အခန်း ၂၀၀
Vol. 20 Ch. 200
အခန်း (၂၀၀)
ရှီမိသားစု၏ ပျက်သုဉ်းခြင်း
ရှီမိသားစု၏ စောင့်ကြည့်ကင်မရာ မှတ်တမ်းများတွင် ၎င်းတို့၏ ပြစ်မှုများနှင့် ပတ်သက်သော သက်သေ အထောက်အထားများ လုံးဝ ရှိမနေသည်မှာ သဘာဝပင် ဖြစ်သည်။ ယခင်က ရှိခဲ့လျှင်ပင် အားလုံးကို ဖျက်ပစ်ပြီးလောက်ပြီ ဖြစ်လေသည်။
ထို့ကြောင့် တန်ကော်ဟွာက လူလွှတ်၍ စစ်ဆေးခိုင်းသောအခါ ရှီကျန့်မှာ အထိတ်တလန့်ဖြစ်နေပုံ မရဘဲ ရယ်ပင်ရယ်ချင်နေသေးဟန် ရှိလေသည်။
"ငါ အရင်ကတည်းက ပြောခဲ့ပြီးသားပဲလေ ငါတို့ ရှီမိသားစုက အလုပ်တစ်ခုကို လုပ်ရင် အမြဲတမ်း မှန်မှန် ကန်ကန်နဲ့ ရိုးရိုးသားသားပဲ လုပ်ကြတာဆိုတော့ ဘယ်လိုလုပ် အပြစ်ဖြစ်စေမယ့် သက်သေတွေ ရှိနေနိုင် မှာလဲ...။"
ထို့နောက် ရှီကျန့်က လျန်ထျန်းဘက်သို့ လှည့်ကြည့်လာပြီး အံကြိတ်ကာ ခက်ထန်သော လေသံဖြင့် ပြော လိုက်လေသည်။
"ဥက္ကဋ္ဌလျန်…၊ မင်းက ဒီနေ့ ငါတို့ ပြောခဲ့တဲ့ စကားတွေလောက်နဲ့တော့ ငါ့ကို ဖြုတ်ချနိုင်မှာ မဟုတ်ဘူး…။ ဒါပေမဲ့ မင်းက ငါ့ဒေါသကိုတော့ အောင်အောင်မြင်မြင် ဆွပေးလိုက်နိုင်တယ်...။"
"မှတ်ထားပါ….၊ မင်းက ဒီတစ်ကြိမ်မှာ ငါ့ကို အနိုင်မယူနိုင်ခဲ့ဘူး…။ နောက်တစ်ကြိမ် ငါတို့ ပြန်တွေ့တဲ့အခါ ငါက ငါးစားမယ်…၊ ပြီးတော့ မင်းက ဒုက္ခအကြီးအကျယ် ရောက်ရလိမ့်မယ်...။"
ယနေ့တွင် လျန်ထျန်းမှာ အလွန်အကျွံ လုပ်ဆောင်ခဲ့ပြီဖြစ်၍ နှစ်ဖက်စလုံးမှာ ဆက်ဆံရေး အပြတ်အသတ် ပျက်ပြား သွားခဲ့ပြီဖြစ်ကာ ပြန်လည်ပြေလည်နိုင်ရန် လမ်းစမရှိတော့ပေ။
အခြားတစ်နည်းဆိုရသော် ဤတစ်ကြိမ်တွင် ရှီမိသားစုကို မရှင်းလင်းနိုင်ပါက နောက်တစ်ကြိမ်တွင် ရှီမိသားစု ဘက်မှ အင်အားကုန်သုံး၍ လျန်ထျန်းကို ပြန်လည် ရှင်းလင်းပေလိမ့်မည်။
ရှီကျန့်၏ ရက်စက်ကြမ်းကြုတ်မှုအပေါ် သံသယဖြစ်ဖွယ် မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူသည် လူငယ်ဘဝ က ဆယ်နှစ်တိုင်တိုင် ငါးရောင်းခဲ့သူဖြစ်ပြီး သူ၏ နှလုံးသားမှာ ငါးခုတ်သည့် ဓားကဲ့သို့ အေးစက်နေသော ကြောင့်ပင် ဖြစ်လေသည်။
သို့သော် ရှီကျန့်၏ ခြိမ်းခြောက်မှုရှေ့တွင် လျန်ထျန်းမှာ တည်ငြိမ်စွာ ပခုံးတွန့်လိုက်ပြီး ပြန်လည် ဖြေလိုက် လေသည်။
"မစ္စတာရှီ အရမ်းကြီး ကြိုမပြောပါနဲ့အုန်း….။ ခင်ဗျားကိုယ်ခင်ဗျား အရူးလုပ်သလို ဖြစ်သွားနိုင်တယ်…၊ ခင်ဗျား က ငါးစားချင်ရင်တောင် နောက်တစ်ကြိမ်အထိ စောင့်ရဦးမှာ မဟုတ်လား...။"
"ဒါပေမဲ့ ခင်ဗျား အဲ့ဒီလောက်ထိ စောင့်နိုင်မယ် မထင်ဘူး…။ ဘာလို့လဲဆိုတော့ ခေတ်တွေက ပြောင်းသွားပြီ ကမ္ဘာကြီးကလည်း တိုးတက်လာပြီလေ…၊ အရင်က မဖြစ်နိုင်ခဲ့တဲ့ အရာတွေက အခုအခါမှာ လုပ်လို့ရနေပြီ...။"
"ဒါကြောင့် ခင်ဗျား လုံခြုံလှပြီလို့ ထင်ထားတဲ့ အရာတွေက ယခုအခါမှာ ဟာကွက်တွေ ပြည့်နှက်နေလောက်ပြီ ငါတို့ဆီက ကျွမ်းကျင်သူတွေမှာ အရည်အချင်းတွေ ရှိပြီးသားမို့ သူတို့ မကြာခင် အကုန်လုံးကို ရှာတွေ့နိုင်လိမ့် မယ်လို့ ငါ ယုံကြည်တယ်...။"
ထိုစကားကို ကြားသောအခါ ရှီကျန့်က ဘာမှ မပြောသော်လည်း သူ၏ နောက်ကွယ်ရှိ စတုတ္ထမြောက်သား ဖြစ်သူ ရှီစီက ရုတ်တရက် အသံထွက်၍ ရယ်မောလိုက်လေသည်။
"ဘာကျွမ်းကျင်သူတွေလဲ…၊ ဘာကျွမ်းကျင်မှုတွေလဲ….၊ မင်းတို့ဆီမှာပဲ ရှိပြီး ငါတို့ဆီမှာ မရှိဘူးလို့ ထင်နေတာ လား…။ ငါ ပြောပြမယ် ရှီမိသားစုကို ထိခိုက်စေနိုင်တဲ့ အဲ့အရာတွေက...။"
စကားတစ်ဝက်၌ပင် ရှီစီသည် ဖခင်ဖြစ်သူ၏ စူးရှသော အကြည့်များက သူ့ထံသို့ ရောက်ရှိလာသည်ကို ရုတ် တရက် သတိပြုမိလိုက်လေသည်။ သူ လန့်သွားပြီး စကားကို အမြန် ပြောင်းပြောလိုက်လေသည်။
"ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒါတွေက အရေးမကြီးတဲ့ အရာတွေပါ အကုန်လုံးကို ဖျက်ပစ်လိုက်တာ ကြာလှပြီ…။ မင်းက အဆင့်မြင့် ဖော်မတ်ချတာကို နားလည်လို့လား…၊ ဒေတာတွေကို အပေါ်ကနေ ထပ်ရေးပြီး ရှင်းထုတ်ပစ် တာကိုရော နားလည်လို့လား...။"
"အဲ့ဒါက စက္ကူတစ်ရွက်ကို ပြာကျအောင် မီးရှို့ပစ်လိုက်သလိုမျိုးပဲ…၊ မီးမရှို့ခင်က စာတွေကို မင်းက ဖတ်လို့ ရဦးမှာမို့လို့လား..၊ ငါ့ကို လာနောက်နေတာလား...။"
"တကယ်လို့သာ မင်း တကယ် လုပ်နိုင်တယ်ဆိုရင် ငါ ဒူးထောက်ပြီး မင်းကို အဖေလို့တောင် ခေါ်လိုက်ဦးမယ်... ။"
ရှီစီ စကားပြော၍ မဆုံးမီမှာပင် လျန်ထျန်းက ရုတ်တရက် ဝင်ပြောလိုက်လေသည်။
"အို...၊ ငါ့သားလိမ္မာလေး...။"
ရှီစီမှာ အစပိုင်းတွင် မှင်တက်သွားသော်လည်း အခွင့်အရေး ယူခံလိုက်ရကြောင်း သဘောပေါက်သွားကာ ချက်ချင်းပင် ဒေါသထွက်သွားတော့သည်။
"မင်း..."
သို့သော် သူ စကားမဆုံးမီမှာပင် ဖခင်ဖြစ်သူ၏ စူးရှသော အကြည့်များကို ထပ်မံ ခံစားလိုက်ရပြန်သဖြင့် ရှီမိသားစု၏ စတုတ္ထမြောက် သခင်လေးမှာ ချက်ချင်း ပါးစပ်ပိတ်သွားပြီး အသံပင် မထွက်ရဲတော့ပေ။
မိုက်မဲလှသော သားဖြစ်သူကို ကူကယ်ရာမဲ့စွာ စိုက်ကြည့်ပြီးနောက် ရှီကျန့်သည် လျန်ထျန်းဘက်သို့ ပြန်လှည့် ကာ စကားလုံးများကို တစ်လုံးချင်းစီ ပြောလိုက်လေသည်။
"မစ္စတာလျန် မင်းက စီးပွားရေးသမားတစ်ယောက်နဲ့ မတူဘူး…။ ဘာလို့လဲဆိုတော့ ဘယ်စီးပွားရေးမှ ဒီလိုမျိုး အလုပ်မလုပ်ဘူးလေ မင်းက စည်းကမ်းအတိုင်း မကစားဘူး...။"
"ဒါပေမဲ့ ငါ ပြောရဦးမယ်….၊ မင်းရဲ့ ငယ်ရွယ်မှုကြောင့်ဖြစ်တဲ့ မာနထောင်လွှားမှုတွေအတွက် အနှေးနဲ့အမြန် မင်း နောင်တရလိမ့်မယ်…။ ပြီးတော့ ကြီးလေးတဲ့ တန်ဖိုးတစ်ခုကို အနှေးနဲ့အမြန် ပေးဆပ်ရလိမ့်မယ်...။"
ရှီကျန့် ယုံကြည်မှု အပြည့်ရှိနေသည်ကို မြင်သောအခါ ရှီမိသားစုဝင်များမှာလည်း ကြောက်ရွံ့မှု ကင်းမဲ့သွားကာ အဆက်မပြတ် စတင် ပြောဆိုလာကြတော့သည်။
အချုပ်အားဖြင့် ဆိုရသော် ထိုစကားများ အားလုံးမှာ လျန်ထျန်းအား ပွင့်လင်းစွာ တစ်မျိုး၊ သွယ်ဝိုက်၍ တစ်ဖုံ ခြိမ်းခြောက်နေခြင်းများသာ ဖြစ်လေသည်။
အဆုံးစွန်၌ ၎င်းတို့ ဤမျှလောက် ယုံကြည်မှု ရှိနေရဲခြင်း၏ အကြောင်းရင်းမှာ ရဲများအနေဖြင့် ၎င်းတို့နှင့် ပတ် သက်သော သက်သေအထောက်အထားများ ရှာတွေ့နိုင်မည် မဟုတ်ဟု ယုံကြည်နေသောကြောင့်ပင် ဖြစ်လေ သည်။
သက်သေအထောက်အထား မရှိပါက ယနေ့ လျန်ထျန်းနှင့် သူတို့ ပြောခဲ့သော စကားများမှာ မည်သည့်အရာကိုမျှ သက်သေမပြနိုင်သည့်အပြင် ရဲများကလည်း ၎င်းတို့ကို မည်သို့မျှ အရေးယူနိုင်မည် မဟုတ်ပေ။
သို့သော် သူတို့၏ အော်ဟစ်သံများ ပို၍ ကျယ်လောင်လာချိန်တွင် စေလွှတ်ထားသော ရဲအရာရှိများက စက် ပစ္စည်းအချို့ကို သယ်ဆောင်ကာ ပြန်လည် ရောက်ရှိလာကြလေသည်။
"ညွှန်ကြားရေးမှူးတန် ကျွန်တော်တို့ နောက်ဆုံးပေါ် ဒေတာ ပြန်လည်ရယူရေး စနစ်ကို သုံးပြီး ရှီမိသားစုရဲ့ ပြစ်မှု တွေနဲ့ ပတ်သက်တဲ့ သက်သေအထောက်အထား အများကြီးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်...။"
ဤအစီရင်ခံစာကို ကြားသောအခါ တန်ကော်ဟွာသည် စက်ပစ္စည်းပေါ်တွင် ပြသထားသည်များကို ဦးစွာ ကြည့်ရှု လိုက်ပြီးနောက် လျန်ထျန်းကို ပြုံးရွှင်စွာ ကြည့်လိုက်လေသည်။
"မင်းရဲ့ ရင်းနှီးမြှုပ်နှံမှုတွေက တကယ်ကို အကျိုးအမြတ် ပြန်ရနေပြီပဲ…။ ဒါတွေက အမှုစစ်ဆေးရာမှာ အလုပ် တွင်ကျယ်မှုကို အများကြီး မြှင့်တင်ပေးနိုင်လို့ ငါတို့ ရဲအရာရှိတွေအတွက်တော့ တကယ်ကို ကောင်းတဲ့အရာ ပဲ...။"
"လာ...၊ လာကြည့်လိုက်စမ်း…။ ပြန်ရလာတဲ့ အချက်အလက်တွေက အရမ်းကို ပြည့်စုံတယ်…။ အခြေခံအား ဖြင့် အားလုံးကို ချပြထားသလိုပဲ…၊ ဟားဟားဟား...။"
လျန်ထျန်းက စစ်ဆေးကြည့်ရှုပြီးနောက် ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး သက်ပြင်းချကာ ပြောလိုက်လေသည်။
"လွန်ခဲ့တဲ့ နှစ်က ယွမ်သောင်းချီပြီး လုပ်ခဲ့တဲ့ ငါ့ရဲ့ ရင်းနှီးမြှုပ်နှံမှုက အချည်းနှီး မဖြစ်ခဲ့ပါဘူး…။ အရမ်းကောင်း ပါတယ် နောင်မှာလည်း နိုင်ငံ့စီမံကိန်းတွေကို အတတ်နိုင်ဆုံး ထောက်ပံ့ပေးသွားမှာပါ...။"
လျန်ထျန်းနှင့် တန်ကော်ဟွာတို့၏ စကားကို ကြားပြီးနောက် ရှီမိသားစုဝင်များမှာ အနည်းငယ် စိုးရိမ်ပူပန်လာကြ လေသည်။
သို့သော် ရှီစီက မယုံကြည်သေးဘဲ အေးစက်စွာ နှာခေါင်းရှုံ့လိုက်လေသည်။
"ယွမ်သောင်းချီတဲ့ ရင်းနှီးမြှုပ်နှံမှု ဟုတ်လား…။ မင်းက ဘယ်သူ့ကို လိမ်ချင်နေတာလဲ…၊ မင်းရဲ့ ကုမ္ပဏီလေးက ယွမ်သောင်းချီတောင် မတန်ပါဘူး…။ မင်းက အစားအသောက်ပို့ပြီး အဲ့ဒီပိုက်ဆံတွေကို ရှာခဲ့တယ်လို့ ပြောချင် နေတာလား...။"
"ဒီလို လှည့်ကွက်လေးတွေနဲ့ ငါတို့ကို လာလှည့်စားဖို့ မကြိုးစားပါနဲ့ ငါတို့ အရင်ကတည်းက ပြောခဲ့ပြီးပြီလေ..။ အဲ့ဒီလို နည်းပညာမျိုး ရှိနိုင်စရာ အကြောင်းမရှိဘူးလို့ အကယ်၍သာ တကယ်ရှိခဲ့မယ်ဆိုရင် မင်းကို ငါက...။"
ရှီစီသည် ယခင်က လျန်ထျန်း၏ အခွင့်အရေးယူခံလိုက်ရမှုနှင့် ဖခင်ဖြစ်သူ၏ ပြင်းထန်သော စိုက်ကြည့်မှုကို သတိရသွားကာ စကားတစ်ဝက်၌ပင် ရုတ်တရက် ရပ်တန့်သွားလေသည်။
ထို့နောက် သူက အသံကို အနည်းငယ် နှိမ့်လိုက်သော်လည်း သူ၏ လေသံထဲရှိ နာကြည်းချက်များမှာမူ ပြောင်း လဲမသွားပေ။
"အတိုချုပ်ပြောရရင် မင်း ဘာလုပ်မလဲဆိုတာ ငါ သိပြီးသားပါ…။ မင်းက တစ်ခုခုကို ရှာတွေ့သွားသယောင် ဟန်ဆောင်ပြီး ငါတို့ကို စကားမှားအောင် လှည့်စားချင်နေတာ မဟုတ်လား...။"
"ဒါဆိုရင် ငါ အခုချက်ချင်း ပြောလိုက်မယ် အဲ့ဒီလိုတော့ အိပ်မက်တောင် မမက်ပါနဲ့…။ ငါတို့ ရှီမိသားစုက အက်စ်မြို့တော်မှာ နှစ်ပေါင်းများစွာ ရပ်တည်လာခဲ့တာ…။ ဒီအရာလောက်ကိုမှ နားမလည်ရင် အချိန်တွေ အလကား ဖြုန်းတီးပစ်ရာ ကျမနေဘူးလား...။"
"ငါ နောက်ဆုံးအနေနဲ့ ပြောလိုက်မယ်…၊ ငါတို့က မင်းတို့ကို ဉာဏ်ကောင်းတဲ့လူတွေလို့ မှတ်ယူထားတယ်…။ ဒါကြောင့် ငါတို့ကို အရူးတွေလို မဆက်ဆံပါနဲ့...။"
ရှီကျန့်၏ မျက်နှာအမူအရာအရ သူသည် ဤတစ်ကြိမ် သူ၏ စတုတ္ထမြောက်သားဖြစ်သူ၏ လုပ်ဆောင်ချက် အပေါ် အတော်လေး ကျေနပ်နေပုံရလေသည်။
သူက ဘာမှ မပြောသော်လည်း သူ၏ တည်ငြိမ်သော အမူအရာက ရှီစီကဲ့သို့ပင် လျန်ထျန်းနှင့် တန်ကော်ဟွာတို့ သည် လှည့်ကွက်တစ်ခုကို အသုံးပြုနေသည်ဟု ထင်မြင်နေကြောင်း ပြသနေလေသည်။
ရှီမိသားစုမှာ ဤကဲ့သို့သော အခြေအနေမျိုးကို ရင်ဆိုင်ဖြေရှင်းရန် အတော်လေး ရင်းနှီးကျွမ်းဝင်ပြီး ဖြစ်လေ သည်။ ၎င်းတို့က ဘာမျှ မပြောသရွေ့ သို့မဟုတ် ဝန်မခံသရွေ့ အခြားသူများက ၎င်းတို့ကို မည်သို့မျှ လုပ်နိုင်မည် မဟုတ်ပေ။
သို့သော် သူတို့ ထိုသို့ တွေးနေချိန်မှာပင် လျန်ထျန်းနှင့် တန်ကော်ဟွာတို့က ရယ်မောလိုက်ကြပြီး စက်ပစ္စည်းကို လှည့်ကာ အတွင်း၌ ပါရှိသည့် အရာများကို ၎င်းတို့အား ပြသလိုက်လေသည်။
မျက်နှာပြင်ပေါ်တွင် စောင့်ကြည့်ကင်မရာ ဗီဒီယိုများ ရှိနေပြီး အသံပမာဏမှာ ကျယ်လောင်ကာ ဗီဒီယိုထဲမှ စကားပြောသံများကို ရှင်းလင်းစွာ ကြားနေရလေသည်။
ထိုဗီဒီယိုများကို မြင်လိုက်ရသောအခါ ရှီမိသားစုဝင် အားလုံး၏ အမူအရာများမှာ ချက်ချင်းပင် ပြောင်းလဲသွား တော့သည်။
ရှီစီမှာ ခြေတစ်ဝက်ခန့် ဆုတ်လိုက်ပြီးနောက် ယိုင်လဲကာ မြေကြီးပေါ်သို့ လဲကျသွားသော်လည်း သူ၏ မျက်လုံး များကမူ စက်ပစ္စည်း၏ မျက်နှာပြင်ပေါ်တွင် စူးစိုက်နေဆဲဖြစ်ကာ မယုံကြည်နိုင်စွာဖြင့် ရေရွတ်နေလေသည်။
"ဒါ...၊ ဒါက မဖြစ်နိုင်ဘူး…။ ငါတို့...၊ ငါတို့က အကုန်လုံးကို အပြတ်ရှင်းပစ်ဖို့ အားလုံးကို ရှင်းရှင်းလင်းလင်း အမိန့်ပေးခဲ့ပြီးသားပဲလေ…။ ဘာဖြစ်လို့ ရှိနေသေးတာလဲ...။"
ထိုအချိန်တွင် လျန်ထျန်းက စကားပြောလာလေသည်။
"ငါ မင်းကို အရင်ကတည်းက ပြောခဲ့ပြီးပြီလေ…။ အခုအချိန်မှာ အရာရာက ကွာခြားသွားပြီ အရင်က မဖြစ်နိုင် ခဲ့တဲ့ အရာတွေက အခုအခါမှာ လုပ်လို့ရနေပြီ...။"
"ဒါ့အပြင်…၊ ငါက ဒီစီမံကိန်းမှာ ရင်းနှီးမြှုပ်နှံထားသူဖြစ်လို့ အခြေအနေတွေကို အတော်လေး ရှင်းရှင်းလင်းလင်း သိနေတာပေါ့…။ အဲ့ဒီလိုမှ မဟုတ်ရင် ငါက ဘာဖြစ်လို့ ဒီနေ့ ဒီနေရာကို အသက်စွန့်ပြီး လာရမှာလဲ...။"
"ငြင်းဆိုလို့မရတဲ့ သက်သေအထောက်အထားတွေ ရှေ့မှာ မင်း ဘာပြောချင်သေးလဲ…။ ဪ...၊ စကားမစပ် ငါတို့ မစ္စတာရှီကိုရော နောက်တစ်ကြိမ် ငါးစားချင်သေးလားလို့ မေးရဦးမှာပဲ...။"
ထိုစကားကို ကြားသောအခါ တည်ငြိမ်အောင် ကြိုးစားနေခဲ့သော ရှီကျန့်မှာ ဟန်ဆောင်မှုကို ဆက်လက် မထိန်း ထားနိုင်တော့ပေ။ သူ၏ ပခုံးများမှာ တုန်ရီလာပြီး မြေကြီးပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားရလေသည်။
ကံကောင်းထောက်မစွာဖြင့် သူ၏ အခြေအနေမှာ ရှီစီထက် အများကြီး ပိုကောင်းမွန်ခဲ့ပြီး ရှီမိသားစုဝင်များက သူ့ကို အချိန်မီ တွဲထူပေးခဲ့ကြလေသည်။
သို့သော် ရှီမိသားစုဝင်များက သူ့ကို မျှော်လင့်ချက် မျက်လုံးများဖြင့် ထပ်မံ ကြည့်လိုက်ကြသောအခါ ရှီမိသားစု ၏ ဤမဏ္ဍိုင်ကြီးမှာ ကျိုးပဲ့သွားခဲ့ပြီဖြစ်ပြီး ၎င်းတို့ကို မျှော်လင့်ချက် မပေးနိုင်တော့ပေ။
ငြင်းဆို၍ မရသော သက်သေအထောက်အထားများရှေ့တွင် ရှီမိသားစုဝင်များမှာ တစ်ဦးပြီးတစ်ဦး လက်ထိပ် ခတ်ခံရကာ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံလိုက်ရလေသည်။
အက်စ်မြို့တော် ရဲဌာနချုပ်မှ ဒုတိယညွှန်ကြားရေးမှူး ယဲ့မုချွန်းပင် ချွင်းချက် မဟုတ်ခဲ့ပေ။ ရှီမိသားစု၏ စံအိမ် ကြီးထဲတွင် သူ ကျူးလွန်ခဲ့သော ဆိုးသွမ်းမှုများမှာ ရှီမိသားစုဝင်များထက် မလျော့နည်းခဲ့ပေ။
ဤစံအိမ်ကြီးမှာ တစ်ချိန်က ရှီမိသားစု ဖန်တီးထားသော 'ရှန်ဂရီလာ' နှင့် 'ဥပဒေကင်းမဲ့ဇုန်' တစ်ခု ဖြစ်ခဲ့လေ သည်။
၎င်းတို့၏ မိသားစု ချမ်းသာကြွယ်ဝမှုနှင့် အာဏာကို အားကိုးကာ ၎င်းတို့သည် ဖော်ထုတ်ခံရမည်ကို ပူပန်စရာ မလိုဘဲ ဤနေရာတွင် သူတို့ လိုချင်သမျှ အားလုံးနီးပါးကို လုပ်ဆောင်နိုင်ကြလေသည်။
စံအိမ်ကြီး တစ်ခုလုံးတွင် တိတ်တဆိတ် ကင်မရာများ တပ်ဆင်ထားရသည့် အကြောင်းရင်းမှာ ၎င်းသည် ရှီမိသားစု၏ လွှမ်းမိုးမှုကို ချဲ့ထွင်ရန် နည်းလမ်းတစ်ခုလည်း ဖြစ်နေသောကြောင့်ပင်။
၎င်းတို့က ချမ်းသာသော စီးပွားရေးသမားများနှင့် အရာရှိများကို စံအိမ်ကြီးသို့ ဖျော်ဖြေရေးအတွက် ဖိတ်ခေါ်ကာ ၎င်းတို့ကို ဆန့်ကျင်နိုင်မည့် သက်သေအထောက်အထားများ ချန်ထားခဲ့ပြီး မိမိတို့အတွက် ထိခိုက်နစ်နာစေမည့် ပုံရိပ်များကိုမူ လွယ်ကူစွာ ဖျက်ပစ်နိုင်ကြလေသည်။
ဖြစ်နိုင်သည်မှာ သူတို့သည် ကိုယ်ပိုင် အင်အားကို အလွန်အကျွံ ယုံကြည်နေခဲ့ကြပြီး တစ်နေ့တွင် ဤနေရာသည် ၎င်းတို့၏ နောက်ဆုံး နားခိုရာ နေရာ ဖြစ်လာလိမ့်မည်ဟု ဘယ်သောအခါမှ တွေးထင်မထားခဲ့ကြပေ...။
ရှီမိသားစု ပျက်သုဉ်းသွားခြင်းသည်လည်း လျန်ထျန်းထံမှ တန်ကော်ဟွာအတွက် ကြီးမားသော လက်ဆောင်ကြီး တစ်ခု ဖြစ်လာခဲ့လေသည်။
ညွှန်ကြားရေးမှူးတန်သည် ရာထူးတိုးကာ အက်စ်မြို့တော်သို့ ပြောင်းရွှေ့လာခါစဖြစ်ပြီး ချမ်းသာသော စီးပွားရေး သမားများနှင့် အရာရှိများစွာတို့ ရှီမိသားစုနှင့် မသင့်လျော်သော ဆက်ဆံရေးများ ရှိနေကြောင်းကို ရှာဖွေတွေ့ရှိခဲ့ လေသည်။
ဤအရာကို အစီရင်ခံတင်ပြလိုက်သည်နှင့် အက်စ်မြို့တော် တစ်ခုလုံးကို တုန်လှုပ်သွားစေမည့် ကြီးမားသော ငလျင် ကြီးတစ်ခု သေချာပေါက် ဖြစ်လာပေလိမ့်မည်။
ဤဖြစ်ရပ်၏ နောက်ဆက်တွဲ ဂယက်ရိုက်ခတ်မှုများက အက်စ်မြို့တော်ရှိ စီးပွားရေးနှင့် နိုင်ငံရေး အခင်းအကျင်း နှစ်ခုစလုံးကို ရှောင်လွှဲ၍မရစွာ အကြီးအကျယ် အပြောင်းအလဲများ ဖြစ်ပေါ်လာစေလိမ့်မည် ဖြစ်သည်။
တန်ကော်ဟွာသည်လည်း ဤအခွင့်အရေးကို အသုံးချကာ အက်စ်မြို့တော်တွင် သူ၏ နေရာကို လျင်မြန်စွာ အခိုင်အမာ တည်ဆောက်နိုင်ပေလိမ့်မည်။
မှန်ပေသည်။ တန်ကော်ဟွာ၏ တရားဝင် ရာထူးနေရာအရ သူ မည်မျှပင် ဩဇာအာဏာ ရှိနေပါစေ၊ ဒေသခံများ က သူ၏ ရာထူးအသစ်အပေါ် အပေါ်ယံသာ အညံ့ခံကြသည်မှာ သာမန်သာ ဖြစ်လေသည်။
အထက်လူကြီးများကို လှည့်စားခြင်းနှင့် အမှန်တရားကို ဖုံးကွယ်ခြင်းတွင် မည်သူက အတော်ဆုံး ဖြစ်နိုင် ကြောင်းကို အသေးစိတ် ရှင်းပြနေရန် လိုပါသေးသလော။
သို့သော် အကြီးမားဆုံး လက်ဆောင်မှာမူ လျန်ထျန်းက ဟယ်ရှန့်ကုမ္ပဏီကို ပေးခဲ့သော လက်ဆောင်ပင် ဖြစ်လေသည်။
ရှီမိသားစု ကျဆုံးသွားပြီး လျန်ထျန်းတွင်လည်း တန်ကော်ဟွာနှင့် ဆက်ဆံရေး ရှိနေသောကြောင့် ဟယ်ရှန့် ကုမ္ပဏီအနေဖြင့် အက်စ်မြို့တော်သို့ ဝင်ရောက်ကာ ရှီမိသားစု၏ စီးပွားရေးလုပ်ငန်းများကို လွှဲပြောင်းရယူရန်မှာ အချိန်ပိုင်းသာ လိုတော့သည် မဟုတ်ပါလား။
ဟယ်ရှန့်ကုမ္ပဏီက ရှီမိသားစု၏ စီးပွားရေးလုပ်ငန်းများကို လွှဲပြောင်းရယူပြီးသည်နှင့် လုပ်ငန်းနယ်ပယ်တွင် ခေါင်းဆောင်တစ်ဦး ဖြစ်လာရန်မှာလည်း အချိန်ပိုင်းသာ လိုတော့ပေမည်။
နောက်ဆုံးတွင် စီးပွားရေးလုပ်ငန်းများ အောင်မြင်လာသောအခါ 'ယူနီကွန်း' ကုမ္ပဏီတစ်ခုမှာလည်း သဘာဝ ကျကျ ပေါ်ထွက်လာပေလိမ့်မည်။
သို့သော် ဟယ်ရှန့်မှာ ဤရက်ရောလှသော လက်ဆောင်အတွက် များစွာ ဝမ်းသာနေပုံ မရပေ။
ဖြစ်နိုင်သည်မှာ သူမသည် စောစောက ဖြစ်ပျက်ခဲ့သည့် ကိစ္စများကြောင့် တုန်လှုပ်နေဆဲ ဖြစ်နိုင်သည်။
လျန်ထျန်းက သူမကို စားသောက်ဆိုင်သို့ ခေါ်သွားသောအခါ ဟင်းပွဲများ အားလုံး ချပေးပြီးနောက်၌ပင် သူမ သည် တူကို ကိုင်ကာ အတွေးလွန်နေပြီး အချိန်ကြာမြင့်စွာ သတိမဝင်နိုင်သေးဘဲ ထိုနေရာတွင် ထိုင်နေဆဲ ဖြစ်လေသည်။
သူမကို ဤကဲ့သို့ မြင်သောအခါ လျန်ထျန်းက နောက်ပြောင်လိုက်လေသည်။
"မင်း ဗိုက်မဆာဘူးလား…။ အနည်းဆုံးတော့ ငါ အဲ့ဒီမှာ ဂဏန်းတစ်ကောင် စားခဲ့ရသေးတယ်…၊ မင်းကတော့ တစ်ညလုံး ဘာမှ မစားရသေးဘူး…၊ ဝိတ်ချနေတာလား...။"
"ငါ့ကို မေးရင်တော့ မင်းရဲ့ လက်ရှိ ခန္ဓာကိုယ်နဲ့ဆိုရင် ဝိတ်ချဖို့ တကယ် မလိုတော့ပါဘူး…။ ဒီထက် ပိုပိန်သွားရင် ကြည့်ကောင်းမှာ မဟုတ်တော့ဘူး...။"
"ယောကျာ်းတွေရဲ့ အမြင်မှာ နည်းနည်းလေး ပြည့်ပြည့်လေး ဖြစ်နေတာကမှ စံပြဆိုတာ မင်း မသိဘူးလား..။ ဒါကြောင့် မင်း ပိုစားသင့်တယ်...။"
ပြောရင်းနှင့် လျန်ထျန်းသည် သူမအတွက် အသားတုံးကြီး တစ်တုံးကို ခပ်ယူကာ ပန်းကန်ထဲသို့ ထည့်ပေးလိုက် လေသည်။
ထိုအခါမှသာ ဟယ်ရှန့်သည် သတိဝင်လာသော်လည်း ပန်းကန်ထဲရှိ အသားကို ကြည့်ကာ မစားသေးပေ။ သူမ သည် အောက်နှုတ်ခမ်းကို ညင်သာစွာ ကိုက်လိုက်ပြီး စကားတစ်ခွန်း မေးလိုက်လေသည်။
"ငါတို့က...၊ အရမ်း ရက်စက်လွန်းသွားလား…။ သူတို့က လူဆိုးတွေဆိုပေမဲ့ ဒီနေ့ ငါတို့ လုပ်ခဲ့တာတွေက လူကောင်းတစ်ယောက် လုပ်မယ့် အရာမျိုးနဲ့ မတူဘူးနော်...။"
ထိုစကားကို ကြားသောအခါ လျန်ထျန်းမှာ စက္ကန့်အနည်းငယ်ခန့် ရပ်တန့်သွားပြီးနောက် အသံထွက်၍ ရယ်မောလိုက်လေသည်။
"အဲ့ဒါက သူတို့ တခြားသူတွေအပေါ် ဘယ်လောက် ရက်စက်သလဲဆိုတာ မင်း မမြင်ဖူးလို့ပါ…။ ကိုယ့်ရန်သူ တွေအပေါ် ကိုယ်က မရက်စက်ရင် သူတို့က ကိုယ့်အပေါ် ပြန်ရက်စက်လာမယ့်အချိန်ကို စောင့်နေရုံပဲ ရှိတာ ပေါ့...။"
"ဒါ့အပြင် လူယုတ်မာတွေကို ဆုံးမဖို့ဆိုရင် ယုတ်မာတဲ့ နည်းလမ်းတွေ လိုအပ်တယ်လေ…။ အဲ့ဒီလိုမှ မဟုတ်ဘဲ မင်းက ဥပဒေ စည်းမျဉ်းစည်းကမ်းတွေကိုပဲ အမြဲတမ်း ဖက်တွယ်ထားရင် မင်း တစ်သက်လုံး လူဆိုးတွေကို ဘယ်တော့မှ အနိုင်ယူနိုင်မှာ မဟုတ်တော့ဘူး...။"