← Chapters

အခန်း (၁၁၄၉-၁၁၅၀)

Vol. 98 Ch. 1149-1150

အခန်း (၁၁၄၉-၁၁၅၀)

Vol. 98 Ch. 1149-1150

အခန်း ၁၁၄၉

လူတိုင်း တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြသည်ကို မြင်သော်လည်း ရှောင်းယီက သူတို့ကို မတားမြစ်ခဲ့ပေ။ သူသည် မတ်တပ်ရပ်ကာ ကျောက်သင်ပုန်းဆီသို့ လျှောက်သွားပြီး နံပါတ်တစ်ခုကို ရေးချလိုက်လေသည်။

[၁၅.၂၂]

ရှောင်းယီ ရေးလိုက်သော ထိုနံပါတ်ကို မြင်သောအခါ လူတိုင်း ခေတ္တမျှ မှင်တက်သွားပြီးမှ ထပ်မံ၍ ဆွေးနွေးငြင်းခုံလာကြပြန်သည်။

“၁၅.၂၂ ဆိုတာ ဘာကို ဆိုလိုတာလဲ။”

“ငါတို့ မဟာမိတ်အဖွဲ့ထဲမှာ အခုရှိနေတဲ့ လူဦးရေကို ပြောတာလား။”

“ဖြစ်နိုင်တယ်။ ငါတို့ သတိမထားမိခင်မှာတင် ငါတို့ မဟာမိတ်အဖွဲ့ထဲကို လူတွေ အများကြီး ရောက်နေပြီပဲ။”

“ဒါက ငါတို့ မဟာမိတ်အဖွဲ့ရဲ့ ချဲ့ထွင်မယ့် ဧရိယာများ ဖြစ်နိုင်မလား။”

စွန်းကုထောင်က ရုတ်တရက် မေးလိုက်သည်။

အစည်းအဝေးခန်းမတစ်ခုလုံး ချက်ချင်းပင် တိတ်ဆိတ်သွားပြီးနောက် ပို၍ ပြင်းထန်သော ဆွေးနွေးသံများ ထွက်ပေါ်လာတော့သည်။

“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အခု ငါတို့ဆီမှာ ရှိတာက စတုရန်းကီလိုမီတာ နှစ်သန်းတောင် မပြည့်သေးဘူး။ ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး ၁၅ သန်းအထိ ခုန်တက်သွားမှာလဲ။”

“ဟုတ်တယ်...မဖြစ်နိုင်တာပဲ။ ငါ့အထင်တော့ လူဦးရေပဲ ဖြစ်ရမယ်။”

“ငါတို့ မဟာမိတ်အဖွဲ့က ဒီနေ့ အကြီးအကျယ် အရောင်းမြှင့်တင်ရေး လုပ်နေတယ်ဆိုပေမဲ့ ဒါက နှစ်နာရီကျော်ပဲ ရှိသေးတယ်။ ဒီလောက်များတဲ့ အုတ်မြစ်ကျောက်တွေကို ရဖို့ဆိုတာ မဖြစ်နိုင်ဘူး။”

“ဒါတင်မကသေးဘူး။ အသက်ရှင်ကျန်ရစ်သူတွေဆီမှာ ရှိတဲ့ အုတ်မြစ်ကျောက်တွေကလည်း အရမ်းနည်းတယ်။ သူတို့ အကုန်လုံး ထုတ်ပေးရင်တောင် ဒီလောက် မများနိုင်ဘူး။”

ထိုစဉ် ရှောင်းယီက စားပွဲကို လက်ဖြင့် ပုတ်လိုက်သည်။

“အားလုံးပဲ...တိတ်တိတ်နေကြပါ။”

အစည်းအဝေးခန်းမကြီးမှာ ချက်ချင်းပင် ငြိမ်သက်သွားတော့သည်။

“တကယ်တော့ စွန်းကုထောင် ခန့်မှန်းတာ မှန်ပါတယ်။”

ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။

ခန်းမကြီးမှာ ယခင်ကထက်ပင် ပို၍ တိတ်ဆိတ်သွားပြီး မှန်ကန်အောင် ခန့်မှန်းနိုင်ခဲ့သည့် စွန်းကုထောင် အပါအဝင် လူတိုင်း၏ မျက်လုံးများ ပြူးကျယ်သွားကြသည်။

အတန်ကြာမှ တစ်စုံတစ်ယောက်က ထိတ်လန့်တကြား မေးလိုက်သည်။

“ကျွန်းပိုင်ရှင်... နောက်နေတာ မဟုတ်ဘူးမလား။”

“နောက်နေတာဆိုရင် ငါ မင်းတို့ကို အခုလို အလောတကြီး ဘာလို့ ခေါ်ရမှာလဲ။”

ရှောင်းယီက ပြန်မေးလိုက်သည်။

လူတိုင်းသည် ထိုထိတ်လန့်ဖွယ် သတင်းကောင်းကို နားလည်နိုင်ရန် အတော်လေး ကြိုးစားနေကြရသည်။

ထိုအချိန်တွင် လန်ယုံနှင့် လော့လင်တန်တို့ နှစ်ဦးစလုံးက တစ်ပြိုင်နက်တည်း တွေးလိုက်မိသည်။

‘ကောင်းကင်မိုးကြိုးမင်းဆက် (လေပြာအင်ပါယာ) မှာ တကယ်ပဲ အုတ်မြစ်ကျောက်တွေ အများကြီး ရှိနေတာပဲ။’

သူတို့ နှစ်ဦးစလုံးသည် မိမိတို့ ပေးပို့လိုက်သော အုတ်မြစ်ကျောက် အရေအတွက်ကို သိသော်လည်း တစ်ဖက်လူ ပေးပို့လိုက်သည့် ပမာဏကိုမူ မသိကြပေ။ ထို့ကြောင့် ဤမျှ များပြားလှသော ပမာဏမှာ တစ်ဖက်လူ ပေးပို့လိုက်ခြင်းကြောင့် ဖြစ်မည်ဟု အသီးသီး တွေးတောနေကြခြင်း ဖြစ်သည်။

“ကောင်းပြီ... အားလုံးပဲ သိပ်ပြီးလည်း အံ့သြမနေကြပါနဲ့။ ဒီအုတ်မြစ်ကျောက်တွေကို လေပြာအင်ပါယာနဲ့ ကောင်းကင်မိုးကြိုးမင်းဆက်က ပံ့ပိုးပေးထားတာပါ။”

ရှောင်းယီက ဆက်ပြောလိုက်သည်။

ထိုအခါမှသာ လူတိုင်းမှာ ရုတ်တရက် သဘောပေါက်သွားကြပြီး ရှေ့တန်းတွင် ထိုင်နေသော လန်ယုံနှင့် လော့လင်တန်တို့ကို ကြည့်ကာ သူတို့၏ ခံစားချက်များကို ထုတ်ဖော်ပြောဆိုကြတော့သည်။

“အုတ်မြစ်ကျောက်တွေ အများကြီး ရချင်ရင် ဒီကမ္ဘာက ဒေသခံအင်အားစုတွေကိုပဲ အားကိုးရမှာပဲ။”

“ဟုတ်တယ်။ ကျွန်းပိုင်ရှင်က တကယ်ကို အမြင်ကျယ်တာပဲ။ ဒီဒေသခံအင်အားစုတွေနဲ့ မိတ်ဆွေဖွဲ့ထားတာက အခုတော့ အကျိုးအမြတ်တွေ အကြီးအကျယ် ရနေပြီ။”

“မှန်တယ်။ အသက်ရှင်ကျန်ရစ်သူတွေဆီက ရတဲ့ အုတ်မြစ်ကျောက်တွေက အမြဲတမ်း အကန့်အသတ် ရှိတယ်။ ဒေသခံလူမျိုးတွေဆီမှာက အများကြီးပိုရှိတယ်။”

“ဒါပေမဲ့ ဒေသခံလူမျိုးတွေက တစ်ကြိမ်တစ်ခါတည်းပဲ ကုန်သွားနိုင်ပေမဲ့ အသက်ရှင်ကျန်ရစ်သူတွေကတော့ အမြဲတမ်း ပံ့ပိုးပေးနိုင်တယ်လေ။”

“တစ်ကြိမ်တည်းနဲ့တင် လုံလောက်နေပါပြီ။ တစ်ခါတည်းနဲ့ အဝစားရသလိုမျိုးပေါ့။ ကျန်တဲ့အချိန်တွေမှာ အေးဆေး နားနေလို့ ရပြီလေ။”

ရှောင်းယီက လက်ခုပ်တီးလိုက်သည်။

“အားလုံး တိတ်တိတ်နေကြပါဦး။ ငါ မင်းတို့ကို ဒီနေ့ ခေါ်လိုက်တာက ငါတို့ ကျွန်းရဲ့ နယ်မြေခွဲဝေမှုနဲ့ စီမံခန့်ခွဲမှုကို ဆွေးနွေးဖို့ပဲ။”

ရှောင်းယီ၏ စကားကို ကြားသောအခါ လူတိုင်း ဆွေးနွေးနေခြင်းကို ရပ်တန့်လိုက်ကြသည်။

“ဒီလိုမျိုး အလွန်အမင်း ကျယ်ဝန်းတဲ့ နယ်မြေကြီးကို အခုရှိနေတဲ့ လူဦးရေနဲ့တင် စီမံခန့်ခွဲဖို့ဆိုတာ မဖြစ်နိုင်ဘူး။”

ရှောင်းယီက ဆက်ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်ရသောအခါ အစည်းအဝေးသို့ တက်ရောက်လာသူတိုင်း ရှောင်းယီ ဆိုလိုသည့် အဓိပ္ပာယ်ကို နားလည်သွားကြတော့သည်။ လန်ယုံနှင့် လော့လင်တန်တို့သည်လည်း ၎င်းတို့အား အုတ်မြစ်ကျောက်ကျွန်းပေါ်တွင် တိုက်ရိုက် လာရောက်အခြေချရန် ဖိတ်ခေါ်ခြင်းဖြစ်ကြောင်း သဘောပေါက်သွားကြတော့သည်။

ထိုအခါ သူတို့နှစ်ဦးစလုံးမှာ အံ့သြဝမ်းသာသော မျက်လုံးများဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြတော့သည်။

ယခင်က လေပြာအင်ပါယာသည် ယီရန်အင်း မဟာမိတ်အဖွဲ့ကို အဘယ်ကြောင့် တိုက်ခိုက်ခဲ့သနည်း။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှိသော အုတ်မြစ်ကျောက်ကျွန်းကို သိမ်းပိုက်ပြီး ၎င်း၏ ထူးခြားသော စွမ်းဆောင်ရည်များကို ခံစားလို၍ မဟုတ်ပါလော။

ယခုအခါ အုတ်မြစ်ကျောက်ကျွန်းပေါ်တွင် တိုက်ရိုက် အခြေချနေထိုင်ခွင့်ရပြီ ဖြစ်ရာ သူတို့မှာ သဘာဝအတိုင်း အတိုင်းထက်အလွန် ဝမ်းသာသွားကြတော့သည်။

ရှောင်းယီက လန်ယုံနှင့် တခြားတစ်ယောက်ကို ကြည့်ကာ ပြောလိုက်သည်။

“ဒါကြောင့် ခင်ဗျားတို့ရဲ့ လူတွေကို ဒီဘက်ကို ရွှေ့ပြောင်းပေးဖို့ လိုအပ်တယ်။ ခင်ဗျားတို့နှစ်ယောက်လုံးမှာ တစ်စုံတစ်ရာ ကန့်ကွက်စရာ ရှိလား။”

“မဟာမိတ်အဖွဲ့ထဲကို ပါဝင်ခွင့်ရတာ ကျုပ်တို့အတွက် အလွန်အမင်း ဂုဏ်ယူစရာပါပဲ။”

လန်ယုံနှင့် လော့လင်တန်တို့က တပြိုင်နက်တည်း ဖြေကြားလိုက်ကြသည်။

သူတို့သည် တစ်ပါတည်းပါလာသော စစ်ဗျူဟာမှူးများနှင့်ပင် တိုင်ပင်ခြင်းမရှိဘဲ ဆုံးဖြတ်ချက် ချလိုက်ခြင်း ဖြစ်သည်။ ၎င်းတို့၏ ဘုရင်များက လူဦးရေ ရွှေ့ပြောင်းရေးကို ဤမျှ လွယ်ကူစွာ ဆုံးဖြတ်လိုက်သည်ကို ကြားသောအခါ စစ်ဗျူဟာမှူးများမှာ မျက်မှောင် အနည်းငယ် ကြုတ်သွားကြတော့သည်။

၎င်းတို့မှာ ရွှေ့ပြောင်းနေထိုင်ရေးကို ကန့်ကွက်ခြင်း မဟုတ်ဘဲ ဤကဲ့သို့ အရေးကြီးသော ကိစ္စရပ်မျိုးကို ဆုံးဖြတ်ချက် မချမီ သေချာစွာ လေ့လာသင့်သည်ဟု ယူဆသောကြောင့်သာ ဖြစ်သည်။

စစ်ဗျူဟာမှူးများ၏ အမူအရာကို မြင်လိုက်ရသဖြင့် ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။

“တချို့လူတွေမှာ မတူညီတဲ့ အမြင်တွေ ရှိနေတာကို ငါ မြင်နေရတယ်။ ကျေးဇူးပြုပြီး ပွင့်ပွင့်လင်းလင်း ပြောကြပါ။”

ထိုအခါ ကောင်းကင်မိုးကြိုးမင်းဆက်မှ မုခိုင်က မတ်တပ်ရပ်၍ ပြောလိုက်သည်။

“လူဦးရေတစ်ရပ်လုံး ရွှေ့ပြောင်းတာကို ကျုပ် မကန့်ကွက်ပါဘူး။ ဒါပေမဲ့ မူလနယ်မြေမှာ နှစ်ပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ခဲ့တာတွေကို ဒီအတိုင်း စွန့်ခွာလိုက်ဖို့ဆိုတာက အရမ်း မလောလွန်းဘူးလား။ ကျွန်းပိုင်ရှင် ပြောတဲ့ အကျယ်အဝန်းက အရမ်းကြီးတယ် ဆိုပေမဲ့ လက်ရှိ ကောင်းကင်မိုးကြိုးမင်းဆက်က နိုင်ငံတစ်ခုတည်း မဟုတ်ဘဲ ငါးနိုင်ငံ စုပေါင်းထားတာပါ။ ဒီငါးနိုင်ငံရဲ့ စုစုပေါင်း ဧရိယာက အခုကျွန်းထက် ပိုကျယ်နေပါသေးတယ်။ အားလုံးကို ဒီကို ရွှေ့လာရင် တကယ်ပဲ နေရာဆံ့ပါ့မလား။”

စစ်ဗျူဟာမှူးများကလည်း မုခိုင်၏ အမြင်ကို ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်ကြသည်။ မုခိုင်က ဆက်ပြောသည်။

“နေရာဆံ့တယ်ပဲ ထားဦးတော့။ စိုက်ပျိုးမြေ ဘယ်လောက်ကျန်ဦးမှာလဲ။ ဒီလောက် လူဦးရေအများကြီးကို ကျွေးမွေးနိုင်ပါ့မလား။ ဒါတင်မကသေးဘူး။ လူဦးရေ ရွှေ့ပြောင်းဖို့ဆိုတာ ကြီးမားတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ လိုအပ်မှာ ဖြစ်သလို ဘယ်လောက်ကြာမယ်ဆိုတာလည်း မသိရသေးပါဘူး။ ဒါကြောင့် လူတွေ ရွှေ့ပြောင်းမယ်ဆိုရင်တောင် အစိတ်အပိုင်း အနည်းငယ်ကိုပဲ အရင် ရွှေ့ပြောင်းသင့်တယ်လို့ ကျုပ် အကြံပြုချင်ပါတယ်။”

မုခိုင်က ထိုသို့ပြောပြီးနောက် ပြန်ထိုင်လိုက်သည်။ အနောက်တန်းတွင် ထိုင်နေကြသော ကျွန်းအသီးသီးမှ တာဝန်ခံများမှာမူ မုခိုင်၏ စကားကို ကြားသောအခါ ပြုံး၍ ခေါင်းသာ ခါမိလိုက်ကြသည်။

ရှောင်းယီက ခေါင်းအနည်းငယ် ညိတ်ကာ မေးလိုက်သည်။

“ဒါဆိုရင် အခု ကောင်းကင်မိုးကြိုးမင်းဆက်နဲ့ ပတ်ဝန်းကျင်က လေးနိုင်ငံမှာ စုစုပေါင်း လူဦးရေ ဘယ်လောက်ရှိလဲ။”

“သန်း ၆၀၀ ခန့် ရှိပါတယ်။”

မုခိုင်က ချက်ချင်း ပြန်ဖြေလိုက်သည်။

“ဒီလူဦးရေကို ကျုပ် ကျိန်းသေပေါက် နေရာပေးနိုင်ပါတယ်။ ခင်ဗျားပြောတဲ့ ကိစ္စတွေကလည်း ပြဿနာ မဟုတ်ပါဘူး။”

ရှောင်းယီက ဆိုသည်။

“ခင်ဗျားတို့ အကြာကြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ခဲ့ရတယ်ဆိုပေမဲ့ မဟာမိတ်အဖွဲ့ထဲ ဝင်လာပြီးရင်တော့ အရာတော်တော်များများကို စွန့်လွှတ်ရမှာပဲ။ ဒီလူဦးရေကို ကျွေးမွေးဖို့က ငါတို့အတွက် လုံးဝ ပြဿနာမရှိပါဘူး။ မဟာမိတ်အဖွဲ့ထဲမှာ ရှိနေတဲ့ အခုလက်ရှိ အရင်းအမြစ် ပေါများမှုအရဆိုရင် ကြီးမားတဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေကို မျက်တောင်တစ်ခတ်အတွင်းမှာတင် အပြီးသတ်နိုင်တယ်။”

ရှောင်းယီ၏ စကားကို ကြားသောအခါ စစ်ဗျူဟာမှူးများ အားလုံးမှာ ကြောင်အသွားကြတော့သည်။

မဟာမိတ်အဖွဲ့အတွင်းက အစားအစာ ထုတ်လုပ်မှုက လူပေါင်းသန်း ၆၀၀ ကို အလွယ်တကူ ကျွေးမွေးနိုင်သလား။ ပြီးတော့ မျက်တောင်တစ်ခတ်အတွင်း အပြီးသတ်နိုင်တယ် ဆိုတာကကော ဘာကို ဆိုလိုတာလဲ။ ဘယ်လို ဆောက်လုပ်ရေးမျိုးပဲဖြစ်ဖြစ် အချိန်ယူရမှာ မဟုတ်ဘူးလား။

မိမိတို့၏ စစ်ဗျူဟာမှူးများ လုံးဝ ဇဝေဇဝါ ဖြစ်နေသည်ကို မြင်သောအခါ လန်ယုံနှင့် လော့လင်တန်တို့သည်လည်း ငြိမ်မနေနိုင်တော့ပေ။

“ကျွန်းပိုင်ရှင်... ကျုပ်တို့ကို သူတို့နဲ့ ခဏလောက် စကားပြောဖို့ အချိန်ပေးပါ။”

ရှောင်းယီကလည်း ခေါင်းညိတ်ကာ ခွင့်ပြုလိုက်သည်။

လန်ယုံနှင့် လော့လင်တန်တို့သည် ၎င်းတို့နှင့်အတူ ပါလာသော စစ်ဗျူဟာမှူးများကို ဘေးသို့ ခေါ်ထုတ်သွားပြီး အုတ်မြစ်ကျောက်ကျွန်း၏ အံ့ဖွယ်ထူးခြားချက်များကို စတင် ရှင်းပြလိုက်ကြတော့သည်။ ၎င်းကို နားထောင်ပြီးနောက်တွင် စစ်ဗျူဟာမှူးများမှာ ယခင်ကထက်ပင် ပို၍ မှင်တက်သွားကြရတော့သည်။

အရင်းအမြစ်များ ပြန်လည် ထွက်ပေါ်လာခြင်းဖြစ်စေ၊ အချိန် အရှိန်မြှင့်တင်ခြင်း လုပ်ဆောင်ချက် သို့မဟုတ် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ ဆောက်လုပ်ရေး လုပ်ဆောင်ချက်များ ဖြစ်စေ ထိုအရာအားလုံးက သူတို့၏ ကမ္ဘာကြီးအပေါ် အမြင်များကို လုံးဝ ပြောင်းလဲသွားစေခဲ့လေသည်။ ထိုအခါမှသာ စစ်ဗျူဟာမှူးများသည် ၎င်းတို့၏ အရှင်သခင်များက အဘယ်ကြောင့် ဤကမ်းလှမ်းမှုကို ချက်ချင်း လက်ခံခဲ့ကြသည်ကို သဘောပေါက်သွားကြတော့သည်။

ဤမျှ ကောင်းမွန်သော နေရာမျိုးကို မည်သူက မပြောင်းရွှေ့ချင်ဘဲ နေမည်နည်း။ အုတ်မြစ်ကျောက်ကျွန်းနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ရှင်းပြပြီးနောက် လန်ယုံနှင့် လော့လင်တန်တို့သည် သူတို့၏ နေရာများတွင် ပြန်ထိုင်လိုက်ကြသည်။

ဤအချက်အလက်များသည် ရှေးအစဉ်အလာအရ ဘုရင်များသာ မျိုးဆက်အလိုက် သိရှိသော လျှို့ဝှက်ချက်များ ဖြစ်သည်။ ကနဦးပိုင်း အရာရှိကြီးများ သိရှိခဲ့ကြသော်လည်း ထိုအရာရှိကြီးများမှာ ကွယ်လွန်အနိစ္စ ရောက်ခဲ့ကြသည်မှာ ကြာပြီဖြစ်သည်။

စစ်ဗျူဟာမှူးများသည် ၎င်းတို့၏ မျက်နှာများပေါ်ရှိ ထိတ်လန့်တုန်လှုပ်မှုများနှင့်အတူ မိမိတို့၏ နေရာများဆီသို့ ဖြည်းညှင်းစွာ ပြန်လည် လျှောက်လှမ်းလာကြတော့သည်။

အခန်း ၁၁၅၀

သူတို့၏ ဆွေးနွေးမှုများ ပြီးဆုံးသွားသည်ကို မြင်သောအခါ ရှောင်းယီက ထပ်မေးလိုက်သည်။

“အခု အားလုံး သဘောတူညီမှာ ရသွားကြပြီလား။”

လန်ယုံ၊ လော့လင်တန်နှင့် သူတို့နှင့်အတူ ပါလာသော စစ်ဗျူဟာမှူးများ အားလုံး ခေါင်းညိတ်ပြလိုက်ကြပြီး မည်သူမျှ ကန့်ကွက်ခြင်း မရှိကြတော့ပေ။

“အားလုံး သဘောတူတယ်ဆိုရင်တော့ ငါတို့ မဟာမိတ်ကျွန်းကို ဘယ်လို ချဲ့ထွင်မလဲဆိုတာ ဆက်ပြီး ဆွေးနွေးကြရအောင်။”

ရှောင်းယီက ဆက်ပြောလိုက်သည်။

ယခုအခါ လူဦးရေပြဿနာမှာ ပြေလည်သွားပြီဖြစ်ရာ မဟာမိတ်အဖွဲ့အတွင်းရှိ ကျွန်းများကို မည်သို့ ချဲ့ထွင်မည်ကို ဆွေးနွေးရမည်ဖြစ်သည်။ မဟာမိတ်အဖွဲ့အတွင်းတွင် ကျွန်းကိုးကျွန်း ရှိပြီး ကျွန်းတစ်ခုစီတွင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခုထက်မက ရှိနေသည်။ အကြောင်းမှာ ကျွန်းများစွာကို စုပေါင်း၍ ဆက်ထားခြင်းကြောင့် ဖြစ်သည်။

ထို့ပြင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခုချင်းစီ၏ စီရင်ပိုင်ခွင့်အောက်ရှိ အထူးထွက်ကုန်များမှာ မတူညီကြသဖြင့် စနစ်တကျ စီမံကိန်းချရန် လိုအပ်နေသေးသည်။

“ကျွန်းပိုင်ရှင်... ကျုပ်ရဲ့အမြင်အရတော့ သတ္တုရိုင်းတွေ ထွက်တဲ့ ကျွန်းတွေကို အရင်ဆုံး ဦးစားပေး ချဲ့ထွင်သင့်တယ်လို့ ထင်ပါတယ်။”

အန်းယွဲ့က ပထမဆုံး စတင်ပြောဆိုလိုက်သည်။

ထိုအခါ မဟာမိတ်အဖွဲ့ အရှေ့ဘက်ကျွန်း၏ တာဝန်ခံ ဖုန့်မင်းလုံကလည်း ဝင်ပြောလိုက်သည်။

“ဖွံ့ဖြိုးတိုးတက်မှု အလားအလာအရဆိုရင် အနာဂတ်မှာ ရေနံအမြောက်အမြား လိုအပ်လာမှာ ကျိန်းသေတယ်။ အဲ့ဒါကြောင့် ကျန်းယွီတာဝန်ယူထားတဲ့ ကျွန်းကို ချဲ့ထွင်ဖို့ ကျုပ် အကြံပြုချင်ပါတယ်။”

ထိုနှစ်ဦး စတင်လိုက်ပြီးနောက် ကျန်ရှိသူများကလည်း မိမိတို့၏ အမြင်များကို လွတ်လပ်စွာ ထုတ်ဖော်ကြတော့သည်။

“မှန်ပါတယ်။ ရေနံဆိုတာ စက်မှုလုပ်ငန်းရဲ့ အသက်သွေးကြောပဲ။ ဒါကို အားတိုက်သရော ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရမယ်။”

“အင်း... ကျုပ်တို့ မဟာမိတ်အဖွဲ့ရဲ့ အနောက်တောင်ဘက်ကျွန်းမှာ သတ္တုရိုင်းတွေ အများကြီး ထွက်တယ်။ ကျွန်းပိုင်ရှင်အနေနဲ့ ကျုပ်တို့ကျွန်းကို ပိုပြီး ချဲ့ပေးစေချင်ပါတယ်။”

“ကျုပ်တို့ တောင်ဘက်ကျွန်းကိုလည်း မေ့ထားလို့မရဘူးနော်။ တောင်ဘက်ကျွန်းရဲ့ အထူးထွက်ကုန်ဖြစ်တဲ့ တိုင်းရင်းဆေးပင်တွေက အခုဆို ဝယ်လိုအား အရမ်းတက်နေတာ။”

ကျွန်းခွဲအသီးသီးမှ တာဝန်ခံများ လွတ်လပ်စွာ ဆွေးနွေးနေကြသည်ကို ကြည့်ရင်း လန်ယုံနှင့် လော့လင်တန်တို့မှာ ဘာမှနားမလည်ဘဲ ငေးသာ ကြည့်နေကြရသည်။ သူတို့ ဘာတွေ ဆွေးနွေးနေကြသည်ကို သူတို့ လုံးဝ သဘောမပေါက်ကြပေ။

ဆွေးနွေးမှုများအပြီးတွင် ရှောင်းယီက ဆုံးဖြတ်ချက်ချလိုက်သည်။

“ကျွန်းတိုင်းမှာ ကိုယ်ပိုင် အထူးထွက်ကုန်တွေ ရှိကြတယ်။ ဒါပေမဲ့ အခုလောလောဆယ်မှာတော့ ငါတို့ အရေးတကြီး လိုအပ်နေတဲ့ ကုန်ကြမ်းတွေကို ဦးစားပေးရပါမယ်။ ပင်မကျွန်းကို စတုရန်းကီလိုမီတာ ၁၀ သန်းအထိ ချဲ့ထွင်မှာဖြစ်ပြီး ကျွန်းခွဲတစ်ခုစီကို စတုရန်းကီလိုမီတာ ၆ သိန်းခွဲအထိ ချဲ့ထွင်မယ်။ သတ္တု ဒါမှမဟုတ် ရေနံထွက်တဲ့ နယ်မြေတွေကို ဦးစားပေး ချဲ့ထွင်သွားမယ်။ ဒီနေ့မှာ အုတ်မြစ်ကျောက်တွေ အများကြီး ထပ်ရဖို့ ရှိနေသေးတော့ ရသမျှ အုတ်မြစ်ကျောက်တွေကိုလည်း သတ္တုနဲ့ ရေနံထွက်တဲ့ နေရာတွေဘက်ကိုပဲ ပိုပြီး ခွဲဝေပေးသွားမယ်။”

“ဟုတ်ကဲ့ပါ။”

အားလုံးက တညီတညွတ်တည်း ဖြေကြားလိုက်ကြသည်။

“ဦးလေးအန်း... ခုနက ခွဲဝေမှုအတိုင်း ချဲ့ထွင်မယ့် ဧရိယာရဲ့ ထုတ်လုပ်မှုပုံစံကို အရင်ဆုံး ထုတ်ပေးပါဦး။”

ရှောင်းယီက ညွှန်ကြားလိုက်သည်။

“ကောင်းပြီ။ ငါ့ကို ဆယ်မိနစ်လောက် အချိန်ပေးပါ။”

အန်းယွဲ့က သူ့ ဘေးရှိ ဝန်ထမ်းတစ်ဦးကို ညွှန်ကြားလိုက်ရာ ထိုဝန်ထမ်းက ကွန်ပျူတာပေါ်တွင် ချဲ့ထွင်မယ့် မြေပုံကို စိတ်လှုပ်ရှားစွာဖြင့် စတင် ရေးဆွဲတော့သည်။

အဓိက ရည်ရွယ်ချက်မှာ သတ္တုနှင့် ရေနံ ထွက်ရှိနှုန်းကို အကြီးအကျယ် မြှင့်တင်ရန် ဖြစ်သဖြင့် ချဲ့ထွင်ရမည့် နယ်မြေများမှာလည်း ရှင်းလင်းလှသည်။ အကြမ်းထည် ပုံကြမ်းထွက်လာသောအခါ အန်းယွဲ့မှာ မှင်တက်သွားရသည်။

“ဘာဖြစ်လို့လဲ။”

အန်းယွဲ့၏ အမူအရာကို မြင်သဖြင့် ရှောင်းယီက မေးလိုက်သည်။ အန်းယွဲ့က ပြုံးလိုက်သည်။

“ကျွန်းပိုင်ရှင်... ကိုယ်တိုင်ပဲ ကြည့်လိုက်ပါ။ ဒီပုံကြမ်းကို စခရင်ကြီးပေါ်မှာ ပြလိုက်စမ်း။”

ထိုအခါ ဝန်ထမ်းဖြစ်သူက မြေပုံပုံကြမ်းကို စခရင်ပေါ်သို့ တင်လိုက်သောအခါ ရှောင်းယီနှင့် တခြားသူများပါ မှင်တက်သွားကြတော့သည်။ သူတို့၏ ရင်ထဲ၌ အမြဲရှိနေခဲ့သော မြေပုံတစ်ခုမှာ စခရင်ပေါ်တွင် ပေါ်လာသောကြောင့်ပင်။

၎င်းမှာ သူတို့၏ ယခင်ကမ္ဘာမှ ရှားနိုင်ငံ၏ မြေပုံပင် ဖြစ်သည်။

သူတို့ ရှေ့မှ ပုံကြမ်းမှာ ယခင် ရှားနိုင်ငံ၏ မြေပုံနှင့် အလွန်အမင်း ဆင်တူနေပြီး မဟာမိတ်အဖွဲ့၏ တောင်ဘက်ကျွန်းနှင့် အရှေ့တောင်ဘက်ကျွန်း တည်နေရာများမှာပင် ကွက်တိ ဖြစ်နေခဲ့လေသည်။

ရှောင်းယီက ပြုံးလိုက်သည်။

“ငါတို့က ရှားနိုင်ငံနဲ့ တကယ်ကို ရေစက်ပါပုံရတယ်။ ဒီမြေပုံအတိုင်းပဲ ချဲ့ထွင်ကြတာပေါ့။”

လူတိုင်းကလည်း သဘောတူလိုက်ကြသည်။

သို့သော်လည်း လန်ယုံ၊ လော့လင်တန်နှင့် တခြားသော ဒေသခံလူမျိုးများမှာမူ ရှောင်းယီတို့ ဘာတွေ ပြောနေကြသည်ကို လုံးဝ နားမလည်နိုင်ဘဲ ဖြစ်နေခဲ့ကြသည်။

“အရှင်မင်းကြီးလန်... ခင်ဗျားတို့က မြောက်ဘက် အရှေ့ခြမ်းကို ရွှေ့ပြောင်းလိုက်ကြပါ။”

ရှောင်းယီက မြေပုံကို ကြည့်ကာ ပြောလိုက်သည်။

“အရှင်မင်းကြီးလော့... ခင်ဗျားတို့ရဲ့ ကောင်းကင်မိုးကြိုးမင်းဆက်ကတော့ အနောက်တောင်ဘက် အရပ်မှာပဲ။ ဒီနယ်မြေ အကျယ်ကြီးတစ်ခုလုံးက ခင်ဗျားတို့အတွက်ပဲ။”

“ဟုတ်ကဲ့။”

လန်ယုံနှင့် တခြားတစ်ဦးမှာ မတ်တပ်ရပ်၍ ပြန်လည်ဖြေကြားလိုက်ကြသည်။ ထို့နောက် ရှောင်းယီက ဆက်ပြောလိုက်သည်။

“ပထမဦးဆုံးအနေနဲ့ လူတိုင်းကို နေရပ်ရွှေ့ပြောင်းရမယ့်အကြောင်း အသိပေးထားပြီး ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ခိုင်းထားလိုက်ပါ။ နောက်ပြီး သူတို့ အနာဂတ်မှာ နေထိုင်ရမယ့် အခန်းတွေကိုလည်း လူသိရှင်ကြား အသိပေးလိုက်ပါ။ အားလုံးက အထပ်မြင့်အဆောက်အဦးတွေ ဖြစ်လိမ့်မယ်... နားလည်လား။”

“နားလည်ပါပြီ။”

ရှောင်ယီက ထပ်လောင်းပြောဆိုလိုက်သည်။

“ဒါပေမဲ့ ခင်ဗျားတို့ရဲ့ တော်ဝင်နန်းတော်တွေကိုတော့ မူလဟန်ပန်အတိုင်းပဲ တည်ဆောက်လို့ရတယ်။ ခင်ဗျားတို့ဆီမှာ နန်းတော်ပုံစံတွေ ရှိတယ်မဟုတ်လား။”

“ရှိပါတယ်။”

“ကောင်းပြီ။ အဲ့ဒါတွေကို ရှာပြီး ဦးလေးအန်းကို ပေးလိုက်ပါ။”

ရှောင်းယီက ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ။”

“တခြားကိစ္စ မရှိတော့ဘူးဆိုရင် အစည်းအဝေးကို ဒီမှာတင် ရပ်နားကြမလား။”

ရှောင်းယီက အားလုံးကို ကြည့်ရင်း မေးလိုက်သည်။ ထိုအချိန်တွင် အန်းယွဲ့က မတ်တပ်ရပ်ကာ ပြောလာခဲ့လေသည်။

“ကျွန်းပိုင်ရှင်... ငါတို့ကျွန်းက အခုဆိုရင် တကယ်ကို ကြီးမားနေပြီဖြစ်သလို အရှင်မင်းကြီးလန်တို့လည်း ပူးပေါင်းလာကြပြီ။ ဒါကြောင့် ငါတို့ရဲ့ ရာထူးအခေါ်အဝေါ်တွေကိုလည်း ပြောင်းလဲသင့်တယ် မဟုတ်လား။”

ရှောင်းယီမှာ အနည်းငယ် မှင်တက်သွားခဲ့ပြီးနောက် ပြန်ဖြေလိုက်သည်။

“ဒါက အခေါ်အဝေါ်တစ်ခုသက်သက်ပါပဲ။ ခဏခဏ ပြောင်းနေဖို့ မလိုပါဘူး။ ငါတို့ကျွန်းက တိုက်ကြီးတစ်ခုနီးပါး ဖြစ်နေပြီဆိုပေမဲ့ ဒီကမ္ဘာရဲ့ အကျယ်အဝန်းနဲ့ ယှဉ်ရင်တော့ ကျွန်းတစ်ကျွန်းပါပဲ။ ငါ့ကို ကျွန်းပိုင်ရှင်လို့ပဲ ဆက်ခေါ်လို့ရပါတယ်။”

“အင်း... ကျွန်းပိုင်ရှင်ဆိုတဲ့ အခေါ်အဝေါ်ကတော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ အရှင်မင်းကြီးလန်နဲ့ အရှင်မင်းကြီးလော့တို့ရဲ့ အခေါ်အဝေါ်တွေကိုတော့ ပြောင်းဖို့ လိုလိမ့်မယ်။”

အန်းယွဲ့က ဆိုသည်။

“အရင်က ပူးပေါင်းထားတဲ့ လူပုဘုရင် အပါအဝင်ပေါ့။”

သူတို့အားလုံးသည် မဟာမိတ်အဖွဲ့တစ်ခုတည်း၏ အဖွဲ့ဝင်များ ဖြစ်ကြသည်။ တခြားသူများမှာ သာမန်အခေါ်အဝေါ်များ ဖြစ်နေချိန်တွင် ဘုရင်နှင့် ဧကရာဇ်အချို့ ရုတ်တရက် ပါဝင်နေခြင်းမှာ လူမှုရေး အဆင့်အတန်း ကွဲပြားနေသကဲ့သို့ ခံစားရစေနိုင်သောကြောင့် ဖြစ်သည်။

ရှောင်းယီက ခေါင်းအနည်းငယ် ညိတ်ကာ မေးလိုက်သည်။

“ဒါဆို ခင်ဗျားမှာ ဘယ်လို အကြံဉာဏ်ကောင်းတွေ ရှိလဲ။”

အန်းယွဲ့မှာ ထိုအရာကို ကြိုတင်ပြင်ဆင်ထားပုံရပြီး ချက်ချင်းပင် ပြောဆိုတော့သည်။

“ကျုပ်တို့ မဟာမိတ်အဖွဲ့မှာ အုပ်ချုပ်ရေးအဆင့်အတန်း လေးဆင့် သတ်မှတ်ဖို့ အကြံပြုချင်ပါတယ်။ အဲဒါတွေကတော့ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်နဲ့ ကျေးရွာအုပ်စုတို့ ဖြစ်ပါတယ်။ ကျွန်းပိုင်ရှင်က အမြင့်ဆုံးအဆင့်မှာ ရှိနေမှာဖြစ်ပြီး သူ့နောက်မှာတော့ တိုင်းဒေသကြီးတစ်ခုချင်းစီရဲ့ အရေးကိစ္စတွေကို စီမံခန့်ခွဲမယ့် တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူးတွေ ရှိပါမယ်။ ဥပမာအားဖြင့် အခုဆိုရင် လန်ဖုန်းတိုင်းဒေသကြီး၊ ကောင်းကင်မိုးကြိုးတိုင်းဒေသကြီး၊ လူပုတိုင်းဒေသကြီးဆိုပြီး ခွဲခြားနိုင်ပါတယ်။ အရင်က မဟာမိတ်ကျွန်း ရှစ်ကျွန်းကိုတော့ အရှေ့တောင်ဘက်တိုင်းဒေသကြီး စသဖြင့် လားရာအလိုက် အမည်ပေးနိုင်ပါတယ်။”

အားလုံးက ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။ အထူးသဖြင့် ကျွန်းခွဲများမှ တာဝန်ခံများမှာ ယခင်က ၎င်းတို့ကိုယ်ကို တာဝန်ခံဟုသာ ခေါ်ဝေါ်ခဲ့ရပြီး လန်ယုံကိုမူ အရှင်မင်းကြီးလန်ဟု ခေါ်ဆိုခဲ့ရသဖြင့် အစဉ်သဖြင့် နိမ့်ကျသလို ခံစားခဲ့ရခြင်း ဖြစ်သည်။

“ဒေသတစ်ခုချင်းစီကို ဘယ်လို စီမံခန့်ခွဲမလဲ။ ခရိုင်၊ မြို့နယ်နဲ့ ကျေးရွာအုပ်စု ဘယ်နှစ်ခု ခွဲမလဲဆိုတာကတော့ သက်ဆိုင်ရာ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူးတွေရဲ့ တာဝန်ပဲ ဖြစ်ပါလိမ့်မယ်။”

အန်းယွဲ့က ဆက်ပြောလိုက်သည်။ ထိုအခါ ဖုန့်မင်းလုံက မေးလိုက်သည်။

“ကျွန်းပိုင်ရှင် ရှိနေတဲ့ နယ်မြေကိုကော ဘယ်လို ခေါ်မလဲ။”

“ဗဟိုဒေသပေါ့”

အန်းယွဲ့က ချက်ချင်း ပြန်ဖြေလိုက်သည်။ ဖုန့်မင်လုံက ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ။ ဒီလို ခွဲခြားတာကို ကျုပ် သဘောတူတယ်။”

တခြားသူများကလည်း အသီးသီး သဘောတူကြသည်။ လန်ယုံနှင့် လော့လင်တန်တို့မှာလည်း သဘာဝအတိုင်း မကန့်ကွက်ကြပေ။ သူတို့၏ စစ်ဗျူဟာမှူးများတွင်မူ အမြင်အချို့ ရှိနေသော်လည်း ကန့်ကွက်လျှင်လည်း အရာထင်မည်မဟုတ်မှန်း သိသဖြင့် အပိုစကားများ မပြောကြတော့ပေ။

အန်းယွဲ့၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ရှောင်းယီက ခေါင်းညိတ်လိုက်သည်။ သူကိုယ်တိုင်မှာမူ ဤအခေါ်အဝေါ်များအပေါ် ထွေထွေထူးထူး ခံစားချက်မရှိပေ။ လန်ယုံကို အရှင်မင်းကြီးဟု ဆက်ခေါ်လျှင်လည်း သူက မိမိထက် သာလွန်သည်ဟု ရှောင်းယီ မခံစားရပေ။

သို့သော်လည်း အန်းယွဲ့က တင်ပြလာပြီးဖြစ်ရာ ဤအတိုင်းပင် ဆောင်ရွက်ရန် ဆုံးဖြတ်လိုက်သည်။ အခေါ်အဝေါ်များကို တစ်ပြေးညီ သတ်မှတ်ခြင်းသည် အဖွဲ့အစည်းတစ်ခု၏ စည်းလုံးညီညွတ်မှုကို မြှင့်တင်ရာတွင်လည်း နည်းလမ်းတစ်ခု ဖြစ်နိုင်သည် မဟုတ်ပါလော။

“အားလုံး ကန့်ကွက်မယ့်သူ မရှိဘူးဆိုရင်တော့ ဒီအတိုင်းပဲ ဆောင်ရွက်ကြတာပေါ့။ ဦးလေးအန်း... မဟာမိတ်အဖွဲ့ထဲက လူတိုင်း နားလည်အောင် ကြေညာချက် ထုတ်ပြန်ပေးလိုက်ပါ။”

ရှောင်းယီက ညွှန်ကြားလိုက်သည်။

“ဟုတ်ကဲ့ပါ ကျွန်းပိုင်ရှင်။”

အန်းယွဲ့က ပြန်ဖြေလိုက်သည်။

ယီရန်ပင်း မဟာမိတ်အဖွဲ့သည် အချိန်အတော်ကြာ ဆောက်လုပ်ရေးလုပ်ငန်းများ အကြီးအကျယ် မလုပ်ဖြစ်ခဲ့သော်လည်း ဆောက်လုပ်ရေး ကုန်ကြမ်းပစ္စည်း ထုတ်လုပ်မှုမှာမူ တစ်ခါမျှ ရပ်တန့်ခဲ့ခြင်း မရှိပေ။ ရှောင်းယီသည် လွန်ခဲ့သော အချိန်အတော်ကြာကတည်းက ကျွန်းဧရိယာ ကြီးထွားလာသည်နှင့်အမျှ အခြေခံအဆောက်အဦးများစွာ တည်ဆောက်ရန် လိုအပ်လာမည်ဖြစ်ကြောင်း အန်းယွဲ့ကို အထူးမှာကြားထားခဲ့သည်။

မဟာမိတ်အဖွဲ့အတွင်းရှိ ကုန်ကြမ်းပစ္စည်းများမှာ အလွန်ပေါများနေပြီ ဖြစ်သော်လည်း ရုတ်တရက် ရောက်ရှိလာမည့် လူဦးရေ သန်းခြောက်ရာ၊ ခုနစ်ရာအတွက်မူ ထိုကုန်ကြမ်းများမှာ အနည်းငယ် လိုအပ်ချက် ရှိနေပါသေးသည်။

All Chapters