← Chapters

အခန်း ၈၈၀

Vol. 84 Ch. 880

အခန်း ၈၈၀

Vol. 84 Ch. 880

အခန်း (၈၈၀) ကပ်ဘေးရိပ်သိမ်းသူ ၏ စကား

​နောက်ဆုံးတွင် ကျူးကျစ်ယန်က ထန်ထျန်း၏ စကားကို နားထောင်ရန် ဆုံးဖြတ်လိုက်ပြီး အဆင့်တက်ရန် မလောတော့ဘဲ သူမ၏ အခြေခံကိုသာ အာရုံစိုက် အရောင်တင်နေတော့သည်။

​ဤသည်မှာ အလွန်လိမ္မာပါးနပ်သော ရွေးချယ်မှုပင်။

​သူမ၏မောင်လေး ကျူးကျိယွီ၏ အခြေအနေအတွက် စိတ်ပူနေသော်လည်း လွန်ခဲ့သော ကာလများက ကြုံတွေ့ခဲ့ရသည့် မျှော်လင့်ချက်မဲ့သော အားငယ်မှုများနှင့် နှိုင်းယှဉ်ပါက ယခုအခြေအနေမှာ သူမ အိပ်မက်ပင် မမက်ရဲခဲ့သော အရာ ဖြစ်သည်။

​ထို့အပြင် ကျူးကျိယွီမှာ လွန်ခဲ့သော တစ်နှစ်ကတည်းက 'အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်' သို့ ရောက်ရှိနေသူ ဖြစ်ရာ အကယ်၍ သူသာ ဒုက္ခကြုံနေရပါက သူမဘက်မှ လုံလောက်သော ခွန်အား မရှိဘဲ သိနေရုံနှင့်လည်း ဘာမှ တတ်နိုင်မည်မဟုတ်ပေ။

​ယခင်က သူမ ဤအကြောင်းကို မစဉ်းစားခဲ့ခြင်းမှာ မည်သို့ပင် စဉ်းစားစေကာမူ အသုံးမဝင်သောကြောင့် ဖြစ်သည်။

သို့သော် ယခုမူ အခွင့်အရေး ရလာခဲ့ပြီ။

​ထန်ထျန်းက သူမအတွက် အကြီးမားဆုံးသော ကံကြမ္မာ အလှည့်အပြောင်းပင်။

အကယ်၍ ထန်ထျန်းထံမှ လမ်းညွှန်မှု အနည်းငယ် ရရှိမည်ဆိုလျှင်ပင် သူမအတွက် အဆုံးမဲ့သော အကျိုးကျေးဇူးများ ရရှိနိုင်ပေလိမ့်မည်။

​ဖြူစင်သော ကြယ်ကိုးလုံး၏ အလင်းရောင်အောက်တွင် မိန်းကလေး နှစ်ယောက်နှင့် အမျိုးသား တစ်ယောက်တို့က တံခါးဝရှိ လှေကားထစ်တွင် ထိုင်ကာ စကားပြောနေကြသည်မှာ ထူးဆန်းသော်လည်း လှပသော မြင်ကွင်းတစ်ခုပမာ ဖြစ်နေသည်။

​ယခင်က ကျူးကျစ်ယန်နှင့် ထန်ထျန်းကြားတွင် စကားပြောဆိုမှု သိပ်မရှိခဲ့သော်လည်း ယခုမူ ရှောင်ယင် နားမလည်သော အကြောင်းအရာများစွာကို ပြောဖြစ်ခဲ့ကြသည်။

​"ကျွန်မ အရင်က ရှောင်ယင် ပြောတာ ကြားဖူးတယ်..."

"သခင်လေးက နေ၊ လနဲ့ ကြယ်တွေ အကြောင်း ပြောဖူးတယ်ဆို"

ကျူးကျစ်ယန်က ပြော၏ ။

​"ဟုတ်တယ်"

ထန်ထျန်းက ခေါင်းညိတ်ကာ ပြုံးလျက် "ရှောင်ယင်ကတော့ အဲ့ဒါတွေက အိပ်မက်ထဲမှာပဲ ရှိနိုင်တဲ့ မြင်ကွင်းတွေလို့ ငါ့ကို ပြောတယ်"

​ကျူးကျစ်ယန်က ခဏမျှ တိတ်ဆိတ်သွားပြီးနောက် "တစ်ကမ္ဘာလုံးကို လင်းထိန်စေနိုင်တဲ့ တည်ရှိမှုဆိုတာ တကယ်ပဲ အိပ်မက်တစ်ခုလိုပါပဲ"

​"ဒါပေမဲ့... "

"ကျွန်မတို့ မိသားစုထဲက ဘိုးဘေး တစ်ယောက်ဆီကနေ အမှတ်မထင် ကြားဖူးတာ တစ်ခုရှိတယ်"

" လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက ဒီကမ္ဘာမှာ တကယ်ပဲ နေ၊ လနဲ့ ကြယ်တွေ ရှိခဲ့ဖူးတယ်တဲ့"

​"သူ့ရဲ့ ဖော်ပြချက်တွေက သခင်လေး ပြောပြတာတွေနဲ့ တစ်ထပ်တည်းပါပဲ"

" ကျွန်မကတော့ အဲ့ဒါတွေက လှပတဲ့ ဒဏ္ဍာရီတွေနဲ့ တိုက်ဆိုင်မှုတွေလို့ပဲ ထင်ခဲ့တာ။ ဒါပေမဲ့ အခုကြည့်ရတာတော့..."

​ကျူးကျစ်ယန်က ထန်ထျန်းကို ကြည့်ကာ "သခင်လေး... ဒီကမ္ဘာမှာ တကယ်ပဲ အဲ့ဒီလို လှပတဲ့ အရာတွေ ရှိခဲ့တာလားဟင်"

" ပြီးတော့ အဲ့ဒီလို တည်ရှိမှုတွေက ဘာလို့ ပျောက်ကွယ်သွားရတာလဲ"

​ထိုမေးခွန်းကို ကြားသောအခါ ထန်ထျန်း တိတ်ဆိတ် သွားရသည်။

'အမှောင် ကာလ' ထဲတွင် ရှင်သန်နေရသူများသာ အလင်းရောင်အပေါ် မည်မျှအထိ ပြင်းပြစွာ တောင့်တကြသည်ကို သိနိုင်ပေလိမ့်မည်။

​သို့သော် ထိုအလင်းရောင်ကို သူကိုယ်တိုင်ပင် လက်ဖြင့် ဆိတ်သုဉ်း စေခဲ့ခြင်း ဖြစ်သည်။

​ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ထန်ထျန်းက အေးဆေးစွာ ပြောလိုက်သည်။ "မှန်ပါတယ်၊ အဲ့ဒါတွေ တကယ် ရှိခဲ့ဖူးတယ်"

" အဲ့ဒါက... အနည်းဆုံးတော့ အခုအချိန်နဲ့ ယှဉ်ရင် အရမ်းကို လှပတဲ့ ခေတ်ကာလတစ်ခုပေါ့"

​ကျူးကျစ်ယန်နှင့် ရှောင်ယင်တို့ ကြောင်သွားကြသည်။

'အမှောင် ကာလ' ထဲတွင် ကြီးပြင်းလာသော သူတို့အတွက် အလင်းရောင်များ ပြည့်နှက်နေသည့် ကမ္ဘာမှာ မည်သို့သော ပုံစံရှိမည်ကို စိတ်ကူးပင် မယဉ်နိုင်ကြချေ။

​"တကယ်လို့ အဲ့ဒါက အမှန်ဆိုရင် လမ်းလျှောက်တဲ့အခါ နံရံတွေကို ဝင်တိုက်မိမှာ မကြောက်ရတော့ဘူးပေါ့နော်"

ရှောင်ယင်က တိုးတိုးလေး ရေရွတ်သည်။

​သူမက ထန်ထျန်းကို အမြဲ ပြောပြလေ့ရှိသည့် အကြောင်းအရာမှာ ငယ်စဉ်က လမ်းကြောင်း ခံစားမှု မကောင်းသဖြင့် အတားအဆီးမျိုးစုံကို ဝင်တိုက်မိခဲ့ခြင်း ဖြစ်သည်။

မြောင်းထဲသို့ မတော်တဆ ပြုတ်ကျခြင်းမှာလည်း ခဏခဏ ဖြစ်နေကျ ကိစ္စပင်။

သူမ၏ စိတ်ကူးထဲတွင် နံရံကို ဝင်မတိုက်ရခြင်းမှာပင် အလွန် လှပသော ကိစ္စတစ်ခု ဖြစ်နေခဲ့ပြီ။

​"အဲ့ဒါတွေ ပြန်လာမှာပါ"

" ဒီကမ္ဘာကြီးက တစ်နေ့မှာ အလင်းရောင်တွေနဲ့ ပြန်ပြီး လင်းထိန်လာပါလိမ့်မယ်"

ထန်ထျန်းက ပြောသည်။

​"တကယ်လား"

ကျူးကျစ်ယန်နှင့် ရှောင်ယင်တို့ နှစ်ယောက်လုံး၏ မျက်ဝန်းများ ဝင်းလက်သွားကြသည်။

အဆုံးမဲ့သော မျှော်လင့်ချက်များက ကြည်လင်သော မျက်ဝန်းအစုံတွင် ပြည့်နှက်သွားတော့သည်။

​ထန်ထျန်းက ဖြည်းညှင်းစွာ ခေါင်းညိတ်ပြ၏။

"တကယ်ပါ"

"အဲ့ဒါတွေ... သေချာပေါက် ပြန်လာမှာ"

​သူတို့နှစ်ယောက်၏ မျက်ဝန်းထဲမှ တောက်ပမှုကို ကြည့်ရင်း ထန်ထျန်းက 'ကပ်ဘေးရိပ်သိမ်းသူ ' နှင့် ပတ်သက်သော စကားစုကို သတိရသွားသည်။

​ကပ်ဘေးရိပ်သိမ်းသူက မှောင်မိုက်ခြင်းထဲတွင် မွေးဖွားလာကာ မည်းမှောင်သော တိမ်တိုက်များကို ခွင်း၍ ကမ္ဘာမြေပေါ်သို့ အလင်းရောင် ဖြာကျစေလိမ့်မည်။

​ထိုစဉ်က သူတို့အားလုံးမှာ ထို 'မှောင်မိုက်ခြင်းနှင့် တိမ်တိုက်များ' ဆိုသည်မှာ ကျွင်းချန်ချင်းကို ဆိုလိုသည်ဟု ထင်ခဲ့ကြသည်။

သို့သော် ယခုအချိန်တွင်မူ ဤစကားလုံးများမှာ လက်ရှိ အခြေအနေနှင့် ပို၍ပင် ကိုက်ညီနေသကဲ့သို့ ရှိနေသည်။

​ကောင်းကင်ယံကို မော့ကြည့်ရင်း ထန်ထျန်းက သူ့စိတ်ထဲတွင် ခုနက စကားကို ထပ်မံ ပြောဆိုနေမိသည်။

ငါ သေချာပေါက် ပြန်လာမှာ

.....

​နောက်ပိုင်းရက်များတွင် အခြေအနေများမှာ အစပိုင်းကဲ့သို့ပင် ပြန်လည် တည်ငြိမ်သွားခဲ့သည်။

အားငယ်မှုများ ပြီးဆုံးသွားပြီးနောက် မျှော်လင့်ချက်များက ကျူးကျစ်ယန်နှင့် ရှောင်ယင် သခင်မလေး နှင့် အစေခံ နှစ်ဦးလုံးကို ပြန်လည် တက်ကြွလာစေခဲ့သည်။

​ကျူးကျစ်ယန်က ထန်ထျန်း၏ တစ်ဖန်ပြန်လည် မွေးဖွားပေးသည့် ကျေးဇူးကို တုံ့ပြန်သည့်အနေဖြင့် ထန်ထျန်း ဘာလိုအပ်သလဲ၊ သူမ တတ်နိုင်သမျှ အကုန်ဖြည့်ဆည်းပေးမည်ဟု ပြောခဲ့သည်။

​ထန်ထျန်းကလည်း သူ၏ လိုအပ်ချက်ကို ပြောပြခဲ့သည်။

၎င်းမှာ ရှေးဟောင်း မိုးမခပင်ကြီး အောက်တွင် ကျောက်စိမ်းပြာ စားပွဲတစ်လုံးနှင့် ထိုင်ခုံ အနည်းငယ် ထားပေးရန်ပင်။

လှေကားထစ်ပေါ်တွင် တစ်လကျော် ထိုင်ခဲ့ရသဖြင့် သူလည်း နည်းနည်း ငြီးငွေ့လာခဲ့ပြီ ဖြစ်သည်။

​ဤတောင်းဆိုချက်မှာ အလွန်ပင် လွယ်ကူလှပေသည်။

မကြာမီမှာပင် ထန်ထျန်း၏ နေရာသစ်မှာ တံခါးဝရှိ လှေကားထစ်မှ မိုးမခပင်ကြီး အောက်သို့ ပြောင်းလဲသွားခဲ့သည်။

​ရှောင်ယင်ကမူ သူ၏ အဓိက စကားပြောဖော် ဖြစ်နေဆဲပင်။ တစ်ခါတစ်ရံတွင် သူတို့နှစ်ဦးမှာ စစ်တုရင် ကစားကြသလို လက်ဖက်ရည် သောက်ကာ အေးအေးလူလူ အချိန်ကုန်ဆုံးကြသည်။

ရှောင်ယင်က ကျင့်ကြံခြင်းကို အာရုံမစိုက်လှဘဲ သူမ၏ ဘဝတစ်ခုလုံးမှာ ကျူးကျစ်ယန် တစ်ဦးတည်းအတွက်သာ ဖြစ်ပြီး ထိုသို့ ရှင်သန်ရသည်ကိုလည်း ပျော်ရွှင်နေပုံရသည်။

​ဤသည်က ထန်ထျန်းကို လူတစ်ယောက်အား သတိရသွားစေသည်။

ကုရှောင်းရွှယ် လည်း ဤကဲ့သို့ပင် မဟုတ်လား။

​ကျူးကျစ်ယန်ကမူ သွေးကြော နိုးထလာပြီးနောက် ကျင့်ကြံခြင်းထဲသို့ တစ်ကျော့ပြန် အာရုံစိုက်လာခဲ့သည်။

သို့သော် 'သန့်စင် ယန် သွေးကြော' ၏ အစွမ်းမှာ သူမ ထင်ထားသည်ထက် များစွာ ကျော်လွန်နေခဲ့သည်။

​တစ်ညတည်းအတွင်းမှာပင် သူမက 'နတ်အသွင်ပြောင်းခြင်း အဆင့်' နှောင်းပိုင်းမှ 'ပေါင်းစည်းခြင်း အဆင့်' သို့ တိုက်ရိုက် ရောက်ရှိသွားခဲ့သည်။

T/N အဆင့်တွေ လာမမေးပါနဲ့ ဘာတွေမှန်းကို မသိတော့ဘူး တက်ရမလို ပြန်ပဲ ဆင်းပေးရမလိုနဲ့

အကယ်၍ သူမကသာ ခန္ဓာကိုယ်အတွင်းရှိ ကြီးမားသော စွမ်းအားများကို အတင်းအကျပ် မဖိနှိပ် ထားခဲ့ပါက 'ပေါင်းစည်းခြင်း အဆင့်' နှောင်းပိုင်းအထိပင် ကျော်ဖြတ်သွားနိုင်ပေသည်။

​ဤအချိန်ကျမှသာ ထန်ထျန်းက ဘာကြောင့် သူမ အင်မော်တယ် ဖြစ်သွားမှာကို စိုးရိမ်နေသည်ဟု ပြောခဲ့သလဲဆိုသည်ကို သူမ နားလည်သွားတော့သည်။

ထိုစဉ်က သူမမှာ ထိုစကားကို ဟာသတစ်ခုဟု ထင်ခဲ့သော်လည်း အမှန်တကယ်တွင်မူ ထန်ထျန်းက အရှိထက် လျှော့ပြောထားခြင်းပင်။

​အကယ်၍ သူမသာ အဆင့်တက်ခြင်းကို လွှတ်ပေးလိုက်ပါက တစ်လခန့်အတွင်းမှာပင် သူမက အင်မော်တယ် အဆင့်သို့ တက်လှမ်းသွားနိုင်ပေလိမ့်မည်။

ဤကဲ့သို့သော ကိစ္စမျိုးကို မြင့်မြတ်နန်းတော်က သိရှိသွားခဲ့လျှင် 'ပါရမီရှင် ရွေးချယ်ပွဲ' ပင် ပါဝင်ရန် မလိုတော့ဘဲ မြင့်မြတ်နန်းတော်ထဲသို့ တိုက်ရိုက် ခေါ်ဆောင်ခံရမည်မှာ သေချာသည်။

​သို့သော် ကျူးကျစ်ယန်က ထန်ထျန်း၏ အကြံပေးချက်ကိုသာ နားထောင်ရန် ဆုံးဖြတ်ခဲ့ပြီး သူမ၏ ကျင့်ကြံခြင်း အခြေခံကိုသာ စိတ်ရှည်လက်ရှည် အရောင်တင်နေခဲ့သည်။

​ဤဖြစ်စဉ်အတွင်း သူမက ထန်ထျန်းကဲ့သို့ အဆင်သင့်ရှိနေသော 'ဆရာ' တစ်ယောက်ကို လျစ်လျူရှုလောက်အောင် မိုက်မဲသူ မဟုတ်ပေ။

နားမလည်သည့် အချက်များရှိတိုင်း ထန်ထျန်းထံသို့ လာရောက်ကာ လေးလေးစားစား သင်ကြားပြသမှုကို တောင်းခံလေ့ရှိသည်။

​ထန်ထျန်းကလည်း တွန့်တိုခြင်း မရှိဘဲ ကျူးကျစ်ယန် မေးသမျှကို လမ်းညွှန်ပြသပေးခဲ့သည်။

ကျင့်ကြံခြင်း နယ်ပယ်တွင် သူ၏ အဆင့်အတန်းမှာ မည်မျှ မြင့်မားသနည်း

သူကသာ ဒုတိယဟု ဆိုလျှင် ကျွင်းချန်ချင်းပင် ပထမဟု မပြောဝံ့ချေ။

သူ၏ လမ်းညွှန်မှု အနည်းငယ်မှာပင် ကျူးကျစ်ယန်အတွက် အဆုံးမဲ့သော အကျိုးကျေးဇူးများကို ဖြစ်စေခဲ့သည်။

​ထို့ကြောင့် ကျူးကျစ်ယန်၏ ကျင့်ကြံခြင်း အခြေခံမှာလည်း လျင်မြန်စွာ ခိုင်မာလာပြီး စစ်မှန်သော ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ဦးအဖြစ်သို့ တိုးတက်လာခဲ့သည်။

​လဝက် ခန့် ကြာပြီးနောက်တွင် ကျူးကျစ်ယန်၏ ကျင့်ကြံခြင်းမှာ 'ပေါင်းစည်းခြင်း အဆင့်' အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့ပြီး အချိန်မရွေး ကောင်းကင်မိုးကြိုးကို ဖိတ်ခေါ်ကာ 'ကပ်ဘေး' ကို ကျော်ဖြတ်နိုင်သည့် အနေအထားသို့ ရောက်လာခဲ့သည်။

ဤသည်မှာလည်း သူမက သူမ၏ အဆင့်ကို အစွမ်းကုန် ဖိနှိပ် ထားခြင်းကြောင့်သာ ဖြစ်သည်။

​သူမ၏ အကြီးမားဆုံးသော တိုးတက်မှုမှာ ကျင့်ကြံခြင်း အခြေခံနှင့် 'တာအို' အပေါ် နားလည်မှုများပင် ဖြစ်သည်။

လဝက် မတိုင်မီကနှင့် နှိုင်းယှဉ်လျှင် သူမက လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ယခင်က သာမန် ကျင့်ကြံသူ တစ်ဦးသာ ဖြစ်ခဲ့သော်လည်း ယခုအခါတွင်မူ ဂိုဏ်းတစ်ခုကို တည်ထောင်ရန်ပင် လုံလောက်သော အစွမ်းအစများ ရှိနေခဲ့ပြီ။

​ကျူးကျစ်ယန်၏ ပထမဆုံးသော ကပ်ဘေး ဖြတ်ကျော်ခြင်းကို 'ပါရမီရှင် ရွေးချယ်ပွဲ' တွင် စာရင်းပေးသွင်းသည့် နေရာ၌ပင် ပြုလုပ်ခဲ့သည်။

ဤသည်မှာ အလိုအလျောက် ဖြစ်ပေါ်လာခြင်း ဖြစ်သလို ကျူးကျစ်ယန်၏ ရည်ရွယ်ချက်ရှိရှိ လုပ်ခြင်း လည်း ဖြစ်သည်။

​သူမ၏ ရည်ရွယ်ချက်မှာ မြင့်မြတ်နန်းတော်၏ အာရုံစိုက်မှုကို ရရှိရန်နှင့် ကျူးကျိယွီ၏ သတင်းကို စုံစမ်းရန် ဖြစ်သည်။

သို့ဖြစ်ရာ ရွေးချယ်ပွဲ ကျင်းပရာ နေရာတွင် ကပ်ဘေး ဖြတ်ကျော်ခြင်းထက် ပို၍ အာရုံစိုက်ခံရမည့် နည်းလမ်း မည်သည်ရှိဦးမည်နည်း

​ကျူးကျစ်ယန်က အလွန် လိမ္မာပါးနပ်လှပေသည်။

အမှန်တကယ်ပင် သူမ၏ ကပ်ဘေး ဖြတ်ကျော်ခြင်းမှာ အလွန်ပင် ခမ်းနားကြီးကျယ်လှသဖြင့် မြင့်မြတ်နန်းတော်၏ အာရုံစိုက်မှုကိုသာမက ကျင်းရှန် မြို့ရှိ အခြားသော အင်အားကြီး အဖွဲ့အစည်းများ၏ အာရုံစိုက်မှုကိုလည်း ရရှိခဲ့သည်။

​ထိုအချိန်မှ စတင်၍ ကျူးကျစ်ယန် ဆိုသည့် နာမည်မှာ ကျင်းရှန် မြို့၏ မြင်ကွင်းထဲသို့ တရားဝင် ဝင်ရောက်လာခဲ့လေတော့သည်။

All Chapters