← Chapters

အခန်း ၈၈၃

Vol. 84 Ch. 883

အခန်း ၈၈၃

Vol. 84 Ch. 883

အခန်း (၈၈၃) ကျူကျင်းချန်

​ရွှေရောင်ချပ်ဝတ် ပျော့ကို ဝတ်ဆင်ထားသော လူငယ်က တစ်ကိုယ်လုံး ရွှေရောင်အလင်းတန်းများ ဖြာထွက်နေသည့် မြင်းရထားလုံးပေါ်မှ လျှောက်လှမ်းကာ ဆင်းလာခဲ့သည်။

​သူ ရောက်ရှိလာခြင်းက တံခါးဝရှိ လူအားလုံး၏ အကြည့်များကို ချက်ချင်း ဆွဲဆောင်သွားခဲ့သည်။

​အဘယ်ကြောင့်ဆိုသော် သူ၏ သရုပ်မှန်မှာ ကျင်းရှန် မြို့၏ ဒုတိယအကြီးဆုံး မိသားစုဖြစ်သည့် ကျူမိသားစု၏ သခင်လေး ကျူကျင်းချန် ဖြစ်နေသောကြောင့်ပင်။

​သူက ထာဝရ မောက်မာရိုင်းစိုင်းသော အမူအရာဖြင့် ကွင်းပြင်ရှိ လူအားလုံးကို ငုံ့မိုးကြည့်လိုက်သည်။

​"အမှိုက်တွေ"

​ဒေါသထွက်နေကြသော်လည်း စကားတစ်ခွန်းမျှ မဟရဲကြသော သခင်လေးအုပ်စုကို ကြည့်ကာ ကျူကျင်းချန်၏ မျက်နှာပေါ်တွင် မထင်မဲ့မြင် ပြုသော အရိပ်အယောင်များ ပြည့်နှက်သွားသည်။ ထို့နောက် သူတို့ကို လုံးဝ အရေးမစိုက်တော့ဘဲ သူ၏ အစေခံများကို ခေါ်ဆောင်ကာ ကျန့်မိသားစု နေအိမ်အတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားခဲ့တော့သည်။

​သူ၏ ပုံရိပ် ပျောက်ကွယ်သွားပြီး အတော်ကြာမှသာ လူများက ပြန်လည် တီးတိုး ပြောဆိုလာကြသည်။

​"ချီးပဲ... ဘယ်သူ့ကို အထင်သေးနေတာလဲ၊ ဘာကောင်မို့လို့လဲ"

​အားလုံးက လူငယ် ပါရမီရှင်များ ဖြစ်ကြရာ ကျူကျင်းချန်၏ မျက်စိထဲ ထည့်မရသည့် အမူအရာကြောင့် အချို့သူများမှာ မကျေမနပ် ဖြစ်သွားကြသည်မှာ ဓမ္မတာပင်။

​သို့သော်လည်း မကြာခင်မှာပင် တစ်ယောက်က ဝင်ပြော၏။ "ဒီလို မပြောပါနဲ့၊ သူက ဘာပဲပြောပြော ကျူမိသားစုရဲ့ သခင်လေးပဲလေ"

​"သူ့ရဲ့ ခွန်အားက နတ်ဘုရား အဖြစ်ပြောင်းလဲခြင်း အဆင့်ရဲ့ သတ္တမအဆင့် ကို ရောက်နေပြီ၊ သိပ်မကြာခင်မှာ တကယ့် အင်မော်တယ် ဖြစ်လာတော့မယ်လို့ ခန့်မှန်းရတယ်"

​"သူက ဒီအကြိမ် ပါရမီရှင် ရွေးချယ်ပွဲရဲ့ အလားအလာအရှိဆုံး ထိပ်တန်း ကျင့်ကြံသူတွေထဲက တစ်ယောက်လည်း ဟုတ်တယ်"

​ထိုမကျေမနပ် ဖြစ်နေသူက နှာခေါင်းရှုံ့ကာ နှစ်ချက်မျှ ညည်းတွားပြီး ပြောသည်။ "မြင့်မြတ်နန်းတော်ထဲကို တကယ် ရောက်သွားမှပဲ ပြောစမ်းပါ"

​"ဒီတစ်ခါ ရွေးချယ်ပွဲမှာ ပြိုင်ဘက်ကင်းတဲ့သူတွေ အများကြီး စုဝေးနေတာ၊ ငါကြည့်ရသလောက်တော့ သူ ဝင်နိုင်ပါ့မလားဆိုတာတောင် မသေချာသေးဘူး "

​"သူ့ရဲ့ မျက်စိထဲ လူမရှိတဲ့ ပုံစံနဲ့ဆိုရင် ဘယ်အချိန်မှာ သူတစ်ပါး ရိုက်သတ်တာ ခံရမလဲ မသိဘူး"

​ဤစကားများကို ပြောပြီးနောက် သူ၏ ဘေးပတ်ပတ်လည်ရှိ လူအချို့မှာ ချက်ချင်းပင် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားကြပြီး သူနှင့် အလှမ်းဝေးအောင် နေလိုက်ကြသည်။

​"အစ်ကို... ဒီလိုစကားမျိုးကို လျှောက်မပြောရဘူး"

​တစ်ယောက်က အသံကို နှိမ့်ကာ ပြော၏။ "ကျူကျင်းချန် မြင့်မြတ်နန်းတော်ထဲ ဝင်နိုင်မဝင်နိုင်က ထားလိုက်ပါဦး၊ ငါတို့ ကတော့ သူ့ကို လုံးဝ သွားမပြစ်မှားရဘူး"

​"ဒီလူက သဘောထား သေးသိမ်ပြီး ကလဲ့စားချေတတ်တယ်၊ သူ့ကို ပြစ်မှားတဲ့သူတွေက ပုံမှန်အားဖြင့် အဆုံးသတ် မကောင်းကြဘူး"

​ထို့နောက် အခြားတစ်ယောက်ကလည်း ဝင်ပြောပြန်သည်။ "ကျူကျင်းချန်ရဲ့ ခွန်အားက မူလကတည်းက သန်မာတာ ဟုတ်တယ်၊ ဒါပေမဲ့ မင်းမမေ့နဲ့ဦး... သူ့ရဲ့ ကြောက်စရာအကောင်းဆုံး စွမ်းရည်က မိသားစုအစဉ်အဆက် လက်ဆင့်ကမ်းလာတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ကူ မွေးမြူတဲ့ ကျင့်စဉ် ပဲ"

​"ကူ တွေက လူကို အစအနမကျန် သတ်ပစ်နိုင်တာ၊ သေတဲ့သူတိုင်းလည်း ရုပ်ပျက်ဆင်းပျက် ဖြစ်ကုန်ကြတာချည်းပဲ"

​"ငါတို့ တိတ်တိတ်လေး ပြောကြရုံပဲ လုပ်ပါ၊ သူ့နားထဲကိုတော့ ဘယ်လိုမှ မရောက်စေနဲ့"

​သို့သော်လည်း ထိုနှစ်ဦး၏ သတိပေးချက်ကို ရင်ဆိုင်ရသည့်တိုင် ထိုလူက ဂရုမစိုက်ဟန်ဖြင့် ပြော၏။

​"ဟဲဟဲ... ငါက သူ့ကို ကြောက်ရမှာလား"

​"သူ့ရဲ့ ကျူမိသားစုက သန်မာတာ ဟုတ်ပါတယ်၊ ဒါပေမဲ့ ငါ့မိသားစုကလည်း အလကား မဟုတ်ဘူး"

​"ငါတော့ မယုံဘူး၊ သူ ကျူကျင်းချန်က တကယ့်ကို နေ့ခင်းကြောင်တောင်ကြီးမှာ ငါ့ကို လက်ရဲဇက်ရဲ လုပ်ရဲလိမ့်မယ်လို့"

​သို့သော်လည်း သူ၏ စကားသံ ဆုံးရုံတင် ရှိသေးရာ သွေးရောင် သန်းနေသော ရွှေရောင်အလင်းတန်းတစ်ခုက သူ၏ မျက်ခုံးအလယ်ဆီမှ ချက်ချင်း ပေါက်ကွဲထွက်လာခဲ့သည်။

​ဆက်တိုက်ဆိုသလိုပင် သူ၏ နား၊ မျက်စိ၊ နှာခေါင်း၊ ပါးစပ် ဟူသော ဒွာရ ခုနစ်ပေါက်မှ သွေးများ မရပ်မနား ပန်းထွက်လာပြီး မျက်နှာပေါ်ရှိ အရေပြားများလည်း ကွဲအက်လာကာ ငါးအကြေးခွံများကဲ့သို့ ပုံသဏ္ဌာန် ပြောင်းလဲသွားပြီး အက်ကွဲကြောင်းများထဲမှ ရွှေရောင်အလင်းများ လျှံထွက်လာခဲ့သည်။

​နာကျင်စွာ အော်ဟစ်ညည်းတွားသံက ကျန့်မိသားစု၏ တံခါးကြီးအပြင်ဘက်တွင် ချက်ချင်းပင် ဟိန်းထွက်သွားတော့သည်။

​ဤသည်ကို မြင်သောအခါ ပတ်ဝန်းကျင်ရှိ သခင်လေးအချို့မှာ မျက်နှာပျက်သွားကြပြီး ထိုလူရှိရာ နေရာမှ လွတ်အောင် ထွက်ပြေးကြတော့သည်။

​သူတို့ အဝေးသို့ ရောက်၍ ပြန်လှည့်ကြည့်လိုက်သည့် အချိန်တွင်မူ ထိုလူက ရွှေနီရောင် အလင်းတန်းများအောက်တွင် နစ်မြုပ်နေပြီ ဖြစ်ကာ တစ်ကိုယ်လုံး တဖြည်းဖြည်း ကျုံ့ဝင်သွားပြီး နောက်ဆုံးတွင် ဆိုးရွားလှသော အော်ဟစ်သံနှင့်အတူ ကျောက်ပြားပေါ်၌ အရည်တစ်ပွက်အဖြစ် ပြောင်းလဲသွားခဲ့လေသည်။

​ထို့နောက် ကျောက်ပြားပေါ်ရှိ ကျန်ရစ်သော အမှတ်အသားထဲမှ လက်မခန့်ရှိသော ရွှေရောင်ကူကောင် တစ်ကောင် ပျံသန်းထွက်လာပြီး "ဝူးဝူး" ဟူသော အသံကို မြည်ဟီးလိုက်သည်။

​ဆက်လက်၍ လူတိုင်း၏ ရှေ့မှောက်တွင် လျှပ်စီးကဲ့သို့ ဖြတ်သန်းသွားပြီး ကျန့်မိသားစု တံခါးကြီးနောက်သို့ ပျောက်ကွယ်သွားခဲ့သည်။

​ဤမျှ ထူးဆန်းဆန်းပြားလှသော မြင်ကွင်းကို မြင်လိုက်ရသဖြင့် လူတိုင်းမှာ ရောက်ရာနေရာ၌ပင် ကြောင်အမ်းသွားကြပြီး မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားကြတော့သည်။

​ကျူကျင်းချန်က တကယ့်ကို လူအများရှေ့မှောက်တွင် အခြားသော အထက်တန်းစား မိသားစုမှ မျိုးဆက် တစ်ဦးကို သတ်ပစ်လိုက်ခြင်း ဖြစ်သည်။

​ထို့အပြင် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော နည်းလမ်းကို အသုံးပြုကာ သူ့ကို အလောင်းပင် မကျန်တော့အောင် လုပ်ခဲ့သည်။

​အကြောင်းရင်းကတော့ တစ်ဖက်လူက သူ့အကြောင်း မကောင်းပြောလိုက်မိရုံမျှဖြင့်...

​လူတိုင်း ကြောင်အမ်းနေကြစဉ်မှာပင် ကျန့်မိသားစု နေအိမ်အတွင်းမှ ပုံရိပ်အချို့က သုတ်သီးသုတ်ပျာ ထွက်လာကြပြီး မြေပြင်ပေါ်ရှိ ထိုအရည်ပွက်ကို ကြည့်ကာ သက်ပြင်းကို အသာအယာ ချလိုက်ကြသည်။

​"ဘယ်သူ့ကိုမှ သွားမပြစ်မှားဘဲနဲ့ သူ့ကိုမှ သွားပြစ်မှားရတယ်လို့"

​"မြန်မြန် ရှင်းလင်းလိုက်ကြ"

​ပြောပြီးသည်နှင့် ခေါင်းဆောင်ဖြစ်သူက ပြန်သွားခဲ့သည်။

​ အသက်တစ်ချောင်းက နောက်ဆုံးတွင် ရေတစ်ပုံးဖြင့် ပက်ဖြန်းဆေးကြောလိုက်ခြင်းနှင့်အတူ လုံးဝ ဥဿုံ ပျောက်ကွယ်သွားခဲ့ရလေသည်။

.....

​ဧည့်ခံပွဲ ခန်းမ

​ကျူးကျစ်ယန် ဝင်သွားပြီးနောက်တွင် ထန်ထျန်းက မသိသာသော ထောင့်တစ်နေရာကို အလွယ်တကူ ရှာဖွေကာ ထိုင်လိုက်သည်။

​ရှောင်ယင်ကမူ သူ့ဘေးတွင် ရှိနေပြီး သူ စားရန်အတွက် မတူညီသော အရသာရှိသည့် အစားအသောက် အမြောက်အမြားကို သီးသန့် သွားရောက် ယူဆောင်ပေးခဲ့သည်။

​ကံကောင်းသည်မှာ ဧည့်ခံပွဲကို နေရာ နှစ်ခု ခွဲခြားထားခြင်း ဖြစ်သည်။ တစ်ခုက ကျူးကျစ်ယန်ကဲ့သို့ အဆင့်အတန်း မြင့်မားသူများအတွက် နေရာ ဖြစ်ပြီး အခြားတစ်ခုကမူ ရှောင်ယင်ကဲ့သို့ အစေခံများအတွက် နေရာ ဖြစ်သည်။

​ထန်ထျန်းနှင့် ရှောင်ယင်တို့ နှစ်ဦး ဤနေရာတွင် ရှိနေခြင်းက ထူးဆန်းမနေသလို အာရုံစိုက်မှုကိုလည်း များများစားစား မခံရပေ။

​သို့သော်လည်း ကျူးကျစ်ယန်က စီစဉ်ပေးထားဆဲ ဖြစ်ရာ သူတို့ ရှိနေသော နေရာမှနေ၍ ခန်းမကြီးတစ်ခုလုံး၏ မြင်ကွင်းကို အတိုင်းသား မြင်တွေ့နိုင်လေသည်။

​ရှောင်ယင်က ထန်ထျန်း၏ ဘေးတွင် ထိုင်ကာ အစားအသောက်များကို မြည်းစမ်းရင်း ခန်းမကြီးအတွင်းရှိ စိတ်ဝင်စားစရာ အတင်းအဖျင်း ကိစ္စအချို့ကို ထန်ထျန်းအား လိုက်လံ ပြောပြနေခဲ့သည်။

​ဤသည်ကလည်း တော်တော်လေးကို အပန်းပြေ စိတ်လက်ပေါ့ပါးစရာ ကောင်းလှသည်။

​"ဟို... အစိမ်းနုရောင် ဝတ်စုံ ဝတ်ထားတဲ့သူ၊ အဲ့ဒါ ကျွန်မ အစ်ကို့ကို ပြောဖူးတဲ့ ယောကျာ်းအချင်းချင်း သဘောကျတဲ့ လူရှုပ်ကြီးလေ"

​"သူက ပြီးခဲ့တဲ့ ရက်ပိုင်းက သခင်မလေးကို ပိုးပန်းဖို့ လုပ်သေးတယ်၊ ရလဒ်ကတော့ သူ့ရဲ့ အဲ့ဒီအချစ်တော်က အဝတ်အစား တစ်ထည်မှ မပါဘဲနဲ့ အိမ်အထိ လိုက်လာပြီး သောင်းကျန်းတာလေ၊ အဲ့ဒီတုန်းက ဆူညံပွက်လောရိုက်သွားလို့ တစ်မြို့လုံးတောင် နာမည်ကြီးသွားတယ်"

​"အစ်ကို ကြည့်ကြည့်... သူ နောက်ထပ် အမျိုးသားတစ်ယောက်ရဲ့ လက်ကို တိတ်တိတ်လေး ဆွဲနေပြန်ပြီ"

​ရှောင်ယင်က လူငယ်တစ်ဦးကို ညွှန်ပြကာ ပြောလိုက်သည်။

​ထိုလူငယ်၏ ပုံစံက ကြည့်ရသည်မှာ တော်တော်လေး ကြံ့ခိုင်သန်စွမ်းပုံရသော်လည်း ဤကဲ့သို့သော ဝါသနာမျိုး ရှိလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

​"ပြီးတော့ ဟိုတစ်ယောက်ကလည်း လူရှုပ်လူပွေ ကြီးပဲ"

​"ပါးစပ်ကတော့ သခင်မလေးက သူ့ကို ပထမဆုံး စိတ်လှုပ်ရှားစေခဲ့တဲ့ တစ်ဦးတည်းသော အမျိုးသမီးပါလို့ ပြောနေပြီး ရလဒ်ကတော့ ကျွန်မ စုံစမ်းကြည့်လိုက်တော့ သူ ဒီစကားကို အနည်းဆုံး အမျိုးသမီး တစ်ရာလောက်ကို ပြောဖူးပြီးသား ဖြစ်နေတယ်"

​"ဒါ့အပြင် သူက အသက်အရွယ်မရွေး အကုန်ကြိုက်တာ၊ အသက်အကြီးဆုံး တစ်ယောက်ဆိုရင် အသက် ရာကျော်နေတဲ့ အဖွားအိုကြီးတောင် ဖြစ်နေပြီလို့ ကြားတယ်"

​ရှောင်ယင်က ထပ်မံ ပြောပြပြန်သည်။

​ထန်ထျန်းက နှုတ်ခမ်းကို အနည်းငယ် စေ့လိုက်မိသည်၊ ဤကဲ့သို့သော အကြိုက်မျိုးကို သူလည်း သိပ်နားမလည်သော်လည်း အလေးအနက်ထား၍ပဲ ရွေးချယ်မှုကို လေးစားလိုက်ပါသည်။

​အနည်းဆုံးတော့ သူက သာမန်လူတွေ မလုပ်ရဲတဲ့ အရာကို လုပ်ရဲသည် မဟုတ်ပါလား။

​ခုနက ခန်းမထဲကို ဝင်လာစဉ်တုန်းက ထိုလူသည် အသက်ခြောက်ဆယ်ခန့်ရှိသော အသက် ကြီးကြီး အမျိုးသမီးကြီးတစ်ဦးနှင့် အသည်းယားဖွယ် နမ်းရှုပ်နေသည်ကို သူ သတိထားမိခဲ့သေးသည်။

​ဆက်လက်၍ ရှောင်ယင်က ထန်ထျန်းအား စဉ်ဆက်မပြတ် ရှင်းပြနေခဲ့ရာ အစက ပြောထားသော လူများအားလုံးမှာ အကုန်လုံး တစ်ယောက်ချင်းစီ ကွက်တိ တိုက်ဆိုင်နေခဲ့သည်။

​သူမ ဖော်ပြခဲ့သည်မှာ ခပ်ပိုပို ပြောထားခြင်း ဖြစ်မည်ဟု သူ အရင်က ထင်မှတ်ထားခဲ့သော်လည်း လက်တွေ့ ကြည့်လိုက်သည့် အခါတွင်မူ တကယ်တော့ အားနာလို့ လျှော့ပြောထားခြင်းသာ ဖြစ်နေသည်။

​ထိုလူအုပ်ကြီးမှာ တကယ့်ကို တစ်ယောက်ထက်တစ်ယောက် ထူးဆန်းထွေပြားလွန်းလှသည်။

​သူက စိတ်ဝင်တစား နားထောင်ရင်း နေကြာစေ့ အမြောက်အမြားကို တစ်ဆုပ်ပြီး တစ်ဆုပ် ဝါးစားနေခဲ့သည်။

​မှန်ပေသည်၊ အတင်းအဖျင်းကို လက်တွေ့ မြင်ရ ကြည့်သည်က သက်သက် ကြားရရုံထက် ပို၍ စိတ်လှုပ်ရှားစရာ ကောင်းလှသည်။

​သို့သော်လည်း ရုတ်တရက် ရှောင်ယင်က အာမေဍိတ် အသံတစ်ခု ပြုလိုက်သည်။

​"ဟာ... အဲ့ဒီ စိတ်ပျက်ဖို့ကောင်းတဲ့ လူရှုပ်ကြီးက ဘာလို့ ရောက်လာတာလဲ"

​သူမက ရွှေရောင်ချပ်ဝတ် ပျော့ကို ဝတ်ဆင်ထားပြီး မောက်မာရိုင်းစိုင်းသော အမူအရာ ရှိသည့် လူငယ်တစ်ဦးကို လှမ်းကြည့်လိုက်သည်။

​"ဒါက... ရှန့်ထျန်းတာအိုကျောက်စိမ်း တစ်တုံး ထုတ်ပေးပြီး ချက်ချင်းပဲ ကျူးကျစ်ယန်ကို သူ့ရဲ့ မယားငယ် လုပ်ခိုင်းတဲ့သူလား"

​ထန်ထျန်းက သူ၏ ပုံစံကို ကြည့်ကာ ဦးနှောက်ထဲတွင် ချက်ချင်းပင် မှတ်မိသွားခဲ့သည်။

​ရှောင်ယင်က ခေါင်းညိတ်ပြ၏။ "ဟုတ်တယ်၊ သူပဲ။"

​"ကျူကျင်းချန်၊ ကျင်းရှန် မြို့ရဲ့ ဒုတိယအကြီးဆုံး မိသားစုဖြစ်တဲ့ ကျူမိသားစုရဲ့ သခင်လေးလေ"

​"တစ်နေ့တစ်နေ့ မောက်မာပြီး လူမြင်ကတ်စရာ ပုံစံနဲ့ ပြီးတော့ နည်းလမ်းတွေကလည်း ရက်စက်ယုတ်မာလွန်းတယ်၊ ပထမဆုံးအကြိမ် တွေ့တုန်းကဆိုရင် ကျွန်မတို့ ကို အရမ်း စိတ်အနှောင့်အယှက်ဖြစ်စရာ အထင်အမြင်တွေ ပေးခဲ့တာ"

​"ကျွန်မ ရဲ့ နေရာ က ကျင်းရှန် မြို့ကို မမီတာ ဟုတ်ပါတယ်၊ ဒါပေမဲ့ ရှန့်ထျန်းတာအိုကျောက်စိမ်း တစ်တုံးအတွက်နဲ့ ကိုယ့်ကိုယ်ကိုယ် ရောင်းစားရလောက်တဲ့အထိတော့ မဟုတ်ဘူးမလား"

​ရှောင်ယင်က နှာခေါင်းကို ရှုံ့လျက် ပြောလိုက်သည်။

​သို့သော်လည်း မကြာခင်မှာပင် သူမ၏ မျက်လုံးများက ပြူးကျယ်သွားခဲ့သည်။

​"အားပါးပါး... သူ ဘာလို့ ကျွန်မ တို့ ဘက်ကို လျှောက်လာနေတာလဲ"

​"ကျွန်မတို့ ကို လာရှာတာတော့ မဟုတ်ပါဘူးနော်"

​"ကျေးဇူးပြုပြီး... မဟုတ်ပါစေနဲ့~"

​ရှောင်ယင်က ဆက်တိုက် ဆုတောင်းနေခဲ့သည်။

​သို့သော်လည်း လက်တွေ့ ကမူ သူမ မျှော်လင့်သလို ဖြစ်မလာခဲ့ပေ။

​ကျူကျင်းချန်က သူတို့၏ ရှေ့မှောက်သို့ တိုက်ရိုက် လျှောက်လှမ်းလာခဲ့သည်။

​သူက အိမ်၏ သခင်ကဲ့သို့ အထက်စီးမှနေ၍ ရှောင်ယင်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ထန်ထျန်းကို လှမ်းကြည့်ကာ ရှန့်ထျန်းတာအိုကျောက်စိမ်း တစ်တုံးကို သူတို့၏ စားပွဲပေါ်သို့ ပစ်ချလိုက်သည်။

​"ငါ့အတွက် အလုပ်လုပ်ပေး"

​"ဒါက မင်းတို့အတွက်ပဲ"

​ကျူကျင်းချန်က ပြောလိုက်သည်။

All Chapters