← Chapters

အခန်း (၂၃၇-၂၃၈)

Vol. 17 Ch. 237-238

အခန်း (၂၃၇-၂၃၈)

Vol. 17 Ch. 237-238

အပိုင်း(၂၃၇)

ကိုးဆယ့်ကိုးရုပ်သော လေ့ကျင့်ရေး အရုပ်များကို စက်ဝိုင်းပုံသဏ္ဍာန် စီစဉ်ချထားလေသည်။ စတင်အသက်သွင်းရမည့် သလင်းကျောက်သည် အလယ်ဗဟိုရှိ အောက်ခံခုံတစ်ခုပေါ်တွင် ရှိနေသည်။ လင်းတုန်း အနေဖြင့် ဤစမ်းသပ်မှုကို စတင်နိုင်ရန်အတွက် သူ၏ အုပ်ချုပ်သူ နည်းစနစ်ကို အတိုင်းအတာတစ်ခုအထိ အသုံးပြုရမည် ဖြစ်၏။ ဤအရာကို သူ မျှော်လင့် မထားခဲ့ပေ။ တိုက်ခိုက်သူ စမ်းသပ်မှု ကို ကျော်ဖြတ်ရန် သူတို့အတွက် ဆယ်ရက်သာ အချိန်ယူခဲ့ရသည်။ သို့သော် လေ့ကျင့်ရေး အရုပ် ဆယ့်ရှစ်ရုပ်ကို တိုက်ခိုက်ရန် သူ အချိန်မည်မျှယူခဲ့ရသည်ကို အခြေခံ၍ တွက်ဆကြည့်ပါက အရုပ်တစ်ရာနီးပါးအတွက်ဆိုလျှင်...။

သူ၏ ကျန်ရှိနေသေးသော တိုတောင်းလှသည့် သက်တမ်းတစ်ခုလုံးပင် အချိန်ယူရနိုင်ချေ ရှိလေသည်။

လင်းတုန်း သည် နည်းစနစ် အပိုင်းဆီသို့ ဆက်လက် ကြည့်ရှုလိုက်သည်။

"လွတ်ဟာနေတဲ့ နဂါးရဲ့ ကကွက်...."

သူက ပြောလိုက်၏။

"ကြမ်းကြုတ်တဲ့ မဟုတ်ဘူးလား...."

ယီရင် က မေးလိုက်သည်။

"ဒီတစ်ခုအတွက် ကြမ်းကြုတ်တဲ့ အပိုင်းတွေ ဘာမှမပါဘူးလား...."

လင်းတုန်းသည် လွန်ခဲ့သော လပေါင်းများစွာက အော်သို သူ့ကို ပြောပြခဲ့ဖူးသည့် ဇာတ်လမ်းတစ်ပုဒ်ကို မှတ်မိရန် ကြိုးစားရင်း ခေါင်းရမ်းလိုက်သည်။

"ဒါဆို ငါ သဘောကျတယ်.... လွတ်ဟာနေတဲ့ နဂါးရဲ့ ကကွက်... ဗလာ ကကွက် ဆိုရင်ရော ဘယ်လိုလဲ.... ရိုးရိုးရှင်းရှင်းနဲ့ တည်ငြိမ်တယ်.... ဒါပေမယ့် နင် ဘာအကမှ ကနေစရာလိုမယ်တော့ မထင်ဘူး...."

သူသည် ထိုမှတ်ဉာဏ်ကို ပြန်လည် မမှတ်မိမီအထိ ထိုစာလုံးများကို အခြားမည်သို့ ဖတ်ရှုနိုင်မည်နည်းဟု ကြိုးစားတွေးတောရင်း ရှာဖွေနေခဲ့သည်။

"ဟင်းလင်းပြင် နဂါးရဲ့ ကကွက်...."

ယီရင်က သူ၏ ကျောကို ပုတ်လိုက်သည်။

"ဒါကမှ အနိုင်ပဲ.... ဒါက ကျမ်းစာအုပ်ထဲမှာ ထည့်ရေးဖို့ နင် ဂုဏ်ယူရမယ့် နာမည်ပဲ...."

ထိုအချိန်မှာပင် အထက် မှောင်မည်းလာသော ကောင်းကင်ယံ၌ အဖြူရောင် အလင်းတန်းတစ်ခု လင်းလက်သွားခဲ့ရာ သူတို့နှစ်ဦးစလုံး မော့ကြည့်လိုက်ကြသည်။

လင်းတုန်းသည် သူ၏ ကျောက်စိမ်းအဆင့် အာရုံခံနိုင်စွမ်းကို ဆန့်တန်းလိုက်သည်။ ယီရင် လည်း ထိုနည်းတူ လုပ်ဆောင်ခဲ့မည်မှာ သေချာလှ၏။ ထိုအလင်းတန်းသည် အေးစက်ပြီး စူးရှသည်ဟု သူ ခဏတာ ခံစားလိုက်ရသည်။ သို့သော် ယင်းမှာ အလင်းတန်း မပျောက်ကွယ်သွားမီ အချိန်လေးအတွင်းသာ ဖြစ်လေသည်။

"ပွဲတော် လုပ်နေတာလား...."

သူက မေးလိုက်သည်။ ဝေ့ ကလန် သည် ပွဲတော်တိုင်းနှင့် အားလပ်ရက် အများစုတွင် ညကောင်းကင်ယံသို့ အရောင်အသွေးစုံလင်သော အလင်းတန်းများကို ထွန်းလင်းလေ့ရှိ၏။

ယီရင်၏ မျက်နှာသည် မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် အာရုံလွင့်ပါးပြီး စပ်စုချင်သော အမူအရာမှနေ၍ အလွန်တရာ တည်ကြည်လေးနက်သော အမူအရာသို့ ပြောင်းလဲသွားခဲ့သည်။

"နင့်ရဲ့ အိတ်ကို ယူခဲ့... ဒီကို ယူလာခဲ့.... ငါတို့ ထွက်ပေါက်ကို ကျောပေးထားသင့်တယ်...."

လင်းတုန်းသည် သူ၏ အာရုံခံနိုင်စွမ်းကို အစွမ်းကုန် အသုံးပြုလိုက်သော်လည်း မြို့နှင့်ပတ်သက်၍ ဝေဝါးသော ခံစားမှုတစ်ခုကိုပင် မရရှိခဲ့ပေ။

"ဘာတွေ ဖြစ်နေတာလဲ...."

"ဘာမှတော့ သေချာမသိရသေးဘူး.... ဒါပေမယ့် ဒါ ပွဲတော်လုပ်နေတာတော့ မဟုတ်ဘူး...."

ယီရင် က ပြောလိုက်သည်။

သူသည် ဂူဆီသို့ ပြန်ပြေးရန် လှည့်လိုက်သော်လည်း ခြေတစ်လှမ်းမျှပင် မလှမ်းရသေးမီ ရပ်တန့်သွားခဲ့သည်။ အံ့သြစရာကောင်းလောက်အောင်ပင် သူ တစ်စုံတစ်ခုကို အာရုံခံမိလိုက်၏။ ထိုအရာက မြို့ထက် အများကြီး ပို၍ နီးကပ်နေလေသည်။

အော်သို ၏ အမြုတေ သည် ပေါက်ကွဲလုနီးပါး ဖြစ်နေသော ဗုံးတစ်လုံးအလား တုန်ခါနေခဲ့လေတော့သည်။

၎င်း၏ ထိတ်လန့်မှုနှင့် ဒေါသတို့သည် လင်းတုန်း ၏ အထဲ၌ ပဲ့တင်ထပ်နေခဲ့သည်။ သူသည် ယီရင် ခံစားရသည့်အတိုင်း ခံစားလိုက်ရခြင်း ဖြစ်ပေမည်။ မည်သည့်အရာပင် ဖြစ်ပါစေ ထိုအရာက လိပ်ကြီးကို မောင်းတစ်ခုအလား ရိုက်ခတ်သွားခဲ့ခြင်း ဖြစ်၏။ သူ၏ ဝိညာဉ် သည် တုန်ရီသွားကာ တစ်ခဏမျှ ဟန်ချက်ပျက်ယွင်းသွားခဲ့သည်။

ထို့နောက် ၎င်းသည် ဒေါသအဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။

"ငါ နောက်မှ ပြန်သွားလိုက်မယ်...."

လင်းတုန်းက မြစ်မျိုးစေ့လေး အတွက် စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။

"အခုလောလောဆယ် ငါတို့...."

ဟိန်းဟောက်သံကြီးတစ်ခုက သူတို့၏ တောင်ကြားလေးကို တုန်လှုပ်သွားစေခဲ့သည်။ မြေပြင်က တုန်ခါသွားပြီး နံရံများလည်း တုန်ရီသွားခဲ့၏။

ယီရင်၏ ဓားသည် သူမ၏ လက်ထဲသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူမ၏ ရွှေအဆင့် သင်္ကေတ သည်လည်း ဓား အော်ရာ များဖြင့် တဝီဝီ မြည်နေခဲ့၏။

"အဲဒါ နင့်ရဲ့လိပ်လား...."

"လောလောဆယ်တော့ မဟုတ်သေးဘူး...."

လင်းတုန်း က ပြောလိုက်သည်။ မဟူရာ မီးတောက် မာဒြာ များသည် သူ့ကိုယ်ထဲ၌ ဒေါသတကြီး ပေါက်ကွဲထွက်မတတ် အသုံးပြုရန် အသင့်အနေအထားဖြင့် လည်ပတ်နေခဲ့၏။

နားကွဲမတတ် ဆူညံသော ပြိုကျသံများက ချောက်ကမ်းပါးအတွင်း ပဲ့တင်ထပ်သွားသည်။ ထို့နောက် သူတို့နှင့် ကာကွယ်သူ စမ်းသပ်မှု ကြား၌ မီးခိုးရောင် မီးခိုးငွေ့များ ထောင်းခနဲ ထွက်ပေါ်လာခဲ့၏။ အော်သို နီးကပ်လာသည်နှင့်အမျှ ကျောက်တိုင်များမှာ ပြိုကျလာခဲ့လေသည်။

သူသည် သူတို့ဆီသို့ လာရာလမ်းတစ်လျှောက်ရှိ ကျောက်တိုင်တောကြီးကို အကြမ်းပတမ်း ဖြတ်သန်းလာခဲ့ခြင်း ဖြစ်လေသည်။

"ယီရင်...."

လင်းတုန်း ၏ အသံမှာ အံ့သြစရာကောင်းလောက်အောင် တည်ငြိမ်နေခဲ့သည်။

"အော်သို ကို အဆင့်သတ်မှတ်ပေးရမယ်ဆိုရင် နင် ဘယ်အဆင့်မှာ ထားမလဲ...."

သူမသည် တိုက်ပွဲဝင်ရန် အသင့်အနေအထားဖြင့် ခြေဖျားထောက်ကာ ရပ်နေခဲ့သည်။

"အထွတ်အမြတ် သားရဲ တွေကို ချိန်ဆရတာတော့ ခက်တယ်.... ဒါပေမယ့် သူ့ကို အစစ်အမှန် ရွှေအဆင့် လို့တော့ ငါ ခေါ်ဆိုနိုင်တယ်...."

"ငါ ထင်တဲ့အတိုင်းပဲ...."

သူ တံတွေးမျိုချလိုက်သည်။

"ကျေးဇူးတင်ပါတယ် ယီရင်.... နင်သာမရှိရင် ငါ အထွတ်အမြတ် တောင်ကြား ကနေ ဘယ်တော့မှ ထွက်လာနိုင်မှာ မဟုတ်ဘူး...."

ယီရင်၏ ဝိညာဉ် သည် တောက်လောင်လာပြီး ငွေရောင် အော်ရာ များက သူမ၏ ပတ်လည်၌ အခွံတစ်ခုအလား စုစည်းလာခဲ့သည်။

"ငါမပါဘဲနဲ့ ဒီတောင်ကြားထဲကနေလည်း ထွက်နိုင်မှာ မဟုတ်ဘူး.... စကားကို တိုက်ပွဲပြီးမှ ပြော.... မျက်လုံးကို ရှင်ရှင်ထား...."

လင်းတုန်းသည် ချဉ်းကပ်လာသော အထွတ်အမြတ် သားရဲ ကြီးထံမှ အကြည့်ကို တစ်ခဏမျှ မခွာခဲ့ပေ။ သို့တိုင်အောင် ကြီးမားလှသော အနက်ရောင် သတ္တဝါကြီးက စမ်းသပ်မှု ဝင်ပေါက်မှတစ်ဆင့် ခုန်ဝင်လာချိန်၌ သူ လွတ်သွားလုနီးပါး ဖြစ်ခဲ့ရသည်။ ၎င်း၏ ခန္ဓာကိုယ်သည် မီးတောက် ခြုံလွှာ ဖြင့် တောက်လောင်နေပြီး အနီရောင် မျက်လုံးများမှာလည်း ရူးသွပ်မှုများဖြင့် တောက်ပနေခဲ့၏။ အကယ်၍သာ လင်းတုန်း အနည်းငယ်မျှ အာရုံလွင့်သွားခဲ့မည်ဆိုပါက သူ အချိန်မီ ရှောင်တိမ်းနိုင်မည် မဟုတ်ပေ။

သို့သော် သူ၏ ကိုယ်ပိုင် မီးတောက် ခြုံလွှာ တစ်ခုက သူ၏ ပတ်လည်၌ ထွက်ပေါ်လာခဲ့သည်။ သူသည် မြေကြီးများကို ကန်ထုတ်ကာ ဘေးဘက်သို့ အမြန်ရှောင်ထွက်လိုက်၏။ ခြေကျင်းဝတ်မှသည် ဒူးအထိ အရာအားလုံးက ထိုဝန်ပိမှုကြောင့် နာကျင်စွာ အော်ဟစ်နေကြသည်။ သူ၏ သံမဏိအဆင့် ခန္ဓာကိုယ်သည် ချက်ချင်း အလုပ်လုပ်လာခဲ့ပြီး သူ၏ မာဒြာ များကို ထပ်မံခိုးယူကာ သူ၏ ခြေထောက်များဆီသို့ ပေးပို့လိုက်လေသည်။

ယီရင် သည် မြေပြင်နှင့် တစ်သားတည်း ဖြစ်သွားသကဲ့သို့ အောက်သို့ အလွန်နိမ့်ကျစွာ ဝပ်ချလိုက်သည်။ ထို့နောက် သူမ၏ ရွှေအဆင့် သင်္ကေတ နှင့် အဖြူရောင် ဓား နှစ်လက်စလုံးကို အသုံးပြု၍ အထက်သို့ ပင့်ခုတ်လိုက်၏။

အော်သိုက ခြေဖြင့် ကန်ထုတ်လိုက်ရာ သူမ၏ တိုက်ခိုက်မှု နှစ်ခုစလုံးသည် မီးတောက် လက်သည်းများနှင့် တွေ့ဆုံသွားခဲ့သည်။

ထို့နောက် လိပ်ကြီး၏ အဟုန်သည် သူ့ကို သူမ၏ ခန္ဓာကိုယ်ပေါ်မှ ကျော်လွန်သွားစေခဲ့သည်။ ၎င်းသည် မြေကြီးပေါ်သို့ ပြုတ်ကျသွားပြီး ဟိန်းဟောက်ကာ ချက်ချင်းပင် အနောက်သို့ လှည့်လိုက်၏။ ယီရင် သည် ၎င်းဆီသို့ ပြန်လည်ရောက်ရှိလာပြီး အော်ရာ အကူအညီပါဝင်သော ဓားဖြင့် သူ၏ လည်ပင်းကို ခုတ်ချလိုက်သည်။

လင်းတုန်း တစ်ယောက် ရွေးချယ်စရာများကို စဉ်းစားနေစဉ် သူတို့နှစ်ဦးသည် အပြန်အလှန် ခြောက်ချက်ခန့် တိုက်ခိုက်ပြီးသွားခဲ့ပြီ ဖြစ်၏။

သူသည် ဂူဆီသို့ ပြန်သွားပြီး ဆယ်လ်ဗန် မြစ်မျိုးစေ့ ကို ယူကာ အော်သို ကို သန့်စင်ပေးရန် ကြိုးစားနိုင်ပေသည်။ ယင်းက အလုပ်မဖြစ်နိုင်သော်လည်း အော်သို သတိပြန်လည်လာမည့် အချိန်တိုင်းတွင် ကြိုးစားကြည့်ရန် သူ ရည်ရွယ်ထားခဲ့သည်။ သို့သော် အိတ်သည် ဂူထဲ၌ ကျန်ရစ်ခဲ့ပြီး သူ ပြန်ရောက်လာချိန်၌ ယီရင် သေဆုံးသွားနိုင်ချေ ရှိလေသည်။

သူသည် အော်သို ကို ထွက်ပေါက်မှ ထွက်သွားစေရန် မျှားခေါ်နိုင်ပေသည်။ လိပ်ကြီးကို သူ၏ နောက်သို့ လိုက်လာစေရန် သူ လုပ်ဆောင်နိုင်ပြီး ထိုအခါ ယီရင်က သူ့ကို အော်ရာ အတားအဆီးမှတစ်ဆင့် အပြင်ဘက်သို့ ရိုက်ထုတ်နိုင်ပေလိမ့်မည်။ အကယ်၍ သူသာ အပြင်ဘက်၌ ပိတ်မိသွားပါက လင်းတုန်း သည် မြစ်မျိုးစေ့ ကို ယူဆောင်လာပြီး သူ့ကို မကုသပေးနိုင်မချင်း သူ အန္တရာယ်ကင်းနေမည် ဖြစ်၏။

ထိုသို့ဖြစ်ရန် အတွက်လည်း လိပ်ကြီးအနေဖြင့် မဟူရာ မီးတောက် ဖြင့် ကျောက်တုံးများကို ဖောက်ထွင်းကာ အတွင်းသို့ ပြန်လည် ဝင်ရောက်မလာနိုင်ဟု ယူဆရမည် ဖြစ်လေသည်။

လင်းတုန်းသည် သူ၏ ခါးပတ်ကို ပုတ်ကြည့်လိုက်ရာ အလေးချိန်တစ်ခုကို ခံစားလိုက်ရသည်။ သူသည် အမည်မသိ စမ်းသပ်မှုဆီသို့ သူ၏ ငွေတစ်ဝက် ဓားမြှောင်ကို ယူဆောင်လာခဲ့ခြင်း ဖြစ်၏။ သူသည် ချွေးစေးများ ပြန်နေသော လက်ဖြင့် ဓားရိုးကို ဆုပ်ကိုင်လိုက်သည်။ မီးတောက် ခြုံလွှာ ကို တောက်လောင်စေလိုက်ပြီး တိုက်ပွဲထဲသို့ ပြေးဝင်သွားလေတော့သည်။

တစ်ချက်တည်း...

အကယ်၍ သူသာ အော်သို ကို ထိုးစိုက်နိုင်မည်ဆိုပါက ငွေတစ်ဝက် သည် ၎င်း၏ မာဒြာ များကို ပြိုကွဲသွားစေပြီး ယီရင် အနေဖြင့် သူ့ကို တားဆီးရန် အချိန်တစ်ခဏ ရရှိမည် ဖြစ်သည်။ ယင်းက သူ၏ ဝိညာဉ် အပေါ် ဖိအားများကို လျော့ကျစေပြီး သူ့ကို ပြန်လည် သတိရလာစေရန်ပင် လုံလောက်နိုင်ပေသည်။

ယီရင်သည် လိပ်အခွံပေါ်မှ လေထဲသို့ ခုန်တက်ကာ အနောက်ဘက်သို့ ဆင်းသက်လိုက်ချိန်၌ အော်သိုက သူမကို ရင်ဆိုင်ရန် လှည့်လိုက်သည်။

ထိုအခါ လင်းတုန်း သည် ခုန်ဝင်လာပြီး လိပ်ကြီး၏ အမြီးကို တိုက်ခိုက်လိုက်၏။ သူသည် ငွေတစ်ဝက် ဓားဖြင့် မည်သည့်နေရာကိုမဆို ခုတ်ပိုင်းနိုင်ပြီး ထိုသို့လုပ်ဆောင်ခြင်းက အလုပ်ဖြစ်မည်သာ ဖြစ်သည်။ အရေးကြီးဆုံးအပိုင်းမှာ သတ္တုသည် မာဒြာ နှင့် ထိတွေ့ရန်သာ ဖြစ်လေသည်။

သူသည် အော်သို ၏ အမြီးကို ထိုးစိုက်လိုက်ရာ သူ၏ ဓားမှာ ထက်ပိုင်းကျိုးသွားလေတော့သည်။

ငွေတစ်ဝက် သည် ကြွပ်ဆတ်သော သတ္တုတစ်ခု ဖြစ်သည်။ လိပ်ကြီး၏ အရေပြားသည်လည်း သားရေသံချပ်ကာတစ်ခုအလား ထူထဲလှ၏။ ဤသို့ဖြစ်လာမည်ကို သူ ကြိုတင် သိမြင်ထားသင့်ပေသည်။

ဘုန်း...

အော်သို ၏ အမြီးဖြင့် ရိုက်ထုတ်ခံလိုက်ရသဖြင့် လင်းတုန်း သည် အနောက်သို့ လွင့်စင်သွားခဲ့သည်။ ထိုသို့ လိမ့်ကျသွားချိန်၌ မိမိကိုယ်ကိုယ် ကျိန်ဆဲလိုက်မိလေ၏။ နောက်ဆုံးတွင် သူသည် လိမ့်နေရာမှ ရပ်တန့်သွားခဲ့သည်။ သို့သော် ချက်ချင်းပင် မတ်တတ် ပြန်ထရပ်လိုက်၏။ ကာကွယ်သူ စမ်းသပ်မှု တွင် သူ ဤထက်ပို၍ပင် ဆိုးရွားစွာ ဒဏ်ရာရခဲ့ဖူးလေသည်။

အကယ်၍ အော်သိုသာ သူ၏ ကိုယ်ပိုင် စွမ်းအားများကို အပြည့်အဝ ထိန်းချုပ်နိုင်စွမ်း ရှိနေမည်ဆိုပါက သူတို့နှစ်ဦးစလုံး ယခုအချိန်တွင် သေဆုံးနေလောက်ပြီ ဖြစ်သည်။ လင်းတုန်း သည် ထိုအချက်ကို သူတို့၏ ပဋိညာဉ် မှတစ်ဆင့် ပဲ့တင်ထပ်နေသော စွမ်းအားများထဲ၌ ခံစားသိရှိနိုင်လေ၏။ သို့သော် မျက်ကန်းဒေါသများဖြင့်သာ လုံးဝ လွှမ်းမိုးခံထားရသောကြောင့် လိပ်ကြီးသည် အတွေးနှစ်ခုကိုပင် ဆက်စပ်တွေးတောနိုင်စွမ်း မရှိသလောက် ဖြစ်နေခဲ့ပေသည်။

၎င်းသည်သာလျှင် သူတို့အတွက် တစ်ခုတည်းသော အခွင့်အရေး ဖြစ်လေသည်။

ဤဖြစ်နိုင်ချေလေးကို ဆုပ်ကိုင်ထားရင်း လင်းတုန်း သည် တိုက်ပွဲထဲသို့ ပြန်လည် ပြေးဝင်သွားလေတော့သည်။

***

အပိုင်း(၂၃၈)

ယီရင် အတွက် သေဆုံးရမည်ကို ကြောက်ရွံ့သောစိတ်အား မည်သည့်အခါမျှ အသားကျသွားမည် မဟုတ်ပေ။ သို့သော် ထိုကြောက်ရွံ့မှုကို သူမ လျစ်လျူရှုထားနိုင်ပေသည်။ ကြောက်ရွံ့မှုဆိုသည်မှာ ပျောက်ကွယ်သွားတတ်သော အရာမဟုတ်ပေ။ သို့သော် နူးညံ့သော ကုတင်ပေါ်၌ အိပ်စက်ရသည့် ညများထက် ဓားတိုက်ပွဲများကြား၌ ကုန်ဆုံးခဲ့ရသည့် ညများက ပိုမိုများပြားလာသောအခါ ထိုကြောက်စိတ်ကို ရှိသင့်ရှိထိုက်သော အမှောင်ထောင့်လေးတစ်ခုဆီသို့ တွန်းပို့ထားရန် သူမ သင်ယူတတ်မြောက်လာခဲ့လေသည်။

သို့တိုင်အောင် သူမအပေါ် မိုးကာ ကျရောက်လာပြီး အရေပြားကိုပင် လောင်ကျွမ်းစေလောက်သည့် ဒေါသအဟုန်ဖြင့် တိုက်ခိုက်နေသော ကြီးမားထွားကျိုင်းသည့် မီးတောက် သံချပ်ကာ သားရဲကြီးကို ရင်ဆိုင်ရချိန်၌မူ အခြေအနေက ပြောင်းလဲသွားခဲ့၏။ ထိုကြောက်ရွံ့မှုသည် ၎င်း တည်ရှိရာ အမှောင်ထောင့်လေးထဲမှ တဖြည်းဖြည်း တွားသွားထွက်ပေါ်လာကာ အရုပ်ဆိုးလှသော မျက်နှာသွင်ပြင်ကို ပြသလာခဲ့လေသည်။

အော်သိုသည် သူ၏ မာဒြာ စွမ်းအားသက်သက်ဖြင့်ပင် သူမကို အပြတ်အသတ် လွှမ်းမိုးထားလေသည်။ သူသည် မြေပြင်ကို အက်ကွဲသွားစေနိုင်လောက်အောင် အားဖြည့်ထားသည့် ခြေဖဝါးဖြင့် ရိုက်ချလိုက်သည်။ ထို့နောက် အဆုံးမဲ့ နက်ရှိုင်းသော မီးတောက်များကို ဟပ်ထုတ်လိုက်၏။ ၎င်းနောက် သူမကို သူ၏ ခန္ဓာကိုယ် အလေးချိန်ဖြင့် ဖိချရန် ရှေ့သို့ အရှိန်ဖြင့် ပြေးဝင်လာခဲ့လေသည်။ ထိုအရာအားလုံးသည် အသက်တစ်ရှိုက်စာ အချိန်လေးအတွင်းမှာပင် ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်၏။ သူမသည် ရှောင်တိမ်းနိုင်သမျှကို ရှောင်တိမ်းခဲ့သည်။ သို့သော် အချို့သော တိုက်ခိုက်မှုများကိုမူ လမ်းကြောင်းလွှဲပစ်ရန် လိုအပ်လေသည်။ သူ၏ ရိုက်ချက်တစ်ခုကို ဘေးဘက်သို့ တွန်းထုတ်ပစ်ရန်အတွက်ပင် သူမ၌ရှိသမျှ ခွန်အားအားလုံးကို အသုံးချခဲ့ရလေသည်။

နောက်ဆုံးတွင် သူမ ဆရာ၏ အသံသည် သူမ၏ စိတ်အာရုံကို စတင် အနှောင့်အယှက်ပေးလာခဲ့လေသည်။ သူမသည် သူ၏ ဝိညာဉ်အကြွင်းအကျန် ထံမှ ထွက်ပေါ်လာသော အလိုအလျောက် တုံ့ပြန်တတ်သည့် အသိစိတ်များမှတစ်ဆင့် များစွာ သင်ယူနိုင်ခဲ့သည်။ ထို့ကြောင့် အီသန် က ထိုအရာကို ဖယ်ရှားပစ်ရန် ပြောခဲ့ဖူးသည်ဆိုခြင်းကို သူမ မယုံကြည်နိုင်အောင်ပင် ဖြစ်ခဲ့ရ၏။ သို့သော် ယခုအချိန်၌မူ ယင်းက ဝန်ထုပ်ဝန်ပိုးတစ်ခုအလား စတင် ခံစားလာရလေပြီ။

ဆရာဖြစ်သူက ထိုလိပ်ကြီးကို ထက်ပိုင်းဖြတ်စေချင်နေသည့်အလား သူမ၏ ရွှေအဆင့် သင်္ကေတ သည် တဆတ်ဆတ် တုန်ရီနေခဲ့သည်။ အကယ်၍ ၎င်းသာ လိပ်တစ်ကောင် မဟုတ်ခဲ့လျှင် ထိုသို့လုပ်ဆောင်ရန် အဆင်ပြေမည်သာ ဖြစ်၏။ သို့သော် ကြီးမားလှသော အခွံကြီးတစ်ခုက လမ်းကြောင်းကို ပိတ်ဆို့နေလေသည်။

ဓားသူတော်စင် အနေဖြင့်မူ ထိုပြဿနာကို မြင်တွေ့မည် မဟုတ်ပေ။ အကယ်၍ သူသာ သက်ရှိထင်ရှား ရှိနေမည်ဆိုပါက ထိုလှုပ်ရှားမှုသည် အလွန် တည်ငြိမ်သေချာသော တိုက်ကွက်တစ်ခု ဖြစ်ပေလိမ့်မည်။ သူသည် လက်ထဲ၌ ဓားတစ်လက်မရှိဘဲနှင့်ပင် တောင်တစ်တောင်ကို ထက်ပိုင်း ခုတ်ဖြတ်နိုင်စွမ်း ရှိလေသည်။

သို့သော် သူမသည် ရွှေအဆင့် တစ်ဦးသာ ဖြစ်သေး၏။ သူ၏ တိုးတက်မှု အဆင့်နှင့် ယှဉ်လျှင် သမုဒ္ဒရာနှစ်စင်း၊ ယူဇနာပေါင်းများစွာ ကွာလှမ်းနေသေးသည်။ အကယ်၍ အော်သိုသာ ငြိမ်သက်စွာ ရပ်နေပြီး သူမကို ခုတ်ပိုင်းခွင့်ပေးလျှင်ပင် ထိုအခွံကြီးကို သူမ ဖောက်ထွင်းနိုင်မည် မဟုတ်ပေ။ သို့တိုင်အောင် သူမ၏ ရွှေအဆင့် သင်္ကေတ သည် ထိုသို့ကြိုးစားကြည့်ရန် သူမကို ဆွဲငင်နေဆဲပင် ဖြစ်လေသည်။

လင်းတုန်းသာ မရှိခဲ့လျှင် သူမ သေဆုံးနေလောက်ပြီ ဖြစ်သည်။ အော်သို၏ ကာကွယ်မှု ဟာကွက်တစ်ခုကို ရှာတွေ့ကာ သူ အပြင်းအထန် ဝင်ရောက်တိုက်ခိုက်လိုက်သည်ကို မြင်တွေ့ရချိန်၌ သူမသည် ဥ ခြောက်လုံး အုထားသော ကြက်မတစ်ကောင်ထက်ပင် ပို၍ ဂုဏ်ယူနေမိခဲ့၏။ သူ ဤနေရာ၌ ရှိနေခြင်းက ကံကောင်းလှပေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် မဟူရာ မီးတောက် မာဒြာ ၏ တိုက်ခိုက်မှုများကို ရေထဲတွင် ဆားပျော်သွားသကဲ့သို့ အရည်ပျော်မသွားဘဲ ခံနိုင်ရည်ရှိသောကြောင့် ဖြစ်လေသည်။

အော်သိုသည် တိမ်တိုက်များကို ဖောက်ထွင်းသွားခဲ့သော ထိုတိုက်ခိုက်သူ နည်းစနစ် ကဲ့သို့ ကြီးမားသည့် တိုက်ကွက်ကြီးတစ်ခုအတွက် စွမ်းအင်များကို စုစည်းထားခြင်း မရှိခဲ့ပေ။ ယင်းမှာ ကံကောင်းခြင်း တစ်ခုပင် ဖြစ်၏။ သို့မဟုတ်ပါက သူသည် ချောက်ကမ်းပါး နံရံများကို ပြိုကျသွားစေမည် ဖြစ်သည်။ ထိုတိုက်ကွက်ကို ဖော်ဆောင်ရန် အတွက် သူ့၌ တည်ငြိမ်သော စိတ်အခြေအနေ မရှိသည်မှာ ကံကောင်းလှပေသည်။

သူ အကောင်းဆုံး လုပ်ဆောင်နိုင်သည့် အရာမှာ အနက်ရောင် မီးတောက်အချို့ကို ဟပ်ထုတ်ခြင်းသာ ဖြစ်သည်။ လင်းတုန်းက ထိုအရာများကို သူ၏ ကိုယ်ပိုင် မာဒြာ ဖြင့် ရိုက်ထုတ်ကာ ဆက်လက် တိုက်ခိုက်နိုင်စွမ်း ရှိ၏။ သို့သော် သူမအနေဖြင့်မူ ထိုနည်းစနစ်များ တစ်ခုစီတိုင်းကို ဓားဖြင့် ခုခံရမည်သာ ဖြစ်သည်။ သို့မဟုတ်ပါက လက်တစ်ဖက် ဆုံးရှုံးရမည့် အန္တရာယ် ရှိလေသည်။

သို့သော် လင်းတုန်း ထိုသို့လုပ်ဆောင်လိုက်တိုင်း သူ၏ စွမ်းအားသည် သေလုဆဲဆဲ အလင်းရောင်တစ်ခုအလား မှေးမှိန်သွားခဲ့သည်။ သူ ယိမ်းယိုင်နေပြီဆိုသည်မှာ သိသာထင်ရှားလှပေသည်။

အကယ်၍ သူမသာ နောက်ထပ် အသက်ရှူအကြိမ် နှစ်ကြိမ်အတွင်း ဤတိုက်ပွဲကို အနိုင်မယူနိုင်ခဲ့ပါက သူ တတိယမြောက် အသက်ရှူခွင့် ရရှိတော့မည် မဟုတ်ပေ။

အော်သိုက လေးလံစွာ ခြေဆောင့်နင်းလျက် လျှောက်သွားနေစဉ် သူ၏ အခွံမှ မီးခိုးငွေ့များနှင့် အနီရောင်သန်းနေသော အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် သူ၏ ခေါင်းကို လင်းတုန်း ဘက်သို့ လှည့်လိုက်၏။ လိပ်ကြီး၏ မေးရိုးကြီး ပွင့်ဟသွား၏။ အော်သို၏ မျက်လုံးများသည် သူမ 'အမုန်းတရား' ဟု ခေါ်ဆိုနိုင်သည့် အရာတစ်ခုဖြင့် တောက်လောင်နေခဲ့လေသည်။

သူမနှင့် လင်းတုန်း ကြား၌ တောင်ပမာ ကြီးမားသော အခွံကြီးတစ်ခု ရှိနေသည်။ သို့သော် သူမ ကြိုးစားကြည့်နိုင်သည့် နောက်ဆုံးအရာတစ်ခု ကျန်ရှိနေသေး၏။

သူမသည် သံမဏိဖွား သံမဏိအဆင့် ခန္ဓာကိုယ် ၏ ခွန်အားအားလုံးကို အသုံးချကာ ဓားကို အော်သို၏ ခြေထောက်များကြားသို့ ပစ်လွှတ်လိုက်သည်။

ရွှမ်း..

၎င်းသည် လိပ်ကြီး၏ အောက်ရှိ မြေကြီးထဲသို့ ဓားရိုးထိတိုင်အောင် နစ်ဝင်စိုက်ဝင်သွားခဲ့သည်။ သို့တိုင်အောင် အော်သို သတိမထားမိခဲ့ပေ။

ယီရင်သည် သူမ ဆွဲယူနိုင်သမျှ ဓား အော်ရာ များအားလုံးကို သူမ၏ ရွှေအဆင့် သင်္ကေတ ပေါ်သို့ စုစည်းလိုက်သည်။ ထို့အပြင် သူမ၏ လက်သည်းစွန်းများပေါ်သို့ပါ စုစည်းလိုက်သေး၏။ ဓား အော်ရာ သည် ရွေ့လျားမှုတွင် ၎င်း၏ စွမ်းအားကို ပြသတတ်လေသည်။ သူမက ထိုအရာများအားလုံးကို ရှေ့သို့ လွှဲယမ်းလိုက်၏။ အဆုံးမဲ့ ဓား နည်းစနစ် ဖြင့် တိုက်ခိုက်လိုက်ခြင်းပင် ဖြစ်တော့သည်။

တောင်... တောင်... တောင်...

သူမ၏ ရွှေအဆင့် သင်္ကေတ သည် ခေါင်းလောင်းတစ်ခုအလား မြည်ဟည်းသွားခဲ့သည်။ သူမ၏ လက်သည်းများသည် ပေါက်ကွဲသွားပြီး လေထဲသို့ သွေးများ ပန်းထွက်သွားခဲ့သည်။ ထိုအခါ သေးငယ်သော ခေါင်းလောင်းလေးများအလား ပဲ့တင်ထပ် သံစဉ်များ ထွက်ပေါ်လာခဲ့လေသည်။

ဓား အော်ရာ များအားလုံးသည် သူမ၏ ပတ်လည် ပေနှစ်ဆယ် အချင်းဝက်အတွင်း ပဲ့တင်ထပ်သွားခဲ့သည်။ ထိုနည်းစနစ်သည် လှိုင်းလုံးတစ်ခုအလား ပြန့်နှံ့သွားပြီး အခြားသော ဓားများကို ရှာဖွေနေခဲ့၏။ ယင်းက သူမ ဆရာ၏ ဓားကို ရိုက်ခတ်သွားသောအခါ မဟူရာ မီးတောက် စမ်းသပ်မှုများ တွင် အောင်နိုင်ခြင်း (သို့မဟုတ်) ကျရှုံးခြင်းကို ကြေညာသည့် မောင်းသံကြီးတစ်ခုအလား မြည်ဟည်းသွားလေသည်။

မြေကြီးထဲ နစ်ဝင်နေသော လက်နက်ဆီမှ ဓား အော်ရာ များ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ မြေကြီးလှိုင်းများ နေရာအနှံ့သို့ လွင့်စင်သွားပြီး လိပ်ကြီး၏ ဝမ်းဗိုက်အောက်ပိုင်းကို ပြင်းထန်စွာ ရိုက်ခတ်သွားခဲ့၏။ သူမသည် အော်သိုကို အောက်မှနေ၍ အထက်သို့ ထက်ပိုင်းပိုင်းပစ်ရန် မျှော်လင့်ထားခဲ့သည်။ သို့သော် အော်ရာ များက မခုတ်ထစ်နိုင်ခဲ့သည်ကို သူမ ခံစားသိရှိလိုက်ရ၏။ ထိုတိုက်ခိုက်မှုသည် သူ၏ ဝမ်းဗိုက်ကို ဝင်တိုက်မိပြီး သူ့ကို မြေပြင်မှ ခြောက်လက်မခန့် မြောက်တက်သွားစေခဲ့ကာ ဟိန်းဟောက်သွားစေသည်။ သို့သော် သူ့ကို အနည်းငယ်မျှသာ ပြတ်ရှသွားစေခဲ့၏။ သူမသည် ချွန်ထက်သော သစ်ကိုင်းခြောက်များနှင့် ခြစ်မိစဉ်ကပင် ဤထက်ပို၍ ဆိုးရွားသော ဒဏ်ရာကို ရရှိခဲ့ဖူးလေသည်။

ခြေဖဝါးလေးဖက်စလုံး မြေပြင်နှင့် ကင်းကွာနေသော ထိုစက္ကန့်ဝက်ခန့် အချိန်လေးအတွင်း၌ သူမသည် နောက်ထပ် အခွင့်အရေးတစ်ခုကို မြင်တွေ့လိုက်ရသည်။ သို့သော် ယင်းကို ဆက်လက် အကောင်အထည်ဖော်ရန် သူမ၌ ခွန်အား မရှိတော့ပေ။ အကယ်၍ သူမ၌သာ ဓားရှိနေမည်ဆိုပါက သေချာပေါက် လုပ်နိုင်မည် ဖြစ်၏။ သို့သော် သူမသည် လက်နက်မဲ့ ဖြစ်နေပြီး လက်သည်း ဆယ်ခုစလုံးမှ သွေးများ ယိုစီးကျနေခဲ့သည်။ ထို့အပြင် သူမ၏ မာဒြာ များလည်း အလွန် နည်းပါးနေပြီ ဖြစ်လေသည်။

သူမသည် လင်းတုန်း အနေဖြင့် ထိုအခွင့်အရေး မလွတ်သွားမီ ဆုပ်ကိုင်နိုင်ရန် မျှော်လင့်ရင်း အော်ဟစ်ရန် ပါးစပ်ကို ဟလိုက်သည်။

သူမ၏ နှုတ်ခမ်းများမှ အသံတစ်သံမျှ ထွက်မလာမီမှာပင် လင်းတုန်း လှုပ်ရှားလိုက်လေသည်။

လပေါင်းများစွာ အတူတကွ လေ့ကျင့်ခဲ့ရခြင်းများက နောက်ဆုံးတွင် ၎င်းတို့၏ တန်ဖိုးကို ပြသလာခဲ့ပြီ ဖြစ်သည်။ လင်းတုန်း သည် ကောင်းကင်ဘုံက သူ့ကို ကောင်းချီးပေးထားသည့်အလား ထိုအခွင့်အရေးကို မြင်တွေ့သွားခဲ့၏။ သူသည် အော်သို ၏ အနီးသို့ လျှောတိုက် ဝင်ရောက်သွားပြီး အောက်သို့ လက်ကို ဆန့်တန်းလိုက်သည်။ သူ၏ လက်သီးသည် မီးတောက် ခြုံလွှာ ၏ အနက်နှင့် အနီရောင် အလင်းတန်းများဖြင့် တောက်လောင်နေခဲ့လေသည်။

သူ၏ အထက်သို့ ပင့်ပုတ်လိုက်သော လက်သီးချက်သည် လိပ်ကြီး၏ အခွံအစွန်းကို ထိမှန်သွားခဲ့သည်။ ထိုရိုက်ချက်က အော်သို ကို ပက်လက်လန်သွားစေခဲ့၏။

ခဏအကြာတွင် အထွတ်အမြတ် သားရဲ ကြီးသည် မြေကြီးပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားခဲ့သည်။ ပါးစပ်မှ မဟူရာ မီးတောက် မာဒြာ များကို ပန်းထုတ်ရင်း ဟိန်းဟောက်နေလေသည်။ ယီရင် သည် အနီးသို့ ကပ်သွားကာ သူမ၏ ဓားရိုးကို ဆွဲယူလိုက်၏။ ကံကောင်းလွန်း၍သာ လိပ်ကြီးသည် ဓားသွားပေါ်သို့ တည့်တည့်မကျလာခဲ့ခြင်း ဖြစ်လေသည်။

လင်းတုန်း နှင့် အတူတကွ တွဲဖက်လုပ်ဆောင်ရခြင်း၏ နောက်ထပ် အကျိုးကျေးဇူးတစ်ခု ရှိသေးသည်။ သူမသည် မကြည့်ဘဲနှင့်ပင် သူ မည်သည့်နေရာတွင် ရှိနေမည်ကို အတိအကျ သိနေခြင်း ဖြစ်၏။

သူမသည် အဖြူရောင် ဓားကို အော်သို ၏ အထက် လေထဲသို့ ပစ်တင်ပေးလိုက်သည်။ ထိုအခါ ခုန်တက်နေသော အမြင့်ဆုံး အနေအထားသို့ ရောက်ရှိနေပြီဖြစ်သည့် လင်းတုန်း က လေထဲမှနေ၍ ထိုဓားကို ဖမ်းယူလိုက်လေသည်။

သူ၏ အတွေးများသည် သူမနှင့် တူညီနေမည်ကို သူမ သိထား၏။ သူတို့သည် အော်သို ကို မသတ်ချင်ခဲ့ကြပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ ဝိညာဉ်အကြွင်းအကျန် ကို ဆက်လက် တိုက်ခိုက်ရမည် ဖြစ်သောကြောင့်ပင်။ သို့သော် ဤထက် ပိုကောင်းသော နည်းလမ်းကို သူမ မြင်တွေ့နိုင်မည်ဆိုပါက ကောင်းကင်ဘုံက သူမကို အပြစ်ပေးလိုက်ပါစေတော့။

ထို့အပြင် လင်းတုန်း သည် ထို ဝိညာဉ်အကြွင်းအကျန် ကို လက်ခံရယူနိုင်ပေသည်။ သူသည် ထိုလုပ်ငန်းစဉ်အတွက် ညွှန်ကြားပြသခံထားရခြင်း မရှိသေးသလို ယင်းအတွက်လည်း အဆင်သင့်ဖြစ်ချင်မှ ဖြစ်နေပေလိမ့်မည်။ သို့တိုင်အောင် ထိုအရာက သေသည်အထိ နောက်ထပ် တိုက်ခိုက်ရမည့် တိုက်ပွဲတစ်ခုထက်တော့ ပို၍ ကောင်းမွန်ပေလိမ့်မည်။

လင်းတုန်း သည် အော်သို ၏ ဝမ်းဗိုက်ပေါ်သို့ ဆင်းသက်လိုက်ရာ သင်္ဘောကုန်းပတ်ပေါ်ရှိ လူတစ်ယောက်အလား ယိမ်းယိုင်သွားခဲ့သည်။ သူသည် ဓားကို ပြောင်းပြန်လှည့်ကာ လက်နှစ်ဖက်ဖြင့် မြှောက်တင်လိုက်၏။

ထို့နောက် သူသည် အမြုတေ ကို မဟူရာ မီးတောက်မှ သန့်စင်သော လမ်းစဉ်ဆီသို့ ပြောင်းလဲလိုက်လေတော့သည်။

***

All Chapters