အခန်း (၂၂၅-၂၂၆)
Vol. 17 Ch. 225-226
အပိုင်း(၂၂၅)
လင်းတုန်းသည် တိုက်ခိုက်သူ ကျောက်စာချပ် ရှေ့တွင် ဒူးထောက်နေလေသည်။ ယီရင်ကမူ သူ၏ အနီးတွင် မတ်တတ်ရပ်ကာ နားထောင်နေ၏။
"နဂါးတွေရဲ့ စွမ်းအားနဲ့ မဟူရာ မီးတောက် တွေက သူတို့ရဲ့ ရန်သူတွေကို ဖျက်ဆီးပစ်ခဲ့ကြတယ်... သူတို့ရဲ့ မဟာမိတ်တွေက သူတို့ကို ကြောက်ရွံ့ကြတယ်၊ ဒါပေမဲ့..."
လင်းတုန်းသည် စုပုံရေးသားထားသော စာလုံးလေးလုံးစု ရှေ့တွင် တုံ့ဆိုင်းသွားခဲ့သည်။ ၎င်းတို့သည် ဗန်းစကား တစ်မျိုးမျိုး ဖြစ်ပုံရပြီး တစ်ချိန်က ခေတ်စားခဲ့သော စကားပုံတစ်ခုလည်း ဖြစ်နိုင်ပေသည်။
သူ နားလည်သွားပြီဟု ထင်ပြီးနောက် ဆက်လက်ဖတ်ရှုလိုက်သည်။
"ရက်စက်ကြမ်းကြုတ်တဲ့ ရန်သူဟာ ယုံကြည်ရတဲ့ မဟာမိတ်ဖြစ်တယ်... သူတို့ရဲ့ ရန်သူတွေ မရှိတော့တဲ့အခါ သူတို့မှာ ငြိမ်းချမ်းရေး ရခဲ့တယ်..."
၎င်းသည် ယခု သူ ဆက်ခံရမည့် အမွေအနှစ်ပင် ဖြစ်သည်။ ရက်စက်ကြမ်းကြုတ်သော ဖျက်ဆီးခြင်း လမ်းစဉ် တစ်ခု၊ သတိထားဆင်ခြင်စရာ တွေးတောမှုတစ်ခုပင် ဖြစ်တော့၏။
သူသည် ကျောက်စာချပ် တစ်လျှောက် လက်ချောင်းဖြင့် ပွတ်ဆွဲလိုက်သည်။ မာဒြာ ပုံကြမ်းနှင့် တိုက်ခိုက်သူ သိုင်းကွက်၏ ဖော်ပြချက်များကို ကျော်သွားလိုက်၏။ မည်သို့ပင်ဖြစ်စေ ထိုအရာများကို ဖော်ထုတ်ရန် ယီရင်၏ အကူအညီ လိုအပ်မည်သာ ဖြစ်သည်။ ထို့နောက် ကျောက်တုံး၏ အလယ်ဗဟိုရှိ စကားလုံးများပေါ်တွင် သူ၏ လက်ချောင်း ရပ်တန့်သွားလေသည်။
"နဂါးသည် ဖျက်ဆီး၏..."
သူက အသံထွက်၍ ဖတ်လိုက်သည်။
နဂါးသည် ရှေ့သို့ ချီတက်၏။
နဂါးသည် ဖျက်ဆီး၏။
"တတိယ ကျောက်စာချပ်မှာ ဘာတွေ ရေးထားသလဲ ဆိုတာ မေးချင်စရာ ဖြစ်သွားပြီ... နဂါးက ကပြတယ် လို့ ဖြစ်ချင်ဖြစ်မယ်... နဂါးက တစ်ရေးအိပ်တယ်... နဂါးက လူတိုင်းကို သတ်ပြီးသွားပြီမို့ အနားယူတယ် ဆိုတာမျိုးပေါ့..."
ယီရင်က ပြောလိုက်သည်။
လင်းတုန်းသည် တိုက်ခိုက်သူ သိုင်းကွက် ဖော်ပြချက်ဆီသို့ ကျော်သွားလိုက်သည်။
"ပြင်းထန်တဲ့ မြစ်တစ်စင်းရဲ့ ပြင်းထန်တဲ့ စီးဆင်းနေတဲ့ အသက်ရှူသံ... အဲဒီလို အဓိပ္ပာယ်ရမယ်လို့ ငါ တော်တော်လေး သေချာတယ်... သူတို့က 'ပြင်းထန်တဲ့' ဆိုတဲ့ စကားလုံးကို သေချာပေါက် နှစ်ကြိမ် သုံးထားတာပဲ..."
ယီရင်က လက်ပိုက်လိုက်သည်။
"ဒါ နဂါး အသက်ရှူသံပဲ..."
သူမသည် လက်များမှ မီးတန်းတစ်ခု ပစ်လွှတ်နေသော လူတစ်ယောက်၏ ပုံကြမ်းကို လက်ညှိုးထိုးပြလိုက်သည်။ ၎င်းသည် နဂါးတစ်ကောင်၏ ဟနေသော မေးရိုးများမှ ထွက်ပေါ်လာသည့် အလားတူ သိုင်းကွက် ပုံနှင့် ကပ်လျက် ရှိနေလေသည်။
"သူတို့က ပြင်းထန်လွန်းတဲ့ အသက်ရှူသံ လို့ ခေါ်ချင်ခေါ်မှာပေါ့... ဒါပေမဲ့ နဂါးတစ်ကောင်ရဲ့ ပါးစပ်ထဲကနေ ဘာထွက်လာမလဲ ဆိုတာကိုတော့ လူတိုင်း သိကြပါတယ်..."
လင်းတုန်းသည် မာဒြာ စီးဆင်းမှုကို ညွှန်ပြနေသော ကွင်းဆက်များနှင့် ၎င်း၏ အထက်တွင် ပေါ်လွင့်နေသော စာလုံးများကို ကြည့်လိုက်သည်။
"ဒါဆို နင် ငါ့ကို သင်ပေးဖို့ အဆင်ပြေမလား..."
သူမက ကျောက်စာချပ်ကို လက်ဆစ်များဖြင့် ခေါက်လိုက်သည်။
"အဲဒါတွေကို ဖတ်စရာမလိုဘဲ ငါ နင့်ကို ပြောပြနိုင်တယ်... နင့်ရဲ့ မာဒြာ တွေကို လက်ဖဝါးထဲအထိ လှည့်ပတ်လိုက်ပြီး အဲဒီမှာ ထိန်းထားလိုက်... မြစ်တစ်စင်းကို တမံတုပ်ထားသလိုမျိုး ပိုပိုပြီး စုပုံလာပါစေ... ပြီးတော့ ပေါက်ကွဲထွက်တော့မယ့် အချိန်ကျရင် အပြင်ကို တွန်းထုတ်လိုက်..."
သူမက ပခုံးတွန့်လိုက်၏။
"ငါ့ရဲ့ တိုက်ခိုက်သူ သိုင်းကွက်ကလည်း ဓားကတစ်ဆင့် သွားတာကလွဲရင် ဒီနည်းအတိုင်းပဲ စတင်တာပဲ... ပြီးတော့ ငါ့ဟာက နောက်ထပ် အဆင့်သုံးဆင့် ပိုပါသေးတယ်..."
လင်းတုန်း သူ၏ လက်များကို ကြည့်လိုက်သည်။ တစ်ချိန်တည်းမှာပင် ပုံကြမ်းထဲကအတိုင်း အသက်ရှူခြင်းနှင့် လှည့်ပတ်ခြင်းကို ထိန်းသိမ်းရန် အာရုံစိုက်ရင်း မာဒြာ များကို လက်ဖဝါးထဲသို့ စုဆောင်းလိုက်၏။
ယီရင်က သူ၏ လက်မောင်းကို ဆွဲကိုင်လိုက်သည်။
"နင် အဆင်ပြေမယ်ဆိုရင် နောက်ကို ခြေတစ်လှမ်း နှစ်လှမ်းလောက် ဆုတ်ပေးပါလား... ဒီနေ့တော့ ငါ အကင်မခံချင်သေးဘူး..."
လင်းတုန်းက တောင်းပန်သည့်အနေဖြင့် ဦးညွှတ်လိုက်ပြီး ညာဘက်သို့ ခြေဆယ်လှမ်းခန့် ဆုတ်လိုက်သည်။ ထို့နောက် တိုက်ခိုက်သူ စမ်းသပ်မှု ဖြစ်သော ကျယ်ပြန့်ပြီး မည်းနက်နေသည့် ခိုင်မာသော မြေပြင်ကြီးကို စဉ်းစားဆင်ခြင်ကြည့်လိုက်၏။ စမ်းသပ်မှုထဲတွင် မည်သည့်အရာများကို ရင်ဆိုင်ရမည်ကို သူ သိချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်နေသည်။ သို့သော် တစ်ကြိမ်လျှင် ခြေတစ်လှမ်းသာ သွားရမည် ဖြစ်သည်။ တိုက်ခိုက်သူ သိုင်းကွက်ကို အသုံးမပြုနိုင်ဘဲနှင့် သူ စတင်နိုင်မည်ပင် မဟုတ်ပေ။
သူသည် သူ၏ အသက်ရှူသံကို တည်ငြိမ်စေလိုက်ပြီး မာဒြာ ပုံကြမ်းပေါ်သို့ ဦးစွာ အာရုံစိုက်လိုက်သည်။ သူ၏ မာဒြာ များ မှန်ကန်သော လမ်းကြောင်းများမှတစ်ဆင့် စီးဆင်းနေကြောင်း သေချာစေရန်ပင်။ ထို့နောက် သူ၏ မာဒြာ များ မှန်ကန်သော လမ်းကြောင်းအတိုင်း စီးဆင်းသွားသောအခါ သူသည် ၎င်းကို လျစ်လျူရှုထားလိုက်၏။
လွန်ခဲ့သော လအနည်းငယ်အတွင်း သူသည် မဟူရာ မီးတောက် မာဒြာ ၏ သဘာဝကို အတိုင်းအတာတစ်ခုအထိ ခံစားသိရှိလာခဲ့သည်။ သူသည် ရှုပ်ထွေးသော ပုံစံများကို အားမကိုးဘဲ ခံစားမှုသက်သက်ဖြင့် လှုပ်ရှားနိုင်ပြီး စွမ်းအားများကို လက်ဖဝါးထဲတွင် စုဆောင်းကာ ထိုနေရာ၌ စုဝေးနေစေနိုင်သည်။ ယခင်က စစ်သည်ရုပ်တုနှင့် ရင်ဆိုင်ခဲ့စဉ်ကလည်း အလားတူ လုပ်ဆောင်ခဲ့ဖူးသည်။ ပုံရိပ်ယောင်ထဲသို့ စွမ်းအားအကြမ်းများကို လောင်းထည့်ကာ ပေါက်ကွဲထွက်သွားစေခဲ့ခြင်း ဖြစ်သည်။
သူသည် လက်နှစ်ဖက်စလုံးကို လွတ်ဟာနေသော နေရာသို့ ဆန့်တန်းလိုက်သည်။ အပြင်ပန်းတွင် မည်သည့် ပြောင်းလဲမှုကိုမျှ မမြင်ရသော်လည်း မာဒြာ များ ပို၍ပို၍ စုပုံလာကာ ဖိအားများ မြင့်တက်လာသည်ကို သူ ခံစားနေရသည်။ သူ၏ လက်များ အတွင်းပိုင်းမှစ၍ အရည်ပျော်သွားတော့မည့်အလား ခံစားလာရသည်အထိပင် ဖြစ်လေသည်။
ထို့နောက်... သူသည် သူ၏ ဝိညာဉ် စွမ်းအားများကို စုစည်းကာ တွန်းထုတ်လိုက်လေသည်။
လင်းတုန်းသည် မီးတောက် ခြုံလွှာ ကို ပထမဆုံး သင်ယူခဲ့စဉ်က ထိုသိုင်းကွက်သည် ပါးလွှာပြီး အားနည်းကာ ထိရောက်မှု မရှိခဲ့ပေ။ ၎င်း၏ စွမ်းအားကို တိုးမြှင့်ရန်နှင့် ထိရောက်စွာ အသုံးပြုနိုင်ရန် သူသည် လပေါင်းများစွာ ကြိုးစားခဲ့ရသည်။
တိုက်ခိုက်သူ သိုင်းကွက်နှင့် ပတ်သက်၍လည်း အလားတူပင် လင်တုန်း မျှော်လင့်ထားခဲ့သည်။ ဤပထမဆုံး ကြိုးစားမှုသည် သေးငယ်သော မီးတောက်လေး တစ်ခုမျှသာ ထွက်ပေါ်လာနိုင်သော်လည်း တဖြည်းဖြည်းနှင့် သူသည် ဟိန်းဟောက်နေသော နဂါးအသက်ရှူသံကြီး တစ်ခုအဖြစ်သို့ တည်ဆောက်သွားမည်ဟု တွေးထားခဲ့သည်။
ဘုန်း...
သို့သော်လည်း မာဒြာ များသည် အနီနှင့်အမည်း ရောယှက်နေသော ဒေါသတကြီး လောင်ကျွမ်းနေသည့် မီးမုန်တိုင်းကြီးတစ်ခုအဖြစ် သူ့ထံမှ ပေါက်ကွဲထွက်လာသည်။ ထို့အပြင်... ထိုပေါက်ကွဲမှုကြီးက သူ့ကို နောက်သို့ ဆယ်ပေခန့် အထိပင် လွင့်စင်သွားစေခဲ့၏။ လင်းတုန်း ခြေပစ်လက်ပစ်ပင် လဲကျသွားခဲ့၏။ သူ အလွန်ပင် အံ့အားသင့်သွားခဲ့ရလေသည်။
သူ ဒယိမ်းဒယိုင်ဖြင့် မတ်တတ်ရပ်လာပြီး ဒဏ်ရာရသွားခြင်း ရှိမရှိ စစ်ဆေးရန် သူ၏ ဦးခေါင်းခွံကို လက်ဖြင့် ဖိကြည့်လိုက်သည်။
ယီရင်ကတော့ ထိုအရာ အားလုံးကို ဆိတ်ငြိမ်စွာပင် စောင့်ကြည့်နေခဲ့သည်။ ထို့နောက်တွင်မှ သူမက ပညာရှိတစ်ယောက်ကဲ့သို့ ခေါင်းညိတ်ပြလိုက်သည်။
"အေး... အဲဒီလိုပဲ ဖြစ်တတ်တယ်..."
လင်းတုန်း ရပ်နေခဲ့သော နေရာရှိ မြေကြီးများသည် ကြယ်ပွင့်ပုံစံ ပေါက်ကွဲလွင့်စဉ်သွားခဲ့သည်။ ၎င်းသည် သိပ်မနက်ပေ။ ဤနေရာရှိ မြေကြီးသည် ကျစ်လျစ်စွာ စုစည်းနေပြီး နှစ်ပေါင်းများစွာ အကြိမ်ကြိမ် မီးလောင်ကျွမ်းခံထားရသောကြောင့် ဖြစ်သည်။ သူ၏ ကြေးအဆင့် အမြင် တွင် အော်ရာ များ ဆူပွက်နေပြီး အနီနှင့် အမည်းရောင် စွမ်းအားများ ပြင်းထန်စွာ လှုပ်ရှားနေသည်ကို တွေ့ရသည်။ သို့သော်လည်း... ၎င်းတို့သည် တဖြည်းဖြည်း တည်ငြိမ်သွားကြသည်။
"သိပ်တော့ ဝေးဝေး မရောက်သွားဘူး..."
လင်းတုန်းက ချောက်နံရံကို အမှီပြုလျက် မိမိကိုယ်ကို တည်ငြိမ်အောင် ထိန်းရင်း မှတ်ချက်ချလိုက်သည်။ ထိုပေါက်ကွဲမှုသည် သူ၏ ကိုယ်ပိုင် မာဒြာ မှ ထွက်ပေါ်လာခြင်း ဖြစ်သော်လည်း သူ၏ လက်များကို မီးလောင်ကျွမ်းသွားစေခဲ့သည်။ ၎င်းသည် လေထုကို မီးစွဲလောင်စေခဲ့ခြင်း ဖြစ်ရမည်။ သူ၏ သွေးရည်ကျို သံမဏိအဆင့် ခန္ဓာကိုယ်သည် ဒဏ်ရာများဆီသို့ စွမ်းအင်များကို ဆွဲယူနေပြီဖြစ်ရာ သူ၏ အမြုတေ ကို ပို၍ ကုန်ခမ်းသွားစေသည်။ ထိုသိုင်းကွက် တစ်ချက်တည်းကပင် မီးတောက် ခြုံလွှာ ကို ငါးမိနစ်ခန့် အသုံးပြုရသည်ထက် သူ၏ စွမ်းအင်များကို ပို၍ ကုန်ခမ်းသွားစေခဲ့သည်။
"ကမ်းပါးတွေ မရှိဘဲ မြစ်က သိပ်ဝေးဝေး မသွားနိုင်ဘူးလေ..."
ယီရင်က ပြောလိုက်သည်။
"ထိန်းချုပ်မှုမဲ့သွားရင် အဲဒါက ရေကြီးတာနဲ့ အတူတူပဲ... နေရာအနှံ့ကို လျှံကျသွားမှာပဲ... နင် သွားစေချင်တဲ့ နေရာကို သွားစေချင်ရင် နင်က လမ်းညွှန်ပေးရမယ်..."
သူမသည် ကျောက်စာချပ်ကို နောက်တစ်ကြိမ် ခေါက်လိုက်ပြန်သည်။
"ဒီမှာ လမ်းညွှန်ချက် တစ်ခု ရှိတယ်... အဲဒါကို နင့်ခန္ဓာကိုယ် အပြင်ဘက်ကို တွန်းထုတ်လိုက်၊ ဒါပေမဲ့ ထိန်းချုပ်ထားပါ..."
သူမသည် မမြင်ရသော ဘောလုံးတစ်လုံးကို ဆုပ်ကိုင်ထားသကဲ့သို့ လက်နှစ်ဖက်ကို လက်မအနည်းငယ်ခွာ၍ ကိုင်ထားလိုက်သည်။ ထိုအခါ ၎င်းတို့ကြားရှိ လေထုထဲတွင် ထက်မြက်သော ငွေရောင် စွမ်းအင် အဝေ့အဝိုက်များ စတင်စုဝေးလာခဲ့သည်။ သူမသည် အလင်းဓား ဒါဇင်ပေါင်းများစွာကို ထိန်းချုပ်ထားသကဲ့သို့ ၎င်းတို့သည် တောက်ပသော အလင်းတန်းများဖြင့် လည်ပတ်ကာ ခုတ်ထစ်နေကြလေသည်။
"အဲဒါကို အတူတကွ စုစည်းလိုက်..."
သူမက ဆက်ပြောသည်။ ငွေရောင် အလင်းတန်းသည် သူ၏ လက်မအရွယ်အစားရှိ ဘောလုံးတစ်လုံးအဖြစ် စုစည်းသွားသော်လည်း သူမက မာဒြာ များကို ဆက်လက်လောင်းထည့်နေခဲ့သည်။
"ပြီးတော့ နင် အဲဒါကို ဆက်ပြီး တမံတုပ် မထားနိုင်တော့တဲ့ အချိန်ကျရင်..."
သူမ၏ လက်များကြားတွင် ရိုင်းစိုင်းပြီး ဝက်အူရစ်ပုံစံ လည်ပတ်နေသော ငွေရောင် အလင်းတန်း မီးတောက်တစ်ခု လည်ပတ်လာခဲ့သည်။
“လွှတ်ချလိုက်..."
ထိုဘောလုံးသည် သူမ၏ လက်ထဲမှ ထွက်ခွာသွားခဲ့သည်။ ၎င်းသည် လက်သီးဆုပ်အရွယ်အစားရှိ ငွေရောင် ဝက်အူရစ်ပုံ ဓား မာဒြာ တစ်ခု ဖြစ်လေသည်။ ၎င်းသည် လေထဲတွင် ဖရိုဖရဲ လည်ပတ်သွားပြီး တစ်ကိုက် သို့မဟုတ် နှစ်ကိုက်ခန့်မျှသာ သွားပြီးနောက် မြေကြီးပေါ်သို့ ရိုက်ဆောင့်ကျသွားလေသည်။
ဘုန်း...
***
အပိုင်း(၂၂၆)
ဘုန်း...
ယီရင်၏ သိုင်းကွက်သည် ပေါက်ကွဲထွက်သွားခဲ့၏။ ဓားချက်ပေါင်း ထောင်ချီ၍ အရပ်မျက်နှာ အသီးသီးသို့ ပေါက်ကွဲထွက်သွားကာ လေထုကို ခုတ်ပိုင်းလိုက်ပြီး မြေကြီးပေါ်တွင် ဖြတ်သန်းသွားသော မြောင်းငယ်ရာပေါင်းများစွာကို ထွင်းထုလိုက်လေသည်။ ၎င်းတို့ထဲမှ အချို့သည် သူ၏ လက်တစ်ဖဝါး အရှည်ထက်ပင် ပို၍ နက်ရှိုင်းပုံရသည်။
ဓားစွမ်းအင် မုန်တိုင်းကြီး မှေးမှိန်သွားသောအခါ လင်းတုန်းမှာ မှင်တက်စွာ ကျန်ရစ်ခဲ့လေသည်။
"နင် အဲဒီသိုင်းကွက်ကို အရင်က သုံးဖူးလို့လား..."
သူမက ပခုံးတွန့်လိုက်သည်။
"ဒီတိုင်း စိတ်ကူးပေါက်လို့ ခုမှ ပေါ်လာတာပါ... ငါ့အတွက်တော့ သိပ်အသုံးမဝင်ပါဘူး... ဒီတိုက်ကွက်က ခြေတစ်လှမ်း နှစ်လှမ်းလောက်ပဲ သွားနိုင်တာ မြင်တယ်မလား... ငါ့ရဲ့ ဓားနဲ့ဆိုရင် ဒီထက်ပိုမြန်မြန် လုပ်နိုင်တယ်... ဓား မာဒြာ က လှုပ်ရှားရတာကို ကြိုက်တယ်၊ အခုလိုမျိုး စုပုံနေတာကို မကြိုက်ဘူး... မီး မာဒြာ အတွက်တော့ လုံလောက်အောင် တည်ငြိမ်သင့်ပါတယ်..."
၎င်းသည် ပုံကြမ်းထဲကအရာနှင့် လုံးဝ တူညီခြင်း မရှိပေ။ သူမသည် မျဉ်းဖြောင့်အတိုင်း ထိုးနှက်သွားမည့် စွမ်းအင်စီးကြောင်းတစ်ခု မဟုတ်ဘဲ လည်ပတ်နေသော ဘောလုံးတစ်လုံးကို ပစ်လွှတ်လိုက်ခြင်း ဖြစ်သည်။ သို့သော် မတူညီသော မာဒြာ သဘာဝများသည် ကွဲပြားစွာ အလုပ်လုပ်မည်ဟု မျှော်လင့်ရမည်သာ ဖြစ်သည်။ ထို့အပြင် ဤသိုင်းကွက်သည် မဟူရာ မီးတောက် အတွက် ဖန်တီးထားခြင်း ဖြစ်လေသည်။
လင်းတုန်းသည် လက်နှစ်ဖက်ကို ခြောက်လက်မခန့် အကွာအဝေးတွင် ကိုင်ထားရင်း မျှော်လင့်ချက်များ ပြည့်နှက်နေခဲ့သည်။ အကယ်၍ နဂါးအသက်ရှူသံ အစား ပေါက်ကွဲနိုင်သော မီးလုံးတစ်လုံးကို ရရှိသွားလျှင်ပင် ၎င်းသည် ယခု သူ့ထံတွင် ရှိနေသော လက်နက်ထက် ပို၍ ဖျက်ဆီးအား ကောင်းသော လက်နက်တစ်ခု ဖြစ်ပေမည်။
သူသည် တိုက်ခိုက်သူ သိုင်းကွက်၏ ပုံစံအတိုင်း မာဒြာ ကို လှည့်ပတ်ကာ လက်ဖဝါးထဲတွင် စွမ်းအားများကို စုဆောင်းလိုက်သည်။ ထို့နောက် သူ၏ လက်များကြားရှိ နေရာလွတ်ကို အာရုံစိုက်ကာ စွမ်းအားများကို စီးဆင်းထွက်ခွာခွင့် ပြုလိုက်လေသည်။
ဘုန်း...
သူ၏ လက်များကြားရှိ လေထုသည် ပေါက်ကွဲထွက်သွားခဲ့သည်။ ဤတစ်ကြိမ်တွင်မူ သူ့ကို လွင့်စင်သွားစေလောက်အောင် မပြင်းထန်သော်လည်း သူသည် နောက်သို့ ခြေအနည်းငယ် ဆုတ်ယိုင်သွားခဲ့ပြီး လက်များမှာလည်း မီးလောင်ကျွမ်းသွားခဲ့သည်။ သူ၏ အပြင်ဘက် ဝတ်ရုံ၏ အရှေ့ပိုင်းသည် ပြေကျစပြုလာပြီး ခါးပတ်မှာလည်း မီးကျွမ်းသွားလေသည်။
"နင် အဲဒါကို မြဲမြဲဆုပ်ကိုင်ထားရမယ်လေ..."
ယီရင်က ပြောလိုက်သည်။
"အဲဒါကိုပဲ ငါ ကြိုးစားနေတာ..."
သူပြောလိုက်စဉ်မှာပင် သူ၏ ဒုတိယအကြိမ် ကြိုးစားမှုက ပေါက်ကွဲထွက်သွားခဲ့သည်။
နောက်ထပ် သုံးကြိမ်တိုင်တိုင် ကျရှုံးပြီးနောက် လင်းတုန်းသည် တိုက်ခိုက်သူ စမ်းသပ်မှု နေရာ၏ တစ်ဖက်စွန်းကို ကြည့်လိုက်သည်။ ၎င်းတို့သည် ကာကွယ်သူ စမ်းသပ်မှု နေရာများနှင့် အများအားဖြင့် တူညီနေသော်လည်း သိသာထင်ရှားသော ချွင်းချက်တစ်ခု ရှိနေသည်။
ကျောက်စာချပ်ဘေးရှိ ခုံတိုင်ပေါ်တွင် သလင်းကျောက်လုံး မရှိသလို တစ်ဖက်တွင်လည်း ခုံတိုင် မရှိပေ။ သေချာသည်မှာ သူသည် မည်သည့်အရာကိုမျှ သယ်ဆောင်သွားရန် မလိုအပ်ခြင်းပင် ဖြစ်သည်။
စမ်းသပ်မှု၏ သဘာဝကို အကဲဖြတ်ကြည့်ရလျှင် သူသည် သိုင်းကွက်တစ်ခုကို ဟိုဘက်အထိ ရောက်အောင် ပစ်လွှတ်ရမည်ဟု ယူဆရမည် ဖြစ်သည်။ သို့သော်... သူ၏ တိုက်ခိုက်သူ သိုင်းကွက် အကွာအဝေးကို လက်မအနည်းငယ်မှ ကိုက်တစ်ရာကျော်အထိ တိုးချဲ့လိုပါက တိုက်ခိုက်သူ တစ်ယောက်အနေဖြင့် သူ၏ ပါရမီသည် ကာကွယ်သူ တစ်ယောက်အနေဖြင့် သူ၏ ပါရမီထက် ပိုမိုသာလွန်နေမည်ဟုသာ သူ မျှော်လင့်ရတော့မည် ဖြစ်လေသည်။
"ငါ ဒီည လေ့ကျင့်လို့ ရတယ်..."
လင်းတုန်းက ခုံတိုင်ပေါ်သို့ လက်တင်ကာ ပြောလိုက်သည်။
"စလိုက်ကြရအောင်..."
ယီရင်သည် သူမ၏ မေးရိုးပေါ်ရှိ အသစ်စက်စက် အမာရွတ်တစ်ခုကို လက်မဖြင့် ပွတ်သပ်လိုက်သည်။
"ငါ့အမြင်ကို မေးမယ်ဆိုရင်တော့ နင်က အတောင်ပံ မပေါက်သေးဘဲ ပျံသန်းဖို့ ကြိုးစားနေသလိုပဲ..."
လင်းတုန်းသည် မာဒြာ များကို လက်ထဲသို့ စုဆောင်းနေပြီ ဖြစ်သည်။ ဤတစ်ကြိမ်တွင်မူ လက်တစ်ဖက်တည်းသာ ဖြစ်လေသည်။
"ငါတို့ ဘယ်လောက်အထိ ပျံသန်းရဦးမယ်ဆိုတာကို သိဖို့ လိုတယ် မဟုတ်လား..."
"အမှန်ပဲ..."
သူမသည် အားတက်သရောဖြင့် သူမ၏ ဓားကို ဆွဲထုတ်လိုက်သည်။ သူမကို စည်းရုံးရန် အများကြီး ပြောနေစရာ မလိုကြောင်းကို သူ သိထားခဲ့ပြီး ဖြစ်သည်။
"အဲဒီ မီးကို ထွန်းညှိလိုက်စမ်းပါ..."
သူမက ပြောလိုက်သည်။
လက်ဖဝါးများမှတစ်ဆင့် မာဒြာ များကို တွန်းထုတ်ရန် သူ နောက်ထပ် စက္ကန့်အနည်းငယ်ခန့် အချိန်ယူလိုက်ရသည်။ ဤတစ်ကြိမ်တွင် သူ၏ မာဒြာ များသည် မီးဖြစ်ကြောင်း သိသာထင်ရှားနေလေသည်။ ၎င်းသည် ခုံတိုင်တစ်ခုလုံးပေါ်သို့ ဖိတ်စင်ကျသွားသော်လည်း မီးခိုးရောင် သလင်းကျောက် သို့မဟုတ် ကျောက်တိုင်ကို မည်သည့် ထိခိုက်ပျက်စီးမှုမျှ မဖြစ်စေခဲ့ပေ။ ထို့အပြင် လင်းတုန်းကိုလည်း တစ်ကိုယ်လုံး နောက်သို့ လွင့်စဉ်သွားစေမည့်အစား သူ၏ လက်မောင်းကိုသာ နောက်သို့ တွန်းထုတ်လိုက်လေသည်။
သိုင်းကွက်သည် ထိုထက်ပို၍ ရှေ့သို့ မရောက်သွားခဲ့သော်လည်း တိုးတက်မှုကတော့ တိုးတက်မှုသာ ဖြစ်လေသည်။
သူ၏ မာဒြာ များ သလင်းကျောက်ထဲသို့ ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် စမ်းသပ်မှု နေရာတစ်ခုလုံးရှိ အစီအရင် စက်ဝိုင်းများ အသက်ဝင်လာခဲ့သည်။ မြေကြီး တုန်ခါသွားပြီးနောက် မှုန်ဝါးနေသော မီးခိုးရောင် အလင်းတန်း နယ်မြေတစ်ခုသည် ကွင်းပြင်၏ အလယ်ဗဟိုတွင် ပေါ်ထွက်လာခဲ့လေသည်။
သတင်းကောင်း တစ်ခုလည်း ရှိလေသည်။ အနည်းဆုံးတော့ ဤတစ်ကြိမ်တွင် သူသည် ကာကွယ်သူ စမ်းသပ်မှုတွင် ပြုလုပ်ခဲ့ရသကဲ့သို့ သိုင်းကွက်ကို ထိန်းထားရန် မလိုအပ်တော့ပေ။
အစီအရင် များသည် ဆက်လက် အလုပ်လုပ်နေပြီး အပြောင်းအလဲများ ပိုမို ပြုလုပ်လာခဲ့သည်။ သို့သော် ယီရင်သည် အောက်သို့ ကိုင်းညွတ်ကာ သူမ၏ လက်သီးဆုပ်ထက် နှစ်ဆခန့်ကြီးသော ကျောက်ခဲတစ်လုံးကို ကောက်ယူလိုက်သည်။ ထို့နောက် လက်ကောက်ဝတ်ကို ခပ်ပေါ့ပေါ့ ဝှေ့ယမ်းကာ ကွင်းပြင်၏ တစ်ဝက်ခန့်အကွာရှိ မီးခိုးရောင် နံရံကြီးထဲသို့ ပစ်သွင်းလိုက်လေသည်။
ကျောက်ခဲသည် တရှဲရှဲမြည်ကာ ပျောက်ကွယ်သွားခဲ့သည်။
"မျှော်လင့်ထားတဲ့အတိုင်းပဲ... သူတို့က ဒီအတိုင်း လျှောက်သွားခွင့် ပြုမှာမဟုတ်ဘူး..."
သူမသည် သူမ၏ ဓားကို ခါယမ်းလိုက်ရာ ငွေရောင်သန်းနေသည့် အလင်းတန်းလှိုင်းတစ်ခုက လေထုကို ခုတ်ပိုင်းသွားလေသည်။ ၎င်းသည် မီးခိုးရောင် နယ်မြေကို အကောင်းပကတိအတိုင်း ဖြတ်သန်းသွားခဲ့သည်။
ထို့ကြောင့် မာဒြာ များသည် ဖြတ်သန်းသွားနိုင်သော်လည်း အစိုင်အခဲများ ဖြတ်သန်း၍ မရနိုင်ကြောင်း သိလိုက်ရသည်။ စိတ်ဝင်စားစရာပင်။
မီးခိုးရောင် နံရံကြီး၏ နောက်ဘက်တွင် အရိပ်များ စုဝေးလာသည်ကို ညစ်ပတ်နေသော မှန်တစ်ချပ်မှတစ်ဆင့် ကြည့်ရသကဲ့သို့ မြင်တွေ့နေရသည်။ သို့သော် လင်းတုန်းသည် အလင်းပေါက်နေသော နံရံကြီးဆီသို့ ပြေးသွားလိုက်သည်။
"ဒါက သိုင်းကွက်တစ်ခုလို့ နင် ထင်လား၊ ဒါမှမဟုတ် အစီအရင် တစ်မျိုးမျိုးများလား..."
ယီရင်သည် သူ၏ နောက်သို့ လိုက်လာခဲ့သော်လည်း နံရံကို ကြည့်မနေဘဲ အခြားတစ်ဖက်တွင် စုဝေးနေသော အရိပ်ပုံရိပ်များကိုသာ စောင့်ကြည့်နေခဲ့သည်။
"ဘယ်ဟာမဆို ဖြစ်နိုင်တယ်လို့ ငါတော့ ထင်တယ်... ဖျက်ဆီးခြင်း အော်ရာ တွေကို တစ်နေရာတည်းမှာ စုစည်းထားပြီး မာဒြာ တွေကိုတော့ လွှတ်ထားတာပဲ..."
လင်းတုန်းသည် သူ၏ ကြေးအဆင့် အမြင် ကို ဖွင့်လိုက်သောအခါ နံရံတစ်ခုလုံးသည် ဖျက်ဆီးခြင်းနှင့် ပျော်ဝင်ခြင်း အဓိပ္ပာယ်များကို ဆောင်ကြဉ်းလာသော မှုန်ဝါးသည့် အမည်းရောင် တွန့်လိမ်နေသော မျဉ်းကြောင်းများ စုဝေးနေခြင်း ဖြစ်ကြောင်း သေချာသွားခဲ့သည်။ ၎င်းတို့က 'အဆုံးသတ်' ဟု အဓိပ္ပာယ်ရလေသည်။
သူသည် ရုပ်ပိုင်းဆိုင်ရာ ကမ္ဘာကို ပြန်လည်အာရုံစိုက်ကာ နံရံ၏ အနားသတ်များကို ရှာဖွေလိုက်သည်။ ထို့နောက် နံရံကို ဖန်တီးပေးထားသော အစီအရင် ကို စစ်ဆေးရန် သူ၏ ဝိညာဉ်ပိုင်းဆိုင်ရာ အာရုံခံနိုင်စွမ်းကို စေလွှတ်လိုက်၏။
"မဟူရာ မီးတောက် မှာ ဖျက်ဆီးခြင်း သဘာဝ ပါဝင်တယ်... ငါများ အဲဒါကို..."
ရုတ်တရက်... ယီရင်က သူ့ကို ဘေးသို့ တွန်းဖယ်လိုက်လေသည်။ သူ၏ ခေါင်းရှိခဲ့ဖူးသော နေရာရှိ လေထုထဲမှ ကြီးမားလေးလံသော အရာတစ်ခု ဖြတ်သန်းသွားသည်။
လင်းတုန်း မြေကြီးပေါ်သို့ လဲကျသွားစဉ်တွင် ထိုလက်နက်ကို တစ်ချက် မြင်လိုက်ရသည်။ ၎င်းသည် လေးလံသော ကျောက်သားလှံတစ်လက် ဖြစ်လေသည်။
မီးခိုးရောင် နံရံထဲမှ နောက်ထပ် လှံများ လျင်မြန်စွာ ဆက်တိုက် ထွက်ပေါ်လာပြီး ယီရင် ထံသို့ တည့်တည့်မတ်မတ် ဦးတည်လာကြသည်။ သူမသည် မီးတောက် ခြုံလွှာ ကို အသက် သွင်းမထားသည့် လင်းတုန်း မျက်စိဖြင့်ပင် မလိုက်နိုင်လောက်အောင် လျင်မြန်စွာ လှုပ်ရှားလိုက်သည်။ သူမသည် လှံတစ်လက်ကို ခေါင်းငုံ့ရှောင်လိုက်ပြီး ဒုတိယလှံကို ရွှေအဆင့် အမှတ်အသား ဖြင့် လမ်းကြောင်းလွှဲပစ်လိုက်ကာ တတိယလှံကိုမူ ဘေးသို့ ရှောင်ဖယ်လိုက်လေသည်။
လှံများသည် ကွင်းပြင်၏ အဆုံးအထိ ပျံသန်းသွားပြီး အဝင်မုခ်ဦး မရောက်မီလေးတွင် မြေကြီးပေါ်သို့ တချွင်ချွင်မြည်ကာ ကျသွားကြလေသည်။
လင်းတုန်းသည် နံရံအနီးမှ နောက်သို့ စတင်ဆုတ်လိုက်သည်နှင့် တစ်ပြိုင်နက် လှံတစ်လက်သည် လျှပ်စီးကြောင်းတစ်ခုကဲ့သို့ သူ့ထံသို့ တိုက်ရိုက် ပျံသန်းလာလေသည်။
မီးတောက် ခြုံလွှာ လင်းလက်လာပြီးနောက် သူသည် လှံထိပ်ဖျားကို လက်သီးဖြင့် ရိုက်ခွဲလိုက်လေသည်။
လှံကျိုးသွားသည်နှင့် တစ်ပြိုင်နက် ကျောက်တုံးအပိုင်းအစများသည် စတင်အရည်ပျော်သွားကြသည်။ ဆိုလိုသည်မှာ ၎င်းတို့သည် မာဒြာ များပင် ဖြစ်သည်။ စစ်သည်ရုပ်တုများကဲ့သို့ပင် ဖြစ်လေသည်။
၎င်းက စိတ်သက်သာရာ ရစေခဲ့သည်။ အကယ်၍ အစစ်အမှန် ကျောက်တုံးများသာ ဆိုပါက ဖန်တီးသူ သိုင်းကွက်ထက် ကိုင်တွယ်ဖြေရှင်းရန် များစွာ ပိုမိုခက်ခဲပေလိမ့်မည်။
သူသည် နောက်ထပ် လှံတစ်လက် လာမည်ကို အသက်တစ်ရှိုက်စာခန့် စောင့်ဆိုင်းနေခဲ့သော်လည်း မည်သည့်လှံမျှ ရောက်မလာခဲ့ပေ။ ထို့နောက် သူသည် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်သည်။
ထိုအခါ လှံနှစ်လက်သည် တစ်လက်အပေါ် တစ်လက် ထပ်လျက် သူ့ထံသို့ ပျံသန်းလာလေသည်။
မီးတောက် ခြုံလွှာ ကို အသုံးပြုထားသည့်တိုင် သူ အချိန်မီ မတုန့်ပြန်နိုင်ခဲ့ချေ။ သူသည် တစ်လက်ကို ဘေးသို့ ရိုက်ထုတ်နိုင်ခဲ့သော်လည်း ဒုတိယတစ်လက်က သူ၏ လက်မောင်းအတွင်းပိုင်းကို ရှပ်ထိသွားခဲ့သည်။ ထို့အပြင် သူ၏ ခြုံလွှာ မှာလည်း မည်သည့်စက္ကန့်တွင်မဆို ပြယ်သွားနိုင်ခြေ ရှိနေသည်။ တိုက်ခိုက်သူ သိုင်းကွက်ကို အကြိမ်ကြိမ် မှားယွင်းစွာ အသုံးပြုခဲ့ပြီးနောက်တွင် သူ၌ ၎င်းကို ထိန်းထားနိုင်ရန် မာဒြာ အလုံအလောက် မရှိတော့ပေ။
သူသည် မာဒြာ နှင့် လှုပ်ရှားမှုများကို ချွေတာရန် ကြိုးစားရင်း နေရာတွင်ပင် ရပ်တန့်သွားခဲ့သည်။ ထိုအခါ နောက်ထပ် လှံများ ထပ်မံထွက်ပေါ်လာခြင်း မရှိတော့ပေ။
တစ်ချိန်တည်းမှာပင် စီးဆင်းနေသော လှံများသည် တဖြည်းဖြည်း နောက်ဆုတ်နေသော ယီရင် ထံသို့ ပျံသန်းလာကြသည်။
"မလှုပ်နဲ့တော့..."
လင်းတုန်းက အော်ပြောလိုက်ရာ ယီရင်သည် လေထဲမှ လှံနှစ်လက်ကို ဖမ်းဆုပ်လိုက်ပြီးနောက် ရပ်တန့်သွားခဲ့သည်။
ကျန်ရှိနေသော လှံများသည် မြေကြီးပေါ်သို့ တချွင်ချွင်မြည်ကာ ကျသွားကြသည်။ လင်းတုန်း၏ လက်မောင်းမှ သွေးများသည် လက်ချောင်းထိပ်များအထိ စီးကျလာပြီး ယီရင်သည် လက်တစ်ဖက်စီတွင် လှံတစ်လက်စီကို ကိုင်ကာ အမောတကော ရပ်နေလေသည်။
နံရံကြီးမှာ ငြိမ်သက်သွားခဲ့ပြီ ဖြစ်သည်။
***