အခန်း (၁၁၄၅-၁၁၄၆)
Vol. 98 Ch. 1145-1146
အခန်း ၁၁၄၅
ရှောင်းယီ၏ အမိန့်ကို ကြားလိုက်ရသည့်အခါ ကျားကျန့်သည် သူ မည်သို့စီစဉ်ထားသည်ကို အတိအကျ မသိသော်လည်း အနည်းဆုံးတော့ တစ်ခုခုလုပ်ရန် ရှိလာပြီဟု ဆိုလိုခြင်း ဖြစ်သည်။
“အားလုံးပဲ... ငါနဲ့အတူ ချက်ချင်း ဆုတ်ခွာမယ်။”
ကျားကျန့်က အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။
“ဆုတ်ခွာရမယ် ဟုတ်လား။”
ရှေ့တန်းရှိ ဧရာမလူသားများအားလုံး မှင်တက်သွားကြတော့သည်။ ဤသို့လုပ်ခြင်းက သူတို့အနောက်ရှိ အားနည်းသော လူသားများကို ရန်သူနှင့် တိုက်ရိုက် ထိတွေ့သွားစေမည် မဟုတ်ပါလော။
“ဟုတ်တယ်။ ဒါက မဟာမိတ်ခေါင်းဆောင်ရှောင်းက တောင်းဆိုထားတာပဲ။”
ကျားကျန့်က ပြန်ဖြေလိုက်သည်။
“အမိန့်ကို အခုချက်ချင်း အကောင်အထည်ဖော်ကြစမ်း။”
“ဟုတ်ကဲ့။”
ဧရာမလူသားများက ပြန်လည် တုံ့ပြန်လိုက်ကြသည်။
ကျားကျန့်နှင့် တခြားသူများသည် နောက်တန်းသို့ ချက်ချင်းပင် ဆုတ်ခွာသွားကြရာ ထိုမြင်ကွင်းကို မသေမျိုးတပ်မတော်အတွင်းရှိ ဝတ်ရုံနက်ဝတ်ထားသူက လှမ်းမြင်သွားခဲ့သည်။
“သူတို့ ဘာလုပ်နေတာလဲ။ လက်လျှော့ဖို့ စဉ်းစားနေကြတာလား။”
ဝတ်ရုံနက်ဝတ်ထားသူက သူ့ဘာသာ ရေရွတ်လိုက်မိသည်။
“ခေါင်းဆောင်... မဟာမိတ်ခေါင်းဆောင်ရှောင်းက ငါတို့ကို ဘာလို့ ဆုတ်ခိုင်းတာလဲ။ မသေမျိုး လေကြောင်းတပ်ဖွဲ့ကို ငါတို့ မတားနိုင်တော့လို့လား။”
ဆုတ်ခွာနေစဉ်အတွင်း ဟူကျဲက မေးမြန်းလိုက်သည်။ ကျားကျန့်က ခေါင်းခါပြလိုက်သည်။
“ငါလည်း သေချာမသိဘူး။ ခဏနေရင် သိရမှာပေါ့။”
ဧရာမလူသားများမှာ အလွန်လျင်မြန်ကြပြီး ကျားကျန့်က သူတို့ကို စစ်သုံးယာဉ်များ တပ်စွဲထားရာ နေရာသို့ ခေါ်ဆောင်သွားခဲ့သည်။
ထိုအချိန်တွင် ရှောင်းယီသည် စစ်သုံးယာဉ်တပ်ဖွဲ့ဝင်များဖြင့် စကားပြောနေခဲ့သည်။
“အားလုံးပဲ ထိုင်ခုံခါးပတ်တွေ အသေအချာ ပတ်ထားကြပါ။ ခဏနေရင် လှုပ်ခါတာနဲ့ တိမ်းစောင်းတာတွေ ရှိနိုင်တယ်။ အဲ့ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဘယ်လိုထိန်းရမလဲဆိုတာ လေ့လာထားရမယ်။ နားလည်လား။”
ရှောင်းယီက လေးနက်သော အသံဖြင့် ပြောလိုက်သည်။
“နားလည်ပါပြီ ကျွန်းပိုင်ရှင်။”
တင့်ကားမောင်းနှင်သူများက ပြန်ဖြေလိုက်ကြသည်။
“ကောင်းပြီ...အသင့်ပြင်ထားကြ။ တိုက်ပွဲက ချက်ချင်းစတော့မယ်။”
ရှောင်းယီက ပြောလိုက်သည်။
“ဟုတ်ကဲ့။”
ရှောင်းယီ စကားပြောပြီးသည်ကို မြင်သောအခါ ကျားကျန့်က အနားသို့ တိုးသွားပြီး မေးလိုက်သည်။
“မဟာမိတ်ခေါင်းဆောင်ရှောင်း...မင်း ငါတို့ကို ဘာလို့ ပြန်ခေါ်လိုက်တာလဲ။”
ရှောင်းယီက ကောင်းကင်ယံတွင် ထူထပ်စွာ ပျံသန်းနေသော မသေမျိုး လေကြောင်းတပ်ဖွဲ့များကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။
“ငါးမန်းသွား အရိုးနဂါးကို ကာကွယ်ပေးထားတဲ့ လေကြောင်းတပ်ဖွဲ့တွေကြားမှာ ဟာကွက်တစ်ခုဖြစ်အောင် မင်းတို့ ကူညီပေးရမယ်။”
ကျားကျန့်က ကောင်းကင်ယံရှိ မသေမျိုးများကို ကြည့်ကာ အနည်းငယ် ကြောင်အသွားပြီးနောက် ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
“ငါတို့က ဧရာမလူသားတွေလေ။ နတ်သမီးတွေမှ မဟုတ်တာ။ ငါတို့ မပျံနိုင်ဘူး။”
“ခင်ဗျားတို့ မပျံနိုင်မှန်း ကျုပ် သိပါတယ်။ ဒါပေမဲ့ အဲ့ဒီ လေကြောင်းတပ်ဖွဲ့တွေကို တိုက်ခိုက်နိုင်ဖို့ ခင်ဗျားတို့က ကျုပ်တို့ရဲ့ စစ်သုံးယာဉ်တွေကို မြှောက်ပေးထားရမယ်။”
ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်လေသည်။ ထိုစကားကို ကြားလိုက်ရသောအခါ ကျားကျန့်၏ မျက်လုံးများ ဝင်းလက်သွားတော့သည်။ ဤသည်မှာ အမှန်တကယ်ပင် နည်းလမ်းကောင်းတစ်ခု ဖြစ်သည်။
လေကြောင်းရန်ကာကွယ်ရေး အမြောက်များတွင် အမြင့်သို့ ပစ်ခတ်နိုင်သော ထောင့်ချိုး အမြောက်အမြား ရှိသော်လည်း သာမန် စစ်သုံးယာဉ်များ (တင့်ကားများ) တွင်မူ လေကြောင်းတိုက်ပွဲ ဆင်နွှဲရန် လုံလောက်သော အမြင့်ထောင့် မရှိပေ။ ဤဧရာမလူသားများသာ ကူညီမည်ဆိုပါက အမြင့်ထောင့် ပြဿနာမှာ လုံးဝ ရှိတော့မည် မဟုတ်ပေ။
“ဒါပေမဲ့ ခင်ဗျားတို့ ဒီစစ်သုံးယာဉ်တွေကို မနိုင်မှာပဲ ကျုပ် စိုးရိမ်မိတယ်။”
ရှောင်းယီက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“ဒါက ပြဿနာ မရှိပါဘူး။ ဧရာမလူသား တစ်ယောက်တည်း မနိုင်ရင်တောင် နှစ်ယောက် သုံးယောက် ပေါင်းပြီး လုပ်ကြမှာပေါ့။”
ကျားကျန့်က ချက်ချင်း ပြန်ဖြေလိုက်သည်။
“ကောင်းပြီ... ဒါဆို မြန်မြန် စမ်းကြည့်ရအောင်။”
ရှောင်းယီက ဆိုလိုက်သည်။
ယခုအခါ မသေမျိုး လေကြောင်းတပ်ဖွဲ့များမှာ ပို၍ ပို၍ များပြားလာပြီး ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းတော့မတတ် ဖြစ်နေခဲ့လေသည်။
ကျားကျန့်သည် စစ်သုံးယာဉ်တစ်စီး အနားသို့ လျှောက်သွားကာ အတွင်းရှိ မောင်းနှင်သူကို အချက်ပေးလိုက်ပြီးနောက် သူ၏ ခွန်အားအားလုံးကို အသုံးချကာ ၎င်းကို စတင်ပင့်မြှောက်လိုက်တော့သည်။
“ယားးးးး”
ကျားကျန့်သည် အားမာန်ပါပါ ဟိန်းဟောက်လိုက်ပြီး တန်ချိန် ၂၀ ကျော် လေးလံသော ထိုစစ်သုံးယာဉ်ကို အမှန်တကယ်ပင် မြှောက်မလိုက်နိုင်ခဲ့သည်။
သို့သော် ကြည့်ရသည်မှာ အနည်းငယ် ပင်ပန်းပုံရသည်။ ရှောင်းယီက အမြန် ပြောလိုက်သည်။
“ခေါင်းဆောင်ကျား... လူနှစ်ယောက် မြှောက်တာက ပိုကောင်းမယ်ထင်တယ်။ နောက်ပိုင်း တိုက်ခိုက်တဲ့အခါကျရင် ပြန်ကန်အားတွေ ရှိလိမ့်မယ်။ တစ်ယောက်တည်းဆိုရင် အရမ်းပင်ပန်းလွန်းတယ်။ လူနှစ်ယောက်ဆိုရင် ပိုတောင် မြန်လိမ့်ဦးမယ်။”
“အင်း။”
ကျားကျန့်က ခေါင်းညိတ်ပြပြီး စစ်သုံးယာဉ်ကို ပြန်ချလိုက်သည်။
အနားတွင် ရပ်နေသော ဟူကျဲသည်လည်း သူတို့ ဘာကြောင့် ပြန်လာရသည်ကို နားလည်သွားပြီ ဖြစ်သဖြင့် အော်ဟစ်လိုက်သည်။
“ဒီအတိုင်း ရပ်မနေကြနဲ့။ ဒီနေ့ ငါတို့ မသေမျိုးတွေကို တိုက်လိုက်ဖို့ စစ်သုံးယာဉ်တွေကို မပေးကြရမယ်။ အလုပ်စကြတော့။”
ဟူကျဲသည် ကျားကျန့်၏ ဘေးသို့ ချက်ချင်း ရောက်သွားပြီး သူတို့နှစ်ဦးသည် စစ်သုံးယာဉ်တစ်စီးကို အလွယ်တကူ ပင့်မြှောက်ကာ ပခုံးပေါ်သို့ ထမ်းတင်လိုက်ကြတော့သည်။
“နည်းနည်းတော့ သတိထားကြဦးနော်...။ ကျုပ် သူတို့ကို တိုက်ခိုက်ခိုင်းတော့မယ်။”
ရှောင်းယီက အထူးတလည် သတိပေးလိုက်သည်။
ကျားကျန့်က ခေါင်းညိတ်ပြလိုက်ပြီးနောက် စစ်သုံးယာဉ်၏ အမြောက်ပြောင်းကို ကောင်းကင်ယံရှိ မသေမျိုးများရှိရာသို့ တစောင်း အနေအထားဖြင့် ချိန်ရွယ်လိုက်တော့သည်။
“ဝုန်း...”
စစ်သုံးယာဉ်မှ အမြောက်ဆန်တစ်လုံး ပစ်လွှတ်လိုက်ရာ ကောင်းကင်ယံရှိ မသေမျိုးတပ်မတော်ထဲသို့ တည့်တည့်မတ်မတ် ကျရောက်ပြီး ပေါက်ကွဲသွားတော့သည်။
“ဘုန်း...”
သိပ်သည်းစွာ ပျံသန်းနေသော မသေမျိုး လေကြောင်းတပ်ဖွဲ့များရှိရာ နေရာအသေးစားလေးတစ်ခုမှာ ချက်ချင်းပင် ရှင်းလင်းသွားတော့သည်။
“အလုပ်ဖြစ်တယ်။”
ရှောင်းယီက ဝမ်းသာအားရ ပြောလိုက်သည်။
“ဒါဆို ဆက်လုပ်ကြ။ အားလုံးပဲ... စစ်သုံးယာဉ်ရဲ့ ပြန်ကန်အားကို သတိထားကြပါ။ ကိုယ့်ကိုယ်ကိုယ် ထိခိုက်မိအောင် မလုပ်နဲ့။”
“ဟုတ်ကဲ့။”
ဧရာမလူသားများက တစ်ယောက်ပြီးတစ်ယောက် တုံ့ပြန်လိုက်ကြသည်။
“ဝုန်း...ဝုန်း...ဝုန်း...”
ကောင်းကင်ယံရှိ မသေမျိုးများသည် အိုးထဲသို့ ပစ်ထည့်လိုက်သော မုန့်လုံးများကဲ့သို့ တစ်ကောင်ပြီးတစ်ကောင် အောက်သို့ ပြုတ်ကျလာတော့သည်။
“ကျွန်းပိုင်ရှင်ကတော့ တကယ်ကို ပါရမီရှင်ပဲ။ လေကြောင်းတပ်ကို ကိုင်တွယ်ဖို့ ဒီလိုနည်းလမ်းမျိုးကိုတောက် စဉ်းစားမိသေးတယ်။ နောင်ဆိုရင် ငါတို့ လေကြောင်းရန်ကာကွယ်ရေး အမြောက်တွေတောင် လိုမှာမဟုတ်တော့ဘူး။”
ကျန်းယွင်ထျန်းက ထိုမြင်ကွင်းကို ကြည့်ပြီး ပြုံးကာ ပြောလိုက်သည်။
“စကားတွေ များမနေနဲ့။ ကျွန်းပိုင်ရှင်က ဟာကွက်တစ်ခု ဖန်တီးပေးထားတုန်း အဲ့ဒီ ငါးမန်းသွား အရိုးနဂါးကို အမြန်ဆုံး အပြတ်ရှင်းရအောင်။”
ကျန်းရွှဲ့က ချက်ချင်း တုံ့ပြန်လိုက်သည်။ ကျန်းယွင်ထျန်းတစ်ယောက် ပခုံးတွန့်လိုက်မိလေသည်။
“ကောင်းပါပြီ...ဒီတစ်ခါတော့ သူ့ရဲ့ ဘယ်ဘက် ပေါင်ဆစ်ကိုပဲ အတူတူ ပစ်မှတ်ထားကြမယ်။ အဲ့ဒါက ပြီးခဲ့တဲ့တစ်ခါက ဒဏ်ရာရထားတဲ့ နေရာပဲ။”
“ကောင်းပြီ...လုပ်လိုက်တော့။”
ကျန်းယွင်ထျန်းနှင့် ကျန်းရွှဲ့တို့သည် တိုက်လေယာဉ် လေးစင်းစီကို အသီးသီး ဦးဆောင်ကာ အနိမ့်သို့ အနည်းငယ် ဆင်းလိုက်ပြီး ရန်သူ့လေကြောင်းတပ်၏ နှောင့်ယှက်မှုကို ရှောင်ရှားရင်း တိုက်ခိုက်ရန် အခွင့်အရေးကို စောင့်ဆိုင်းလိုက်ကြသည်။
မြေပြင်ပေါ်တွင်မူ စစ်သုံးယာဉ်များ၏ အမြောက်သံများမှာ အဆက်မပြတ်ထွက်ပေါ်နေပြီး မြေပြင်ရှိ အရိုးစုတပ်ကို ဟန့်တားထားနိုင်ရုံသာမက ကောင်းကင်ယံရှိ မသေမျိုးတပ်ဖွဲ့များကြားတွင်လည်း ကြီးမားသော ဟာကွက်ကြီးတစ်ခုကို ဖန်တီးပေးထားခဲ့လေသည်။
“ပစ်.....”
ကျန်းယွင်ထျန်းနှင့် ကျန်းရွှဲ့တို့က တစ်ပြိုင်နက် အမိန့်ပေးလိုက်ကြသည်။
သူတို့ မောင်းနှင်နေသော တိုက်လေယာဉ်များနှင့်အတူ ဘေးမှ လိုက်ပါလာသော တိုက်လေယာဉ်များသည် အရိုးနဂါး၏ ဘယ်ဘက်ခြေဆစ်ဆီသို့ ချက်ချင်း ပျံသန်းသွားကြသည်။
မသေမျိုး လေကြောင်းတပ်ဖွဲ့ဝင်များမှာ ထူထပ်လွန်းသဖြင့် ဖြစ်နိုင်သည်။ အရိုးနဂါးမှာ ဒုံးကျည်များ လာနေသည်ကို သတိမထားမိခဲ့ပေ။ ဒုံးကျည်များ ပျံသန်းနေသော သတ္တဝါများကို ကျော်ဖြတ်လာပြီးမှသာ အရိုးနဂါးက မြင်လိုက်ရခြင်းဖြစ်ပြီး ထိုအချိန်တွင် ရှောင်တိမ်းရန်မှာ အလွန်နောက်ကျသွားပြီ ဖြစ်သည်။
၎င်းသည် ဒုံးကျည်များကို တားဆီးရန် အရိုးစုအချို့ကို အမြန်ဆွဲယူ၍ ကာလိုက်သော်လည်း ဤတစ်ကြိမ်တွင် ဒုံးကျည်အရေအတွက်မှာ ၁၀ စင်းအထိ ရှိနေခဲ့လေသည်။ အားလုံးကို တားဆီးနိုင်ခြင်း မရှိတော့ပေ။
“ဘုန်း ဘုန်း ဘုန်း”
ပြင်းထန်လှသော ပေါက်ကွဲသံကြီးများနှင့်အတူ အရိုးနဂါးကြီးမှာ တစ်ဖက်သို့ လဲကျသွားတော့သည်။
“ဆက်တိုက်... နောက်တစ်ဖက်ကို။”
ကျန်းယွင်ထျန်းက အော်ဟစ်လိုက်သည်။
အခြား ဒုံးကျည် ၁၀ စင်းမှာ အရိုးနဂါး၏ ညာဘက်ခြေဆစ်ဆီသို့ ပျံသန်းသွားပြန်သည်။ ဤတစ်ကြိမ်တွင်မူ အရိုးနဂါးမှာ ရှောင်တိမ်းနိုင်စွမ်း လုံးဝမရှိတော့ပေ။ အကြောင်းမှာ သူ၏ ဘယ်ဘက်ခြေထောက်မှာ လုံးဝ ပြတ်ထွက်သွားပြီ ဖြစ်သောကြောင့်ပင်။
သူ့ဆီသို့ ပြန်လည်ပျံသန်းလာသော ဒုံးကျည်များကို ကြည့်ကာ အရိုးနဂါးကြီးမှာ ဟိန်းဟောက်သံကြီးကိုသာ လွှတ်လိုက်တော့သည်။
“ဝေါင်း....”
“ဘုန်း ဘုန်း ဘုန်း”
ဒုံးကျည်များမှာမူ ၎င်း၏ ဟိန်းဟောက်သံကို လုံးဝ ဂရုမစိုက်ဘဲ ညာဘက်ခြေထောက်ကိုပါ ထပ်မံ၍ အပိုင်းပိုင်း ပြတ်ထွက်သွားစေခဲ့သည်။
ခြေထောက်နှစ်ဖက်လုံး မရှိတော့သဖြင့် အရိုးနဂါးမှာ ခြိမ်းခြောက်နိုင်စွမ်း လုံးဝ ကင်းမဲ့သွားခဲ့သည်။ ထိုအခါ ကျန်းယွင်ထျန်းက တေါ်ကီတော်ကီကိုကောက်ကိုင်ပြီး ပြုံးကာ ပြောလိုက်သည်။
“ကျွန်းပိုင်ရှင်... အရိုးနဂါးရဲ့ ခြေထောက်တွေကို ချိုးလိုက်နိုင်ပါပြီ။ ငါတို့ အခု ပြန်လာနေပြီ။”
“ကောင်းတယ်။ အားလုံး ပြန်လာကြတော့။ အဲ့ဒီ အရိုးနဂါးကြီး မရှိတော့သရွေ့ ကျန်တဲ့ မသေမျိုးတွေက ကြောက်စရာ မဟုတ်တော့ဘူး။”
ရှောင်းယီက ဝမ်းသာအားရ ပြောလိုက်သည်။
ထိုအချိန်မှာပင် ကောင်းကင်ယံရှိ မသေမျိုးများသည် သူတို့၏ ဗျူဟာကို ရုတ်တရက် ပြောင်းလဲလိုက်ကြသည်။ ယခင်က အချို့မှာ တိုက်လေယာဉ်များကို နှောင့်ယှက်ပြီး အချို့မှာ မြေပြင်တပ်ကို မတိုက်ခိုက်နိုင်အောင် မျက်ကွယ်ပြုထားကြသော်လည်း ယခုမူ ၎င်းတို့သည် တိုက်လေယာဉ်များရှိရာသို့ အလုံးအရင်းနှင့် တိုးဝှေ့လာကြတော့သည်။
“သတင်းပို့ပါတယ်... ကျုပ်တို့ တိုက်လေယာဉ်ရဲ့ အမြီးပိုင်းက မသေမျိုးတွေနဲ့ တိုက်မိပြီး ပျက်စီးသွားပါပြီ။”
လေယာဉ်မှူးတစ်ဦးက ချက်ချင်းပင် အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်တော့သည်။
ကျန်းယွင်ထျန်းက တည်ငြိမ်လေးနက်သော အသံဖြင့် ပြန်ပြောလိုက်သည်။
“မလန့်ကြနဲ့။ လေယာဉ်ကို ထိန်းချုပ်နိုင်ဖို့ အစွမ်းကုန် ကြိုးစားပြီး နောက်တန်းကို ဦးတည်ပျံသန်းခဲ့။”
သို့သော် သူ့စကားပင် မဆုံးသေးမီမှာပင် ဒုန်းခနဲ မြည်သံနှင့်အတူ သူ၏ ကိုယ်ပိုင်တိုက်လေယာဉ်မှာလည်း မသေမျိုးများ၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရတော့သည်။
တိုက်လေယာဉ်များ၏ ပျံသန်းနှုန်းမှာ မြန်ဆန်လှသဖြင့် မသေမျိုးများ လိုက်မမှီနိုင်သော်လည်း ယခုအခါ ၎င်းတို့သည် မသေမျိုး လေကြောင်းတပ်ဖွဲ့များ၏ ဝိုင်းရံပိတ်ဆို့ခြင်းကို ခံထားရသဖြင့် တစ်ကောင်နှင့်တစ်ကောင် တိုက်မိခြင်းမှာ ရှောင်လွှဲ၍ မရနိုင်သော အခြေအနေ ဖြစ်နေခဲ့လေသည်။
အခန်း ၁၁၄၆
“တိုက်လေယာဉ်တွေအားလုံး အခုချက်ချင်းပြန်ဆုတ်ခဲ့။”
ရှောင်းယီက တင်းမာပြတ်သားစွာ အော်ဟစ်လိုက်သည်။
“ရန်သူ့လေကြောင်းတပ်ဖွဲ့ရဲ့ အနေအထားကို ကျော်တာနဲ့ လေယာဉ်ကိုစွန့်ပြီး ထွက်ပြေးကြ။”
ကျန်းယွင်ထျန်းနှင့် တခြားသူများသည် ယခုချက်ချင်း လေယာဉ်ကိုစွန့်၍ ထွက်ပြေးနိုင်သော်လည်း အကယ်၍ ယခုအချိန်တွင် လေယာဉ်မှ ခုန်ထွက်သည့်စနစ်ကို အသုံးပြုလိုက်ပါက မသေမျိုးမျိုးနွယ်၏ လေကြောင်းတပ်ဖွဲ့များက သူတို့ကို ဝိုင်းအုံဖမ်းဆီးသွားကြပေလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် ရှင်သန်ခွင့်ရရန်အတွက် အနည်းငယ် ပို၍ဝေးဝေးသို့ ပျံသန်းပြီးမှသာ လေယာဉ်ထဲမှ ခုန်ထွက်ရမည်ဖြစ်သည်။
ကျန်းယွင်ထျန်းသည်လည်း ပတ်ဝန်းကျင်ရှိ မသေမျိုးများကို အကဲခတ်ရင်း ပြောလိုက်သည်။
“အနောက်တောင်ဘက်မှာ မသေမျိုးတွေ နည်းနည်းပါးတယ်။ အားလုံး အဲ့ဒီဘက်ကို ထိုးဖောက်ကြ။”
“ဟုတ်ကဲ့။”
တိုက်လေယာဉ်များအားလုံး ထိုဘက်သို့ ဦးတည်ထိုးဖောက်ကြစဉ် ကျန်းယွင်ထျန်းနှင့် ကျန်းရွှဲ့တို့မှာမူ ကြိုတင်တိုင်ပင်ထားခြင်းမရှိဘဲ နောက်တန်းတွင် ကျန်ရစ်ခဲ့ကြသည်။ ထိုအခါ ကျန်းယွင်ထျန်းက ဝေါ်ကီတော်ကီမှတစ်ဆင့် ပြုံးကာ ပြောလိုက်သည်။
“မင်းက ဘယ်ဘက်ကိုယူလိုက်။ ငါ ညာဘက်ကနေ သူတို့ကို ပိတ်ဆို့ထားမယ်။ ဒီကလေးတွေက ဒါကို မကိုင်တွယ်နိုင်သေးဘူး။”
“ကောင်းပြီ။”
ကျန်းရွှဲ့က လေးနက်စွာ ပြန်ဖြေလိုက်သည်။
ထို့နောက် ကျန်းယွင်ထျန်းနှင့် ကျန်းရွှဲ့တို့ မောင်းနှင်သည့် တိုက်လေယာဉ်နှစ်စင်းမှာ ဘယ်နှင့်ညာ တစ်စင်းစီ ခွဲထွက်သွားကြတော့သည်။
၎င်းတို့နှစ်ဦးစလုံးမှာ တိုက်လေယာဉ်များကို အလွန်ကျွမ်းကျင်ကြသူများဖြစ်ရာ လေယာဉ်ကို ထိခိုက်မှု အနည်းဆုံးဖြစ်အောင် မသေမျိုးများကို မည်သည့်အနေအထားဖြင့် တိုက်ရမည်၊ မည်သို့ကာကွယ်ရမည်ကို ကောင်းစွာသိကြသည်။
“နေဦး... နည်းပြတွေ ထွက်မလာသေးဘူး။”
မသေမျိုးတွေ၏ ဝိုင်းရံမှုမှ လွတ်မြောက်လာသည့် စစ်သားများသည်လည်း ထိုအရာကို ချက်ချင်းပင် သတိထားမိသွားကြသည်။
“ကြည့်ကြစမ်း... နည်းပြနှစ်ယောက်ရဲ့ တိုက်လေယာဉ်တွေက ဘေးနှစ်ဖက်ကနေ မသေမျိုးတွေကို ပိတ်ဆို့ထားပေးနေတယ်။”
“သူတို့က ငါတို့ကို အကာအကွယ်ပေးဖို့ နောက်မှာ ကျန်ရစ်ခဲ့တာပဲ။”
“မဖြစ်ဘူး။ ငါတို့ ဒီအတိုင်း ထွက်မသွားနိုင်ဘူး။”
ထိုတိုက်လေယာဉ် ရှစ်စင်းမှာ နောက်ပြန်လှည့်ကာ ကူညီရန် ပြင်ဆင်လိုက်ကြတော့သည်။
“မင်းတို့ကို ဘယ်ကောင်က နောက်လှည့်ခိုင်းလို့လဲကွ။”
ကျန်းယွင်ထျန်းသည် သူတို့၏ လုပ်ရပ်ကိုမြင်သောအခါ ချက်ချင်းပင် ဆဲဆိုလိုက်သည်။
“အခုချက်ချင်း စခန်းကို ပြန်ကြစမ်း။ စစ်မိန့်ကို ဖီဆန်တဲ့ကောင်ကို ငါကိုယ်တိုင် ထုတ်ပစ်မယ်။”
ရှောင်းယီသည်လည်း ဤမြင်ကွင်းကိုမြင်သောအခါ တင်းမာစွာ ပြောလိုက်သည်။
“အားလုံး အခုချက်ချင်း စခန်းကို ပြန်ခဲ့ကြ။ ဒါက အမိန့်ပဲ။”
“တောင်းပန်ပါတယ်... ကျုပ်ရဲ့ နည်းပြနဲ့ ရဲဘော်တွေကို ဒီအတိုင်း ပစ်မထားနိုင်ဘူး။ ထုတ်ပစ်မယ်ဆိုရင်လည်း ခံယူပါ့မယ်။”
လေယာဉ်မှူးတစ်ဦးက လေးနက်စွာ ပြောလိုက်သည်။
“ပစ်မှတ်ကို ပြင်ဆင်ကြ။”
“ဟုတ်ကဲ့။”
ရှောင်းယီ၏ အမိန့်ကို ကြားကြသော်လည်း ထိုတိုက်လေယာဉ် ရှစ်စင်းမှာ တုံ့ဆိုင်းခြင်းမရှိဘဲ နောက်သို့ ပြန်လည်ကာ ထိုးဖောက်ဝင်ရောက်သွားကြတော့သည်။
“မင်းတို့... ပြန်ရောက်ရင် အပြစ်ပေးခံရဖို့ စောင့်နေကြစမ်း။”
ကျန်းယွင်ထျန်းက အော်ဟစ်လိုက်ရင်း မျက်တောင်ခတ်လိုက်ရသည်။ ယခုအချိန်မှာ မျက်လုံးများ ဝေဝါးနေရမည့် အချိန်မဟုတ်ပေ။
ကျန်းရွှဲ့က ဝေါ်ကီတော်ကီဖြင့် တင်းမာစွာ ပြောလိုက်သည်။
“ဘေးနှစ်ဖက်က မသေမျိုးတွေကို ရှင်းလင်းဖို့ပဲ အာရုံစိုက်ထားကြ။”
“ဟုတ်ကဲ့။”
ပြန်လည်ရောက်ရှိလာသည့် တိုက်လေယာဉ်များပေါ်မှ စက်သေနတ်များမှာ စတင် ပစ်ခတ်ကြတော့သည်။ ဤပျံသန်းတတ်သော မသေမျိုးများသည် အမှန်တကယ်ပင် ကာကွယ်ရေးစွမ်းအား နိမ့်ပါးကြရာ စက်သေနတ်ကျည်ဆံများဖြင့်ပင် အလွယ်တကူ အလဲထိုးနိုင်သည်။
ကျန်တိုက်လေယာဉ် ရှစ်စင်း၏ ကူညီမှုကြောင့် ကျန်းယွင်ထျန်းနှင့် ကျန်းရွှဲ့တို့၏ ဖိအားမှာ အနည်းငယ် လျော့ပါးသွားသော်လည်း ယခင်က တခြားသူများ လွတ်မြောက်အောင် အကာအကွယ် ပေးခဲ့ရသဖြင့် သူတို့မှာ မသေမျိုးများ၏ ထူထပ်လှသော ဝိုင်းရံပိတ်ဆို့မှုအတွင်း ပိတ်မိနေပြီ ဖြစ်သည်။
“မဖြစ်ဘူး... ငါတို့ စက်သေနတ်တွေနဲ့ ရှင်းနေတာက အရမ်းနှေးလွန်းတယ်။ မြေပြင်က အမြောက်အင်အား ကူညီဖို့ လိုတယ်။”
လေယာဉ်မှူးတစ်ဦးက အော်ဟစ်လိုက်သည်။
သူ့စကားပင် မဆုံးသေးမီမှာပင် မြေပြင်ရှိ ဧရာမလူသားများသည် သူတို့၏ စစ်သုံးယာဉ်များကို ထိုဘက်သို့ ဦးတည်လိုက်ကြသည်။
မြေပြင်ပေါ်ရှိ ရှောင်းယီသည် မသေမျိုး လေကြောင်းတပ်ဖွဲ့များ၏ ပစ်မှတ်မှာ ကျန်းယွင်ထျန်းနှင့် ကျန်းရွှဲ့တို့ ဖြစ်နေသည်ကို မြင်ပြီးဖြစ်ရာ ဧရာမလူသားများကို စစ်သုံးယာဉ် အမြောက်ပြောင်းများအား ကျန်းယွင်ထျန်းတို့ရှိရာဘက်သို့ ချိန်ရွယ်ရန် ချက်ချင်း အမိန့်ပေးလိုက်တော့သည်။
“ဝုန်း ဝုန်း ဝုန်း”
စစ်သုံးယာဉ် အမြောက်သံများ ဟိန်းထွက်လာပြီး ကောင်းကင်ရှိ မသေမျိုး အမြောက်အမြားကို ပစ်ချလိုက်သော်လည်း ပိုမိုများပြားသော မသေမျိုးများက အလုံးအရင်းနှင့် ထပ်မံ တိုးဝှေ့လာကြပြန်သည်။
“အစ်ကိုကျန်း၊ အစ်မရွှဲ့... လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်တွေ ပစ်လို့ရအောင် လေယာဉ်အမြင့်ကို နှိမ့်ချလိုက်။”
ရှောင်းယီက တင်းမာစွာ အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့။”
ကျန်းယွင်ထျန်းနှင့် ကျန်းရွှဲ့တို့သည် သူတို့၏ တိုက်လေယာဉ်များကို ချက်ချင်းပင် အောက်သို့ နိမ့်ဆင်းမောင်းနှင်လိုက်ကြသည်။
“ဒုန်း... ဒုန်း... ဒုန်း”
အပြင်ဘက်တွင် မသေမျိုးများမှာ တိုက်လေယာဉ်နှင့် လာရောက်တိုက်မိသံများမှာ ပို၍ကျယ်လောင်လာပြီး စိပ်လာခဲ့သည်။ ရုတ်တရက် ကျန်းယွင်ထျန်း၏ တိုက်လေယာဉ်ဆီမှ ထူးဆန်းသော အက်ကွဲသံများ ထွက်ပေါ်လာခဲ့သည်။ သူ၏ မျက်နှာအမူအရာမှာလည်း အနည်းငယ် ပြောင်းလဲသွားတော့သည်။
“သွားပြီ... အင်ဂျင်ရပ်သွားပြီ။”
သူ့ စိတ်ထဲမှ ရေရွတ်လိုက်မိသည်။
သူသည် စိတ်ကို တင်းကာ တိုက်လေယာဉ်ကို ဘေးနှစ်ဖက်ရှိ ရန်သူများထဲသို့ တိုက်ရိုက်ဝင်တိုက်ရန် ထိန်းချုပ်လိုက်သည်။ အင်ဂျင်မှာ ထိန်းချုပ်မရတော့သော်လည်း လေယာဉ်၏ အရှိန်ဖြင့် လိုရာကို အတိုင်းအတာတစ်ခုအထိ မောင်းနှင်၍ ရသေးသည်။ ကျန်းရွှဲ့ကလည်း သူ့နောက်တွင် ကပ်ပါလာသဖြင့် သူက လမ်းဖွင့်ပေးရန်အတွက် ရန်သူများကို ဝင်တိုက်ပေးရမည် ဖြစ်သည်။
“ကျန်းယွင်ထျန်း... နင့်ဘက်မှာ ဘာဖြစ်နေတာလဲ။”
ကျန်းရွှဲ့သည် သူ၏ ပုံမှန်မဟုတ်သော အခြေအနေကို ချက်ချင်းပင် သတိထားမိသွားခဲ့သည်။
“အင်ဂျင်မှာ ပြဿနာရှိနေတယ်။ ငါ ဒီလေယာဉ်ကို အသုံးချနိုင်သလောက် အသုံးချသွားမယ်။ မင်း မြန်မြန်ထွက်သွားတော့။ အမြင့်ကို နည်းနည်း ထပ်နှိမ့်လိုက်။ ငါ လေယာဉ်ကို စွန့်ပြီး ထွက်ပြေးမယ်။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
“ကောင်းပြီ။”
ကျန်းရွှဲ့က တုံ့ဆိုင်းခြင်းမရှိဘဲ ပြန်ပြောလိုက်သည်။
“ငါ မြေပြင်ကနေ စောင့်နေမယ်။”
ကျန်းယွင်ထျန်း၏ တိုက်ခိုက်မှုကြောင့် သူ၏ လေယာဉ်မှာ အပေါက်အပြဲများစွာ ဖြစ်သွားခဲ့သည်။ အင်ဂျင်ချို့ယွင်းမှုနှင့် အကြိမ်ကြိမ် တိုက်မိမှုများကြောင့် လေယာဉ်တစ်ခုလုံး၏ အနေအထားမှာ ဒေါင်လိုက်နီးပါး ဖြစ်သွားခဲ့ရသည်။ သို့သော် ကျန်းယွင်ထျန်း၏ ကြိုးစားမှုမှာ အလကား မဖြစ်ခဲ့ပေ။ ကျန်းရွှဲ့သည် မီးခိုးများ စွဲနေသော သူမ၏ တိုက်လေယာဉ်ဖြင့် ရန်သူ့ဝိုင်းရံမှုကြားမှ ထိုးဖွက်ထွက်လာနိုင်ခဲ့သည်။
ဝိုင်းရံမှုမှ လွတ်မြောက်သည်နှင့် ကျန်းရွှဲ့သည် မောင်းနှင်ခန်းထဲမှ ချက်ချင်း ခုန်ထွက်လိုက်တော့သည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်ရှိ တိုက်လေယာဉ် ရှစ်စင်းသည် ကျန်းယွင်ထျန်း အနီးရှိ မသေမျိုးများကို ဆက်လက် ရှင်းလင်းပေးနေပြီး မြေပြင်ရှိ လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်တပ်ဖွဲ့နှင့် ဧရာမလူသားများ၏ စစ်သုံးယာဉ်တပ်ဖွဲ့များသည်လည်း ဒေါင်လိုက် ပြုတ်ကျနေသော တိုက်လေယာဉ် အနီးတစ်ဝိုက်မှ မသေမျိုးများကို အဆက်မပြတ် ပစ်ချပေးနေခဲ့သည်။
“အစ်ကိုကျန်း... လေယာဉ်ကို အခုချက်ချင်း စွန့်လိုက်တော့။ ကျန်တဲ့ တိုက်လေယာဉ်တွေ အားလုံး အခုချက်ချင်း ပြန်ဆုတ်ကြ။”
ရှောင်းယီသည် ပို၍မြန်မြန် ပြုတ်ကျလာသော တိုက်လေယာဉ်ကို ကြည့်ကာ တင်းမာစွာ အော်ဟစ်လိုက်သည်။
“ဟုတ်ကဲ့။”
ကျန်းယွင်ထျန်းသည် ခုန်ထွက်ခြင်းစနစ်ကို ချက်ချင်း အသုံးပြုလိုက်ရာ သူသည် အပြင်ဘက်သို့ လွင့်စင်ထွက်သွားသော်လည်း အပြင်ဘက်တွင်မူ မသေမျိုးများမှာ သိပ်သည်းစွာ ရှိနေဆဲဖြစ်သည်။ ဤအခြေအနေတွင် လေထီးကိုပင် ဖြန့်ရန် မဖြစ်နိုင်ပေ။ ထိုမသေမျိုးများသည် ပျံသန်းနေသောစက်ထဲမှ လူတစ်ယောက် ထွက်လာသည်ကို မြင်သောအခါ သူ့ဆီသို့ ဝိုင်းအုံလာကြတော့သည်။
ကျန်းယွင်ထျန်းသည် အကောင်ကြီးသော မသေမျိုးတစ်ကောင်ကို လှမ်းမြင်လိုက်ပြီး စစ်ဖိနပ်ထဲမှ ဓားမြှောင်ကို ဆွဲထုတ်ကာ ၎င်း၏ ထိုးဆိတ်မှုကို ကာကွယ်လိုက်သည်။ ထို့နောက် ဘယ်ဘက်လက်ဖြင့် ၎င်း၏ လည်ပင်းကို လှမ်းဖမ်းကာ ခွန်အားစိုက်ထုတ်၍ ထိုမသေမျိုး၏ ကျောပေါ်သို့ ခွစီးလိုက်တော့သည်။
ထိုအချိန်မှာပင် တိုက်လေယာဉ်မှာ မြေပြင်သို့ ပေါက်ကွဲသံကြီးနှင့်အတူ ကျဆင်းသွားခဲ့သည်။ ပတ်ဝန်းကျင်ရှိ မသေမျိုးများကို ကြည့်ရင်း ကျန်းယွင်ထျန်းက လှောင်ပြုံးပြုံးလိုက်၏။
“လာကြစမ်းပါ... ငါ့ကို စိတ်ကြိုက် တိုက်ခိုက်ခွင့် ပေးကြစမ်း။”
ကျန်းယွင်ထျန်း စီးထားသော ထိုမသေမျိုးမှာ သူ့ကို ခါချရန် ကြိုးစားနေသော်လည်း ကျန်းယွင်ထျန်းကမူ မြဲမြံစွာ ဆုပ်ကိုင်ထားသဖြင့် ခါချ၍ မရနိုင်ပေ။ ထိုမသေမျိုးသည် ပိုမြင့်အောင် ပျံသန်းရန် ကြိုးစားသော်လည်း အထက်တွင်လည်း ၎င်း၏ အမျိုးအနွယ်များမှာ သိပ်သည်းစွာ ရှိနေသဖြင့် ထိုးဖောက်ရန် မဖြစ်နိုင်ပေ။
“လေကြောင်းခံတပ်တွေနဲ့ မီးပုံးပျံတွေ... ကျန်းယွင်ထျန်းရှိတဲ့ နေရာကို ဦးတည်သွားကြ။ ပတ်ဝန်းကျင်က မသေမျိုးတွေကို အစွမ်းကုန် တိုက်ခိုက်ကြစမ်း။”
ရှောင်းယီသည်လည်း ဆက်လက် အမိန့်ပေးနေခဲ့သည်။
ဤသည်မှာ မသေမျိုးများ၏ အာရုံကို လွှဲရန်နှင့် ကျန်းယွင်ထျန်း၏ ဖိအားကို လျှော့ချရန်အတွက်လည်း ဖြစ်သည်။ ရှောငယီသည် မြို့ပြန်ကျောက်ကို အသုံးပြုကာ လေကြောင်းခံတပ်ပေါ်သို့ တိုက်ရိုက် ရောက်ရှိသွားပြီး အမိန့်ပေးလိုက်သည်။
“တည့်တည့် ထိုးဖောက်ဝင်ရောက်လိုက်။”
“ဗျာ...”
လေကြောင်းခံတပ်အဖွဲ့ခေါင်းဆောင်မှာ အနည်းငယ် မှင်တက်သွားခဲ့သည်။
“ဒါဆို ကျွန်းပိုင်ရှင်... အရင်ဆုံး ဆင်းသွားလိုက်ပါ။ ကျုပ် အဖွဲ့ကို ဦးဆောင်ပြီး ထိုးဖောက်လိုက်ပါ့မယ်။”
“မလိုဘူး။ မင်းတို့ ထိုးဖောက်တာကို ငါ ဒီကနေ ကြည့်နေမယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။ အဖွဲ့ခေါင်းဆောင်မှာ အံကြိတ်ကာ လေကြောင်းခံတပ်ကို ကျန်းယွင်ထျန်းရှိရာဆီသို့ ဦးတည်မောင်းနှင်လိုက်ရတော့လေသည်။ ဤလေကြောင်းခံတပ်တွင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပါရှိသဖြင့် မသေမျိုးများ၏ တိုက်ခိုက်ခြင်းကို ခံရလျှင်ပင် အချိန်မီ ပြန်လည်ပြင်ဆင်နိုင်ပေသည်။ သို့သော် မသေမျိုး အမြောက်အမြား၏ တစ်ပြိုင်နက် တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိ၊ မရှိ ဆိုသည်မှာမူ ရှောင်းယီ ယခု စဉ်းစားနေရမည့် ကိစ္စမဟုတ်ပေ။
မသေမျိုးများ၏ ဝိုင်းရံပိတ်ဆို့ခြင်းကို ခံထားရသော ကျန်းယွင်ထျန်းမှာ SS-ယ အဆင့် ခွန်အားရှိသော်လည်း ရန်သူမှာ အရေအတွက်နှင့် ဖိတိုက်သည့် နည်းဗျူဟာကို အသုံးပြုနေခြင်းဖြစ်သည်။ သူ့တွင် လှုပ်ရှားရန် နေရာမရှိသဖြင့် ရန်သူ့တိုက်ခိုက်မှုများကို အောင့်အည်းခံကာ ပြန်လည်တိုက်ခိုက်နေရတော့သည်။