အခန်း ၈၇၉
Vol. 84 Ch. 879
အခန်း (၈၇၉) ကြိုက်သလို လုပ်ပါ
ရှောင်ယင်က ထန်ထျန်းကို တိုက်ခိုက်တော့မည့် အချိန်မှာပင် ကျူးကျစ်ယန်က နောက်ဆုံးတွင် 'သန့်စင် ယန် သွေးကြော' ကို အောင်မြင်စွာ နှိုးဆွနိုင်ခဲ့ပြီး အခန်းထဲမှ လမ်းလျှောက် ထွက်လာခဲ့သည်။
သို့သော် နေနတ်ဘုရား စွမ်းအား၏ ရိုက်ခတ်မှုမှာ ပြင်းထန်လွန်းလှသဖြင့် သူမ၏ မျက်နှာမှာ ဖြူလျော်နေဆဲ ဖြစ်ကာ ပါးစပ်ထောင့်မှ သွေးများ စီးကျနေပြီး ရင်ဘတ်ရှိ အဝတ်အစားများမှာလည်း အန်ထုတ်ထားသော သွေးများဖြင့် နီရဲနေလေသည်။
ကျူးကျစ်ယန်၏ အသံကို ကြားလိုက်ရသည်နှင့် ရှောင်ယင်က ချက်ချင်း လှည့်ကြည့်ကာ ပြေးသွားတော့သည်။
ခုနက ပြည့်နှက်နေသော လူသတ်ငွေ့များမှာလည်း ရုတ်ချည်း ပျောက်ကွယ်သွားပြီး အလွန်အမင်း စိုးရိမ်ပူပန်မှုများသာ ကျန်ရစ်တော့သည်။
"သခင်မလေး... ဘယ်လိုနေသေးလဲ၊ ဘာမှမဖြစ်ဘူးမလား"
သူမက အပြင်သို့ ထွက်လာသော ကျူးကျစ်ယန်ကို ဖေးမလိုက်သည်။
"ဘာမှမဖြစ်ဘူး..."
ကျူးကျစ်ယန်က အားနည်းစွာ ပြောလိုက်ပြီးနောက် ရှောင်ယင်၏ လက်ကို လွှတ်ကာ ထန်ထျန်း၏ ရှေ့သို့ ယိမ်းယိုင်စွာ လျှောက်သွားခဲ့သည်။
ထို့နောက် ရှောင်ယင်၏ အံ့သြမှင်သက်နေသော မျက်ဝန်းများ ရှေ့မှောက်မှာပင် မြေပြင်ပေါ်သို့ ဒူးထောက် ချလိုက်တော့သည်။
"ကျစ်ယန်..."
" စီနီယာရဲ့ တစ်ဖန်ပြန်လည် မွေးဖွားပေးတဲ့ ကျေးဇူးအတွက် ဂါရဝပြု ပါတယ်"
ထန်ထျန်းက သူမ၏ ဂါရဝပြုမှုကို တည်ငြိမ်စွာ ခံယူလိုက်သည်။
သွေးကြောကို နှိုးဆွပြီးနောက် ကျူးကျစ်ယန်က လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
သူမက အားနည်းနေပုံ ပေါ်သော်လည်း သူမ၏ နှလုံးသား နေရာတွင်မူ တဟုန်းဟုန်း တောက်လောင်နေသော နေမင်းတစ်စင်း ထွက်ပေါ်လာသကဲ့သို့ ရှိနေသည်။
စက္ကန့်တိုင်းမှာပင် ပြင်းထန်သော မူလစွမ်းအား များက သူမ၏ ခန္ဓာကိုယ် အနှံ့အပြားသို့ စီးဆင်း နေသည်။
ကျူးကျစ်ယန်၏ ကျင့်ကြံခြင်းမှာလည်း 'ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်' နှောင်းပိုင်းမှနေ၍ အဆင့်ကြီး တစ်ဆင့်လုံးကို တိုက်ရိုက် ကျော်ဖြတ်ကာ 'နတ်အသွင်ပြောင်း ခြင်း အဆင့်' အထွတ်အထိပ် သို့ ရောက်ရှိသွားခဲ့သည်။
ဤသည်မှာ ထန်ထျန်းက သဘာဝ စွမ်းအားဖြင့် ညှိပေးထားသောကြောင့် ဖြစ်သည်။ မဟုတ်ပါက ကျူးကျစ်ယန်သည် နေနတ်ဘုရား စွမ်းအား၏ ပေါက်ကွဲထွက်မတတ်သော စွမ်းအင်ကို တောင့်ခံနိုင်ခဲ့လျှင် သူမက တစ်လှမ်းတည်းနှင့်ပင် အင်မော်တယ် အဆင့်သို့ တက်လှမ်းသွားနိုင်မည် ဖြစ်သည်။
သို့သော် ဤသည်မှာ အလွန် အန္တရာယ်များလှသဖြင့် တစ်ဆင့်ချင်း သွားခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။
"ရပါတယ်၊ ထပါ"
"ဒီတစ်လကျော်အတွင်းမှာ မင်းတို့ ငါ့ကို ပြုစုစောင့်ရှောက်ခဲ့တဲ့အတွက် ကျေးဇူးတုံ့ပြန်တယ်လို့ပဲ သဘောထားလိုက်ပါ"
ထန်ထျန်းက ပြောသည်။
သို့သော် ကျူးကျစ်ယန်က မထသေးဘဲ ထပ်မံ ဂါရဝပြုရင်း ပြော၏။ "ဒီ ဒုတိယအကြိမ် ဂါရဝပြုတာကတော့ တောင်းပန်ဖို့အတွက်ပါ"
"တကယ်တော့ လွင်ပြင်ထဲမှာ စီနီယာကို ကျွန်မတို့ရဲ့ မြင်းရထားလုံးနဲ့ တိုက်မိခဲ့တာပါ၊ ကျွန်မတို့ စီနီယာကို လိမ်ညာခဲ့မိပါတယ်"
" ဒါပေမဲ့ ကျွန်မ ထင်တာကတော့..."
"စီနီယာ ဒါကို စောစောကတည်းက သိနေခဲ့မှာပါ"
ထန်ထျန်းက ပြုံးပြီး "ဒီကိစ္စက ပြောရရင် နည်းနည်း ရှုပ်ထွေးတယ်"
" တစ်နည်းအားဖြင့် ပြောရရင် မင်းတို့ ငါ့ကို ကယ်ခဲ့တာလို့ ပြောရင်လည်း မမှားပါဘူး"
" မြန်မြန် ထပါ၊ ငါက ဒီလိုမျိုး တွေ သိပ်ကြိုက်တာ မဟုတ်ဘူး"
ခဏအကြာတွင် ရှောင်ယင်၏ ဖေးမမှုဖြင့် ကျူးကျစ်ယန် ပြန်လည် မတ်တတ်ရပ်နိုင်ခဲ့သည်။
"သခင်မလေး... တကယ်ပဲ ဘာမှမဖြစ်ဘူးလား"
ရှောင်ယင်၏ အာရုံများမှာ သူမ၏ သခင်မလေးထံမှာပဲ ရှိနေဆဲ ဖြစ်သည်။
ကျူးကျစ်ယန်က ခေါင်းခါပြကာ ပြော၏။ "ဘာမှမဖြစ်ပါဘူး"
"မင်းရော ဘယ်လိုနေလဲ"
" ခုနက စွမ်းအားတွေကို ငါ မထိန်းချုပ်နိုင်ခဲ့လို့ မင်းကို ရိုက်ခတ်သွားမှာပဲ"
ရှောင်ယင်၏ လက်ရှိ ပုံစံမှာလည်း ကျူးကျစ်ယန်ထက် သိပ်မသာလှပေ။
သို့သော် သူမက 'ရွှေအူတိုင်အဆင့်' ကျင့်ကြံသူ တစ်ဦး ဖြစ်သဖြင့် ဒဏ်ရာ အနည်းငယ်သာ ရခဲ့ခြင်း ဖြစ်သည်။
"ကျွန်မလည်း ဘာမှမဖြစ်ပါဘူး"
"ဒါဆိုရင်..."
ရှောင်ယင်က ထန်ထျန်းကို ကြည့်ကာ သံသယဖြင့် မေးသည်။ "သူက တကယ်ပဲ ကျွန်မတို့ကို ကူညီနေတာလား"
" အဆိပ်နဲ့ ခတ်တာ မဟုတ်ဘူးလား"
သူမက လက်ရှိ အခြေအနေကို လုံးဝ နားမလည်နိုင်တော့ပေ။
ကြောင်တောင်တောင် ဖြစ်နေသော ရှောင်ယင်ကို ကြည့်ကာ ကျူးကျစ်ယန်က ထန်ထျန်းကို အားနာစွာ ဦးညွှတ်လိုက်သည်။ "ခုနက ရှောင်ယင် စိတ်လိုက်မာန်ပါ လုပ်မိတာကို စီနီယာ အပြစ်မယူပါနဲ့လို့ တောင်းပန်ချင်ပါတယ်"
"ရှောင်ယင်... စီနီယာကို မြန်မြန် တောင်းပန်လိုက်"
ရှောင်ယင် ကြောင်အမ်းအမ်းနှင့် ပါးစပ်ဟလိုက်မိသည်။ အခြေအနေတွေက မြန်မြန်ဆန်ဆန် ပြောင်းလဲသွားသဖြင့် သူမ ချက်ချင်း လိုက်မမီနိုင် ဖြစ်နေသည်။
သို့သော် သူမက ကျူးကျစ်ယန်၏ စကားကို နားထောင်ကာ ထန်ထျန်းကို အလျင်အမြန် ဦးညွှတ်လိုက်သည်။ "တောင်းပန်ပါတယ် အစ်ကိုထန်... "
"အော် မဟုတ်ဘူး၊ စီနီယာထန်"
ထန်ထျန်းက ပြုံးပြီး လက်ကာလိုက်သည်။
"စီနီယာတွေ ဘာတွေ မလုပ်ပါနဲ့၊ အရင်လို ခေါ်တာကိုပဲ ငါ ပိုကြိုက်တယ်"
"ဒါက ကိစ္စအသေးအမွှားလေးပါ၊ ငါတို့ အရင်အတိုင်းပဲ ဆက်နေကြတာပေါ့"
"မင်းတို့ အရင်သွားပြီး သန့်ရှင်းရေး လုပ်လိုက်ကြဦး။ တည်းခိုခန်းက လူတွေ မကြာခင် ရောက်လာတော့မယ် ထင်တယ်"
အမှန်တကယ်တော့ တည်းခိုခန်းက လူများ ရောက်လာခဲ့ပြီး ဖြစ်သည်။ သို့သော် ကျင့်ကြံသူများ၏ ကိစ္စဖြစ်သည်ကို မြင်လိုက်ရသဖြင့် အလျင်အမြန် ပြန်ထွက်သွားကြကာ သူတို့၏ ကိုယ်ပိုင် ကျင့်ကြံသူများကို သွားရှာကြပုံရသည်။
ကျူးကျစ်ယန်နှင့် ရှောင်ယင်တို့မှာလည်း ပေရေစုတ်ပြတ်နေသဖြင့် သန့်ရှင်းရေး အရင်လုပ်ရန် လိုအပ်ပေသည်။
ခဏအကြာတွင် ကျူးကျစ်ယန်နှင့် ရှောင်ယင်တို့က အဝတ်အစားသစ်များ လဲလှယ်ပြီး ပြန်ထွက်လာခဲ့ကြသည်။
တည်းခိုခန်းက လူများနှင့်လည်း ရိုးရိုးရှင်းရှင်းပင် ညှိနှိုင်းမှု လုပ်ပြီးသွားခဲ့ပြီ ဖြစ်သည်။
တည်းခိုခန်းဘက်မှလည်း ကြီးကြီးမားမား ကိစ္စမရှိလျှင် ကျင့်ကြံသူများ ဖျက်ဆီးမိသည်မှာ ပုံမှန်ပင် ဖြစ်သဖြင့် လက်ခံခဲ့ကြသည်။
ဤအဆင့်ပြီးနောက် ကျူးကျစ်ယန်၏ အော်ရာ မှာ အခြေခံအားဖြင့် တည်ငြိမ်သွားခဲ့ပြီ ဖြစ်ကာ ချီ လည်ပတ်မှုမှာ အလွန်ပင် ကောင်းမွန်နေသည်။ မကြာမီမှာပင် သူမက 'နတ်အသွင်ပြောင်းခြင်း အဆင့်' ကို ကျော်ဖြတ်ကာ 'ပေါင်းစည်းခြင်း အဆင့်' သို့ တက်လှမ်းနိုင်တော့မည် ဖြစ်သည်။
ကိစ္စများ ပြီးဆုံးသွားသည့်အခါ ကျူးကျစ်ယန်နှင့် ရှောင်ယင်တို့က ထန်ထျန်း၏ ဘေးသို့ ထပ်မံ ရောက်ရှိလာခဲ့ကြသည်။
ရှောင်ယင်မှာမူ အနေရခက်နေပုံ ရသည်။ အဆင့်အတန်း ပြောင်းလဲသွားခြင်းကြောင့်လား၊ သို့မဟုတ် သူမ လိမ်ညာထားသည်ကို ထန်ထျန်းက သိနေသည်မှာ ကြာပြီဖြစ်သောကြောင့်လား မသိရပေ။
"ထိုင်ကြ လေ၊ စကားပြောရအောင်"
ထန်ထျန်းက ပြောသည်။
ကျူးကျစ်ယန် ခေါင်းညိတ်ပြကာ ရှောင်ယင်နှင့်အတူ ထန်ထျန်း၏ ဘေးရှိ လှေကားထစ်တွင် ထိုင်လိုက်ကြသည်။
ပုံစံမှာ အနည်းငယ် ထူးဆန်းနေသော်လည်း အလွန်ပင် သဘာဝကျလှပေသည်။
"ဒီအရာလေးက မင်းတို့ လက်ရှိ ရင်ဆိုင်နေရတဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်မှာလား"
ထန်ထျန်းက မေးလိုက်သည်။
ကျူးကျစ်ယန်က ခဏမျှ စဉ်းစားပြီး ပြော၏။ "မြင့်မြတ်နန်းတော်ထဲကို ဝင်ဖို့ နည်းလမ်း နှစ်ခုပဲ ရှိပါတယ်"
"ပထမတစ်ခုကတော့ မြင့်မြတ်နန်းတော်က ပါရမီရှင် ရှာဖွေသူတွေ ရဲ့ အသိအမှတ်ပြုခြင်းကို ခံရပြီး မြင့်မြတ်နန်းတော်ထဲကို တိုက်ရိုက် ခေါ်ဆောင်ခံရတာပါ"
" ကျွန်မမောင်လေး ကျိယွီ ရဲ့ အခြေအနေမျိုးပေါ့"
"ဒုတိယနည်းလမ်းကတော့ ကျင်းရှန် မြို့ရဲ့ 'ပါရမီရှင် ရွေးချယ်ပွဲ' ကို ဖြတ်ကျော်ရမှာပါ"
" နှစ်စဉ် ကျင်းရှန် မြို့မှာ ပါရမီရှင် ရွေးချယ်ပွဲ တစ်ခု ကျင်းပလေ့ရှိပြီး အသက် ၂၅ နှစ်အောက် သေမျိုးနယ်ပယ် ကျင့်ကြံသူ အားလုံး ပါဝင်နိုင်ပါတယ်"
"အဲ့ဒီအချိန်ကျရင် မြင့်မြတ်နန်းတော်က လူလွှတ်ပြီး စောင့်ကြည့်လိမ့်မယ်။ အကယ်၍ စွမ်းဆောင်ရည်က အလွန် ထူးချွန်နေမယ်ဆိုရင် မြင့်မြတ်နန်းတော်ထဲကို ဝင်ခွင့်ရဖို့ ဖြစ်နိုင်ပါတယ်"
" ဒါပေမဲ့ အရင်နှစ်တွေက အခြေအနေအရဆိုရင် မြင့်မြတ်နန်းတော်ထဲ ဝင်ခွင့်ရတဲ့သူတွေက အနည်းဆုံး 'အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်' အထက်က အစွမ်းထက်သူတွေပဲ"
"နောက်ထပ် ပါရမီရှင် ရွေးချယ်ပွဲအတွက်ကတော့ သုံးလမပြည့် တပြည့် အချိန်ပဲ ကျန်ပါတော့တယ်"
ကျူးကျစ်ယန်က ရှင်းပြသည်။
သူမက ပါရမီရှင် ရွေးချယ်ပွဲကို အောင်မြင်ရန် ယုံကြည်ချက် အပြည့်အဝ မရှိသေးသလို ထန်ထျန်း သူမကို တိုက်လိုက်သော အရာမှာ မည်သည့် ကောင်းကင်နှင့် မြေကြီး ရတနာ ဖြစ်သည်ကိုလည်း မသိရပေ။
ထို့ကြောင့် ဖြစ်စဉ် တစ်ခုလုံးကို ရှင်းပြလိုက်ခြင်း ဖြစ်သည်။
နားထောင်ပြီးနောက် ထန်ထျန်းက ခေါင်းညိတ်လိုက်သည်။
"လုံလောက်ပါတယ်"
"စိတ်မလောပါနဲ့၊ မင်းရဲ့ ကျင့်ကြံခြင်း အခြေခံကို ခိုင်မာအောင် အာရုံစိုက်ထားပါ"
ကျူးကျစ်ယန်၏ မျက်ဝန်းများ လှုပ်ခတ်သွားပြီး မေးသည်။ "စီနီယာ... မဟုတ်ဘူး၊ သခင်လေး ထန်က ကျွန်မရဲ့ အခြေခံက မလုံလောက်ဘူးလို့ ထင်လို့လား"
ထန်ထျန်းက ပြုံးပြီး ခေါင်းခါလိုက်သည်။
"မဟုတ်ပါဘူး။ မင်း ကျင့်ကြံခြင်း တက်တာ မြန်လွန်းလို့ ရွေးချယ်ပွဲ မစခင်မှာပဲ အင်မော်တယ် ဖြစ်သွားမှာကို စိုးရိမ်လို့ပါ"
"ရွေးချယ်ပွဲက လူသားနယ်ပယ် ကျင့်ကြံသူတွေအတွက်ပဲ မဟုတ်လား"
ကျူးကျစ်ယန် ဆွံ့အသွားရသည်။
သူမ၏ ကျင့်ကြံခြင်း အတက်မြန်လွန်းမည်ကို စိုးရိမ်နေသည်တဲ့လား...။
ဤသည်မှာ သူမ လုံးဝ ထင်မှတ်မထားသော အချက်ပင်။
ဤသခင်လေး ထန်က သူမကို ဘာဆေးတွေ တိုက်လိုက်သလဲ၊ အာနိသင်က ဘာလို့ ဒီလောက်တောင် ပြင်းထန်နေရတာလဲ။
"ပါရမီရှင် ရွေးချယ်ပွဲက သေမျိုးနယ်ပယ် ကျင့်ကြံသူတွေအတွက်ပဲ ဆိုတာ မှန်ပါတယ်"
"အင်မော်တယ် အဆင့်အတွက်ကတော့... တခြားနည်းလမ်း ရှိမှာပါ၊ ကျွန်မ မစုံစမ်းဖူးသေးဘူး"
ကျူးကျစ်ယန်က ပြော၏ ။
ထန်ထျန်းက "အင်း" ဟု တစ်ချက် ဆိုလိုက်သည်။
"ကြိုက်သလို လုပ်ပါ၊ အဆင်ပြေသလိုပေါ့"
" မြင့်မြတ်နန်းတော်က မင်းတို့ပြောသလို ပါရမီရှင်ကိုပဲ ကြည့်တာဆိုရင် သူတို့ မင်းကို လွှတ်ထားမှာ မဟုတ်ဘူး"
"ဒါပေမဲ့ ကျင့်ကြံခြင်းဆိုတာ တစ်ဆင့်ချင်း သွားတာကတော့ အကောင်းဆုံးပေါ့"
" မင်းရဲ့ အခြေခံက မူလကတည်းက မဆိုးပါဘူး၊ ထပ်ပြီး အရောင်တင်လိုက်မယ်ဆိုရင် အနာဂတ် မှာ ပိုကြီးမားတဲ့ အောင်မြင်မှုတွေ ရလာမှာပါ"
ကျူးကျစ်ယန် ထပ်မံ တိတ်ဆိတ်သွားပြန်သည်။
လူအများအပြား နည်းလမ်းပေါင်းစုံ သုံးပြီး ဦးနှောက်စားခံကာ ဝင်ဖို့ ကြိုးစားနေကြတဲ့ မြင့်မြတ်နန်းတော်က ထန်ထျန်းရဲ့ ပါးစပ်ထဲမှာတော့ ဒီလောက်အထိ လွယ်ကူပြီး ရိုးရှင်းတဲ့ ကိစ္စတစ်ခု ဖြစ်နေခဲ့ပါပြီ...။
ဤပုဂ္ဂိုလ်မှာ အမှန်တကယ် မည်သို့သော တည်ရှိမှုမျိုး ဖြစ်နေသနည်း။
"လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်လေး ထန်"
ကျူးကျစ်ယန်က ပြောလိုက်လေသည်။