← Chapters

အခန်း ၈၈၁

Vol. 84 Ch. 881

အခန်း ၈၈၁

Vol. 84 Ch. 881

အခန်း (၈၈၁) ခြံဝင်းလေးမှ ထွက်လာခြင်း

​အချိန်တွေက ကုန်ဆုံးတာ မြန်လှပေသည်။

​မကြာမီမှာပင် ပါရမီရှင် ရွေးချယ်ပွဲ ကျင်းပရန် လဝက်ခန့်သာ အချိန်ကျန်ပါတော့သည်။

​ကျူးကျစ်ယန်က ရွေးချယ်ပွဲ စာရင်းပေးသွင်းစဉ်တွင် ကပ်ဘေးကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီးသည့် နောက်ပိုင်း၌ သူမ၏ နာမည်က ကျင်းရှန် မြို့အတွင်း ပိုမို၍ ကျော်ကြားလာခဲ့လေသည်။

​တတိယမြောက်နေ့တွင် ဒုတိယအကြိမ် ကပ်ဘေးကို ဖြတ်ကျော်ခဲ့သည်။

​ခုနစ်ရက်မြောက်နေ့တွင် တတိယအကြိမ် ကပ်ဘေးကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြန်သည်။

​ဆယ်ရက် မြောက်နေ့တွင်မူ စတုတ္ထအကြိမ်မြောက် ကပ်ဘေးကို ပြင်းထန်သော အရှိန်အဝါဖြင့် ချိုးဖျက်ပစ်ခဲ့သည်။

​ထို့နောက် ရက်အနည်းငယ်ခြားတိုင်း ကျူးကျစ်ယန်က ကပ်ဘေးတစ်ခုကို ဖြတ်ကျော်ခဲ့ပြီး သာမန်ကျင့်ကြံသူများ၏ မျက်လုံးထဲတွင် ကျော်ဖြတ်ရန် ခက်ခဲလှသော တောင်တန်းကြီးများကို အလွန်ပြင်းထန်သော နည်းလမ်းများဖြင့် တစ်လုံးပြီးတစ်လုံး အလွယ်တကူ ကျော်လွှားသွားခဲ့သည်။

​တစ်လကျော်အတွင်းမှာပင် သူမ၏ နာမည်က ဒုံးပျံတစ်စင်းလို အရှိန်အဟုန်ဖြင့် တက်လှမ်းသွားခဲ့ကာ အမည်မသိ ဂျူနီယာကျင့်ကြံသူ တစ်ဦးဘဝမှ လူအများ အာရုံစိုက်ရသော ထိပ်တန်း ပြိုင်ဘက်ကင်း ပါရမီရှင်များထဲမှ တစ်ဦး ဖြစ်လာခဲ့တော့သည်။

​မြင့်မြတ်လှသော မြင့်မြတ်နန်းတော်ကပင် သူမထံသို့ အကြည့်များ ပို့လာခဲ့သည်။

​ဤသည်ကလည်း ကျူးကျစ်ယန် ရရှိချင်သော ရလဒ်ပင် ဖြစ်သည်။

​ပါရမီရှင် ရွေးချယ်ပွဲ ဆိုသည်မှာ မည်သူက အသန်မာဆုံးလဲ ဆိုသည်ကို ပြိုင်ဆိုင်ရခြင်း မဟုတ်ဘဲ မည်သူက ပို၍ ထူးထူးခြားခြား စွမ်းဆောင်နိုင်သလဲ ဆိုသည်ကိုသာ ကြည့်ခြင်း ဖြစ်ပြီး ထိုသို့ စွမ်းဆောင်နိုင်မှသာ မြင့်မြတ်နန်းတော်၏ မျက်နှာသာပေးမှုကို ရရှိနိုင်မည် ဖြစ်သည်။

​တကယ်တော့ ခွန်အားကလည်း အလွန်အရေးကြီးသော စံနှုန်းတစ်ခု ဖြစ်သည်မှာ သေချာသော်လည်း တစ်ခုတည်းသော စံနှုန်းတော့ မဟုတ်ပေ။

​ကျူးကျစ်ယန်ကဲ့သို့ ရွေးချယ်ပွဲ တရားဝင် မစတင်မီကတည်းက တစ်မြို့လုံးကို လှုပ်ခတ်စေခဲ့သော တည်ရှိမှုမျိုးဆိုလျှင် မြင့်မြတ်နန်းတော်၏ ရွေးချယ်ခြင်းကို ခံရမည့် ရာခိုင်နှုန်းက သိသိသာသာ မြင့်တက်သွားမည် ဖြစ်သည်။

​ကျူးကျစ်ယန်က တစ်လရုံမျှသာ အချိန်ပေးပြီး 'အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်' ကို အောင်မြင်စွာ ဖြတ်ကျော်ကာ 'အင်မော်တယ်အဖြစ်ပြောင်းလဲခြင်း အဆင့်' သို့ ရောက်ရှိသွားသည်။

​သူမက ယခုအကြိမ် ပါရမီရှင် ရွေးချယ်ပွဲတွင် ရေပန်းအစားဆုံး သတင်းကြီးနေသည့် ပါရမီရှင် အနည်းငယ်ထဲမှ တစ်ဦး ဖြစ်လာခဲ့ပြီ ဖြစ်သည်။

​ကျင်းရှန် မြို့အတွင်းရှိ အင်အားကြီး မိသားစုအချို့ကလည်း ကျူးကျစ်ယန်ထံသို့ ကမ်းလှမ်းမှုများ စတင်ပြုလုပ်လာကြပြီး အခြားမြို့မှ ရောက်လာသော ဤပြိုင်ဘက်ကင်း ပါရမီရှင်ကို သူတို့၏ အဖွဲ့အစည်းအတွင်းသို့ ဆွဲဆောင်လိုကြသည်။

​တစ်ယောက်ချင်းစီ တင်ပြလာသော အခြေအနေများမှာ အလွန်ပင် ဆွဲဆောင်မှု ရှိလှပေသည်။

​သို့သော်လည်း နှမြောစရာကောင်းသည်မှာ ကျူးကျစ်ယန်၏ ရည်ရွယ်ချက်က မြင့်မြတ်နန်းတော်ထဲ ဝင်ရန် တစ်ခုတည်းသာ ရှိသည်။

​သို့ရာတွင် အစောကတည်းက အင်အားကြီး မိသားစုမှ လာသူဖြစ်သဖြင့် လူမှုဆက်ဆံရေး နယ်ပယ်ကိုတော့ သူမ အလွယ်တကူပင် ကိုင်တွယ်နိုင်စွမ်း ရှိသည်။ သူမ၏ လိမ္မာပါးနပ်စွာ အလှည့်အပတ် ပြောဆိုမှုများအောက်တွင် ထိုအင်အားကြီး အဖွဲ့အစည်းများကိုလည်း စိတ်အနှောင့်အယှက် မဖြစ်စေဘဲ သူမကိုယ်ပိုင် လွတ်လပ်ခွင့်နှင့် ရွေးချယ်ခွင့် အခွင့်အရေးကိုလည်း ထိန်းသိမ်းထားနိုင်ခဲ့သည်။

​အချုပ်အားဖြင့် ပြောရလျှင် မည်သည့် ပြဿနာမျှ ဖြစ်မလာခဲ့ပေ။

​တစ်ခုတည်းသော ပြဿနာဟု ဆိုနိုင်သည်မှာ ထိုအင်အားကြီး အဖွဲ့အစည်းများမှ သခင်လေးများပင် ဖြစ်လိမ့်မည်။

​ကျူးကျစ်ယန်က မူလကတည်းက အလွန်လှပသူ ဖြစ်ပြီး ကိုယ်ပေါ်တွင်လည်း အထက်တန်းလွှာ မိသားစုများ၏ စရိုက်လက္ခဏာများ ရှိနေသည့်အပြင် ယခုအခါတွင်မူ သူမ၏ အလွန်အမင်း အစွမ်းထက်သော ကျင့်ကြံခြင်း ပါရမီကိုပါ ပြသထားနိုင်ခဲ့ပြီပင်။

​သူမကို လိုက်ပိုးပန်းသူများ မရှိလျှင်သာ မဖြစ်နိုင်သော ကိစ္စ ဖြစ်ပေလိမ့်မည်။

​ထို့ကြောင့် ဤကာလအတွင်း ရှောင်ယင်နှင့် ထန်ထျန်းကြားတွင် ပြောစရာ အကြောင်းအရာများ ပိုမို စုံလင်လာခဲ့သည်။

​ဘယ်မိသားစုက သခင်လေးကတော့ လူရှုပ်ကြီး ဖြစ်နေပြီး ဘယ်မိသားစုက သခင်လေးကတော့ အူတူတူ အတုံးလိုက် အတစ်လိုက် သေလုမတတ် ဖြစ်နေသည် စသည့် ရှုပ်ပွနေသော ကိစ္စများပင် ဖြစ်သည်။

​ယခင်က ထန်ထျန်းဆိုလျှင် ဤကဲ့သို့သော အတင်းအဖျင်း များကို စိတ်ဝင်စားမည် မဟုတ်ပေ။

​သို့သော်လည်း သူ အနားယူ ရန် ဆုံးဖြတ်ပြီးနောက်တွင်မူ ဤအရာများက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းသည်ဟု ခံစားရကာ ရှောင်ယင်နှင့် စကားလက်ဆုံ တည့်နေခဲ့သည်။

​သို့သော် သူက တကယ်ပဲ အလကားနေ အလကားပျက် နေနေခြင်းမျိုးတော့ မဟုတ်ပေ။

​သူက ဤကဲ့သို့သော သဘောထားမျိုးဖြင့် 'ငါးမွေးသူ' ၏ စိတ်ဆန္ဒကို စမ်းသပ်နေခြင်း ဖြစ်သည်။

​ငါးမွေးသူက သူ့ကို ကမ္ဘာကြီး ထံသို့ အလွယ်တကူ ပြန်ခေါ်သွားလိမ့်မည် မဟုတ်ပေ။ သူမ၏ စိတ်ဆန္ဒကို မခန့်မှန်းနိုင်သည့်အတွက် ဤအတိုင်း အေးအေးဆေးဆေး ခဏမျှ စောင့်ဆိုင်းနေခြင်းက ပို၍ ကောင်းမွန်သည်။

​အကယ်၍ ငါးမွေးသူတွင် တစ်ခုခု စီစဉ်ထားသည် ရှိပါက သေချာပေါက် ပေါ်လာလိမ့်မည်။

​ဤသည်က သူနှင့် ငါးမွေးသူကြားက ကစားပွဲတစ်ခုဟုလည်း ဆိုနိုင်သည်။

​မည်သို့ပင်ဖြစ်စေ ငါကတော့ ဒီအတိုင်း အဆုံးထိ ဇိမ်ခံနေမှာပဲ။

​မင်း ငါ့ကို လုပ်စရာတစ်ခုခု ရှာပေးရင် ပေး၊ မပေးရင်လည်း ငါ ဒီအတိုင်း အပျင်းထူနေတာကိုပဲ ဆက်ကြည့်နေလိုက်တော့။

​ဤသည်က ထန်ထျန်း၏ အကြံအစည် ဖြစ်သည်။

​မတတ်နိုင်ပေ၊ အရာအားလုံးကို သိမြင်နိုင်ပြီး ခန့်မှန်း၍မရသော ထိုကဲ့သို့သော တည်ရှိမှုမျိုးကို ရင်ဆိုင်ရသည့်အခါ ဤသို့သာ လုပ်နိုင်တော့ သည်။

​နေ့တိုင်း ဝိုင်သောက်၊ လက်ဖက်ရည်သောက်ရင်း 'အမှောင် ကာလ' ၏ ထူးခြားသော အစားအစာများကို မြည်းစမ်းကာ ရှောင်ယင် အပြင်ကနေ သယ်လာပေးသည့် အတင်းအဖျင်းများကို နားထောင်ရသည့် ဘဝက တော်တော်လေးကို ဇိမ်ကျလှပေသည်။

​တစ်ခါတစ်ရံ စိတ်ကူးပေါက်လျှင်လည်း ကျူးကျစ်ယန်၏ ကျင့်ကြံခြင်းကို လမ်းညွှန်ပြသပေးတတ်သေးသည်။

​ကျူးကျစ်ယန်၏ နားလည်နိုင်စွမ်း က မနိမ့်လှပေ၊ သွေးကြော ဖိနှိပ် ခံထားရမှုကြောင့်သာ ကန့်သတ်ခံထားရခြင်း ဖြစ်သည်။

​ထန်ထျန်း၏ လမ်းညွှန်မှုကို ရရှိပြီးနောက်တွင်မူ သူမ၏ ကျင့်ကြံခြင်း အခြေခံနှင့် တာအိုကျင့်စဉ်အပေါ် နားလည်မှုက အဟုန်ပြင်းစွာ တိုးတက်လာခဲ့သည်။

​တခြားလူများက ကျူးကျစ်ယန်၏ ကျင့်ကြံခြင်းအဆင့် လျင်မြန်စွာ တက်လှမ်းမှုကိုသာ အံ့သြနေကြသော်လည်း သူတို့ မသိကြသည်မှာ အဆင့်တက်ခြင်းက ကျူးကျစ်ယန်အတွက် တိုးတက်မှု အနှေးဆုံး အရာ ဖြစ်နေခြင်းပင်။

​သူမက ခန္ဓာကိုယ်အတွင်းရှိ ကျင့်ကြံခြင်းအဆင့်ကို အစွမ်းကုန် ဖိနှိပ်ထားရခြင်း မဟုတ်ပါလား။

​အကယ်၍ သူမသာ အကုန်လုံးကို လွှတ်ပေးလိုက်မည်ဆိုလျှင်...

​သူတို့အားလုံး ပါးစပ်အဟောင်းသားနှင့် အံ့သြသွားကြပေလိမ့်မည်။

​ဒီနေ့တွင်လည်း ထန်ထျန်းက မိုးမခပင်ကြီး အောက်၌ အေးအေးလူလူ လက်ဖက်ရည် သောက်နေဆဲ ဖြစ်သည်။

​သူက ဘာမှမတွေးတောဘဲ နေထိုင်ရသည့် ဤကဲ့သို့သော ဘဝမျိုးကို စတင် အသားကျနေပြီ ဖြစ်သည်။

​ရုတ်တရက် ရှောင်ယင်က အလောတကြီးဖြင့် ပြေးဝင်လာခဲ့သည်။

​"အစ်ကိုထန်... အစ်ကိုထန်"

​သူမ ပြန်ရောက်လာသည်နှင့် ထန်ထျန်းကို အော်ဟစ် ခေါ်လိုက်တော့သည်။

​"ဘာလဲ... စိတ်လှုပ်ရှားစရာ အတင်းအဖျင်းအသစ် ရလာပြန်ပြီလား"

​ထန်ထျန်းက ကိုယ်ကို မတ်လိုက်ပြီး စားပွဲပေါ်သို့ နေကြာစေ့ တစ်ဆုပ် ကို အဆင်သင့် ချလိုက်ကာ ပရိသတ်ကောင်း တစ်ဦး ဖြစ်ရန် ပြင်ဆင်လိုက်သည်။

​"မဟုတ်ဘူး"

​ရှောင်ယင်က ထန်ထျန်း၏ ရှေ့တွင် ထိုင်ကာ လက်ဖက်ရည် တစ်ငုံကို အတင်းသောက်ပြီးနောက် ပြော၏။ "ဧည့်ခံပွဲ"

​"သခင်မလေး ဧည့်ခံပွဲ ဖိတ်ကြားခံရတယ်"

​ထန်ထျန်း ချက်ချင်းပင် စိတ်ဝင်စားမှု ပျောက်ဆုံးသွားတော့သည်။

​ဧည့်ခံပွဲက အတင်းအဖျင်းလောက် ဘယ်စိတ်ဝင်စားဖို့ ကောင်းပါ့မလဲ။

​"စိတ်ဝင်စားစရာ ကိစ္စမှတ်လို့"

"ဧည့်ခံပွဲ တစ်ခုတင်ပဲဥစ္စာ... ဒီလောက်အထိ စိတ်လှုပ်ရှားနေဖို့ လိုလို့လား"

​ထန်ထျန်းက နှုတ်ခမ်းမဲ့ကာ သူ့ဘာသာသူ နေကြာစေ့ ဆက်ကိုက်နေတော့သည်။

​ရှောင်ယင်က အလျင်အမြန် ပြော၏။ "ဒါက သာမန်ဧည့်ခံပွဲ မဟုတ်ဘူးနော်"

​"ဒါက ကျင်းရှန် မြို့ရဲ့ အမြင့်ဆုံး အဆင့်အတန်းရှိတဲ့ ဧည့်ခံပွဲပဲ၊ အစွမ်းအထက်ဆုံး အဖွဲ့အစည်းတွေ အားလုံး တက်ရောက်ကြမှာ"

" ပြီးတော့ ဒီအကြိမ် ပါရမီရှင် ရွေးချယ်ပွဲရဲ့ ထိပ်တန်း ပါရမီရှင် တွေလည်း အကုန် ဖိတ်ကြားခံရတယ်"

​"ကျွန်မတို့ ဒီဧည့်ခံပွဲကို တက်ရောက်ခွင့် ရတယ်ဆိုတာ သခင်မလေးက ကျင်းရှန် မြို့ရဲ့ အမြင့်ဆုံး အသိုင်းအဝိုင်းထဲကို တရားဝင် ဝင်ရောက်သွားပြီဆိုတာကို ပြတာပဲ"

​ထန်ထျန်းက "ဪ" ဟုသာ တစ်ချက် ဆိုလိုက်သည်။

​ဤကဲ့သို့သော အရာများက သူ့အတွက် မည်သည့် ဆွဲဆောင်မှုမျှ မရှိပေ။ ဘယ်မိသားစုက သခင်လေးကတော့ ပြည့်တန်ဆာအိမ် သွားလည်ပြန်ပြီ စသည့် သတင်းများကို နားထောင်ရခြင်းက ပို၍ စိတ်ဝင်စားစရာ ကောင်းသေးသည်။

​"အစ်ကို သွားမလား"

​"ကျွန်မ ကြားတာတော့ အဲ့ဒီဧည့်ခံပွဲမှာ ထူးခြားတဲ့ ပါရမီရှင်တွေနဲ့ ပြိုင်ဘက်ကင်းတယ့်သူ တွေ အများကြီး ပေါ်လာလိမ့်မယ်တဲ့"

ရှောင်ယင်က ပြောသည်။

​ထန်ထျန်းက ခေါင်းခါပြ၏။

​"ပြိုင်ဘက်ကင်းတယ့်သူ တွေကို ငါ အများကြီး မြင်ဖူးလှပြီ"

" ငါ့မျက်စိထဲ ဝင်မယ့်လူ ရှိမယ် မထင်ပါဘူး"

​ရှောင်ယင် ပါးစပ်အဟောင်းသား ဖြစ်သွားကာ "အစ်ကိုထန်... အစ်ကို အရမ်း တော်တယ်ဆိုတာ ကျွန်မ သိပါတယ်"

" ဒါပေမဲ့ ကျွန်မတို့က ကမ္ဘာပေါ်က သူရဲကောင်း တွေကို ဒီလောက်အထိတော့ လျှော့မတွက်သင့်ဘူးမလား"

​သူမက ထန်ထျန်းကို အလွန်အမင်း မာန်တက်နေသည်ဟု ထင်မိသည်။

သို့သော် သူမ မသိသည်မှာ ထန်ထျန်းက တကယ်ပဲ အလကား လေလုံးထွားနေခြင်း မဟုတ်ပေ။

​"မင်းတို့ပဲ သွားကြပါ"

" ငါကတော့ အိမ်မှာပဲ လက်ဖက်ရည်သောက်မယ်၊ မလှုပ်ချင်ဘူး"

​ထန်ထျန်းက ပျင်းရိစွာဖြင့် အကြောဆန့်လိုက်ပြီး မျက်လုံးများကိုပါ မှိတ်လိုက်တော့သည်။

​ရှောင်ယင်က မျက်လုံးလေး ကလည်ကလည် လုပ်ကာ "ဒါပေမဲ့ အဲ့ဒီလို ဧည့်ခံပွဲမျိုးက အတင်းအဖျင်းတွေ ထွက်ဖို့ အလွယ်ဆုံး နေရာပဲလေ"

" အစ်ကို အဲ့ဒီနေရာမှာ ကိုယ်တိုင် သွားမကြည့်ချင်ဘူးလား"

​ထန်ထျန်း၏ မျက်တောင်များ လှုပ်ခတ်သွားပြီး မျက်လုံးကို အနည်းငယ် ဖွင့်ကြည့်လိုက်သည်။

​ရှောင်ယင် ချက်ချင်းပင် ပြုံးသွားကာ ထန်ထျန်း၏ လက်မောင်းကို ဆွဲလျက် ပြော၏။ "သွားကြမယ်လေ"

​"အစ်ကို ဒီခြံဝင်းလေးထဲမှာ နေနေတာ သုံးလကျော်ပြီ၊ တံခါးအပြင်ကိုတောင် တစ်ခါမှ မထွက်ဖူးသေးဘူး"

" ကျွန်မ ကြည့်ရတာတောင် မွန်းကျပ်လာပြီ"

​"အပြင်ထွက် လမ်းလျှောက်တာက စိတ်ခံစားချက်ကို သက်သာစေနိုင်တယ်လေ၊ တစ်ခါတလေကျရင် အစ်ကို့ရဲ့ စိတ်ညစ်စရာတွေကို ဖြေရှင်းပေးနိုင်မယ့် အရာတစ်ခုခုကို ရှာတွေ့ရင် ရှာတွေ့နိုင်မှာပေါ့"

​"အစ်ကို့ရဲ့ စိတ်ထဲမှာ ကိစ္စတစ်ခုခု ရှိနေတယ်ဆိုတာ ကျွန်မ သိသာပါတယ်နော်"

" သွားကြမယ်... သွားကြမယ်နော်~"

​ရှောင်ယင်က ထန်ထျန်း၏ လက်မောင်းကို ဆွဲကာ ပြုံးစိစိဖြင့် ပြောနေတော့သည်။

​ရှောင်ယင်၏ အတင်းအကျပ် ဆွဲခေါ်မှုအောက်တွင် နောက်ဆုံး၌ ထန်ထျန်းက မတ်တတ်ရပ်လိုက်ရပြီး သူနှင့် ကပ် မတတ် ဖြစ်နေသော ပက်လက်ကုလားထိုင်ပေါ်မှ ထွက်လာခဲ့ရလေသည်။

​"ကြိုပြောထားမယ်နော်"

" ငါက အတင်းအဖျင်း သွားကြည့်ချင်လို့ မင်းနဲ့ လိုက်ခဲ့တာ မဟုတ်ဘူး"

ထန်ထျန်းက ပြော၏ ။

​ရှောင်ယင်က တဟိဟိ ရယ်ကာ "ဟုတ်ကဲ့ပါ... ဟုတ်ပါတယ်၊ သေချာပေါက် မဟုတ်ပါဘူး"

"အစ်ကိုက စိတ်ခံစားချက် သက်သာအောင်နဲ့ ပိုပြီး လင်းလက်တဲ့ အနာဂတ်ကို ရှာဖွေဖို့ သွားတာပါ"

" ကြီးမြတ်လွန်းလို့ စကားလုံးတွေတောင် မလိုတော့ပါဘူး"

​ထန်ထျန်း မျက်လုံး တွန့်သွားရသည်။

ဤကောင်မလေး၏ သရုပ်ဆောင်ချက်က တကယ်ကို ညံ့ဖျင်းလွန်းလှသည်။

​"ကဲပါ... တော်ပြီ၊ မြန်မြန် သွားကြစို့"

" နောက်ကျနေ ရင် ဧည့်ခံပွဲ စတော့မယ်"

​နောက်ဆုံးတွင် ရှောင်ယင်၏ အတင်းအကျပ် ဆွဲခေါ်မှုဖြင့် ထန်ထျန်းက တည်းခိုခန်း၏ ဤခြံဝင်းလေးထဲမှ ပထမဆုံးအကြိမ်အဖြစ် အပြင်သို့ ထွက်လာခဲ့ရလေတော့သည်။

All Chapters