← Chapters

အခန်း (၂၃၃-၂၃၄)

Vol. 17 Ch. 233-234

အခန်း (၂၃၃-၂၃၄)

Vol. 17 Ch. 233-234

အပိုင်း(၂၃၃)

"ပြိုင်ဘက်က အနိုင်ရနိုင်တဲ့ အခွင့်အရေး တစ်စုံတစ်ရာ ရှိနေတဲ့ တိုက်ပွဲမျိုးမှာ အနာဂတ် အဆင့်နိမ့် အရှင်သခင် တစ်ယောက်ကို ငါ စွန့်စားခိုင်းမှာ မဟုတ်ဘူး..."

ကျင်းတိုင်ရှို့ က တည်ငြိမ်စွာ ဆက်ပြောလိုက်သည်။

"အဲဒါက ဘာအကျိုးအမြတ်မှ မရှိတဲ့ အဓိပ္ပာယ်မရှိတဲ့ လောင်းကစားတစ်ခု ဖြစ်သွားလိမ့်မယ်... တကယ်လို့ မင်းနိုင်ခဲ့ရင်လည်း ငါတို့အတွက် ဘာလေးစားမှုမှ ရလာမှာ မဟုတ်ဘူး၊ ဒါပေမဲ့ မင်းရှုံးခဲ့ရင်တော့ အဆုံးမဲ့ အရှက်ကွဲရလိမ့်မယ်..."

ဂိုခရန် ၏ မျက်နှာသည် ဒေါသကြောင့် ရှုံ့မဲ့သွားခဲ့သည်။ သို့သော် ကိုယ့်ကိုယ်ကိုယ် သေတွင်းမပို့မိမီ သူ၏ ဒေါသများကို မျိုသိပ်ထားလိုက်ရ၏။

"ခေါင်းဆောင်ကြီး... ကျွန်တော်က အဲဒီထက် အများကြီး ပိုပြီး..."

ကျင်းလုံက စတင် ပြောဆိုလိုက်သည်။ သို့သော် အဆင့်နိမ့် အရှင်သခင် က သူ့ကို မောက်မာသော အပြုံးတစ်ခုဖြင့် စကားဖြတ်ပြောလိုက်သည်။

"ငါ့မှာ တခြား အစီအစဉ် ရှိတယ်... မင်းကို စည်းရုံးတာက ငါ့ရဲ့ နောက်ဆုံး အဆင့်ပဲ၊ အခုတော့ ငါတို့ စတင်လို့ ရပြီ..."

သူသည် စတင် ထွက်ခွာလိုက်ရင်း ကျင်းလုံကို သူနှင့်အတူ လိုက်ပါလာရန် လက်ဟန်ဖြင့် ခေါ်လိုက်သည်။

ကျင်းလုံသည် ရှုပ်ထွေးနေသော စိတ်ဖြင့် သူ၏ နောက်သို့ လိုက်ပါသွားခဲ့သည်။ ဂိုခရန် လည်း နောက်မှ လိုက်ပါလာ၏။

ကျင်းကလန်သည် ရှီရုတောင်၏ ဤနေရာတွင် သူတို့၏ အိမ်များကို မြင်ကွင်းကောင်းရရန်အတွက် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ပေတစ်ရာမြင့်သော ခုံးနေသည့် ကျောက်တုံးနံရံကြီးတစ်ခုသည် လေနှင့် သဲများကို သူတို့၏ နောက်ဘက်မှနေ၍ တားဆီးပေးထားသည်။ တစ်ချိန်တည်းမှာပင် မြွေသင်္ချိုင်းမြို့တော်ကြီးသည် သူတို့၏ အရှေ့ဘက် အဝေးရှိ အောက်ခြေတွင် ဖြန့်ကျက်တည်ရှိနေ၏။ ဤမျှ မြင့်မားသော နေရာမှနေ၍ နဂါးများ ချန်ရစ်ခဲ့သော ခမ်းနားထည်ဝါမှုကို ခံစားသိရှိနိုင်ပေသည်။ သူတို့၏ အရိုးစုများသည် မြို့၏ တစ်ဖက်စွန်းမှ အခြား တစ်ဖက်စွန်းအထိ ရှည်လျားစွာ တည်ရှိနေသည်။ ဦးခေါင်းခွံ တစ်ခုတည်းကပင် လူနေရပ်ကွက်တစ်ခုလုံးစာခန့် နေရာယူထားပြီး ဤအကွာအဝေးမှ ကြည့်လျှင်ပင် ကျင်းလုံ၏ လက်ခန့် အရွယ်အစားရှိနေသည်ကို မြင်တွေ့နိုင်ပေသည်။

ကျင်းတိုင်ရှို့ သည် အိမ်များကို ကျော်လွန်ကာ ချောက်ကမ်းပါးစွန်းသို့ လျှောက်သွားလိုက်သည်။ ထို့နောက် မြို့တော်ကို ငုံ့ကြည့်နေ၏။ နေမင်းသည် တောင်ကုန်းနောက်သို့ ဝင်ရောက်သွားခဲ့သည်မှာ အတော်ကြာပြီဖြစ်သဖြင့် မြွေသင်္ချိုင်းမြို့တော်အပေါ်သို့ အမှောင်ထု ကျဆင်းနေခဲ့ပြီ ဖြစ်သည်။ အေးစက်သော လေသည် ကျင်းတိုင်ရှို့ ၏ ဝတ်ရုံကို ဆွဲဖြဲတိုက်ခတ်နေပြီး ကျင်းလုံ၏ မျက်နှာဖုံး ကွက်လပ်များကြားသို့လည်း တိုးဝင်တိုက်ခတ်နေခဲ့သည်။

"အာရီလီယပ် အဆင့်နိမ့် အရှင်သခင် တစ်ယောက်နဲ့ ရင်ဆိုင်ရတာ တော်တော် ခက်ခဲတယ်..."

ခေါင်းဆောင်ကြီး က ပြောလိုက်သည်။

"မင်း ဝှက်ထားတဲ့ လက်နက်တွေ အားလုံးကို သူတို့ မြင်နိုင်တယ်... မင်းရဲ့ အစီအစဉ်တွေ အားလုံးကိုလည်း သူတို့ ကြားနိုင်တယ်... မင်း ဘာကြိုတင်ပြင်ဆင်မှုမှ လုပ်လို့မရဘူး... မင်း စကားတစ်ခွန်းမှတောင် ပြောလို့မရဘူး... အဆင့်နိမ့် အရှင်သခင်က လပေါင်းများစွာ အဝေးကို ထွက်သွားပြီး အာရီလီယပ် ရဲ့ တစ်ဦးတည်းသော သွေးမျိုးဆက် အဖွဲ့ဝင် တစ်ယောက်ကိုပါ သူ့နောက် လိုက်လာအောင် ဖိအားပေးလိုက်တဲ့ အချိန်ရောက်မှ... အဲဒီအခါကျမှ မင်းရဲ့ အစီအစဉ်တွေကို လုပ်လို့ရနိုင်တယ်..."

သူသည် လက်ညှိုးတစ်ချောင်းကို ထောင်ပြလိုက်သည်။

"ဒါပေမဲ့ မင်း တိုက်ခိုက်လို့ မရသေးဘူး... သူ မရှိတဲ့အချိန် မြို့ကို ကာကွယ်ဖို့နဲ့ တန်ပြန်တိုက်ခိုက်ဖို့ အစီအမံတွေကို သူ ထားခဲ့တယ်... မင်းရဲ့ ကြိုတင်ပြင်ဆင်မှုတွေကို ရေငုံနှုတ်ပိတ်နေရင်း သီတင်းပတ်ပေါင်းများစွာ၊ လပေါင်းများစွာ ကြာအောင် ထားရတယ်... အစိတ်အပိုင်းတွေ အားလုံး သဘာဝကျကျ နေရာတကျ ဖြစ်သွားမယ့် အချိန်အထိ မင်း စောင့်ဆိုင်းနေရတယ်..."

ကျင်းတိုင်ရှို့ စကားများ၏ အဓိပ္ပာယ်သည် ကျင်းလုံကို ပြုတ်ကျလာသော ကြယ်တစ်ပွင့်ကဲ့သို့ ရိုက်ခတ်သွားခဲ့သည်။

လွန်ခဲ့သည့် လပိုင်းခန့် အတွင်း ကျင်းမျိုးနွယ် အဆင့်နိမ့် အရှင်သခင် သည် သူ၏ မိသားစုကို ဘေးကင်းရာအိမ်များတွင် စုစည်းထားခဲ့သည်။ ၎င်းသည် ကျင်းလုံ၏ ရန်မှ ကာကွယ်ရန် သက်သက်သာ မဟုတ်ဘဲ အာရီလီယပ် မိသားစုက သံသယမဝင်နိုင်မည့် နည်းလမ်းဖြင့် သူတို့၏ တိုက်ခိုက်ရေး စွမ်းအားများကို စုစည်းရန်အတွက် ဖြစ်သည်။ ကလန်၏ အင်အားများကို စုစည်းပြီးနောက် ပြောင်းလဲပစ်ရမည့် တစ်ခုတည်းသော အရာသာ ကျန်ရှိတော့သည်။ ၎င်းမှာ ပြီးခဲ့သော လအနည်းငယ်အတွင်း သူတို့ကို တိုက်ခိုက်ခဲ့သော ရန်သူပင် ဖြစ်သည်။

ကျင်းလုံ တုန်ယင်သွားခဲ့၏။ သူသည် ပင့်ကူတစ်ကောင်၏ ခြေထောက်များကို ဖြတ်တောက်ရန် ကြိုးစားနေခဲ့သော်လည်း သူကိုယ်တိုင် ပင့်ကူအိမ်ထဲတွင် ပိတ်မိနေမှန်း မသိခဲ့ပေ။ အကယ်၍ ဤညတွင်သာ သူ ချက်ချင်း လက်မလျှော့ခဲ့ပါက ကျင်းတိုင်ရှို့ သည် သူ၏ နှလုံးသားကို ဆွဲထုတ်သွားမည် ဖြစ်သည်။ အစီအစဉ်သည် စတင် လည်ပတ်နေပြီဖြစ်ပြီး နောက်ဆုတ်ရန် အချိန်မရှိတော့ပေ။

အဆင့်နိမ့် အရှင်သခင်သည် သူ၏ အဖြူရောင် လှံကို ကောင်းကင်သို့ မြှောက်လိုက်သည်။

"ပြီးတော့ စောင့်ကြည့်နေသူတွေကို သတိပေးဖို့ စကားတစ်ခွန်းမှ မပြောဘဲ... မင်း တိုက်ခိုက်လိုက်တယ်..."

သူ၏ လှံမှ တောက်ပသော အလင်းတန်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ ၎င်းသည် မွေးကင်းစ ကြယ်များကြားသို့ တက်သွားပြီးနောက် ပေါက်ကွဲသွားကာ မြွေသင်္ချိုင်းမြို့တော် တစ်ခုလုံးကို အဖြူရောင် အလင်းဖြင့် လွှမ်းခြုံသွားစေခဲ့သည်။

မြို့တော် အနှံ့အပြားတွင် ကြယ်တာရာ လှံ မာဒြာများသည် အသက်ဝင်လာခဲ့တော့၏။

…

မြို့ပေါ်၌ အဖြူရောင် အလင်းတန်း တစ်ခု လပြည့်ဝန်းတစ်စင်းအလား ထွက်ပေါ်လာချိန်တွင် ထိုအရာ မည်သည့်နေရာမှ လာသည်ကို အီသန် သိလိုက်လေသည်။

သူသည် ထိုနည်းစနစ်ကို စတင်ခဲ့သော ခါးအထိရှည်လျားသည့် အဖြူရောင် သတ္တုဆံပင်များရှိသော ထိုလူကို မြင်တွေ့လိုက်ရ၏။ ထို့အပြင် သူ၏ ဘေး၌ အနီရောင်များ ရစ်ပတ်ထားသော မျက်နှာရှိသည့် လူငယ်တစ်ဦးကိုလည်း မြင်တွေ့လိုက်ရလေသည်။

ထို့နောက်... မြို့တစ်ခွင်လုံး၌ အော်ဟစ်သံများ စတင်ထွက်ပေါ်လာသည်ကို သူ ကြားလိုက်ရလေသည်။ ကျင်း ကလန်သည် အနက်ရောင် လခြမ်းအမှတ်အသား ဝတ်ဆင်ထားသူ မည်သူ့ကိုမဆို စနစ်တကျ စတင် အမဲလိုက်နေကြခြင်း ဖြစ်၏။ အီသန်၏ အာရုံများ အခြားတစ်နေရာသို့ ရောက်နေစဉ်အတွင်း သူတို့သည် လွန်ခဲ့သော လပေါင်းများစွာကတည်းက သူတို့အတွက် ချထားပေးခဲ့သော အစီအစဉ်တစ်ခုအတိုင်း လိုက်နာလုပ်ဆောင်နေကြခြင်း ဖြစ်လေသည်။

အီသန်သည် အာရီလီယပ်စ် မိသားစု ၏ မျှော်စင်တစ်ခုပေါ်ရှိ ခေါင်မိုးပေါ်တွင် ရှိနေခဲ့သည်။ သူသည် လက်ထဲရှိ တံမြက်စည်းကို ချေမွမပစ်မိစေရန် အံကို ကြိတ်ထားလိုက်ရ၏။

သူသည် အော်သို နှင့် ပတ်သက်သော ကပ်ဆီးယပ်စ် ၏ သတင်းစကားကြောင့်သာ ဤမြို့သို့ ပြန်လာခဲ့ခြင်း ဖြစ်သည်။ ထို့နောက် လင်းတုန်း နှင့် ယီရင်တို့ အခြေအနေကို ထိန်းချုပ်နိုင်နေပြီဖြစ်ကြောင်း ချက်ချင်း မြင်တွေ့ခဲ့ရလေသည်။

လင်းတုန်း အနေဖြင့် အဆင့်နိမ့် ရွှေအဆင့် သို့ တက်လှမ်းကာ ပိုမိုကြီးမားသော ဝန်ထုပ်ဝန်ပိုးကို ထမ်းဆောင်ရန် အသင့်မဖြစ်သေးမီအချိန်အထိ လိပ်ကြီး၏ လောင်ကျွမ်းနေသော ဝိညာဉ် ကို ထိန်းချုပ်ထားနိုင်ရန်အတွက် သူသည် အဆင့်နိမ့် အရှင်သခင် မာဒြာပြား အချို့ကို ထပ်မံ ပေးအပ်မည် ဖြစ်၏။ အရာအားလုံးက အလွန် ချောမွေ့စွာ အဆင်ပြေနေခဲ့လေသည်။

သူသည် မိမိကိုယ်ကိုယ် အလွန် မျက်ကန်းဖြစ်နေသည်ဟု ခံစားလိုက်ရ၏။ ကျင်း ကလန် သည် အလွန် ပြောင်မြောက်စွာ ကစားသွားခဲ့ခြင်း ဖြစ်သည်။ သူ စောင့်ကြည့်နေသည်ကို သိထားသည့်တိုင်အောင် သူတို့သည် အာရီလီယပ်စ် မိသားစု ကို ဆန့်ကျင်သည့် လုပ်ရပ်များကို ဆက်လက် လုပ်ဆောင်နေခဲ့ကြ၏။

အကယ်၍ သူ မြို့ထဲ၌ ရှိနေစဉ်အတွင်း ၎င်းတို့ဘက်ကသာ ပူးပေါင်းဆောင်ရွက်ချင်ယောင် ဆောင်နေခဲ့မည်ဆိုပါက သူတို့ အချိန်ဆွဲနေသည်ကို သူ သိရှိနိုင်မည် ဖြစ်လေသည်။ သို့သော် ကျင်းလုံ ကြောင့် ကျင်းမျိုးနွယ်သည် အနောက်သို့ ဆုတ်ခွာရန် ဖိအားပေးခံခဲ့ရသည်။

ပြိုင်ဘက်များက စားပွဲပေါ်ရှိ ဖဲချပ်များကို သိမ်းကြုံးရယူကာ သူ့ကို ဓားဖြင့် မထိုးလိုက်မီအချိန်အထိ ဤကစားပွဲ၌ အနိုင်ရနေပြီဟု အီသန် သေချာပေါက် ယုံကြည်နေခဲ့သည်။

ရင်းနှီးကျွမ်းဝင်မှုမရှိသော ကြောက်ရွံ့မှုတစ်ခုက သူ့ကို လွှမ်းမိုးသွားခဲ့၏။ အကယ်၍ ၎င်းတို့က ဤအရာကို သူ့ထံမှ ဖုံးကွယ်ထားနိုင်ခဲ့မည်ဆိုပါက သူ နောက်ထပ် ဘာတွေကို လွတ်သွားခဲ့သေးသနည်း။ သူ၏ အမြင်အာရုံအပြင်ဘက်၌ မည်သည့် မမြင်နိုင်သော ခြိမ်းခြောက်မှုများက ပုန်းအောင်းနေသေးသနည်း။

ထိုကြောက်ရွံ့မှုနှင့်အတူ အေးစက်ပြီး တောက်ပသော ဒေါသတစ်ခုလည်း ထွက်ပေါ်လာခဲ့လေသည်။

သူသည် လက်ထဲ၌ တံမြက်စည်းကို ကိုင်ဆောင်ထားဆဲပင် တစ်ဝက်တစ်ပျက်သာ လှည်းကျင်းရသေးသော ခေါင်မိုးပေါ်ရှိ ဥယျာဉ်လေးထဲမှ ခုန်ထွက်သွားခဲ့သည်။ သူ၏ မာဒြာများသည် ခန္ဓာကိုယ်တစ်ခုလုံးသို့ လည်ပတ်ပျံ့နှံ့သွားခဲ့ကာ သံချပ်ကာ တစ်ခုကို ဖန်တီးလိုက်၏။ သူ၏ လမ်းစဉ်သည် ကာကွယ်သူ လမ်းစဉ် တစ်ခု မဟုတ်သည့်အတွက် ၎င်းမှာ အကောင်းဆုံး ကာကွယ်သူ နည်းစနစ် တစ်ခုတော့ မဟုတ်ပေ။ သို့သော် အဆင့်နိမ့် အရှင်သခင် ၏ ခန္ဓာကိုယ် နှင့် ပေါင်းစပ်လိုက်သောအခါ ထိုသို့ ပြုတ်ကျခြင်းက သူ့ကို ထိခိုက်စေမည် မဟုတ်ချေ။

သို့သော် ယင်းက လမ်းမကြီးကို ကြေမွသွားစေနိုင်လေသည်။ ထို့ကြောင့် သူ ဖြတ်သန်းသွားစဉ် ပြတင်းပေါက်ဘောင်တစ်ခုကို တစ်ခဏမျှ ဆုပ်ကိုင်လိုက်ပြီး နံရံကို ဆောင့်ကန်လိုက်၏။ ထို့နောက် အနီးအနားရှိ ခေါင်မိုးတစ်ခု၏ အစွန်း၌ သူ့ကိုယ်သူ တစ်စက္ကန့်မျှ အရှိန်လျှော့ချလိုက်ပြီး သစ်ကိုင်းတစ်ခုကို ဖမ်းဆုပ်ကာ မည်သည့်အရာကိုမျှ မပျက်စီးစေဘဲ ဆင်းသက်လိုက်လေသည်။ သူ၏ အနောက်ဘက် မြေကြီးပေါ်သို့ သစ်ရွက်အချို့ လွင့်စင်ကျဆင်းလာခဲ့သည်။ သူက အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရာ လေက ထိုသစ်ရွက်များကို အနီးအနားရှိ အမှိုက်ပုံးတစ်ခုထဲသို့ သယ်ဆောင်သွားလေတော့သည်။

အစေခံ တစ်ရာ့ဆယ့်သုံးသည် အနီးအနားရှိ ခုံတန်းရှည်တစ်ခုပေါ်တွင် ထိုင်နေခဲ့ပြီး မိန်းကလေးတစ်ဦးက သူ၏ ပခုံးကို မှီထားလေသည်။ ယနေ့ည၌ သူသည် အာရီလီယပ်စ် ဝတ်ရုံများကို ဝတ်ဆင်မထားခဲ့ပေ။ ယင်းအစား သူပိုင်ဆိုင်သမျှထဲတွင် အကောင်းဆုံးဖြစ်မည့် အထပ်ထပ်ပါသော အနီရောင် ကုတ်အင်္ကျီတစ်ထည်ကို ဝတ်ဆင်ထားခဲ့၏။ မိန်းကလေးကတော့ ပုလဲရောင် ပိုးသားကို ဝတ်ဆင်ထားပြီး လိုက်ဖက်သော လက်ဝတ်ရတနာများဖြင့် ဆံပင်ကို ထုံးဖွဲ့ထားလေသည်။ လွန်ခဲ့သော မိနစ်အနည်းငယ်က သူတို့သည် သာယာလှပသော ညချမ်းလေးတစ်ခုကို ပိုင်ဆိုင်နေခဲ့ကြခြင်း ဖြစ်လေသည်။

ယခုအခါ သူတို့နှစ်ဦးစလုံး၏ လက်ထဲ၌ ဓားမြှောင်များကို ကိုင်ဆောင်ထားကြသည်။ သို့သော် လှုပ်ရှားရန်ပင် အလွန်တရာ ကြောက်ရွံ့နေဟန် ရှိလေသည်။ ကျင်း ကလန်မှ အဆင့်မြင့် ရွှေအဆင့် တစ်ဦးသည် လမ်းမတစ်လျှောက် လှံတစ်ချောင်းကို ကိုင်ဆောင်ကာ ပြေးလွှားဝင်ရောက်လာသည်။ အဝေးဆီမှ အော်ဟစ်သံများသည် ခြောက်ခြားဖွယ်ရာ ထွက်ပေါ်နေခဲ့၏။

ထိုသူသုံးဦးစလုံးသည် အီသန် ကို မြင်လိုက်ရချိန်၌ အေးခဲသွားကြလေသည်။

အီသန်သည် တစ်ရာ့ဆယ့်သုံး ၏ လက်မောင်းကို တွဲထားသော သူစိမ်းအမျိုးသမီးထံသို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွားလိုက်သည်။

"ဒီနေ့ည ခင်ဗျားလေးက သိပ်လှနေတာပဲဗျာ.... အာရီလီယပ် မိသားစုက ဒီအတွက် လျော်ကြေးပြန်ပေးပါလိမ့်မယ်...."

ထို့နောက် သူသည် ထိုအမျိုးသမီး၏ ဆံပင်မှ ဆံထိုးတစ်ချောင်းကို ဆွဲထုတ်လိုက်သည်။ ထိုဆံထိုးကို နောက်သို့ ပြန်မကြည့်ပဲ ပစ်ပေါက်လိုက်လေ၏။

ဓားမြှောင်က ပို၍ ထက်မြက်မည် မှန်သော်လည်း ထိုအမျိုးသမီးကို လက်နက်မဲ့ မထားခဲ့လိုပေ။ ထို့အပြင် ထိုဆံထိုးလေးသည် အဆင့်မြင့် ရွှေအဆင့်၏ လည်ချောင်းကို အလွယ်တကူပင် ဖောက်ထွင်းနိုင်ပေသည်။ သို့ဖြစ်ရာ အဘယ်ကြောင့် ဓားကို လိုအပ်မည်နည်း။

***

အပိုင်း(၂၃၄)

ထန်း...

ပြေးဝင်လာသည့် ကျင်းကလန်သား၏ လှံသည် တစ်ဖက်သို့ လွင့်စင်သွားခဲ့သည်။ သူ၏ သွေးချင်းချင်းရဲနေသော ခန္ဓာကိုယ်သည်လည်း အခြားတစ်ဖက်သို့ လဲကျသွားလေ၏။ တစ်ရာ့ဆယ့်သုံး နှင့် သူ၏ ချစ်သူတို့သည် အီသန်၏ အနောက်ဘက်သို့ ကြောင်အမ်းစွာ စိုက်ကြည့်နေမိကြသည်။

"တစ်ရာ့ဆယ့်သုံး.... အရေးပေါ်လေ့ကျင့်ခန်း အမှတ်တစ်.... ခေါင်းလောင်းတွေ သွားတီးလိုက်...."

အီသန် က ပြောလိုက်သည်။ သူသည် အမျိုးသမီး၏ ဆံပင်မှ နောက်ထပ် ဆံထိုးတစ်ချောင်းကို ဆွဲထုတ်လိုက်ပြန်၏။

အစေခံက မတ်တတ်ထရပ်ကာ အလေးပြုလိုက်သည်။ ထို့နောက် သူ၏ ချစ်သူလက်ကို ဆွဲ၍ အချက်ပေးသံမြည်စေရန် ပြေးလွှားသွားလေတော့သည်။ အမျိုးသမီး၏ ပြေကျလာသော ဆံနွယ်စများသည် အနောက်ဘက်၌ လွင့်ဝဲကျန်ရစ်ခဲ့၏။

အီသန်သည် ဆူးချွန်များပါသော ကြယ်တာရာ လှံ ဝိညာဉ်အကြွင်းအကျန် ထမြောက်လာမည့် အချိန်ကို ခဏတာ စောင့်ဆိုင်းလိုက်သည်။ ထို့နောက် မာဒြာ အနည်းငယ်ကို ဆံထိုးထဲသို့ စီးဆင်းစေလိုက်ပြီး ပစ်ပေါက်လိုက်လေ၏။ ဆံထိုးလေးသည် ထိုဝိညာဉ် ကို ဧရာမမြားတံကြီးတစ်စင်းပမာ ဖောက်ထွင်းသွားတော့သည်။

သူသည် ဗလာ သံချပ်ကာ စွမ်းအားကို အသုံးပြု၍ အဆောက်အအုံများကို ကျော်ဖြတ် ခုန်လွှားရင်း ပြန်လည် ထွက်ခွာသွားခဲ့သည်။ အာရီလီယပ် မိသားစု၏ အစေခံတိုင်း သေဆုံးသွားသည်ကို သူမြင်တွေ့နေရ၏။ ၎င်းတို့၏ အကူအညီတောင်းခံသံများကိုလည်း ကြားနေရသည်။ ထိုအရာများက သူ၏ နှလုံးသားကို ဆွဲဆုတ်နေသကဲ့သို့ ရှိလေသည်။

အီသန် တောင်တစ်ဝက်ခန့်သို့ ရောက်ရှိချိန်၌ နယ်နိမိတ် အစီအရင် တစ်ခု ပေါ်ပေါက်လာသည်ကို သူ ခံစားလိုက်ရသည်။

သူသည် လမ်းများကို လျစ်လျူရှုကာ တောင်ကမ်းပါးယံ တစ်ခုမှ တစ်ခုသို့ ခုန်တက်လာခဲ့ခြင်း ဖြစ်သည်။ ပြောင်ရှင်းနေသော ကုန်းပြင်မြင့်တစ်ခုပေါ်သို့ သူ ကျဆင်းမိချိန်၌ သူ့ပတ်ဝန်းကျင်ရှိ အော်ရာ များအားလုံး အေးခဲသွားခဲ့၏။ သူ၏ ကြေးအဆင့် အမြင်အာရုံ၌မူ ပြင်ပကမ္ဘာနှင့် သူ့ကို တားဆီးပိတ်ဆို့ထားသည့် ရောင်စုံလှိုင်းများကို တွေ့ရှိရသည်။ သူသည် လည်ပတ်နေသော ဇောက်ထိုးပန်းကန်လုံး တစ်လုံးထဲတွင် ပိတ်မိနေသကဲ့သို့ ရှိလေသည်။

ထိုအစီအရင်က သူ၏ သွေးမျိုးဆက် စွမ်းအားကိုမူ မတားဆီးနိုင်ခဲ့ပေ။ သူ၏ ထောက်လှမ်းရေး ကွန်ရက်သည် မြို့တစ်ခွင်သို့ ပျံ့နှံ့နေဆဲ ဖြစ်သည်။ ၎င်းက သေဆုံးမှုတိုင်းကို သယ်ဆောင်လာပြီး သူ၏ ဝမ်းဗိုက်ကို ဓားဖြင့်ထိုးနေသကဲ့သို့ ခံစားရစေ၏။ ယခုအခါ ၎င်းတို့က သူ့ကို မည်သူ့ကိုမျှ မကယ်တင်နိုင်သည့် ဤနေရာ၌ ပိတ်လှောင်ထားခဲ့ပြီ ဖြစ်သည်။

အစီအရင် အလံများကို စိုက်ထူခဲ့သော ကျင်း ကလန်မှ အစစ်အမှန် ရွှေအဆင့် အကြီးအကဲ ခြောက်ဦးသည် အတားအဆီး၏ တစ်ဖက်၌ သူ့ကို စောင့်ဆိုင်းနေကြသည်။ သူတို့က သူ့ နောက်မှ လိုက်လာသည်ကို သူ ခံစားသိရှိခဲ့၏။

သို့သော် သူတို့သည် အဆင့်နိမ့် အရှင်သခင် များကြား ဖြစ်ပွားမည့် တိုက်ပွဲ၌ ကျင်းတိုင်ရှို့ အတွက် အရန်အင်အားအဖြစ် ပါဝင်မည်ဟု သူ မျှော်လင့်ထားခဲ့မိသည်။

ယခုအခါ သူ နားလည်သွားခဲ့ပြီ ဖြစ်သည်။ ထိုပုဂ္ဂိုလ်များ၏ ရည်ရွယ်ချက်မှာ သူတို့၏ ခေါင်းဆောင်ကြီး ရောက်ရှိမလာမချင်း သူ့ကို ဤနေရာ၌ပင် ထိန်းချုပ်ထားရန် ဖြစ်လေသည်။

အဘိုးကြီး ခြောက်ဦးသည် ယခုအချိန်၌ သူတို့ကိုယ်သူတို့ အလွန် ဂုဏ်ယူနေကြပေလိမ့်မည်။ သူတို့သည် နယ်နိမိတ် အစီအရင် ၏ အပြင်ဘက်မှနေ၍ သူ့ကို စောင့်ကြည့်နေကြသည်။ ယင်းမှာ ထောင်ချောက်မိနေသော သိမ်းငှက်တစ်ကောင်ကို ကြွက်များက စောင့်ကြည့်နေသကဲ့သို့ပင်။

အီသန်သည် ကျောက်ဆောင် အမည်းရောင် အစွန်းတစ်ခုပေါ်၌ ရပ်နေခဲ့သည်။ အဖြူရောင် ဝတ်ရုံဝတ်ဆင်ထားသော အကြီးအကဲများက သူ့ကို ဝန်းရံထားကြ၏။ ရေခဲလို အေးစက်သော လေပြင်းများ တိုက်ခတ်လာမှုကြောင့် သူ၏ ဆံပင်များနှင့် ဝတ်ရုံတို့ လွင့်ဝဲနေသည်။ သူက လက်တစ်ဖက်၌ တံမြက်စည်းကို ဆုပ်ကိုင်ထားလိုက်၏။

သူ ပြုံးနိုင်ရန် ကြိုးစားလိုက်သော်လည်း အပြုံးတစ်ခု ထွက်ပေါ်မလာခဲ့ပေ။

"လူကြီးမင်းတို့.... ဒါက အမှားတစ်ခုပဲ...."

အဆင့်နိမ့် အရှင်သခင် က ပြောလိုက်လေသည်။

...

နေရောင်ကွယ်ပျောက်သွားချိန်၌ ကပ်ဆီးယပ်စ် သည် သူ၏ မာဒြာ ကို လည်ပတ်စေလိုက်သည်။ သူသည် လင်းတုန်း နှင့် ယီရင် တို့ အုပ်ချုပ်သူ စမ်းသပ်မှု ကို ကြိုးစားလုပ်ဆောင်မည့်အချိန်ကို စောင့်ဆိုင်းနေခဲ့၏။ သူတို့သည် ညွှန်ကြားချက် ကျောက်စာချပ်ကို လေ့လာနေကြပြီ ဖြစ်သည်။ သူတို့ကို စောင့်ကြည့်နေရသည့်အတွက် ထိုသို့လေ့လာပြီးသည်နှင့် တစ်ပြိုင်နက် စမ်းသပ်မှုကို ချက်ချင်း စတင်ကြလိမ့်မည်ဟု သူ သိထားလေသည်။

အစီအရင် ရေးဆွဲထားသော ပြတင်းပေါက်မှတစ်ဆင့် သူတို့ကို စိုက်ကြည့်နေရင်း သူသည် မျှော်လင့်တကြီးဖြင့် ပြုံးဖြီးလိုက်မိသည်။ ထိုအချိန်၌ သူသည် အီသန် နှင့် တူနေသည်ဟုပင် ခံစားလိုက်ရ၏။ နေလုံးဝမဝင်သွားခင် အချိန်အတွင်း သူတို့အနေဖြင့် တစ်ကြိမ်သာ ဖြတ်သန်းနိုင်မည် ဖြစ်သည်။ ထို့ကြောင့် ဤတစ်ကြိမ်တွင် သူတို့အပေါ် သက်ညှာပေးမည်ဟု သူ ဆုံးဖြတ်ထားလိုက်သည်။ ထိုအခါမှသာ အခွင့်အရေးရှိသေးသည်ဟု သူတို့ ခံစားရပေလိမ့်မည်။

ထို့နောက် မနက်ဖြန်ကျမှသာ သူရှိသမျှ စွမ်းအားအားလုံးကို ဤစမ်းသပ်မှုထဲသို့ ပုံအောထည့်သွင်းပစ်မည် ဖြစ်၏။ သူအလိုရှိသည်မှာ ပုံမှန်လုပ်ရိုးလုပ်စဉ်များမှ ခေတ္တအနားယူခွင့်လေးတစ်ခုသာ ဖြစ်သည်။ သို့သော် သူကိုယ်တိုင် ဝင်ရောက်ယှဉ်ပြိုင်နေရသကဲ့သို့ ခံစားနေရလေသည်။ ကျောက်စိမ်းအဆင့် တစ်ဦးနှင့် အဆင့်နိမ့် ရွှေအဆင့် တစ်ဦးတို့ အစွမ်းကုန် အသုံးချလာစေရန် တွန်းအားပေးရမည်ကို သူ စိတ်လှုပ်ရှားနေမိသည်။ ဝန်မခံချင်သော်လည်း ဆက်လက် မြင်တွေ့ရမည့်အရာအတွက် သူ မျှော်လင့်နေဆဲ ဖြစ်သည်ကတော့ အမှန်ပင် ဖြစ်လေသည်။

သူ့ အနောက်ဘက်သို့ ဆန့်တန်းထားသော သူ၏ အာရုံခံကြိုးမျှင်များထဲမှ တစ်ခုသည် လေထဲတွင် မြင့်တက်လင်းလက်သွားသော အဖြူရောင် အလင်းတန်းတစ်ခုကို ဖမ်းယူမိလိုက်သည်။ စူးစမ်းလိုစိတ်ဖြင့် သူ၏ အာရုံခံနိုင်စွမ်းကို မြို့ထဲသို့ ပြန်လည် ဆန့်တန်းကြည့်လိုက်လေသည်။

နေမင်းကြီး ဝင်ရောက်သွားချိန်၌ ကြယ်တာရာ လှံ မာဒြာ များက နေရာယူလာခဲ့သည်။ ကြောက်ရွံ့မှုတစ်ခုက ကပ်ဆီးယပ်စ်၏ စိတ်အစဉ်၌ တိုးဖွဖွ ဝင်ရောက်လာ၏။ ကျင်းကလန်သည် ကျင်းလုံ နှင့် သူ၏ အင်အားစုများကို ရင်ဆိုင်နေရခြင်းသာ ဖြစ်ကောင်းဖြစ်နိုင်ပေမည်။ သို့တိုင်အောင် သူသည် အာရီလီယပ် မျိုးရိုးသွေးဆက်၏ အာရုံခံကွန်ရက်တစ်ခုလုံးကို မြို့ထဲသို့ အာရုံစိုက်လိုက်သည်။

တောက်ပသော အဖြူရောင် လှံသွားတစ်ခုသည် အပြာနှင့် အနက်ရောင် ရောယှက်နေသော အပြင်ဝတ်ရုံတစ်ခုကို ဖောက်ထွင်းသွားသည်။ လခြမ်းသင်္ကေတကို ဖြတ်သန်းကာ သွေးသံရဲရဲ အပေါက်တစ်ခုကို ဖြစ်ပေါ်စေခဲ့၏။

"ကျွန်မက အာရီလီယပ် မဟုတ်ပါဘူး.... သူတို့အတွက် အလုပ်လုပ်ပေးနေတာလည်း မဟုတ်ပါဘူး.... တောင်းပန်ပါတယ်ရှင်...."

အမျိုးသမီးတစ်ဦးက တောင်းပန်နေလေသည်။

ကျင်း ကလန်မှ အစစ်အမှန် ရွှေအဆင့် တစ်ဦးသည် အာရီလီယပ် တို့၏ အဆောက်အအုံတစ်ခုထဲသို့ ဖောက်ထွင်းဝင်ရောက်လာခဲ့သည်။ တံခါးတစ်ချပ်လည်း ပျက်စီးကြေမွသွား၏။ လူအုပ်ကြီး၏ မရေရာသော တီးတိုးသံများသည် အော်ဟစ်သံများနှင့် ထိတ်လန့်တကြား အသံများအဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။

မြို့တစ်ခွင်လုံး၌ တပြိုင်နက်တည်း အချိတ်အဆက်မိမိ တိုက်ခိုက်နေခြင်းပင် ဖြစ်သည်။ ၎င်းမှာ ပထမဆုံး စက္ကန့်ပိုင်းလေးများသာ ရှိသေး၏။

ကပ်ဆီးယပ်စ်၏ အသက်ရှူသံများသည် အလွန် ပြင်းထန်လာခဲ့သည်။ ယင်းက သူ၏ မာဒြာ လည်ပတ်သည့် နည်းစနစ်ကိုပင် ပျက်ပြားသွားစေနိုင်လောက်၏။ သူ၏ သားလေးမှာ သုံးနှစ်အရွယ်သာ ရှိသေးသည်။ သူ၏ ဇနီးသည် အင်ပါယာ နာရူ ကလန်မှ မိသားစုဝင် တစ်ဦးဖြစ်ပြီး စွမ်းအားကြီးမားသော အဆင့်မြင့် ရွှေအဆင့် တစ်ဦးလည်း ဖြစ်ပေသည်။ သို့သော် ကျင်း ကလန်မှ အကြီးအကဲ တစ်ဦးက) ဉာဏ်ဆင်ရန် ရည်ရွယ်ထားမည်ဆိုပါက...

ကပ်ဆီးယပ်စ် သည် ဘုရားကျောင်းထဲမှ အလွန်လျင်မြန်စွာ ပြေးထွက်သွားခဲ့သည်။ ထိုအရှိန်ကြောင့် သူထိုင်နေသော ကြိမ်ကုလားထိုင်လေးမှာ တစ်စစီ ကျိုးပဲ့ပျက်စီးသွားခဲ့လေသည်။ စာရွက်စာတမ်းများသည် သူ၏ အနောက်၌ လေပွေတစ်ခုအလား လွင့်ဝဲနေခဲ့၏။ သို့တိုင်အောင် သူက နောက်သို့ လှည့်၍ပင် မကြည့်ခဲ့ချေ။

သူ အိမ်ကို ပြန်ရောက်ရန် လိုအပ်နေပေပြီ။

ငွေရောင် ခြေလှမ်း ဟူသည် အနီးကပ် တိုက်ပွဲများ၌ လှုပ်ရှားမှုကို အထောက်အကူပြုရန် ရည်ရွယ်ထားသော တိုက်ခိုက်သူ သဘာဝအချို့ ပါဝင်သည့် ကာကွယ်သူ နည်းစနစ် တစ်ခုဖြစ်သည်။ ၎င်းသည် သူသိထားသည့် တစ်ခုတည်းသော သွားလာလှုပ်ရှားမှု နည်းစနစ် ဖြစ်ပြီး ခရီးဝေးအတွက်မူ လုံးဝ အသုံးမဝင်လှပေ။ သို့သော် သူသည် မြေပြင်ကို ဆောင့်ကန်ကာ အနောက်၌ ငွေရောင် လှိုင်းဂယက်တစ်ခုကို ချန်ရစ်ရင်း ၎င်းနည်းစနစ်ကို အသုံးပြုခဲ့လေသည်။

ထိုနည်းစနစ်သည် သူ့ကို အဆင့်မြင့် ရွှေအဆင့် တစ်ဦး လုပ်နိုင်စွမ်းရှိသည့် ကန့်သတ်ချက်များထက် ကျော်လွန်သော အရှိန်ဖြင့် ရှေ့သို့ လွှင့်ထွက်သွားစေခဲ့သည်။ သို့သော် ယင်းက ခြေတစ်လှမ်းစာအတွက်သာ ဖြစ်၏။ အိမ်သို့မရောက်မီ သူ၏ မာဒြာ များ ကုန်ဆုံးသွားနိုင်ပြီး သူ့ကို အကူအညီမဲ့ အခြေအနေသို့ ရောက်ရှိသွားစေနိုင်သည်။

သူသည် အဝေးရှိ အရိုးမျှော်စင်ကြီးဆီသို့ သူ၏ အာရုံခံကွန်ရက်ကို ဆန့်တန်းလိုက်သည်။ သူ၏ မိသားစုကို တစ်ချက်လောက်မျှ မြင်တွေ့ရရန် ကြိုးစားလိုက်ခြင်း ဖြစ်၏။ သို့သော် ၎င်းသည် အိမ်တစ်အိမ်မှ တစ်အိမ်သို့ ပြေးလွှားကာ သော့ပေါက်များမှတစ်ဆင့် ချောင်းကြည့်၍ လူရှာနေရသကဲ့သို့ ခက်ခဲလှလေသည်။

သူ၏ ဇနီးသည် အင်ပါယာ အတိုင်းအတာဖြင့်ပင် အလွန် စွမ်းအားကြီးမားလှပေသည်။ သူ့ထက်ပင် ပို၍ စွမ်းအားကြီးသေး၏။ ဂျင်း သည် အသက်ရှင်ကျန်ရစ်မည်သာ ဖြစ်သည်။

သို့သော် အမြဲတမ်း ပို၍ စွမ်းအားကြီးသူဆိုသည်က ရှိနေတတ်စမြဲ ဖြစ်လေသည်...။

ငွေရောင် ခြေလှမ်း များက ကပ်ဆီးယပ်စ်ကို တိုက်ပွဲများနှင့် ပြည့်နှက်နေပြီဖြစ်သော လမ်းမများဆီသို့ ခေါ်ဆောင်သွားခဲ့သည်။ သူသည် ဓားများ၊ လှံများဖြင့် မိမိကိုယ်ကို ကာကွယ်နေကြသော အာရီလီယပ် အစေခံ များကို ကျော်ဖြတ်ကာ ပြေးလွှားသွားခဲ့၏။ သူတို့သည် ရေခဲလက်သည်းများ၊ မီးမြားများဖြင့်လည်း ခုခံနေကြသည်။ သူသည် သွေးကျာပွတ်များကို လျစ်လျူရှုကာ အဆိပ်မြူခိုးများကြားမှ လွတ်ကင်းအောင် ရှောင်ထွက်လာခဲ့သည်။

ယနေ့ည၌ သေဆုံးနေရသူများသည် အာရီလီယပ် မိသားစု ဝင်များသာ မဟုတ်ပေ။ ကျင်း ကလန် သည် ၎င်းတို့၏ နယ်မြေကို ရက်စက်ကြမ်းကြုတ်သော စွမ်းဆောင်ရည်များဖြင့် ပြန်လည် သိမ်းပိုက်နေခြင်း ဖြစ်လေသည်။

သူတို့သည် အာရီလီယပ် တို့၏ အရောင်ဝတ်ဆင်ထားသူများကို ပစ်မှတ်ထားကြ၏။ ထို့အပြင်... သူတို့၏ လမ်းကြောင်းကို ပိတ်ဆို့သူ၊ ခုခံသူ (သို့မဟုတ်) အနည်းငယ်မျှ ခြိမ်းခြောက်မှုဖြစ်စေနိုင်သူ မည်သူ့ကိုမဆို ချမ်းသာပေးမည် မဟုတ်ပေ။ ထိုသူတို့သည် အဖြူရောင်အလင်းကို ကိုင်ဆောင်ထားသော စည်းကမ်းကျနသည့် တပ်ဖွဲ့ဝင်များ၏ လက်ချက်ဖြင့် အပိုင်းပိုင်းအစစ ဖျက်ဆီးခံလိုက်ရလေသည်။

မျှော်လင့်ထားသည့်အတိုင်း အနီရောင် ပန်းပွင့် မိသားစု သာလျှင် ထိခိုက်မှုမရှိခဲ့ပေ။ ကျင်း ကလန်သား နှစ်ဦးသည် ရင်ဘတ်၌ ပန်းပွင့်များ တပ်ဆင်ထားသော အဖွဲ့တစ်ဖွဲ့ကို ကသောင်းကနင်း တိုက်ပွဲများကြားမှ လုံခြုံရာသို့ လိုက်ပါပို့ဆောင်ပေးနေကြသည်။ အနီရောင် ပန်းပွင့် တို့သည် အင်ပါယာ အတွက် စားနပ်ရိက္ခာများကို စိုက်ပျိုးပေးကြ၏။ အကယ်၍ သူတို့ထဲမှ တစ်ဦးတစ်ယောက် သေဆုံးသွားပါက ဆိုးရွားသော ကံကြမ္မာသည် ကျင်း ကလန် အပေါ်သို့ တူတစ်လက်အလား ကျဆင်းလာမည်သာ ဖြစ်လေသည်။

ထိုသို့ တွေးလိုက်တော့ သူ၏ ဇနီး မိသားစုသည်လည်း ကင်းလွတ်ခွင့် ရရှိသင့်ပေသည်။ အကယ်၍ နာရူ တစ်ဦးသာ ဤတိုက်ပွဲကြားတွင် မြေစာပင် ဖြစ်သွားခဲ့ပါက အင်ပါယာသည် ကျင်း ကလန် ကို ထိုက်တန်သော ပြစ်ဒဏ်ပေးမည်မှာ သေချာလှသည်။

သို့သော်... အနီရောင် ပန်းပွင့် တို့ကို ကျင်း စစ်သည်များက လုံခြုံစွာ လိုက်ပါပို့ဆောင်ပေးနေသည်ကိုသာ သူ မြင်တွေ့နိုင်ခဲ့၏။ နာရူ မိသားစု၏ ကောင်းကင် လမ်းစဉ် မှ အစိမ်းရောင် အတောင်ပံများ ပိုင်ဆိုင်ထားသူ တစ်ဦးတစ်ယောက်ကိုမျှ သူ မမြင်တွေ့ရချေ။

ဂျင်း ကို မတွေ့ရမချင်း သူ စိတ်အေးနိုင်မည် မဟုတ်ပေ။

***

All Chapters