← Chapters

အခန်း (၁၈၇-၁၈၈)

Vol. 11 Ch. 187-188

အခန်း (၁၈၇-၁၈၈)

Vol. 11 Ch. 187-188

အခန်း (၁၈၇) အရှင်လတ်လတ် ဖမ်းဆီးခြင်း

“လိမ္မာတဲ့ကောင်လေး၊ ပြန်လာရဲတဲ့သတ္တိ ရှိသားပဲ”

ကျိရှန့်က ချင်ယွမ်ဖုန်းကို ကြည့်ကာ ပြုံးလိုက်ပြီး သူ၏ရှေ့ မနီးမဝေးသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့သည်။

ချင်ယွမ်ဖုန်းကလည်း ပြုံးလျက် တုံ့ပြန်လိုက်ရာ အကြောင်းရင်းမရှိဘဲ နာမည်ကြီးစကားပုံတစ်ခုကို ရုတ်တရက် သတိရမိသွား၏။

“ဝံပုလွေတစ်ကောင် နောက်ကြောင်းပြန်လှည့်လာတယ်ဆိုရင် အကြောင်းရင်းတစ်ခုခု ရှိကိုရှိရမယ်၊ ကျေးဇူးဆပ်ဖို့ ဒါမှမဟုတ်ရင်လည်း

လက်စားချေဖို့ပဲ ဖြစ်ရမယ်”

ထိုစကားကို ကြားလိုက်ရသောအခါ ကျိရှန့်မှာ ခါးပင်မဆန့်နိုင်အောင် တဟားဟား ရယ်မောလေတော့သည်။

“မင်း... မင်းက တကယ့်ကို ရယ်ရတဲ့လူပဲ၊ တကယ်လို့ ယောက်ျားတွေအားလုံးက မင်းလိုမျိုး စိတ်ဝင်စားဖို့ကောင်းမယ်ဆိုရင် ငါ မိန်းမတွေကို သဘောကျတော့မှာ မဟုတ်ဘူး”

မြေကမ္ဘာ၏ ဝိညာဉ်အရှိန်အဝါနှင့် ပတ်သက်သည့် ထိုထင်ရှားသော စကားစုကို ပြောပြီးသွားသည့်နောက်တွင် ချင်ယွမ်ဖုန်းမှာ ရှက်စိတ်လှိုင်းလုံးများ တက်လာကာ မျက်နှာတစ်ခုလုံး ပူထူသွားရချေသည်။

ထိုစဉ် ချင်ယွမ်ဖုန်းသည် မနီးမဝေးတွင် အနှောင်အဖွဲ့ခံထားရပြီး ပစ်ချခြင်းခံထားရသော လူတစ်ယောက်ကို ရုတ်တရက် မြင်လိုက်ရသည်။

“မာထျန်းလား”

ချင်ယွမ်ဖုန်း မျက်လုံးများ ပြူးကျယ်သွားရ၏။ မာထျန်းတစ်ယောက် ကျိရှန့်၏ ဖမ်းဆီးခြင်းကို အမှန်တကယ် ခံထားရလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

မာထျန်းသည်လည်း ချင်ယွမ်ဖုန်းကို မြင်တွေ့သွားသော်လည်း ပါးစပ်တွင် အဝတ်ဆို့ထားသဖြင့် အသံမထွက်နိုင်ရှာပေ။ သူ၏ခန္ဓာကိုယ်ကို မြေပြင်ပေါ်တွင် ပိုးလောက်လန်းတစ်ကောင်ကဲ့သို့ တွားသွားလျက် ချင်ယွမ်ဖုန်းရှိရာသို့ ဦးတည်လာနေသည်။

“မင်းတို့နှစ်ယောက်က တကယ်ပဲ သိကြတာကိုး၊ ငါ့ရဲ့ အလိုလိုသိစိတ်က ကွက်တိပဲ၊ ဒီဝဖြိုးဖြိုးလေးကို မင်းဆီ ခေါ်သွားခိုင်းတာ သူက ငြင်းနေလို့ ငါက ချည်ထားလိုက်တာ”

ကျိရှန့်က ပြုံးလျက် ချင်ယွမ်ဖုန်းကို ကြည့်ကာ ဆိုသည်။

“ အရသာတွေ့မနေနဲ့ဦး၊ ဒီနေ့တော့ လောကကြီးရဲ့ ခါးသီးတဲ့ အမှန်တရားတွေကို မင်းကို ငါ သင်ခန်းစာ ပေးရတာပေါ့”

ချင်ယွမ်ဖုန်းက ရက်စက်ကြမ်းကြုတ်သော လေသံဖြင့် ပြောလိုက်သည်။

“ကောင်းပြီလေ၊ အဲဒါက ငါ မင်းကို သင်ခန်းစာပေးချင်နေတဲ့ အချက်ပဲ”

ကျိရှန့်၏ လက်သီးများမှာ တင်းတင်းဆုပ်ထားသဖြင့် အရိုးအဆစ်များ မြည်ဟီးသွားချေသည်။

ချင်ယွမ်ဖုန်းက ဝမ်ချိုင်၏ ခေါင်းကို ပုတ်ကာ ပြောလိုက်၏။

“ဝမ်ချိုင်၊ သူတို့ကို သင်ခန်းစာ ကောင်းကောင်းပေးလိုက်စမ်း၊ ပြီးရင် မင်းကို ငါ သန့်စင်တဲ့ နတ်ရေစင် ဆယ်ပုလင်း ပေးမယ်”

သန့်စင်သော နတ်ရေစင်အကြောင်း ကြားလိုက်ရသောအခါ ဝမ်ချိုင်၏ မျက်လုံးများမှာ တောက်ပသွားပြီး ကျောင်းသားဟောင်းတစ်စုရှိရာသို့ ဟိန်းဟောက်လျက် ပြေးဝင်သွားတော့သည်။

ချင်ယွမ်ဖုန်းဘေးက ခွေးသည် သာမန်မဟုတ်ကြောင်း ကျိရှန့်က ကြိုတင်သတိပြုမိထားပြီးဖြစ်ရာ သူ ပြန်လာရဲသည်မှာ အားကိုးရာတစ်ခုခု ရှိနေသောကြောင့်ဖြစ်မည်ဟု တွေးတောထားပြီးသား ဖြစ်သည်။

ဝမ်ချိုင် အာရုံလွဲနေသည့် အခိုက်အတန့်ကို အခွင့်ကောင်းယူကာ သူမသည် လူအုပ်ကို ရှောင်ကွင်းပြီး ချင်ယွမ်ဖုန်း၏ ရှေ့တည့်တည့်သို့ ရောက်လာခဲ့၏။

“မင်းက ဝိညာဉ်သားရဲ ထိန်းကျောင်းတဲ့နေရာမှာ ဒီလောက် တော်မယ်လို့ ငါ မထင်ထားဘူး၊ ဖေးရွှယ်ကိုတောင် ဒီကို ခေါ်လာနိုင်တာပဲ”

ကျိရှန့်က အေးစက်စက် ဆိုသည်။ တစ်ကျောင်းလုံးရှိ လူတိုင်းမှာ ဖေးရွှယ်ကို သိကြပုံရချေသည်။

“ကျွန်တော်က တခြားနေရာတွေမှာလည်း တော်ပါသေးတယ်၊ မင်းစမ်းကြည့်ချင်သေးလား”

ချင်ယွမ်ဖုန်း၏ မျက်နှာပေါ်တွင် ညစ်ညမ်းသော အပြုံးတစ်ခု ပေါ်လာသည်။

ချင်ယွမ်ဖုန်း၏ အပြုံးကို မြင်သောအခါ သူ ဆိုလိုသည့် အဓိပ္ပာယ်ကို ကျိရှန့်က ချက်ချင်း နားလည်သွားပြီး သူမ၏မျက်နှာတွင် ဒေါသရိပ်များ ဖြတ်ပြေးသွားတော့၏။

“ဒီလူယုတ်မာ၊ ဒူးထောက်စမ်း”

ရုတ်တရက် ကျိရှန့်၏ လက်ထဲတွင် တောင်ဖြိုပုဆိန်ကြီး တစ်လက် ပေါ်လာပြီးနောက် ချင်ယွမ်ဖုန်းကို ပြင်းထန်စွာ ခုတ်ချလိုက်သည်။

ပုဆိန်ကြီး၏ ဘေးပတ်လည်တွင် အပြာနုရောင် ကိုယ်တွင်းစွမ်းအင်လွှာတစ်ခု ဝေ့ဝဲနေပြီး ကြီးမားသော အင်အားတစ်ခု ပေါက်ကွဲထွက်လာ၏။

လူတစ်ရပ်ထက် မြင့်မားသော ပုဆိန်ကြီးသည် ကျိရှန့်၏ ကိုယ်လုံးကိုယ်ပေါက်နှင့် လုံးဝ လိုက်ဖက်မှု မရှိသော်လည်း ပုဆိန်မှာ လေထဲတွင် ပုံရိပ်ယောင်များ ချန်ရစ်ကာ အရှိန်အဟုန်ဖြင့် ကျဆင်းလာသည်။

ချင်ယွမ်ဖုန်းသည် ထိုအင်အားကို အာရုံခံမိပြီး မဆင်မခြင် ရင်မဆိုင်ရဲသဖြင့် နောက်သို့ အလျင်အမြန် ဆုတ်ခွာလိုက်ရ၏။

ပုဆိန်ကြီးသည် လေနှင့် နှင်းများကို မွှေနှောက်လိုက်ရာ မြေပြင်ပေါ်ရှိ နှင်းများမှာ လေထဲသို့ လွင့်ပျံသွားပြီး အရပ်မျက်နှာအနှံ့ ကျဆင်းလာသည်။

ထူထပ်သော နှင်းထုမှာ ကြီးမားသော အင်အားကြောင့် ကွဲအက်သွားကာ ရှည်လျားသော အက်ကြောင်းကြီး တစ်ခု ဖြစ်ပေါ်သွားချေသည်။

ချင်ယွမ်ဖုန်းသည် ဖေးရွှယ်၏ ဘေးသို့ ရောက်ရှိလာသည်။

ဖေးရွှယ်ကလည်း ချက်ချင်း နားလည်သွားပြီး ပါးစပ်ကို ဟကာ ကျိရှန့်ကို တိုက်ရိုက်တိုက်ခိုက်ရန် အေးစက်သော လေလှိုင်းတစ်ခုကို မှုတ်ထုတ်လိုက်တော့၏။

ကျိရှန့်သည်လည်း ရေခဲနှင့် နှင်းဆိုင်ရာ ပညာရပ်များကို ကျင့်ကြံထားပုံရသည်။ သူမက လက်ညှိုးကို ဆန့်ထုတ်ကာ ရှေ့သို့ ညွှန်ပြလိုက်ရာ စွမ်းအင်လှိုင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ဖေးရွှယ် မှုတ်ထုတ်လိုက်သော အေးစက်သည့် လေစီးကြောင်းနှင့် လေထဲတွင် ထိပ်တိုက်တွေ့ဆုံလေသည်။

ထိုအင်အားနှစ်ခုမှာ မည်သည့်အသံမျှ မထွက်ဘဲ ထိတွေ့သွားသော်လည်း အရှိန်ကြောင့် လေထဲတွင် ရှည်လျားသော ရေခဲစူးတစ်ခုအဖြစ် ခဲသွားရချေသည်။

ခဏမျှပင် မရပ်နားဘဲ ကျိရှန့်သည် ပုဆိန်ကြီးပေါ်သို့ ခြေလှမ်းတင်လိုက်ရာ ကြီးမားသော အင်အားကြောင့် ပုဆိန်မှာ လေထဲသို့ ပျံတက်သွားပြီး ကျိရှန့်၏ လက်ထဲသို့ ပြန်လည်ရောက်ရှိလာသည်။

ထိုအမျိုးသမီးသည် အပြာရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ပုဆိန်ကြီးကို နောက်တွင် ဆွဲလျက် ချင်ယွမ်ဖုန်းရှိရာသို့ ပြေးဝင်လာရာ မြေပြင်ပေါ်တွင် ရှည်လျားသော လမ်းကြောင်းကြီး ထင်ကျန်ရစ်၏။

မျက်စိတစ်မှိတ်အတွင်း ကျိရှန့်သည် ချင်ယွမ်ဖုန်း၏ ရှေ့သို့ ရောက်လာပြီး ပုဆိန်ကြီးကို နောက်မှနေ၍ လေထဲတွင် စက်ဝိုင်းခြမ်းပုံစံ ဝေ့ဝဲကာ ချင်ယွမ်ဖုန်းကို ပြင်းထန်စွာ ခုတ်ချလိုက်ပြန်သည်။

ချင်ယွမ်ဖုန်းမှာ ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး ဘေးသို့ ရှောင်တိမ်းလိုက်ရကာ သူ၏ အရှိန်ကို အစွမ်းကုန် မြှင့်တင်လိုက်သဖြင့် ခြေဖဝါးအောက်မှ မြူဖြူများ ထွက်ပေါ်လာချေသည်။

ထိုအချိန်တွင် ဖေးရွှယ်သည်လည်း သူမ၏ တောင်ပံများကို ခတ်ကာ လေထဲသို့ ပျံတက်သွား၏။

ကြီးမားသော စွမ်းအင်ပေါက်ကွဲမှုသည် မြေပြင်ကို ပိုင်းဖြတ်လိုက်ရာ မီတာများစွာ နက်ရှိုင်းသော မြောင်းကြီးတစ်ခု ဖြစ်ပေါ်သွားသည်။ မြေပြင်ပေါ်ရှိ နှင်းများမှာ လေထဲသို့ ပျံတက်သွားပြီး ခဏချင်းအတွင်း မြင်ကွင်းကို ကွယ်ပျောက်စေခဲ့သည်။

ကျိရှန့်က လက်ပြန်ဖြင့် လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ရာ များပြားလှသော စွမ်းအင်များက စုပုံနေသော နှင်းများကို ဖယ်ရှားလိုက်သော်လည်း ချင်ယွမ်ဖုန်းမှာ ထိုနေရာတွင် မရှိတော့ပေ။

ထိုစဉ် ကျိရှန့်သည် သူမ၏ ကျောရိုးတစ်လျှောက် အေးစိမ့်သွားသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။

သူမက ချက်ချင်း နောက်သို့ လှည့်လိုက်ပြီး ကြောက်မက်ဖွယ် ကောင်းသော စွမ်းအင်လှိုင်းအချို့ကို ထုတ်လွှတ်လိုက်၏။

စွမ်းအင်လှိုင်းတစ်ခုက ဝေ့ဝဲနေသော နှင်းများကို ပိုင်းဖြတ်လိုက်သဖြင့် မြင်ကွင်းမှာ ရှင်းလင်းသွားသော်လည်း မည်သူမျှ ရှိမနေပေ။

ဤအချိန်တွင် ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်မှာ လေထဲသို့ ပျံတက်သွားပြီး အနန္တပုံရိပ်ကို ဖော်ဆောင်နေသည်။ သူ၏ ခြေထောက်များသည် တစ်ခါတစ်ရံ လေထုကို နင်းလျက်ရှိပြီး သူ၏လက်ထဲတွင်လည်း အနန္တပုံရိပ်မှာ ဖြည်းဖြည်းချင်း စတင်ပြောင်းလဲလာနေ၏။

ကျိရှန့်က မျက်မှောင်ကြုတ်လိုက်သည်။ ချင်ယွမ်ဖုန်းမှာ မည်သည့်ခြေရာလက်ရာမျှ မချန်ဘဲ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရာ ကောင်းကင်တစ်ခုလုံး နှင်းများ ဖုံးလွှမ်းနေသဖြင့် ဘာကိုမျှ မြင်တွေ့နိုင်ခြင်း မရှိတော့ပေ။

သတ္တုရောင်အဆင်းရှိသော အရာတစ်ခုမှာ နှင်းများအောက်တွင် မြွေတစ်ကောင်ကဲ့သို့ တွားသွားလျက် ကျိရှန့်ထံသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာနေသည်။

တစ်ခုခုကို အာရုံခံမိသဖြင့် ကျိရှန့်သည် စွမ်းအင်လှိုင်းတစ်ခုကို ပေါ့ပေါ့ပါးပါး ထုတ်လွှတ်လိုက်ရာ မြေပြင်ကို ပြင်းထန်စွာ ထိမှန်သွားပြီး နှင်းများ လွင့်စင်သွား၏။

သို့သော် မြေပြင်ပေါ်တွင် မည်သူမျှ ရှိမနေဘဲ သတ္တုဖြင့် ပြုလုပ်ထားသော ကြိုးနှင့် တူသည့် အရာတစ်ခုသာ ရှိနေသည်။

၎င်းမှာ အရာခပ်သိမ်း၏ အနှစ်သာရပင် ဖြစ်ချေသည်။

ပြောင်းလဲသွားသော အနန္တပုံရိပ်သည် ရှည်လျားသော ကြိမ်လုံးတစ်ချောင်း ဖြစ်သွားပြီးနောက် ရုတ်တရက် ခုန်တက်ကာ ကျိရှန့်၏ ခန္ဓာကိုယ်ကို နှစ်ပတ်တိတိ ချက်ချင်း ရစ်ပတ်လိုက်တော့သည်။

ကျိရှန့်မှာ အလွန်အမင်း ဒေါသထွက်သွားရ၏။ သူမသည် ဂုဏ်သိက္ခာရှိသော အဋ္ဌမအဆင့် သိုင်းပညာရှင် တစ်ယောက်ဖြစ်ပါလျက် ချင်ယွမ်ဖုန်း၏ ကစားခြင်းကို ဤသို့ ခံလိုက်ရသည် မဟုတ်လော။

“အား...”

ကျိရှန့်၏ မျက်နှာမှာ ကြောက်မက်ဖွယ် ကောင်းအောင် ရှုံ့မဲ့သွားပြီး ခန္ဓာကိုယ်ပေါ်တွင် အကြောများ ဖောင်းတက်လာကာ သတ္တုကြိမ်လုံးကို ချိုးဖျက်ရန် ပြင်းထန်သော အင်အားကို အသုံးပြုလိုက်သည်။

သို့သော်လည်း ကြိမ်လုံးမှ အလင်းတန်းများစွာ ထွက်ပေါ်လာကာ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်မှာ အလွန် ထူးဆန်းလှ၏။ ကျိရှန့် မည်မျှပင် ကြိုးစားပါစေ ကြိမ်လုံးမှာ အနည်းငယ်မျှပင် တုန်လှုပ်ခြင်း မရှိပေ။

ချင်ယွမ်ဖုန်းက ဖြည်းဖြည်းချင်း ဆင်းသက်လာကာ ကျိရှန့်ကို ပြုံးလျက် ကြည့်လိုက်သည်။

“လူယုတ်မာ၊ ငါ့ကို လွှတ်စမ်း”

ကျိရှန့်က အေးစက်စွာ အော်ဟစ်လိုက်၏။

ချင်ယွမ်ဖုန်းက ခေါင်းခါလိုက်သည်။

“မင်းကို လွှတ်ပေးဖို့ကတော့ မဖြစ်နိုင်ဘူး၊ မင်းရဲ့ ဒီလို ဒေါသကြီးတဲ့ စရိုက်နဲ့ဆိုရင် တစ်ယောက်ယောက်ကို ရိုက်နေဦးမှာပေါ့”

ကျိရှန့်မှာ အလွန်အမင်း ဒေါသထွက်နေသော်လည်း အကြောင်းရင်းမရှိဘဲ သူမ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

ချင်ယွမ်ဖုန်းမှာ မကောင်းသော အငွေ့အသက်ကို ခံစားမိသဖြင့် အမြန်နောက်ဆုတ်လိုက်သော်လည်း ထိုအချိန်တွင် ကျိရှန့်က သူမ၏ ခန္ဓာကိုယ်ကို နှိမ့်ချလိုက်ကာ သတ္တုကြိမ်လုံးအတွင်းမှ အမှန်တကယ်ပင် ရုန်းထွက်သွားနိုင်ခဲ့၏။

“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ချင်ယွမ်ဖုန်း မျက်လုံးများ ပြူးကျယ်သွားရသော်လည်း သူ တွေးတောနေရန် အချိန်မရှိတော့ပေ။

သူ၏ လုယန့်ဓားကို ဆွဲထုတ်ကာ ကျိရှန့်ရှိရာသို့ ပြင်းထန်စွာ ခုတ်ချလိုက်တော့သည်။

ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ဝေ့ဝဲနေသော နှင်းနှင့် လေကို ပိုင်းဖြတ်လျက် ကျိရှန့်၏ ရှေ့သို့ ချက်ချင်း ရောက်ရှိသွားသည်။

သို့သော် ထိုအချိန်တွင် ကျိရှန့်၏ လက်ထဲတွင် ဓားတို နှစ်လက် ပေါ်လာ၏။ သူမက ထိုဓားများကို လက်ပြန်ကိုင်ကာ ကိုယ်တွင်းစွမ်းအင်များဖြင့် ဖုံးလွှမ်းလိုက်ရာ အေးစိမ့်သော အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

ဓားတိုသည် ဓားသွားကို ပြင်းထန်စွာ ထိမှန်လိုက်ရာ ချက်ချင်းပင် သုံးပိုင်းကွဲသွားပြီး လေထဲတွင် ပျောက်ကွယ်သွားတော့၏။

“သွားပြီ၊ လူသတ်တော့မယ်”

ချင်ယွမ်ဖုန်း လှည့်ပြီး ထွက်ပြေးလေတော့သည်။ ဤရူးသွပ်နေသော မိန်းမမှာ ကြောက်စရာ ကောင်းလှချေသည်။

ကျိရှန့်က နောက်မှ အနီးကပ် လိုက်လံဖမ်းဆီးနေပြီး ယခင်က ချင်ယွမ်ဖုန်းကို လိုက်လံတိုက်ခိုက်ခဲ့သော မြင်ကွင်းကို ပြန်လည်ဖော်ဆောင်နေပုံရသည်။

သို့သော် ထိုအချိန်တွင် ခွေးကြီးတစ်ကောင်မှာ လေနှင့် နှင်းများကို အံတုလျက် ကျိရှန့်ရှိရာသို့ တည့်တည့်မတ်မတ် ပြေးဝင်လာခဲ့၏။

“ဒီခွေးစုတ်၊ ငါ့လမ်းက ဖယ်စမ်း”

ကျိရှန့်သည် ရုတ်တရက် လေထဲသို့ ခုန်တက်လိုက်ပြီး သူမ၏ ကျိုးပဲ့နေသော ဓားကို လက်ထဲတွင် လှန်ကာ ရင်ဘတ်ရှေ့၌ ဝေ့ယမ်းလိုက်သည်။

ကြက်ခြေခတ်ပုံစံ ဓားအလင်းတန်းတစ်ခုမှာ ဝမ်ချိုင်ရှိရာသို့ တည့်တည့်မတ်မတ် ပျံသန်းသွား၏။

သို့သော် ဝမ်ချိုင်မှာ ရှောင်တိမ်းခြင်းလည်း မရှိ၊ အလင်းတန်းကို ရှောင်လွှဲခြင်းလည်း မပြုဘဲ တည့်တည့်သာ တိုးဝင်သွားလေတော့သည်။

“တကယ့် ခွေးအပဲ”

ကျိရှန့်က လှောင်ပြုံး ပြုံးလိုက်၏။

သို့သော် နောက်တစ်စက္ကန့်တွင် သူမ မှင်တက်သွားရသည်။ သူမ ထုတ်လွှတ်လိုက်သော ဓားအလင်းတန်း နှစ်ခုမှာ ဝမ်ချိုင်ကို ထိမှန်သွားသော်လည်း ၎င်း၏ အရေပြားကိုပင် မဖောက်နိုင်ခဲ့ပေ။

ဝမ်ချိုင်၏ ခန္ဓာကိုယ်မှာ မည်သည့် အတားအဆီးမျှ မရှိဘဲ ရွေ့လျားသွားပြီး မျက်စိတစ်မှိတ်အတွင်း ကျိရှန့်၏ အောက်သို့ ရောက်ရှိသွားသည်။

၎င်းက လက်သည်းပါသော ခြေဖဝါးနှစ်ဖက်ကို ဆန့်ထုတ်ကာ ကျိရှန့်ကို မြေပြင်ပေါ်သို့ ရိုက်ချလိုက်တော့၏။

ကျိရှန့်မှာ မှင်တက်သွားရချေသည်။ သူမသည် ဤမျှ ကြမ်းကြုတ်သော မှော်သားရဲမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။

ထို့နောက် ဝမ်ချိုင်သည် ပြေးဝင်လာပြီး ကျိရှန့်၏ ကျောပေါ်သို့ ခြေဖဝါးဖြင့် ပြင်းထန်စွာ ဖိထားလိုက်ရာ သူမမှာ လှုပ်ပင် မလှုပ်နိုင်တော့ပေ။

ချင်ယွမ်ဖုန်းက ပြုံးလျက် လျှောက်လှမ်းလာပြီး...

“တွေ့လား၊ ကျွန်တော် လက်စားချေဖို့ ပြန်လာတာလို့ ပြောသားပဲ”

ကျိရှန့်သည် ချင်းဖုန်းရေကန်ရှိရာသို့ လှည့်ကြည့်လိုက်သောအခါ သူမ၏ လူများအားလုံးမှာ မြေပြင်ပေါ်တွင် လဲလျောင်းလျက် ညည်းညူနေကြသည်ကို မြင်လိုက်ရသည်။

သူတို့အားလုံးမှာ ဝမ်ချိုင်၏ အရိုက်အနှက်ကို ပြင်းပြင်းထန်ထန် ခံထားရပုံရ၏။

“ဒါက ဘယ်လိုခွေးမျိုးလဲ၊ မင်း လိုချင်တာနဲ့ လဲပေးမယ်”

ကျိရှန့်က ထိုအချိန်တွင် အော်ဟစ်လိုက်သည်။

ချင်ယွမ်ဖုန်းက ငုံ့ကြည့်ကာ အကူအညီမဲ့စွာ ခေါင်းခါလိုက်၏။

“စိတ်မရှိပါနဲ့ စီနီယာအစ်မ၊ ဝမ်ချိုင်က ကုန်ပစ္စည်းမဟုတ်လို့ ကျွန်တော် မလဲနိုင်ဘူး”

ချင်ယွမ်ဖုန်းက ပြုံးလျက် ပြောရင်း ကျိရှန့်၏ ခါးတွင် ချိတ်ထားသော ကျောက်စိမ်းဆွဲပြားကို ဖြုတ်ယူလိုက်သည်။

ကျိရှန့်က ချင်ယွမ်ဖုန်းကို ဒေါသတကြီး စိုက်ကြည့်ကာ...

“ဒီလူယုတ်မာ၊ ငါ့လက်ထဲ နောက်တစ်ခါ ပြန်အမိမခံနဲ့၊ မဟုတ်ရင်တော့ မင်းကို သင်ခန်းစာ ကောင်းကောင်း ပေးပစ်မယ်”

“ဒီလောက် ဒေါသ မကြီးပါနဲ့ စီနီယာအစ်မရယ်”

ချင်ယွမ်ဖုန်းက ပြုံးလျက် ဆိုလိုက်ရာ သူ၏ အနန္တပုံရိပ်ဓားမှာ ကျိရှန့်၏ ခန္ဓာကိုယ်ကို မြွေတစ်ကောင်ကဲ့သို့ ဆယ်ကြိမ်ထက်မက ရစ်ပတ်သွားတော့သည်။

ဤတစ်ကြိမ်တွင် ချင်ယွမ်ဖုန်းသည် ကျိရှန့် ထပ်မံထွက်ပြေးသွားမည်ကို စိုးရိမ်သဖြင့် သူမ၏ ခန္ဓာကိုယ်ကို တင်းတင်းကျပ်ကျပ် ရစ်ပတ်ထားလိုက်ရာ ကျိရှန့်မှာ အသက်ပင် ရှူရခက်ခဲသွားရချေသည်။

ကျိရှန့် ထွက်ပြေးနိုင်ခဲ့သည်မှာ သူမ၏ ကိုယ်တွင်းစွမ်းအင်ကို အသုံးပြု၍ ခန္ဓာကိုယ်ဘေးတွင် ပါးလွှာသော အကာအကွယ်အလွှာတစ်ခု ဖန်တီးကာ ကြိမ်လုံးကို ခေတ္တမျှ ထိန်းထားနိုင်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ချင်ယွမ်ဖုန်း နားလည်လိုက်သည်။

ယခုအခါ အလွန် တင်းကျပ်စွာ အနှောင်အဖွဲ့ ခံထားရပြီဖြစ်ရာ ကျိရှန့်အနေဖြင့် မကြာမီအတွင်း ထွက်ပြေးနိုင်ရန် ခဲယဉ်းသွားပြီ ဖြစ်တော့သည်။

အခန်း (၁၈၈) အနမ်းတစ်ပွင့်

“မင်းလို အကောင်ပေါက်လေးကများ ငါ့ကို... မင်းကို ငါ အမှတ်ရသွားအောင် သင်ခန်းစာ ပေးရမယ်။” ဟုဆိုကာ ကျိရှန့်တစ်ယောက် အလွန်အမင်း အရှက်ရသွားလေတော့သည်။

သူမသည် မိမိကိုယ်ကိုယ် ဖျက်ဆီးရေးဘုရင်မဟု ခေါ်ဆိုလေ့ရှိပြီး ရှန်းဝူအကယ်ဒမီအတွင်း၌လည်း ဌာနမှူးမှတစ်ပါး မည်သူ့ကိုမျှ ကြောက်ရွံ့ခြင်းမရှိပေ။

ထို့ပြင် သူမသည် မည်သူ့လက်တွင်မှ အရှုံးပေးခဲ့ရဖူးခြင်း မရှိခဲ့ချေ။

ကျောင်းတော်သို့ စတင်ဝင်ရောက်စဉ်ကပင် ချန်ပီယံလုပွဲ၌ ပါဝင်ယှဉ်ပြိုင်ကာ အောင်ပွဲဆင်ခဲ့ဖူးသူ ဖြစ်သည်။

သို့သော် ယခုမူ ကျောင်းသားသစ်တစ်ဦး၏ လက်ထဲတွင် အရှင်လတ်လတ် အဖမ်းခံလိုက်ရလေပြီ။

ချင်ယွမ်ဖုန်းသည် ကျိရှန့်ကို ချင်းဖုန်းရေကန် အနားသို့ ခေါ်ဆောင်လာပြီးနောက် မာထျန်းကို ချည်နှောင်ထားသော ကြိုးများကို ဖြေလျှော့ပေးကာ စီနီယာကျောင်းသားများထံမှ သိမ်းဆည်းရမိသော ကျောက်စိမ်းတံဆိပ်ပြား အားလုံးကို သိမ်းဆည်းလိုက်သည်။

မာထျန်းသည် ချင်ယွမ်ဖုန်းကို အားငယ်နေသော ဇနီးငယ်လေးတစ်ဦးကဲ့သို့ ဝမ်းနည်းပက်လက် ကြည့်နေရှာသည်။

“ဖုန်းအစ်ကို... ကျွန်တော်က အသုံးမကျလို့ မဟုတ်ပါဘူး၊ အပြင်ထွက်လာတာနဲ့ ဒီမိန်းမရဲ့ ဖမ်းတာကို ခံလိုက်ရတာ။ ဒါပေမဲ့ စိတ်မပူပါနဲ့၊ ကျွန်တော် ဘာတစ်ခွန်းမှ မပြောခဲ့ဘူး။” ဟု မာထျန်းက မျက်ရည်များ စီးကျလျက် ပြောလေသည်။

“ကဲပါ... ထားလိုက်ပါတော့၊ အခု အားလုံး အဆင်ပြေသွားပြီ မဟုတ်လား။” ဟု ချင်ယွမ်ဖုန်းက ပြုံး၍ ဆိုသည်။

မာထျန်းသည် ခေါင်းညိတ်ပြကာ ကျိရှန့်၏ ရှေ့သို့ လျှောက်သွားလိုက်၏။

“စီနီယာ... ကျွန်တော့်ကို တစ်ညလုံး ချည်ထားခဲ့တာဆိုတော့ ကျွန်တော်က ပြန်ပေးဆပ်ရမှာပဲ။ ဒါပေမဲ့ ကျွန်တော်က သဘောထားကြီးတဲ့သူမို့လို့ အာဃာတ မထားပါဘူး။ ကျွန်တော့်ကို အနမ်းတစ်ပွင့်လောက်ပဲ ပေးပါ၊ ဒါဆိုရင် စီနီယာကို လွှတ်ပေးဖို့ ကျွန်တော့်ရဲ့ အချစ်ဆုံးသူငယ်ချင်းကို ပြောပေးမယ်။”

မာထျန်းသည် မျက်လုံးကလေး မှေးကာ ကျိရှန့်၏ မျက်နှာနားသို့ တိုးကပ်သွားလေသည်။

ကျိရှန့်သည် ဒေါသထွက်လွန်းသဖြင့် သူ့ကို ကိုက်ပစ်ချင်စိတ်ပင် ပေါက်နေတော့သည်။

သူမသည် မာထျန်းကို ကန်ထုတ်လိုက်ရာ မာထျန်းတစ်ယောက် ရေကန်ထဲသို့ လွင့်စင်ကျသွားလေတော့သည်။

“ဟူး... မင်းကတော့ ပုံမှန်အတိုင်း မနေနိုင်ဘူးလား၊ ဒီမိန်းမကို ဘာလို့ သွားဆွနေတာလဲ။” ဟု ချင်ယွမ်ဖုန်းက မတတ်သာသည့်အဆုံး ခေါင်းခါယမ်းကာ ဆိုသည်။

မာထျန်းသည် ချင်းဖုန်းရေကန်ထဲမှ တုန်တုန်ရင်ရင်ဖြင့် ပြန်တက်လာခဲ့သည်။ သူ၏ အဝတ်အစားများမှာ ရေစိုရွှဲနေပြီး ယခုကဲ့သို့ အေးစက်သော ရာသီဥတုတွင် ခဏအတွင်းမှာပင် ရေခဲလွှာထူထူကြီး ဖုံးလွှမ်းသွားလေသည်။

“ဖုန်းအစ်ကို... ဒါ မင်းအတွက် တစ်ခုတည်းသော အခွင့်အရေးပဲ။ အကယ်ဒမီထဲမှာ တိုက်ခိုက်တာကို တားမြစ်ထားတာ။ အခုလို အကယ်ဒမီ အပြင်ဘက်မှာ ရှိနေတုန်း အခွင့်အရေးကို အမိအရ မဆုပ်ကိုင်ရင် ကျောင်းပြန်ရောက်တဲ့အခါ နောက်ထပ် အခွင့်အရေး ရတော့မှာ မဟုတ်ဘူး။” ဟု မာထျန်းက ချင်ယွမ်ဖုန်းအတွက် ပြဿနာ မီးစာကို မွှေပေးရန် မမေ့ပေ။

ချင်ယွမ်ဖုန်း စဉ်းစားကြည့်ရာ ထိုစကားမှာ မှန်ကန်နေသည်။ ဤမိန်းမသည် မနေ့က သူ့နောက်သို့ တကောက်ကောက် လိုက်လံနှောင့်ယှက်နေခဲ့သည် မဟုတ်ပါလား၊ ယခု သူမကို ဘာကြောင့် အလွယ်တကူ လွှတ်ပေးရမည်နည်း။

“စီနီယာ... မနေ့က ကျွန်တော့်အပေါ် ပြုမူခဲ့တာတွေရှိပေမဲ့ ကျွန်တော်က သဘောထားကြီးတဲ့သူမို့လို့ အမှုမထားပါဘူး။” ဟု ချင်ယွမ်ဖုန်းက ရက်ရက်ရောရော ပြောလိုက်သည်။

ကျိရှန့်ကမူ ချင်ယွမ်ဖုန်းကို စူးစူးဝါးဝါး စိုက်ကြည့်နေပြီး သူ၏ အဓိပ္ပာယ်မရှိသော စကားများကို အယုံအကြည် လုံးဝမရှိပေ။

ထို့ပြင် အနန္တပုံရိပ်သည် ဤအချိန်တွင် အနည်းငယ် လျော့ရဲလာလေပြီ။ အကယ်၍ ကျိရှန့်ကို အချိန်အနည်းငယ် ထပ်ပေးမည်ဆိုပါက သူမသည် နှင်တံ၏ ချုပ်နှောင်မှုမှ ရုန်းထွက်နိုင်မည် ဖြစ်သည်။

“ဒါပေမဲ့ ကျွန်တော် ကြားတာတော့ စီနီယာက ယောက်ျားတွေကို မနှစ်သက်ဘဲ မိန်းမချင်းပဲ သဘောကျတယ်ဆို။ စီနီယာတစ်ယောက် ယောက်ျားတွေနဲ့ ဒီလိုမျိုး နီးနီးကပ်ကပ် ထိတွေ့မှု မရှိခဲ့ဖူးဘူး ထင်တယ်နော်။” ဟု ချင်ယွမ်ဖုန်းက ပြုံးစစဖြင့် ကျိရှန့်ကို ကြည့်ကာ ပြောလိုက်၏။

“မင်း... မင်း ဘာလုပ်ချင်တာလဲ။” ကျိရှန့်သည် ထိုစကားကို ကြားသောအခါ အနည်းငယ် ထိတ်လန့်သွားပြီး “ငါ ပြောထားမယ်၊ မိုက်မိုက်ကန်းကန်း ဘာမှမလုပ်နဲ့၊ မဟုတ်ရင် မင်းကို ငါ အသေသတ်မှာ။”

“စိတ်မပူပါနဲ့၊ ကျွန်တော် မိုက်မိုက်ကန်းကန်း ဘာမှမလုပ်ပါဘူး။” ချင်ယွမ်ဖုန်းသည် ပြုံးလိုက်ပြီးနောက် ရုတ်တရက် ဘေးပတ်ဝန်းကျင်သို့ လှမ်း၍ အော်ဟစ်လိုက်သည်။

“အားလုံး ဒီကိုကြည့်စမ်း၊ မင်းတို့ရဲ့ ခေါင်းဆောင်က ငါ့လက်ထဲမှာ ရှိနေပြီ၊ ဒါကြောင့် ဘာမှ မိုက်မိုက်ကန်းကန်း မလုပ်ကြနဲ့။”

ထိုအချိန်တွင် ဝမ်ချိုင်၏ လက်ချက်ဖြင့် မြေပြင်ပေါ်၌ လဲကျနေသော စီနီယာကျောင်းသားများသည် ဒေါသတကြီးဖြင့် ချင်ယွမ်ဖုန်းကို လှမ်းကြည့်ကြသည်။

ထို့ပြင် သူတို့ကို အနိုင်ယူသွားခဲ့သည်မှာ ခွေးတစ်ကောင် ဖြစ်နေသည်မှာ ပို၍ပင် အရှက်ရစရာ ကောင်းနေတော့သည်။

ဒါဟာ တကယ့်ကို အရှက်ခွဲခံရတာပဲ။

အားလုံး၏ အကြည့်များမှာ မိမိထံသို့ ရောက်ရှိနေသည်ကို မြင်သောအခါ ချင်ယွမ်ဖုန်းသည် လျင်မြန်လှသော အရှိန်ဖြင့် ကျိရှန့်၏ နှုတ်ခမ်းကို ပြင်းပြင်းပြပြ နမ်းလိုက်လေတော့သည်။

ယောက်ျားတွေကို မကြိုက်ဘူး ဟုတ်လား၊ ဒါဆိုရင် ဒီနေ့ ယောက်ျားတစ်ယောက်ရဲ့ အထိအတွေ့က ဘယ်လိုမျိုးလဲဆိုတာ မြည်းစမ်းကြည့်လိုက်ဦး...။

ချင်ယွမ်ဖုန်းသည် စိတ်ထဲ၌ ယုတ်မာစွာ တွေးတောနေသော်လည်း အပြင်ပန်းတွင်မူ အနည်းငယ် လက်တွန့်နေသယောင် ဟန်ဆောင်ထားသေးသည်။

သို့သော် ကျိရှန့်မှာမူ ပေါက်ကွဲလုနီးပါး ဖြစ်သွားချေပြီ။ သူမ၏ မျက်ဝန်းများမှာ နီမြန်းလာပြီး အနန္တပုံရိပ်မှ ပြောင်းလဲထားသော နှင်တံမှာပင် သူမ၏ ဒေါသအဟုန်ကို မထိန်းထားနိုင်တော့သယောင် ရှိနေသည်။

ပြေးမှဖြစ်တော့မယ်။

ချင်ယွမ်ဖုန်းသည် အနန္တပုံရိပ်ကို ရုပ်သိမ်းလိုက်ပြီးနောက် ချက်ချင်းပင် ထွက်ပြေးလေတော့သည်။ မာထျန်း၏ အနားသို့ ရောက်သောအခါ သူ့ကို ဆွဲခေါ်ကာ ဖေးရွှယ်၏ ကျောပေါ်သို့ ခုန်တက်လိုက်၏။

ဝမ်ချိုင်သည်လည်း ခုန်တက်လာကာ အတောင်ပံများကို ဖြန့်၍ ဝေးရာသို့ ပျံသန်းသွားပြီး နှင်းမုန်တိုင်းအတွင်း၌ ပျောက်ကွယ်သွားလေတော့သည်။

“အား... ချင်ယွမ်ဖုန်း၊ မင်းကို ငါ အသေ သတ်ပစ်မယ်။”

ကျိရှန့်၏ အော်ဟစ်သံသည် ကောင်းကင်ယံကို ဖောက်ထွက်မတတ် ကျယ်လောင်လှပြီး ဝေးရာသို့ ပျံသန်းသွားပြီဖြစ်သော ချင်ယွမ်ဖုန်းပင် ထိုအသံကို ကြားနေရသေးသည်။

ရုတ်တရက် ချင်းဖုန်းရေကန် အထက်တွင် ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ရေလှိုင်းများမှာ ပေပေါင်းများစွာ မြင့်တက်သွားလေသည်။ ထိုရေစက်များသည် ရေကန်ထဲသို့ ပြန်မကျမီမှာပင် ရေခဲများအဖြစ် အေးခဲသွားကြသည်။

ကျိရှန့်၏ နောက်လိုက်များမှာ ထိတ်လန့်တုန်လှုပ်နေကြသည်။ သူတို့၏ ခေါင်းဆောင်မှာ ပေါက်ကွဲထွက်တော့မည့်ပုံစံဖြင့် ရပ်နေပြီး ပတ်ဝန်းကျင်ရှိ လေထုမှာလည်း တင်းမာမှုများဖြင့် ပြည့်နှက်နေလေသည်။

ချင်ယွမ်ဖုန်းသည် ယခုအကြိမ်တွင် ကျိရှန့်ကို တကယ်ပင် အမျက်ထွက်အောင် လုပ်ဆောင်လိုက်ပြီ ဖြစ်ကြောင်း သူတို့ သိရှိလိုက်ကြသည်။

ကျိရှန့်သည် ယောက်ျားများကို မနှစ်သက်ခြင်းမှာ အပြောသက်သက် မဟုတ်ပေ။ အနမ်းပေးရန် မဆိုထားနှင့်၊ ကျိရှန့်သည် သူမ၏လက်ကိုပင် မည်သည့်ယောက်ျားကိုမျှ အထိမခံခဲ့ဖူးပေ။

သို့သော် ယနေ့တွင်မူ ချင်ယွမ်ဖုန်းသည် လူအများရှေ့၌ ကျိရှန့်ကို နမ်းလိုက်လေပြီ။

“ဒီ ချင်ယွမ်ဖုန်းတော့... သွားပြီပဲ။” သူတို့သည် ချင်ယွမ်ဖုန်းအတွက် ခေါင်းတလားကိုပင် စိတ်ကူးဖြင့် ပြင်ဆင်ထားလိုက်ကြလေတော့သည်။

ကျိရှန့် စိတ်အေးသွားရန် အတော်ကြာအောင် အချိန်ယူလိုက်ရသည်။

“အကယ်ဒမီကို ပြန်ကြမယ်။” ဟု ကျိရှန့်က ပါးပြင်များ နီမြန်းလျက် တည်ငြိမ်စွာ ပြောလိုက်၏။

“အစ်မကြီး... ကျွန်တော်တို့ ဒီအတိုင်းပဲ ပြန်ကြတော့မှာလား။” ဟု စီနီယာကျောင်းသားတစ်ဦးက လှမ်းမေးသည်။

ကျိရှန့်သည် ထိုသူကို စိုက်ကြည့်လိုက်ကာ “ပြန်မသွားဘဲ ဒီမှာ ဘာလုပ်နေမှာလဲ၊ ကျောက်စိမ်းဆွဲပြားတွေ အကုန်လုံး အခိုးခံလိုက်ရပြီလေ။”

“ဒါကတော့ ဟုတ်ပါပြီ၊ ဒါပေမဲ့ ချင်ယွမ်ဖုန်းကို ဒီအတိုင်း လွှတ်ပေးလိုက်တော့မှာလား။” စီနီယာကျောင်းသားသည် အရှုံးမပေးလိုသေးပေ၊ ချင်ယွမ်ဖုန်း၏ မုန်းတီးဖွယ်ကောင်းသော မျက်နှာမှာ သူ၏ စိတ်ထဲတွင် စွဲထင်နေဆဲ ဖြစ်သည်။

အကယ်၍ ချင်ယွမ်ဖုန်း၏ ယုံကြည်မှုတန်ဖိုးများကို တစ်ကြိမ်တည်းနှင့် ရယူနိုင်မည်ဆိုပါက ကျိရှန့်တစ်ယောက်တည်းကပင် သူ့အတွက် မည်မျှအထိ များပြားသော တန်ဖိုးများကို ပေးစွမ်းနိုင်မည်လဲ မသိနိုင်ပေ။

“သူ့ကို လွှတ်ပေးရမယ် ဟုတ်လား၊ မဖြစ်နိုင်တာ။ အကယ်ဒမီကို အရင်ပြန်ပြီး သူ့ကို စောင့်နေကြတာပေါ့။” ဟု ကျိရှန့်က ပြတ်သားစွာ ဆိုသည်။

“ဒါပေမဲ့... အကယ်ဒမီထဲမှာ တိုက်ခိုက်တာကို တားမြစ်ထားတယ်လေ။”

“အပြစ်ပေးခံရရင်လည်း ဘာဖြစ်လဲ၊ ချင်ယွမ်ဖုန်းကို ပြန်ပေးဆပ်ခိုင်းရမယ်။” ကျိရှန့်၏ တစ်ကိုယ်လုံးမှာ ဒေါသကြောင့် တုန်ရီနေလေသည်။

အားလုံးက ခေါင်းညိတ်လိုက်ကြပြီး စိတ်ပျက်လက်ပျက်ဖြင့် အကယ်ဒမီသို့ လျှောက်လှမ်းသွားကြသည်။

ကျိရှန့်၏ မျက်နှာမှာ အလွန်ပင် ခက်ထန်နေသော်လည်း အကြောင်းရင်း တစ်စုံတစ်ရာကြောင့် ချင်ယွမ်ဖုန်း သူမကို နမ်းခဲ့သည့် အချိန်ကာလလေးမှာ သူမ၏ စိတ်ထဲ၌ ထပ်တလဲလဲ ပေါ်ပေါက်နေလေသည်။

ယောက်ျားများကို မဆိုထားနှင့်၊ ကျိရှန့်သည် မိန်းမချင်းပင် နမ်းဖူးခြင်း မရှိခဲ့ပေ။ ယခုမူ သူမ၏ ပထမဆုံး အနမ်းကို ထိုသို့ ဆုံးရှုံးလိုက်ရလေပြီ။

ဖေးရွှယ်၏ ကျောပေါ်တွင်မူ ချင်ယွမ်ဖုန်းသည် မာထျန်း အအေးမိပြီး သေမသွားစေရန် လဲလှယ်ဝတ်ဆင်ဖို့ အဝတ်အစား အချို့ကို ရှာဖွေပေးလိုက်သည်။

“ဖုန်းအစ်ကို... မင်းကတော့ ကျွန်တော်တို့အားလုံးရဲ့ စံပြပဲ။ အဲ့ဒီလို ကျားမကြီးကိုတောင် သွားပြီး ရန်စရဲတယ်နော်။” မာထျန်းက လက်မထောင်၍ ချီးကျူးလေသည်။

ချင်ယွမ်ဖုန်းကမူ မတတ်သာသည့်အဆုံး ခေါင်းခါယမ်းလိုက်ကာ “သူမကို ပိုပြီး ဒေါသထွက်စေမယ့် နည်းလမ်းဆိုလို့ ဒါပဲ ရှိတာကိုး။”

“လေးစားပါတယ်... တကယ်ကို လေးစားပါတယ်။ ကျွန်တော်ကတော့ အဝေးကြီး လိုပါသေးတယ်။ ဒီနေ့ကစပြီး မင်းက ကျွန်တော့်ရဲ့ အစ်ကိုကြီးပဲ။” မာထျန်း၏ မြှောက်ပင့်စကားသံများမှာ ကျယ်လောင်လှသည်။

ချင်ယွမ်ဖုန်းသည် ခေါင်းခါယမ်းကာ မာထျန်းကို ခေါ်ဆောင်၍ ရှန်းဝူမျှော်စင်သို့ ပြန်လာခဲ့သည်။

ဟုန်ယဲ့သည်လည်း ကျောင်းသားသစ် အများအပြားကို ဤနေရာသို့ ခေါ်ဆောင်လာခဲ့ပြီ ဖြစ်သည်။

ကျောင်းသားသစ် အများစုမှာ ကျောက်စိမ်းတံဆိပ်ပြားများ လုယူခံလိုက်ရပြီး အနည်းငယ်သာ လွတ်မြောက်နေခဲ့ခြင်း ဖြစ်သည်။

ချင်ယွမ်ဖုန်းသည် ကျောင်းသားသစ် အားလုံးကို ရှန်းဝူမျှော်စင်အတွင်းသို့ ဝင်ရောက်စေပြီး ကျိရှန့်ထံမှ သိမ်းဆည်းလာသော ကျောက်စိမ်းတံဆိပ်ပြားများကို အားလုံးအား ဝေငှပေးလိုက်လေသည်။

“အားလုံး စိတ်မပူကြပါနဲ့။ လူတိုင်း ကျောက်စိမ်းဆွဲပြား တစ်ခုထက်မက ရရှိကြပါလိမ့်မယ်။” ဟု ချင်ယွမ်ဖုန်းက ပြုံး၍ ပြောလိုက်လေတော့သည်။

All Chapters