင်ယင်က ထန်ထျန်း၏ ဘေးတွင် ထိုင်ကာ လက်ကလေးနှစ်ဖက်ဖြင့် ပါးဖောင်းဖောင်းလေးကို ထောက်ထားပြီး မျက်နှာတစ်ခုလုံးတွင် အားကိုးရာမဲ့သည့် အရိပ်အယောင်များနှင့် စိတ်ပျက်အားလျော့မှုများ လွှမ်းမိုးနေသည်။

​"ပစ္စည်းတွေ အများကြီး ပေးတာတောင် မရဘူးလား"

​ထန်ထျန်းက မေးလိုက်သည်။

​ဤကာလအတွင်း ရှောင်ယင် ပြောပြချက်အရ ကျူးကျစ်ယန်က ကျူးကျိယွီ၏ သတင်းကို စုံစမ်းရန်အတွက် အရင်းအမြစ် အမြောက်အမြား ပေးကမ်းခဲ့ရကြောင်း သူသိထားသည်။

သူမ၏ မိသားစု နောက်ခံကလည်း တောင့်တင်းလှသဖြင့် သတင်းတစ်ခု စုံစမ်းရုံတင်ဆိုလျှင် ပြဿနာမရှိသင့်ဟု သူထင်ခဲ့မိသည်။

​သို့သော် ယခုကြည့်ရသည်မှာ ထိုအရာများက ဘာမှ အရာမထင်ပုံရပေ။

​"မပြောပါနဲ့တော့၊ ဘာမှ အသုံးမဝင်ဘူး"

​ထိုအကြောင်းကို ပြောလိုက်သည်နှင့် ရှောင်ယင်က ချက်ချင်းပင် ဒေါသထွက်လာသည်။

​"အရင်က သခင်လေး ကျိယွီ ကို ခေါ်သွားတဲ့ အဖိုးကြီးက တော်တော်လေး သဘောကောင်းတယ်လို့ ကျွန်မ ထင်ခဲ့တာ"

" အခုမှ သိရတယ် သူက ဘာပြောပြော နားမထောင်တဲ့ လူညစ်ကြီးပဲ"

​"တွေ့တိုင်းလည်း ဒါက စည်းကမ်း၊ ဟိုဟာက စည်းကမ်းနဲ့... မြင့်မြတ်နန်းတော်ထဲ ရောက်သွားပြီဆိုရင် သူ့တာဝန် မဟုတ်တော့ဘူး၊ သူလည်း ဘာမှ မတတ်နိုင်ဘူးပဲ ပြောနေတာ"

"ဘယ်မှာလဲ အဲ့ဒီလို စည်းကမ်း"

​"ကျွန်မ ကြည့်ရသလောက်တော့ သူက ပိုက်ဆံပဲယူပြီး အလုပ်မလုပ်ချင်တာ၊ ဆင်ခြေတွေပေးပြီး ကျွန်မတို့ကို လိမ်နေတာပဲ"

​ရှောင်ယင်က ဒေါသတကြီးဖြင့် အသံကျယ်သွားသည်။

ထို့နောက်မှ ကျူးကျစ်ယန် အခန်းထဲမှာ ရှိနေသေးသည်ကို သတိရသွားပြီး အသံကို အမြန်ပြန်နှိမ့်လိုက်ရသည်။

​"အခုမှပဲ ကျင်းရှန် မြို့ကြီးက တစ်စက်ကလေးမှ မကောင်းဘူးလို့ ကျွန်မ ခံစားရတော့တယ်"

" ဒီကလူတွေက ဆက်ဆံရ အရမ်းခက်တာပဲ၊ အကျိုးအမြတ်ကိုပဲ ကြည့်ပြီး လူမှုရေးဆိုတာ လုံးဝမရှိဘူး"

​"ကြယ်ကိုးလုံး ရှိတာကလွဲရင် ကျန်တာအားလုံးက စုတ်ပြတ်သတ်နေတာပဲ၊ ကျွန်မတို့ရဲ့ ချွေ့ယွင် မြို့လေးကိုတောင် မမှီဘူး"

​"ဟင်း..."

​သူမက နောက်ထပ် သက်ပြင်းရှည်ကြီး တစ်ချက် ထပ်ချလိုက်ပြန်သည်။

ကျင်းရှန် မြို့ကို စရောက်ကာစ အခြေအနေနှင့် ယခု အခြေအနေမှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားနေတော့သည်။

​"ငါ မင်းတို့ကို ကူညီပေးနိုင်တာမျိုး ရှိလား"

​စိတ်ဓာတ်ကျနေသော ရှောင်ယင်ကို ကြည့်ပြီး ထန်ထျန်းက ပြောလိုက်သည်။

​ဤသခင်မလေး နှင့် အစေခံ နှစ်ဦးမှာ သူ့ကို မြင်းရထားလုံးနှင့် တိုက်မိခဲ့သော်လည်း နောက်ပိုင်းတွင် သူ့အပေါ် အလွန်ကောင်းမွန်စွာ ဆက်ဆံခဲ့ကြသည်။

သူလည်း အခု ဘာမှလုပ်စရာ မရှိသဖြင့် မပြောပလောက်သည့် အကူအညီမျိုးဆိုလျှင် ကူညီပေးချင်စိတ် ရှိနေသည်။

​သို့သော် ထန်ထျန်း၏ စကားကို ကြားသောအခါ ရှောင်ယင်က သူ့ကို အံ့သြသလို ကြည့်လိုက်သည်။

​"ရှင်လား"

​သူမက ခေါင်းခါလိုက်ပြီး "ထားလိုက်ပါတော့"

" ရှင့်အိမ် ဘယ်မှာလဲဆိုတာတောင် ရှင် မသိသေးဘဲနဲ့ ကျွန်မတို့ကို ကူညီဦးမလို့လား"

​"ဒါ့အပြင် ဒါတွေက ကျင့်ကြံသူတွေကြားက ကိစ္စတွေ၊ ရှင်လို သာမန်လူတစ်ယောက်က ဘယ်လိုလုပ် နားလည်မှာလဲ"

" ရှင့်ရဲ့ စေတနာကိုတော့ ကျွန်မ လက်ခံလိုက်ပါ့မယ်"

​ထန်ထျန်းက မပြုံး ဘဲ မနေနိုင်တော့ပေ။

​'ကောင်းကင်ဝါးမြိုနတ်ဆိုး' ထုတ်ယူခံလိုက်ရပြီးနောက် သူ၏ ကျင့်ကြံခြင်း စွမ်းအားများ အားလုံး ပျောက်ကွယ်သွားသဖြင့် ရှောင်ယင်က သူ့ကို သာမန်လူတစ်ယောက်ဟု ထင်နေခြင်း ဖြစ်သည်။

သို့သော် ကျင့်ကြံခြင်း မရှိသော်လည်း သူက သာမန်ကျင့်ကြံသူများ ယှဉ်နိုင်သည့်အဆင့် မဟုတ်ပေ။

​ဤလောကတွင် လက်ရှိ ကျွင်းချန်ချင်း တစ်ယောက်တည်းသာ သူ့ကို ရင်ဆိုင်နိုင်စွမ်း ရှိပေလိမ့်မည်။

ထို့အပြင် သူ့တွင် စနစ် မရှိတော့သော်လည်း အရင်က စုဆောင်းထားခဲ့သော အရင်းအမြစ်များမှာ တောင်ပုံရာပုံရှိနေဆဲ ဖြစ်သည်။

​ရှေးဟောင်း ပျက်သုဉ်းမြို့ဟောင်း တွင် ကျိကျွင်း အဆင့်များနှင့် ပြုလုပ်ခဲ့သော ကုန်သွယ်မှုများမှာပင် မခန့်မှန်းနိုင်လောက်အောင် များပြားလှသည်။

ကျူးကျစ်ယန်တို့၏ ပြဿနာကို ဖြေရှင်းပေးရန်မှာမူ လွယ်ကူလှသည်။

​"ငါ့ကို ပြောပြကြည့်လေ"

​"ငါ ဖြေရှင်းနိုင်မယ့် နည်းလမ်း ရှိနေရင်ကော"

" ဘာပဲဖြစ်ဖြစ် မင်းတို့မှာလည်း တခြားနည်းလမ်း မရှိတော့ဘူး မဟုတ်လား"

​ထန်ထျန်းက ပြုံး၍ ပြောလိုက်သည်။

​ထန်ထျန်း၏ ရိုးသားသော မျက်ဝန်းများကို ကြည့်ပြီး ရှောင်ယင်က အားကိုးရာမဲ့စွာ ခေါင်းညိတ်လိုက်သည်။

​"ကောင်း ပြီလေ"

​"အခုတော့ ဒီလိုပဲ ဖြစ်နေပြီဆိုတော့ ရှင့်ကို ပြောပြလည်း ဘာမှမဖြစ်ပါဘူး"

​ထို့နောက် သူမက ဤကာလအတွင်း ဖြစ်ပျက်ခဲ့သမျှကို ထန်ထျန်းအား စတင်ပြောပြတော့သည်။

ကျင်းရှန် မြို့သို့ မလာခင်က ဤကိစ္စမှာ ဤမျှ ခက်ခဲလိမ့်မည်ဟု သူမတို့ မထင်ခဲ့ကြပေ။

လူတစ်ယောက်၏ သတင်းကို စုံစမ်းရုံတင် မဟုတ်ပါလား။

​သို့သော် လက်တွေ့တွင်မူ မြင့်မြတ်နန်းတော်၏ စည်းမျဉ်းများမှာ အလွန် တင်းကျပ်လွန်းနေသည်။

အလုပ်ခွဲဝေမှုမှာလည်း အလွန် ရှင်းလင်းလှရာ ကျူးကျိယွီကို ခေါ်ဆောင်သွားသောသူမှာ ပါရမီရှင်များကို စုဆောင်းရသည့် တာဝန်သာ ရှိသည်။ ကျူးကျိယွီကို မြင့်မြတ်နန်းတော်ထဲ ပို့ဆောင်ပြီးနောက်တွင် သူလည်း ကျူးကျိယွီ၏ သတင်းကို မရတော့ပေ။

​ထိုသူမှာ ကျူးကျစ်ယန်ကို တတ်နိုင်သလောက် စုံစမ်းပေးမည်ဟု ကတိပေးခဲ့သော်လည်း တစ်လကျော်ကြာသည်အထိ အရင်းအမြစ်များစွာ ကုန်ဆုံးသွားသော်လည်း မည်သည့်ရလဒ်မှ ထွက်မလာခဲ့ပေ။

​ထိုအကြောင်းကို ကြားရသောအခါ ထန်ထျန်းက တွေးတောပြီး "မင်းတို့ အလိမ်ခံရတာကော မဖြစ်နိုင်ဘူးလား"

"အဲ့လူက ပိုက်ဆံပဲယူပြီး လူကို ရှာမပေးတာမျိုးလား"

​ရှောင်ယင်က နှုတ်ခမ်းမဲ့ကာ "ရှင်က ကျွန်မတို့ကို အဲ့လောက် အ သွားပြီ ထင်နေတာလား"

​"အဲ့ဒီလူအပြင် ကျွန်မတို့ တခြားနည်းလမ်းတွေနဲ့လည်း မြင့်မြတ်နန်းတော် အကြောင်းကို စုံစမ်းခဲ့ပါသေးတယ်"

" ဒါပေမဲ့ သူပြောတဲ့အတိုင်းပဲ၊ မြင့်မြတ်နန်းတော်ရဲ့ စည်းမျဉ်းတွေက အရမ်း တင်းကျပ်လွန်းလို့ အတွင်းလူတွေတောင် ဝင်ရောက်စွက်ဖက်ဖို့ ခက်တယ်"

​"အဲ့ဒီလူလည်း အစွမ်းကုန် ကြိုးစားခဲ့တာ"

" ဒါပေမဲ့ ကျွန်မတို့ ပေးခဲ့သမျှ အရင်းအမြစ်တွေကတော့ ရေထဲ မျောသွားတာပဲ"

​ရှောင်ယင်က နောက်တစ်ကြိမ် သက်ပြင်းချပြန်သည်။

​ထန်ထျန်းက မေးစေ့ကို ပွတ်ရင်း "အရင်းအမြစ်တွေ မလုံလောက်လို့ကော မဖြစ်နိုင်ဘူးလား"

"ငါ မင်းတို့ကို နည်းနည်းလောက် ထောက်ပံ့ပေးနိုင်တယ်၊ ဒါဆို အခြေအနေက ပြောင်းလဲသွားနိုင်မလား"

​ရှောင်ယင်က ထန်ထျန်းကို စွေကြည့်ကာ "ရှင်လား"

​"ရှင့်ရဲ့ ထမင်းဖိုးကိုတောင် ကျွန်မတို့ ပေးနေရတာ ကျွန်မတို့ကို ထောက်ပံ့ဦးမလို့လား"

​"ဒါ့အပြင် ကျွန်မ ပြောတဲ့ အရင်းအမြစ်ဆိုတာ သာမန်လူတွေသုံးတဲ့ ရွှေတွေ ငွေတွေ မဟုတ်ဘူး။ ကျင့်ကြံသူတွေ သုံးတဲ့ အဖိုးတန်ပစ္စည်းတွေ ဖြစ်ရမယ်၊ ပြီးတော့ အရမ်းကို အဖိုးတန်ရမယ်"

​"ရှင်က..."

​ရှောင်ယင်က ခေါင်းကို တရစပ်ခါယမ်းကာ "ရှင်ကတော့ ရှင့်ရဲ့ နောင်ရေးကိုပဲ အရင် စဉ်းစားထားပါတော့"

"ကျွန်မနဲ့ သခင်မလေးက မကြာခင်မှာ ကိုယ့်မြို့ကို ပြန်ကြတော့မှာ၊ ရှင့်ကို ခေါ်သွားဖို့ကတော့ လုံးဝ မဖြစ်နိုင်ဘူး"

​ပြောပြီးနောက် သူမက ထပ်မံ သက်ပြင်းချပြန်သည်။ "တကယ်တော့ အရင်းအမြစ်က အဓိက ပြဿနာ မဟုတ်ပါဘူး၊ မိသားစုဘက်က လူမလွှတ်ပေးပေမဲ့ ကျွန်မတို့ကိုတော့ အပြည့်အဝ ထောက်ပံ့ပေးထားပါတယ်"

" ပြဿနာက ဘယ်လောက်ပဲ ပေးပေး အသုံးမဝင်တာပဲ"

​"မြင့်မြတ်နန်းတော်က အရမ်း ထူးခြားတဲ့ နေရာတစ်ခုပဲ။ သူတို့ရဲ့ ရှုပ်ထွေးတဲ့ စည်းမျဉ်းတွေအောက်မှာ ကျွန်မတို့က အင်မော်တယ် ပစ္စည်းတွေ ထုတ်ပေးရင်တောင် အသုံးမဝင်ဘူး"

​ထန်ထျန်းက မျက်ခုံးပင့်လိုက်သည်။

​ဤခေတ်တွင် အရင်းအမြစ်များမှာ အလွန် ရှားပါးနေပြီဖြစ်ကြောင်း သူသိထားသည်။

အင်မော်တယ် ပစ္စည်းများမှာ အလွန် အစွမ်းထက်သည့် အရာများ ဖြစ်သည်။

သို့သော် အင်မော်တယ် ပစ္စည်းများနှင့်ပင် သူတို့၏ စည်းမျဉ်းကို မလှုပ်ခတ်နိုင်ဘူးလား။

​ဤ မြင့်မြတ်နန်းတော် ဆိုသည်မှာ တကယ်တော့ ဘာလုပ်သည့် နေရာလဲ။

​ထန်ထျန်းက ရှောင်ယင်ကို ထိုမေးခွန်း မေးလိုက်သည်။

​ရှောင်ယင်က ခဏစဉ်းစားပြီး "မြင့်မြတ်နန်းတော်က ဘာလုပ်တာလဲဆိုတာ ကျွန်မလည်း သေသေချာချာ မသိဘူး"

​"ဒါပေမဲ့ တခြားလူတွေ ပြောတာကတော့ သူတို့က သာမန် အဖွဲ့အစည်းမျိုး မဟုတ်ဘူးတဲ့၊ အရမ်း လျှို့ဝှက်ဆန်းကြယ် တယ်"

​"ကြည့်ရတာ... သူတို့က အရေးကြီးတဲ့ လျှို့ဝှက်တာဝန်တွေကို ထမ်းဆောင်နေရပုံပဲ"

​"မြို့ကြီးတိုင်းမှာ သူတို့ ရှိနေတတ်တယ်။ ပြီးတော့ သူတို့က လောကီကိစ္စတွေမှာ လုံးဝ ဝင်မပါဘူး။ ကမ္ဘာအနှံ့က ထူးချွန်တဲ့ ပါရမီရှင်တွေကိုပဲ စုဆောင်းတာ"

​"ခြုံပြောရရင်တော့ အရမ်း လျှို့ဝှက်ဆန်းကြယ် တာပဲ"

ရှောင်ယင်က ပြော၏ ။

​ရှောင်ယင်၏ စကားကို ကြားပြီးနောက် ထန်ထျန်းက မေးစေ့ကို ပွတ်ကာ တွေးတောနေမိသည်။

ဤကဲ့သို့ ထူးဆန်းသော အဖွဲ့အစည်းမျိုး ဤခေတ်တွင် ပေါ်ပေါက်လာခြင်းမှာ အမှန်တကယ်ပင် ဘယ်အရာကို လုပ်နေခြင်း နည်း။

All Chapters