← Chapters

စိတ်ကူးယဉ်အရောင်စုံ နတ်မိမယ်

Vol. 10 Ch. 125

စိတ်ကူးယဉ်အရောင်စုံ နတ်မိမယ်

Vol. 10 Ch. 125

နတ်ဆိုး ရုပ်အလောင်း အမြောက်အမြားကို ခွဲခြမ်းစိတ်ဖြာပြီးနောက်တွင်မူ လီယွမ်သည် ရှောင်ချိုက်နှင့် လိုက်ဖက်သော ရတနာဆယ်မျိုးကျော်ကို စုဆောင်းနိုင်ခဲ့သည်။

“ခုနစ်ရောင်ခြယ် သန့်စင်ပုလဲ - မီးငှက်နတ်ဆိုး အနည်းစုရဲ့ ကိုယ်တွင်းမှာသာ ဖြစ်တည်လေ့ရှိပြီး လောကမှာရှိတဲ့ ဘယ်လိုမီးလျှံမျိုးကိုမဆို သန့်စင်ပေးနိုင်စွမ်း ရှိတယ်”

“ဖီးနစ်ငှက်မွှေး - မြေကမ္ဘာဖီးနစ် နတ်ဆိုးမျိုးနွယ်စုရဲ့ အဖိုးတန်ဆုံး အမွှေးအမျှင်ဖြစ်ပြီး ဖီးနစ်ငှက်ရဲ့ သွေးမျိုးဆက် အနည်းငယ် ပါဝင်နေတယ်”

“မြွေတစ်ရာ သားရေ - အချင်းချင်း သတ်ဖြတ်ဝါးမြိုမှု အကြိမ်တစ်ရာကို ဖြတ်သန်းပြီးမှသာ နတ်ဆိုးမျိုးနွယ်တွေထဲက အစွမ်းအထက်ဆုံးသူတွေ ပိုင်ဆိုင်နိုင်တဲ့ ဝိညာဉ်သားရေ ဖြစ်တယ်”

“တစ်ဖက်ကမ်းက ပန်း - ဒဏ္ဍာရီတွေအရ ငရဲဘုံမှာသာ ပွင့်လေ့ရှိတဲ့ ပန်းတစ်ပွင့်”

“သန့်စင်သောအလင်း ကြံ့ချို...”

လီယွမ်သည် သူ၏ စိတ်အာရုံများကို စုစည်းကာ ရတနာများ အားလုံးကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး သင့်တော်မည့် အရာများကို ဂရုတစိုက် ရွေးချယ်လိုက်သည်။

“ရှောင်ချိုက်... ငါတို့ ဒီငရဲမီးလျှံအတွက် တော်တော်လေး ပေးဆပ်ခဲ့ရတာနော်.. ဒါက တကယ့်ကို တန်တဲ့ အပေးအယူပဲ”

သူသည် ရှောင်ချိုက်အား ကောက်ယူကာ အနက်ရောင်အိုးထဲသို့ ထည့်လိုက်သည်။

“မူလ ပစ္စည်းများကို ရွေးချယ်ပါ”

“ပင်မကူကောင် - ငါးရောင်ခြယ် မီးတောက်စပါးအုံး (ငရဲအခြေအနေ) နှင့် ခုနစ်ရောင်ခြယ် သန့်စင်ပုလဲ”

“ပေါင်းစပ်မှုကို စတင်ပါ”

“သင့်ရဲ့ ပင်မကူကောင် ငါးရောင်ခြယ် မီးတောက်စပါးအုံးဟာ အနည်းငယ် အဆင့်တက်သွားပါပြီ.. ဒါပေမဲ့ သိသာထင်ရှားတဲ့ အပြောင်းအလဲတော့ မရှိသေးပါဘူး”

သတင်းအချက်အလက် အချို့မှာ အနက်ရောင်အိုး၏ ပေါင်းစပ်မှုမှတစ်ဆင့် တိုက်ရိုက် ထွက်ပေါ်လာခြင်း မရှိပေ။

လီယွမ်သည် သူ၏ နှစ်ပေါင်းများစွာ ကူသန့်စင်ခဲ့သည့် အတွေ့အကြုံများမှတစ်ဆင့် ရှောင်ချိုက်၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ အတက်အကျများကို စောင့်ကြည့်လေ့လာနေရသည်။

ငရဲမီးလျှံကို စုပ်ယူပြီးနောက် ရှောင်ချိုက်၏ ပင်မခန္ဓာကိုယ်မှာ ကြီးကြီးမားမား ပြောင်းလဲသွားခြင်း မရှိသော်လည်း... မြွေကိုယ်လုံးပေါ်ရှိ အကြေးခွံအချို့ကတော့ အရောင်ပြောင်းသွားခဲ့တော့၏။

“ထပ်လုပ်မယ်”

“မူလ ပစ္စည်းများကို ရွေးချယ်ပါ”

“ပင်မကူကောင် - ငါးရောင်ခြယ် မီးတောက်စပါးအုံး (ငရဲအခြေအနေ)၊ မြွေတစ်ရာ သားရေ နှင့် တစ်ဖက်ကမ်းက ပန်းဝတ်ဆံ”

စီနီယာ တစ်ယောက်၏ အတွေ့အကြုံများနှင့် လမ်းညွှန်မှုများ မရှိဘဲ လီယွမ်သည် မိမိ၏ ကိုယ်ပိုင် အကဲဖြတ်မှုအပေါ်တွင်သာ မှီခိုကာ သင့်တော်သော ပစ္စည်းများကို ထည့်သွင်းရသည်။

ကံကောင်းထောက်မစွာဖြင့် နှစ်ပေါင်းများစွာ ကူသန့်စင်ခဲ့သည့် အတွေ့အကြုံများကြောင့် သူသည် အလွန်ပင် ကျွမ်းကျင်သော ကူသခင် တစ်ဦး ဖြစ်နေခဲ့တော့၏။

ပင်မကူကောင်၏ ဆင့်ကဲပြောင်းလဲမှု အပေါ် သူ၏ နားလည်သဘောပေါက်မှုမှာ အတော်လေး တိကျလှသည်။ လုံးဝ မှန်ကန်သည်ဟု မဆိုနိုင်သော်ငြားလည်း ဆယ်ကြိမ်တွင် ကိုးကြိမ်မှာတော့ အကျိုးရှိပြီး ဆိုးကျိုးများ မဖြစ်ပေါ်စေသည်မှာ သေချာလှသည်။

“ပေါင်းစပ်နေဆဲ ဖြစ်ပါတယ်”

“သင်၏ ပင်မကူကောင် ငါးရောင်ခြယ် မီးတောက်စပါးအုံးဟာ ‘ငရဲ’ အခြေအနေကနေ လွတ်မြောက်သွားပြီး လမ်းကြောင်းသစ် တစ်ခုဆီကို အသွင်ပြောင်းလဲနေပါပြီ”

“နောက်ထပ် လမ်းကြောင်းသစ် တစ်ခုလား”

လီယွမ်အတွက်တော့ မည်သူမျှ မလျှောက်လှမ်းဖူးသော လမ်းကြောင်းပေါ်ရှိ ခြေလှမ်းတိုင်းမှာ လမ်းကြောင်းသစ်တစ်ခုသာ။

“ထပ်လုပ်မယ်”

“မူလ ပစ္စည်းများကို ရွေးချယ်ပါ”

“ပင်မကူကောင် - ငါးရောင်ခြယ် မီးတောက်စပါးအုံး နှင့်...”

ကူသန့်စင်ခြင်း လုပ်ငန်းစဉ်တိုင်းမှာ ရှည်လျားလှသော စမ်းသပ်မှုနှင့် စိန်ခေါ်မှုတစ်ခုပင်။ လီယွမ်သည် ထိုလုပ်ငန်းစဉ်အတွင်း လုံးဝ နစ်မြုပ်နေပြီး ရှောင်ချိုက်၏ ဆင့်ကဲပြောင်းလဲမှု အခြေအနေပေါ် မူတည်ကာ ပစ္စည်းအသစ်များကို အဆက်မပြတ် ထည့်သွင်းနေတော့၏။

အချိန်များမှာ တစ်စက္ကန့်ပြီး တစ်စက္ကန့် ကုန်လွန်သွားခဲ့လေပြီ။ နေ့နှင့်ညများလည်း တစ်လှည့်စီ ပြောင်းလဲသွားခဲ့၏။

အချိန်အတော်ကြာပြီးနောက်တွင် အနက်ရောင်အိုးမှာ တုန်ခါသွားပြီး ကွဲပြားခြားနားသော အလင်းရောင် တစ်မျိုး ဖြာထွက်လာကာ ငရဲမီးလျှံ၏ အငွေ့အသက်များမှာလည်း လွင့်စင်ပျောက်ကွယ်သွားရတော့သည်။

“ပြီးသွားပြီလား”

လီယွမ်၏ မျက်လုံးများမှာ တောက်ပသွားပြီး သူ၏ နှလုံးသားမှာလည်း စိတ်လှုပ်ရှားမှုကြောင့် ခုန်ပေါက်နေတော့၏။

အသိပေးချက် အသံလေးက သူ၏ စိတ်ထဲတွင် ထပ်မံ ထွက်ပေါ်လာခဲ့ပြန်သည်။

“သင်၏ ပင်မကူကောင် ငါးရောင်ခြယ် မီးတောက်စပါးအုံးဟာ ငရဲမီးလျှံကို အပြည့်အဝ သန့်စင်ပြီး လိုက်ဖက်တဲ့ ရတနာ အမြောက်အမြားကို စားသုံးပြီးနောက်မှာ အသွင်ပြောင်းလဲမှု တစ်ခုကို ရရှိသွားပါပြီ”

“စိတ်ကူးယဉ်အရောင်စုံ နတ်မိမယ် အဖြစ်ကို ဆင့်ကဲပြောင်းလဲသွားပါပြီ”

“စိတ်ကူးယဉ်အရောင်စုံ နတ်မိမယ် ဟုတ်လား”

ကူကောင် အမည်နာမ အများအပြားက လီယွမ်၏ စိတ်ထဲတွင် လျှပ်တစ်ပြက် ဖြတ်သန်းသွားသော်လည်း... ဤအမည်ကိုတော့ သူ တစ်ခါမျှ မကြားဖူးခဲ့ချေ။

“ဒါက ထျန်းယွမ်တိုက်ကြီးမှာ တစ်ခါမှ မပေါ်ဖူးသေးတဲ့ လုံးဝ ကူအမျိုးအစားသစ်များ ဖြစ်နေမလား”

ထိုအတွေးလေး ဝင်လာသည်နှင့် တပြိုင်နက် စနစ်ထံမှ အသိပေးချက် အသံလေး ထပ်မံ ထွက်ပေါ်လာခဲ့ပြန်သည်။

“သင်ဟာ လုံးဝ အသစ်စက်စက် ရှားပါးကူကောင် တစ်ကောင်ကို အောင်မြင်စွာ မွေးထုတ်နိုင်ခဲ့တဲ့အတွက် အမှတ် (၁၀၀၀) ရရှိပါတယ်.. အဲဒီအမှတ်တွေကို ရောင်စုံအိုးထဲမှာ သိမ်းဆည်းထားလိုက်ပါပြီ”

“တကယ်ပဲကိုး..”

လီယွမ်သည် အတွေးတစ်ချက်ဖြင့် အချက်အလက် မျက်နှာပြင်ကို ခေါ်ယူလိုက်သည်။

[ ကူသခင် - လီယွမ် ]

[ အမည်းရောင်အိုး - (အဆင့် ၇ - ၁၅၆/၈၀၀၀) ]

[ ရောင်စုံအိုး - ၁၀၀၀ ]

[ ကျင့်ကြံခြင်းအဆင့် - သတ္တမအဆင့် ]

[ စိတ် စွမ်းအား - နယ်မြေ အဆင့် အထွတ်အထိပ် ]

[ ပင်မကူကောင် - ဘီလူး ဝိညာဉ်ကူကောင်၊ ပြန်လည်ရှင်သန်ခြင်းကူကောင်၊ စိတ်ကူးယဉ်အရောင်စုံ နတ်မိမယ်၊ ဆန်းကြယ်ပုံရိပ်ကူကောင်၊ ပင့်ကူဘုရင်မကူကောင်၊ ဓားနတ်သမီး ]

[ ကူအိမ် - စိတ်ကူးယဉ်အရောင်စုံ နန်းတော် (သောင်း အဆင့် ကူအိမ်)၊ ပင့်ကူအိမ် လျှို့ဝှက်နယ်မြေ (သောင်း အဆင့် ကူအိမ်) ]

ရှောင်ချိုက် ဆင့်ကဲပြောင်းလဲမှု ပြီးဆုံးသွားပြီးနောက် သူမ တည်ဆောက်ထားသော ကူအိမ်မှာလည်း ၎င်းနှင့်အညီ ပြောင်းလဲသွားခဲ့ပြီး ရောင်စုံအိုးထဲတွင်လည်း အမှတ် (၁၀၀၀) တိုးလာခဲ့သည်။

“အားလုံး ပြောင်းလဲပစ်လိုက်ပါ”

လီယွမ်က အမိန့်ပေးကြည့်လိုက်ရာ အချက်အလက် မျက်နှာပြင်မှာ တစ်ဖန် ပြောင်းလဲသွားပြန်သည်။

[ အမည်းရောင်အိုး - (အဆင့် ၇ - ၁၁၅၆/၈၀၀၀) ]

“တိုးတက်မှုက တကယ်ပဲ မြန်ဆန်လာတာကိုး”

ထိုအရာကို ကိုယ်တိုင် မျက်မြင်တွေ့ရှိပြီးနောက်တွင်မူ လီယွမ်မှာ လုံးဝ စိတ်အေးသွားရတော့၏။

အမှန်တကယ်တော့ လုံလောက်သော ရှားပါးရတနာများနှင့် ကြွယ်ဝလှသော ကူသန့်စင်ခြင်း အတွေ့အကြုံများသာ ရှိမည်ဆိုပါက... ထျန်းယွမ်တိုက်ကြီးတွင် တစ်ခါမျှ မပေါ်ဖူးသေးသော ရှားပါးကူကောင်များနှင့် ထူးခြားကူကောင်များကို မွေးထုတ်နိုင်စွမ်း အမြဲတမ်း ရှိနေသည် မဟုတ်ပါလော။

“ရွှီး...”

ရှောင်ချိုက်မှာ အနက်ရောင်အိုးထဲမှ ထွက်ပေါ်လာခဲ့လေပြီ။

ထပ်မံ ဆင့်ကဲပြောင်းလဲပြီးနောက်တွင် မြွေကိုယ်လုံးပေါ်ရှိ အကြေးခွံများမှာ ပိုမို တောက်ပလာခဲ့သော်လည်း အဓိက အရောင်မှာမူ အဖြူရောင်စစ်စစ်သာ ဖြစ်နေဆဲပင်။

“ရှောင်ချိုက်... မင်းရဲ့ အစွမ်းတွေကို ပြစမ်းပါဦး”

လီယွမ်က ရယ်ရင်း ဆိုလိုက်သည်။

ရှောင်ချိုက်က အမြီးလေးကို ဝှေ့ယမ်းကာ နေရာတွင် လှည့်ပတ်လိုက်ရာ သူမ၏ ကိုယ်ပေါ်ရှိ အနီရောင် အကြေးခွံများစွာမှာ လင်းလက်သွားတော့၏။

“ဝူး.....”

မြွေလေးက ဟိန်းဟောက်လိုက်ပြီး ပြင်းထန်လှသော မီးတောက်ကြီး တစ်ခုကို ရုတ်တရက် မှုတ်ထုတ်လိုက်သည်။

အလွယ်ကူဆုံးနှင့် တိုက်ရိုက်အကျဆုံးသော တိုက်ကွက်တစ်ခု ဖြစ်သော်လည်း ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါဖြင့် ယခင်ကထက် မြန်နှုန်းရော စွမ်းအားပါ များစွာ သာလွန်နေခဲ့တော့၏။

“ရွှီး...”

ရှောင်ချိုက်၏ အကြေးခွံများမှာ ထပ်မံ အရောင်ပြောင်းသွားပြီး ခရမ်းရောင် အကြေးခွံများ လင်းလက်လာခဲ့ပြန်သည်။

“ဝူး.....”

ဤတစ်ကြိမ်တွင်မူ ငရဲမီးလျှံနှင့် တူသော ခရမ်းရောင် မီးတောက်များကို မှုတ်ထုတ်လိုက်ရာ နေရာလွတ်များကိုပင် ပုံပျက်သွားစေနိုင်သည့် ထူးဆန်းသော ဖြစ်စဉ်များ ပါဝင်လာပြီး မြေပြင်ကိုပင် ကျွမ်းလောင်သွားစေတော့၏။

ထို့နောက် ရှောင်ချိုက်သည် ထူးဆန်းသော မီးလျှံတိုက်ကွက် အမျိုးမျိုးကို အဆက်မပြတ် ထုတ်ဖော်ပြသသည်။ မတူညီသော မီးလျှံတိုင်းတွင် ၎င်းတို့၏ ကိုယ်ပိုင် အားသာချက်များ ရှိပြီး ၎င်းတို့၏ အကျိုးသက်ရောက်မှုများမှာ ယခင်ကအတိုင်း အများစု တူညီနေသော်လည်း... စွမ်းအားနှင့် မြန်နှုန်းမှာမူ နှိုင်းယှဉ်၍ပင် မရနိုင်တော့ပေ။

အရေးအကြီးဆုံးမှာကား စွမ်းအင်စုဆောင်းရန် အချိန်မလိုဘဲ ချက်ချင်း အသုံးပြုနိုင်ခြင်းပင် ဖြစ်ရာ... ၎င်းက တိုက်ခိုက်ရေး စွမ်းရည်ကို အဆင့်တစ်ဆင့်ထက်မက ပိုမို မြင့်တက်သွားစေသည်။

“မဆိုးဘူး... မဆိုးဘူး.. ပါရမီက ကောင်းသားပဲ.. မင်းကို ပြုစုပျိုးထောင်ရတာ အချိန်ဖြုန်းရာ မကျပါဘူး”

လီယွမ်၏ မျက်နှာထက်တွင် အပြုံးပန်းများ ဝေဆာနေတော့၏။

ချီးကျူးခံရသဖြင့် ဝမ်းသာလုံးဆို့နေသော ရှောင်ချိုက်မှာ လီယွမ်၏ ကိုယ်ကို အကြိမ်ကြိမ် ပွတ်သပ်နေရှာတော့သည်။

“ရွှီး...”

“ဘာလဲ... မင်းမှာ ပြစရာ နောက်တစ်ခု ကျန်သေးတယ် ဟုတ်လား”

လီယွမ် နားလည်လိုက်သည်။

ကြည့်ရသည်မှာ ရှောင်ချိုက်သည် သူ့အတွက် ကြီးမားသော အံ့ဩစရာတစ်ခုကို ပြင်ဆင်ထားပုံ ရသည်။

“အဲဒါလည်း ဟုတ်တာပဲလေ”

ထပ်မံ စဉ်းစားကြည့်သောအခါ ဒါက လုံးဝ ယွီတ္တိတန်လှသည်။ မည်သို့ပင်ဖြစ်စေ သူမသည် လုံးဝ အသစ်စက်စက် ရှားပါးကူကောင် တစ်ကောင် ဖြစ်လာခဲ့ပြီး... ‘ငရဲမီးလျှံ’ ကဲ့သို့သော အဆင့်မြင့် ထူးဆန်းမီးတောက်မှတစ်ဆင့် ဆင့်ကဲပြောင်းလဲလာခဲ့ခြင်း မဟုတ်ပါလော။

မီးမှုတ်သည့် မြန်နှုန်းနှင့် စွမ်းအား မြင့်တက်လာခြင်းမှာ အထင်ကြီးစရာ ကောင်းသော်လည်း ၎င်းကို ‘အသွင်ပြောင်းလဲမှု’ ဟု ခေါ်ဆိုရန် မလုံလောက်သေးချေ။

“ရွှီး...”

ရှောင်ချိုက်သည် လီယွမ်၏ ပခုံးပေါ်မှ ခုန်ချကာ လေထဲတွင် ဝဲပျံနေရင်း အားကုန်ထုတ်နေသည့် အမူအရာဖြင့် သူမ၏ တစ်ကိုယ်လုံးမှာ လျင်မြန်စွာ တုန်ခါနေတော့၏။

သူမ၏ နဖူးပေါ်ရှိ သေးငယ်သော ဦးချိုနှစ်ခုမှာလည်း တဖြည်းဖြည်း ထိုးထွက်လာခဲ့သည်။

“ရှီး.....”

မကြာမီမှာပင် ရှောင်ချိုက်၏ ပတ်လည်တွင် လျှပ်စီးကြောင်းများ ပေါ်ထွက်လာပြီး တဖျပ်ဖျပ် လက်နေကာ ထူးဆန်းသော ဖြစ်စဉ်တစ်ခု ပေါ်ပေါက်လာတော့မည့်အလား ဖြစ်နေတော့၏။

ထိုလျှပ်စီးကြောင်းများက သူမ၏ နဖူးပေါ်ရှိ ဦးချိုနှစ်ခုနှင့် ဆက်သွယ်သွားပြီး လေထဲရှိ နေရာတစ်ခုဆီသို့ စုစည်းပစ်လွှတ်လိုက်ရာ... နောက်ဆုံးတွင်တော့ သေးငယ်သော အနက်ရောင် အစက်အပြောက်လေး တစ်ခုအဖြစ် ပေါင်းစပ်သွားသည်။

အနက်ရောင် အစက်လေးမှာ အဆက်မပြတ် ကြီးထွားလာပြီး ထူးခြားသော နေရာလွတ် ဝင်ပေါက်တစ်ခုနှင့် တူနေတော့၏။

“ဒါက ဘာလဲ” လီယွမ်က နားမလည်နိုင်စွာ မေးလိုက်သည်။

“ရွှီး...”

ရှောင်ချိုက်၏ အတွေးများမှတစ်ဆင့် ဒါက စိတ်ကူးယဉ်အရောင်စုံ နတ်မိမယ်၏ သီးသန့် ရတနာနယ်မြေ ဖြစ်ပြီး အလွန်ပင် ရှားပါးလှသော စွမ်းရည်တစ်ခု ဖြစ်ကြောင်း သူ သဘောပေါက်သွားရသည်။

ဤစွမ်းရည်ကို ပိုင်ဆိုင်ထားခြင်းက လီယွမ်အား ကြီးမားသော အဆင်ပြေမှုများစွာကို ပေးစွမ်းနိုင်လိမ့်မည်သာ။

“သိမ်းလိုက်တော့လေ.. မင်း တော်တော် ပင်ပန်းသွားပြီ.. နားလိုက်ပါတော့”

လီယွမ်က ရှောင်ချိုက်ကို ပွတ်သပ်ရင်း ဆိုလိုက်သည်။

လက်ရှိ အခြေအနေတွင် ရတနာနယ်မြေကို ဖွင့်လှစ်ရန်မှာ ရှောင်ချိုက်အတွက် အတော်လေး ခက်ခဲပုံရပြီး ကြီးမားသော အားထုတ်မှုမျိုး လိုအပ်လှ၏။

ရေရှည်ရှုထောင့်မှ ကြည့်မည်ဆိုပါက... ၎င်းက ရှောင်ချိုက်သည် ‘ကောင်းကင်နှင့် မြေကြီး၏ စည်းမျဉ်းများ’ ကို စတင် နားလည်လာပြီ ဖြစ်ကြောင်း သက်သေပြနေပြီး.. အစွမ်းခွန်အား၏ အမှတ်အသား တစ်ခုဖြစ်သလို အနာဂတ်တွင် ကြီးမားသော အလားအလာများ ရှိနေကြောင်း ညွှန်ပြနေခြင်းပင် ဖြစ်တော့၏။

သူမကို တဖြည်းဖြည်းချင်း ဆက်လက် ပြုစုပျိုးထောင်သွားရန်သာ လိုအပ်တော့သည်။

သူမ၏ အရှင်သခင်ထံမှ မေတ္တာများကို ရရှိပြီးနောက် ရှောင်ချိုက်မှာ ကျေနပ်စွာဖြင့် အိပ်မောကျသွားခဲ့လေပြီ။

“ကျွီ ကျွီ...”

ထိုအခါမှသာ ပင့်ကူဘုရင်မကူကောင်သည် လီယွမ်၏ ရင်ခွင်ထဲမှ ထွက်ပေါ်လာပြီး အားနည်းသော အသံလေးဖြင့် အော်လိုက်သည်။

“ဝူမေ့... မင်းလည်း ဆင့်ကဲပြောင်းလဲချင်နေတာလား”

လီယွမ်မှာ ရယ်ရမလို ငိုရမလို ဖြစ်နေရှာတော့၏။

ရှောင်ချိုက်နှင့် ဝူမေ့တို့မှာ ဆယ်စုနှစ်တစ်ခုကျော်ကြာ တစ်ဦးနှင့်တစ်ဦး အပြိုင်အဆိုင် ဖြစ်နေခဲ့ကြသည် မဟုတ်ပါလော။

ရှောင်ချိုက် ဆင့်ကဲပြောင်းလဲသွားပြီးနောက်တွင် ဝူမေ့၏ စိတ်ထဲ၌ မညီမျှမှုများ ဖြစ်ပေါ်လာပြီး ပြင်းထန်လှသော ခြိမ်းခြောက်မှုကြီးကို ခံစားနေရကာ... တိုးတက်ချင်စိတ်များ အလွန်အမင်း ပြင်းပြနေတော့၏။

Thank For Reading.

All Chapters