← Chapters

ဧကရာဇ်၏ အကွာအဝေး

Vol. 10 Ch. 118

ဧကရာဇ်၏ အကွာအဝေး

Vol. 10 Ch. 118

“ဝေါ့...”

“ဧကရာဇ်” ဟူသော စကားလုံးမှာ နှုတ်ဖျားမှ ထွက်ရုံမျှသာ ရှိသေး၏။ လင်းယွဲ့၏ သွေးများက ကောင်းကင်ယံ တစ်ခွင်၌ ပန်းထွက်သွားတော့သည်။ ညဇီးကွက်ဘုရင်သည် သူ၏ ရင်ဘတ်ကို အားပါပါ နင်းခြေလိုက်ရင်း မြေပြင်ပေါ်သို့ ဆောင့်ချပစ်လိုက်လေရာ လင်းယွဲ့၏ ခန္ဓာကိုယ်မှာ ကြေမွလုမတတ် ဖြစ်သွားရတော့၏။

ညဇီးကွက်ဘုရင်၏ အကြည့်များကမူ အဝေးမှ မိုးကုတ်စက်ဝိုင်းဆီသို့ စူးစိုက်လျက် ရှိနေတော့၏။

“ကြာပန်းနက် နတ်ဆိုးဧကရာဇ်... မင်းက တောင်ပိုင်းနယ်စပ်ထဲကို ခြေလှမ်းလှမ်းရဲသေးတယ်ပေါ့လေ”

“ကြောက်နေစရာ ဘာရှိလို့လဲ”

ဟိန်းဟောက်သံကြီး တစ်ခုက အဝေးမှ တိုးဝှေ့လာခဲ့သည်။

“ဒုန်း”

ဧရာမ ကြာပန်းနက်ကြီး တစ်ပွင့်မှာ ကောင်းကင်ယံ၌ ဆိုင်းမဆင့် ဗုံမဆင့် ပွင့်လန်းလာခဲ့တော့၏။ ဤသည်မှာ ကြာပန်းနက် နတ်ဆိုးဧကရာဇ် အမြဲတစေ အသုံးပြုလေ့ ရှိသော လှည့်ကွက်တစ်ခု ဖြစ်သည်။ ခွန်းလွန် ဟင်းလင်းပြင်၏ အခင်းအကျင်းကို ဖြိုခွင်းစဉ်ကလည်း သူသည် ဤနည်းလမ်းကိုပင် အသုံးပြုခဲ့သည် မဟုတ်ပါလော။

ထိုမည်းနက်လှသော နတ်ဆိုးကြာပန်းကြီး ပေါက်ကွဲထွက်တော့မည့် ဆဲဆဲတွင် တောင်ဝှေး တစ်ချောင်းကို ကိုင်စွဲထားပြီး ခါးကုန်းကုန်းနှင့် အဘိုးအို တစ်ဦးသည် ရုတ်တရက် ပေါ်ထွက်လာခဲ့လေ၏။

“ဟူး...”

အဘိုးအိုသည် တိုးညင်းစွာ သက်ပြင်းတစ်ချက် ချလိုက်သည်။

ထိုခဏ၌ပင် ကြာပန်းနက်ကြီးမှာ တစ်စုံတစ်ခု၏ ညှပ်ထားခြင်းကို ခံလိုက်ရသည့်အလား ရုန်းကန်လှုပ်ရှားသွားပြီးနောက် နယ်စပ်ကို ကျော်ဖြတ်ကာ အဝေးမှ နတ်ဆိုးနယ်မြေဆီသို့ လွင့်စင်သွားတော့၏။ နောက်ဆုံးတွင်တော့ ထိုကြာပန်းကြီးမှာ နတ်ဆိုးနယ်မြေ၏ ကောင်းကင်ထက်၌သာ နားကွဲလုမတတ် အသံကြီးနှင့်အတူ ပေါက်ကွဲသွားရတော့၏။

ကြာပန်းနက် နတ်ဆိုးဧကရာဇ်၏ ကယ်တင်မှုကို မျှော်လင့်နေခဲ့သော လင်းယွဲ့မှာမူ ရင်ထဲ၌ စိမ့်ခနဲ အေးသွားရတော့၏။

“အဲဒါ... အဲဒါ ဘယ်သူလဲ”

“ဘယ်သူဖြစ်မယ်လို့ မင်း ထင်လို့လဲ”

ညဇီးကွက်ဘုရင်က ခနဲ့တဲ့တဲ့ ရယ်လိုက်သည်။

“မင်းက ရှောင်ယွမ်နဲ့ အကြာကြီး တိုက်ခိုက်လာခဲ့တာပဲ.. တောင်ပိုင်းနယ်စပ်ရဲ့ တကယ့် အရှင်သခင်က ဘယ်သူလဲဆိုတာ မင်း ကောင်းကောင်း သိထားသင့်ပါတယ်”

“သူဟာ... နဝမကူနန်းတော်ရဲ့ ပထမဆုံး နန်းတော်သခင်ပဲ”

လင်းယွဲ့မှာ အံ့အားသင့်တုန်လှုပ်သွားရတော့၏။

“သူက မြေကြီးထဲ ခြေတစ်ဖက် ရောက်နေပြီ မဟုတ်ဘူးလား.. ဘယ်လိုလုပ်ပြီး ကြာပန်းနက် နတ်ဆိုးဧကရာဇ်ကို ယှဉ်နိုင်ရတာလဲ”

“ကူသခင် ဆိုတာ သိုင်းပညာရှင်နဲ့ မတူဘူးကွ..အသက်ကြီးလေလေ... ပိုပြီးတော့ ကြောက်စရာ ကောင်းလာလေလေပဲ.. သူတို့ရဲ့ ခန္ဓာကိုယ်က အိုမင်းသွားနိုင်ပေမယ့်... သူတို့ရဲ့ ပင်မကူကောင်တွေကတော့ အစွမ်းမလျော့သွားဘူး.. သူတို့ရဲ့ ကူသိုင်းပညာတွေကလည်း ပိုပြီးတော့ နည်းလမ်းကျလာတာပေါ့”

ညဇီးကွက်ဘုရင်က ဆက်လက် ဖွင့်ဟလိုက်သည်။

“မင်းကို ကျေးဇူးတင်ရမှာပဲ လင်းယွဲ့... မင်း လမ်းခင်းပေးခဲ့လို့သာ အဲဒီအဘိုးကြီးကို ငါ အပြင်ထွက်လာအောင် ဖိတ်ခေါ်နိုင်ခဲ့တာ.. အခုတော့ သူလည်း ငါတို့အတွက် အသုံးတော်ခံပေးနေရပြီ မဟုတ်လား”

လင်းယွဲ့သည် ဒေါသကြောင့် သွေးများကို အဆက်မပြတ် အော့အန်နေမိတော့၏။

“မင်း... မင်းက ငါ့ကို အစကတည်းက အသုံးချနေခဲ့တာပေါ့လေ”

“ငါ့ရဲ့ အသုံးချခံ ဖြစ်ရတာကိုပဲ မင်း ဂုဏ်ယူသင့်ပါတယ်”

ညဇီးကွက်ဘုရင်က တည်ငြိမ်စွာ ဆိုလိုက်သည်။

“မင်းလို အသုံးဝင်တဲ့ နယ်ရုပ်မျိုးက ရှာရခက်ပါတယ်.. တာ့ယန်တော်ဝင်မိသားစုအတွက် မင်း ပေးဆပ်ခဲ့တာတွေကို ငါ အလေးအနက် ကျေးဇူးတင်ပါတယ်”

လောကသားတို့၏ အမြင်တွင်မူ ညဇီးကွက်ဘုရင်သည် ချန်းလန်နယ်မြေနှင့် ယူနယ်မြေတို့ကြား အားပြိုင်မှုကို ဖန်တီးရန်အတွက် လင်းယွဲ့အား အသက်ချန်ထားခဲ့သည်ဟု ထင်မြင်နေကြသည်။ ထိုမှတစ်ဆင့် မြို့စားဘုရင်တို့၏ အာဏာကို လျှော့ချကာ အခြားသူများကို သတိပေးရန် ရည်ရွယ်သည်ဟု ယူဆခဲ့ကြ၏။

သို့သော်ငြားလည်း ၎င်းမှာ သူ၏ အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းမျှသာ ရှိသေးကြောင်းကိုမူ မည်သူမျှ မသိရှိခဲ့ကြပေ။ ညဇီးကွက်ဘုရင်သည် လင်းယွဲ့အား အသက်ချန်ထားခဲ့ခြင်းမှာ နတ်ဆိုးလမ်းစဉ်နှင့် ပေါင်းစပ်ထားသော နဝမနယ်ပယ်၏ အစွမ်းမှာ မည်သည့်အဆင့်သို့ ရောက်ရှိနိုင်မည်နည်း ဆိုသည်ကို သိမြင်လိုသောကြောင့်လည်း ဖြစ်သည်။

၎င်းက သူ၏ သိုင်းပညာအတွက် အတွေးအမြင်သစ်အချို့ ပေးစွမ်းနိုင်လိမ့်မည်ဟု သူ မျှော်လင့်ခဲ့သော်လည်း... ကံမကောင်းစွာဖြင့် ထိုလမ်းစဉ်မှာ အလွယ်တကူပင် ဖြိုခွဲခြင်း ခံလိုက်ရလေပြီ။

လင်းယွဲ့၏ တတိယမြောက် အခန်းကဏ္ဍမှာကား နဝမကူနန်းတော်ကြီးအား လောကရေးရာများအတွင်းသို့ အတင်းအကြပ် ဆွဲသွင်းရန်ပင် ဖြစ်တော့၏။ ထိုသို့ဖြင့် နဝမကူနန်းတော်ကို တော်ဝင်မိသားစု၏ ဓားသစ်တစ်လက် ဖြစ်လာစေကာ ချန်းလန်နယ်မြေ၏ ဆုံးရှုံးမှုများကို အစားထိုးရန်နှင့် နတ်ဆိုးများကို ခုခံမည့် ခံစစ်စည်းအသစ်တစ်ခု တည်ဆောက်ရန် သူ စီစဉ်ခဲ့လေ၏။

အကယ်၍ ပထမနန်းတော်သခင်သာ ဝင်ရောက်စွက်ဖက်ခြင်း မပြုခဲ့လျှင် သူသည် လင်းယွဲ့နှင့် နတ်ဆိုးများကို နဝမကူတောင်တန်းများအတွင်းသို့ အတင်းမောင်းသွင်းပေလိမ့်မည်။ ပထမနန်းတော်သခင်၏ ဝင်ရောက်စွက်ဖက်မှုက ကြာပန်းနက် နတ်ဆိုးဧကရာဇ်၏ အစီအစဉ်ကြီးကို ဖျက်ဆီးပစ်လိုက်သဖြင့် သူတို့နှစ်ဦးကြားတွင် နက်ရှိုင်းလှသော ရန်ငြိုးရန်စများ ဖြစ်ပေါ်သွားခဲ့ရတော့၏။

ထိုနှစ်ဖက်မှာကား အသေအလဲ တိုက်ခိုက်ကြရတော့မည်မှာ မြေကြီးလက်ခတ်မလွဲပင်။

ယခုအခါတွင်မူ နဝမကူနန်းတော်နှင့် တောင်ပိုင်းနယ်စပ်ရှိ တပ်ဖွဲ့များကို ဆက်သွယ်ပေးမည့် ဗဟိုချက်တစ်ခုသာ လိုအပ်တော့၏။ ထိုဗဟိုချက် ဖြစ်လာမည့်သူမှာ နဝမကူနန်းတော်အတွင်း၌ ကူသခင်များက လေးစားရလောက်သည့် ဂုဏ်သတင်း ရှိရမည်ဖြစ်သလို တောင်ပိုင်းနယ်စပ်အတွက်လည်း အမှုထမ်းခဲ့ဖူးသူ၊ တပ်ဖွဲ့များကို ဦးဆောင်နိုင်သူ ဖြစ်ရပေလိမ့်မည်။

ထို့အပြင် ထိုသူမှာ သာမန်ပြည်သူလူထုအပေါ်တွင်လည်း ဂရုဏာထားသူ ဖြစ်ရမည်ဖြစ်ပြီး လင်းယွဲ့ကဲ့သို့သော ရည်မှန်းချက်ဆိုးများ မရှိရုံသာမက တာ့ယန်တော်ဝင်မိသားစုအပေါ်၌လည်း သစ္စာရှိရပေဦးမည်။

ဤအရည်အချင်းများ အားလုံးနှင့် ကိုက်ညီသူမှာ တစ်ဦးတည်းသာ ရှိသည်။

၎င်းမှာကား ထူးခြားကူကောင် ‘နှလုံးသားမေးခွန်းကူကောင်’ ၏ ပိုင်ရှင် ချန်းလန်မင်းသမီး ရှောင်ချင်အာ ပင် ဖြစ်တော့၏။

ဤနည်းဖြင့် တောင်ပိုင်းနယ်စပ်အတွက် သူ၏ အစီအစဉ်ကြီးမှာ ပြီးပြည့်စုံသွားခဲ့တော့၏။ အရာရာတိုင်းမှာ ညဇီးကွက်ဘုရင် တွက်ဆထားသည့်အတိုင်းပင် တစ်လှမ်းချင်းစီ ဖြစ်ပေါ်လာခဲ့သည်။

“ဒီမှာတင် အဆုံးသတ်ကြရအောင်”

ညဇီးကွက်ဘုရင်သည် သူ၏ ကြီးမားလှသော ခြေထောက်ဖြင့် လင်းယွဲ့၏ ရင်ဘတ်ကို အားပါပါ နင်းခြေလိုက်လေရာ လင်းယွဲ့၏ ရင်အုပ်တစ်ခုလုံးမှာ ချိုင့်ဝင်သွားပြီး ပြင်းထန်လှသော ရိုက်ခတ်မှုမှာ သူ၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားတော့၏။

“ဝေါ့...”

လင်းယွဲ့သည် သူ၏ ဘဝတွင် ဤမျှအထိ အရှက်ရမှုကို တစ်ခါမျှ မခံစားခဲ့ရဖူးချေ။ သူ၏ မျက်လုံးများမှာ ဒေါသကြောင့် ပြူးကျယ်နေပြီး သူ၏ ကိုယ်ပေါ်ရှိ မည်းနက်သော အကြေးခွံများမှာလည်း တစ်ခုချင်းစီ ကွာကျနေခဲ့တော့၏။ ၎င်းမှာ အရှင်လတ်လတ် အရေခွံဆုတ်ခံရသည့် ညှဉ်းပန်းနှိပ်စက်မှုမျိုးပင် မဟုတ်ပါလော။

“ကယ်ကြပါဦး ကြာပန်း... ကြာပန်းနက် ဧကရာဇ်... ကျွန်တော့်ကို ကယ်ပါဦး”

သူသည် ရင်ဘတ်ထဲမှ ဆို့နင့်နေသော အော်ဟစ်သံကြီးကို လွှတ်ထုတ်လိုက်သည်။ သို့သော်လည်း ထိုအသံမှာ တဖြည်းဖြည်း တိုးညင်းသွားပြီး နောက်ဆုံးတွင်တော့ ငြိမ်သက်သွားရတော့၏။ လင်းယွဲ့သည် သူ၏ ခန္ဓာကိုယ်အား ထိန်းချုပ်နိုင်စွမ်းရော အာရုံခံနိုင်စွမ်းပါ လုံးဝ ကင်းမဲ့သွားခဲ့တော့၏။

ညဇီးကွက်ဘုရင်၏ မူလစွမ်းအား အချို့မှာလည်း ထိုအခိုက်အတန့်၌ လင်းယွဲ့၏ ခန္ဓာကိုယ်အတွင်းသို့ တိတ်တဆိတ် စိမ့်ဝင်သွားခဲ့သည်။

ထိုစဉ် လင်းယွဲ့၏ မျက်ဝန်းအိမ်များမှာ ကြာပန်းနက် ပုံသဏ္ဍာန်အဖြစ်သို့ အသွင်ပြောင်းလဲသွားပြီး သူ၏ ဦးခေါင်းထက်ရှိ ဦးချိုနှစ်ခုမှာလည်း ပေါက်ကွဲထွက်သွားတော့၏။ သူ၏ ဦးခေါင်းမှာ ခန္ဓာကိုယ်မှ ပြတ်တောက်သွားခဲ့ပြီးနောက် အလင်းတန်းတစ်ခုနှယ် အဝေးတစ်နေရာသို့ ပျံသန်းထွက်ခွာသွားတော့သည်။

ဤသည်မှာ သူ၏ အသက်ကို ကယ်တင်ရန်အတွက် နောက်ဆုံးလက်နက်ပင်။

သူသည် သူ၏ အောင်မြင်မှု အထွတ်အထိပ်သို့ ရောက်တော့မည့် အချိန်၌ ဤကဲ့သို့သော အခြေအနေမျိုး ကြုံရလိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့ပေ။ ‘ငါ သေချာပေါက် ပြန်လာခဲ့မယ်’ ဟူသော ကြုံးဝါးသံလေးပင် သူ မဆိုနိုင်ခဲ့ပါလား..။

သူသည် သူ၏ နောက်ဆုံး အင်အားများကို လောင်ကျွမ်းစေလျက် ရူးသွပ်စွာ ထွက်ပြေးနေတော့၏။

အသက်ရှင်သန်နိုင်မည့် တစ်ခုတည်းသော လမ်းစမှာ မည်သည့်နေရာ၌ ရှိနေသည်ကို သူ ကောင်းစွာ သိထားသည်။

၎င်းမှာ ကျိုးကုန်းတောင်တန်းများအတွင်း၌သာ ရှိသည်။

၎င်းမှာ ညဇီးကွက်အစောင့်တပ်ဖွဲ့များ တပ်စွဲမထားသော တစ်ခုတည်းသော လမ်းကြောင်း ဖြစ်သည် မဟုတ်ပါလော။ ၎င်းမှာ နောက်ထပ် ထောင်ချောက်တစ်ခု ဖြစ်နေဦးမည်ဆိုလျှင်ပင်... အနည်းဆုံးတော့ အသက်ရှင်ဖို့ မျှော်လင့်ချက်လေး တစ်ခုတော့ ရှိနေသေးသည် မဟုတ်ပါလော။

“ဟဲဟဲ...”

ထွက်ပြေးသွားသော ဦးခေါင်းကို ကြည့်ရင်း ညဇီးကွက်ဘုရင်မှာ လိုက်လံဖမ်းဆီးရန် ဆန္ဒမရှိပေ။ သူသည် ခပ်ဟဟ ရယ်လိုက်ပြီးနောက် ကြာပန်းနက် နတ်ဆိုးဧကရာဇ်နှင့် ပထမနန်းတော်သခင်တို့ ရှိနေသော စစ်မြေပြင်ဆီသို့သာ ဦးတည်လိုက်တော့၏။

---

အမှတ် (၁၂) ဂူစံအိမ်ဝယ်..

တောင်ထိပ်ပေါ်တွင် ယွီဟန်ချွမ်းနှင့် သူ၏ တပည့်သုံးဦးတို့သည် မိုးကုတ်စက်ဝိုင်းဆီမှ နေဝင်ဆည်းဆာ မြင်ကွင်းကို ကြည့်နေကြသည်။

“ပြီးသွားပြီလား”

လီယွမ်သည် လေးလံသော စိတ်နှလုံးဖြင့် ရေရွတ်လိုက်သည်။

“ငါ ထင်ထားတာထက် အများကြီး ပိုပြီး မြန်တာပဲ”

ဟု ယွီဟန်ချွမ်းက လေးနက်သော အသံဖြင့် ဆိုလိုက်၏။

နင်ဟုန်ယွီက မျက်မှောင်ကြုတ်လိုက်သည်။

“ယူဘုရင် လင်းယွဲ့က နဝမနယ်ပယ်ထဲကို ရောက်နေပြီ၊ ဒါမှမဟုတ် အနည်းဆုံးတော့ အဲဒီအဆင့်ကို ထိတွေ့နေပြီလို့ ယူဆရတယ်.. ဒါပေမဲ့ သူက ညဇီးကွက်ဘုရင်ရဲ့ လက်ထဲမှာ ဒီလောက်အထိ ပြားပြားဝပ်သွားလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး”

“ဒီတိုက်ပွဲကတော့ ညဇီးကွက်ဘုရင်ရဲ့ ပြိုင်ဘက်ကင်း ဂုဏ်သတင်းကို အခိုင်အမာ တည်ဆောက်ပေးလိုက်တာပဲ.. ဘယ်အင်အားစုကများ သူ့ကို ဆန့်ကျင်ရဲတော့မှာလဲ”

ယခုအချိန်အထိပင် ညဇီးကွက်ဘုရင်သည် သူ၏ အစွမ်းကုန်ကို ထုတ်ဖော်ပြသခြင်း မရှိသေးဘဲ အရာရာကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်သည်။

“ဒါနဲ့... ငါတို့ရဲ့ အဘိုးအိုကြီးနဲ့ ညဇီးကွက်ဘုရင်ကြားမှာ ဘယ်သူက ပိုပြီး အစွမ်းထက်မယ်လို့ ထင်လဲ”

ဖေးလော့ချန်က စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။ သူတို့အားလုံးသည် ပထမနန်းတော်သခင်၏ တိုက်ကွက်ကို မြင်တွေ့ခဲ့ရသော်လည်း ကြာပန်းနက် နတ်ဆိုးဧကရာဇ်၏ တိုက်ကွက်ကို မည်သို့ ကာကွယ်လိုက်သည်ကိုမူ မသိရှိကြပေ။

“အဓိပ္ပာယ်မရှိတာ... ငါတို့ အဘိုးအိုကြီးက သူ့ကို ဘယ်လိုလုပ် နိုင်မှာလဲ”

နင်ဟုန်ယွီက ဝင်ရောက်ပြောဆိုလိုက်သည်။

“အဘိုးအိုကြီးသာ ညဇီးကွက်ဘုရင်ကို နိုင်မယ်ဆိုရင် နဝမကူနန်းတော်က ကြောက်နေစရာ လိုမလား.. ငါတို့တွေ သူ့ကို ဂရုမစိုက်တာ ကြာလှပြီပေါ့.. ညဇီးကွက်ဘုရင်က သူ အစွမ်းထက်လို့သာ အခုလိုတွေ ရဲရဲဝံ့ဝံ့ လုပ်နေရဲတာပါ.. သူရဲ့ ကြံစည်မှုတွေက ဒုတိယအဆင့်ပဲ ရှိသေးတယ်”

“သူက အစွမ်းထက်လွန်းလို့သာ တခြားသူတွေက သူ့ရဲ့ အစီအစဉ်အတိုင်း လိုက်ပါနေကြရတာလေ”

ခေတ်ပြိုင် သိုင်းအရှင်သခင်၏ အထွတ်အထိပ် စွမ်းအားမှာကား မည်သူမျှ ကျော်လွှားနိုင်ခြင်း မရှိချေ။ ဤတိုက်ပွဲက ၎င်းကို အထင်အရှား သက်သေပြနေသည် မဟုတ်ပါလော။

“ကဲပါ ဆွေးနွေးနေတာတွေ ရပ်ပြီး တိုက်ပွဲအတွက် ပြင်ဆင်ကြစို့”

ယွီဟန်ချွမ်းက မိန့်ကြားလိုက်သည်။

“ညဇီးကွက်ဘုရင်ရဲ့ ရည်ရွယ်ချက်က ဘာပဲဖြစ်ဖြစ်... ဒီတိုက်ပွဲအပြီးမှာတော့ တောင်ပိုင်းနယ်စပ်က အများကြီး ပိုပြီး ငြိမ်းချမ်းသွားလိမ့်မယ်.. အဲဒါက ငါတို့အတွက်တော့ မဆိုးပါဘူး”

ကူသခင် အားလုံးက လောကရေးရာများကို ကျောခိုင်းလိုကြသည်တော့ မဟုတ်ပေ။ ယွီဟန်ချွမ်း၏ အမြင်တွင်မူ နတ်ဆိုးများကို တိုက်ခိုက်ခြင်းမှာ ဆိုးရွားလှသည့် ကိစ္စမဟုတ်ဘဲ ၎င်းက ကူလမ်းစဉ်အတွက် အခွင့်အလမ်းသစ်အချို့ကို ပေးစွမ်းနိုင်လိမ့်မည်ဟု ယူဆထားသည်။

လွန်ခဲ့သော နှစ်ပေါင်း သုံးထောင်က ကူအင်မော်တယ်ကြီးသည်လည်း အခက်အခဲပေါင်းစုံကို ကျော်ဖြတ်ခဲ့ရသည် မဟုတ်ပါလော။

“ဂျူနီယာမောင်လေး... ငါနဲ့ အတူတူ လိုက်မလား”

နင်ဟုန်ယွီက ဖိတ်ခေါ်လိုက်သည်။

“မလိုက်တော့ပါဘူး... ကျေးဇူးတင်ပါတယ်”

လီယွမ်က ခေါင်းခါယမ်းလိုက်၏။

“နတ်ဆိုးတွေက အရမ်းများသလို တောင်တန်းတွေကြားမှာလည်း ပြန့်ကျဲနေကြတာ.. နေရာအနှံ့မှာ ဟန့်တားဖို့ လိုအပ်လိမ့်မယ်.. ကျွန်တော်ကတော့ တစ်နေရာတည်းမှာပဲ တစ်ကိုယ်တည်း စောင့်နေတာက ပိုပြီး အဆင်ပြေပါလိမ့်မယ်”

“ကောင်းပြီလေ”

ဤကဲ့သို့သော အရေးကြီးသည့် အချိန်တွင် နင်ဟုန်ယွီက စကားအပိုများ မပြောတော့ပေ။

“သွားကြစို့”

ထိုသို့ဖြင့် ဆရာတပည့် လေးဦးမှာ လမ်းခွဲလိုက်ကြတော့သည်။

လီယွမ်နှင့် နင်ဟုန်ယွီတို့မှာ မိမိတို့လမ်းအတိုင်း အသီးသီး ထွက်ခွာသွားကြပြီး ဖေးလော့ချန်ကမူ ယွီဟန်ချွမ်းနှင့်အတူ လိုက်ပါသွား၏။

ယခင် တိုက်ပွဲများနှင့် မတူသည်မှာ... ယခုတစ်ကြိမ်တွင်မူ သူတို့သည် နတ်ဆိုးများကို ဝိုင်းရံပိတ်ဆို့ရန်သာ တာဝန်ယူရခြင်း ဖြစ်သဖြင့် အန္တရာယ် သိပ်မရှိလှပေ။

‘ရှောင်ချိုက်... မင်းပဲ လမ်းပြ.. ရတနာ ရှိတဲ့ နေရာ ဆိုရင် ဘယ်နေရာမဆို ငါတို့ သွားမယ်’

ငါးရောင်ခြယ် မီးတောက်စပါးအုံးလေးမှာ ရတနာရှာဖွေရာတွင် အတော်ဆုံး ဖြစ်သည်။ ရှောင်ချိုက်၏ လမ်းညွှန်မှုနှင့်အတူ လီယွမ်သည် လူစုလူဝေးများနှင့် ဝေးရာသို့ ရှောင်ထွက်လာခဲ့ပြီး တောင်ထိပ်တစ်ခုပေါ်သို့ ရောက်ရှိလာခဲ့လေ၏။

‘ဒီအခွင့်အရေးသာ လွတ်သွားရင် နတ်ဆိုးရုပ်အလောင်းတွေကို ထပ်ပြီး စုဆောင်းဖို့ ဆိုတာ ခက်သွားလိမ့်မယ်.. ဒီအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ပြီးတော့ အများကြီး ရယူရမယ်’

ညဇီးကွက်ဘုရင်၏ စွမ်းအားအစစ်အမှန်ကို ထပ်မံ မြင်တွေ့ခဲ့ရပြီးနောက် လီယွမ်ရင်တွင်း စိုးရိမ်စိတ်များ ဝင်ရောက်လာခဲ့သည်။

သူ၏ လက်ရှိအစွမ်းမှာ မျိုးဆက်သစ်များထဲတွင် ထိပ်ဆုံးက ရှိနေသော်လည်း ညဇီးကွက်ဘုရင်နှင့် ယှဉ်လျှင်မူ အဝေးကြီး လိုသေးသည် မဟုတ်ပါလော။

တစ်နေ့နေ့မှာ ညဇီးကွက်ဘုရင်က သူ့ကို ရုတ်တရက် ရှာတွေ့သွားမှာကိုလည်း သူ ကြောက်နေမိသည်။ သူ၏ အဒေါ် အန်းမူယောင် ပြောပြချက်အရဆိုလျှင် ခွန်းလွန် ဟင်းလင်းပြင် အချိန်အခါတုန်းက ညဇီးကွက်ဘုရင်သည် ‘စစ်မှန်သော မင်းသား’ ရောက်ရှိလာမှုကို တော်ဝင်တံဆိပ်တော်မှတဆင့် အာရုံခံမိခဲ့သည် မဟုတ်ပါလော။

အတွေးများအတွင်း နစ်မြုပ်နေစဉ်မှာပင် အဝေးမှ ဆူညံသံ တစ်ခုကို သူ ကြားလိုက်ရတော့၏။

“ရွှီး”

ငါးရောင်ခြယ် မီးတောက်စပါးအုံးလေးမှာ သူ၏ ခေါင်းကို ပြူထွက်လာခဲ့ပြီး ပုံမှန်မဟုတ်ဘဲ စိတ်လှုပ်ရှားနေလေသည်။

All Chapters