← Chapters

အခန်း (၁၈၉-၁၉၀)

Vol. 11 Ch. 189-190

အခန်း (၁၈၉-၁၉၀)

Vol. 11 Ch. 189-190

အခန်း (၁၈၉) စစ်ဆင်ရေးစတင်ခြင်း

ချင်ယွမ်ဖုန်းသည် ထိုကျောက်စိမ်းဆွဲပြားအား မည်သည့်နေရာမှ ရရှိခဲ့သည်ကို ဟုန်ယဲ့က အလွန်သိချင်နေမိသော်လည်း ဘေးနားတွင်ရှိနေသော မာထျန်းကမူ ဇာတ်လမ်းကို အပိုအလင်္ကာများထည့်သွင်းကာ သက်ဝင်လှုပ်ရှားစွာ ပြန်လည်ပြောပြနေလေသည်။

ချင်ယွမ်ဖုန်းက ကျိရှန့်အား နမ်းလိုက်သည်ဟူသော အချက်ကို ပြောလိုက်သောအခါ ကျောင်းသားသစ်များအားလုံးက ဝမ်းသာအားရ အော်ဟစ်လိုက်ကြကုန်၏။

၎င်းတို့မှာ ငယ်ရွယ်သူများဖြစ်ကြပြီး အငယ်ဆုံးမှာ ဆယ်နှစ်ဝန်းကျင်ခန့်သာ ရှိသေးရာ အမျိုးသားနှင့် အမျိုးသမီးကြားရှိ ကိစ္စရပ်များအား ကောင်းစွာမသိရှိကြသေးပေ။

၎င်းတို့အနေဖြင့် ချင်ယွမ်ဖုန်း လုပ်ဆောင်လိုက်သည်မှာ အလွန်ပင် မိုက်လှသည်ဟုသာ ထင်မြင်နေကြခြင်းဖြစ်သည်။

"ကဲပါ... မာထျန်းရာ၊ ကလေးတွေကို လမ်းမှားမပို့ပါနဲ့ဦး" ဟု ချင်ယွမ်ဖုန်းက အကူအညီမဲ့စွာ ခေါင်းယမ်းရင်း ပြောလိုက်လေသည်။

တစ်ချိန်တည်းမှာပင် ရှန်းဝူအကယ်ဒမီ၌ ဆရာများမှာ ရုတ်ရုတ်သဲသဲ ဖြစ်နေကြချေပြီ။

"ချင်ယွမ်ဖုန်းကတော့ တကယ်ကို အတောမသတ်နိုင်အောင် ဆိုးသွမ်းလွန်းတာပဲ။ ဒါ ကျောင်းသားတစ်ယောက်ရဲ့ အပြုအမူမျိုးလား။ သူက လူရမ်းကားတစ်ယောက်လိုပဲ"

ချင်ယွမ်ဖုန်းက ကျိရှန့်အား နမ်းလိုက်သည်ကို ၎င်းတို့အားလုံး မြင်တွေ့ခဲ့ကြရသော်လည်း ကာယကံရှင်များမှာမူ ၎င်းတို့၏ လုပ်ရပ်တိုင်းကို ထိုဆရာများက ရှင်းရှင်းလင်းလင်း မြင်တွေ့နေရသည်ကို မသိရှိကြပေ။

"ဘာလို့ ကလေးတွေရဲ့ ကစားစရာကိစ္စကို ဒီလောက်အလေးအနက်ထားနေရတာလဲ။ ကျိရှန့်က သူ့နောက်ကို မနေ့က မိုင်ပေါင်းများစွာ လိုက်လံနှောင့်ယှက်ခဲ့လို့ ချင်ယွမ်ဖုန်းက လက်စားချေလိုက်တာလို့ပဲ ကျွန်တော်ကတော့ ထင်တာပဲ" ဟု အခြားဆရာတစ်ဦးကမူ ချင်ယွမ်ဖုန်း၏ အပြုအမူကို သဘောကျကာ ပြောဆိုလေသည်။

"ဟင်း... ဒီလိုကျောင်းသားမျိုးကို အကယ်ဒမီမှာ ထားတာဟာ သူ့အတွက်တင်မကဘဲ အခြားကျောင်းသားတွေအတွက်ပါ ဘေးဒုက္ခတစ်ခုပဲ ဖြစ်လာမှာ" ဟု ထိုဆရာက ဒေါသတကြီး ပြန်ပြောလေသည်။

"ဒီလိုကျောင်းသားမျိုး ရှိနေတာကမှ အကယ်ဒမီကို သက်ဝင်လှုပ်ရှားစေမှာပါ။ မဟုတ်ရင် တစ်နေ့လုံး သက်မဲ့နေတဲ့ ကျောင်းသားအုပ်ကြီးကို ကြည့်နေရတာ ဘယ်သူမှ တက်ကြွလာမှာ မဟုတ်ဘူး"

ယီနန်မှာမူ နောက်တွင်ရပ်နေပြီး မည်သည့်ထင်မြင်ချက်မျှ မပေးပေ။ ချင်ယွမ်ဖုန်းသည် ကျိရှန့်အား လက်စားချေရန်အတွက်သာ ထိုသို့လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သူမ အသေအချာ သိရှိနေသည်။

သို့သော် သူမ၏ စိတ်ထဲတွင် မတင်မကျဖြစ်ကာ စိတ်အနှောင့်အယှက် ဖြစ်နေမိဆဲပင်။

"ကဲ... တော်ကြပါတော့။ ကျောင်းသားတွေရဲ့ ကစားစရာကိစ္စတွေမှာ ငါတို့တွေ အလွန်အကျွံ ဝင်မစွက်ဖက်သင့်ပါဘူး။ လူငယ်တွေမှာ သူတို့ဘာသာ ဖြတ်သန်းရမယ့် ဘဝတွေ ရှိကြတာပဲ" ဟု ကျောင်းအုပ်ကြီး ယွမ်ထျန်းကန်က တည်ငြိမ်စွာ မိန့်ကြားလိုက်သည်။

အခြားဆရာများမှာ ငြိမ်သက်သွားကြကုန်၏။ ကျောင်းအုပ်ကြီးက ချင်ယွမ်ဖုန်းကို အထင်ကြီးလေးစားနေသည်မှာ သိသာလှပေသည်။

"ဟင်း... သူက နှာဘူးပဲ။ ယီနန်... ဒီလိုလူမျိုးအတွက်နဲ့ ငါနဲ့ ရန်သူဖြစ်ရတာ တန်ရဲ့လား" ဟု ကျူးကောက်တာက ယီနန်၏ ဘေးသို့ ဖြည်းညှင်းစွာ လျှောက်လာပြီး တိုးတိုးလေး ပြောလိုက်သည်။

ယီနန်က ကျူးကောက်တာအား စိုက်ကြည့်လိုက်ကာ "ဆရာကျူး... ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ် လေးစားမှုရှိစမ်းပါ။ ကျွန်မက ဘယ်သူ့အတွက်နဲ့မှ ရှင့်ကို ရန်သူလုပ်နေတာ မဟုတ်ဘူး။ ရှင့်ကို မကြိုက်လို့၊ ဒါပါပဲ"

"ဟင်း... မကြိုက်ဘူးလို့ ပြောတာပေါ့လေ" ဟု ကျူးကောက်တာက အာဃာတများ ပြည့်နှက်နေသော စိတ်ဖြင့် အေးစက်စွာ ပြောလိုက်လေသည်။

ထိုအဖွဲ့သည် ရှန်းဝူမျှော်စင်တွင် အနားယူနေကြစဉ် နေမွန်းတည့်ချိန် ကျော်လွန်သည်နှင့် မျှော်စင်တံခါးကြီး ရုတ်တရက် ပွင့်လာပြီး စီနီယာအစ်ကို အချို့ ဝင်ရောက်လာကြသည်။

အခြားကျောင်းသားသစ်များမှာ ထိတ်လန့်တုန်လှုပ်သွားကြသော်လည်း ချင်ယွမ်ဖုန်းကမူ တည်ငြိမ်စွာ ထရပ်ကာ ထိုစီနီယာကျောင်းသားများထံသို့ လျှောက်သွားလိုက်သည်။

ဤနေရာတွင် ကျောင်းသားသစ် အများအပြား ရှိနေသည်ကို မြင်သောအခါ စီနီယာကျောင်းသားများက ချင်ယွမ်ဖုန်းအား အပြင်ထွက်၍ စကားပြောရန် ခေါ်ထုတ်သွားကြသည်။

ဒါကို မြင်လိုက်ရသော ကျောင်းသားသစ်များမှာ စူးစမ်းလိုစိတ်များ ဖြစ်ပေါ်လာကြပြီး "စီနီယာအစ်မ ဟုန်ယဲ့... ဖုန်းအစ်ကိုနဲ့ ဟိုစီနီယာတွေက ဘာပတ်သက်မှု ရှိလို့လဲ။ သူတို့က သိနေကြတာလား" ဟု မေးကြလေသည်။

ဟုန်ယဲ့က ချင်ယွမ်ဖုန်းသည် ထိုစီနီယာကျောင်းသားများအား အဝတ်အစားများ အကုန်ချွတ်ခိုင်းခဲ့သည့် မြင်ကွင်းကို ပြန်လည်အမှတ်ရကာ ပြုံးလိုက်မိပြီး ချင်ယွမ်ဖုန်းအား စိတ်ထဲမှနေ၍ ကာမရူးကြီးဟု ကျိန်ဆဲနေမိတော့သည်။

"ဘာမှမဖြစ်ပါဘူး၊ အဲဒီစီနီယာကျောင်းသားတွေက မင်းတို့ ဖုန်းအစ်ကိုရဲ့ စီးပွားဖက်တွေပါ" ဟု ဟုန်ယဲ့က တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

စီနီယာကျောင်းသားအချို့နှင့် ချင်ယွမ်ဖုန်းတို့သည် ရှန်းဝူမျှော်စင်၏ အပြင်ဘက်သို့ ရောက်ရှိလာကြသည်။

စီနီယာကျောင်းသားများက ချင်ယွမ်ဖုန်းထံသို့ စာအုပ်ငယ်တစ်အုပ် ကမ်းပေးလိုက်ရာ ထိုစာအုပ်ထဲတွင် အတန်းတစ်ခုချင်းစီ၏ အင်အား၊ လူဦးရေနှင့် လက်ရှိရောက်ရှိနေသော နေရာများကို အသေးစိတ် ရေးသားထားသည်။

"ဒါဆို လုံလောက်ပြီလား။ ငါတို့ရဲ့ အကြွေးစာချုပ်ကို ပြန်ပေးတော့" ဟု စီနီယာကျောင်းသားတစ်ဦးက လောလောလောလော ပြောလိုက်သည်။ "တကယ်လို့ တခြားကျောင်းသားတွေက ငါတို့ မင်းကို ကူညီခဲ့တာ သိသွားရင် ငါတို့ အရိုက်ခံရပြီး သေသွားလိမ့်မယ်"

ချင်ယွမ်ဖုန်းက ပြုံးလိုက်ကာ "ဒီအချက်အလက်တွေကို စီနီယာတို့ မပြင်ဆင်ထားဘူးလို့ ကျွန်တော် ဘယ်လိုသိနိုင်မလဲ။ ဒီလိုလုပ်ရအောင်... အခု စီနီယာတို့ကို တစ်ဝက်အရင် ပြန်ပေးမယ်။

ချန်ပီယံလုပွဲ ပြီးဆုံးလို့ ဒီအချက်အလက်တွေက မှန်ကန်တယ်၊ ကျွန်တော့်ကို သစ္စာမဖောက်ဘူးဆိုရင် ကျန်တဲ့တစ်ဝက်ကို ပြန်ပေးမယ်"

"မင်း ကတိဖျက်တာပဲ" ဟု လူကြီးတစ်ဦးက ဒေါသတကြီး ပြောလိုက်သည်။

ချင်ယွမ်ဖုန်းက ခေါင်းယမ်းလိုက်ကာ "ဒါက ကတိဖျက်တာ မဟုတ်ပါဘူး။ ဘေးကင်းအောင် ကြိုတင်ကာကွယ်တဲ့ သဘောပါ။ စီနီယာတို့က ကျွန်တော့်ကို တစ်ဖတ်လှည့်ပြီး ပြန်ရောင်းစားရင် ဘယ်လိုလုပ်မလဲ"

ထိုသို့ပြောရင်း ချင်ယွမ်ဖုန်းက အကြွေးစာချုပ် သုံးစောင်ကို ထုတ်ယူကာ ၎င်းတို့အား ပြန်ပေးလိုက်သည်။

စီနီယာကျောင်းသားအချို့မှာ သက်ပြင်းချလိုက်ကြပြီး ချင်ယွမ်ဖုန်း၏ လက်ထဲမှ စာအုပ်ငယ်အား ပြန်ယူကာ အချို့နေရာများတွင် ပြင်ဆင်မှုများ ပြုလုပ်ကြသည်။

ဥပမာအားဖြင့် စီနီယာကျောင်းသားများ၏ ကျင့်စဉ်အဆင့်ကို တမင်တကာ လျှော့ချရေးသားထားခြင်းနှင့် စီနီယာအချို့၏ အမည်နောက်တွင် "ခြုံခိုတိုက်ခိုက်ခြင်း" ဟူသော စကားလုံးများကို ထည့်သွင်းလိုက်ခြင်းတို့ ဖြစ်သည်။

"အခုတော့ ဒါအမှန်ပဲ" ဟု စီနီယာကျောင်းသားက တည်ငြိမ်စွာ ပြောလိုက်သည်။

"တွေ့လား... စီနီယာတို့ကို အကုန်လုံးသာ တန်းပေးလိုက်ရင် ကျွန်တော့်ကို တကယ်ကြီး ရောင်းစားတော့မှာ။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ တကယ်လို့ ဒီအချက်အလက်တွေ အကုန်မှန်ကန်မယ်ဆိုရင် ကျန်တဲ့စာချုပ်တွေကို ကျွန်တော် သေချာပေါက် ပြန်ပေးမှာပါ။ ဒါကိုလည်း ဘယ်သူမှ သိမှာမဟုတ်ဘူး" ဟု ချင်ယွမ်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

ထိုသို့ပြောပြီးနောက် ချင်ယွမ်ဖုန်းသည် ရှန်းဝူမျှော်စင်ထဲသို့ လျှောက်ဝင်သွားတော့သည်။ စီနီယာကျောင်းသားများသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ချင်ယွမ်ဖုန်းသည် တကယ်ကို အပြစ်ပြောစရာမရှိအောင် စေ့စပ်သူဖြစ်ကြောင်း နားလည်သွားကြကာ သက်ပြင်းချ၍ ထွက်ခွာသွားကြကုန်၏။

ချင်ယွမ်ဖုန်းသည် ရှန်းဝူမျှော်စင်သို့ ပြန်ရောက်သောအခါ စီနီယာကျောင်းသားများ ပေးခဲ့သော စာအုပ်ငယ်ကို ဖွင့်ကြည့်လိုက်သည်။ ထိုထဲတွင် စီနီယာကျောင်းသားများနှင့် ပတ်သက်သော အချက်အလက်များစွာ ပါရှိသည်။

ဥပမာအားဖြင့် ဆဋ္ဌမတန်း ကျောင်းသားဖြစ်သူ ကျိရှန့်ကို အထူးသတိထားရန် လိုအပ်သည်။ သူသည် အဆင့်ရှစ် မဟာဆရာနယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်ရာ တစ်တန်းလုံးတွင် အစွမ်းအထက်ဆုံးဖြစ်သည်။

ထို့ပြင် သူ့နောက်တွင် မြှောက်ပင့်ပေါင်းသင်းတတ်သူ အယောက်နှစ်ဆယ် ပါရှိပြီး လက်ရှိတွင် ချင်းဖုန်းရေကန်၌ စခန်းချနေသည်။

စတုတ္ထတန်း ကျောင်းသားဖြစ်သူ ရှီကျားမှာ အသက် ဆယ့်ရှစ်နှစ်သာ ရှိသေးသော်လည်း အဆင့်ခုနစ် သိုင်းပညာရှင် အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

သူ၏ ပါရမီမှာ အံ့ဩဖွယ်ကောင်းလှသည်။ သူ၏ အတန်းတွင် ကျောင်းသား တစ်ဆယ့်ခြောက်ဦး ရှိပြီး လက်ရှိတွင် တောင်ဘက်သို့ ဆက်လက်ဦးတည်နေကြသည်။

အသက် ၂၆ နှစ်အရွယ် အဋ္ဌမတန်း ကျောင်းသားဖြစ်သူ လျိုချင်းမှာ အဆင့်ရှစ် မဟာဆရာနယ်ပယ်သို့ ရောက်ရှိနေသူဖြစ်သည်။ သူသည် သိုင်းပညာကို ရူးသွပ်သူဖြစ်ပြီး အချိန်တိုင်း တိုက်ခိုက်ရန် ပြိုင်ဘက်ကိုသာ ရှာဖွေနေတတ်ကာ တစ်ဦးတည်းနေရသည်ကို နှစ်သက်သူဖြစ်သည်။

ဤအချက်အလက်များသည် စီနီယာကျောင်းသား အားလုံးနီးပါးကို လွှမ်းခြုံထားသော်လည်း နဝမတန်းမှ စီနီယာကျောင်းသားများနှင့် ပတ်သက်သော သတင်းမှာမူ မရှိပေ။

၎င်းတို့သည် ချန်ပီယံလုပွဲကဲ့သို့သော ကိစ္စများတွင် အချိန်မဖြုန်းလိုကြခြင်း ဖြစ်ဟန်တူသည်။

"ကဲ... ပစ်မှတ်တွေ အကုန်လုံးကတော့ ရှင်းနေပြီပဲ။ သူတို့က ငါတို့ဆီက လုချင်ကြတာပေါ့လေ၊ ဟုတ်လား။ ဒီတစ်ခါတော့ ငါတို့ကပဲ အကုန်ပြန်လုပြီး သူတို့ကို သင်ခန်းစာပေးရမယ်" ဟု ချင်ယွမ်ဖုန်းက ပြတ်သားစွာ ပြောလိုက်သည်။

ဝမ်ဝူး ပြန်ရောက်လာပြီးနောက် ချင်ယွမ်ဖုန်းက ကျောင်းသားသစ်များ အားလုံးကို ဤနေရာတွင် ခေတ္တပုန်းအောင်းနေရန် ခိုင်းစေလိုက်သည်။

ထို့နောက် သူ၊ မာထျန်း၊ ဟုန်ယဲ့နှင့် ဝမ်ချိုင်တို့သည် ဖေးရွှယ်၏ ကျောပေါ်သို့ ခုန်တက်ကာ အမဲလိုက်ခြင်းကို စတင်လိုက်ကြတော့သည်။

ချင်ယွမ်ဖုန်းထံသို့ သတင်းပေးပို့ခဲ့သော စီနီယာကျောင်းသားများသည် လူအချို့၏ နောက်တွင် "ခြုံခိုတိုက်ခိုက်ခြင်း" ဟူသော စကားလုံးကို ရေးသားထားခဲ့ရာ ယင်းမှာ ထိုသူများသည် ချင်ယွမ်ဖုန်းကို သစ္စာဖောက်ကာ သူလာရောက်စိန်ခေါ်မည်ကို စောင့်ဆိုင်းနေကြကြောင်း ဖော်ပြနေခြင်းဖြစ်သည်။

သို့သော် ချင်ယွမ်ဖုန်းသည် ဝမ်ချိုင်ရှိနေသည့်အတွက် ခြုံခိုတိုက်ခိုက်မှု ရှိနေသည်ကို သိနေပါသော်လည်း ရှေ့သို့ အရှိန်အဟုန်ဖြင့် တိုးဝင်သွားခဲ့သည်။

မကြာမီမှာပင် လူလေးယောက်၊ ခွေးတစ်ကောင်နှင့် ပျံလွှားနဂါးတစ်ကောင်တို့သည် စီနီယာကျောင်းသားများကို လိုက်လံနှိမ်နင်းနေသည်ဟူသော သတင်းမှာ ပျံ့နှံ့သွားတော့သည်။

စီနီယာကျောင်းသား အများအပြားသည် ထိုခွေး၏ လက်ချက်ဖြင့် ရှုံးနိမ့်ခဲ့ကြရပြီး ၎င်းတို့၏ ကျောက်စိမ်းတံဆိပ်ပြားများမှာလည်း အလုခံလိုက်ရသည်။

ခေတ္တမျှအတွင်းမှာပင် စီနီယာကျောင်းသားများကြား၌ စိုးရိမ်ထိတ်လန့်မှုများ ပျံ့နှံ့သွားလေသည်။

ထိုသတင်းသည် စီနီယာကျောင်းသား တစ်ဦး၏ နားထဲသို့ လျင်မြန်စွာ ရောက်ရှိသွားရာ သူ၏ မျက်နှာတွင် ကြောက်မက်ဖွယ်ကောင်းသော အပြုံးတစ်ခု ပေါ်ပေါက်လာသည်။

"ဒီချင်ယွမ်ဖုန်းဆိုတဲ့ တစ်ယောက်ကတော့ တကယ်ကို မဆိုးဘူးပဲ။ ရှန်းဝူအကယ်ဒမီကို ရောက်တာ မကြာသေးဘူး၊ ဒီလောက်ထိ ရုတ်ရုတ်သဲသဲ ဖြစ်အောင် လုပ်နိုင်တယ်ဆိုတော့ သူက တကယ်ကို ထူးခြားတဲ့သူ ဖြစ်ရမယ်။ ငါ သေချာပေါက် သွားတွေ့ရမယ်"

ထိုသူမှာ အခြားသူမဟုတ်၊ သိုင်းရူးကြီး လျိုချင်းပင် ဖြစ်သည်။ သူသည် အလွန်အေးစက်လှသော ရာသီဥတုတွင် ရှိနေပါသော်လည်း ချမ်းအေးမှုကို ဂရုမစိုက်သည့်အလား အင်္ကျီတစ်ထည်တည်းကိုသာ ရင်ဘတ်ဟဟဖြင့် ဝတ်ဆင်ထားလေသည်။

အခန်း (၁၉၀) လက်ရည်စမ်းခြင်း

ဤသည်မှာ လျိုချင်း၏ ကျင့်ကြံခြင်းနည်းလမ်းပင် ဖြစ်ချေသည်။ သူသည် ရှန်းဝူအကယ်ဒမီသို့ ရောက်ရှိနေသည်မှာ ရှစ်နှစ်တိုင်တိုင် ရှိခဲ့ပြီဖြစ်ပြီး အလွန်အမင်း အေးစက်လှသော အခြေအနေများအောက်ဝယ် သူ၏ ခန္ဓာကိုယ်ကို အမြဲမပြတ် လေ့ကျင့်ပေးခဲ့သည်။

ထိုသို့သော မယိမ်းမယိုင်ဘဲ ခိုင်မာလှသည့် စိတ်ဆန္ဒကြောင့်သာ လျိုချင်း၏ ကျင့်စဉ်အဆင့်မှာ တည်ငြိမ်စွာ မြင့်တက်လာခြင်း ဖြစ်ပေသည်။

သူသည် နှင်းပုံထဲမှ ထရပ်လိုက်ပြီးနောက် ရှန်းဝူအကယ်ဒမီ မျှော်စင်ဆီသို့ ဦးတည်လိုက်တော့သည်။

တစ်နေ့တည်းအတွင်းမှာပင် ချင်ယွမ်ဖုန်းသည် ဒုတိယအဆင့်မှ ဆဋ္ဌမအဆင့်အထိ ကျောင်းသားများကို အပြတ်အသတ် အနိုင်ယူခဲ့လေရာ သူ၏ နာမည်မှာ အလွန်တရာ ကျော်ကြားလာခဲ့ပြီး ကျောင်းသားသစ်များက သူ့ကို နတ်ဘုရားတစ်ပါးကဲ့သို့ပင် အထင်ကြီး လေးစားနေကြတော့သည်။

စီနီယာကျောင်းသား အတော်များများမှာမူ နတ်ဘုရားသောင်ချီနယ်မြေ ကျောင်းတော်သို့ ပြန်သွားကြပြီး ချင်ယွမ်ဖုန်းသည် သူ၏ အိမ်မွေးတိရစ္ဆာန်ကို အသုံးပြုကာ လိမ်လည်လှည့်ဖျားခဲ့ကြောင်း ဆရာများကို သွားရောက်တိုင်တန်းကြလေသည်။

သို့ရာတွင် ဆရာများကမူ “အိမ်မွေးတိရစ္ဆာန်ဆိုတာလည်း ကိုယ့်ရဲ့ စွမ်းအားတစ်စိတ်တစ်ပိုင်းပဲလေ” ဟူ၍သာ ပြန်လည် တုံ့ပြန်ခဲ့ကြသည်။

ထိုစကားကြောင့် အခွင့်အရေးများ ဆုံးရှုံးသွားရသည့် စီနီယာကျောင်းသားများမှာ အကြီးအကျယ် စိတ်ပျက်အားလျော့ သွားကြရရှာသည်။

နေ့တာကုန်ဆုံး၍ ညနေခင်းသို့ ရောက်ရှိလာသောအခါ ချင်ယွမ်ဖုန်းနှင့် အခြားသူများသည် ရှန်းဝူအကယ်ဒမီသို့ ပြန်လည်ရောက်ရှိလာကြသည်။ ယခုဆိုလျှင် အချိန်တစ်ရက်သာ ကျန်ရှိတော့၏။

ရှာမတွေ့သေးသည့် ကျောင်းသားအချို့မှလွဲ၍ ကျန်ကျောင်းသားသစ်များအားလုံး၌ ဂိုဏ်းတံဆိပ်ပြားများ အသီးသီး ရှိနေကြပြီဖြစ်ပြီး အချို့ဆိုလျှင် တစ်ခုထက်ပင် ပို၍ ရရှိထားကြသေးသည်။

ချင်ယွမ်ဖုန်း၏ လုပ်ဆောင်ချက်များက သူတို့ကို စိတ်လှုပ်ရှားစေခဲ့သလို များစွာလည်း ဝမ်းမြောက်စေခဲ့သည်။

စီနီယာကျောင်းသားများမှာ အမြဲတမ်း သူတို့ကိုယ်သူတို့ အထက်တန်းကျသည်ဟု မှတ်ယူထားကြပြီး ကျောင်းတော်သို့ အရင်ရောက်နှင့်နေသူများမှာ တစ်မူထူးခြားနေသယောင် ပြုမူတတ်ကြသည်။

ယခုမူ သူတို့သည် စီနီယာများ၏ ရှေ့တွင် ခေါင်းမော့ ရင်ကော့နိုင်ကြပြီ မဟုတ်လော။

“ကဲ... ငါတို့ တစ်စိတ်တစ်ပိုင်း အောင်ပွဲရခဲ့တယ်ဆိုပေမဲ့ ဒီစီနီယာတွေက အလွယ်တကူ လက်လျှော့ကြမှာ မဟုတ်ဘူး။ ဒါကြောင့် ဒီညတော့ ငါတို့ နေရာပြောင်းကြမယ်” ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

“နေရာပြောင်းမယ် ဟုတ်လား... ဘယ်ကို ပြောင်းမှာလဲ” ဟု ကျောင်းသားသစ်တစ်ယောက်က လှမ်းမေးသည်။

ချင်ယွမ်ဖုန်းက ပြုံးလျက် “ချင်းဖုန်းရေကန်ကို သွားကြမယ်လေ။ အဲ့ဒီက ပတ်ဝန်းကျင်က သာယာတဲ့အပြင် နှင်းလည်း သိပ်မရှိဘူး။ အဲ့ဒီမှာပဲ တဲထိုးပြီး နားကြတာပေါ့” ဟု ဆိုလေသည်။

အားလုံးက သဘောတူကြပြီး ခရီးစတင်ခဲ့ကြသည်။ ဖေးရွှယ်က လူတစ်စုကို ခေါ်ဆောင်ကာ ချင်းဖုန်းရေကန်သို့ အရင်ဦးဆုံး သွားနှင့်ပြီး ကျန်သူများကမူ ဖြည်းဖြည်းချင်း လျှောက်လာကြသည်။ ဖေးရွှယ် ပြန်လာကြိုမှသာ အားလုံး စုံစုံလင်လင် ရောက်ရှိသွားကြတော့သည်။

မကြာမီမှာပင် သူတို့သည် ရှန်းဝူအကယ်ဒမီ မျှော်စင်မှ ထွက်ခွာလာခဲ့ပြီး ချင်းဖုန်းရေကန်ဆီသို့ ဦးတည်သွားကြသည်။

ချင်ယွမ်ဖုန်းနှင့် အဖွဲ့ ထွက်ခွာသွားပြီး မကြာမီမှာပင် စီနီယာကျောင်းသားများ၏ လက်စားချေမှုမှာ မျှော်လင့်ထားသည့်အတိုင်း စတင်လာတော့သည်။

အဆင့်အသီးသီးမှ စီနီယာကျောင်းသားများ စုပေါင်းကာ ညဉ့်နက်သန်းခေါင်ယံအချိန်တွင် ရှန်းဝူအကယ်ဒမီ မျှော်စင်ကို အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ကြလေသည်။

သို့သော်လည်း သူတို့ အံ့ဩသွားရသည်မှာ ရှန်းဝူအကယ်ဒမီ မျှော်စင်တစ်ခုလုံးမှာ လူသူကင်းမဲ့၍ ဟာလာဟင်းလင်း ဖြစ်နေခြင်းပင်။ သူတို့ လက်ဗလာနှင့် ပြန်ခဲ့ကြရသည်။

စီနီယာကျောင်းသားများသည် အလွန်အမင်း ဒေါသထွက်နေကြသော်လည်း မည်သူ့ကိုမျှ ပေါက်ကွဲ၍ မရသဖြင့် ချင်ယွမ်ဖုန်းကိုသာ အသည်းအသန် မုန်းတီးနေကြတော့သည်။

တတိယမြောက်နေ့... ဤသည်မှာ ချန်ပီယံလုပွဲ၏ နောက်ဆုံးနေ့ပင် ဖြစ်တော့သည်။

မူလကမူ စီနီယာကျောင်းသားများမှာ ကျောင်းသားသစ်များ၏ စိတ်ဓာတ်ကို လေ့ကျင့်ပေးရန် ဖြစ်သော်လည်း ယခုမူ သူတို့မှာ ဒေါသမီးဟုန်းဟုန်း တောက်နေကြရသည်။

ကျောင်းသားသစ်များမှာ ချန်ပီယံလုပွဲတွင် အပြတ်အသတ် အနိုင်ရတော့မည် ဖြစ်သော်လည်း သူတို့မှာမူ ဘာမှမတတ်နိုင်ဘဲ ကြည့်နေရုံမှတစ်ပါး အခြားမရှိပေ။

နောက်ဆုံးနေ့တွင် ချင်ယွမ်ဖုန်းမှာ နောက်ဆုံးအကြိမ်အဖြစ် အားသွန်ခွန်စိုက် ကြိုးပမ်းကာ ကျောင်းသားဟောင်းများကို အနှံ့အပြား လိုက်လံရှာဖွေတော့သည်။

သူတို့နှင့် တွေ့သည့်အခါတိုင်း ဝမ်ချိုင်ကို လွှတ်ကာ အနိုင်ယူစေပြီး ဂိုဏ်းတံဆိပ်ပြားများကို သိမ်းယူလေသည်။

တစ်ရက်အတွင်းမှာပင် စီနီယာကျောင်းသားများ၏ ၈၀ ရာခိုင်နှုန်းခန့်မှာ အထိနာကုန်ကြရသည်။

ပြန်လည်ခုခံသူများမှာမူ ဝမ်ချိုင်၏ အကြီးအကျယ် အရိုက်အနှက် ခံကြရလေသည်။

ချင်ယွမ်ဖုန်းမှာ စီနီယာကျောင်းသား အားလုံးကို အပြတ်ရှင်းပစ်ရန် ရည်ရွယ်ချက် မရှိပေ။

ပထမအချက်မှာ အချိန်မလောက်ခြင်းဖြစ်ပြီး ဒုတိယအချက်မှာ အချို့သောသူများအတွက် မျက်နှာသာပေးလိုသောကြောင့် ဖြစ်သည်။

သူ၏ ပစ်မှတ်များမှာ သူတို့၏ အသက်အရွယ်နှင့်ယှဉ်လျှင် သိပ်ပြီး ထူးထူးခြားခြား မရှိလှသူများသာ ဖြစ်သည်။

ကျိရှန့်မှလွဲ၍ လက်ကမ်းစာစောင်ထဲတွင် ပါဝင်သော ကျော်ကြားသည့် ကျောင်းသားများကိုမူ ချင်ယွမ်ဖုန်း သွားရောက် မနှောင့်ယှက်ခဲ့ပေ။

ထိုကျောင်းသားများမှာ ဩဇာတိက္ကမ ကြီးမားကြသူများဖြစ်ပြီး ချင်ယွမ်ဖုန်းအနေဖြင့် နောင်တွင် ဤကျောင်း၌ပင် ပညာဆက်လက် သင်ကြားရမည် ဖြစ်သဖြင့် သူတို့အတွက် မျက်နှာချန်ထားပေးရန် လိုအပ်ပေသည်။

ချန်ပီယံလုပွဲမှာ ထူးဆန်းသော နည်းလမ်းဖြင့် ပြီးဆုံးတော့မည့်ဟန် ရှိနေသော်လည်း ချင်ယွမ်ဖုန်းက ကျောင်းသားသစ်များအားလုံးကို ခေါ်ဆောင်၍ ထွက်ခွာတော့မည့် အချိန်မှာပင် တစ်စုံတစ်ယောက်က သူ့ဆီသို့ ရောက်ရှိလာခဲ့သည်။

“ချင်ယွမ်ဖုန်း ဘယ်မှာလဲ”

ထိုသူသည် ချင်းဖုန်းရေကန်နှင့် မလှမ်းမကမ်းတွင် ရပ်နေပြီး အားပါပါဖြင့် အော်ဟစ်မေးမြန်းလိုက်သည်။

ပစ္စည်းများ သိမ်းဆည်းနေကြသော ကျောင်းသားသစ်များမှာ စူးစမ်းလိုစိတ်ဖြင့် မော့ကြည့်ကြပြီး ချင်ယွမ်ဖုန်းကမူ မျက်မှောင်ကြုတ်လျက် ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။

“မင်းက ချင်ယွမ်ဖုန်းလား” ထိုသူသည် အပေါ်အင်္ကျီပါးတစ်ထည်ကိုသာ ဝတ်ဆင်ထားပြီး သူ၏ သန်မာလှသော ရင်အုပ်ကြီးမှာ ပေါ်လွင်နေသည်။

ချင်ယွမ်ဖုန်းက ခေါင်းငြိမ့်ပြလိုက်ပြီး “ဟုတ်ပါတယ်... စီနီယာက ဘယ်သူပါလဲ” ဟု မေးလိုက်သည်။

“ငါ့နာမည် လျိုချင်းလို့ ခေါ်တယ်။ မင်းက စီနီယာကျောင်းသား အတော်များများကို အနိုင်ယူထားတယ်လို့ ကြားလို့ မင်းကို တွေ့ဖို့ တကူးတက လာခဲ့တာပါ” ဟု လျိုချင်းက ပြုံးလျက် ပြောသည်။

ချင်ယွမ်ဖုန်း၏ မျက်လုံးများမှာ ဝိုင်းစက်သွားရသည်။ ဤသူမှာ သိုင်းရူးကြီး လျိုချင်းဖြစ်လိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။

သူသည် ထိုကဲ့သို့ ကျော်ကြားသော ကျောင်းသားများကို တမင်တကာ ရှောင်ရှားခဲ့သော်လည်း ရှာတွေ့ခြင်း ခံလိုက်ရသည်မှာ မမျှော်လင့်ထားသည့် ကိစ္စပင်။

“စီနီယာ ဘာလုပ်မလို့လဲ” ချင်ယွမ်ဖုန်းမှာ သတိကြီးစွာ ထားလိုက်တော့သည်။

“လက်ရည်လေး ဘာလေး စမ်းကြည့်ချင်လို့ပါ” ဟု လျိုချင်းက ပြုံးပြုံးလေး ဆိုသည်။

“စီနီယာက နောက်နေတာပဲ။ ကျွန်တော်တို့ရဲ့ အဆင့်တွေက အများကြီး ကွာခြားလွန်းနေတာကို လက်ရည်စမ်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး” ဟု ချင်ယွမ်ဖုန်းက မတတ်သာသည့်အဆုံး ပြောလိုက်ရသည်။

ဤသူမှာ အမှန်တကယ်ပင် သိုင်းရူးကြီး ဖြစ်ပေလိမ့်မည်။ စကားပြောလျှင် လက်ရည်စမ်းဖို့ကိုသာ အမြဲ ထည့်ပြောနေတော့သည်။

“ရပါတယ် ဂျူနီယာညီလေးရဲ့။ မင်းက ဒီနှစ်ရက်အတွင်းမှာ တော်တော်လေး ကျော်ကြားနေတာလေ။ ငါတောင် ကြားမိတဲ့အထိပဲ။ မင်းရဲ့ ကျင့်စဉ်အဆင့်က မမြင့်သေးဘူးဆိုရင်တောင် တစ်ခုခုတော့ ထူးခြားတဲ့ အရည်အချင်း ရှိမှာပါ” ဟု လျိုချင်းက တည်ငြိမ်စွာ ဆိုသည်။

“ဒီလိုလုပ်ရအောင်... မင်းရဲ့ အိမ်မွေးတိရစ္ဆာန်ကို အသုံးမပြုဘဲနဲ့ ငါကလည်း သုံးကွက်ပဲ တိုက်မယ်။ ဘယ်လိုလဲ”

“သုံးကွက် ဟုတ်လား” ချင်ယွမ်ဖုန်းမှာ မျက်မှောင်ကြုတ်သွားသည်။

ဤလျိုချင်းမှာ စီနီယာကျောင်းသားများအတွက် လက်စားချေရန် လာသည့်ပုံစံမျိုး မဟုတ်ချေ။

“ကောင်းပါပြီ... ဒါဆိုရင် သုံးကွက်ပေါ့။ စီနီယာအနေနဲ့ လမ်းညွှန်ပေးပါဦး” ချင်ယွမ်ဖုန်းမှာ သက်ပြင်းတစ်ချက်ကို ခပ်ပြင်းပြင်း ရှူလိုက်ပြီး သူ၏ ကျောပေါ်မှ လုယန့်ဓားကို ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်တော့သည်။

လျိုချင်းမှာ စိတ်လှုပ်ရှားလာပြီး သူ၏ မျက်ဝန်းများမှာလည်း တိုက်ခိုက်လိုသော အရိပ်အယောင်များဖြင့် တောက်ပနေသည်။

“ညီလေး... မင်းက တော်တော်လေး ပွင့်လင်းတာပဲ။ ငါ မင်းလိုလူမျိုးကို သဘောကျတယ်။ မင်း ဒီသုံးကွက်ကို တောင့်ခံနိုင်သည်ဖြစ်စေ၊ မခံနိုင်သည်ဖြစ်စေ ငါကတော့ မင်းကို သူငယ်ချင်းအဖြစ် သတ်မှတ်လိုက်ပြီ”

လျိုချင်းက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ၏ လက်သီးကို ဖြည်းဖြည်းချင်း ဆုပ်လိုက်သည်။ ထို့နောက် ပေ ၄၀ ခန့် အကွာအဝေးမှနေ၍ ချင်ယွမ်ဖုန်းထံသို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်တော့သည်။

ချက်ချင်းဆိုသလိုပင် လျိုချင်း၏ လက်သီးမှ ပြင်းထန်လှသော စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး လက်သီးပုံသဏ္ဌာန် စွမ်းအင်အလင်းတန်းမှာ ကြီးမားသော အဟုန်ဖြင့် ချင်ယွမ်ဖုန်းထံသို့ ပြေးဝင်သွားတော့သည်။

ထိုစွမ်းအင်မှာ မြေပြင်ပေါ်ရှိ နှင်းများကိုပင် လေထဲသို့ လွင့်စင်သွားစေသည်။

ချင်ယွမ်ဖုန်း၏ မျက်လုံးများ ပြူးကျယ်သွားရသည်။

လျိုချင်း၏ စွမ်းအားမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။ သူနှင့် ကျိရှန့်မှာ အဆင့်ရှစ် မဟာဆရာနယ်ပယ်ချင်း တူကြသော်လည်း ကျိရှန့်မှာ လျိုချင်းကို မည်သို့မျှ ယှဉ်နိုင်မည် မဟုတ်ချေ။

ဤလက်သီးချက်မှာ မည်သူမျှ တားဆီး၍ မရနိုင်ဘဲ လေထုကို ဖြတ်သန်းသွားသည့် စူးရှသော အသံကို ပေးလျက် ချင်ယွမ်ဖုန်းဆီသို့ တည့်တည့်မတ်မတ် ဦးတည်နေတော့သည်။

ချင်ယွမ်ဖုန်းသည် မျက်မှောင်ကို စုလိုက်သည်။ လျိုချင်း၏ လက်သီးသုံးကွက်ကို ခံယူရန် သဘောတူထားပြီးဖြစ်ရာ သူ ရှောင်တိမ်းနေမည် မဟုတ်ပေ။

“ဓားဆွဲ ခုတ်ချက်”

ချင်ယွမ်ဖုန်းသည် ကိုယ်ကိုလှည့်ကာ နှစ်လှမ်းခန့် ပြေးလိုက်ပြီးနောက် သူ၏ ဓားရှည်ကို ရုတ်တရက် ဝှေ့ယမ်းလိုက်သည်။ ဓားသွားဖျားတွင် ကြီးမားလှသော စွမ်းအားများကို စုစည်းကာ လက်သီးပုံသဏ္ဌာန် စွမ်းအင်အလင်းတန်းကို အားကုန် လွှဲခုတ်လိုက်တော့သည်။

“ချောက်”

ထိတွေ့မှုမှ ဖြစ်ပေါ်လာသော အားလှိုင်းများမှာ ချက်ချင်းပင် အပြင်ဘက်သို့ ပျံ့နှံ့သွားပြီး ပတ်ဝန်းကျင် ပေ ၃၀ အတွင်းရှိ နှင်းများကို လွင့်စင်သွားစေကာ မြေပြင်ကိုပင် ပေါ်လာစေသည်။

ချင်ယွမ်ဖုန်းမှာ သူ၏ လက်ထဲတွင် ပြင်းထန်သော တုန်ခါမှုကို ခံစားလိုက်ရပြီး ဓားရှည်မှာ လက်ထဲမှ လွတ်ထွက်သွားလုနီးနီးပင် ဖြစ်သွားရသည်။

ကံကောင်းထောက်မစွာဖြင့် ထိုလက်သီးချက်၏ စွမ်းအားမှာ ကုန်ဆုံးသွားပြီး ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။

ချင်ယွမ်ဖုန်းမှာ ထိတ်လန့်သွားရသည်။ ဤသည်မှာ လျိုချင်းက ပေါ့ပေါ့ပါးပါး ပစ်သွင်းလိုက်သော လက်သီးတစ်ချက်၏ စွမ်းအားသာ ရှိပါသေးသည်။

“ညီလေး... မင်းမှာ အရည်အချင်း တော်တော်ရှိတာပဲ။ လူတိုင်း ငါ့လက်သီးကို တောင့်ခံနိုင်တာ မဟုတ်ဘူး” ဟု လျိုချင်းက ပြုံးလျက် ပြောရင်း သူ၏ သိုလှောင်အိတ်ထဲမှ ဓားမကြီးတစ်လက်ကို ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်တော့သည်။

All Chapters