← Chapters

အခန်း (၁၁၄၇-၁၁၄၈)

Vol. 98 Ch. 1147-1148

အခန်း (၁၁၄၇-၁၁၄၈)

Vol. 98 Ch. 1147-1148

အခန်း ၁၁၄၇

ကံကောင်းထောက်မစွာဖြင့် ကျန်းယွင်ထျန်းသည် ရှောင်းယီ စနစ်ဆီမှ ရရှိထားသော ကာကွယ်ရေး ဝတ်စုံကို ဝတ်ဆင်ထားသဖြင့် အနည်းဆုံးတော့ သူ၏ အရေးကြီးသော ခန္ဓာကိုယ်အစိတ်အပိုင်းများကို ကောင်းစွာ ကာကွယ်ပေးထားနိုင်သည်။ သို့မဟုတ်ပါက ကျန်းယွင်ထျန်းသည် SSS အဆင့် ရှိနေပါစေဦးတော့...ဤမျှများပြားလှသော မသေမျိုးများ၏ တိုက်ခိုက်မှုကို တောင့်ခံနိုင်မည် မဟုတ်ပေ။

ပုရွက်ဆိတ်တွေ အများကြီးဆိုရင် ဆင်ကိုတောင် အသေကိုက်နိုင်သည်မဟုတ်ပါလော။

သို့သော်လည်း ထိုဝတ်စုံသည် အဆစ်အမျက်နေရာများ၌ ကာကွယ်ရေး အားနည်းနေသေးသည်။ ခဏအတွင်းမှာပင် ကျန်းယွင်ထျန်းတွင် ဒဏ်ရာများ ရရှိသွားသော်လည်း အသက်အန္တရာယ် စိုးရိမ်ရသည့် အနေအထားတော့ မဟုတ်ပေ။

“သေစမ်း...ငါ ဒဏ်ရာမရတာ ကြာခဲ့ပြီ။ ဒဏ်ရာရတဲ့ ခံစားချက်က ဘယ်လိုလဲဆိုတာတောင် ငါ မေ့တော့မလို့ပဲ။”

ကျန်းယွင်ထျန်းက အော်ဟစ်လိုက်သည်။

“သေကြစမ်း...။”

ကျန်းယွင်ထျန်းသည် သူ၏လက်ထဲမှ ဓားမြှောင်ကို တစ်ချက်ဝှေ့ယမ်းလိုက်တိုင်း မသေမျိုးတစ်ကောင်စီ အသက်ပျောက်သွားသော်လည်း တစ်ချိန်တည်းမှာပင် သူ၏အပေါ်သို့လည်း မသေမျိုးများ၏ တိုက်ခိုက်မှုများစွာ ကျရောက်နေဆဲပင်။ ကာကွယ်ရေးဝတ်စုံက တိုက်ရိုက်ထိခိုက်မှုကို ကာကွယ်ပေးထားသော်လည်း မသေမျိုးများ၏ ရိုက်ပုတ်မှုဒဏ်ကြောင့် ကျန်းယွင်ထျန်း၏ နံရိုးများမှာ နာကျင်အောင့်တက်နေတော့သည်။

“ဒပ် ဒပ် ဒပ် ဒပ် ဒပ်...”

ရုတ်တရက် ဘေးဘက်မှ စက်သေနတ်သံများ ခပ်စိပ်စိပ်ထွက်ပေါ်လာခဲ့သည်။ လေကြောင်းခံတပ်က သူ့ကို ကယ်တင်ရန် အတင်းထိုးဖောက် ရောက်ရှိလာပြီဖြစ်ကြောင်း ကျန်းယွင်ထျန်း ချက်ချင်း သိလိုက်သည်။ ကျန်းယွင်ထျန်းသည် သူစီးနင်းထားသော မသေမျိုးကို ထိုသေနတ်သံထွက်ရာဘက်သို့ ဦးတည်စေလိုက်သည်။

သူစီးထားသော မသေမျိုးမှာ ကျန်းယွင်ထျန်းကို ခါချရန်သာ အာရုံရောက်နေပြီး ကျန်းယွင်ထျန်းက ၎င်းကို သေနတ်သံများရှိရာဆီသို့ ဦးတည်မောင်းနှင်နေသည်ကို လုံးဝ သတိမထားမိပေ။

သေနတ်သံများမှာ ပိုမိုကျယ်လောင်လာပြီး လေကြောင်းခံတပ်မှာလည်း မသေမျိုးများ၏ ဝိုင်းရံမှု အထပ်ထပ်ကြားသို့ ရောက်ရှိနေပြီ ဖြစ်သည်။ လေကြောင်းခံတပ်ပေါ်ရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို စောင့်ကြပ်နေသော စစ်သားများသည် မဟာမိတ်အဖွဲ့ထံမှ ကုန်ကြမ်းပစ္စည်းများကို မနားတမ်း လဲလှယ်ရယူနေပြီး မသေမျိုးများ၏ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော လေကြောင်းခံတပ် အစိတ်အပိုင်းများကို အဆက်မပြတ် ပြန်လည်ပြင်ဆင်နေကြရသည်။

ရှောင်းယီသည် ထူထပ်လှသော မသေမျိုးများကြားရှိ ဟာကွက်များမှတစ်ဆင့် မနားတမ်း တိုက်ခိုက်နေသော ကျန်းယွင်ထျန်း၏ ပုံရိပ်ကို မြင်တွေ့လိုက်ရသည်။

“မြန်မြန်... အတင်းထိုးဝင်လိုက်။”

ရှောင်းယီက တည်ငြိမ်လေးနက်သော အသံဖြင့် ပြောလိုက်သည်။

“မြို့ပြန်ကျောက်တွေ အဆင်သင့်ပြင်ထား။ လေကြောင်းခံတပ်ရဲ့ ကာကွယ်ရေးဒိုင်းကို ဖွင့်လိုက်တော့။”

“ကျွန်းပိုင်ရှင်... အလယ်နားမှာပဲ သွားရပ်နေပါ။ အပြင်ဘက်က အရမ်းအန္တရာယ်များပါတယ်။”

အဖွဲ့ခေါင်းဆောင်က ပြန်ပြောလိုက်သည်။

“စကားများမနေနဲ့။ အမိန့်အတိုင်းပဲလုပ်စမ်း။”

ရှောင်းယီက ခပ်ပြတ်ပြတ် ပြောလိုက်သည်။

“ကျန်းယွင်ထျန်းရဲ့ အောက်မှာရှိနေတဲ့ မသေမျိုးတွေကို ပစ်မှတ်ထားပြီး အရှိန်နဲ့ ဝင်တိုက်လိုက်။”

အဖွဲ့ခေါင်းဆောင်သည် သက်ပြင်းတစ်ချက်ကို အသာချကာ အရှိန်ကို လုံးဝမလျှော့ဘဲ ကျန်းယွင်ထျန်းရှိရာသို့ တည့်တည့်မောင်းနှင်လိုက်တော့သည်။ တစ်ချိန်တည်းမှာပင် လေပြင်းများနှင့် တိုက်ခိုက်မှုများကို ကာကွယ်ရန် အသုံးပြုသော လေကြောင်းခံတပ်၏ ဒိုင်းကိုလည်း အပြည့်အဝ ဖွင့်လိုက်သည်။

အနီးအနားတွင် ပျံသန်းနေသော မသေမျိုးများသည် ထိုးဖောက်ရန် နေရာတစ်ခုကို မြင်သွားပုံရပြီး လေကြောင်းခံတပ်၏ အတွင်းဘက်သို့ တစ်ကောင်ပြီးတစ်ကောင် ပျံသန်းဝင်ရောက်လာကြတော့လေသည်။ ထိုအချိန်တွင် ရှောင်းယီသည် သူ၏ ရွှမ်းယွမ်ဓားကို ဆွဲထုတ်လိုက်တော့သည်။

ချွမ်း

ရွှမ်းယွမ်ဓား အိမ်ထဲမှ ထွက်လာသည်နှင့် တပြိုင်နက် ဖြောင့်မတ်မှန်ကန်သော စွမ်းအင်လှိုင်းများ ဟိန်းထွက်သွားပြီး မသေမျိုးများ အားလုံးမှာ ခဏမျှ တောင့်ခဲသွားကြသည်။ ထိုခဏအတွင်းမှာပင် ကျန်းယွင်ထျန်းသည် သူစီးလာသော မသေမျိုးပေါ်မှ ချက်ချင်း ခုန်ချကာ တခြားသော မသေမျိုးများ၏ ကျောပေါ်သို့ ဆက်တိုက်နင်း၍ လေကြောင်းခံတပ်ပေါ်သို့ တည့်တည့်မတ်မတ် ခုန်တက်လိုက်တော့သည်။

“ကာကွယ်ရေးဒိုင်းကို အခုချက်ချင်း ပြန်ပိတ်လိုက်။”

ရှောင်းယီက အမိန့်ပေးလိုက်သည်။

လေကြောင်းခံတပ်၏ ကာကွယ်ရေးဒိုင်းမှာ ချက်ချင်း ပြန်ပိတ်သွားတော့သည်။ အပြင်ဘက်ရှိ မသေမျိုးများသည် ခေတ္တမျှ ကြောင်အသွားပြီးနောက် ထိုဒိုင်းများကို အတင်းဝင်တိုက်တော့သည်။ ဒိုင်းများပေါ်တွင် အက်ကြောင်းများ ချက်ချင်း ထင်ပေါ်လာတော့သည်။

“အားလုံးပဲ... မြို့ပြန်ကျောက်တွေကို အခုချက်ချင်း သုံးလိုက်ကြတော့။”

ရှောင်းယီက ဆက်လက် အမိန့်ပေးလိုက်သည်။

ယခုအခါ ၎င်းတို့သည် မသေမျိုးများ၏ ဝိုင်းရံမှုအလယ်တွင် ပိတ်မိနေပြီဖြစ်ရာ အပြင်သို့ အတင်းတိုက်ထုတ်ရန်မှာ မဖြစ်နိုင်တော့ပေ။

“ဟုတ်ကဲ့။”

လူတိုင်းသည် မြို့ပြန်ကျောက်များကို ချက်ချင်း အသုံးပြုလိုက်ကြပြီး ရှောင်းယီမှာမူ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် လေကြောင်းခံတပ်၏ ပျက်စီးမှုများကို မနားတမ်း ပြန်လည်ပြင်ဆင်ပေးနေခဲ့သည်။

သို့သော်လည်း လုံးဝ အမှီမလိုက်နိုင်တော့ပေ။ အများဆုံး စက္ကန့် ၃၀ အတွင်းမှာပင် လေကြောင်းခံတပ်၏ ကာကွယ်ရေးမှာ ဤမသေမျိုးများကြောင့် လုံးဝ ပျက်စီးသွားတော့မည် ဖြစ်သည်။ ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့် လေကြောင်းခံတပ်ကို မဟာမိတ်အဖွဲ့ထံသို့ ချက်ချင်း ပြန်လည်ပေးပို့လိုက်ပြီးနောက် သူကိုယ်တိုင်လည်း မြို့ပြန်ကျောက်ကို အသုံးပြုလိုက်တော့သည်။

အဖြူရောင်အလင်းတစ်ချက် လက်သွားပြီးနောက် ရှောင်းယီသည်လည်း လေကြောင်းခံတပ်ပေါ်မှ ပျောက်ကွယ်သွားခဲ့သည်။ ထိုအချိန်နှင့် တစ်ပြိုင်နက်တည်းမှာပင် လေကြောင်းခံတပ်ကြီးသည်လည်း ဟင်းလင်းပြင်ထဲ၌ ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။ လေကြောင်းခံတပ်ဆီသို့ အရှိန်နှင့် တိုးဝှေ့လာကြသော မသေမျိုးများသည် တစ်ကောင်နှင့်တစ်ကောင် အရှိန်မထိန်းနိုင်ဘဲ တိုက်မိကုန်ကြတော့လေသည်။

ရှောင်းယီနှင့် တခြားသူများ မသေမျိုး လေကြောင်းတပ်ဖွဲ့ကြားမှ ဘေးကင်းစွာ လွတ်မြောက်သွားသည်ကို မြင်သောအခါ ကျားကျန့်သည် သက်ပြင်းတစ်ချက် ချလိုက်နိုင်ပြီးနောက် အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်တော့သည်။

“ကောင်းပြီ... အခုတော့ စိတ်ပူစရာ ဘာမှမရှိတော့ဘူး။ အားရပါးရသာ ဆက်ပြီး ပစ်ကြစမ်း။”

ကျားကျန့်၏ အမိန့်ကို ကြားလိုက်ရသောအခါ ရှောင်းယီက အမြန်ပင် လှမ်းပြောလိုက်သည်။

“ကျညပ်တို့ လွတ်လာပြီဆိုတော့ စစ်သုံးယာဉ်တွေကို သုံးစရာ မလိုတော့ဘူး။ လေကြောင်းရန်ကာကွယ်ရေး တပ်ဖွဲ့တွေကိုပဲ ကိုင်တွယ်ခိုင်းလိုက်တော့။”

အမှန်စင်စစ် စစ်သုံးယာဉ် အမြောက်ဆန်များ၏ ကုန်ကျစရိတ်မှာ ပို၍ မြင့်မားသောကြောင့် ဖြစ်သည်။

“ကောင်းပြီ။”

ကျားကျန့်က ခေါင်းညိတ်ပြလိုက်ရာ ဧရာမလူသားများသည် စစ်သုံးယာဉ်များကို တစ်စီးပြီးတစ်စီး ပြန်ချလိုက်ကြသည်။

ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့သော တိုက်လေယာဉ်များပေါ်မှ လေယာဉ်မှူးများသည်လည်း ကျန်းယွင်ထျန်း၏ အနားသို့ စုရုံးလာကြပြီဖြစ်သည်။ ကျန်းယွင်ထျန်းတွင် ပြင်းထန်သော ဒဏ်ရာများ မရရှိသည်ကို မြင်ရသောအခါမှသာ သူတို့၏ မျက်နှာများပေါ်၌ အပြုံးများ ဖြစ်ပေါ်လာခဲ့ကြသည်။ သို့သော် ကျန်းယွင်ထျန်းမှာမူ တည်တင်းနေသော မျက်နှာနှင့် လျှောက်လာပြီး သူတို့တစ်ယောက်ချင်းစီကို ခြေထောက်နှင့် ကန်ကာ ဆဲဆိုတော့လေသည်။

“ဘယ်သူက မင်းတို့ကို အမိန့်ဖီဆန်ခိုင်းလို့လဲကွ။”

လေယာဉ်မှူးများမှာ အကန်ခံရသဖြင့် ယိုင်ထွက်သွားကြသော်လည်း ချက်ချင်းပင် မတ်မတ်ပြန်ရပ်ကာ တညီတညွတ်တည်း တုံ့ပြန်လိုက်ကြသည်။

“သတင်းပို့ပါတယ်... ဘယ်သူမှ မခိုင်းပါဘူး၊ ကျုပ်တို့ဘာသာ ဆုံးဖြတ်ခဲ့တာပါ။”

“ဟမ့်...ပြန်ရောက်ရင် မင်းတို့ တစ်ပတ် အချုပ်ခံရမယ်။ ပြီးရင် စကားလုံးတစ်သောင်းပါတဲ့ ကိုယ်တိုင်သုံးသပ်ချက်လည်း ရေးရမယ်မှတ်ထားစမ်း။”

ကျန်းယွင်ထျန်းက ဒေါသတကြီး ပြောလိုက်သည်။

“ဟုတ်ကဲ့။”

အပြစ်ပေးမှုကို ကြေညာပြီးနောက် ကျန်းယွင်ထျန်းသည် သက်ပြင်းရှည်ကြီး တစ်ချက်ချကာ ရှေ့သို့ တိုးသွားပြီး သူတို့ကို တစ်ယောက်ချင်းစီ ဖက်လိုက်ရင်း ပြောလိုက်သည်။

“ကျေးဇူးပဲ ညီအစ်ကိုတို့...။”

ထိုအချိန်တွင် ရှောင်းယီသည်လည်း စိတ်အေးသွားရပြီး ရှေ့သို့ လျှောက်လာကာ ပြောလိုက်သည်။

“နောင်ဆိုရင် ဒီလို အန္တရာယ်များတဲ့ တာဝန်တွေကို ထမ်းဆောင်တဲ့အခါ မြို့ပြန်ကျောက်ကို အမြဲ ဆောင်ထားသင့်တယ်။”

ကျန်းယွင်ထျန်းက ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်... ဒါမှ စစ်သားတွေရဲ့ ဘေးကင်းမှုကို ပိုပြီး အာမခံနိုင်လိမ့်မယ်။”

ထိုစဉ် ရှောင်းယီသည် ကျန်းယွင်ထျန်းကို ကြည့်ရင်း ရုတ်တရက် အံ့သြတကြီး ရေရွတ်လိုက်သည်။

“မင်း အဆင့်တက်သွားပြီလား။”

ကျန်းယွင်ထျန်းက ခေါင်းညိတ်ပြလိုက်သည်။

“ကျွန်းပိုင်ရှင် ပြောတာ မှန်တယ်။ ငါတို့ရဲ့ အဆင့်တက်မှုကို လှုံ့ဆော်ဖို့အတွက် ပြင်းထန်တဲ့ တိုက်ပွဲတွေ လိုအပ်နေတုန်းပဲ။ ဒီတိုက်ပွဲက တကယ်ထိုက်တန်တယ်။”

လောလောဆယ် တိုက်ပွဲမှာ ၁၀ မိနစ်ကျော်ကျော်သာ ကြာမြင့်ခဲ့သော်လည်း ဤကဲ့သို့ ပြင်းထန်မှုမျိုးမှာ ကျန်းယွင်ထျန်း တစ်ခါမှ မကြုံဖူးသေးပေ။ ထိုကဲ့သို့ ကြီးမားသော ဖိအားအောက်တွင် ကျန်းယွင်ထျန်းသည် နောက်ဆုံးခြေလှမ်းကို အောင်မြင်စွာ လှမ်းနိုင်ခဲ့ပြီး ယီရန်ပင်း မဟာမိတ်အဖွဲ့၏ ဒုတိယမြောက် SSS အဆင့် စွမ်းအားရှင် ဖြစ်လာခဲ့ပြီ ဖြစ်သည်။

ကျန်းယွင်ထျန်း၏ စကားကို ကြားသောအခါ ရှောင်းယီတစ်ယောက် မျက်လုံးလှိမ့်လိုက်သည်။

“ငါတို့ တိုက်လေယာဉ် နှစ်စင်း၊ လေကြောင်းခံတပ် တစ်ခုနဲ့ အမြောက်ဆန်တွေ အများကြီး ဆုံးရှုံးသွားရတာလေ။ အရှုံးက အရမ်းကြီးတယ်။”

“ကျွန်းပိုင်ရှင်ကလည်း... အဲ့လောက်ထိ မကပ်စေးနည်းမနေစမ်းပါနဲ့။ SSS အဆင့် တိုက်ခိုက်ရေးသမား တစ်ယောက် ထပ်တိုးလာတာ မကောင်းဘူးလား။”

ကျန်းယွင်ထျန်းက ပြုံးကာ ပြန်ဖြေလိုကါသည်။

“လုံးဝ မကောင်းတာတော့လည်း မဟုတ်ပါဘူးလေ။”

ရှောင်းယီက စိတ်မပါသလိုနှင့် ပြန်ပြောလိုက်သည်။

ရှောင်းယီ ခေါ်ထားသော နာ့နာမှာမူ ကျန်းယွင်ထျန်း၏ ဒဏ်ရာများကို စတင် ကုသပေးနေပြီ ဖြစ်သည်။

နောက်ဆက်တွဲ တိုက်ပွဲမှာမူ တစ်ဖက်သတ် သတ်ဖြတ်မှုသာ ဖြစ်သည်။ လေကြောင်းတပ်ဖြစ်စေ၊ မြေပြင်တပ်ဖြစ်စေ မသေမျိုးများသည် ယီရန်ပင်း မဟာမိတ်အဖွဲ့၏ ကျည်ဆန်မိုးများကို လုံးဝ ထိုးဖောက်နိုင်ခြင်း မရှိတော့ပေ။ နာရီဝက်ခန့် ကြာပြီးနောက်တွင်မူ မသေမျိုးများမှာ ဆုတ်ခွာရန် ဆုံးဖြတ်လိုက်ကြရတော့သည်။ ခြေထောက်နှစ်ဖက်လုံး အပိုင်းပိုင်းပြတ်နေသော အရိုးနဂါးကြီးကိုမူ ဧရာမလူသားများက စုပေါင်းပြီး၍ အဆုံးသတ်ပေးလိုက်ကြသည်။

“ဒီအပြင်လူရဲ့ အစွမ်းက တကယ်ကို ကြောက်စရာကောင်းတာပဲ။”

“ငါးမန်းသွား အရိုးနဂါးတောင် သူ့ကို မနိုင်ဘူးလား။”

“ဒါဆိုရင် ငါတို့ ဒီကမ္ဘာကို အောင်အောင်မြင်မြင် မကျူးကျော်နိုင်တော့ဘူးလို့ ဆိုလိုတာလား။”

ကျောက်တုံးအိမ်ထဲရှိ ဝတ်ရုံနက်ဝတ်ထားသူများသည် ရှေ့တန်းမှ သတင်းကို ရရှိပြီးနောက် ထိတ်လန့်တကြား ဆွေးနွေးလိုက်ကြတော့လေသည်။ ခေါင်းဆောင်ဖြစ်သူ ဝတ်ရုံနက်မှာ ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် အမိန့်ပေးလိုက်သည်။

“မသေမျိုးတပ်ဖွဲ့တွေအားလုံးကို ပြန်ခေါ်လိုက်။ မသေမျိုးပင်လယ်ရဲ့ ကမ်းခြေအထိ ဆုတ်ခွာပြီး လမ်းကြောင်းကိုပဲ စောင့်ကြပ်ကြတော့။”

“ဟုတ်ကဲ့။”

ဝတ်ရုံနက်များက တစ်ယောက်ပြီးတစ်ယောက် တုံ့ပြန်လိုက်ကြသည်။

“သတင်းပို့ပါတယ်... မသေမျိုးတွေ ဆုတ်ခွာနေပါပြီ။”

စစ်သားတစ်ဦးက ရှောင်းယီထံသို့ အပြေးလာ၍ သတင်းပို့လိုက်သည်။ ရှောင်းယီတစ်ယောက် အနည်းငယ် ကြောင်အသွားတော့သည်။

“သူတို့က ဆုတ်ခွာနေကြတာ ကြာပြီ မဟုတ်ဘူးလား။”

“ကျွန်းပိုင်ရှင်ကို တင်ပြပါတယ်...။ သူတို့က ၅ ကီလိုမီတာ အကွာအဝေးကိုတင် ဆုတ်တာ မဟုတ်ဘဲ နောက်ကို ပိုပြီး ဝေးသထက်ဝေးအောင် ဆက်ပြီး ဆုတ်နေကြတာကို တွေ့ရလို့ပါ။”

စစ်သားက ရှင်းပြလိုက်သည်။

ရှောင်းယီမှာ ထပ်မံ မှင်တက်သွားရပြီး သူ၏ မှန်ပြောင်းကိုထုတ်ကာ ကြည့်လိုက်ရာ အဝေးရှိ မသေမျိုးများသည် အမှန်တကယ်ပင် ရပ်တန့်ခြင်းမရှိဘဲ ဆက်တိုက် ဆုတ်ခွာနေကြသည်ကို မြင်လိုက်ရတော့သည်။

အခန်း ၁၁၄၈

“သူတို့ရဲ့ အိတ်ကပ်ထဲက ဖဲချပ်အကောင်းစားကြီးကို ငါတို့ ချိုးဖျက်လိုက်နိုင်လို့ သူတို့ မယှဉ်နိုင်မှန်းသိပြီး ဆုတ်သွားကြတာလား။”

ရှောင်းယီက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ ကျန်းယွင်ထျန်းသည်လည်း မှန်ပြောင်းဖြင့် ကြည့်ရှုပြီးနောက် ပြောလိုက်သည်။

“တကယ်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကင်းထောက်တွေ လွှတ်ပြီးတော့တော့ အခြေအနေကို စောင့်ကြည့်ခိုင်းရဦးမယ်။ ပြဿနာမရှိဘူးဆိုရင်တော့ ငါတို့ ရှေ့ကို ဆက်တိုးကြတာပေါ့။”

မည်သို့ပင်ဆိုစေကာမူ ၎င်းတို့သည် အဖွဲ့လိုက်တိုက်ပွဲတွင် အနိုင်ရရှိခဲ့ခြင်းဖြစ်ရာ စစ်မျက်နှာကို ရှေ့သို့ တိုးချဲ့ရမည်ဖြစ်သည်။

“ကောင်းပြီ။ ဒါဆို ကင်းထောက်တွေ စီစဉ်လိုက်ပါ။ ချုံခိုတိုက်ခိုက်တာမျိုး မရှိဘူးဆိုတာ သေချာပြီဆိုရင်တော့ ရှေ့ကို ဆက်တိုးကြတာပေါ့။”

ရှောင်းယီက ညွှန်ကြားလိုက်သည်။

“ငါ အရင်ပြန်နှင့်တော့မယ်။”

“အင်း... ဒီက ကိစ္စတွေကို ငါနဲ့ပဲ စိတ်ချလက်ချ ထားခဲ့လိုက်ပါ။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။

ရှောင်းယီ ခေါင်းညိတ်ပြလိုက်ပြီး မြို့ပြန်ကျောက်ကို အသုံးပြုကာ ဗီလာသို့ ပြန်လာခဲ့လိုက်သည်။ ဖုန်းကို ဖွင့်လိုက်သောအခါ မက်ဆေ့ချ်များစွာ ထပ်မံရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ သူ အပြင်သို့ လျှောက်လာရင်း မက်ဆေ့ချ်များကို ဖတ်ရှုနေမိသည်။

“ငါတို့ ရှေ့တန်းက သတင်းအရတော့ မသေမျိုးတွေက နောက်ကို ပြန်ဆုတ်သွားကြပြန်ပြီတဲ့။”

“ဒါ သတင်းကောင်းပဲ။ သူတို့ ဒီကမ္ဘာကနေ လုံးဝ ထွက်သွားကြမယ်ဆိုရင် အကောင်းဆုံးပဲ။”

“မင်းကတော့ အများကြီး တွေးနေပြီ။”

“လူတစ်ယောက်မှာ အိပ်မက်တစ်ခုတော့ ရှိရမယ်လေ။ တစ်စုံတစ်ယောက်က အဲ့ဒီအိပ်မက်ကို အကောင်အထည်ဖော်ပေးနိုင်ရင် ဘယ်လောက်ကောင်းလိုက်မလဲ။”

“မင်းပြောတာ ‘သူဌေး’ က အကောင်အထည်ဖော်ပေးမှာကို ပြောတာမလား။”

“အမှန်ပဲ။ မသေမျိုးတွေ အခုလို လှုပ်ရှားနေတာက သူဌေး တစ်ခုခု လုပ်လိုက်လို့ပဲ ဖြစ်ရမယ်လို့ ငါ ရဲရဲကြီး ပြောရဲတယ်။”

“ဒါပေမဲ့ မသေမျိုးတွေက တစ်ခုခု ကြံစည်နေမလားဆိုတာကို ငါ စိုးရိမ်နေတုန်းပဲ။”

ထိုအရာကို မြင်သောအခါ ရှောင်းယီက ဂရုထဲသို့ မက်ဆေ့ချ်တစ်ခု ပို့လိုက်သည်။

“ကျုပ်တို့ ခုနတင်ပဲ အစွမ်းထက်တဲ့ မသေမျိုး အရိုးနဂါးတစ်ကောင်ကို ရှင်းပစ်လိုက်နိုင်တယ်။ အဲ့ဒါကြောင့် ရန်သူတွေ ဆုတ်သွားတာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့လည်း သတိထားပြီး ကင်းထောက်ဖို့ လိုသေးတယ်။ ချုံခိုတိုက်ခိုက်တာမျိုး မရှိတာ သေချာပြီဆိုရင်တော့ အားလုံး ရှေ့ကို ဆက်တိုးနိုင်ပါပြီ။”

“တွေ့လား... ငါပြောတာ မှန်သားပဲ။ သူဌေးဘက်က အကြီးအကျယ် အောင်ပွဲရလိုက်လို့သာ မသေမျိုးတွေ ဆုတ်သွားတာပေါ့။ မဟုတ်ရင် ဘယ်ဆုတ်မလဲ။”

“သူဌေးကတော့ လုံးဝကို အမိုက်စားပဲ။ အရိုးနဂါးနဲ့တောင် တိုးခဲ့တာလား။ နာမည်ကြားရုံနဲ့တင် လုံးဝ မရိုးရှင်းဘူးဆိုတာ သိသာတယ်။”

“ကောင်းတာပေါ့။ ဒီလိုဆိုရင် ငါတို့ မဟာမိတ်တွေအတွက် ဖိအားတွေ နည်းသွားပြီး ဖွံ့ဖြိုးတိုးတက်ရေးကိုပဲ အာရုံစိုက်လို့ ရပြီ။”

“အမှန်ပဲ။ ငါတို့ မဟာမိတ်အဖွဲ့က ဒီနေ့ Desktop ကွန်ပျူတာ ပုံစံထုတ်လုပ်မှုပုံစံတစ်ခု ရထားတယ်။ ငါတို့ အီလက်ထရွန်နစ်ခေတ်ထဲကို အရှိန်နဲ့ ဝင်တော့မယ်။”

“ဟုတ်လား... ငါတို့လည်း အဲ့ဒါ ရထားတယ်။”

“ငါတို့ကတော့ ဘရစ်ခ်ဖုန်း (Brick Phone - ရှေးကျသော ဖုန်းအမျိုးအစား) ပုံစံ ရထားတယ်။”

“ဟားဟားဟား... မင်းရဲ့ ပုံစံထုတ်လုပ်မှုပုံစံက အသုံးမကျဘူး။ ယီရန်ပင်း မဟာမိတ်အဖွဲ့က ထုတ်လုပ်တဲ့ စမတ်ဖုန်းတွေ ရှိနေတာပဲ။ ဘယ်သူက ဘရစ်ခ်ဖုန်းကို သုံးမှာလဲ။ အပိုပဲ။”

“မဟုတ်ဘူးလေ။ ဘရစ်ခ်ဖုန်းဆိုတာ ဂုဏ်ဒြပ်နဲ့ ရာထူးကို ကိုယ်စားပြုတာပဲ။ ငါတောင် ထုတ်ပြီးသွားပြီ။ အခွင့်သာရင် သူဌေးကို မေးကြည့်ရမယ်။ သူတို့ဆီက ချစ်ပ်တွေကို ဒီဘရစ်ခ်ဖုန်းထဲမှာ ထည့်သုံးလို့ရမလားလို့။ သုံးရတာ တကယ်ကို စတိုင်ကျမှာပဲ။”

“အခု ပြန်စဉ်းစားကြည့်ရင် ငါတို့ ဒီမှာ ရက်ပေါင်း ၁၁၀ ကျော် နေလာရတာ ရှေးခေတ်ကနေ အခုခေတ်အထိ တိုးတက်လာတဲ့ ပြောင်းလဲမှုတွေကို အချိန်တိုအတွင်း ကြုံတွေ့နေရသလိုပဲ။”

“မှန်တယ်။ ဒါပေမဲ့ ခေတ်တစ်ခုကို အပြည့်အဝတောင် မခံစားရသေးဘူး။ နောက်ထပ် ခေတ်တစ်ခုထဲကို ရောက်ရောက်သွားသလိုပဲ။”

“ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သာ ရှိနေရင်တော့ ဖွံ့ဖြိုးတိုးတက်မှု အရှိန်က အရမ်းကို မြန်ဆန်လွန်းတယ်။”

အသက်ရှင်ကျန်ရစ်သူများသည် ဂရုထဲတွင် တက်ကြွစွာ ဆွေးနွေးနေကြသော်လည်း သူတို့ မသိသည်မှာ ဤအရှိန်အဟုန်သည် ပုံမှန်မဟုတ်ဘဲ ရှောင်းယီကဲ့သို့ ‘အမှားအယွင်း’ (Bug) တစ်ခု ရှိနေခြင်းကြောင့်သာ ခြုံငုံဖြစ်စဉ်မှာ ဤမျှအထိ မြန်ဆန်နေခြင်း ဖြစ်သည်။

“ဖွံ့ဖြိုးတိုးတက်မှု အရှိန်က မြန်ပေမဲ့ ငါတို့ မဟာမိတ်အဖွဲ့က လူတိုင်းရဲ့ အရှိန်ကို မမှီဘူးလို့ ခံစားနေရတယ်။”

“ငါလည်း အတူတူပဲ။ ဒီတိုးတက်မှုနှုန်းအရဆိုရင် ငါတို့ လေယာဉ်တွေတောင် ထုတ်လုပ်နိုင်နေပြီ။ ဒါပေမဲ့ ကျွန်းပေါ်က အိမ်နိမ့်နိမ့်လေးတွေကို ကြည့်လိုက်တဲ့အခါ လုံးဝ အချိုးမကျဘူး။”

ထိုအရာကို မြင်လိုက်ရသောအခါ ရှောင်းယီတစ်ယောက် သူ၏ အဆောက်အဦးများကို အပြင်သို့ ရောင်းချနိုင်မလားဟု ရုတ်တရက် တွေးမိသွားခဲ့သည်။ သူ၏ ယခင်ကမ္ဘာတွင် အိမ်ခြံမြေလုပ်ငန်းသည် မရေမတွက်နိုင်သော ဘီလီယံနာများကို ဖန်တီးပေးခဲ့သည်။ အိမ်ခြံမြေပူဖောင်းမှာ နောက်ဆုံးတွင် ပေါက်ကွဲသွားခဲ့သော်လည်း ထိုသူများက ဘီလီယံနာများ ဖြစ်နေဆဲပင်။

ထိုအကြောင်းကို တွေးမိသည်နှင့် ရှောင်းယီသည် အန်းယွဲ့ကို ချက်ချင်း ဖုန်းဆက်လိုက်တော့သည်။

“ဒီနေ့ ရောင်းချမယ့် ကုန်ပစ္စည်းစာရင်းထဲမှာ အထပ်မြင့် အဆောက်အဦးတွေကိုပါ ထပ်ထည့်လိုက်ပါ။ ဈေးနှုန်းကိုတော့ ဦးလေးပဲ သင့်တော်သလို သတ်မှတ်လိုက်ပါ။”

“ဟုတ်ကဲ့ပါ။”

အန်းယွဲ့က ပြန်ဖြေလိုက်သည်။

“ကျွန်းပိုင်ရှင်... လေပြာအင်ပါယာနဲ့ ကောင်းကင်မိုးကြိုးမင်းဆက်ဆီက ပို့လိုက်တဲ့ အုတ်မြစ်ကျောက်တွေ အားလုံး ရောက်နေပါပြီ။ ကျွန်းအကျယ်အဝန်း ချဲ့ထွင်ဖို့အတွက် အဲ့ဒါတွေကို အရင်ဆုံး သွားသိမ်းလိုက်မလား။”

“ကောင်းပြီ။ အဲ့ဒီအုတ်မြစ်ကျောက်တွေ ဘယ်နားမှာလဲ။”

ရှောင်းယီက မေးလိုက်သည်။

“တံတိုင်းရဲ့ အရှေ့ဘက်က ကွင်းပြင်ထဲမှာပါ။ အခုဆို ပြည့်လုနီးပါး ဖြစ်နေပြီ။”

အန်းယွဲ့က ဖြေလိုက်သည်။

ရှောင်းယီ သူ့ကို အင်းဟု တုံ့ပြန်လိုက်ကာ အပြင်သို့ လျှောက်လာခဲ့လိုက်သည်။ အရှေ့ဘက် တံခါးပေါက်မှ ထွက်လာသည်နှင့် ရှောင်းယီမှာ နေရာတွင်ပင် ကြောင်အသွားရတော့သည်။ အကြောင်းမှာ သူ၏ မျက်စိရှေ့တွင် အုတ်မြစ်ကျောက်များမှာ တောင်တစ်လုံးကဲ့သို့ ပုံနေသည်ကို တွေ့လိုက်ရသောကြောင့်ပင်။

ရှောင်းယီသည် စိတ်ကို အနည်းငယ် ပြန်ထိန်းကာ အလျင်အမြန်ပင် ရှေ့တိုး၍ သိမ်းဆည်းလိုက်တော့သည်။

ရရှိသော အရင်းအမြစ်- အုတ်မြစ်ကျောက် ၆.၆၆ ထရီလီယံ။

နှစ်ဆတိုး ရိတ်သိမ်းခြင်း - အုတ်မြစ်ကျောက် ၁၃.၃၂ ထရီလီယံ။

စနစ်၏ အသ်ပေးချက်ကို မြင်သောအခါ ရှောင်းယီမှာ မိန်းမောသွားရသည်။ အုတ်မြစ်ကျောက် သန်းတစ်ရာသည် စတုရန်းကီလိုမီတာ တစ်ရာ အကျယ်အဝန်းကို ချဲ့ထွင်နိုင်၏။ အုတ်မြစ်ကျောက် တစ်ထရီလီယံသည် စတုရန်းကီလိုမီတာ တစ်သန်း ဖြစ်ပြီး ၁၃.၃၂ ထရီလီယံ ဆိုလျှင် စတုရန်းကီလိုမီတာ ၁၃.၃၂ သန်း ဖြစ်သည်။

သူ၏ ယခင်ကမ္ဘာတွင် ရှားနိုင်ငံ၏ နယ်မြေအကျယ်အဝန်းမှာ ၉.၆ သန်း စတုရန်းကီလိုမီတာသာ ရှိခဲ့သည်။ ယခုအကြိမ် ရရှိသော အုတ်မြစ်ကျောက်များဖြင့် ချဲ့ထွင်နိုင်သော ဧရိယာမှာ သူ၏ ယခင်ကမ္ဘာမှ ရှားနိုင်ငံ အကျယ်အဝန်းကို လုံးဝ ကျော်လွန်သွားပြီဖြစ်သည်။

သို့သော် နောက်အခိုက်တွင် ရှောင်းယီ မျက်မှောင်ကြုတ်သွားမိသည်။ ဤမျှ ကျယ်ဝန်းသော နယ်မြေကြီးကို လူမရှိဘဲ စီမံခန့်ခွဲရန်မှာ အလွန် ခက်ခဲပေလိမ့်မည်။ ဤမျှ ကြီးမားသော အုတ်မြစ်ကျောက်ကျွန်းကြီးမှာ အမှန်စင်စစ် အုတ်မြစ်ကျောက် တိုက်ကြီးဟု ခေါ်လျှင် ပိုမှန်ပေလိမ့်မည်။ သို့သော် ဤကမ္ဘာ၏ သမုဒ္ဒရာ အကျယ်အဝန်းနှင့် နှိုင်းယှဉ်လျှင်မူ ကျွန်းတစ်ကျွန်းဟုပင် ခေါ်နိုင်သေးသည်။

ဤမျှ ကြီးမားသော ကျွန်းကြီးတွင် အရင်းအမြစ်များ ပြန်လည် ထွက်ပေါ်လာသည့် အရှိန်မှာလည်း ပိုမိုမြန်ဆန်လာမည်ဖြစ်ရာ အရင်းအမြစ်များကို တူးဖော်ရန်၊ စုဆောင်းရန်နှင့် ထွက်ပေါ်လာသည့် သားရဲတိရစ္ဆာန်များကို ရှင်းလင်းရန်အတွက် လူဦးရေ အများအပြား လိုအပ်မည်ဖြစ်သည်။ ထို့ကြောင့် ရှောင်းယီသည် သူ၏ မဟာမိတ်အဖွဲ့အတွင်းသို့ ဖြည့်ဆည်းရန် ကြီးမားသော လူဦးရေတစ်ခု လိုအပ်လာခဲ့သည်။

“လေပြာအင်ပါယာနဲ့ ကောင်းကင်မိုးကြိုးမင်းဆက်ကနေတစ်ဆင့် နည်းလမ်းရှာရမယ် ထင်တယ်။”

ရှောင်းယီ တွေးလိုက်သည်။

ထို့နောက် အန်းယွဲ့ကို ဖုန်းပြန်ဆက်လိုက်သည်။

“ဦးလေးအန်း... လော့လင်တန်နဲ့ လန်ယုံကို ခေါ်ပေးပါ။ ကျုပ် သူတို့နဲ့ ဆွေးနွေးစရာ ရှိတယ်။ သူတို့ရဲ့ အကြံပေးတွေကိုပါ တစ်ပါတည်း ခေါ်လာခိုင်းလိုက်ပါ။”

“ဟုတ်ကဲ့။”

ဆယ်မိနစ်ခန့်အကြာတွင် အန်းယွဲ့က ရှောင်းယီအား အကြောင်းပြန်လာခဲ့သည်။

“ကျွန်းပိုင်ရှင်... သူတို့နှစ်ယောက်လုံး အပန်းဖြေဟိုတယ်က အစည်းအဝေးခန်းထဲမှာ စောင့်နေကြပါပြီ။”

“ကောင်းပြီ။ ကျုပ် အခုလာခဲ့မယ်။ ကျန်တဲ့ ကျွန်းတွေက တာဝန်ခံတွေကိုလည်း လာနားထောင်ဖို့ ခေါ်လိုက်ပါ။ ဒါက ကျုပ်တို့ရဲ့ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုနဲ့ သက်ဆိုင်တယ်။”

ရှောင်းယီက ဆိုသည်။

“ဟုတ်ကဲ့။”

ရှောင်းယီသည် မြို့ပြန်ကျောက်စာကို အသုံးပြုကာ အပန်းဖြေစခန်းသို့ ရောက်ရှိသွားခဲ့သည်။ အန်းယွဲ့ ပြောသည့်အတိုင်းပင်။ မသေမျိုးများ၏ ဖိအားများ မရှိတော့သဖြင့် အပန်းဖြေစခန်း၏ စီးပွားရေးမှာ သိသိသာသာ ပြန်လည် ကောင်းမွန်လာခဲ့သည်။ စခန်းတစ်ခုလုံးသည်လည်း လူများဖြင့် စည်ကားနေတော့သည်။ ထို့နောက် ရှောင်းယီသည်လည်း ကားတစ်စီးပေါ်သို့တက်ကာ ဟိုတယ်ဆီသို့ ဦးတည်ခဲ့လိုက်တော့လေသည်။

ရှောင်းယီ အစည်းအဝေးခန်းသို့ ရောက်သောအခါ အားလုံး စုံလင်စွာ ရောက်ရှိနေကြပြီ ဖြစ်သည်။

“အားလုံးပဲ... အခုလို ပိတ်ရက်မှာ အစည်းအဝေးကို လာပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။”

ရှောင်းယီက ပြုံးကာ နှုတ်ဆက်လိုက်သည်။ အားလုံးကလည်း ဘာမှ အခက်အခဲမရှိပါကြောင်း ပြန်လည် ပြောဆိုလိုက်ကြသည်။

ရှောင်းယီက ဆက်ပြောသည်။

“ဒီနေ့ လူစုရတဲ့ အကြောင်းရင်းက ငါတို့ကျွန်းကို မကြာခင်မှာ အကြီးအကျယ် ချဲ့ထွင်တော့မှာ ဖြစ်တဲ့အတွက် ဒီလို ရုတ်တရက် ကြီးထွားလာမယ့် နယ်မြေကြီးကို ဘယ်လို စီမံခန့်ခွဲမလဲဆိုတာ အားလုံးနဲ့ ဆွေးနွေးစေချင်လို့ပဲ။”

“အကြီးအကျယ် ချဲ့ထွင်မယ် ဟုတ်လား။ ဘယ်လောက်အထိလဲ။ နှစ်ဆလောက် တိုးလာမှာလား။”

“ကျွန်းပိုင်ရှင် ပြောပုံအရဆိုရင် နှစ်ဆမကဘူးထင်တယ်။ အကယ်လို့ နှစ်ဆလောက်ပဲဆိုရင်တော့ အခုရှိနေတဲ့ လူဦးရေနဲ့ စီမံခန့်ခွဲလို့ ရနိုင်သေးတယ်။”

“မှန်တယ်။ ငါ့အထင်တော့ အခုရှိနေတဲ့ အကျယ်အဝန်းထက် သုံးဆလောက် ပိုကြီးလာမလားပဲ။”

“သုံးဆလား။ ဒါဆိုရင် စတုရန်းကီလိုမီတာ ၆ သန်းနီးပါး ဖြစ်သွားမှာပေါ့။ ရှေးခေတ် ရှားနိုင်ငံ အကျယ်အဝန်းနီးပါး ရှိသွားမှာပဲ။”

အစည်းအဝေးခန်းအတွင်းရှိ လူများမှာ တစ်ယောက်တစ်ပေါက် တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြတော့သည်။

All Chapters