အခန်း (၂၂၇-၂၂၈)
Vol. 17 Ch. 227-228
အပိုင်း(၂၂၇)
လင်းတုန်းသည် သတိကြီးစွာဖြင့် မီးတောက် ခြုံလွှာ ကို ရပ်တန့်လိုက်၏။ သူ၏ ခန္ဓာကိုယ်ပတ်လည်ရှိ တောက်လောင်နေသော အနီနှင့်အမည်း စွမ်းအင်များ မှေးမှိန်သွားခဲ့လေသည်။
မီးခိုးရောင် အော်ရာနှင့် မှုန်ဝါးနေသော နံရံကို ဖြတ်၍ ကြည့်ရန် ခက်ခဲသော်လည်း သူသည် ပုံရိပ်အချို့ကို သဲသဲကွဲကွဲ မြင်တွေ့နိုင်ခဲ့သည်။ လေထဲတွင် မျောလွင့်နေသော မညီညာသည့် အရိပ်ဘောလုံး သုံးလုံးသည် တစ်ခုနှင့်တစ်ခု အကွာအဝေး ပေနှစ်ဆယ်ခန့်စီခြားလျက် တြိဂံပုံစံ စုဝေးနေကြသည်။ ထိုဘောလုံးများသည် သူ၏ ခေါင်းအရွယ်အစားခန့်သာ ရှိသော်လည်း ၎င်းတို့သည် အရည်များကဲ့သို့ လှုပ်ရှားစီးဆင်းနေကြသည်။
လင်းတုန်းသည် မိမိ၏ ခန္ဓာကိုယ်ကို တတ်နိုင်သမျှ မလှုပ်ရှားစေဘဲ အသံကို မြှင့်ကာ ပြောလိုက်သည်။
"ငါ အမည်းရောင် အစက် သုံးစက်ကို မြင်နေရတယ်... အဲဒါတွေက လှံတွေရဲ့ အရင်းအမြစ် ဖြစ်နိုင်တယ်လို့ နင် ထင်လား..."
"ပစ်မှတ်တွေလို့ ငါ ထင်တယ်..."
ယီရင်က ပြန်ဖြေလိုက်သည်။
"နှစ်ခုစလုံးလည်း ဖြစ်နိုင်တာပဲ..."
ယီရင်က သူမ၏ လှံတစ်လက်ကို အလွန်နှေးကွေးစွာ အချိန်ယူ၍ ချိန်ရွယ်လိုက်သည်။
"စမ်းကြည့်ကြတာပေါ့..."
သူမက ချောမွေ့သော လှုပ်ရှားမှု တစ်ချက်ဖြင့် လှံကို ပစ်ပေါက်လိုက်လေသည်။
နောက်ထပ် လှံတစ်လက်က သူမထံသို့ ပျံသန်းလာသော်လည်း သူမက ခေါင်းငုံ့ရှောင်လိုက်၏။ ၎င်းက သူမ၏ ခေါင်းပေါ်မှ ဖြတ်သွားခဲ့သည်။
အစပိုင်းတွင် လင်းတုန်းသည် သူမ ပစ်လိုက်သော လက်နက်မှာ မီးခိုးရောင် နံရံထဲတွင် အရည်ပျော်သွားမည်ဟု ထင်မှတ်ခဲ့သော်လည်း ၎င်းမှာ ဖန်တီးထားသော မာဒြာ ဖြစ်ကြောင်းကို သူ ပြန်လည်သတိရသွားခဲ့သည်။ ထို့ကြောင့် ဖျက်ဆီးခြင်း အော်ရာ က ၎င်းကို လျစ်လျူရှုထားမည်သာ ဖြစ်သည်။
သို့သော် ၎င်းသည် ရွေ့လျားနေသော အရာဝတ္ထုတစ်ခုလည်း ဖြစ်လေသည်။
အခြားတစ်ဖက်မှ နောက်ထပ် လှံတစ်လက် ထွက်ပေါ်လာပြီး ယီရင်၏ လှံကို ဝင်တိုက်လိုက်သည်။ ၎င်းတို့သည် မြေကြီးပေါ်သို့ တချွင်ချွင်မြည်ကာ ကျသွားပြီး တဖြည်းဖြည်း အပိုင်းပိုင်း ပြတ်ထွက်သွားကြလေသည်။
"ဒါ တော်တော်လေး သပ်ရပ်တဲ့ လှည့်ကွက်လေးပဲ..."
ယီရင်က ကျန်ရှိနေသေးသော လှံတစ်လက်ကို ကိုင်ကာ ဆောင့်ကြောင့်ထိုင်လျက် ပြောလိုက်သည်။ ယခုအခါ လင်းတုန်းသည် အခြေအနေကို အကဲဖြတ်နိုင်ပြီဟု ထင်လိုက်သည်။
နံရံသည် သူတို့ကို အနီးသို့ မကပ်နိုင်စေရန်နှင့် တိုက်ခိုက်သူ သိုင်းကွက်များကို အသုံးပြုလာစေရန် ဖိအားပေးရန်အတွက် ဖြစ်သည်။ လှံများကမူ သူတို့ကို ဖိအားပေးထားရန် ဖြစ်လေသည်။ သူတို့သည် လှံများ၏ အာရုံစိုက်မှုကို မဆွဲဆောင်မိစေဘဲ ပစ်မှတ်သုံးခုကို ဖြိုချရန် လိုအပ်သည်။
သူ့အတွက် ချထားပေးသော လမ်းကြောင်းကို သူ မြင်တွေ့နိုင်နေပြီ ဖြစ်သည်။ သူသည် လှံများကို ကာကွယ်နေရင်း တစ်ချိန်တည်းမှာပင် မီးကို လျင်မြန်တိကျစွာ ပစ်လွှတ်ရမည် ဖြစ်သည်။ လှံများကို ကာကွယ်ရန် မဆိုထားနှင့် ၊ မီးကို တည့်တည့်မတ်မတ် ပစ်လွှတ်ရန်ပင် လပေါင်းများစွာ ပြင်းပြင်းထန်ထန် လေ့ကျင့်ရမည် ဖြစ်သည်။ သို့သော် အီသန် သည် ဤစမ်းသပ်မှုအတွက် သူ့ကို ခြောက်ပတ်သာ အချိန်ပေးထားခဲ့သည်။
သူသည် ဖြတ်လမ်းတစ်ခု လိုအပ်နေသည်။
လင်းတုန်းသည် ဂူထဲသို့ ပြန်သွားပြီး စတင်လေ့ကျင့်ချင်နေခဲ့သော်လည်း စမ်းသပ်မှု ကွင်းပြင်၏ အလယ်ဗဟိုတွင် ရပ်တန့်နေခဲ့ရသည်။ သူသည် မေးရမည်ကို မုန်းတီးသော်လည်း ယခုကဲ့သို့ မာဒြာ အားနည်းနေချိန်တွင် ထွက်ပေါက်တစ်ခုတည်းကိုသာ စဉ်းစားနိုင်တော့သည်။
"တောင်းပန်ပါတယ်... ဒါပေမဲ့ ငါ ပြေးနေတုန်း နင် ငါ့ကို အကာအကွယ် ပေးနိုင်မလား..."
"ရပါတယ်... ဒါပေမဲ့ ငါသာ မကာကွယ်နိုင်ခဲ့ရင် ဖြစ်နိုင်သမျှ အဆိုးဆုံးက နင့် ကျောကို လှံဖောက်သွားတာပဲ ဖြစ်မှာပေါ့..."
သူမက နောက်ပြောင်သကဲ့သို့ ပြောလိုက်၏။ သို့သော်လည်း လင်းတုန်းကတော့ လက်ကောက်ဝတ်ခန့် တုတ်သော လှံတစ်လက်က သူ၏ နံရိုးများအား ထိုးဖောက်သွားသည်ကို မြင်ယောင်နေမိပြီ ဖြစ်သည်။ သူ၏ သွေးရည်ကျို သံမဏိအဆင့် ခန္ဓာကိုယ် ပင်လျှင် ၎င်းကို ကုသပေးနိုင်မည် မဟုတ်ပေ။
သူ ငြိမ်သက်စွာ နေလိုက်၏။
"ကျောကို လှံဖောက်တာက နင့်အတွက်တော့ ဘာမှမဟုတ်ဘူးဆိုတာ ငါ သေချာပါတယ်... ဒါပေမဲ့ ငါ့ရဲ့ သံမဏိအဆင့် ခန္ဓာကိုယ် နဲ့တောင် ငါက..."
"စပြေးတော့ လင်းတုန်း…”
...
တစ်ပတ်ခန့် ကြာမြင့်ပြီးနောက်၌ လင်းတုန်းသည် သူ၏ လက်နှစ်ဖက်ကြားတွင် မဟူရာ မီးတောက် အလုံးတစ်လုံးကို ဖန်တီးနိုင်လုနီးပါး ဖြစ်လာခဲ့သည်။ ထိုမီးတောက်သည် ချက်ချင်းပင် ပေါက်ကွဲသွားတတ်၏။ ထို့ကြောင့် သူသည် အင်္ကျီချွတ်ကာ လေ့ကျင့်ရန် ဆုံးဖြတ်ခဲ့သည်။ သို့မဟုတ်ပါက သူ၏ အပြင်ဘက် ဝတ်ရုံသည် ဒုတိယနေ့တွင်ပင် မီးလောင်ပြာကျသွားမည် ဖြစ်သည်။
တိုက်ခိုက်သူ စမ်းသပ်မှုတွင် သူတို့၏ ကြိုးစားမှုများသည် အောင်မြင်မှု မရှိခဲ့ပေ။ ယီရင်သည် ထိုပစ်မှတ်များကို မဖျက်ဆီးနိုင်ကြောင်း သူတို့ အလျင်အမြန်ပင် နားလည်သွားခဲ့ကြသည်။ မှုန်ဝါးနေသော အော်ရာ နံရံနောက်တွင် ပေါလောပေါ်နေသည့် အမည်းရောင် အစိုင်အခဲများသည် ခုတ်ပိုင်းခံရလျှင်ပင် ပြန်လည် ပေါင်းစည်းသွားတတ်ကြသည်။
ထိုပစ်မှတ်များကို ဖျက်ဆီးရန်အတွက် သူတို့သည် မဟူရာ မီးတောက်ကို လိုအပ်သည်။
လင်းတုန်းသည် နောက်ထပ် မဟူရာ မီးတောက် အစိုင်အခဲတစ်ခုကို ထပ်မံ စုစည်းလိုက်သည်။ ထိုအခါ သူ၏ လက်ဝါးပြင်များတွင် ရင့်မှည့်နေသော သွေးရောင် အလင်းတန်းများ ဖြာထွက်လာခဲ့သည်။ သူ၏ စိတ်နှင့် ဝိညာဉ်သည် နေရာတစ်ခုတည်းသို့ စုစည်းသွား၏။ သူသည် အလုပ်အပေါ်တွင် လုံးလုံးလျားလျား အာရုံစိုက်ထားကာ ချွေးသီးချွေးပေါက်များစွာသည် သူ၏ မျက်နှာပေါ်မှ စီးကျလာခဲ့သည်။
သူ၏ လက်ဝါးနှစ်ဖက်ကြားရှိ လောင်ကျွမ်းနေသော မာဒြာအလုံးသည် ဖောင်းကြွလာခဲ့သည်။ ၎င်းသည် လက်သီးဆုပ်ခန့် အရွယ်အစားရှိသည်အထိ ကြီးမားလာ၏။ နောက်ထပ် အနည်းငယ်သာ ဆိုလျှင် ဤနည်းစနစ်၏ ပထမအဆင့်ကို အောင်မြင်ပြီဟု သူ သတ်မှတ်နိုင်မည် ဖြစ်သည်။
သူသည် ထိုအလုံးထဲသို့ နောက်ထပ် မာဒြာ စွမ်းအင်တစ်ချက်ကို ပို့လွှတ်လိုက်သည်။ ထိုအခါ ၎င်းသည် ပေါက်ကွဲထွက်သွားခဲ့သည်။
သူသည် ပက်လက်လှန်လျက် ပြုတ်ကျသွားကာ ဦးခေါင်းနှင့် မာကျောနေသော မြေပြင်တို့ ရိုက်မိသွားခဲ့သည်။ ထို့နောက် သူသည် တောင်ကြားအပေါက်မှတစ်ဆင့် မြင်နေရသော အပြာရောင် ကောင်းကင်ပြင်ကို မော့ကြည့်နေလိုက်သည်။ သူ၏ အသက်ရှူသံများသည် ပြင်းထန်နေ၏။ နောက်ထပ် တစ်ကြိမ် ထပ်မံကြိုးစားရန်အတွက် သူ မာဒြာများကို ပြန်လည် စုစည်းလိုက်သည်။ ထို့နောက် မာဒြာလည်ပတ်ခြင်း စည်းချက်ကို ပြန်လည် ရှာဖွေရန် ကြိုးစားနေခဲ့သည်။
ထိုစဉ်... အနီရောင် သန်းနေသော အရိပ်တစ်ခုသည် သူ၏ အပေါ်သို့ ကျရောက်လာခဲ့သည်။ အမှောင်ထုထဲမှ တောက်လောင်နေသော အနီရောင် စက်ဝိုင်းများသည် သူ၏ မျက်လုံးများဆီသို့ ရွေ့လျားလာခဲ့သည်။
"အော်သို..."
လင်းတုန်းသည် မောဟိုက်စွာ ရေရွတ်လိုက်သည်။ ထို့နောက် အရိုအသေပေးနိုင်ရန်အတွက် ခြေထောက်များကို အားပြုကာ သတိထား၍ မတ်တတ်ရပ်လိုက်သည်။
"ကျွန်တော်တို့ မတွေ့ရတာ တော်တော်ကြာပြီပဲ..."
ဧရာမ လိပ်ကြီးသည် သဘောတူညီသည့် အနေအထားမျိုးဖြင့် တစ်စုံတစ်ရာကို ညည်းတွားလိုက်သည်။
"ငါတော့ သဘောမကျဘူး..."
ထိုသို့ ပြောလိုက်ပြီးနောက် ၎င်းသည် ကျောက်တုံးငယ် တစ်တုံးကို ကိုက်ဖြတ်စားသောက်လိုက်သည်။
လင်းတုန်းသည် သူ၏ ကျင့်ကြံသူ ဝတ်ရုံကို အလျင်အမြန် ပြန်ဆွဲတင်လိုက်သည်။ သူသည် ဝတ်ရုံကို ခါးအထိ လျှောချထားခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ ဧည့်သည်တစ်ယောက်ကို တွေ့ဆုံရန် ယဉ်ကျေးသော အပြုအမူ မဟုတ်ပေ။
"ခွင့်လွှတ်ပါ လေးစားရတဲ့ အော်သို... ဧည့်သည်လာမယ်လို့ ကျွန်တော် မျှော်လင့်မထားခဲ့ဘူး..."
အော်သို နီးကပ်လာသည်ကို သူ ခံစားသိရှိခဲ့သည်။ သို့သော် လွန်ခဲ့သော လအနည်းငယ်အတွင်း ထိုလိပ်ကြီးသည် တောင်ကြားအနီးသို့ အကြိမ်ပေါင်းများစွာ ရောက်ရှိခဲ့ဖူးသည်။ ၎င်းသည် တစ်ကြိမ်တစ်ခါမျှ ဝင်ရောက်လာခဲ့ခြင်း မရှိပေ။ ထို့ပြင် လင်းတုန်း၏ အာရုံစိုက်မှုသည် သူ၏ တစ်ဝက်တစ်ပျက် ဖြစ်ပေါ်နေသော တိုက်ခိုက်သူ နည်းစနစ်ပေါ်တွင်သာ လုံးလုံးလျားလျား ရှိနေခဲ့သည်။
"မင်းရဲ့ လေ့ကျင့်မှုအပေါ် ဒီလောက်တောင် အာရုံစိုက်ထားတာ... တိုးတက်မှုတော့ ရှိသင့်တယ်..."
အော်သိုက ပြောလိုက်သည်။ နောက်ဆုံး စကားလုံးတွင် မုန်းတီးမှုများနှင့် ဒေါသများ ပြည့်နှက်နေ၏။ ထို့ကြောင့် အော်သို၏ မျက်လုံးများသည် အနီရောင်မှသည် လင်းလက်နေသော မီးတောက်တစ်ခုကဲ့သို့ လိမ္မော်ရောင်သို့ ပြောင်းလဲသွားခဲ့သည်။ လင်းတုန်းသည် သူ၏ ဝိညာဉ်ထဲတွင် ထိုဒေါသ၏ ပြင်းထန်မှုကို ခံစားလိုက်ရသည်။ သူ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်၏။ ထို့နောက် တိုက်ခိုက်ရန်အတွက် သူ၏ မာဒြာများကို အလိုအလျောက်ပင် လည်ပတ်စေလိုက်သည်။
အော်သိုသည် သူ၏ ခေါင်းကို တစ်ဖက်သို့ ရုတ်တရက် လှည့်လိုက်သည်။ သူ ဒေါသများကို ပြန်လည် ချုပ်တည်းကာ မိမိကိုယ်ကို ထိန်းချုပ်လိုက်သည်။
"မင်း မြင်တယ်မလား..."
နောက်ဆုံးတွင် သူက ပြောလိုက်သည်။
"မင်းဆီက ငါ ယူခဲ့တဲ့ သန့်စင်တဲ့ မာဒြာတွေက ဆွေးမြေ့ပျက်စီးမှုတွေကို ထိန်းညှိပေးဖို့ မလုံလောက်တော့ဘူး... မင်းဆီကို ငါ့ရဲ့ စွမ်းအင်တွေ ထပ်ဖြည့်ပေးဖို့ လိုနေပြီ... ဒါပေမဲ့ မင်းက အဆင်သင့် မဖြစ်သေးဘူး... ငါတော့ တော်တော်လေး စိတ်ပျက်တယ်..."
လင်းတုန်း ပထမဆုံး အာရုံခံမိခဲ့ချိန်ကထက် အော်သို၏ ဝိညာဉ် အခြေအနေသည် ပိုမို ကောင်းမွန်နေခဲ့သည်။ နာကျင်ဖွယ်ရာ ပူလောင်နေသော အပူရှိန်ကို ပိုမို ထိန်းချုပ်ထားနိုင်ခဲ့၏။ ယခုအခါ ရိုင်းစိုင်းစွာ တောက်လောင်နေသော မီးတောက်အစုအဝေးကြီး အစား ပုံမှန် စက်ဝန်းများအဖြစ် ရွေ့လျားနေပြီ ဖြစ်သည်။
သို့သော်လည်း ပေါက်ကွဲခါနီး မီးတောင်တစ်ခုကဲ့သို့ ခံစားနေရဆဲ ဖြစ်သည်။
***
အပိုင်း(၂၂၈)
"တကယ်လို့ မာဒြာပြားတွေ လိုအပ်မယ်ဆိုရင် ကျွန်တော် နည်းနည်း ထပ်ပြီး ဖန်တီးထားပါတယ်..."
လင်းတုန်းက အော်သိုကို ကြည့်ရင်း ပြောလိုက်သည်။ သူသည် လွယ်အိတ်ကို ခြေထောက်နှင့် အနည်းငယ်အကွာတွင် ချထားခဲ့သည်။ သူ အိတ်ထဲမှ အပြာနှင့် အဖြူရောင်စပ်နေသော အလင်းပေါက် အကြွေစေ့ တစ်ဆုပ်ကို နှိုက်ယူလိုက်၏။ သူက ၎င်းတို့ကို အော်သိုထံသို့ ပစ်ပေးလိုက်သည်။ ထိုမာဒြာပြားများသည် လေထဲတွင်ပင် အပြာနုရောင် ရေစီးကြောင်းများအဖြစ် ပျော်ဝင်သွားပြီး လိပ်ကြီး၏ ခန္ဓာကိုယ်ထဲသို့ စီးဆင်းသွားခဲ့သည်။
တစ်စုံတစ်ရာ ထူးခြားသွားခြင်း ရှိမရှိကိုမူ လင်းတုန်း မမြင်နိုင်ခဲ့ပေ။
"ဒီလောက်နဲ့တော့ လုံလောက်မှာ မဟုတ်ဘူး..."
အော်သိုက ဟိန်းဟောက်လိုက်သည်။
"တကယ်လို့ လုံလောက်မယ်ဆိုရင် အာရီလီယပ် မိသားစုက ငါ့ကို ကုသပေးပြီးနေလောက်ပြီ... သူတို့က အဆင့်နိမ့် မာဒြာပြား နည်းနည်းထက် အများကြီး ပိုပြီး တတ်နိုင်စွမ်း ရှိတယ်..."
"သူတို့ တတ်နိုင်မယ်ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်... သူတို့က ခင်ဗျား အပေါ် အရမ်းကို လေးစားကြတာပါ..."
အော်သိုက နှာမှုတ်လိုက်ရာ အမည်းရောင် မီးတောက်တချို့သည် လက်မအနည်းငယ်ခန့် ထွက်ပေါ်လာခဲ့သည်။
"ဒီလိုပဲ ဖြစ်သင့်တာပေါ့... ငါ့ရဲ့ ကာကွယ်ပေးမှုအတွက် ကျေးဇူးဆပ်တဲ့အနေနဲ့ သူတို့က ငါ့ကို အလုပ်အကျွေး ပြုနေကြတာ..."
အော်သိုက မည်သည့် ကာကွယ်မှုမျိုး ပေးနေသည်ကို လင်းတုန်း တစ်ခါမျှ မတွေ့ဖူးခဲ့ချေ။ အာရီလီယပ် မိသားစုကသာ သူ့ကို ကာကွယ်ပေးနေသည်နှင့် ပို၍ တူနေသည်။
"အဲဒီလို ကာကွယ်ပေးရင်းနဲ့ အရှင် ထိခိုက်ဒဏ်ရာ ရခဲ့တာလား..."
"ဘယ်နဂါးမဆို ဘာပဲဖြစ်ဖြစ် ကိုယ်ပိုင်ဆိုင်တဲ့အရာကို ကာကွယ်ကြမှာပဲ..."
သူက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
"အဲဒီအတွက် အသက်သေရမယ်ဆိုရင်တောင်ပေါ့..."
အော်သို၏ ဝိညာဉ်သည် များသောအားဖြင့် မာနတရားများဖြင့် တောက်လောင်နေတတ်သည်။ သို့သော် ယခုအခါတွင်မူ သူသည် အထူးတလည် ဂုဏ်ယူနေပုံ မပေါ်ပေ။ ပုံမှန် လုပ်ရိုးလုပ်စဉ် အလုပ်တစ်ခုအကြောင်းကို ပြောနေသကဲ့သို့သာ ရှိနေ၏။
"ဘယ်လို အန္တရာယ်မျိုးက အရှင့်ကို ကိုယ်တိုင် ပါဝင်လှုပ်ရှားဖို့ လိုအပ်စေခဲ့တာလဲ..."
"လမ်းလွဲနေတဲ့ မဟူရာ မီးတောက် တစ်ယောက်ကြောင့်ပေါ့..."
အထင်အရှား သိသာနေသည့်အရာတစ်ခုကဲ့သို့ သူက ပြောလိုက်သည်။
မဟူရာ မီးတောက်များသည် လွန်ခဲ့သော နှစ်ငါးဆယ်ကတည်းက ကျဆုံးသွားခဲ့ပြီဟု အီသန်က ပြောခဲ့ဖူးသည်။ သို့သော် အော်သိုသည် သူ၏ ကိုယ်ပိုင် စွမ်းအားကြောင့် ရူးသွပ်သွားခဲ့သည်မှာ ထိုမျှလောက် အချိန်မကြာသေးပေ။ အပြင်ဘက်တွင် အခြားသော မဟူရာ မီးတောက်များ ရှိနေသေးသည်လော။ သူတို့သည်လည်း အော်သိုကဲ့သို့ပင် သူတို့၏ ဝိညာဉ်များနှင့် ရုန်းကန်နေရသည်လား ဆိုသည်ကိုမူ မသိနိုင်ပေ။
အကယ်၍ ရှိနေခဲ့လျှင် သူတို့သည် လင်းတုန်းကို ခြိမ်းခြောက်မှုတစ်ခုအနေဖြင့် မြင်မည်လော၊ သို့မဟုတ် အလားအလာရှိသော အဖွဲ့ဝင်သစ် တစ်ယောက်အနေဖြင့် မြင်မည်လော။ မည်သည့် အလားအလာကမဆို သူ့ကို တုန်လှုပ်သွားစေသည်။
အော်သိုက မြေကြီးထဲမှ ကျောက်တုံးတစ်တုံးကို တူးဖော်ကာ ပါးစပ်ထဲသို့ ပစ်သွင်းလိုက်သည်။
"ဒါက အချိန်ဖြုန်းနေတာပဲ... မင်းရဲ့ မသိနားမလည်မှုတွေကို ငါ့ကို ပြစမ်း၊ ငါ မင်းကို လမ်းညွှန်ပြသပေးမယ်..."
ထိုလိပ်ကြီး စိတ်မပြောင်းသွားမီ လင်းတုန်းသည် တိုက်ခိုက်သူ နည်းစနစ်အတွက် ရေးဆွဲထားသော အခြေခံ လည်ပတ်ခြင်း ပုံစံကို အလျင်အမြန် ကျင့်သုံးလိုက်သည်။ ထို့နောက် မာဒြာများကို သူ၏ လက်များဆီသို့ စုစည်းလိုက်၏။ သူသည် လက်ဝါးနှစ်ဖက်ကို လက်မအနည်းငယ်သာ ခွာထားလိုက်သည်။ လက်နှစ်ဖက်ကြားရှိ လေထုပေါ်သို့ အာရုံစိုက်ကာ မာဒြာများကို အလုံးတစ်လုံးဖြစ်လာစေရန် တွန်းပို့လိုက်သည်။
အမည်းရောင် မီးတောက်များသည် လင်းလက် တောက်လောင်လာခဲ့သည်။ ၎င်းတို့သည် အပြင်သို့ အလျင်စလို ထွက်ပေါ်ချင်နေကြ၏။ သို့သော် လင်းတုန်းက ၎င်းတို့ကို နေရာမှာပင် ထိန်းချုပ်ထားခဲ့သည်။ လက်နှစ်ဖက်ကြားရှိ လေထဲတွင် ဝဲလှည့်နေစေရန် သူ ထိန်းသိမ်းထား၏။ သူသည် နောက်ထပ် အလွှာတစ်ခုကို ထပ်မံ ပေါင်းထည့်လိုက်သည်။ ထို့နောက် နောက်ထပ် အလွှာတစ်ခုကို ထပ်ပေါင်းထည့်လိုက်ရာ မာဒြာများကို ထိန်းချုပ်ထားရသော အားထုတ်မှုကြောင့် သူ တုန်ယင်လာခဲ့သည်။
"ငါ မြင်တာ လုံလောက်ပြီ..."
အော်သိုက ပြောကာ သူ၏ ရှေ့လက်သည်းဖြင့် လင်းတုန်း၏ လက်များကို ခေါက်လိုက်သည်။ မဟူရာ မီးတောက် မာဒြာသည် ငြိမ်းသတ်ခံလိုက်ရသော ဖယောင်းတိုင်တစ်ခုကဲ့သို့ ပျောက်ကွယ်သွားခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ၎င်းသည် ပေါက်ကွဲမသွားခဲ့ပေ။ ထို့နောက် အော်သိုသည် လင်းတုန်းထံမှ မျက်နှာလွှဲသွားခဲ့သည်။
"ဒီနည်းစနစ်ကို မိသားစုက ဘယ်လိုခေါ်လဲဆိုတာတော့ ငါ မသိဘူး... ဒါပေမဲ့ ဒါက နဂါးတစ်ကောင်ရဲ့ အသက်ရှူထုတ်တာကို အတုယူပြီး ဖန်တီးထားတာပဲ..."
လင်းတုန်းသည် ယီရင်ကို စိတ်ထဲမှ တိတ်တဆိတ် ကျေးဇူးတင်လိုက်သည်။
"ငါ့ကို သေချာကြည့်ပြီး သင်ယူစမ်း..."
အော်သိုသည် ၎င်း၏ မေးရိုးများကို ဟဖြဲလိုက်သည်။ ထို့နောက် သူ၏ လည်ချောင်းထဲတွင် နီရဲသော အလင်းတန်းများ စုစည်းလာခဲ့သည်။
လင်းတုန်းသည် သူ၏ မျက်လုံးများနှင့် အာရုံခံနိုင်စွမ်း နှစ်ခုစလုံးကို အသုံးပြု၍ ထိုနည်းစနစ်ပေါ်သို့ အာရုံစိုက်ထားလိုက်သည်။ မာဒြာများသည် အော်သို၏ လည်ချောင်းထဲမှ အထက်သို့ စီးဆင်းလာခဲ့သည်။ ထို့နောက် လည်ချောင်း၏ နောက်ဘက်တွင် စုစည်းသွားကာ ရပ်တန့်သွား၏။ ပို၍ များပြားသော မာဒြာများသည် အမည်းရောင် မီးလုံးကြီးတစ်ခုထဲသို့ စီးဝင်သွားခဲ့သည်။ ထိုမီးလုံးသည် ပို၍ မြန်ဆန်စွာ လည်ပတ်နေပြီး လင်းတုန်း၏ ဦးခေါင်း တစ်ဝက်ခန့် အရွယ်အစားအထိ ကြီးမားလာခဲ့သည်။
ထို့နောက် အော်သိုက ၎င်းကို လက်သီးဆုပ်ခန့်သာ ရှိတော့သည်အထိ ဖိသိပ်လိုက်သည်။ ထို့နောက် ၎င်းထဲသို့ စွမ်းအင်များကို ထပ်မံ လောင်းထည့်လိုက်ပြန်သည်။
ထိုဖြစ်စဉ် တစ်ခုလုံးသည် တစ်စက္ကန့် သို့မဟုတ် နှစ်စက္ကန့်ခန့်သာ ကြာမြင့်ခဲ့သည်။ အော်သိုသည် မီးလုံးကို အမြဲတမ်း လည်ပတ်နေစေလျက် စွမ်းအင်များကို သုံးကြိမ်တိုင်တိုင် ဖိသိပ်ထည့်သွင်းခဲ့၏။ လိပ်ကြီးသည် မာဒြာကို သူ၏ ဝိညာဉ်ဖြင့် ထိန်းချုပ်ထားခဲ့သည်။ သို့သော် သူသည် ၎င်းကို တင်းကြပ်စွာ ဆုပ်ကိုင်ထားခြင်း မရှိပေ။ ဖိသိပ်ရန် အဆင်သင့် မဖြစ်မီအချိန်အထိ ဥတစ်လုံးကို ကိုင်တွယ်ထားသကဲ့သို့ ညင်သာစွာ ထိန်းထားခဲ့ခြင်း ဖြစ်သည်။
ဟိန်းဟောက်သံကြီး တစ်ချက်နှင့်အတူ အော်သိုသည် ထိုနည်းစနစ်ကို ပစ်လွှတ်လိုက်သည်။
လင်းတုန်းသည် လိပ်ကြီး၏ ပါးစပ်ထဲမှ ကြမ်းတမ်းသော မီးတောက် တိမ်တိုက်ကြီးတစ်ခု ထွက်ပေါ်လာမည်ဟု မျှော်လင့်ထားခဲ့သည်။ သို့သော် ထိုသို့ မဟုတ်ဘဲ လူတစ်ယောက်၏ ခြေထောက်ခန့် တုတ်ခိုင်ပြီး အရည်များ အလား သိပ်သည်းနေသည့် မီးတန်းကြီးတစ်ခုသည် ကောင်းကင်ပေါ်သို့ ပစ်ထွက်သွားခဲ့သည်။ မဟူရာ မီးတောက် မာဒြာများသည် လေထဲသို့ စီးဆင်းသွား၏။ ၎င်းက ချောမွေ့ကာ သိပ်သည်းနေပြီး အပူရှိန်များကို ဖြာထွက်နေစေခဲ့သည်။
အမည်းရောင် မီးတန်းကြီးသည် တိမ်တိုက်တစ်ခုကို ဖောက်ထွင်းသွားခဲ့သည်။ ကောင်းကင်ထက်သို့ ပစ်လွှတ်လိုက်စဉ် ထိုတိမ်တိုက်၏ အလယ်ဗဟို၌ အပေါက်ကြီးတစ်ခု ဖြစ်သွားစေခဲ့သည်။
လင်းတုန်းသည် အံ့သြမှင်တက်စွာဖြင့် မော့ကြည့်နေခဲ့လေ၏။
"ဒီလို လမ်းညွှန်ပြသပေးတဲ့အတွက် ဂုဏ်ယူမိပါတယ်... ကျွန်တော်"
အော်သို၏ ဝိညာဉ်ထဲမှ အပြောင်းအလဲတစ်ခုကို အာရုံခံမိလိုက်သည့်အခါ လင်းတုန်း၏ စကားသံများ လမ်းခုလတ်တွင်ပင် တိတ်ဆိတ်သွားခဲ့သည်။
လိပ်ကြီးသည် ယိုင်နဲ့စွာဖြင့် နောက်သို့ ဆုတ်သွားခဲ့၏။ ဗုံတစ်လုံးပေါ်တွင် လမ်းလျှောက်နေသကဲ့သို့ သူ၏ ခြေလှမ်းတိုင်းသည် မြေကြီးနှင့် ရိုက်ခတ်ကာ တဒိန်းဒိန်းမည်သော အသံများ ထွက်ပေါ်နေ၏။ သူ၏ မျက်လုံးများသည် လိမ္မော်ရောင်အဖြစ် တောက်လောင်နေခဲ့သည်။
လင်းတုန်းသည် သူတို့၏ ချိတ်ဆက်မှုမှတစ်ဆင့် ရှုပ်ထွေးနေသော ခံစားချက်များကို ခံစားလိုက်ရသည်။ ထိုခံစားချက်များသည် တစ်ခုနှင့်တစ်ခု ခွဲခြား၍မရလောက်အောင်ပင် ရောထွေးနေခဲ့၏။ ဒေါသ၊ ပင်ပန်းနွမ်းနယ်မှု၊ ရှုပ်ထွေးမှု၊ ကြောက်ရွံ့မှုနှင့် မာနတရားတို့သည် တစ်ခုကိုတစ်ခု လောင်စာဖြည့်ပေးနေကြသည်။ ထို့နောက် ၎င်းတို့သည် ပူလောင်သော အစုအဝေးကြီးတစ်ခုအဖြစ် တောက်လောင်သွားခဲ့သည်။
အမည်းရောင် ဝတ်ရုံများ လွင့်ဝဲသွားသံနှင့်အတူ ယီရင်သည် လင်းတုန်း၏ အရှေ့၌ ရပ်တန့်သွားခဲ့သည်။ သူမသည် ကောင်းကင်ပေါ်သို့ မော့ကြည့်နေ၏။ ထို့နောက် အော်သိုကို မကြည့်ဘဲ သူမ၏ အဖြူရောင် ဓားကို မြှောက်ကာ ချိန်ရွယ်လိုက်သည်။
"ငါက လောင်းကစား သိပ်လုပ်လေ့မရှိဘူး... ဒါပေမဲ့ မြင်းမွေးတစ်မျှင်နဲ့ ရွှေတစ်သေတ္တာကို လောင်းရမယ်ဆိုရင်တောင် အဲဒါ နင့်ရဲ့ ဧရာမ မဟူရာ မီးတောက် လိပ်ကြီးပဲလို့ ငါ လောင်းရဲတယ်..."
"သူ အခု နေလို့ သိပ်မကောင်းဖြစ်နေတာ..."
လင်းတုန်းက ပြောလိုက်သည်။
"နင့်ဆီမှာ သူ့ကို ချည်ထားဖို့ ကြိုးပါတယ် မဟုတ်လား..."
အော်သို ယိုင်နဲ့စွာ လျှောက်သွားနေစဉ် သူ၏ ခန္ဓာကိုယ်ထဲမှ မဟူရာ မီးတောက် မာဒြာများသည် မီးပုံမှ မီးပွားများကဲ့သို့ ပန်းထွက်လာခဲ့သည်။ သူ၏ ဝိညာဉ်သည်လည်း အလွန်အမင်း ရှုပ်ထွေးကာ ကမောက်ကမ ဖြစ်နေခဲ့၏။
"ဒါက သူ့ရဲ့ သွေးကြောတွေထဲမှာ စုပုံလာတဲ့ ဝိညာဉ် ထိခိုက်ဒဏ်ရာတွေပဲ... တကယ်လို့ ငါသာ ဆယ်လ်ဗန် မြစ်မျိုးစေ့ကို ရခဲ့မယ်ဆိုရင်..."
ယီရင်သည် သူ၏ ခါးလယ်မှ ဝင်တိုက်ကာ ပွေ့ချီလိုက်သည်။ ထို့နောက် သူမ၏ ပခုံးတစ်ဖက်ပေါ်သို့ ထမ်းတင်လိုက်၏။ သူ တုံ့ပြန်ရန် အချိန်မရလိုက်မီမှာပင် သူမသည် အဝေးသို့ ခုန်ထွက်သွားခဲ့သည်။ သူ၏ ကမ္ဘာကြီး တစ်ခုလုံးသည် ယိမ်းယိုင်သွားသကဲ့သို့ ခံစားလိုက်ရသည်။
၎င်းသည် အချိန်ကိုက်ပင် ဖြစ်သည်။ သူ၏ ဝိညာဉ်က သတိပေးချက်တစ်ခု ပေးပို့လာခဲ့သဖြင့် သူ တွန့်ဆုတ်သွားခဲ့၏။ ထိုခဏမှာပင် နောက်ထပ် မဟူရာ မီးတောက် လှိုင်းလုံးတစ်ခုသည် ချောက်ကမ်းပါး၏ အစိတ်အပိုင်းတစ်ခုကို ဖောက်ခွဲပစ်လိုက်သည်။ လူတစ်ယောက်၏ ခန္ဓာကိုယ်စာခန့်ရှိသော ကျောက်တုံးများသည် မိုးရွာချသကဲ့သို့ ကျဆင်းလာခဲ့သည်။ ထိုအခါ အော်သိုသည် သူတို့ဘက်သို့ လှည့်လာခဲ့၏။ ၎င်းသည် ဘိုးဘေးဘီဘင် လက်ထက်ကတည်းက ရန်သူများကဲ့သို့ သဘောထားကာ သူတို့အပေါ် ဟိန်းဟောက်လိုက်သည်။
သူတို့သည် အနီရောင် မုခ်ဦးတစ်ခုကို ဖြတ်ကျော်ကာ ကျောက်တိုင် တောအုပ်ထဲသို့ ဝင်ရောက်လာခဲ့ကြသည်။ ထိုအခါမှသာ ယီရင်က သူ့ကို အောက်သို့ ချပေးလိုက်သည်။
"သူ ငါတို့ နောက်ကို လိုက်လာမှာလား..."
သူမက မေးလိုက်သည်။
"ငါတို့ အဲဒီမှာ ရှိနေခဲ့တယ်ဆိုတာကို သူ မှတ်မိမယ် မထင်ဘူး... ငါ့ကို သတိထားမိမလား၊ မထားမိဘူးလားဆိုတာ သွားတော့ကြည့်ရမယ်..."
လင်းတုန်းက ပြောလိုက်သည်။
အမာရွတ်များရှိနေသော ယီရင်၏ မျက်နှာသည် အေးခဲသွားခဲ့၏။
"နင်... ပြန်လှည့်သွားမလို့လား..."
"ငါလည်း မသွားချင်ပါဘူး..."
သူက တောင်းပန်သည့် လေသံဖြင့် ပြောလိုက်သည်။
"ငါ့ရဲ့ လွယ်အိတ် ကျန်ခဲ့လို့ပါ…”
***