← Chapters

နောက်ထပ် ဧကရာဇ် တစ်ပါးလား

Vol. 10 Ch. 117

နောက်ထပ် ဧကရာဇ် တစ်ပါးလား

Vol. 10 Ch. 117

“ညဇီးကွက်ဘုရင်ခင်ဗျာ... လင်းယွဲ့ဟာ နတ်ဆိုးတွေနဲ့ ပူးပေါင်းပြီး ရက်ရက်စက်စက် သတ်ဖြတ်မှုတွေကို ကျူးလွန်ခဲ့ပါတယ်.. သူ့ကို ဆန့်ကျင်မယ့် သက်သေအထောက်အထားတွေက ခိုင်လုံနေပါပြီ.. အခုဆိုရင် သူက လူ့အသွင်ကိုတောင် စွန့်လွှတ်ပြီး နတ်ဆိုးလမ်းစဉ်ထဲကို ဝင်ရောက်သွားခဲ့ပြီပဲ.. ဒီလို ယုတ်မာတဲ့ လက်အောက်ခံကို အပြစ်ပေးဖို့ အရှင်မင်းကြီး ကိုယ်တိုင် လှုပ်ရှားပေးပါလို့ ကျွန်တော်တို့ တောင်းပန်ပါတယ်”

တောင်ပိုင်းနယ်စပ် ဒေသအသီးသီးမှ ဘုရင်ခံများနှင့် တပ်မှူးများအားလုံးသည် ဒူးထောက်ကာ အသနားခံ တောင်းဆိုနေကြသည်။

သူတို့အားလုံးမှာ အလွန်တရာ ထိတ်လန့်နေခဲ့ကြတော့၏။

ယူဘုရင် လင်းယွဲ့ထံမှ ထွက်ပေါ်နေသော ဖိနှိပ်မှု အရှိန်အဝါများမှာ ကြောက်မက်ဖွယ်ကောင်းလွန်းလှပြီး အသက်ရှူရပင် ခက်ခဲလှသည်။ ၎င်းနှင့် နှိုင်းယှဉ်ကြည့်မည် ဆိုပါက ညဇီးကွက်ဘုရင်ပင်လျှင် သိမ်မွေ့နေသယောင် ထင်ရတော့၏။

အခြေအနေများသာ ဤအတိုင်း ဆက်သွားနေမည် ဆိုပါက ညဇီးကွက်ဘုရင် သေဆုံးသွားပြီး အရာရာတိုင်း လုံးဝ ထိန်းချုပ်မရတော့မည်ကို သူတို့ စိုးရိမ်နေမိကြသည်။

ညဇီးကွက်ဘုရင်သည် လက်နှစ်ဖက်ကို နောက်ပစ်လျက် မားမားမတ်မတ် ရပ်နေဆဲဖြစ်ပြီး လှုပ်ရှားမည့် အရိပ်အယောင် အနည်းငယ်မျှပင် မပြသေးချေ။

ထူးဆန်းလှသော ကောင်းကင်ဖြစ်စဉ်ကြီးအား ကျယ်ပြန့်လှသော တောင်ပိုင်းနယ်စပ် တစ်ခွင်သို့ ဆက်လက် ပျံ့နှံ့ခွင့် ပြုထားပြီး ၎င်းတို့၏ လွှမ်းမိုးမှုများကို အဆက်မပြတ် ချဲ့ထွင်နေစေတော့၏။

“ညဇီးကွက်အစောင့်တပ် ဆိုတာက တော်ဝင်အမိန့်တော်နဲ့ ဘိုးဘေး ဧကရာဇ်ရဲ့ နောက်ဆုံး မှာကြားချက်တွေအတိုင်း လှုပ်ရှားရတာပဲ.. အရှေ့ပိုင်း ယူနယ်မြေရဲ့ ပထမဆုံး ဘုရင်ဟာ ပြိုင်ဘက်ကင်းတဲ့ စွမ်းဆောင်ရည်တွေ ရှိခဲ့လို့ မျိုးရိုးမတူတဲ့ ဘုရင်တစ်ပါးအဖြစ် မျိုးဆက်အလိုက် အစဉ်အဆက် အုပ်ချုပ်ခွင့် ပေးသနားခံခဲ့ရတယ်”

“နိုင်ငံတော်ကို ဆူပူအုံကြွစေတာ၊ ဥပဒေကို ချိုးဖောက်တာ၊ ဒါမှမဟုတ် တော်ဝင်မိသားစုနဲ့ ဆွေမျိုးတွေကို ထိခိုက်စေတဲ့ အပြုအမူမျိုး မရှိဘူးဆိုရင်... သေဒဏ်ကနေ ကင်းလွတ်ခွင့် ရနိုင်တယ်”

“ကွပ်မျက်မှု မစတင်ခင်မှာ ပြစ်မှုတွေကို အရင် ဖတ်ပြရတာက တာ့ယန်တော်ဝင်မိသားစုရဲ့ သဘောထား ကြီးမြတ်မှုကို သက်သေပြဖို့နဲ့ သစ္စာရှိတဲ့ အမတ်တွေ၊ ဖြောင့်မတ်တဲ့ သူရဲကောင်းတွေကို အကြောင်းမဲ့ သတ်ဖြတ်ဖို့ ဆန္ဒမရှိဘူး ဆိုတာကို ပြသပြီး ပြည်သူတွေရဲ့ ယုံကြည်မှုကို ရယူဖို့ပဲ”

ညဇီးကွက်ဘုရင်က တည်ငြိမ်အေးဆေးစွာ ဆိုလိုက်သည်။

“အမိန့်တော်အတိုင်းပါ”

အမိန့်တော်ကို ခံယူပြီးနောက် ဇီနုန်သည် သတ္တိမွေးကာ တော်ဝင်အမိန့်စာချွန်လွှာကို ထုတ်ယူပြီး ကျယ်လောင်စွာ ဖတ်ကြားလိုက်သည်။

“ညဇီးကွက်အစောင့်တပ်ဟာ နိုင်ငံတော်ကို ကာကွယ်ဖို့အတွက် ကွယ်လွန်သူ ဘိုးဘေး ဧကရာဇ် ထိုက်ဇူရဲ့ မှာကြားချက်တွေကို လိုက်နာပြီး ပြည်သူတွေကို စောင့်ရှောက်ရင်း နိုင်ငံတော်ရဲ့ ကံကြမ္မာအတွက် အမြဲတစေ စိုးရိမ်ပူပန်နေခဲ့ပါတယ်.. အခုအခါမှာတော့ ယူဘုရင် လင်းယွဲ့ဟာ နိုင်ငံတော်ရဲ့ ကျေးဇူးတော်ကို လျစ်လျူရှုပြီး ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့ကြောင်း တွေ့ရှိရပါတယ်.. သူ့ရဲ့ ပြစ်မှုတွေက ထင်ရှားလွန်းပြီး ရေတွက်လို့တောင် မရနိုင်တော့ပါဘူး”

“လင်းယွဲ့ဟာ တော်ဝင်မိသားစုဝင် တစ်ဦးအနေနဲ့ နိုင်ငံတော်ရဲ့ ကြီးမားတဲ့ ကျေးဇူးတော်ကို ခံစားခဲ့ရတယ်.. သူဟာ ဧကရာဇ်နဲ့ နိုင်ငံတော်အပေါ် သစ္စာရှိသင့်ပြီး တရားမျှတမှုကို စောင့်ထိန်းကာ နိုင်ငံတော်ရဲ့ တည်ငြိမ်မှုနဲ့ ပြည်သူတွေရဲ့ ကောင်းကျိုးကို ကာကွယ်ပေးသင့်တယ်.. ဒါပေမဲ့ သူဟာ လူသားတွေရဲ့ ကျင့်ဝတ်ကို ချိုးဖောက်ပြီး နတ်ဆိုးတွေနဲ့ ပူးပေါင်းကာ မကောင်းဆိုးဝါးတွေရဲ့ လက်ပါးစေအဖြစ် လိုလိုလားလား ခံယူခဲ့တယ်.. သစ္စာဖောက် အမတ်တွေကို နှိမ်နင်းပြီး ငြိမ်းချမ်းရေးအတွက် အုတ်မြစ်ချပေးခဲ့တဲ့ ဘိုးဘေး ဧကရာဇ်ရဲ့ မဟာဗျူဟာကြီးကို သူ လျစ်လျူရှုခဲ့တယ်.. ဒါဟာ ကောင်းကင်ဘုံကို လှည့်စားပြီး ဘိုးဘေးတွေကို သစ္စာဖောက်တဲ့ ပြစ်မှုဖြစ်တဲ့အတွက် သူဟာ အပြစ်ပေးခံရဖို့ ထိုက်တန်တယ်”

“လင်း မိသားစုရဲ့ ဘိုးဘေးတွေက နိုင်ငံတော်ကို ကာကွယ်ပေးခဲ့တဲ့ ကျေးဇူးရှိခဲ့ပေမယ့်လည်း... နိုင်ငံတော်ရဲ့ ဥပဒေတွေက တင်းကျပ်တယ်.. စည်းကမ်းသတ်မှတ်ချက်တွေကို စွန့်လွှတ်လို့ မရသလို ကိုယ်ရေးကိုယ်တာ ခံစားချက်တွေကိုလည်း လိုက်လျောပေးလို့ မရဘူး”

“နိုင်ငံတော်ရဲ့ ဥပဒေတွေကို စောင့်ထိန်းဖို့ နန်းတော်ရဲ့ စည်းကမ်းတွေကို ထိန်းသိမ်းဖို့၊ ပြည်သူတွေကို နှစ်သိမ့်ပေးဖို့နဲ့ ကောင်းကင်ဘုံရဲ့ စည်းမျဉ်းတွေကို ထင်ဟပ်စေဖို့အတွက်... ဘိုးဘေးတွေရဲ့ ကျေးဇူးတရားကို ထည့်သွင်းစဉ်းစားပေးနိုင်တော့မှာ မဟုတ်ဘူး.. ဒါကြောင့် ဒီအမိန့်တော်ကို ထုတ်ပြန်လိုက်တယ်.. လင်းယွဲ့…”

“သေဒဏ် ကျစေ”

ဇီနုန်၏ စကားသံများမှာ တဖြည်းဖြည်း ပိုမို ပြင်းထန်လာခဲ့၏။

ညဇီးကွက်ဘုရင်သည် လူအုပ်ကြီးအား ဝေ့ကြည့်လိုက်ရာ မျက်နှာဖုံးအောက်ရှိ သူ၏ မျက်လုံးများမှာ ချောက်နက်ကြီး တစ်ခုနှယ် နက်ရှိုင်းပြီး မှန်းဆရ ခက်လွန်းလှသဖြင့် မည်သူမျှ သူ့အား တည့်တည့် မကြည့်ဝံ့ကြပေ။

“လင်းယွဲ့ကို သတိပေးချက် တစ်ခုအနေနဲ့ မှတ်ယူပြီး ဧကရာဇ်အပေါ် သစ္စာရှိကြဖို့နဲ့ သူ့ရဲ့ အမှားမျိုးကို ထပ်မကျူးလွန်ကြဖို့ ငါ မျှော်လင့်တယ်.. နတ်ဆိုးတွေနဲ့ ပူးပေါင်းပြီး ပြည်သူတွေကို ဒုက္ခပေးတဲ့ ဘယ်သူ့ကိုမဆို ငါကိုယ်တိုင် မြန်ဆန်ပြတ်သားတဲ့ လုပ်ရပ်တွေနဲ့ အညှာတာမဲ့စွာ ရှင်းလင်းပစ်မယ်”

“မင်းတို့တွေ နားလည်သွားအောင်လို့ ငါ ဒါကို လုပ်ခဲ့တာပဲ”

“ညဇီးကွက်အစောင့်တပ်ဆိုတာ အပြစ်မဲ့တဲ့ ပြည်သူတွေကို အကြောင်းမဲ့ ဘယ်တော့မှ မသတ်ဘူး.. သူတို့ရဲ့ လုပ်ရပ်တိုင်းက နိုင်ငံတော်ကို ကာကွယ်ဖို့အတွက်ချည်းပဲ.. မင်းတို့တွေ တာ့ယန်အင်ပါယာအပေါ် သစ္စာရှိပြီး မင်းတို့ အုပ်ချုပ်မှုအောက်က ပြည်သူတွေကို အေးချမ်းအောင် ထားနိုင်သရွေ့တော့ မင်းတို့ဟာ အမတ်ကောင်းတွေပဲ.. ညဇီးကွက်အစောင့်တပ်က မင်းတို့ရဲ့ ကျေးဇူးတွေကို မှတ်တမ်းတင်ထားပေးလိမ့်မယ်”

ဤသည်ကား ‘မျောက်ကို ခြောက်လှန့်ရန် ကြက်ကို သတ်ပြခြင်း’ ပင် ဖြစ်တော့၏။ ယူဘုရင် တစ်ယောက်တည်းကို သတ်ဖြတ်ရန်မှာ သူ့အတွက်တော့ အလွန်ပင် လွယ်ကူသော ကိစ္စတစ်ခုသာ။

သူ အလိုရှိသည်မှာ တစ်လောကလုံး အသိအမှတ်ပြု လက်ခံလာစေရန်၊ ဧကရာဇ်ထံသို့ အာဏာ ပြန်လည် ရောက်ရှိသွားစေရန်၊ သာမန် ပြည်သူလူထုက တော်ဝင်မိသားစု၏ ကျေးဇူးတော်ကို ကျေးဇူးတင်လာစေရန်နှင့် တောင်ပိုင်းနယ်စပ် ဒေသများ ပြန်လည် စည်းလုံးလာစေရန်ပင် ဖြစ်တော့၏။

“အရှင်မင်းကြီးရဲ့ အမိန့်တော်အတိုင်း နာခံပါ့မယ်”

တောင်ပိုင်းနယ်စပ် ဒေသအသီးသီးမှ ဘုရင်ခံများ အားလုံး သဘောပေါက်သွားကြလေပြီ။

ညဇီးကွက်ဘုရင်သည် သူတို့အား လိမ္မာစွာ နေထိုင်ကြရန်၊ ပြန်ရောက်လျှင် ယူဘုရင်၏ အပြစ်များကို ပြောဆိုပြီး အပြစ်အားလုံးကို သူ၏ အပေါ်သို့ ပုံချရန်နှင့် တော်ဝင်မိသားစုအပေါ် ကျေးဇူးတင်ကြရန် သတိပေးနေလေ၏။ ဤသည်မှာ အလယ်ပိုင်းဒေသကို ငြိမ်းချမ်းအောင် လုပ်ဆောင်ပြီးနောက် နယ်စပ်ဒေသများတွင် ကမောက်ကမ ဖြစ်အောင် ဖန်တီးခဲ့စဉ်က အကြံအစည်နှင့် တစ်ပုံစံတည်းပင် ဖြစ်တော့၏။

သို့သော်ငြားလည်း... အရေးကြီးသော ကိစ္စကြီးမှာ မဖြေရှင်းရသေးပေ။

“ဟားဟားဟား”

ကောင်းကင်ယံထက်တွင် လင်းယွဲ့က ရူးသွပ်စွာ ရယ်လိုက်သည်။

“ငါ့ရဲ့ ပြစ်မှုတွေအတွက် အပြစ်ပေးမယ် ဟုတ်လား.. ညဇီးကွက်ဘုရင်... မင်းက မြင့်မားတဲ့ ပလ္လင်ပေါ်မှာ ထိုင်ပြီး လောကကြီးကို အထက်စီးကနေ ကြည့်နေရတာ အရမ်း ကြာသွားလို့ အရာရာတိုင်းကို မင်းစိတ်ကြိုက် ဖြစ်မယ်လို့ ထင်နေတာလား”

“အခု ငါတို့ နှစ်ယောက်စလုံးက နဝမနယ်ပယ်မှာ ရှိနေကြတာပဲ.. မင်းက ငါ့ကို ခြေမွနိုင်သေးတယ်လို့ ဘယ်အရာကများ မင်းကို တွေးထင်စေတာလဲ”

“လောကကြီးက မင်းကို သိုင်းအရှင်သခင်လို့ ခေါ်ကြပေမယ့်... မင်း သိထားရမှာက တောင်တန်းတွေတောင်မှ ပြိုကျနိုင်သေးတယ် ဆိုတာပဲ”

နတ်ဆိုးသွေးပူဇော်ခြင်း အခင်းအကျင်းကြီးက လင်းယွဲ့ထံသို့ စွမ်းအားများကို အဆက်မပြတ် ထောက်ပံ့ပေးနေပြီး သူ၏ ခန္ဓာကိုယ်ကို ပြုစုပျိုးထောင်ပေးနေသည်။ နောက်ဆုံးတွင်တော့ ညဇီးကွက်ဘုရင်သည် ကောင်းကင်ယံသို့ ပျံတက်သွားခဲ့ပြီး လင်းယွဲ့နှင့် တစ်ပြေးညီ နေရာတစ်ခုသို့ ရောက်ရှိသွားခဲ့တော့၏။

တောင်ပိုင်းနယ်စပ်ရှိ ရေတွက်၍ မရနိုင်လောက်အောင် များပြားလှသော လူအများအပြားသည် ဤမြင်ကွင်းကို မော့ကြည့်နေကြပြီး သူတို့၏ ရင်ထဲတွင် စိတ်လှုပ်ရှားမှုများနှင့်အတူ ကြောက်ရွံ့မှုများလည်း ပြည့်နှက်နေတော့၏။

“ဒါက ဒီခေတ်ကာလရဲ့ အထွတ်အထိပ်ဆုံး တိုက်ပွဲကြီး ဖြစ်လာနိုင်တယ်”

“ဒုတိယမြောက် သိုင်းနတ်ဘုရားက ဒီလို အခြေအနေမျိုးအောက်မှာ ပေါ်ထွက်လာလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး.. ညဇီးကွက်ဘုရင်ကတော့ တကယ်ကို သဘောထား ကြီးလွန်းပါတယ်.. လင်းယွဲ့ကို နဝမနယ်ပယ်ထဲ ဝင်ခွင့်ပြုလိုက်တာကိုး”

လူအချို့မှာ စိတ်လှုပ်ရှားနေကြသော်လည်း အချို့ကမူ နားမလည်နိုင်အောင် ဖြစ်နေကြသည်။

“နတ်ဆိုးလမ်းစဉ်နဲ့ ပေါင်းစပ်ပြီး ဖြတ်လမ်းကနေ သွားတာမျိုး ကိုယ်ပိုင် လမ်းစဉ်နဲ့ အမှန်တရားကို မရှာဖွေဘဲ သက်သေမပြနိုင်တာမျိုးဆိုရင်... သူ့ကို တကယ့် နဝမနယ်ပယ် ကျင့်ကြံသူလို့ သတ်မှတ်လို့ ရနိုင်ပါ့မလား”

လူအချို့က မေးခွန်းထုတ်လာကြသည်။

ညဇီးကွက်ဘုရင်သည် ကောင်းကင်ယံထက်တွင် မားမားမတ်မတ် ရပ်တည်နေပြီး သူ၏ ကိုယ်ပိုင် အသံကိုသာ ကြားနေရလေရာ... အခြားသူများ၏ အသံများကို သူ ဘယ်သောအခါမှ ဂရုမစိုက်ခဲ့ပေ။

“လာစမ်းပါ”

လင်းယွဲ့သည် သူ၏ လက်နှစ်ဖက်ကို ကျယ်ကျယ်ပြန့်ပြန့် ဆန့်တန်းလိုက်ရာ သူ၏ အရှိန်အဝါများမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့တော့၏။

“ခရမ်းရောင်မီးလျှံ ကုန်းပြင်မြင့်”

သရဲမီးလျှံများ တောက်လောင်နေသော ကုန်းပြင်မြင့်ကြီးမှာ ကောင်းကင်ယံထက်တွင် တံလျှပ်တစ်ခုနှယ် ထင်ဟပ်လျက် တဖန် ပြန်လည် ပေါ်ထွက်လာခဲ့ပြီး အလွန်ပင် ကြီးကျယ်ခမ်းနားလှသည်။

“ငရဲဘုံ ရာက္ခသနတ်ဆိုး”

သူ၏ နောက်ကွယ်တွင် ခရမ်းရောင် မီးလျှံများ တောက်လောင်နေသော လှံတံ အမြောက်အမြားနှင့်အတူ ရက်စက်ကြမ်းကြုတ်လှသော ငရဲရာက္ခသနတ်ဆိုး တစ်အုပ်ပါ ထွက်ပေါ်လာခဲ့သည်။

“ဝှစ် ဝှစ် ဝှစ်”

မျက်စိတစ်မှိတ်အတွင်းမှာပင် ရေတွက်၍ မရနိုင်လောက်အောင် များပြားလှသော လှံတံများက လေဟာနယ်ကို ဖောက်ထွင်းကာ ညဇီးကွက်ဘုရင်ထံသို့ အရပ်မျက်နှာ အသီးသီးမှ လွတ်ကင်းရာ မရှိအောင် ပြေးဝင်လာခဲ့ကြသည်။

“ပျက်စီးစမ်း”

ညဇီးကွက်ဘုရင်က စကားတစ်ခွန်းတည်းသာ ဆိုလိုက်သည်။

“ဝုန်း”

ခရမ်းရောင် မီးလျှံများ တောက်လောင်နေသော လှံတံများ အားလုံးမှာ တစ်ခဏမျှ ရပ်တန့်သွားကြပြီး ပြင်းထန်စွာ တုန်ခါသွားကာ ချက်ချင်းပင် ကြေမွပျက်စီးသွားကြတော့၏။

တစ်ပြိုင်နက်တည်းမှာပင် လင်းယွဲ့သည် ရှေ့သို့ ပြေးဝင်လာခဲ့ရာ သူ၏ ကိုယ်ပေါ်ရှိ မည်းနက်သော အကြေးခွံများမှာ ပြူးကျယ်နေသော မျက်လုံးများနှင့်ပင် တူနေတော့သည်။ သူ၏ စွမ်းအားများမှာ နတ်ဆိုးများထဲမှ တော်ဝင်မျိုးနွယ်စုထံမှ ဆင်းသက်လာခြင်း ဖြစ်၏။ ၎င်း၏ အမည်မှာကား နဂါးမည်း ပင်။

ထိုမျိုးနွယ်စုသည် အစစ်အမှန် နဂါး၏ သွေးဆက်များဟု ကြွေးကြော်ထားကြပြီး သေမင်းချီစွမ်းအင်များကို စုပ်ယူကာ ရုပ်အလောင်းများကို စားသုံးခြင်းဖြင့် ရှင်သန်ကြသည်။ ထိုသို့ ဝါးမြိုနိုင်သော ထူးခြားချက်ကြောင့်ပင် လင်းယွဲ့သည် သူ၏ အဟန့်အတားအား ချိုးဖြတ်ကာ နဝမနယ်ပယ်သို့ ဝင်ရောက်နိုင်ခဲ့ခြင်း ဖြစ်တော့၏။

လင်းယွဲ့က လက်သီးတစ်ချက် ပစ်လွှတ်လိုက်ရာ သေမင်းချီစွမ်းအင်များမှာ လှိုင်းတံပိုးအလား ရိုက်ခတ်လာခဲ့တော့၏။ ၎င်းတွင် ပါဝင်သော အမှောင်မိုက်ဆုံး စွမ်းအားများမှာ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ် နှစ်ခုစလုံးအပေါ် အလွန်တရာ ပြင်းထန်သော ရိုက်ခတ်မှုနှင့် တိုက်စားနိုင်စွမ်း ရှိသည်။

“တောင်တန်း”

ညဇီးကွက်ဘုရင်သည် အနည်းငယ်မျှပင် တုန်လှုပ်ခြင်း မရှိဘဲ နောက်ထပ် စကားတစ်ခွန်းကို ဆိုလိုက်ပြန်သည်။ ထိုစကားကို ကြားလိုက်ရသည်နှင့် သူသည် တကယ်ပင် တောင်ကြီးတစ်လုံးနှယ် တည်ငြိမ်သွားခဲ့ပြီး သေမင်းချီစွမ်းအင်များ မည်မျှပင် ပျံ့နှံ့လာစေကာမူ တောင်တန်းများနှင့် မြစ်ချောင်းများ၏ ဖိနှိပ်ခြင်းကို ထာဝရ ခံလိုက်ရတော့၏။

“ကောင်းကင် လွှမ်း အရိပ်မီးလျှံများ”

လင်းယွဲ့မှာ အနည်းငယ် ပြာယာခတ်သွားပြီး သူ နဝမနယ်ပယ်သို့ ရောက်ရှိချိန်မှသာ နားလည်သဘောပေါက်ခဲ့သော သူ၏ အပြင်းထန်ဆုံး သတ်ကွက်ကို ထုတ်ဖော်လိုက်ရာ ခရမ်းရောင်မီးလျှံ ကုန်းပြင်မြင့်ကြီးမှာ ပြောင်းပြန် ဖြစ်သွားရတော့သည်။

သူသည် ပုံရိပ်ယောင် အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး စကြဝဠာကြီးနှင့် တစ်သားတည်း ဖြစ်သွားခဲ့တော့၏။

“ဒုန်း ဒုန်း ဒုန်း”

ထို့နောက် အရိပ်များ ပျံ့နှံ့သွားသည်နှင့်အမျှ သူသည် လက်သီးချက်များကို ဆက်တိုက်ဆိုသလို ပစ်လွှတ်လိုက်လေရာ လက်သီးချက် တစ်ချက်စီက သူ၏ ကိုယ်ပေါ်ရှိ အကြေးခွံများကို ပေါက်ကွဲထွက်သွားစေ၏။ လက်သီးချက်များက ပေါင်းစပ်မီးလျှံများနှင့်အတူ နဂါးပုံရိပ်ယောင်များကို ဖန်တီးလိုက်တော့၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် လက်သီးချက်ပေါင်း ရာချီ ပစ်လွှတ်လိုက်ပြီးဖြစ်ရာ နဂါးပုံရိပ်များမှာ ကောင်းကင်ယံ တစ်ခွင်လုံး ပြည့်လွှမ်းသွားခဲ့တော့၏။ ဇောက်ထိုးဖြစ်နေသော ကုန်းပြင်မြင့်ကြီးနှင့် ပတ်ဝန်းကျင် ရှုခင်းများ ပေါင်းစပ်သွားမှုက အလွန်ပင် ခမ်းနားလှသော မြင်ကွင်းကြီးတစ်ခုကို ဖန်တီးပေးလိုက်သည်။

“အောက်တန်းစား နဂါးတစ်ကောင်ကများ သူ့ကိုယ်သူ နဂါးလို့ ခေါ်ရဲသေးတယ်ပေါ့လေ”

ညဇီးကွက်ဘုရင်က လှောင်ပြောင်လိုက်ပြီး အေးစက်စွာ နှာမှုတ်လိုက်သည်။

“လင်းယွဲ့... မြွေနဲ့ ကြွက်ဆိုတာ မြွေနဲ့ ကြွက်ပါပဲကွာ.. မင်းက နဂါးအတု တစ်ကောင်ကို လှည့်စားဖို့လောက်ပဲ မင်းရဲ့ စွမ်းအားတွေကို သုံးနိုင်တာပါ.. ငါ မင်းကို အကြာကြီး စောင့်နေခဲ့ရပေမယ့် မင်းရဲ့ စွမ်းဆောင်ရည်ကတော့ ငါ့ကို အကြီးအကျယ် စိတ်ပျက်စေတာပဲ”

သူသည် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်၏။

“ထျန်းကန်း”

ထိုသို့ ရေရွတ်ပြီးသည်နှင့် တပြိုင်နက် ညဇီးကွက်ဘုရင်၏ ပတ်လည်တွင် အဖြူရောင် ချီစွမ်းအင် စက်ဝိုင်း တစ်ခု ပေါက်ကွဲ ထွက်ပေါ်လာခဲ့သည်။

ကုန်းပြင်မြင့်ကြီးနှင့် အစစ်အမှန် နဂါးတို့မှာ ထိတွေ့မိသည်နှင့် ချက်ချင်းပင် ပျောက်ကွယ်သွားကြပြီး အစအနမကျန် ကြေမွပျက်စီးသွားရတော့၏။

“မဖြစ်နိုင်ဘူး”

လင်းယွဲ့၏ မျက်ဝန်းအိမ်များ ပြူးကျယ်သွားရတော့သည်။

“မင်းက ငါ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ဖို့အတွက် တမင်သက်သက် စောင့်နေခဲ့တာပေါ့လေ”

“ဟုတ်တယ်”

ညဇီးကွက်ဘုရင်က ဂရုမစိုက်ဟန်ဖြင့် ဆိုလိုက်သည်။

“နှမြောစရာကောင်းတာက မင်းက ငါ့ကို အရမ်း စိတ်ပျက်စေခဲ့တာပဲ.. မင်းက စစ်မှန်တဲ့ နဝမနယ်ပယ်ထဲကိုတောင် ခြေချနိုင်တာ မဟုတ်ဘူး.. မင်းဆီကနေ ငါ လေ့လာစရာ ဘာတစ်ခုမှတောင် မရှိဘူး”

“ငါ မင်းကို အခွင့်အရေး တစ်ခု ပေးခဲ့ပေမယ့် မင်းက လုံးဝကို အသုံးမကျခဲ့ဘူး”

“ဒီလိုမှတော့လည်း... ဒီမှာတင် အဆုံးသတ်လိုက်ကြတာပေါ့”

ညဇီးကွက်ဘုရင်သည် သိုင်းပညာ၏ အထွတ်အထိပ်ကို အမြဲတစေ ရှာဖွေနေခဲ့သူ ဖြစ်သော်လည်း ဤခေတ်ကာလတွင်မူ သူ နားလည်နိုင်စရာ အရာများမှာ အလွန်ပင် နည်းပါးလွန်းလှသည်။ ယူဘုရင်၏ လင်းတောင်ထိပ်သို့ တက်လှမ်းမှုမှာ အချိုးအကွေ့ တစ်ခု ဖြစ်ခဲ့၏။

နောက်ဆုံးတွင်တော့ တစ်ဖက်လူက အစွမ်းကုန် ကြိုးစားခဲ့သော်လည်း ထိုမျှသာ ရှိခဲ့သည်။ ၎င်းက သူ့အား ကျေနပ်မှု ပေးနိုင်လိမ့်မည်ဟု သူ ထင်ခဲ့သော်လည်း အသံသာ ကြယ်ပြီး အလုပ်မဖြစ်ဘဲ ဤမျှ သေးငယ်သော လှိုင်းလုံးလေး တစ်ခုကိုသာ ဖန်တီးနိုင်လိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။

“မင်း”

လင်းယွဲ့မှာ အလွန်တရာ ထိတ်လန့်သွားရတော့၏။

“မဖြစ်နိုင်ဘူး ..မင်းက ငါ့ရဲ့ စိတ်အခြေအနေကို ဖျက်ဆီးဖို့ ကြိုးစားနေတာပဲ”

“ငါက နဝမနယ်ပယ်”

“ငါဟာ လမ်းစဉ်နှစ်ခုကို ပေါင်းစပ်ထားတဲ့ ဧကရာဇ်ပဲ.. သိုင်းနတ်ဘုရား... နတ်ဆိုးဧကရာဇ်ကွ ငါက မင်းထက် သေချာပေါက် ပိုပြီး အစွမ်းထက်တယ်”

All Chapters