အခန်း ၁၉၇
Vol. 20 Ch. 197
အခန်း (၁၉၇)
အရင်က ငါ ငါးရောင်းခဲ့ဖူးတယ်
ဤမျှ ဆိုးရွားသော အခြေအနေနှင့် ရင်ဆိုင်နေရသော်လည်း လျန်ထျန်းမှာ တည်ငြိမ်နေဆဲဖြစ်ကာ ရယ်မော လိုက်လေသည်။
"ရဲ့ မျိုးရိုး ဟုတ်လား...၊ ဒါဆိုရင် ငါထင်တာ မှန်တာပေါ့…။ မင်းတို့တွေက မြွေတွေ ကြွက်တွေ စုနေတဲ့ အသိုက် အမြုံတစ်ခုပဲ...။"
"ဒီလောက် ညစ်ပတ်ပြီး စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ ကိစ္စတွေကို လုပ်ပြီးတော့ စားပွဲပေါ် တင်ရဲသေးတာ မင်းတို့မှာ အရှက်မရှိကြဘူးလား...။"
ထိုစကားများကို ကြားသောအခါ ရှီစီမှာ ဒေါသထွက်သွားသော်လည်း ဖခင်ဖြစ်သူနှင့် မိသားစုဝင်များရှေ့တွင် ဒေါသကို ထုတ်ဖော်မပြရဲဘဲ လှောင်ပြုံး ပြုံးလိုက်လေသည်။
"မင်းပြောချင်ရာ ပြောပါ…၊ ဒီနေ့တော့ မင်း လုံးဝ ပြီးဆုံးသွားပြီပဲ...။"
"ဂဏန်း စားနေတုန်းပဲလား...။ မင်းကို အစားအသောက်တွေ ကျွေးထားတာကိုက ငါတို့ သဘောထားကြီးလွန်း လို့ပဲ…။ ဒါပေမဲ့ မင်းက ကျေးဇူးကန်းပြီး မင်းရဲ့ နောက်ဆုံး အသက်ရှင်ခွင့်ကို ပိတ်ပင်လိုက်တာပဲ...။"
"အခု မင်းကို နောက်ဆုံး ရွေးချယ်စရာ နှစ်ခု ပေးမယ်…။ ပထမတစ်ခုက ဒူးထောက်ပြီး ငါ့ကို ဦးညွှတ်ပါ...၊ ငါ့အဖေကို တောင်းပန်ပြီး မင်းကုမ္ပဏီရဲ့ ရှယ်ယာအားလုံးကို ဈေးတစ်ဝက်နဲ့ ငါတို့ကို ရောင်းလိုက်ပါ...။"
"ဒုတိယတစ်ခုကတော့ အသက်အသေခံလိုက်ပါ...။ မင်းသာမရှိရင် မင်းကုမ္ပဏီက ခေါင်းဆောင်မဲ့သွားပြီး အနှေးနဲ့အမြန် ငါတို့ ဝါးမြိုတာကို ခံရမှာပဲ...။"
"ရဲခေါ်ဖို့လည်း မတွေးနဲ့…၊ ဘာမှထူးမှာ မဟုတ်ဘူး...။ စံအိမ်ကြီး တစ်ခုလုံးကို ဆက်သွယ်ရေးဖြတ်တောက်တဲ့ စက်တွေနဲ့ ပိတ်ဆို့ထားတယ်...။"
"အချိန်ကျလာရင် မင်းကို ရှင်းရတာ ပိုလွယ်သွားမှာပါ...။ ငါတို့က အစားထိုးခံမယ့်သူတွေကို စီစဉ်ပြီးပြီဖြစ်လို့ အရာအားလုံးက မတော်တဆမှုတစ်ခုလို ဖြစ်သွားလိမ့်မယ်...။"
"ညွှန်ကြားရေးမှူးယဲ့က အခင်းဖြစ်ပွားရာနေရာမှာ သက်သေခံပေးမှာဆိုတော့ တစ်ယောက်ယောက်က သံသယ ရှိရင်တောင် စုံစမ်းစစ်ဆေးဖို့ နှစ်ခါပြန် စဉ်းစားရလိမ့်မယ်...။ မင်းအတွက် ဘယ်သူက မားမားမတ်မတ် ရပ်တည် ပေးရဲမှာလဲ...။"
သူ စကားပြောဆိုအပြီးတွင် ရှီမိသားစုဝင်များအားလုံး ရယ်မောလိုက်ကြသော်လည်း ထိုရယ်သံများမှာ ကျောချမ်းဖွယ် ကောင်းလှလေသည်။
စီးပွားရေးလုပ်ငန်းတစ်ခုသည် အတိုင်းအတာတစ်ခုအထိ ကြီးမားလာသောအခါ ကဏ္ဍအသီးသီးနှင့် ပတ်သက် ဆက်နွယ်လာပြီး သူတို့ ပြောသည့်အတိုင်း တကယ် လုပ်နိုင်စွမ်း ရှိလာကြလေသည်။
ဟယ်ရှန့်မှာ ကျောက်စိမ်းကဲ့သို့ ဖြူဖွေးသော လက်ကလေးများကို စိုးရိမ်တကြီး ဆုပ်ကိုင်ထားကာ ဘေးရှိ လျန်ထျန်းကို စိုးရိမ်ပူပန်စွာဖြင့် လှမ်းကြည့်လိုက်လေသည်။
သို့သော် လျန်ထျန်းမှာ မိမိနှင့် မသက်ဆိုင်သကဲ့သို့ တည်ငြိမ်အေးဆေးစွာဖြင့် ပြန်ပြောလိုက်လေသည်။
"အဲ့ဒီလောက်ကြီး ကြောက်စရာကောင်းအောင် ပြောနေစရာ မလိုပါဘူး...။ ငါ ဒီနေရာကို ရောက်နေကတည်းက မင်းတို့ ဘာကြံစည်နေလဲဆိုတာ ငါသိပြီးသားပါ...။"
"ပြီးတော့ ငါက ဘာမှ ကြိုတင်ပြင်ဆင်မထားဘူးလို့ မင်း တကယ်ပဲ ထင်နေတာလား...။ ငါက လက်မြှောက်အရှုံး ပေးပြီး မင်းတို့ကို ဒီလောက် လွယ်လွယ်ကူကူ အောင်မြင်သွားခွင့် ပေးလိုက်မယ်လို့ မင်း တကယ်ပဲ ထင်နေတာ လား...။"
လျန်ထျန်း၏ ယုံကြည်မှုရှိပြီး တည်ငြိမ်နေသော ဟန်ပန်ကို မြင်သောအခါ ရှီစီမှာ ဒေါသထွက်သွားရသော်လည်း သူ တစ်စုံတစ်ရာ ထပ်မပြောနိုင်မီ ရှီကျန့်က လက်လှမ်းကာ ထိုင်ရန် အမူအရာပြလိုက်လေသည်။
ဒီရှီမိသားစု၏ စတုတ္ထမြောက်သခင်လေးသည် ဖခင်ဖြစ်သူမှလွဲ၍ မည်သူ့ကိုမျှ မကြောက်ရွံ့တတ်သဖြင့် သူ၏ ဒေါသကို မြိုသိပ်ကာ နာခံစွာဖြင့် ဝင်ထိုင်လိုက်လေသည်။
ထို့နောက် ရှီကျန့်သည် သူ၏ ဆေးပြင်းလိပ်ကို တစ်ရှိုက် ဖွာလိုက်ပြီး ကိုယ်တိုင် ဝင်ရောက် စကားပြောလေ တော့သည်။
"လူငယ်လေး…၊ မင်း ဘာတွေပဲ ကြိုတင်ပြင်ဆင်ထားပါစေ ငါ့နယ်မြေမှာတော့ ဘာပြဿနာမှ ဖန်တီးနိုင်မှာ မဟုတ်ဘူး...။ ငါ အရင်က ဘာလုပ်ခဲ့လဲဆိုတာ မင်း သိလား...။"
"ငါ ယခင်က ငါးရောင်းခဲ့ဖူးတယ်...။ ငါက ပင်လယ်ထဲထွက်ပြီး ငါးဖမ်းတဲ့သူမျိုးဆိုတော့ ဘယ်လို မုန်တိုင်းမျိုးကို မကြုံဖူးတာ ရှိမှာလဲ...။"
"လေတိုက်နှုန်းနဲ့ လှိုင်းလုံးတွေ ကြီးလေလေ ငါးတွေက ပိုဈေးကြီးလေလေပဲ...။ သမုဒ္ဒရာကြီးထဲမှာ လေပြင်း မုန်တိုင်းတွေနဲ့ လှိုင်းလုံးကြီးတွေ ပြည့်နှက်နေတာလေ...။"
စကားပြောရင်းနှင့် ရှီကျန့်သည် သူ၏ ဆေးပြင်းလိပ်ကို ချကာ တူကို ယူ၍ သူ၏ရှေ့ရှိ ပန်းကန်ထဲမှ ငါးတစ်ဖတ် ကို ကောက်ယူလိုက်လေသည်။
“ဂွပ်... ဂွပ်... ဂွပ်... ဂွပ်...”
ရုတ်တရက် ဝတ်စုံနက်ဝတ် လူအများအပြား အခန်းထဲသို့ ပြေးဝင်လာကာ လျန်ထျန်းနှင့် ဟယ်ရှန့်တို့၏ ထိုင်ခုံ များကို ဝန်းရံလိုက်ကြလေသည်။ ဤရုတ်တရက် အဖြစ်အပျက်ကြောင့် ဟယ်ရှန့်မှာ အလွန်လန့်သွားကာ အော်ပင် အော်မိမတတ် ဖြစ်သွားရလေသည်။
အကယ်၍သာ လျန်ထျန်းက သူမ၏ လက်ကို အချိန်မီ မဆွဲကိုင်ထားပါက သူမ ငိုချမိမည်မှာ သေချာလေသည်။ လျန်ထျန်း၏ လက်မှ ထွက်ပေါ်လာသော နွေးထွေးမှုမှာ ဟယ်ရှန့် ခံစားနိုင်သည့် တစ်ခုတည်းသော လုံခြုံမှုပင် ဖြစ်သည်...။ ယခုအချိန်တွင် သူမအနေဖြင့် လျန်ထျန်းကိုသာ ယုံကြည်အားထားနိုင်တော့သည်။
ရှီကျန့်သည် ငါးတစ်ဖတ်ကို ကောက်ယူကာ သူ၏ရှေ့တွင်ထား၍ ကြည့်နေသော်လည်း မစားဘဲ နှစ်ချက်ခန့်သာ ရယ်မောလိုက်လေသည်။
"တချို့အချိန်တွေမှာ ပင်လယ်ထဲ တစ်ခေါက်ထွက်ဖို့ လပေါင်းများစွာ အချိန်ယူရတယ်ဆိုတာ မင်း သိလား...။"
"လှေပေါ်မှာ ငါတို့က ငါးကိုပဲ အမြဲ စားရလေ့ရှိတယ်...။ အဲ့ဒါကို အရမ်းငြီးငွေ့လာလို့ ငါ ပင်လယ်ထဲ ငါးဖမ်း ထွက်တာကို ရပ်လိုက်ပြီးကတည်းက ငါးမစားတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ...။"
"ပင်လယ်ထဲက လှေတစ်စင်းပေါ်မှာ အရာများစွာ ဖြစ်ပျက်နိုင်တယ်…၊ ပြီးတော့ လှေပေါ်မှာရှိတဲ့ ငါတို့ကလည်း အလုပ်တွေ အများကြီး လုပ်ရတယ်...။ လူတွေမှာ မတော်တဆမှုတွေ မကြာခဏ ဖြစ်တတ်တယ်...။"
"အကယ်၍ တစ်ယောက်ယောက်က လှေပေါ်မှာ မတော်တဆမှုဖြစ်ပြီး ချက်ချင်း ပြန်မလာနိုင်တော့ဘူး ဒါမှမ ဟုတ် ဘယ်တော့မှ ပြန်မလာနိုင်တော့ဘူးဆိုရင် ငါတို့က လှေပေါ်မှာ လုပ်စရာတွေ ပိုများလာတယ်...။"
"အဲ့ဒီအထဲမှာ အရေးကြီးဆုံးကတော့ နာရေးကိစ္စတွေပဲ...။"
ထိုစကားကို ကြားသောအခါ ဟယ်ရှန့်မှာ ချွေးစေးများ ပြန်လာလေသည်။ လျန်ထျန်းသည် သူမ၏ လက်မှ ရေခဲတမျှ အေးစက်မှုကို ခံစားလိုက်ရပြီး သူမ၏ လက်သည်းများက သူ၏ အသားထဲသို့ စိုက်ဝင်သွားမတတ် သူ၏လက်ကို ပို၍ တင်းကျပ်စွာ ဆုပ်ကိုင်ထားလေသည်။
အခြားနည်းလမ်း မရှိပေ...။ ရှီကျန့်၏ အရှိန်အဝါမှာ အလွန်ပြင်းထန်လှပြီး အသက်လုရမည့် ရာဇဝတ်ကောင် တစ်ဦးကဲ့သို့ ခံစားချက်မျိုး ပေးစွမ်းနေသည်...။ မဟုတ်သေးပေ သူသည် ယခင်က အသက်လုရမည့် ရာဇဝတ် ကောင်တစ်ဦး ဖြစ်ခဲ့သည်မှာ သေချာလေသည်။
ခေတ္တမျှ ရပ်နားပြီးနောက် လျန်ထျန်း၏ တုံ့ပြန်မှုကို စောင့်ကြည့်နေသော ရှီကျန့်သည် သူ မြင်တွေ့လိုသော မျက်နှာအမူအရာကို မမြင်ရသောကြောင့် မျက်လုံးများကို ကျဉ်းမြောင်းကာ ဆက်ပြောလေသည်။
"ငါ့ကို အတိတ်အကြောင်းတွေ သိပ်အများကြီး တွေးခွင့်မပေးနဲ့…၊ ငါ ငါးစားချင်စိတ်တွေ ပေါ်လာလိမ့်မယ်...။"
"မင်းကို နောက်ဆုံး အကြံပေးစကားတစ်ခု ပြောမယ်...။ မင်းတို့က ငယ်ပါသေးတယ်..။ ဘဝက အခုမှ စတင်ရုံပဲ ရှိသေးတာ ပြီးဆုံးဖို့ အများကြီး လိုပါသေးတယ်...။"
"ယွမ်နှစ်သောင်းကို ယူသွားလိုက်ပါ…။ မင်းတို့ အခြားအရာတွေ အများကြီး လုပ်နိုင်ပြီး အံ့သြစရာကောင်းတဲ့ အတွေ့ အကြုံများစွာကို ခံစားနိုင်ပါလိမ့်မယ်...။"
ဤစကားများမှာ သူ့အပေါ် ရှီကျန့်၏ နောက်ဆုံး ရာဇသံဖြစ်ကြောင်း လျန်ထျန်း နားလည်လိုက်လေသည်။
ငြင်းဆန်လိုက်ခြင်းက ဆက်ဆံရေး လုံးဝ ပျက်စီးသွားမည်ကို ဆိုလိုပြီး မည်သို့ ဖြစ်လာနိုင်သည်ကို လွယ်ကူစွာ မှန်းဆနိုင်လေသည်။ လက်ခံလိုက်ပါက အနည်းဆုံးတော့ ငွေများကို ယူ၍ ထွက်ခွာသွားနိုင်ပေမည်။
ယွမ်နှစ်သောင်းဆိုသည်မှာ နည်းပါးသော ပမာဏ မဟုတ်ပေ။ ကမ္ဘာပေါ်ရှိ ကုန်ဈေးနှုန်းများ အဆတစ်သန်း မကျဆင်းမီကဆိုလျှင် ၎င်းမှာ ယွမ် ဘီလီယံနှစ်ရာနှင့် ညီမျှပေသည်။
သို့သော် လျန်ထျန်းသည် ဤလမ်းနှစ်သွယ်ထဲမှ တစ်ခုကိုမျှ မရွေးချယ်ခဲ့ပေ။ သူသည် ပြုံးကာ ရှီကျန့်ကို တည်ငြိမ်စွာဖြင့် ပြောလိုက်လေသည်။
"မစ္စတာရှီက တကယ့်ကို ရက်ရောတာပဲ…။ ယွမ်နှစ်သောင်းကို ဒီလောက် အလွယ်တကူ ပေးနိုင်တယ်ပေါ့...၊ ဪ ဒါနဲ့ မစ္စတာရှီက စီအဆင့် ရန်ပုံငွေ ယွမ်ငါးသောင်း ရထားတာဆိုတော့ ဒီလောက် ငွေပမာဏလေးက သေချာပေါက် ပြဿနာ မဟုတ်ပါဘူးလေ...။"
"ဒါပေမဲ့ မစ္စတာရှီ...၊ ကျွန်တော့်ကုမ္ပဏီကို အတင်းအကျပ် ရောင်းခိုင်းတာကလွဲပြီး ယွမ်နှစ်သောင်းနဲ့ အခြား ဘာတွေ လုပ်နိုင်သေးလဲဆိုတာ ခင်ဗျား သိလား...။"
"ယွမ်နှစ်သောင်းကို ထားလိုက်ပါဦး...။ ယွမ်တစ်သောင်းဆိုရင်တောင် အရာများစွာကို လုပ်နိုင်တဲ့ အတော် အသင့်ကြီးမားတဲ့ ပမာဏတစ်ခုပါပဲ...။"
ထိုစကားကို ကြားသောအခါ ရှီကျန့်၏ မျက်လုံးများ နှစ်ချက်ခန့် တွန့်သွားလေသည်။ မင်းပြောသည့်စကားက ဘာကို ဆိုလိုခြင်းနည်း ဟု သူတွေးလိုက်မိလေသည်။ လျန်ထျန်းသည် အပြုံးကို ထိန်းထားကာ ရှင်းပြရန် အလျင် မလိုခဲ့ပေ။ ထိုအစား သူသည် သူ၏ ဖုန်းကို ထုတ်ကာ ကြည့်လိုက်လေသည်။ ထိုအချိန်တွင် ရှီစီက တစ်ဖန် ထွက် လာကာ နှုတ်ခမ်းတွန့်၍ လှောင်ပြုံး ပြုံးရင်း ဆိုလေသည်။
"ငါ မင်းကို အစောကြီးကတည်းက ပြောထားတယ်လေ…၊ ဒီနေရာမှာ ဆက်သွယ်ရေးလိုင်းတွေကို ပိတ်ဆို့ထား တယ်...။ မင်း ဖုန်းခေါ်လို့မရသလို ဘယ်စာမှလည်း ပို့လို့ မရဘူး...။"
လျန်ထျန်းက ခေါင်းခါကာ ပြန်ပြောလိုက်သည်။
"ငါ ဖုန်းခေါ်ချင်လို့ မဟုတ်ပါဘူး…၊ အချိန် ကြည့်နေတာပါ...။"
"ယွမ်တစ်သောင်းနဲ့ အရာများစွာ လုပ်နိုင်တယ်လို့ ငါ ယခုလေးတင် ပြောခဲ့တယ် မဟုတ်လား...။ အခု မင်းကို ဘာတွေ လုပ်နိုင်လဲဆိုတာ ပြောပြရမည့် အချိန်ရောက်ပြီ...။"
"ဥပမာအနေနဲ့ ငါက အက်စ်မြို့တော်က ဒေသခံ ကုမ္ပဏီတချို့မှာ ရင်းနှီးမြှုပ်နှံထားတယ်...။ အဲ့ဒီအထဲက တချို့ဆိုရင် မင်းတို့ရဲ့ ထိန်လုံအုပ်စုရဲ့ ဖိနှိပ်ခြင်းကို ခံထားရတာလေ...။"
"ပြီးတော့ ဒီည ငါ ဒီနေရာမှာ ရှိနေမယ်လို့ သူတို့ကို ပြောထားတယ်…။ ပြီးတော့ ငါ အချိန်အကြာကြီး ထွက်မ လာတာကို သူတို့ မြင်ရင် တတ်နိုင်သမျှ လူအများဆုံး ခေါ်လာဖို့ပေါ့...။"
"ဘယ်သူကမှ အလကားတော့ လာမှာ မဟုတ်ဘူး...။ လာတဲ့သူတိုင်း တစ်ကျောင် ရလိမ့်မယ်...၊ အကယ်၍ လူ တစ်ရာကျော်လာရင် သူတို့ကုမ္ပဏီမှာ ဆက်လက် ရင်းနှီးမြှုပ်နှံမှုတွေကို နှစ်ဆ တိုးပေးမယ်...။"
"ဒီအစီအစဉ်ကို ယွမ်တစ်သောင်း ထောက်ပံ့ကြေး အစီအစဉ်လို့ ငါ ခေါ်တယ်...။ ဒီလောက် ရက်ရောတဲ့ ဆုကြေးငွေနဲ့ဆိုတော့ ရဲရင့်တဲ့သူတွေ သေချာပေါက် ရှိလာမှာပဲ...။"
စကားဆုံးသည်နှင့် တစ်ပြိုင်နက် ရှီမိသားစုမှ ဧည့်ကြိုတစ်ဦးမှာ အထိတ်တလန့် ပြေးလာကာ အော်ဟစ် ပြောဆို လေတော့သည်။
"သခင်ကြီး...၊ ဆိုးရွားတဲ့ ကိစ္စတစ်ခု ဖြစ်နေပါပြီ...။"
"ကျွန်တော်တို့ စံအိမ်ကြီးရဲ့ ဂိတ်တံခါးအပြင်ဘက်ကို ဘတ်စ်ကား တော်တော်များများ ရုတ်တရက် ရောက်လာ ပြီး လူရာချီ...၊ မဟုတ်ဘူး လူတစ်ထောင်ကျော်လောက် ဆင်းလာကြတယ်...။"
"သူတို့အားလုံးက သံပိုက်လုံးတွေ၊ ဂွတွေ၊ တူတွေ အပါအဝင် ကိရိယာမျိုးစုံကို ကိုင်ဆောင်ထားကြပြီး အတင်း ဝင်လာဖို့ လုပ်နေကြတယ်...။ ကျွန်တော်တို့ သူတို့ကို မတားနိုင်ဘူး...။"
ထိုစကားကို ကြားသောအခါ ရောက်ရှိနေသော ရှီမိသားစုဝင်များအားလုံး အံ့အားသင့် သွားကြလေသည်။ ညွှန်ကြားရေးမှူးယဲ့မှာမူ ပို၍ ဒေါသထွက်သွားကာ လျန်ထျန်း၏ နှာခေါင်းကို လက်ညှိုးထိုး၍ ကျယ်လောင်စွာ ကျိန်ဆဲလေတော့သည်။
"မင်း ငါ့ကို ဒီလို စမ်းသပ်ရဲတယ်ပေါ့လေ...။ စနစ်တကျ ဖွဲ့စည်းထားတဲ့ ရာဇဝတ်မှုတွေကို နှိမ်နင်းဖို့ သက်သေ အထောက်အထား လိုအပ်တယ်၊ အကြမ်းဖက်နှိမ်နင်းရေးအတွက် စာရင်းတွေ လိုအပ်တယ်…။ ဒါပေမဲ့ ပုန်ကန်မှု တွေကို နှိမ်နင်းဖို့က တည်နေရာလေး သိရုံနဲ့ လုံလောက်တယ်ဆိုတာ မင်း မသိဘူးလား...။"
"ငါက အက်စ်မြို့တော် ရဲဌာနချုပ်ရဲ့ ဒုတိယညွှန်ကြားရေးမှူးပဲ...။ ဒီနေရာမှာ ငါ့ကို တစ်ခုခုဖြစ်အောင် လုပ်ရင် မင်း ခေါင်းဆယ်လုံး ပြုတ်သွားလိမ့်မယ်...။ မင်းက ဘယ်လို အရူးမျိုးလဲ...။"
ညွှန်ကြားရေးမှူးယဲ့၏ ဖြောင့်မတ်ပြီး တင်းမာသော ဆူပူကြိမ်းမောင်းမှုကို ရင်ဆိုင်ရချိန်တွင် လျန်ထျန်းက ပခုံးတွန့်လိုက်လေသည်။
"ဒီအခြေအနေမှာ ငါသာ အကူအညီ မခေါ်ရင် ဒီအခန်းထဲကနေတောင် ထွက်သွားနိုင်မှာ မဟုတ်ဘူး...။ ငါ့မှာ အခြားကိစ္စတွေကို တွေးနေဖို့ အချိန်ရှိတယ်လို့ မင်း ထင်နေလား...။"
"ပြီးတော့ မင်းတို့က ငါ့ကို အရင် ခြိမ်းခြောက်ခဲ့တာလေ…၊ ပြီးတော့ ငါ့မှာ အသံဖမ်းထားတာတောင် ရှိသေး တယ်...။ အဆိုးဆုံးကတော့ အသေအကြေ တိုက်ခိုက်ကြရုံပဲပေါ့...။"
ဆိုရိုးစကားရှိသည့်အတိုင်း အပျော့က အမာကို ကြောက်ရသည်၊ အမာက ရက်စက်သူကို ကြောက်ရသည်၊ ရက်စက်သူက ခေါင်းမာသူကို ကြောက်ရသည်၊ ခေါင်းမာသူက မဆင်မခြင် ပြုမူသူကို ကြောက်ရပြီး မဆင်မခြင် ပြုမူသူက သင့်ကို အသေအကြေ တိုက်ခိုက်ရန် စတင်နေသူကို ကြောက်ရလေသည်။ ၎င်းမှာ လုံးဝ မှန်ကန် လှပေသည်။
လျန်ထျန်းက ရှီမိသားစု၏ စံအိမ်ကြီးကို ဝင်ရောက်စီးနင်းရန် လူထောင်ပေါင်းများစွာကို အမိန့်ပေးခဲ့သည့် အချိန် မှစ၍ ရှီမိသားစု၏ သဘောထားမှာ ရန်လိုမှုမှ တင်းမာမှုသို့ ပြောင်းလဲသွားပြီးနောက် လျင်မြန်စွာပင် ပျော့ ပျောင်းသွားခဲ့လေသည်။ အခန်း၏ ပြတင်းပေါက်မှတစ်ဆင့် စံအိမ်ကြီးအတွင်းသို့ ပြေးဝင်လာသော လူအုပ်ကြီး ကို မြင်တွေ့နေရပြီ ဖြစ်သည်။ ရှီမိသားစုတွင် ကျွမ်းကျင်သူများ ရှိနေလျှင်ပင် ဤမျှလောက် ကြီးမားသော လူအုပ်ကြီးကို ခုခံနိုင်စွမ်း ရှိမည်မဟုတ်ပေ။
ရှီကျန့်သည် ညွှန်ကြားရေးမှူးယဲ့အား တိုးတိုးလေး ပြောလိုက်လေသည်။
"သူ့ကို ထပ်ပြီး မဆွပါနဲ့တော့...၊ မင်းရဲ့ အဆင့်အတန်းနဲ့ဆိုရင် သူ့ကို နောက်မှ စာရင်းရှင်းလို့ ရပါတယ်...။ ပထမ ဆုံး သူ့ကို စိတ်ငြိမ်သွားအောင် လုပ်ပြီး သက်သေအထောက်အထားတချို့ သိမ်းထားလိုက်ပါ...။"
နားထောင်ပြီးနောက် ညွှန်ကြားရေးမှူးယဲ့က ရိုသေလေးစားစွာဖြင့် ပြန်ပြောလိုက်သည်။
"ကျွန်တော် နားလည်ပါပြီ...၊ ယောက်ဖရဲ့ စီစဉ်မှုအတိုင်း ကျွန်တော် လုပ်ပါ့မယ်...။ စိတ်မပူပါနဲ့ ဒီကိစ္စပြီးရင် သူ လွတ်သွားမှာ မဟုတ်ပါဘူး...။"
ရှီကျန့်သည် ငါးရောင်းသူဘဝမှ ယခု လက်ရှိရာထူးအထိ တက်လှမ်းလာခဲ့ပြီး ဆယ်စုနှစ်များစွာ စီးပွားရေး လောကတွင် ကျင်လည်ခဲ့ကာ သူ၏ လိုက်လျောညီထွေဖြစ်မှုနှင့် အောင်မြင်နိုင်စွမ်းကို သက်သေပြခဲ့သူ ဖြစ် သည်။ အခြေအနေမှာ သူ့အတွက် အဆင်မပြေဖြစ်နေသည်ကို မြင်သောအခါ သူ၏ ပြိုင်ဘက်ကို တည်ငြိမ် စေရန်အတွက် နောက်ဆုတ်ရန် ဆုံးဖြတ်လိုက်ပြီး လျန်ထျန်းအား ပြုံးပြကာ ပြောလိုက်လေသည်။
"လူငယ်တွေက အရမ်း တက်ကြွပြီး သတ္တိရှိကြပေမဲ့ တကယ်တော့ ဒီအခြေအနေအထိ ရောက်စရာ မလိုပါဘူး... ။ ဘာလို့ ကိစ္စတွေကို သေချာ မဆွေးနွေးနိုင်ရမှာလဲ...။"
ထိုလူလည်ကြီး၏ မျက်နှာ အလွန်လျင်မြန်စွာ ပြောင်းလဲသွားသည်ကို မြင်သောအခါ လျန်ထျန်းက စိတ်အနှောင့် အယှက်ဖြစ်ဟန်ဖြင့် ချက်ချင်း ပြန်ပြောလိုက်လေသည်။
"သေချာ ဆွေးနွေးမယ် ဟုတ်လား...၊ ခင်ဗျားတို့ ဝင်လာတဲ့ အချိန်ကစပြီး ယခုအချိန်အထိ ကျွန်တော့်ကို သေချာ စကားပြောဖူးလို့လား...။"
"ကျွန်တော့်ကို အမူအကျင့်တွေ သင်ပေးဖို့ မဟုတ်ဘူးလေ…။ ငါးစားတာတို့၊ ကျွန်တော့်ရဲ့ နာရေးကိစ္စ လုပ်တာ တို့ ဒါမှမဟုတ် အဲ့ဒီလိုမျိုး တစ်ခုခုအကြောင်းတွေပဲ ပြောနေတာ မဟုတ်လား...။"
"တကယ်လို့သာ ကျွန်တော်က ဒီလူထောင်ပေါင်းများစွာကို မခေါ်ခဲ့ဘူးဆိုရင် ခင်ဗျားတို့က ယခုအချိန်မှာ ကျွန်တော့်အတွက် စက္ကူပိုက်ဆံတွေ မီးရှို့ပေးနေလောက်ပြီ...။"
အပေးရှိလျှင် အယူရှိသည်ဟူသော စကားအတိုင်း ယခုတစ်ကြိမ်တွင်တော့ လျန်ထျန်း၏ မျက်နှာအမူအရာကို ကြည့်ရမည့် အလှည့်မှာ ရှီမိသားစု ဖြစ်လာခဲ့လေသည်။ ရှီကျန့်က ပြုံးလျက် ဆက်ပြောလိုက်သည်။
"နောက်နေတာပါ...၊ အဲ့ဒါတွေအားလုံးက ဟာသတစ်ခု သက်သက်ပါပဲ...။"
"ဒါဆိုရင်လည်း မစ္စတာလျန် စိတ်အေးသွားအောင်လို့ ကျွန်တော် ယခုပဲ တစ်ယောက်ယောက်ကို စာကြည့်ခန်းထဲ လွှတ်ပြီး ကျွန်တော် နှစ်ပေါင်းများစွာ တန်ဖိုးထားခဲ့တဲ့ ရှေးဟောင်းပစ္စည်း အနည်းငယ်ကို မစ္စတာလျန်အတွက် လျော်ကြေးအနေနဲ့ သွားယူခိုင်းလိုက်ပါ့မယ်...၊ ဘယ်လို သဘောရလဲ...။"
"ကျွန်တော့်မှာ ဝါသနာ သိပ်အများကြီး မရှိပါဘူး…၊ ဒါပေမဲ့ ရှေးဟောင်းပစ္စည်းတွေ စုဆောင်းရတာကိုတော့ သဘောကျတယ်...။ ဒီရှေးဟောင်းပစ္စည်းတွေကို လေလံပွဲမျိုးစုံကနေ ကျွန်တော်ကိုယ်တိုင် ဝယ်ယူခဲ့တာဖြစ်ပြီး တစ်ခုချင်းစီက တော်တော်လေးကို တန်ဖိုးရှိပါတယ်...။"
သို့သော် ရှီကျန့်၏ ပြုံးရွှင်နေသော မျက်နှာက လျန်ထျန်းထံမှ ကြည်သာသော အမူအရာကို မရရှိခဲ့ဘဲ စကား ဖြတ်ပြောခြင်းကိုသာ ခံလိုက်ရလေသည်။
"ခင်ဗျားရဲ့ လှည့်ကွက်တွေကို သိမ်းထားလိုက်ပါ...။ ခင်ဗျားက ကျွန်တော့်ကို တန်ဖိုးရှိတဲ့ ပစ္စည်းတချို့ ပေးပြီး တော့ ခိုးမှုနဲ့ စွပ်စွဲချင်နေတာ မဟုတ်လား...။"
"ခင်ဗျားတို့ဆီက ဘာပစ္စည်းမှ တစ်လီဖိုးတောင် မလိုချင်ဘူး...။ ကျွန်တော့်ကို အသုံးချဖို့ ဘာအကွက်မှ လာမ ရှာနဲ့…၊ ပြီးတော့ ကျွန်တော့်ကို ထပ်ပြီး ခြိမ်းခြောက်ဖို့လည်း မကြိုးစားနဲ့...။"
ထိုစကားကို ကြားသောအခါ ညွှန်ကြားရေးမှူးယဲ့က အေးစက်စွာ ရယ်မောလိုက်လေသည်။
"ဒီနေရာမှာ ဘယ်သူက ဘယ်သူ့ကို ခြိမ်းခြောက်နေတာလဲ...။ အခု မင်း လုပ်နေတဲ့ လုပ်ရပ်က မင်းကို ထောင်ထဲ နှစ်အနည်းငယ်လောက် ပို့ဖို့ လုံလောက်တယ်ဆိုတာ မင်း သိလား...။"
"မင်းကို နောက်ဆုံးအခွင့်အရေး တစ်ခု ပေးမယ်...။ အခုပဲ အဲ့ဒီလူတွေကို ဒီနေရာကနေ ထွက်သွားခိုင်းလိုက်…၊ ပြီးရင် မင်းလည်း သူတို့နဲ့အတူ ထွက်သွားလို့ရပြီ...။ မင်းကို အပြစ်မယူဘဲတောင် လွှတ်ပေးလိုက်ဦးမယ်...။"