အခန်း ၁၉၉
Vol. 20 Ch. 199
အခန်း (၁၉၉)
လူဆိုးများသည် ဆိုးယုတ်သောလုပ်ရပ်များဖြင့် အပြစ်ပေးခံရမည်
"ပါးစပ်ပိတ်ထားစမ်း...။"
ရဲဌာနမှ ညွှန်ကြားရေးမှူးအသစ်၏ ပြင်းထန်သော ဟောက်သံကို ကြားသောအခါ ရှီကျန့်သည် လိမ္မာရေးခြား ရှိစွာဖြင့် ချက်ချင်း ပါးစပ်ပိတ်သွားလေသည်။
သို့သော် သူ၏ စတုတ္ထမြောက်သားဖြစ်သူ ရှီစီက ပါးနပ်ဟန်ရှိသော မျက်နှာပေးဖြင့် ရှေ့သို့ ထွက်လာကာ ပြော လိုက်လေသည်။
"ညွှန်ကြားရေးမှူး...၊ ခင်ဗျား လိုချင်တဲ့ ဂဏန်းအရေအတွက်ကို ပြောပြချင်ပါသလား...။"
“ဟင်...”
လူအားလုံး၏ အကြည့်များက ရှီစီထံသို့ ရောက်ရှိသွားကြလေသည်။
သခင်လေးရှီစီက သူ့ကိုယ်သူ ဉာဏ်ပညာပြည့်ဝနေသည်ဟု ထင်မှတ်နေသော်လည်း အခြားသူများ၏ အမြင် တွင်မူ အချိန်ပြည့် မိုက်မဲမှုများကိုသာ ဖြာထွက်နေစေလေသည်။
ရဲဌာနမှ ညွှန်ကြားရေးမှူးအသစ်၏ မျက်နှာမှာ အေးစက်သွားပြီး ဩရှသော အသံဖြင့် ပြောလိုက်လေသည်။
"ကောင်းပြီ...၊ ဒါက မင်းတို့ ရှီမိသားစုက ဒေသခံ အရာရှိတွေနဲ့ အမြဲတမ်း ဆက်ဆံနေကျ ပုံစံပေါ့လေ...။ ဒါက နောက်ထပ် ခိုင်လုံတဲ့ သက်သေတစ်ခုပဲ...။"
ထိုစကားကို ကြားသောအခါ ရှီကျန့်မှာ ချွေးသီးချွေးပေါက်များ ကျလာတော့သည်။ သူသည် စတုတ္ထမြောက်သား ဖြစ်သူကို အမြန် စိုက်ကြည့်လိုက်ပြီးနောက် ညွှန်ကြားရေးမှူးထံသို့ မျက်နှာချိုသွေးကာ ပြေလည်စေရန် ပြော လိုက်လေသည်။
"ညွှန်ကြားရေးမှူးတန်...၊ ကျွန်တော့်သားက ငယ်ရွယ်သေးပြီး ဘာမှ သေချာနားမလည်သေးလို့ပါ...။ ကျေးဇူးပြု ပြီး အထင်မလွဲပါနဲ့ခင်ဗျာ...။"
"ကျွန်တော်တို့ ရှီမိသားစု...၊ ထိန်လုံအုပ်စုက အမြဲတမ်း ရိုးရိုးသားသားနဲ့ ဖြောင့်ဖြောင့်မတ်မတ်ပဲ လုပ်ကိုင်ခဲ့တာ ပါ...။ ဘယ်တုန်းကမှ ကောက်ကျစ်တဲ့ အကြံအစည်တွေ မရှိခဲ့ပါဘူး...။"
"ကျေးဇူးပြုပြီး မျက်နှာထောက်တဲ့အနေနဲ့ ထမင်းတစ်နပ်လောက် နေစားသွားပါဦး...။ အဲ့ဒီနောက် မီးဖိုချောင်ကို ဒေသထွက် လက်ဆောင်လေးတွေ ပြင်ဆင်ခိုင်းထားပြီး အိမ်အပြန်ကျရင် မြည်းစမ်းကြည့်ဖို့ ထည့်ပေးလိုက်ပါ့ မယ်...။"
ရှီစီ၏ ဂဏန်းအရေအတွက်ကို ပြောပါ ဟူသော စကားနှင့် ယှဉ်လျှင် ရှီကျန့်၏ စကားများက များစွာ ပို၍ လိမ္မာ ပါးနပ်လှပေသည်။
ဒေသထွက် လက်ဆောင် ဆိုသည်မှာ ဘာကို ရည်ညွှန်းမှန်း လူတိုင်း သိကြပြီး အရာရှိများအနေဖြင့် ဤစကားကို ကြားသောအခါ အများအားဖြင့် ပြုံးကာ သဘောတူတတ်ကြလေသည်။
ထို့သို့မဟုတ်ဘဲ လူတိုင်းက ဂဏန်းအရေအတွက် ပြောလိုက်ပါ ဟုသာ ပြောဆိုကာ အားလုံးကို ပွင့်ပွင့်လင်းလင်း ချပြနေမည်ဆိုလျှင် အနေရခက်စရာ ဖြစ်ပေလိမ့်မည်။
အဓိက ပြဿနာမှာ လူများက မိမိကို အလွယ်တကူ အပြစ်ရှာနိုင်ခြင်းပင် ဖြစ်သည်။ အကယ်၍ ထိုမျှလောက် ဦးနှောက်ဉာဏ်ရည်မျှပင် မရှိပါက အရာရှိများနှင့် မည်သည့်အခါမျှ မဆက်ဆံသင့်ပေ။ သို့မဟုတ်ပါက ကောင်း မွန်နေသော ကိစ္စများကို အလွယ်တကူ ပျက်စီးသွားစေလိမ့်မည်။
သို့သော် ရှီကျန့်၏ လှည့်ကွက်ဟောင်းမှာ လိုချင်သော အကျိုးသက်ရောက်မှုကို မရရှိခဲ့ပေ။
ညွှန်ကြားရေးမှူးအသစ်က သူတို့ကို အေးစက်စက် ရယ်မောပြလိုက်ပြီးနောက် ပြောလိုက်လေသည်။
"ဒီနေ့ ငါ ဒီကိုလာတာ မင်းတို့ဆီက ထမင်းစားဖို့ မဟုတ်သလို...၊ မင်းတို့ရဲ့ ဒေသထွက် လက်ဆောင်တွေအတွက် လည်း မဟုတ်ဘူး...။"
"ပိုပြီး ပွင့်ပွင့်လင်းလင်း ပြောရရင် ငါ ဒီကိုလာတာ မင်းတို့ကို တွေ့ဖို့ မဟုတ်ဘူး...။ ငါ့သူငယ်ချင်းတစ်ယောက် က ဒီမှာ ပြဿနာတက်နေတယ်ဆိုလို့ ငါ လူခေါ်ပြီး လာစစ်ဆေးတာပဲ...။"
ထိုစကားကို ကြားသောအခါ ရှီမိသားစုဝင်များမှာ အံ့သြမှင်တက်သွားကြလေသည်။ အတန်ကြာပြီးနောက် သူတို့ ပထမဆုံး လုပ်လိုက်သည့်အရာမှာ ထိုင်ခုံပေါ်တွင် လှုပ်ရှားမှုမရှိဘဲ ထိုင်နေဆဲဖြစ်သော လျန်ထျန်းထံသို့ ခေါင်း လှည့်ကြည့်လိုက်ခြင်းပင် ဖြစ်သည်။
ဤအရေးကြီးပုဂ္ဂိုလ်ကို သူကိုယ်တိုင် ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း လျန်ထျန်း ပြောခဲ့သည်ကို သူတို့ မှတ်မိလိုက် သော်လည်း ထိုစဉ်က ရှီမိသားစုဝင် မည်သူကမျှ သူ့ကို မယုံကြည်ခဲ့ကြပေ။
သို့သော် ယခုအခါ ညွှန်ကြားရေးမှူးအသစ် ကိုယ်တိုင်က သူငယ်ချင်းဖြစ်သူကို လာရောက်ကြည့်ရှုခြင်းဖြစ် ကြောင်း ပြောလိုက်သည်ကို ကြားသောအခါ သူတို့မှာ မယုံကြည်ဘဲ မနေနိုင်တော့ပေ။
တကယ်ပင် နောက်တစ်စက္ကန့်၌ လျန်ထျန်းသည် မတ်တပ်ရပ်ကာ လှည့်လာပြီး ညွှန်ကြားရေးမှူးအသစ်ထံသို့ မျက်နှာပေါ်တွင် အပြုံးကြီးတစ်ခုဖြင့် ပြောလိုက်လေသည်။
"ညွှန်ကြားရေးမှူးတန်...၊ ခင်ဗျား အချိန်မီ ရောက်လာတာပဲ...။ တကယ်လို့ ခင်ဗျားသာ နည်းနည်းလေး နောက်ကျသွားရင် ကျွန်တော်တော့ ရှီမိသားစုက အဆိပ်ပြင်းတဲ့ မြွေတွေရဲ့ ကိုက်စားတာကို ခံရတော့မလားလို့ စိုးရိမ်နေတာ...။"
မှန်ပေသည်၊ ရဲဌာန၏ ညွှန်ကြားရေးမှူးအသစ်မှာ အခြားသူမဟုတ်ဘဲ ယခင်က အယ်လ်မြို့တော်တွင် ညွှန်ကြား ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော တန်ကော်ဟွာပင် ဖြစ်လေသည်။
သို့သော် ယခုအခါတွင်မူ တန်ကော်ဟွာ၏ ဂုဏ်ပုဒ်မှာ ကြီးမားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်သွားခဲ့ပြီ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် လျန်ထျန်း ရန်ပုံငွေ ထောက်ပံ့ထားသော စီမံကိန်းသည် မကြာသေးမီက ကြီးမားသော အောင်မြင်မှုတစ်ခုကို ရရှိခဲ့ရာ ၎င်းမှာ စီမံကိန်းတာဝန်ခံဖြစ်သော တန်ကော်ဟွာအတွက် ကြီးမားလှသော အောင်မြင်မှုတစ်ခု ဖြစ်ပေသည်။
ထိုကာလအတွင်း ရရှိခဲ့သော စနစ်တကျ ကျူးလွန်သည့် ရာဇဝတ်မှုများကို နှိမ်နင်းခြင်း၊ လိမ်လည်မှုများကို ပပျောက်စေခြင်းနှင့် အကျင့်ပျက်ခြစားမှုများကို တိုက်ဖျက်ခြင်းစသည့် အောင်မြင်မှုများအားလုံးကိုပါ ပေါင်းစပ် လိုက်သောအခါ ဤအရာများက ကြယ်တစ်ပွင့်အဆင့်သို့ ရောက်ရှိခါစဖြစ်သော တန်ကော်ဟွာကို နောက်ထပ် အဆင့်နှစ်ဆင့် ထပ်မံတိုးမြှင့်ကာ ပထမအဆင့် ရဲမှူးအဖြစ်သို့ တက်လှမ်းသွားစေခဲ့လေသည်။
ရာထူးအရ သူသည် အက်စ်မြို့တော် ရဲဌာန၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် တိုက်ရိုက် ပြောင်းရွှေ့ခံခဲ့ရခြင်း ဖြစ် ပေသည်။
သူတို့၏ အကြီးအကဲ နှင့် ညွှန်ကြားရေးမှူး ဟူသော ခေါင်းစဉ်များကြောင့် အထင်မလွဲသင့်ပေ။ အယ်လ်မြို့တော် တွင် ၎င်းတို့မှာ ဌာနခွဲအဆင့်သာ ရှိသော်လည်း ဤနေရာတွင်မူ အစစ်အမှန် ဌာနကြီးအဆင့် အရာရှိများ ဖြစ်ကြ လေသည်။
တန်ကော်ဟွာ၏ အောင်မြင်မှုများမှာ လျန်ထျန်းနှင့် ခွဲခြား၍မရအောင် ဆက်စပ်နေလေသည်။
ထို့ကြောင့် တန်ကော်ဟွာသည် လျန်ထျန်းကို စီးပွားရေးမိတ်ဖက်တစ်ဦးထက် သူငယ်ချင်းတစ်ဦးအဖြစ် ရှုမြင် ထားသည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။
ဤအရာမှာ ရှီမိသားစုအတွက် ကြည်လင်နေသော ကောင်းကင်မှ လျှပ်စီးပစ်ချလိုက်သကဲ့သို့ ဖြစ်သွားစေသည်။ သူတို့က သူဌေးပေါက်စ တစ်ဦးအဖြစ်သာ မှတ်ယူထားသော လျန်ထျန်းတွင် ဤကဲ့သို့သော နောက်ခံမျိုး ရှိနေ လိမ့်မည်ဟု ဘယ်သောအခါကမျှ မျှော်လင့်မထားခဲ့ကြပေ။
ခဏအကြာတွင်ပင် အင်အားချိန်ခွင်လျှာမှာ စတင် ယိမ်းယိုင်လာခဲ့လေသည်။
မူလက ရှီမိသားစုဘက်တွင် ရှိနေခဲ့သော အလေးချိန်မှာ လျင်မြန်စွာ ပြောင်းလဲသွားခဲ့ပြီး လျန်ထျန်းက သူတို့ကို ပြန်လည် ဖိနှိပ်ထားနိုင်ခဲ့လေသည်။
တန်ကော်ဟွာ ရှိနေခြင်းကြောင့် ရှီမိသားစုအနေဖြင့် လျန်ထျန်းကို လုံးဝ ထိခိုက်နိုင်စွမ်း မရှိတော့ပေ။ အာဏာ ဆိုသည်မှာ ငွေကြေးထက် များစွာ ပို၍ အဆင့်မြင့်သော ကိရိယာတစ်ခု ဖြစ်ပြီး ၎င်းကို ကစားပွဲကို ပြောင်းလဲ နိုင်သူအဖြစ်ပင် ဖော်ပြနိုင်ပေသည်။
ရှီကျန့်မှာ ချွေးစေးများ ပြန်လာလေသည်။ သူ၏ စိတ်ကူးများ လျင်မြန်စွာ အလုပ်လုပ်သွားပြီးနောက် တွန့်ဆုတ် တွန့်ဆုတ်ဖြင့် မေးလိုက်သည်။
"အိုး...၊ အထွေထွေမန်နေဂျာလျန်နဲ့ ညွှန်ကြားရေးမှူးတန်တို့က ဒီလို ဆက်ဆံရေးမျိုး ရှိမှန်း ကျွန်တော် မသိခဲ့ပါ ဘူး...။ တကယ်ကို တိုက်ဆိုင်တာပဲနော်...။"
"ဒီနေ့က မိသားစု ညစာစားပွဲပါ...၊ ပြီးတော့ ကျွန်တော်က မစ္စတာလျန်ကို ကျွန်တော်တို့နဲ့အတူ ညစာစားဖို့ ဖိတ်ခေါ်ထားတာဆိုတော့ မစ္စတာလျန်ကို မိသားစုဝင်တစ်ယောက်လို သတ်မှတ်ထားလို့ပေါ့...။"
"ဒါဆိုရင် စပ်ဆက်လိုက်ရင် ညွှန်ကြားရေးမှူးတန်ကလည်း ကျွန်တော်တို့ မိသားစုဝင်ထဲက တစ်ယောက် ဖြစ်မ သွားဘူးလား...၊ မိသားစုဝင်တွေဆိုရင်တော့ သေချာ ဧည့်ခံပြုစုရမှာပေါ့...။"
"မြန်မြန်...၊ မြန်မြန်လုပ်ကြစမ်း...။ မီးဖိုချောင်ကို သွားပြီး ကောင်းပေ့ဆိုတဲ့ ဝိုင်တွေ ဟင်းလျာတွေ အကုန်ယူခဲ့... ၊ ပြီးတော့ ဒေသထွက် လက်ဆောင်တွေကိုလည်း အများကြီး ပြင်ဆင်ထားလိုက်...။ မိသားစုဝင်တွေ အကုန်လုံး အပြန်ကျရင် တစ်ယောက်ကို တစ်ဖာစီ ရအောင် သေချာ ထည့်ပေးလိုက်...။"
ထိုအချိန်တွင် လျန်ထျန်းက အနီးသို့ ရောက်လာကာ သူ၏ စကားကို ဖြတ်၍ ပြောလိုက်လေသည်။
"မစ္စတာရှီ...၊ ဟန်ဆောင်နေတာတွေကို ရပ်လိုက်ပါတော့...။ ဒီနေ့ ညွှန်ကြားရေးမှူးတန်ကို ဒီကို ဖိတ်လိုက်တာ ကျွန်တော် ဘာလုပ်ဖို့ စီစဉ်နေလဲဆိုတာ ခင်ဗျား သိပြီးလောက်ပြီ မဟုတ်လား...။"
"စကားတွေကို လှည့်ပတ်မနေကြရအောင်...။ တကယ်တော့ ကျွန်တော် ဒီကို မလာခင်ကတည်းက သေချာ စဉ်းစားထားပြီးသားပါ...၊ အကယ်လို့ ခင်ဗျားက စီးပွားရေး ကျင့်ဝတ်ကို တန်ဖိုးထားမယ်ဆိုရင် ကျွန်တော်က လည်း ခင်ဗျားနဲ့ စီးပွားရေးလောကမှာ မျှမျှတတ ယှဉ်ပြိုင်သွားမှာပါ...။"
"ဒါပေမဲ့ ခင်ဗျားက ဉာဏ်နီဉာဏ်နက်တွေ သုံးဖို့ ကြိုးစားမယ်ဆိုရင်တော့ ကျွန်တော် ယဉ်ကျေးမနေဘူးဆိုတာကို အပြစ်မတင်ပါနဲ့...။ ခင်ဗျားက လှိုင်းဖြတ်စက်တွေ တပ်ဆင်ထားပြီး ခြိမ်းခြောက်တဲ့ စကားတချို့ ပြောလိုက်ရုံနဲ့ ကျွန်တော့်ကို အနိုင်ယူနိုင်မယ်လို့ တကယ်ကြီး ထင်နေတာလား...။"
"အခု...၊ ခင်ဗျားကို ကျွန်တော် ပြောပြမယ်...။ သူတစ်ပါးကို ကိုက်စားချင်ရင် ကိုယ်တိုင်လည်း အကိုက်စားခံရဖို့ ပြင်ဆင်ထားသင့်တယ်...။ အဲ့ဒီအတွက် ခင်ဗျား ပြင်ဆင်ပြီးပြီလား...။"
လျန်ထျန်း၏ စကားများကို ကြားပြီးနောက် ဆယ်စုနှစ်များစွာ စီးပွားရေးလောကထဲတွင် ကျင်လည်ခဲ့ကာ ငါးရောင်းသူဘဝမှ လက်ရှိအခြေအနေအထိ တက်လှမ်းလာခဲ့သော ဤစီးပွားရေးလုပ်ငန်းရှင်ကြီးမှာ ခြေထောက်များပင် ယိုင်နဲ့သွားသလို ခံစားလိုက်ရလေသည်။
သို့သော်ငြားလည်း သူက ရုန်းကန်နေဆဲဖြစ်ကာ သူ၏ ထိတ်လန့်မှုကို အတတ်နိုင်ဆုံး ဖုံးကွယ်ပြီး တည်ငြိမ် ဟန်ဆောင်ရန် ကြိုးပမ်းနေလေသည်။
"ဥက္ကဋ္ဌလျန်...၊ ကျွန်တော်တို့ကြားက ကိစ္စအားလုံးကို ဆွေးနွေးညှိနှိုင်းလို့ ရပါတယ်...။ ကျွန်တော် ခင်ဗျားရဲ့ ကုမ္ပဏီကို ထပ်ပြီး အနှောင့်အယှက် မပေးတော့ပါဘူး...၊ ဟုတ်ပြီလား...။"
"ဒါ့အပြင် အနာဂတ်မှာ ကျွန်တော်တို့ အင်အားတွေ ပေါင်းပြီး ကမ္ဘာကြီးကို ခွဲဝေယူလို့ ရပါတယ်...။ အခုချိန်က စပြီး အယ်လ်မြို့တော်နဲ့ အိတ်ချ်မြို့တော်ကို နယ်နိမိတ်အဖြစ် သတ်မှတ်ပြီး တောင်ဘက်ပိုင်းက ကျွန်တော်ပိုင်ပြီး မြောက်ဘက်ပိုင်းကို ခင်ဗျား ယူလိုက်လေ...၊ ဘယ်လိုလဲ...။"
ရှီကျန့်က ဤကဲ့သို့သော စကားမျိုး ပြောဆိုလာခြင်းကပင် အတော်လေး ထူးခြားနေပြီ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ထိန်လုံအုပ်စု၏ လက်ရှိ အရွယ်အစားနှင့် အခြေအနေအရဆိုလျှင် ဤစက်မှုလုပ်ငန်းရှိ စျေးကွက်ဝေစု (၈၀) ရာခိုင်နှုန်းကျော်ကို သိမ်းပိုက်နိုင်ရန်မှာ အချိန်ပိုင်းပြဿနာသာ ဖြစ်ပေသည်။
လျန်ထျန်းနှင့် ဟယ်ရှန့်တို့က ဆယ်ရာခိုင်နှုန်းကျော်မျှသာ ရှိသော စျေးကွက်ဝေစုဖြင့် အချင်းချင်း ယှဉ်ပြိုင်ရန် ကြိုးစားသောအခါ ရှင်သန်နိုင်စွမ်း နည်းပါးသော လောင်းကစားတစ်ခု ဖြစ်လာမည်မှာ မလွဲဧကန်ပင် ဖြစ်သည်။
သို့သော် စီးပွားရေးလုပ်ရာတွင် မည်သူက လောင်းကစား မလုပ်ဘဲ နေမည်နည်း။ အနိုင်ရသူများသည် အထွတ် အထိပ်သို့ တက်လှမ်းနိုင်ပြီး အရှုံးသမားများမှာမူ အရာအားလုံးကို ဆုံးရှုံးရလေသည်။ ၎င်းတို့အားလုံးမှာ ကျယ်ပြောလှသော စီးပွားရေးလောကကြီးထဲတွင် အလွန် သာမန်ကိစ္စရပ်တစ်ခုသာ ဖြစ်ပေသည်။
နေ့စဉ်နှင့်အမျှ ရေတွက်၍မရနိုင်သော ကုမ္ပဏီများ တည်ထောင်နေကြသကဲ့သို့ မရေမတွက်နိုင်သော ကုမ္ပဏီ များမှာလည်း ဒေဝါလီခံနေကြရသည်။ လှိုင်းတံပိုးများ အလယ်တွင် မိမိကိုယ်ကို ရေပေါ်မှ လှေငယ်ကလေး တစ်စင်း မဟုတ်ပါဘူးဟု မည်သူက ပြောနိုင်မည်နည်း။
ရွက်လွှင့်ချိန်တွင် ရည်မှန်းချက်များ ပြည့်နှက်နေတတ်ပြီး ပင်လယ်အောက်ခြေသို့ နစ်မြုပ်သွားချိန်တွင်မူ ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားကြလေသည်။
လျန်ထျန်းက လှောင်ပြောင်လိုက်လေသည်။
"ကျွန်တော်က ဘာလို့ ခင်ဗျားနဲ့ ကမ္ဘာကြီးကို ခွဲဝေရမှာလဲ...။ တစ်ကမ္ဘာလုံးကို ကျွန်တော် တစ်ယောက်တည်း ပိုင်ဆိုင်ရတာက ပိုမကောင်းဘူးလား...။"
"ဒါ့အပြင် ကျွန်တော် ပြောခဲ့ပြီးသားပါ...၊ တကယ်လို့ ခင်ဗျားက အစကတည်းက ကျွန်တော့်ကို လိမ်ညာဖို့ မကြိုးစားခဲ့ဘူးဆိုရင် ကျွန်တော်လည်း ဒီလို ဉာဏ်နီဉာဏ်နက်တွေ သုံးခဲ့မှာ မဟုတ်ဘူး...။"
"နှမြောစရာပဲ...၊ ခင်ဗျားက စတင်ခဲ့တာလေ...။ ခင်ဗျားက လူတွေကို ကိုက်စားချင်ပေမဲ့ ကိုယ်တိုင် အကိုက်စား ခံရမှာကိုတော့ ကြောက်နေတယ်...။ အဲ့ဒီလောက်တောင် သတ္တိကြောင်တာကို မရပ်တန့်နိုင်တော့ဘူးလား...။"
ရိုးရိုးသားသား ပြောရလျှင် လျန်ထျန်းသည် သာမန်အားဖြင့် ဤမျှလောက် သရော်တတ်သူ မဟုတ်ပေ။ ထိုအရာ များကို ရှီကျန့်ထံမှ သင်ယူခဲ့ခြင်း ဖြစ်ရပေမည်။
အရာများစွာကို ကြုံတွေ့ပြီးနောက် လျန်ထျန်းသည် မူဝါဒတစ်ခုကို တဖြည်းဖြည်း နားလည်လာခဲ့သည်။ ယင်းမှာ လူဆိုးများသည် ဆိုးယုတ်သောလုပ်ရပ်များဖြင့် အပြစ်ပေးခံရမည် ဆိုသည့်အချက်ပင် ဖြစ်သည်။
ထိုသို့မဟုတ်ဘဲ အကယ်၍ စည်းမျဉ်းစည်းကမ်းများကိုသာ အမြဲတမ်း စွဲကိုင်ထားမည်ဆိုလျှင် ဤတစ်သက်တွင် လူဆိုးများကို ဘယ်သောအခါမျှ အနိုင်ယူနိုင်မည် မဟုတ်ပေ။
ဤအချိန်တွင် ရှီကျန့်မှာ အစွန်းဆုံးသို့ တွန်းပို့ခံလိုက်ရပြီး အဓိပ္ပာယ်မရှိသော စကားများကို ဗြုန်းစားကြီး အော်ဟစ် ပြောဆိုလာတော့သည်။
"မင်း...၊ မင်းကို ငါ ပြောမယ်...။ ငါက မင်း အလွယ်တကူ ခြိမ်းခြောက်လို့ရတဲ့သူ မဟုတ်ဘူး...။"
"မင်းက ငါနဲ့ ပြဿနာရှာချင်တာလား...၊ ဒါဆိုရင် မင်းကိုယ်မင်း အရင် ပြန်စဉ်းစားသင့်တယ်...။ ငါ့အိမ်ရာထဲကို ကျူးကျော်ဝင်ရောက်ဖို့ လူအများကြီးကို မင်း ညွှန်ကြားခဲ့တာပဲ...။ တစ်ယောက်ယောက်က မင်းကို ကာကွယ် ပေးနေရင်တောင် ဒါက ငြင်းလို့မရတဲ့ သက်သေအထောက်အထားပဲ...။"
"မင်းက ရန်သူကို တစ်ထောင် ထိခိုက်စေဖို့ ကိုယ့်ကိုယ်ကိုယ် ရှစ်ရာလောက် အထိနာခံနေတာပဲ...။ ဈေးကွက်ထဲ မှာ တခြားသူတွေ အကျိုးအမြတ် ရသွားတာကို မင်းက ထိုင်ကြည့်နေချင်တာလား...။"
"ရန်သူကနေ မိတ်ဆွေအဖြစ် ဘာလို့ မပြောင်းလဲနိုင်ရမှာလဲ...။ စီးပွားရေးလုပ်တယ်ဆိုတာ အရှုံးကို အနည်းဆုံး ဖြစ်အောင် လျှော့ချပြီး အကျိုးအမြတ်ကို အများဆုံး ရှာဖွေရတာလေ...။ မင်း သေချာပေါက် နားလည်ပါတယ် နော်...။"
အကြောက်ရွံ့ဆုံး စကားများကို ပြောဆိုရန်အတွက် အရက်စက်ဆုံး လေသံကို အသုံးပြုနေခြင်း...။ ၎င်းမှာ ရှီကျန့်၏ လက်ရှိ အခြေအနေပင် ဖြစ်လေသည်။
အခြား ရွေးချယ်စရာ နည်းလမ်း မရှိတော့ပေ။ ယခုအချိန်တွင်ပင် သူသည် လျန်ထျန်းနှင့် သေချာပေါက် တိုက် ခိုက်ရန် ဆန္ဒမရှိသေးဘဲ သွယ်ဝိုက်သောနည်းဖြင့် ဆက်လက် သွေးဆောင်ဖြားယောင်းရန် ကြိုးပမ်းနေဆဲ ဖြစ်သည်။
တစ်ဖက်လူအနေဖြင့် အခြေအနေအရပ်ရပ်ကို နားလည်သဘောပေါက်ကာ နောက်ဆုတ်သွားလိမ့်မည်ဟု သူတို့ စိတ်ကူးယဉ်နေကြပြီး သူတို့ကိုယ်တိုင်အတွက် အသက်ရှူချောင်ရန် အခွင့်အရေးတစ်ခု ဖန်တီးပေးနေကြလေ သည်။
နောက်ဆုံးတွင်တော့ နှမြောစရာကောင်းသည်ဟုသာ ပြောရမည် ဖြစ်သည်။
အကယ်၍ ရှီကျန့်သာ အခြားသူတစ်ဦးတစ်ယောက်နှင့် တွေ့ဆုံခဲ့မည်ဆိုပါက သူလိုချင်သောအရာကို စောစော စီးစီးကတည်းက အကြိမ်ပေါင်းများစွာ ရရှိပြီးဖြစ်နေမည်ဖြစ်ကာ ဤအခြေအနေအထိ ရောက်ရှိလာမည် မဟုတ်ပေ။
ဤအခြေအနေအထိ ရောက်ရှိလာပြီးနောက် လျန်ထျန်းအနေဖြင့် မည်သို့လုပ် လမ်းတစ်ဝက်တွင် နောက်ဆုတ် ကာ ကျားကို တောထဲသို့ ပြန်လွှတ်ပေးနိုင်မည်နည်း။
ရှီကျန့်၏ ခြိမ်းခြောက်မှုများနှင့် ပတ်သက်၍မူ ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းရန် လျန်ထျန်းတွင် ပြင်ဆင်မှု သို့ မဟုတ် နည်းလမ်းများ မရှိဘဲ နေမည်လား။
လျန်ထျန်း၏ နှုတ်ခမ်းများမှာ အနည်းငယ် တွန့်ကွေးသွားပြီး သူက တည်ငြိမ်စွာ ပြောလိုက်လေသည်။
"ခင်ဗျားရဲ့ အိမ်ရာထဲကို ကျူးကျော်ဖို့ လူအများကြီးကို ကျွန်တော် ညွှန်ကြားခဲ့တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ... ။ သူတို့က ညစာစားပြီးလို့ လမ်းလျှောက်ထွက်လာကြတဲ့ ရိုးသားတဲ့ အလုပ်သမားတစ်စု သက်သက်ပါပဲ...။"
ထိုစကားကို ကြားသောအခါ ရှီကျန့်၏ မျက်လုံးများ ပြူးကျယ်သွားလေသည်။
"မင်း ပြောနေတာကို မင်း ပြန်နားမထောင်ချင်ဘူးလား...။ ရိုးသားတဲ့ အလုပ်သမားတွေ ဟုတ်လား...၊ ဒါဆို သူတို့က ဘာလို့ ဂွတွေ တူတွေ ကိုင်ထားကြတာလဲ...။"
လျန်ထျန်းက ပခုံးတွန့်ပြကာ လက်ဖြန့်လိုက်လေသည်။
"သူတို့က အလုပ်သမားတွေလို့ ကျွန်တော် ပြောပြီးသားပဲလေ...။ ဒါကြောင့် လမ်းလျှောက်ထွက်တဲ့အခါ ဂွ ဒါမှမဟုတ် တူ တစ်ချောင်းလောက် ယူလာတာက ယုတ္တိရှိတယ် မဟုတ်ဘူးလား...။"
"ဂွ ဒါမှမဟုတ် တူ ကိုင်ပြီး လမ်းမလျှောက်ရဘူးလို့ ဘယ်ဥပဒေက ပြဋ္ဌာန်းထားလို့လဲ...။ သူတို့ ဘယ်သူ့ကိုမှ မရိုက်နှက်ဘူးလေ...။ ဥပမာ ကျွန်တော်က ဓားတစ်ချောင်းနဲ့ သစ်သီးနွှာနေရင် ခင်ဗျားက ကျွန်တော့်ကို လူသတ် မှုနဲ့ စွပ်စွဲမှာလား...။"
လျန်ထျန်း၏ အဓိပ္ပာယ်မရှိသော အကြောင်းပြချက်များကို ကြားသောအခါ ရှီကျန့်၏ မျက်နှာမှာ ဒေါသကြောင့် ရှုံ့မဲ့သွားပြီး ထပ်ပြောလိုက်လေသည်။
"ဒါဆိုရင် သူတို့က ဘတ်စ်ကားနဲ့ ဒီကို လာပြီး ငါ့အိမ်ရာကို ကျူးကျော်ခဲ့တာတော့ အမှန်ပဲလေ...။ အဲ့ဒါကိုရော မင်း ဘယ်လို ရှင်းပြမလဲ...။"
လျန်ထျန်းက စနစ်တကျ ဆက်ပြောလိုက်လေသည်။
"ဒီနေရာက ပတ်ဝန်းကျင်နဲ့ လေထုက ပိုကောင်းပြီး လမ်းလျှောက်ဖို့ ပိုသင့်တော်လို့ ကျွန်တော်တို့ ဘတ်စ်ကားစီး ပြီး ဒီကို လာခဲ့ကြတာပါ...။ အဲ့ဒီလိုမဟုတ်ဘဲ မြို့ထဲမှာ လမ်းလျှောက်ရင် ကားအိတ်ဇောနံ့တွေ ရှူနေရမှာပေါ့... ။"
"ခင်ဗျားရဲ့ အိမ်ရာကို ကျူးကျော်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီးတော့...၊ ကျေးဇူးပြုပြီး ဒီနေရာတစ်ခုလုံး က ခင်ဗျားပိုင်တာလား...။"
"သံပန်းခြံစည်းရိုးလေး တပ်ထားရုံနဲ့ နေရာတိုင်းကို ခင်ဗျားရဲ့ နယ်မြေလို့ သတ်မှတ်နိုင်မယ်လို့ တကယ်ကြီး ထင်နေတာလား...။ ကောင်းပြီလေ...၊ ဒါဆို ကျွန်တော်လည်း ခေါင်းပေါ်မှာ စက်ဝိုင်းတစ်ခု ဆွဲပြီး ကောင်းကင် တစ်ခုလုံးက ကျွန်တော်ပိုင်တယ်လို့ ပြောလိုက်မယ်...။"
"အမှန်အတိုင်း ပြောရရင် ကျွန်တော် လူတစ်ယောက်ကို စစ်ဆေးခိုင်းထားပြီးပြီ...။ ခင်ဗျားတို့ အိမ်ရာထဲက အဆောက်အအုံတွေ အကုန်လုံးမှာ ဒီတစ်ခုတည်းပဲ တရားဝင် ခွင့်ပြုချက် ရှိတာ...။ ကျန်တာတွေက တရားမဝင် အဆောက်အအုံတွေချည်းပဲ...။"
"အလုပ်သမားတွေက ဒီအဆောက်အအုံထဲ ခြေချမလာသရွေ့ သူတို့ကို ကျူးကျော်တယ်လို့ သတ်မှတ်လို့ မရ ဘူး...။ စံအိမ်ကြီးရဲ့ ဧရိယာတစ်ခုလုံးက အများပြည်သူပိုင် ဧရိယာထဲမှာ ပါနေတာပဲ...။"
"နောက်ဆုံးအနေနဲ့ ညွှန်ကြားရေးမှူးတန်က နောက်ကျရင် ခင်ဗျားတို့ အဆောက်အအုံထဲမှာ ဝှက်ထားတဲ့ ကင်မရာတွေ အားလုံးရဲ့ စောင့်ကြည့်မှတ်တမ်း ဗီဒီယိုတွေပါတဲ့ သိမ်းဆည်းရေး ကိရိယာတွေကို လူလွှတ်ပြီး သိမ်းယူခိုင်းလိမ့်မယ်...။"
"အထဲက အကြောင်းအရာတွေကို ကျွန်တော်တို့ တစ်ခုချင်းစီ စုံစမ်းစစ်ဆေးသွားမှာဖြစ်ပြီး ခင်ဗျားတို့ ရှီမိသားစု လုပ်ခဲ့တဲ့ ဘယ်လိုဆိုးယုတ်တဲ့ လုပ်ရပ်မျိုးကိုမဆို အပြစ်ပေးမခံရဘဲ လွတ်မြောက်ခွင့် ပြုမှာမဟုတ်ဘူး...။"
"သက်သေ အထောက်အထားတွေကို ဖျက်ဆီးပစ်ဖို့ စောင့်ကြည့်ရေးအခန်းကို အကြောင်းကြားဖို့ ဘယ်တော့မှ မစဉ်းစားနဲ့...။ လှိုင်းဖြတ်စက်က အချက်ပြလှိုင်း အားလုံးကို ပိတ်ဆို့ထားလို့ ခင်ဗျားတို့ ကိုယ်တိုင်လည်း ဘာသတင်းအချက်အလက်မှ အပြင်ကို ပို့လို့ရမှာ မဟုတ်ဘူး...။"
"ပြီးတော့ ဒီအခန်းထဲမှာ ရှိနေတဲ့ ခင်ဗျားတို့တွေလည်း အခုချိန်မှာ အပြင်ထွက်ဖို့ ဘယ်တော့မှ မစဉ်းစားကြနဲ့...။ ကိစ္စတွေ အားလုံး ငြိမ်သက်သွားမှ အရာအားလုံးကို ရှင်းလင်းကြတာပေါ့...။"