အခန်း (၂၃၅-၂၃၆)
Vol. 17 Ch. 235-236
အပိုင်း(၂၃၅)
ကပ်ဆီးယပ်စ်သည် မီးခိုးငွေ့များကြားမှ မျှော်စင်ကြီးဆီသို့ မော့ကြည့်လိုက်၏။ ထိုစဉ် တစ်စုံတစ်ခုက သူ၏ နဖူးကို မြင်းတစ်ကောင် ကန်ကျောက်လိုက်သည့် အင်အားမျိုးဖြင့် ဝင်ရောက် ရိုက်ခတ်သွားခဲ့သည်။
သူသည် နောက်သို့ လန်ထွက်သွားပြီး သူ၏ အဟုန်သည် သူ့ကို ပြန်လည် တိုက်ခိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။ နှစ်ပေါင်းများစွာ လေ့ကျင့်ထားမှုများကြောင့်သာ သူ ယိမ်းယိုင်စွာဖြင့် မတ်တတ် ပြန်ရပ်နိုင်ခဲ့ခြင်း ဖြစ်လေသည်။
သူ၏ မျက်လုံးများထဲ၌ သွေးများ ဝင်နေခဲ့၏။
သူသည် ဓားကို မည်သည့်အချိန်က ဆွဲထုတ်လိုက်မိမှန်း မမှတ်မိသော်လည်း လက်ထဲ၌မူ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်သည်။ အဝါရောင် အရိုးမျှော်စင်ကြီးက သူ၏ မြင်ကွင်းထဲ၌ ပြည့်နှက်နေခဲ့သည်။ ယခုအခါ ပို၍ နီးကပ်လာသော်လည်း အလွန် ဝေးကွာနေဆဲပင် ဖြစ်၏။
ကျင်း ကလန် မှ အဆင့်မြင့် ရွှေအဆင့် သုံးဦးသည် သူ့ထံသို့ ချဉ်းကပ်လာကြသည်။ သူတို့၏ လှံများမှာ သွေးများဖြင့် စိုရွှဲနေပြီး မျက်နှာများမှာလည်း တင်းမာနေကြ၏။ အနီးအနား၌ နောက်ထပ် ခြောက်ဦးက အစစ်အမှန် ရွှေအဆင့် ဝိညာဉ်အကြွင်းအကျန် တစ်ခုကို သေဆုံးသည်အထိ လှံများဖြင့် ထိုးစိုက်နေကြလေသည်။
ထိုအရာက ကျင်း ကလန် ၏ အလယ်အလတ်အဆင့် တိုက်ခိုက်ရေးသမား အမြောက်အမြား အဘယ်ကြောင့် အတူတကွ ရှိနေကြသနည်းဆိုသည်ကို ရှင်းပြနေပေသည်။
ထိုအရာသည် အာရီလီယပ် ဝိညာဉ်အကြွင်းအကျန် တစ်ခု မဖြစ်နိုင်ပေ။ သူတို့၏ အစစ်အမှန် ရွှေအဆင့် တစ်ဦးတစ်ယောက်မျှ မြို့ထဲတွင် မရှိသောကြောင့် ဖြစ်၏။ တစ်စုံတစ်ယောက်က ဝင်ရောက် စွက်ဖက်ရန် ကြိုးစားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ရန်သူ အဆင့်မြင့် ရွှေအဆင့် ကိုးဦး ရှိနေခဲ့သည်။ သူတို့ထဲမှ အများစုမှာ သူ့နည်းတူ စွမ်းအားကြီးမားသော ဝိညာဉ် များကို ပိုင်ဆိုင်ထားကြ၏။ ကိုးဦးတိတိပင် ဖြစ်လေသည်။
ရိုက်ချက်ကြောင့် သူ၏ ခေါင်းထဲ၌ အူထွက်နေဆဲ ဖြစ်သည်။ အတွေးများမှာလည်း လိပ်ပြာအုပ်ကြီးအလား လွင့်ဝဲနေခဲ့၏။ ကပ်ဆီးယပ်စ် သည် ယိမ်းယိုင်သော ခြေလှမ်းတစ်လှမ်းဖြင့် ရှေ့သို့ တိုးထွက်လိုက်သည်။
အဖြူရောင် အလင်းတန်းတစ်ခုသည် သူ့ထံသို့ ဝင်တိုက်လာခဲ့သည်။ သို့သော် သူ၏ ဓားက ထိုအရာကို မည်သို့မည်ပုံ ရိုက်ထုတ်လိုက်သည်မသိပေ။ ထိုနည်းစနစ်ကို ချိုးဖျက်နိုင်ရန် လုံလောက်သော မာဒြာ များ ဓားထဲ၌ ပြည့်နှက်နေခဲ့၏။ ငွေရောင်နှင့် အဖြူရောင် အလင်းတန်းများ ပေါက်ကွဲထွက်သွားလေသည်။
"အဆင့်မြင့် ရွှေအဆင့် ပါလား.... ဆံပင်အဝါရောင်နဲ့ဆိုတော့.... အာရီလီယပ် ကလား...."
တစ်ဦးက မေးလိုက်သည်။
"ဆံပင်ဆိုးထားတာလည်း ဖြစ်နိုင်တာပဲ...."
အခြားတစ်ဦးက ပြောလိုက်သည်။ ကပ်ဆီးယပ်စ် သည် ဝေဝါးနေသော အမြင်အာရုံဖြင့် သူမ၏ မျက်နှာကို အာရုံစိုက် ကြည့်လိုက်၏။
သူ သူမကို မှတ်မိနေသည်။ ကျင်း ကလန် မှ နာမည်ကြီးသူ အများစုကို သူ သိထား၏။ ကျင်းယု သည် သူမ၏ အမည် ဖြစ်သည်။ အင်ပါယာ အတွင်း၌ အဆင့် နှစ်ရာ့ခြောက်ဆယ့်ငါး နေရာတွင်ရှိသော အစွမ်းအထက်ဆုံး အဆင့်မြင့် ရွှေအဆင့် တစ်ဦးပင် ဖြစ်လေသည်။
ရာနှင့် ထောင်နှင့်ချီသော အဆင့်မြင့် ရွှေအဆင့် များထဲတွင် သူမသည် ထိပ်ဆုံး သုံးရာစာရင်းဝင်အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သည်။ စွမ်းအားကြီးမားလှ၏။ စွမ်းအားကြီးမားသော ပြိုင်ဘက်တစ်ဦးပင် ဖြစ်လေသည်။
ကပ်ဆီးယပ်စ်သည် သူ၏ အာရုံကို အရိုးမျှော်စင်ကြီးဆီသို့ စူးစိုက်ထားလိုက်သည်။ သူ၏ ဇနီး မျက်နှာကို တစ်ချက်လောက်မျှ မြင်တွေ့ရရန် အသည်းအသန် ရှာဖွေနေခဲ့လေတော့သည်။
လူတစ်ယောက်က သူ၏ လက်မောင်းကို ထိုးစိုက်လိုက်သည်။ ကပ်ဆီးယပ်စ် သည် သူ၏ ရွှေအဆင့် သင်္ကေတ ဖြစ်သော ငွေရောင် လက်ပတ်ကို အချိန်မီ ကာကွယ်ရန် မြှောက်မတင်နိုင်ခဲ့ပေ။ သွေးများ ပန်းထွက်သွားလေသည်။
သူ နာကျင်မှုကို မခံစားရသော်လည်း လက်မောင်းက တဆတ်ဆတ် တုန်ရီသွားခဲ့၏။ ထို့နောက် သူ၏ ဓားသည် အုတ်ခဲများပေါ်သို့ ခလွမ်ခနဲ အသံမည်ကာ ပြုတ်ကျသွားလေတော့သည်။
"ဒီမြို့ထဲမှာ သွေးသားရင်းချာ အာရီလီယပ် နှစ်ယောက်ပဲ ရှိတယ်.... အဲ့ဒီနှစ်ယောက်လုံးကိုလည်း ငါတို့ရဲ့ အစစ်အမှန် ရွှေအဆင့် တွေက ဖမ်းထားပြီးပြီ.... တကယ်လို့ သူက စာရင်းမသွင်းရသေးတဲ့ ဆွေမျိုးတစ်ယောက်ဆိုရင်တော့ ဆုကြေးရအောင် သူ့ကို အပ်လိုက်ကြတာပေါ့...."
ကျင်းယု က ပြောလိုက်သည်။
"လခြမ်းအမှတ်အသား မပါဘူး...."
ထိုလူက သူ၏ အဝတ်အစားများကို စစ်ဆေးကြည့်ရင်း ပြောလိုက်သည်။
လမ်းနှစ်လမ်းအကျော်မှ ပြိုကျပျက်စီးသံတစ်ခု ထွက်ပေါ်လာခဲ့၏။ ကျင်းယု က တီးတိုးရေရွတ်လိုက်သည်။
"ထားလိုက်ပါတော့.... သူ့ကို ငါကတော့ သယ်မသွားနိုင်ဘူး...."
သူမ၏ လှံသွားပေါ်တွင် အလင်းရောင်များ စုဝေးလာခဲ့သည်။ ကပ်ဆီးယပ်စ် ၏ အသက်ရှူနှုန်းသည်လည်း မြန်ဆန်လာခဲ့၏။ အကြောင်းမှာ သူသည် ဇနီးဖြစ်သူကို မတွေ့ရသေးသောကြောင့် ဖြစ်လေသည်။ ခေါင်းထဲမှ အူနေသော အသံသည် စူးရှသော အော်ဟစ်သံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သူသည် သူ၏ မာဒြာ များအားလုံးကို ထောက်လှမ်းရေး ကွန်ရက်ထဲသို့ ပုံအောထည့်သွင်းလိုက်သည်။ ထို့နောက် မိသားစု ဘေးကင်းကြောင်း သိရစေရန် မျှော်စင်ကြီးကို အထက်မှအောက်သို့ အလျင်အမြန် စကင်ဖတ် ရှာဖွေလိုက်လေတော့သည်။
ထိုအခါ... သူ သူမကို မြင်တွေ့လိုက်ရသည်။
သူမသည် သူတို့၏ အခန်းများထဲ၌ ရှိမနေခဲ့ပေ။ မျှော်စင်၏ အောက်ခြေ၌ အခြားသော အာရီလီယပ် မိသားစု အလုပ်သမားများနှင့်အတူ ခိုလှုံရာတစ်ခုဆီသို့ သွားနေခြင်း ဖြစ်၏။ အနက်ရောင် ဆံနွယ်များသည် သူမ၏ အနောက်ဘက်၌ လွင့်ဝဲနေသည်။ သူမ၏ ဘယ်ဘက်မျက်လုံးသည် မှောင်မည်းကာ ဒေါသတကြီး ဖြစ်နေခဲ့လေသည်။
သူမ၏ ညာဘက်မျက်လုံးမှာမူ လိမ္မော်ရောင် မာဒြာ အလုံးလေးတစ်ခု ဖြစ်၏။ ယင်းမှာ လွန်ခဲ့သော နှစ်ပေါင်းများစွာက တိုက်ပွဲတစ်ခုတွင် ဆုံးရှုံးခဲ့ရသော မျက်လုံးကို အစားထိုးထားသည့် မှော်ပစ္စည်း တစ်ခုပင် ဖြစ်လေသည်။ သူမသည် အတောင်ပံများကို ဖြန့်ကြက်ထား၏။ တစ်ဖက်မှာ သူမ၏ လမ်းစဉ် မှ သဘာဝအလျောက် ရရှိထားသော မြစိမ်းရောင် ရွှေအဆင့် သင်္ကေတ ဖြစ်၏။ အခြားတစ်ဖက်မှာမူ နေဝင်ချိန် အရောင်အဆင်းရှိသော စွမ်းအင်ကွန်ရက်တစ်ခု ဖြစ်လေသည်။ ၎င်းမှာ သူမ၏ ဒုတိယမြောက် အစားထိုး ကိုယ်လက်အင်္ဂါ ဖြစ်ပေသည်။
သူမ ဘေးကင်းနေခဲ့သည်။ သူတို့နှစ်ဦးစလုံး ဘေးကင်းနေကြလေသည်။
ထိုအရာသည် သူ သိဖို့ လိုအပ်သော တစ်ခုတည်းသော အရာပင် ဖြစ်၏။
ထို့နောက် သူ၏ စိတ်အစဉ် ကြည်လင်သွားကာ နားထဲမှ အူနေသော အသံများလည်း ပျောက်ကွယ်သွားလေတော့သည်။ သူသည် လက်ဝါးကို ကျင်းယု၏ လှံဆီသို့ ရိုက်သွင်းလိုက်သည်။ ဓား မာဒြာ လှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်ပြီး လှံကို နှစ်ပိုင်းပိုင်းပစ်လိုက်၏။
ထို့နောက် သူ မျက်လုံးများကို ဖွင့်လိုက်သည်။ လှံသွားကို သူ၏ ပခုံးပေါ်မှ ကျော်လွန်လွင့်စဉ်သွားစေလိုက်၏။
"ကျင်းယု.... မင်း ငါ့ကို မမှတ်မိတာတော့ စိတ်ပျက်စရာပဲ...."
သူမ၏ မျက်နှာမှာ ဖြူလျော့သွားခဲ့သည်။
သူမသည် စီးဆင်းနေသော ကြယ်အလင်း နည်းစနစ်ကို ပြင်ဆင်လိုက်စဉ် အဖြူရောင် မျဉ်းကြောင်းများက သူမ၏ အရေပြားပေါ်တွင် တွားသွားလာခဲ့ကြသည်။
"ကျွန်မတို့... တောင်းပန်ပါတယ်.... ကျွန်မတို့ မသိခဲ့ဘူး.... ရှင့်ကို တခြားလူထင်လို့...."
သူမ တံတွေးမျိုချလိုက်ပြီးနောက် အော်ဟစ်လိုက်လေသည်။
"ပြေးကြ.... အားလုံး ပြေးကြတော့...."
သူတို့ထဲမှ နှစ်ဦးက သူမ၏ အကြံပြုချက်ကို လိုက်နာခဲ့ကြသည်။ သို့သော် အနည်းငယ် ဝေးသောနေရာမှ ကျင်း တိုက်ခိုက်ရေးသမား တစ်ဦးသည် တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေသကဲ့သို့ သူ၏ လှံကို ဆုပ်ကိုင်လိုက်၏။
"ဘာဖြစ်လို့လဲ...."
ကျင်းယု သည် ထွက်ပြေးရင်း အနောက်သို့ လှည့်အော်လိုက်သည်။
"သူက ကပ်..."
ငွေရောင် ခြေလှမ်း...
ထိုနည်းစနစ်သည် ကပ်ဆီးယပ်စ်၏ ခြေအောက်တွင် ခေါင်းလောင်းတစ်ခုအလား မြည်ဟည်းသွားခဲ့သည်။ ယင်းက သူ့ကို ကျင်းယု ၏ အနောက်ဘက်သို့ တွန်းထုတ်ပေးလိုက်၏။ သူသည် သူမ၏ ကျောပြင်ထဲသို့ လက်ကို ထိုးသွင်းလိုက်ရာ ငွေရောင် အလင်းတန်းက သူမ၏ နှလုံးသားကို ဖောက်ထွင်းသွားလေတော့သည်။
နောက်ထပ် ငွေရောင် ခြေလှမ်း တစ်လှမ်း...
သူသည် မေးခွန်းမေးခဲ့သော ကျင်း ကလန် မှ အဆင့်မြင့် ရွှေအဆင့်၏ ဘေး၌ ပြန်ပေါ်လာခဲ့သည်။ ကပ်ဆီးယပ်စ်သည် သူ၏ ဓားကို ကောက်ယူရန်ပင် အာရုံမစိုက်ခဲ့ချေ။
သူ့ဘက်သို့ ချိန်ရွယ်ထားသော လှံသွားမှာ တုန်ရီနေခဲ့၏။
"နံပါတ်... နှစ်...."
ကပ်ဆီးယပ်စ်သည် ထိုလူ၏ ခေါင်းပေါ်သို့ လက်ဝါးတစ်ဖက် တင်လိုက်သည်။ ထို့နောက် ဓား မာဒြာ များသည် ဦးခေါင်းခွံကို ဖောက်ထွင်းကာ ဦးနှောက်ထဲသို့ ပေါက်ကွဲဝင်ရောက်သွား၏။ ထိုသူသည် တိတ်ဆိတ်စွာပင် သေဆုံးသွားလေသည်။
အဆင့်မြင့် ရွှေအဆင့် ကိုးဦးဆိုသည်က သူ့အတွက်ပင်လျှင် များပြားလွန်းသော ပြိုင်ဘက်များ ဖြစ်ပေလိမ့်မည်။ အကယ်၍ သူတို့သာ ပူးပေါင်းဆောင်ရွက်ခဲ့ကြလျှင် ဖြစ်၏။ သို့သော် လူစုခွဲကာ သူ့ထံသို့ တစ်ယောက်ချင်းစီ ဝင်ရောက်လာမည်ဆိုပါက...
မဟူရာ မီးတောက် အင်ပါယာ အတွင်း၌ ကပ်ဆီးယပ်စ်ကို မျက်နှာချင်းဆိုင် တိုက်ခိုက်နိုင်စွမ်းရှိသော အဆင့်မြင့် ရွှေအဆင့် တစ်ဦးတည်းသာ ရှိလေသည်။ သူမသည် ယခုအခါ သူတို့၏ ကလေးကို ပွေ့ချီကာ ခိုလှုံရာစခန်းတစ်ခုထဲသို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်၏။
အာရီလီယပ် မိသားစု၏ အမွေဆက်ခံသူဟောင်း ဖြစ်သော နာရူ ကပ်ဆီးယပ်စ် အာရီလီယပ်ကို နာရူ ကလန် သို့ အိမ်ထောင်ပြုခွင့် ပေးခဲ့ခြင်းမှာ အကြောင်းရင်း သုံးချက် ရှိလေသည်။ ပထမအချက်မှာ သူ့ မိသားစု အဆင့်နိမ့် အရှင်သခင် ၏ ထောက်ခံချက်ကြောင့် ဖြစ်သည်။ ဒုတိယအချက်မှာ ကလန် ၏ မျိုးဆက်သစ် လူငယ်ကြယ်ပွင့် ဖြစ်သော နာရူဂျင်း ၏ ကိုယ်ပိုင် ခံစားချက်များကြောင့် ဖြစ်၏။
တတိယအချက်မှာမူ သူ၏ ကိုယ်ပိုင် စွမ်းအားကြောင့်ပင် ဖြစ်လေသည်။
နောက်ထပ် ငွေရောင် ခြေလှမ်း တစ်လှမ်း...
ဘုတ်...
သူသည် ဦးခေါင်းတစ်ခုကို လမ်းမပေါ်သို့ လွင့်စင်သွားစေလိုက်သည်။ သတ္တုဆံပင်များသည် ကျောက်တုံးများနှင့် ပွတ်တိုက်မိကာ မီးပွားများ ထွက်ပေါ်လာခဲ့၏။ နောက်ထပ် ခြေလှမ်း ခြောက်လှမ်းတွင် သူ၏ မာဒြာ များ ကုန်ခမ်းသွားခဲ့သည်။ လမ်းမများပေါ်တွင်လည်း သွေးကွက် ခြောက်ကွက် ထပ်မံ ပေါ်ပေါက်လာခဲ့လေတော့သည်။
အင်ပါယာ အတွင်းရှိ ဒုတိယအဆင့်ရှိသော အဆင့်မြင့် ရွှေအဆင့် ကို ချုံခိုတိုက်ခိုက်ရန် ကြိုးစားခဲ့ကြသည့် အဆင့်မြင့် ရွှေအဆင့် များထဲမှ တစ်ဦးတစ်ယောက်မျှ အသက်ရှင်မကျန်ရစ်တော့ချေ။
***
အပိုင်း(၂၃၆)
"အသက်ဒီလောက်ကြီးမှ နေရာသစ်တွေကို သွားကြည့်ချင်တဲ့ အကျိုးဆက်က ဒါမျိုးပဲ...."
ဖစ်ရှာ ဂီရှာက တီးတိုးရေရွတ်လိုက်သည်။ အဆင့်နိမ့် ရွှေအဆင့် ဝိညာဉ်အကြွင်းအကျန် တစ်ခုသည် သူမ၏ အရှေ့ရှိ ကျောက်ပြားများပေါ်သို့ ကျဆင်းလာခဲ့၏။ ထိုအခါ သူမက ရှေ့သို့ဆက်သွားရင်းပင် ၎င်း၏ ဦးခေါင်းကို ဖြတ်တောက်လိုက်လေသည်။
သူမသည် ထိုဝိညာဉ်အကြွင်းအကျန်၏ မျက်လုံးများကို စုဆောင်းကာ အမြုတေကြိုး များ ပါ၊ မပါ စစ်ဆေးချင်ခဲ့သည်။ သို့သော် လောလောဆယ်တွင် သူမ၏ အကူ ယန္တရားက သူမကို ကျောက်ပြားများတစ်လျှောက် သယ်ဆောင်သွားနေခြင်း ဖြစ်၏။ သူမ ကိုယ်တိုင် ခြေနှစ်ဖက်ဖြင့် ပြေးလွှားရန်ကား လုံးဝ အစီအစဉ်မရှိပေ။
"အင်ပါယာ ရဲ့ အရသာကို မြည်းစမ်းချင်လို့ လာခဲ့တာ မဟုတ်လား.... အလားအလာရှိတဲ့ တပည့်တစ်ယောက်ကို သင်ပေးဖို့ လာခဲ့တာလေ.... အခု သူ ဘယ်ရောက်နေပြီလဲ.... တောင်တစ်တောင်ထဲမှာ ပုန်းအောင်းနေတာ မဟုတ်လား.... မှော်ပစ္စည်း ဖန်တီးဖို့တောင် စိတ်ကူးနေမှာ မဟုတ်ဘူး...."
ပင့်ကူ မှော်ပစ္စည်း အုပ်စုတစ်စုသည် သူမ ပတ်လည်ရှိ လမ်းမပေါ်တွင် အပြေးအလွှား သွားလာနေကြသည်။ ၎င်းတို့က သူမကို အော်ဟစ်သံများ ဆူညံနေသော မြို့ထဲမှတစ်ဆင့် မြေအောက်တံခါးပေါက်တစ်ခုဆီသို့ လိုက်ပါပို့ဆောင်ပေးနေခြင်း ဖြစ်လေသည်။
သူမသည် အစီအရင် သော့တစ်ချောင်းကို သော့ခလောက်နှင့် ဖိကပ်လိုက်သည်။ ထို့နောက် သူမ၏ မာဒြာ ကို အသုံးပြု၍ အခြားတစ်ဖက်ရှိ ချိတ်ဆက်ထားသော အရာကို ဆွဲဖွင့်လိုက်၏။ ဤနေရာသည် ပေါက်ကွဲလွယ်သော ဝတ္ထုပစ္စည်းများကို သိမ်းဆည်းရန် ရည်ရွယ်ထားသည့် မှော်ပစ္စည်း ဖန်တီးသူ တစ်ဦး၏ မြေအောက် သိုလှောင်ရုံ ဖြစ်သည်။ သို့သော် ယင်းက အာရီလီယပ် ခိုလှုံရာစခန်းများမှလွဲ၍ သူမ သိထားသမျှ အလုံခြုံဆုံး နေရာတစ်ခုလည်း ဖြစ်လေသည်။
ယခု၌ ခိုလှုံရာစခန်းများကို မေ့ထားလိုက်တော့...။ ထိုနေရာသည် နှုတ်ပစ်ခံရမည့်အချိန်ကို စောင့်ဆိုင်းနေသော ပေါင်းပင်များကဲ့သို့ သားကောင်များ စုပြုံကျပ်ညပ်နေသည့် နေရာတစ်ခုသာ ဖြစ်လေသည်။
ဂီရှာသည် မြေအောက်ခန်းထဲသို့ ခုန်ချလိုက်သည်။ ထို့နောက် ခရမ်းရောင် မာဒြာ ကြိုးမျှင်များကို အသုံးပြု၍ သူမ အနောက်ရှိ လေးလံသော တံခါးကြီးများကို ဆွဲပိတ်လိုက်၏။ သူမသည် တံခါးများကို သော့ခတ်လိုက်ပြီးနောက် မမြင်နိုင်သော ကြိုးမျှင်အလွှာများဖြင့် ချိတ်ပိတ်လိုက်လေသည်။ ထို့နောက် ခရမ်းရောင် ဝိုင်ယာကြိုးအနည်းငယ်ကို ဖန်တီးလိုက်ပြီး တံခါးကို ရုပ်ပိုင်းဆိုင်ရာအရပါ တင်းကြပ်စွာ ချည်နှောင်လိုက်သည်။ ဝင်ပေါက်၌ ပင့်ကူ မှော်ပစ္စည်း ခြောက်ကောင်ခန့်ကိုလည်း နေရာချထားလိုက်၏။
နောက်ဆုံးတွင် သူမသည် သိုလှောင်ရုံ၏ အနောက်ဘက်သို့ ပြေးသွားကာ သူမကိုယ်သူမ မျက်နှာကျက်၌ ပင့်ကူမျှင်များဖြင့် တွယ်ကပ်ထားလိုက်လေတော့သည်။
"အချိန်တွေ ဖြုန်းနေရတာပဲ.... အသက်အန္တရာယ်ကိုလည်း ရင်းနေရတယ်.... ဒီလိုလုပ်ဖို့ ငါက အသက်ကြီးလွန်းနေပြီ...."
သူမက တီးတိုးရေရွတ်လိုက်သည်။ သူမသည် သူမ၏ မာဒြာ များအားလုံးကို ပြန်လည် ရုပ်သိမ်းလိုက်သည်။ ထို့နောက် စွမ်းအင်များကို အမြုတေ ပတ်လည်ရှိ အခွံတစ်ခုအတွင်း လည်ပတ်စေကာ သူမ၏ စွမ်းအားကို ဖုံးကွယ်ထားလိုက်၏။
ထို့နောက် ဆူညံသံများ ပြီးဆုံးသွားမည့်အချိန်ကို သူမ စောင့်ဆိုင်းနေလိုက်လေသည်။
...
ကျင်းလုံ နှင့် ဂိုကရန် တို့သည် သဲမြွေပွေး အဖွဲ့သား တစ်စုကို ခေါ်ဆောင်ကာ ရှီရူး တောင် ၏ ဒုတိယမြောက် တောင်ထွတ်ဆီသို့ တက်လာခဲ့ကြသည်။
ဂိုကရန် သည် သူ၏ မီးခိုးရောင် ဆံပင်များကို လက်ဖြင့်သပ်ကာ အနောက်သို့ လှန်တင်လိုက်သည်။
"စွမ်းအားကြီးတဲ့ တပည့်ကို ငါတို့ အတူတူ ရှင်းကြမယ်.... အဲဒီနောက်မှ သံမဏိအဆင့် ဆီကို ဆက်သွားကြတာပေါ့...."
ဤအရာသည် ကျင်း အဆင့်နိမ့် အရှင်သခင်က သူတို့ကို ယုံကြည်စွာ လွှဲအပ်ထားခဲ့သော တာဝန်တစ်ခု ဖြစ်လေသည်။ အီသန်၏ တပည့်နှစ်ဦးသည် မြို့ထဲမှ ရုတ်ရုတ်သဲသဲ ဖြစ်နေမှုများကို မကြာမီ အာရုံခံမိကြပေလိမ့်မည်။ ထို့နောက် သူတို့၏ လေ့ကျင့်မှုများမှ ထွက်ပေါ်လာကြမည် ဖြစ်၏။ ဆောင်းဦးပေါက်၌ ဖြစ်ပွားမည့် တိုက်ပွဲတစ်ခုအတွက် အရာအားလုံးကို လောင်းကြေးထပ်မည့်အစား အာရီလီယပ် မိသားစု ၏ လူသစ်များကို ဤနွေဦးရာသီ၌ပင် ဖယ်ရှားပစ်ရန် ဖြစ်လေသည်။
အကယ်၍ ဤအစီအစဉ်ကိုသာ အများပြည်သူ သိရှိသွားပါက ကျင်းတိုင်ရှို့ ၏ ဂုဏ်သိက္ခာ ကျဆင်းသွားပေလိမ့်မည်။ သို့သော် ကျင်းလုံ အနေဖြင့် ထိုဆုံးဖြတ်ချက်ကို လေးစားရမည်သာ ဖြစ်၏။ ၎င်းသည် အဂုဏ်သိက္ခာအရှိဆုံး လုပ်ရပ်တစ်ခု မဟုတ်နိုင်ပေ။ သို့တိုင်အောင် ခေါင်းဆောင်ကြီး သည် သူ၏ ရန်သူများကို အထင်သေးမနေခဲ့သည်မှာ သေချာလှသည်။
ကျင်းလုံ သည် ကျောက်ဆောင်တစ်ခုမှ အခြားတစ်ခုသို့ ခုန်ကူးသွားလိုက်သည်။
"အတူတူ မလုပ်ဘူး.... အဆင့်နိမ့် ရွှေအဆင့် ကို ငါ သတ်မယ်.... ဝေ့ရှီလင်းတုန်း ကို မင်းတို့ ကိုင်တွယ်လိုက်...."
ထိုဓားသမား မိန်းကလေးမှာ အသက်ရှင်နိုင်သော်လည်း လင်းတုန်း ကိုမူ လွတ်မြောက်သွားစေရန် သူ အလိုမရှိပေ။ ထို့အပြင် သူမသည် အဆင့်တစ်ခုလုံး ကွာဟနေသည့်တိုင်အောင် ယခင်က သူနှင့် အပြန်အလှန် တိုက်ခိုက်ခဲ့ဖူးလေသည်။ သူမ၏ တိုးတက်မှု အဆင့်သည် သူ့ကို မီနိုင်မည် မဟုတ်ပေ။ လွန်ခဲ့သော နှစ်ဝက်အတွင်း သူ မည်မျှ ပိုမို စွမ်းအားကြီးမားလာခဲ့သည်ကို သူ သိမြင်ချင်ခဲ့၏။
သူတို့သည် မဟူရာ မီးတောက် စမ်းသပ်မှုများ၏ ထွက်ပေါက်အဖြစ် ကျင်းတိုင်ရှို့ ဖော်ပြခဲ့သော နေရာအနီးသို့ ဆင်းသက်လိုက်ကြသည်။ အော်ရာ အတားအဆီးတစ်ခုက ထိုအပေါက်ကို ဖုံးလွှမ်းထားလေသည်။
ဂိုကရန် သည် အတင်းဖောက်ထွင်းဝင်ရောက်ရန် ယားယံနေခဲ့သည်။ သူသည် လက်နှစ်ဖက်စလုံး၌ လှံတိုတစ်ချောင်းစီကို ကိုင်ဆောင်ထားပြီး ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေ၏။ အလွန်နှေးကွေးလွန်းသည့်အတွက် သူ၏ လူများကိုလည်း အော်ဟစ်ဆဲဆိုနေလေသည်။
ကျင်းလုံ ၏ အမိန့်အရ သူတို့အားလုံး အပေါ်စီးမှ ကြည့်ရှုနိုင်ရန်အတွက် တောင်စောင်းအထက်ပိုင်းဆီသို့ ဆုတ်ခွာသွားခဲ့ကြသည်။ ဂိုကရန် သည် ဝင်ပေါက်မှနေ၍ မဆုတ်ခွာချင်သော်လည်း နောက်ဆုံးတွင် အမိန့်ကို နာခံခဲ့လေသည်။ ဂူထဲမှ ပြေးထွက်လာလျှင်ပင် မည်သည့် ထွက်ပေါက်ကိုမဆို ပိတ်ဆို့နိုင်ရန်အတွက် အားလုံး နေရာယူပြီးသွားချိန်၌ ကျင်းလုံ သည် ကျောက်တုံးတစ်တုံးပေါ်တွင် ထိုင်ကာ အော်ရာ များကို စတင် လည်ပတ်စေလိုက်သည်။
သူ စောင့်ဆိုင်းနိုင်ပါသေးသည်။
နေမင်းကြီး၏ နောက်ဆုံး ကျန်ရစ်သော ရောင်ခြည်တန်းများသည် ချောက်ကမ်းပါးဆီသို့ လွင့်မျောပျောက်ကွယ်သွားလေသည်။ ထိုအချိန်၌ လင်းတုန်း နှင့် ယီရင် တို့သည် အုပ်ချုပ်သူ စမ်းသပ်မှု ၏ ကျောက်စာချပ် ရှေ့တွင် ဒူးထောက်ထိုင်နေကြ၏။
"မဟူရာ မီးတောက် မာဒြာက ခန္ဓာကိုယ်နဲ့... စိတ်ကို လောင်ကျွမ်းစေတယ်လို့ ငါထင်တယ်.... ဒါမှမဟုတ် ဝိညာဉ်၊ အိပ်မက်တွေလည်း ဖြစ်နိုင်တယ်...."
သူသည် မိမိ၏ ခေါင်းကို ကိုင်ကာ အော်ဟစ်နေသော လူတစ်ဦး၏ ပုံကို ပုတ်ပြလိုက်သည်။
"ဆိုလိုရင်းကတော့ ရှင်းပါတယ်.... မဟူရာ မီးတောက် ကို သုံးစွဲတာက ကျင့်ကြံသူကို တဖြည်းဖြည်းနဲ့ ပျက်စီးစေလိမ့်မယ်.... ထိခိုက်ဒဏ်ရာတွေကို စုပုံလာစေပြီး ဝိညာဉ် ကို တိုက်စားပစ်လိမ့်မယ်.... တိုးတက်မှု၊ စိတ်ပိုင်းဆိုင်ရာ ကြည်လင်မှုနဲ့ သက်တမ်းကိုပါ ဖျက်ဆီးပစ်လိမ့်မယ်...."
ခန္ဓာကိုယ်ထဲမှ သေစေနိုင်လောက်အောင် ပေါက်ကွဲထွက်မတတ် ဒေါသတကြီး လောင်ကျွမ်းနေသော မဟူရာ မီးတောက် ကို မခံစားရစေရန် သူ ကြိုးစားလိုက်၏။ ထို့နောက် သူ၏ အာရုံကို ရှေးဟောင်း သင်္ကေတများဆီသို့သာ ပြန်လည် စူးစိုက်ထားလိုက်သည်။
"ဒါက အကြီးမားဆုံး တူ... အာ မဟုတ်ဘူး... 'အကြီးမြတ်ဆုံး လက်နက်' အတွက် ပြန်လည် ပေးဆပ်ရမယ့် တန်ဖိုးပဲ.... မဟူရာ မီးတောက် တွေက... စစ်မြေပြင်မှာ လူတစ်ယောက်တည်းနဲ့ အုပ်စိုးတယ်တဲ့လား...."
သူသည် သင်္ကေတနှင့် အနီးအနားရှိ ပုံတစ်ခုကြားတွင် လက်ညှိုးဖြင့် လိုက်လံဆွဲကြည့်လိုက်သည်။ ထိုပုံမှာ လက်နှစ်ဖက်စလုံး၌ မီးတောက်များကို ကိုင်ဆောင်ကာ တစ်ဦးတည်း ရပ်နေသော လူတစ်ယောက်၏ ပုံပင် ဖြစ်လေသည်။
"နောက်ဆုံး ကျန်ရစ်မယ့်သူပေါ့...."
ယီရင်က တိုးတိတ်စွာ ပြောလိုက်သည်။
လင်းတုန်း တစ်ချက် တုန်လှုပ်သွားခဲ့၏။ ထိုအရာက အံ့မခန်း အားကိုးလောက်စရာ ဖြစ်သော်လည်း သူ၏ အကြိုက်နှင့်ယှဉ်လျှင် အနည်းငယ် ကြမ်းတမ်းလွန်းနေပေသည်။ မဟူရာ မီးတောက် ကျင့်ကြံသူများသည် သူတို့၏ ပြိုင်ဘက်အားလုံးကို သတ်ဖြတ်ခြင်းဟူသော ဂုဏ်သတ္တိဖြင့် အုပ်စိုးခဲ့ကြခြင်း ဖြစ်၏။ ဤအချက်သည် သူတို့၏ အခြေခံ လေ့ကျင့်ရေး သင်တန်းတွင် ထွင်းထုထားရလောက်အောင်ပင် သူတို့၏ ဒဿနအတွက် လုံလောက်သော အဓိကကျသည့် အချက်တစ်ခု ဖြစ်လေသည်။
မည်သို့ပင်ဖြစ်စေ... သူသည် ဤ လမ်းစဉ် ကို အလွန်ကောင်းမွန်သော ကိုယ်ကျင့်တရား တန်ဖိုးများကြောင့် ရွေးချယ်ခဲ့ခြင်း မဟုတ်ပေ။ တိုက်ပွဲများကို အနိုင်ရနိုင်စွမ်းရှိသောကြောင့်သာ ရွေးချယ်ခဲ့ခြင်း ဖြစ်၏။ အကယ်၍ အထွတ်အမြတ် တောင်ကြားကို တိုက်ခိုက်ရန် ဖန်တီးခံထားရသော သတ္တဝါကြီးနှင့် တိုက်ခိုက်ရမည်ဆိုပါက သူ ရှာဖွေနိုင်သမျှ အကြီးမားဆုံးသော လက်နက်တစ်ခုကိုသာ သူ အလိုရှိပေလိမ့်မည်။
နောက်ထပ် စာကြောင်းမှာမူ ပို၍ ခေတ်ဆန်သော ဘာသာစကားဖြင့် ရေးသားထားလေသည်။
နဂါး သည် အောင်နိုင်၏။
သူက အသံထွက်၍ ဖတ်လိုက်ရာ ယီရင် က ခေါင်းညိတ် ထောက်ခံလိုက်သည်။
"အုပ်ချုပ်သူ နည်းစနစ်တွေက အောင်နိုင်တယ်.... အံဝင်ခွင်ကျ ဖြစ်နေတာပဲ...."
နဂါးသည် ရှေ့သို့ တက်လှမ်း၏။
နဂါးသည် ဖျက်ဆီး၏။
နဂါးသည် အောင်နိုင်၏။
အော်သို ၏ အမြုတေ သည် ရက်ပေါင်းများစွာတိုင်အောင် မတည်မငြိမ် ဖြစ်နေခဲ့သည်။ သို့သော် ထိုစကားလုံးများသည် ထိုလိပ်ကြီး၏ ဝိညာဉ် နှင့် ပဲ့တင်ထပ်နေခဲ့၏။ သူသည် ဒိုင်းလွှားတစ်ခုထက် စာလျှင် ဓားတစ်လက်၊ ဖျက်ဆီးခြင်း စွမ်းအားတစ်ခုနှင့် မနာလိုဝန်တိုတတ်သော ဘုရင်တစ်ပါး ပို၍ ဖြစ်လေသည်။
ထိုအရာက ဝိညာဉ် တစ်ခုကို မျှဝေသုံးစွဲရန် သက်တောင့်သက်သာရှိသော ကိုယ်ရည်ကိုယ်သွေးမျိုး မဟုတ်ပေ။ သို့သော် ယင်းက လင်းတုန်း အသုံးပြုနိုင်မည့် လက်နက်တစ်ခုကို ဖော်ပြနေခြင်း ဖြစ်လေသည်။
ယီရင်သည် အုပ်ချုပ်သူ စမ်းသပ်မှု ၏ ကျန်ရှိနေသော အပိုင်းများဆီသို့ ခေါင်းညိတ်ပြလိုက်သည်။
"ဒါထက်... ဒီကောင်တွေက နင့်ရဲ့ မှတ်ဉာဏ်တွေကို တစ်ခုခုများ နှိုးဆွပေးနေလား...."
နောက်ဆုံး မဟူရာ မီးတောက် စမ်းသပ်မှုတွင် သူ့အတွက် ပြင်ဆင်ပေးထားသော ပြိုင်ဘက်များ ရှိရာ ကွင်းပြင်ဆီသို့ မကြည့်မိစေရန် လင်းတုန်း ကြိုးစားနေခဲ့သည်။ ထိုကွင်းပြင်ထဲ၌ မည်းမှောင်နေသော လူသဏ္ဍာန် ကိုးဆယ့်ကိုးခု ရှိနေ၏။ ၎င်းတို့ တစ်ခုစီသည် မတူညီသော လက်နက်များကို ဆုပ်ကိုင်ထားကြပြီး ၎င်းတို့ တစ်ခုစီထံမှလည်း မတူညီသော မာဒြာ များကို သူ ခံစားသိရှိနေရသည်။ မျက်နှာမပါသော ဦးခေါင်းများဖြင့် အရုပ် ကိုးဆယ့်ကိုးရုပ်ပင် ဖြစ်လေသည်။
***