အခန်း ၁၉၅
Vol. 20 Ch. 195
အခန်း (၁၉၅)
ကဏန်း စားတတ်သလား
ယခုအခါ လျူရိုယွီသည် အိတ်ချ်မြို့တော်ရှိ ဟယ်ရှန့်ကုမ္ပဏီ၏ အဓိက တာဝန်ခံတစ်ဦး ဖြစ်နေလေပြီ။
ထိုက်ကျောက်၏ အနိုင်ကျင့်စော်ကားမှုကို ခံရလုနီးပါး ဖြစ်ခဲ့သော မိန်းကလေးမှာ ယခုအခါ လူအများက ဥက္ကဋ္ဌ လျူ ဟု ခေါ်ဝေါ်ရသည့် စွမ်းဆောင်ရည်ပြည့်ဝသော အမျိုးသမီးတစ်ဦး ဖြစ်လာသည်ကို တွေးမိရင်း လျန်ထျန်း မှာ သူမအပေါ် လူကဲခတ် မမှားခဲ့ကြောင်း ခံစားလိုက်ရလေသည်။
သို့သော် ဤအမျိုးသမီး နှစ်ဦး ပေါင်းမိသွားပြီးနောက် မည်သည့်အရာများ ဖြစ်ပျက်ခဲ့သနည်း။
လျန်ထျန်းသည် ထိုအကြောင်းကို ဆက်၍ မတွေးရဲတော့ဘဲ လက်ရှိကိစ္စကိုသာ ပြန်လည်အာရုံစိုက်ကာ စကား လမ်းကြောင်း အမြန်လွှဲလိုက်ရလေသည်။
"ရှီမိသားစု ထောင်ထားတဲ့ ကျော့ကွင်းထဲကို ငါတို့ သွားကြတာပေါ့…။ ဒါပေမဲ့ သေချာ ပြင်ဆင်ဖို့ ငါတို့မှာ အချိန် တစ်လရတယ်...။"
ဟယ်ရှန့်က ချက်ချင်း မေးမြန်းလိုက်လေသည်။
"ကျွန်မ ဘယ်လို ပြင်ဆင်ရမလဲ…၊ ရှင့်အတွက် ကျွန်မ ဘာလုပ်ပေးဖို့ လိုအပ်လဲ...။"
လျန်ထျန်းက ခေါင်းခါကာ ပြောလိုက်လေသည်။
"မင်း ဘာမှ လုပ်စရာ မလိုပါဘူး…။ ငါပဲ အကုန်လုပ်လိုက်မယ်...။"
လျန်ထျန်းသည် ဟယ်ရှန့်၏ ရုံးခန်းမှ ထွက်လာပြီးနောက် လေးလေးနက်နက် တွေးတောနေခဲ့လေပြီ။
*အက်စ်မြို့တော်လို မြို့ကြီးတွေမှာ အစားအသောက် ပို့ဆောင်ခတွေက ပိုများတယ်လို့ ငါ ကြားဖူးတယ် ဒါ ကြောင့် နောက်တစ်လအတွက် ငါ အဲ့ဒီကို သွားမယ်...။*
*ရှီမိသားစုက တစ်လအကြာမှ ညီလာခံ ကျင်းပဖို့ အဆိုပြုလာခဲ့တာ ဆိုတော့ သူတို့လည်း အစီအစဉ်တွေနဲ့ ပြင်ဆင်မှု အချို့ လုပ်နေတာ သေချာတယ်...။*
*ဒါကြောင့် ဒီတစ်လအတွင်း သူတို့ထက် ပိုမို ပြည့်စုံတဲ့ ပြင်ဆင်မှုတွေကို ငါ လုပ်ရမယ်...။*
အချိန်များက လျင်မြန်စွာ ကုန်ဆုံးသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်လဟူသော အချိန်ကာလ ကုန်လွန် သွားခဲ့လေတော့သည်။
ထိုနေ့တွင် လျန်ထျန်းသည် ထူးခြားစွာပင် အစားအသောက်များကို မပို့ဆောင်တော့ပေ။ ထိုအစား သူသည် ဝတ်စုံပြည့် ဝတ်ဆင်ကာ ကူလီနန်ကားပေါ်သို့ တက်လိုက်လေသည်။
သူ၏ ဘေးတွင်တော့ အယ်လ်မြို့တော်မှ တစ်ကူးတက လာရောက်ခဲ့သော ဟယ်ရှန့် ထိုင်နေခဲ့လေသည်။ သူတို့ နှစ်ဦးသည် လမ်းတစ်လျှောက်လုံး စကားတစ်ခွန်းမျှ မဟကြဘဲ သူတို့၏ ခရီးပန်းတိုင်ဖြစ်သော လန်ထျန်း စံအိမ် ကြီးဆီသို့ တိုက်ရိုက် ဦးတည်သွားခဲ့ကြသည်။
ရှီမိသားစုသည် ဤစက်မှုလုပ်ငန်းဆိုင်ရာ ညီလာခံကို သူတို့ပိုင်ဆိုင်သော စံအိမ်ကြီးများထဲမှ တစ်ခုတွင် ကျင်းပခဲ့ ခြင်းဖြစ်ရာ သူတို့ကိုယ်သူတို့ ခေါင်းဆောင်အဖြစ် သတ်မှတ်ထားကြောင်းမှာ ပို၍ပင် သိသာထင်ရှားနေခဲ့လေ တော့သည်။
သို့သော် ဤလန်ထျန်း စံအိမ်ကြီးမှာ တကယ်ကို ဇိမ်ခံချင်စရာ ကောင်းလွန်းလှသည်ဟု ဆိုရပေမည်။ စံအိမ်ကြီး ၏ အရှေ့ဘက်တွင် ရေကန်တစ်ခု ရှိပြီး ထိုရေကန်၏ ပတ်ပတ်လည်တွင် ပလာဇာတစ်ခုကို တည်ဆောက်ထား လေသည်။
ညဘက်တွင် စတုရန်းကွင်းပြင်တစ်ခုလုံး မီးရောင်များဖြင့် ထိန်လင်းနေပြီး ရေကန်ထဲရှိ ရေပြင်ကို ပို၍ပင် တောက်ပသွားစေသည်။
စံအိမ်ကြီး၏ တံခါးများ ပွင့်လာပြီးနောက် ဇိမ်ခံကားကြီးများ တစ်စီးပြီးတစ်စီး ဝင်ရောက်လာခဲ့ကြလေသည်။ ယနေ့ည ဤနေရာသို့ လာရောက်နိုင်သူ အားလုံးမှာ စက်မှုလုပ်ငန်းတွင်းရှိ ဩဇာလွှမ်းမိုးမှု ကြီးမားသူများချည်း ဖြစ်ကြပေသည်။
ထိုလူများထဲတွင် အများစုမှာ ရှီမိသားစု၏ ဝယ်ယူခြင်းကို ခံထားရသူများ သို့မဟုတ် သူတို့ထံတွင် တက်ကြွစွာ ခိုလှုံနေသူများ ဖြစ်ကြသည်။ သူတို့ အားလုံးသည် ရှီမိသားစုဝင်များ မဟုတ်ကြသော်လည်း ရှီမိသားစု၏ ကျွန် များ ဖြစ်နေကြလေပြီ။
အမြတ်အစွန်းကိုသာ ဦးစားပေးသော စီးပွားရေးသမားများသည် လူလို ဆက်ဆံခံရခြင်း သို့မဟုတ် ခွေးလို ဆက်ဆံခံရခြင်းကို ဂရုမစိုက်ကြပေ။ သူတို့အတွက်ကမူ သူတို့ကို ကျွေးမွေးသူတိုင်းက မိခင်ဖြစ်ပြီး သူတို့ကို ချမ်းသာအောင် လုပ်ပေးသူတိုင်းက ဖခင်ပင် ဖြစ်သည်။
ဤစက်မှုလုပ်ငန်းဆိုင်ရာ ညီလာခံဆိုသည်မှာ ရှီမိသားစုက သူတို့၏ ထိန်လုံအုပ်စုသည် စက်မှုလုပ်ငန်း၏ ခေါင်းဆောင် ဖြစ်လာပြီဖြစ်ကြောင်း လူအများကို ကြေညာနေခြင်းနှင့် ပို၍ တူနေလေသည်။
စစ်မှန်သော ဩဇာလွှမ်းမိုးသူ တစ်ဦး ဖြစ်လာရန်အတွက်မူ ယနေ့ညတွင် အသေးစား အတားအဆီးအချို့ကို ရှင်းလင်းပစ်ရန် လိုအပ်နေသေးပေသည်။
လျန်ထျန်းနှင့် ဟယ်ရှန့်တို့ ကားပေါ်မှ ဆင်းကာ စံအိမ်ကြီး၏ ပင်မခန်းမဆောင် အတွင်းသို့ ဝင်ရောက်ရန် ပြင် လိုက်စဉ် ဧည့်ကြိုဝန်ထမ်းက စကားဆိုလာလေသည်။
"လူကြီးမင်း…၊ ကျေးဇူးပြုပြီး ဖိတ်စာ ပြပေးပါ...။"
လျန်ထျန်းတွင် ဖိတ်စာမရှိသဖြင့် ဟယ်ရှန့်ကို ကြည့်လိုက်လေသည်။
ဟယ်ရှန့်က သူမ၏ အိတ်ထဲမှ ကတ်ပြားတစ်ခုကို အမြန်ထုတ်ကာ ကမ်းပေးလိုက်သည်။
ဖိတ်စာကို လက်ခံရယူပြီးနောက် ဧည့်ကြိုဝန်ထမ်းက တစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက် အသံကို မြှင့်ကာ ပြောလိုက်လေသည်။
"ခင်ဗျားတို့ နှစ်ယောက်က အယ်လ်မြို့တော်က ဟယ်ရှန့်ကုမ္ပဏီရဲ့ ပိုင်ရှင်တွေလား...။"
သူ ဤမျှလောက် စိတ်လှုပ်ရှားနေသည်ကို မြင်သောအခါ လျန်ထျန်းမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသော် လည်း တုံ့ပြန်သည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်ဆဲဖြစ်သည်။
"ဟုတ်ပါတယ်…၊ ဘာဖြစ်လို့လဲ...။"
သူ စကားပြောလို့ပင် မဆုံးသေးမီ ဧည့်ကြိုဝန်ထမ်းက လှည့်ကာ ပင်မခန်းမဆောင် အတွင်းသို့ အော်ဟစ်လိုက် လေတော့သည်။
"အယ်လ်မြို့တော်က ဟယ်ရှန့်ကုမ္ပဏီရဲ့ ပိုင်ရှင် ရောက်လာပါပြီ...။"
ထိုစကားကို ကြားသောအခါ ပင်မခန်းမဆောင် အတွင်းရှိ လူအားလုံးက တစ်ပြိုင်နက်တည်း လှည့်ကြည့်လာကြ ပြီး သူတို့၏ မျက်လုံးများမှာ စူးစိုက်နေကြလေသည်။
လျန်ထျန်းပင်လျှင် ဤမြင်ကွင်းကြောင့် အနည်းငယ် လန့်သွားခဲ့ရပေသည်…။ အရာအားလုံးမှာ တကယ်ကို ထူးဆန်းလွန်းလှပြီး သူ့ကို စိုးရိမ်မကင်း ဖြစ်စေခဲ့ပေသည်။
ဟယ်ရှန့်က သူ၏ အင်္ကျီလက်စကို စိုးရိမ်တကြီး ဆုပ်ကိုင်ကာ မဝံ့မရဲ မေးလိုက်လေသည်။
"ဘာဖြစ်တာလဲ...။"
လျန်ထျန်းက ခေါင်းခါလိုက်လေသည်။
"ငါ မသိဘူး...။ ဒါပေမဲ့ မင်းရဲ့ အရင်က စုံစမ်းစစ်ဆေးမှုတွေအရ ဒီလူတွေက ရှီမိသားစုရဲ့ သိမ်းသွင်းခြင်းကို ခံထားရပြီးသားဆိုတော့ ငါတို့အပေါ် သူတို့ဆီမှာ ဘယ်လိုများ စေတနာကောင်းတွေ ရှိနိုင်မှာတဲ့လဲ...။"
သံသယများမှာ ကြာကြာမခံလိုက်ပေ လူအုပ်ကြီးက သူတို့၏ ပတ်လည်တွင် ဝိုင်းအုံလာကြလေသည်။
"သူဌေးလျန် နဲ့ သူဌေးဟယ် မဟုတ်လား…။ မင်္ဂလာပါ…၊ မင်္ဂလာပါ…၊ ခင်ဗျားတို့အကြောင်း ကျွန်တော် အများကြီး ကြားဖူးပါတယ်…။ ဒါက ကျွန်တော့်ရဲ့ လိပ်စာကတ်ပါ ဆက်သွယ်ကြတာပေါ့...။"
"ဒါက ကျွန်တော့် လိပ်စာကတ်ပါ…။ ကျွန်တော်က ဂျီမြို့တော်မှာ ဒီစက်မှုလုပ်ငန်းကို လုပ်ကိုင်နေတာပါ၊ နောင်ကျရင် အကြံဉာဏ်တွေ ပိုပြီး ဖလှယ်ချင်ပါတယ်...။"
"ကျွန်တော်က ဇက်မြို့တော်ကပါ…။ အယ်လ်မြို့တော်၊ အိတ်ချ်မြို့တော်တို့နဲ့ မဝေးပါဘူး၊ တစ်ယောက်ဆီက တစ်ယောက် သင်ယူကြတာပေါ့...။"
လျန်ထျန်းနှင့် ဟယ်ရှန့်တို့မှာ လူတိုင်းက သူတို့ကို ဝိုင်းရံနေကြသည့်အလား ရုတ်တရက် အာရုံစိုက်ခြင်းကို ခံလိုက်ရလေသည်။
အချိန်တိုအတွင်းမှာပင် သူတို့တစ်ဦးစီ၏ လက်ထဲတွင် လိပ်စာကတ် အထပ်လိုက်ကြီးများ ရှိနေခဲ့ပြီး လူတိုင်းက သူတို့ကို အပြုံးများနှင့် ကြီးမားသော ယဉ်ကျေးပျူငှာမှုများဖြင့် နှုတ်ဆက်နေကြလေသည်။
အပြုံးများကို ပိုမြင်ရလေ မြှောက်ပင့်သော စကားများကို ပိုကြားရလေလေ ဤကိစ္စ တစ်ခုလုံးက ပို၍ ထူးဆန်း လာလေလေပင် ဖြစ်ချေသည်။
ဤနေရာတွင် ပြင်းထန်သော တိုက်ပွဲတစ်ခု ဆင်နွှဲရမည်ဟု ထင်မှတ်ထားသော်လည်း ဝင်ဝင်ချင်းမှာပင် ချိုသာ သော စကားများနှင့် ကတိကဝတ်များစွာဖြင့် ဝန်းရံခံလိုက်ရလေသည်။
သူတို့နှစ်ဦးကို သီးသန့်အခန်း တစ်ခန်းထဲသို့ ခေါ်ဆောင်သွားခဲ့ပြီးနောက် ကြီးမားသော စားပွဲဝိုင်းကြီး၏ ထိပ်ဆုံး တွင် ထိုင်နေသော ခိုင်မာတောင့်တင်းသည့် မျက်နှာသွင်ပြင်နှင့် ကြီးစိုးလွှမ်းမိုးသည့် အငွေ့အသက်များရှိသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို တွေ့လိုက်ရလေသည်။
အစင်းကြောင်းများ ပါဝင်သော ဝတ်စုံပြည့်ကို ဝတ်ဆင်ထားပြီး ဆံပင်ကို အနောက်သို့ သပ်တင်ထားသော ထို သက်လတ်ပိုင်း အမျိုးသားသည် ကုလားထိုင်ပေါ်သို့ မှီချလိုက်ပြီး သူ၏ လက်ချောင်းများဖြင့် ဘေးရှိ လူကို အချက်ပြလိုက်ရာ ကြိုတင်ဖြတ်တောက်ပြီး မီးညှိထားသော ဆေးပြင်းလိပ်တစ်လိပ်ကို ကမ်းပေးလာလေသည်။
သက်လတ်ပိုင်း အမျိုးသားက နှစ်ဖွာခန့် ဖွာလိုက်ပြီး ထူထဲသော မီးခိုးငွေ့များကို မှုတ်ထုတ်ကာ စကားစလိုက် လေသည်။
"သူဌေးလျန် နဲ့ သူဌေးဟယ် မဟုတ်လား…။ ဘယ်လိုလဲ ခုလေးတင် ရခဲ့တဲ့ လက်ဆောင်တွေကို သဘောကျရဲ့ လား...။"
"ဒီနေ့ ခင်ဗျားတို့ နှစ်ယောက် စားချင်တာ မှန်သမျှ မှာလို့ ရပါတယ်…။ ကျွန်တော့် မီးဖိုချောင်က လုပ်နိုင်တဲ့ အရာဖြစ်သရွေ့ ခင်ဗျားတို့အတွက် ကျွန်တော် ပြင်ဆင်ပေးပါမယ်...။"
"ပြောရမယ်ဆိုရင် ကျွန်တော်တို့ရဲ့ စားဖိုမှူးချုပ်က ကြယ်ခြောက်ပွင့် ဟိုတယ်တစ်ခုကနေ အခကြေးငွေ အများ ကြီးပေးပြီး ခေါ်လာတဲ့ စားဖိုမှူးပါ…။ သူ မလုပ်တတ်တာ ဘာမှ မရှိပါဘူး...။"
"ဒါပေမဲ့ တစ်ခုတော့ ရှိတယ်…၊ စားနိုင်သလောက်ပဲ စားပါ အများကြီး မစားပါနဲ့…။ မဟုတ်ရင် ကျန်းမာရေး အတွက် မကောင်းဘူး...။"
အပေါ်ယံကြည့်လျှင် ဤစကားများက အစားအသောက် မှာယူခြင်းနှင့် စားသောက်ခြင်း အကြောင်းများ ဖြစ် သော်လည်း လျန်ထျန်းက သူတို့ ဘာကို ဆိုလိုချင်သနည်း ဆိုသည်ကို သဲလွန်စ ရနေလေပြီ။
အစောက ဖြစ်ပျက်ခဲ့သော ထူးဆန်းသည့် အဖြစ်အပျက်များမှာ ရုတ်တရက် ရှင်းလင်းသွားခဲ့လေသည်။
ထိုစိတ်အားထက်သန်မှု အားလုံးမှာ နိဒါန်းပျိုးခြင်း သက်သက်သာ ဖြစ်သည် နောက်တဆင့်အနေဖြင့် ဤသက် လတ်ပိုင်း အမျိုးသားက သူ၏ အမှန်တကယ် ရည်ရွယ်ချက်များကို သေချာပေါက် ထုတ်ဖော်လာပေလိမ့်မည်။
သီးသန့်အခန်း အတွင်းတွင် ဧည့်ကြိုဝန်ထမ်းက ကုလားထိုင်များကို ဆွဲထုတ်ပေးကာ လျန်ထျန်းနှင့် ဟယ်ရှန့်တို့ ကို ထိုသက်လတ်ပိုင်း အမျိုးသားနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်ရန် စီစဉ်ပေးလိုက်လေသည်။
သူ့ရှေ့ရှိ စားပွဲကို ကြည့်လိုက်ရာ ဟင်းပွဲတော်တော်များများ ရှိနေပြီး ထမင်းပင် ချပေးထားပြီး ဖြစ်သည်။ ၎င်းမှာ တောင်ပိုင်းဒေသ၏ ပုံစံမျိုးဖြစ်ပြီး ကြီးမားသော အပူခံပုံး တစ်ခုအတွင်း ထည့်သွင်း ကျွေးမွေးထားလေသည်။
အစားအသောက်များ စားပွဲပေါ်တွင် ရှိနေသော်လည်း မည်သူမျှ သူတို့၏ တူများကို မကိုင်ကြပေ လူတိုင်းက သူတို့၏ နေရာများတွင် တိတ်ဆိတ်စွာ ထိုင်နေကြလေသည်။
ထိုလူများကြားတွင် လျန်ထျန်းက အယ်လ်မြို့တော်၌ တစ်ချိန်က အလွန် မောက်မာပြီး ဗိုလ်ကျလွှမ်းမိုးခဲ့သော ရင်းနှီးသည့် အသိတစ်ဦးဖြစ်သူ ရှီစီကိုလည်း မြင်တွေ့လိုက်ရလေသည်။
သို့သော် ယခုအချိန်တွင် ရှီမိသားစု၏ စတုတ္ထမြောက် သခင်လေးမှာ အယ်လ်မြို့တော်တွင် ပြသခဲ့သော သူ၏ မောက်မာသည့် အမူအရာနှင့် လုံးဝ မတူညီဘဲ လိမ္မာရေးခြားရှိသူ အသွင်ဖြင့် ထိုင်နေခဲ့လေသည်။
လုံလောက်အောင် ကြည့်ပြီးနောက် လျန်ထျန်းက ပင်မခုံတွင် ထိုင်နေသော သက်လတ်ပိုင်း အမျိုးသားကို စကား ပြောလိုက်လေသည်။
"ခင်ဗျားက ရှီမိသားစုရဲ့ ခေါင်းဆောင်နဲ့ ထိန်လုံအုပ်စုရဲ့ ဥက္ကဋ္ဌ မစ္စတာရှီကျန့် ဖြစ်ရမယ်…။ ခင်ဗျားအကြောင်း ကျွန်တော် အများကြီး ကြားဖူးပါတယ်...။"
စကားပြောနေစဉ်မှာပင် လျန်ထျန်းသည် ယဉ်ကျေးမှုမရှိစွာဖြင့် သူ၏တူကို ကောက်ကိုင်လိုက်ပြီး စားပွဲပေါ်ရှိ ကဏန်းကြီး တစ်ကောင်ထံမှ ပထမဆုံးအကိုက်ကို စားလိုက်လေသည်။
ထို့နောက် အခြားသူများ အားလုံးကို ဂရုမစိုက်ဘဲ သူသည် ကဏန်းခြေထောက် တစ်ချောင်းကို ဆွဲဖြုတ်ကာ သူ၏ ပါးစပ်ထဲသို့ ထိုးသွင်းလိုက်ပြီး အပြင်ဘက်အခွံကို ဝါးစားကာ တပြွတ်ပြွတ် မြည်အောင် စားသောက်နေ ခဲ့လေသည်။
ယင်းကို မြင်သောအခါ သူ၏ ပတ်ပတ်လည်တွင် ထိုင်နေသော လူများက သူ့ကို အထင်သေးစွာ ကြည့်လိုက်ကြ သော်လည်း လျန်ထျန်းက ဂရုမစိုက်ပေ။ သူက သူ၏ အစားအသောက်ကိုသာ ဆက်စားနေခဲ့လေသည်။
ထိုအခါ ရှီကျန့်က အတင်းအကျပ် ပြုံးကာ ပြောလိုက်လေသည်။
"သူဌေးလျန်က ကဏန်းစားရတာ ကြိုက်တယ်ဆိုတော့လေ…၊ ကဏန်းစားတဲ့ နေရာမှာ မှန်ကန်တဲ့ နည်းလမ်း ဆိုတာ ရှိတယ်…။ ကဏန်းစားတဲ့ ကိရိယာ ရှစ်မျိုးကို အသုံးပြုပြီး မစားခင်မှာ ဂရုတစိုက် ခွာရပါတယ်...။"
"သူဌေးလျန် အခုလို ပါးစပ်ထဲ တန်းထည့်ပြီး ဝါးစားနေတာက သိပ်ပြီး ကြည့်မကောင်းဘူး…။ သူက အမြဲတမ်း ဒီလိုပဲ ကဏန်းစားနေကျလား…၊ သူ တကယ်ရော ကဏန်း စားတတ်ရဲ့လား...။"
ရှီကျန့်၏ သွယ်ဝိုက်သော စကားများကို ရင်ဆိုင်ရသောအခါ လျန်ထျန်းက တုံ့ဆိုင်းမနေဘဲ ပြန်လည်ချေပလိုက် လေသည်။
"ကဏန်းစားတဲ့ နေရာမှာ ဘာလို့ ဒီလောက် အလုပ်ရှုပ်ခံနေရမှာလဲ…။ ကျွန်တော် စားရတာ ပျော်ရွှင်နေသရွေ့ အဲ့ဒါက အရေးအကြီးဆုံးပဲလေ...။"
ပြန်လည်ချေပ ခံရသော်လည်း ရှီကျန့်မှာ မည်သည့် ခံစားချက်ကိုမျှ မပြသဘဲ တည်ငြိမ်အေးဆေးစွာ နေကာ အဓိပ္ပာယ်ပါပါ ဆက်ပြောလေသည်။
"ပျော်ရွှင်ဖို့က အရေးကြီးပါတယ်…၊ ဒါပေမဲ့ နေရာတိုင်းမှာ သူ့ကိုယ်ပိုင် စည်းကမ်းတွေ ရှိတယ်….။ ခင်ဗျား မသိဘူးဆိုရင်လည်း ရပါတယ်…၊ ခင်ဗျားကို သင်ပေးဖို့ လူတစ်ယောက်ကို ကျွန်တော် စီစဉ်ပေးနိုင်တယ်...။"
"မင်းတို့တွေ အဲ့ဒီမှာ ဘာရပ်လုပ်နေတာလဲ သူဌေးလျန်ကို ကဏန်းခွာပေးလိုက်လေ…။ ဂရုတစိုက် ခွာပေးဖို့ မှတ်ထား…။ သူဌေးလျန် စားရတာ တတ်နိုင်သမျှ အလွယ်ကူဆုံး ဖြစ်အောင် လုပ်ပေး...။"
သူ စကားပြောပြီးသည်နှင့် စားပွဲဝိုင်း ပတ်လည်တွင် ရပ်နေသော ဝန်ဆောင်မှု ဝန်ထမ်းအချို့က လျန်ထျန်းအား ကဏန်းခွာပေးရန် ကိရိယာ အမျိုးမျိုးကို ကိုင်ဆောင်ကာ ရှေ့သို့ ထွက်လာကြလေသည်။
သို့သော် လျန်ထျန်းက ငြင်းဆန်လိုက်ပြီး ကဏန်းအခွံကို သူ၏ လက်ဗလာဖြင့် တိုက်ရိုက် ခွဲထုတ်လိုက်ကာ ကဏန်းဥ အတုံးလိုက်ကြီးကို ကိုက်စားလိုက်ပြီး ဝါးစားရင်း ပြောလိုက်လေသည်။
"ကျွန်တော့်မှာ ပြဿနာ တစ်ခုရှိတယ်…။ ကျွန်တော် စားသောက်နေတဲ့ အချိန်မှာ ဝန်ဆောင်မှု ပေးတာကို မကြိုက်ဘူး…။ အဲ့ဒါက ကျွန်တော့်ရဲ့ အစားအသောက်ကို အနှောင့်အယှက် ဖြစ်စေတယ်လို့ ခံစားရတယ်...။"
"ပြီးတော့ စားရလွယ်တဲ့ အရာတွေက တကယ်တော့ ပျော်စရာ သိပ်မကောင်းဘူးလို့ ကျွန်တော် ထင်တယ်…။ ကဏန်းစားတယ် ဆိုတာက ဒီဖြစ်စဉ် တစ်ခုလုံးအတွက် မဟုတ်ဘူးလား...။"
"အာ...၊ တခြားလူက ကျွန်တော့်အတွက် အသားတွေနဲ့ အခွံတွေကို ကြိုတင် ပြင်ဆင်ပေးပြီးမှ ကျွန်တော်က အားလုံးကို တစ်ကိုက်တည်းနဲ့ စားလိုက်ရမယ်…၊ အဲ့ဒီလို စားရတာ ဘာအဓိပ္ပာယ် ရှိမှာလဲ...။"
"အရသာကို သေချာ ခံစားနိုင်ဖို့ နည်းနည်းချင်းစီ စားရမယ်လေ…၊ ဒါ့အပြင် ကျွန်တော်က တခြားသူတွေရဲ့ ခွံ့ကျွေးတာကို အမြဲတမ်း စားနေရရင် တစ်နေ့ကျရင် ကိုယ်တိုင် ဘယ်လို စားရမလဲဆိုတာ မေ့သွားမှာကို စိုးရိမ်တယ်...။"
"တစ်နေ့ကျရင် တစ်ယောက်ယောက်က ကျွန်တော့်ကို ဆက်မခွံ့ကျွေးတော့ဘဲ အစာတွေကို ဝါးပြီး ကျွန်တော် စားဖို့ ထွေးထုတ်ပေးလာရင် ကျွန်တော် စားနိုင်မှာ မဟုတ်ဘူး...။"
"ကိုယ်တိုင် ချက်ပြုတ်စားရင် အစားအသောက်က အလတ်ဆတ်ဆုံး ဖြစ်မှာပါလေ…။ မသိတဲ့ လူတစ်ယောက်ရဲ့ လက်ပေါ်မှာ ဘာတွေ ရှိနေမလဲဆိုတာ ဘယ်သူ သိမှာလဲ…၊ အိမ်သာတက်ပြီး သူတို့ လက်မဆေးထားတာလည်း ဖြစ်နိုင်တာပဲ...။"
လျန်ထျန်း၏ စကားများကို ကြားသောအခါ ရှီကျန့်၏ မျက်နှာအမူအရာမှာ မည်းမှောင်သွားလေသည်။
ဘယ်ဘက်ရှိ နေရာအနည်းငယ် အကွာတွင် ရှိနေသော ရှီစီမှာ ဆက်လက်၍ သည်းမခံနိုင်တော့ပေ။ သူသည် လျန်ထျန်းကို လက်ညှိုးထိုးကာ ဒေါသတကြီး ပြောလိုက်လေသည်။
"မင်းက ဘယ်သူ့ကို လက်မဆေးဘူးလို့ ပြောနေတာလဲ…၊ မင်းက ဘယ်သူ့ကို သွယ်ဝိုက်ပြီး စော်ကားနေတာလဲ၊ မင်းက ဘယ်သူ့ကို အရိပ်အမြွက် ပြောနေတာလဲ၊ မင်းက ဘယ်သူ့ကို အသရေဖျက်ဖို့ ကြိုးစားနေတာလဲ...။"
"အခု မင်း ဘယ်သူနဲ့ စကားပြောနေတာလဲ ဆိုတာ မင်း သိရဲ့လား…။ မင်းက ကျေးဇူးကန်းလွန်းပြီး အကြောင်းပြ ချက်တွေကို နားထောင်ဖို့ ငြင်းဆန်ပြီးတော့ ပြဿနာရှာနေတယ်လို့ပဲ ငါ ထင်တယ်...။ မင်းက ဘာက ကောင်း တယ်ဆိုတာကို မသိဘူးပဲ...။"
သို့သော် ရှီစီ စကားမဆုံးမီမှာပင် ရှီကျန့်က သူ့ကို စူးရဲစွာ ကြည့်လိုက်ရာ သူသည် တုန်လှုပ်သွားပြီး အမြန် လိမ္မာစွာ ပြန်ထိုင်လိုက်ကာ ခေါင်းငုံ့၍ တောင်းပန်လိုက်လေသည်။
"တောင်းပန်ပါတယ် အဖေ…၊ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ဖြစ်သွားမိပါတယ်...။"
ဤအချိန်တွင် လျန်ထျန်းက အော်ဟစ် ရယ်မောလိုက်လေသည်။
"သခင်လေးရှီ မင်းက တကယ်ကို ကြီးမားတဲ့ အရည်အချင်းနဲ့ ဖြောင့်မတ်မှု ရှိတဲ့ လူတစ်ယောက်ပဲ…။ မတွေ့ရ တာ ကြာပြီနော် ရိုးရာ တရုတ်ယဉ်ကျေးမှုကို လေ့လာနေတာကနေ စာပေဘက်ကို ကူးပြောင်းသွားတာလား...။"
"နောက်ဆုံးပြောသွားတဲ့ စကားလုံး အတန်းဆက်ကြီးက တကယ်ကို အမိုက်စားပဲ…။ ဘရာစီယာ ဝတ်ထားတဲ့ ဝက်မကြီး တစ်ကောင်လို တစ်စုံပြီးတစ်စုံပဲ…၊ အချိန်ရရင် မင်းဆီကနေ ငါ သင်ယူရဦးမယ်...။"
ထိုစကားကို ကြားသောအခါ စားပွဲဝိုင်းရှိ အခြားလူအချို့က မရယ်ဘဲ မနေနိုင်ကြတော့ပေ…။ အခြားသူများကမူ ဖြစ်ပျက်နေသည့် မြင်ကွင်းကို ကြည့်ရှုရင်း အချင်းချင်း တီးတိုးပြောဆိုနေကြလေသည်။
ဤစားပွဲဝိုင်းတွင် ထိုင်နိုင်သူများမှာ ရှီစီ၏ အစ်ကိုသုံးယောက် အပါအဝင် အခြေခံအားဖြင့် ရှီမိသားစု၏ အဓိက အဖွဲ့ဝင်များ ဖြစ်ကြသည်။
ရှီမိသားစု၏ ညီအစ်ကိုများသည် အပေါ်ယံတွင် သဟဇာတဖြစ်ဟန် ပြကြသော်လည်း အတွင်းစိတ်တွင်မူ သဘောထားကွဲလွဲနေကြကြောင်း လူသိများလေသည် သူတို့ အားလုံးသည် အနာဂတ်တွင် မိသားစုပိုင်ဆိုင်မှု များကို ပိုမို သိမ်းပိုက်နိုင်ရန် ပွင့်လင်းစွာရော လျှို့ဝှက်စွာပါ အချင်းချင်း တိုက်ခိုက်နေကြသူများ ဖြစ်သည်။
ယခု ရှီစီ အရှက်ရပြီး သူ၏ ဖခင်ထံမှ အဆူခံရသည်ကို မြင်သောအခါ သူတို့ မည်သို့များ ဝမ်းသာအားရ မဖြစ်ဘဲ နေနိုင်မည်နည်း။
“ဒုန်း...”
ရုတ်တရက် ရှီကျန့်က လူတိုင်းကို ဖြတ်ပြောလိုက်ရင်း စားပွဲကို လက်ဖြင့် ရိုက်ချလိုက်ရာ သီးသန့်အခန်း တစ်ခု လုံး တိတ်ဆိတ်သွားလေတော့သည်။
ချက်ချင်းပင် ဆေးပြင်းလိပ်ကို ပါးစပ်တွင် ကိုက်ထားပြီး စူးရဲသော အကြည့်များဖြင့် ရှီကျန့်က လျန်ထျန်းကို စိုက်ကြည့်ကာ စကားတစ်လုံးချင်းစီ ပြောလာသည်ကို သူတို့ မြင်တွေ့လိုက်ရလေသည်။
"ဒီနေရာမှာ မင်း ဘာစားချင်လဲ ဆိုတာနဲ့ ဘယ်လို စားချင်လဲ ဆိုတာ မင်း သဘောမဟုတ်ဘူး...။"