← Chapters

ထီပေါက်ခြင်း

Vol. 10 Ch. 119

ထီပေါက်ခြင်း

Vol. 10 Ch. 119

“ရှောင်ချိုက်... ဘယ်အရပ်မျက်နှာမှာ အဖိုးတန်ရတနာတွေ ရှိနေတယ်လို့ မင်း ထင်လို့လဲ”

ငါးရောင်ခြယ် မီးတောက်စပါးအုံးလေးသည် ရတနာများကို အာရုံခံရာတွင် အလွန်ပင် ထက်မြက်လှသည်။ အဝေးတစ်နေရာမှပင် သူမ တုံ့ပြန်နေသည်ကို ကြည့်ခြင်းအားဖြင့် ထိုရတနာမှာ အလွန်တရာ တန်ဖိုးရှိလှကြောင်း သက်သေပြနေတော့၏။

“ရွှီး...”

ရှောင်ချိုက်သည် သူမ၏ လျှာလေးကို ထုတ်ကာ သူမ၏ ရည်ရွယ်ချက်နှင့် စိတ်အားထက်သန်မှုများကို ဖော်ပြလိုက်သည်။

“ဟင်...”

လီယွမ်သည် သူမ ဆိုလိုသည့် အဓိပ္ပာယ်ကို သဘောပေါက်သွားချိန်တွင် မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားရတော့၏။

“မဟုတ်မှလွဲရော... ငရဲမီးလျှံက ဒီဘက်ကို လာနေတာလား”

“ရွှီး”

ရှောင်ချိုက်က မျက်လုံးလေးများ တောက်ပလျက် ခေါင်းညိတ်ပြလိုက်သည်။

“အိုး... ငါ့ရဲ့ ပင်မကူကောင် ဖြစ်ရကျိုးနပ်ပါပေတယ်.. ငါကတော့ မင်းကို တကယ် ယုံကြည်မိတာပဲ”

“ငါက မင်းကို ရတနာရှာခိုင်းတာပါကွာ... အခုတော့ ငါ့ကို အကြီးမားဆုံး ပြက်လုံးကြီးတစ်ခု ပေးလိုက်တာပဲ.. ယူဘုရင်က ဘယ်လိုလုပ် မသေဘဲ ရှိနေရတာလဲ”

လီယွမ်က သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ယူဘုရင် လင်းယွဲ့မှာ အပြီးတိုင် သုတ်သင်ခြင်း မခံရဘဲ နတ်ဆိုးအုပ်စုကြားထဲတွင် ရောနှောကာ ကျိုးကုန်းတောင်တန်းဆီသို့ ထွက်ပြေးလွတ်မြောက်လာခြင်းကို သူ လုံးဝ အံ့အားသင့်နေမိတော့၏။

မကြာမီမှာပင် တောင်လမ်းတစ်ခုမှ နတ်ဆိုး အမြောက်အမြား တိုးဝှေ့ထွက်ပေါ်လာသည်ကို သူ မြင်တွေ့လိုက်ရသည်။ ထိုနတ်ဆိုးများကြားတွင် ဦးခေါင်းတစ်ခုမှာ အထက်အောက် နိမ့်ချည်မြင့်ချည်နှင့် ပါလာခဲ့တော့၏။

လီယွမ်သည် ယူဘုရင်နှင့် တစ်ခါမျှ မဆုံဖူးသော်လည်း ပုံတူကားချပ်ကို မြင်ဖူးထားသဖြင့် တစ်ချက်ကြည့်ရုံဖြင့် မှတ်မိလိုက်သည်။

“ဒါ တကယ်ပဲ လင်းယွဲ့ပါလား ရှောင်ချိုက်... မင်းကတော့ မင်းရဲ့ သခင်ကောင်းကြီးကို တကယ်ပဲ ကံထူးအောင် လုပ်ပေးလိုက်တာပဲ”

လီယွမ်၏ စရိုက်အရဆိုလျှင် ယူဘုရင်၏ အထွတ်အထိပ် အချိန်၌သာ ဆုံတွေ့ခဲ့ပါက သူ သေချာပေါက် ထွက်ပြေးမည်သာ။ သို့သော်လည်း ရှောင်ချိုက်က သူ့အား ဤနေရာသို့ ခေါ်လာခြင်းမှာ လင်းယွဲ့သည် ကြီးမားသော ခြိမ်းခြောက်မှု မဟုတ်တော့ကြောင်း သက်သေပြနေသည် မဟုတ်ပါလော။

ထိုစဉ် လင်းယွဲ့သည်လည်း အလွန်ပင် အားနည်းနေပြီဖြစ်ကြောင်း သူ အာရုံခံမိလိုက်သည်။

နတ်ဆိုးများကြားရှိ လင်းယွဲ့သည်လည်း တစ်စုံတစ်ဦး၏ စောင့်ကြည့်မှုကို ရိပ်မိသွားပြီး တောင်ထိပ်ပေါ်သို့ မော့ကြည့်လိုက်ရာ လူငယ် ကူသခင်တစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရတော့၏။

“အဆင့် (၇) ကူသခင်လား”

လင်းယွဲ့သည် အန္တရာယ်ရှိနေကြောင်း အာရုံခံမိသဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။ ဤသူမှာ သာမန် အဆင့် (၇) ကူသခင်တစ်ဦး မဟုတ်သည်မှာ သေချာလှသည်။ မဟုတ်ပါက ဤလမ်းကြောင်းကို ပိတ်ဆို့ရန် ဝံ့ရဲမည် မဟုတ်ချေ။

သူသည်လည်း ရက်စက်သူတစ်ဦး ဖြစ်သည့်အလျောက် စကားများစွာ ပြောမနေတော့ဘဲ ချက်ချင်းပင် အမိန့်ပေးလိုက်တော့၏။

“သတ်လိုက်စမ်း”

အုပ်စုအတွင်းရှိ အဆင့် (၇) နတ်ဆိုး နှစ်ကောင်သည် လီယွမ်ထံသို့ ပြေးဝင်တိုက်ခိုက်လိုက်ကြသည်။

ယူဘုရင်သည် ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားရန် ဆန္ဒမရှိဘဲ နောက်ထပ် ပြဿနာများ မဖြစ်ပွားလိုတော့ပေ။ တစ်ဖက်လူမှာ အဆင့် (၇) ကူသခင် တစ်ဦးသာ ဖြစ်သော်ငြားလည်း သူသည် ထွက်ပြေးရန်သာ အာရုံစိုက်ထားသည်။

“ငါတို့ ဒီကို ရောက်နေမှတော့... ရှောင်ချိုက် ၊ ဝူမေ့ လှုပ်ရှားကြစို့”

လီယွမ်သည် တောင်ထိပ်ပေါ်မှ ခုန်ချလိုက်သည်။

ဧရာမ ပင့်ကူမျှင်များမှာ ပိတ်ကား တစ်ခုနှယ် ဖြန့်ကျဲသွားပြီး တောင်လမ်းကို လုံးဝ ပိတ်ဆို့လျက် ပိုးအိမ်ကြီးတစ်ခုကို ရက်လုပ်လိုက်တော့၏။ ရှောင်ချိုက်သည်လည်း ပါးစပ်ကို ဟကာ ငါးရောင်ခြယ် ထူးဆန်းမီးတောက်များကို မှုတ်ထုတ်လိုက်သည်။

“ငါးရောင်ခြယ် မီးတောက်စပါးအုံးလား”

လင်းယွဲ့သည် အံ့အားသင့်ခြင်း မရှိဘဲ ဝမ်းသာအားရ ဖြစ်သွားရတော့၏။ ဤအရာမှာ သူ့အတွက်တော့ အလွန်ကောင်းမွန်သော အာဟာရတစ်ခုပင် မဟုတ်ပါလော။ သူသည် ချက်ချင်းပင် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ၎င်းအား သိမ်းပိုက်ရန် ကြံစည်လိုက်သည်။

သူသည် ပါးစပ်ကို ဟကာ လေကို ပြင်းထန်စွာ ရှူသွင်းလိုက်တော့၏။ ထိုမီးတောက်များကို သူ၏ ပါးစပ်အတွင်းသို့ စုပ်ယူပစ်လိုက်ခြင်းပင်။

“နှိမ်နင်းခံလိုက်ရတာလား...”

လီယွမ်က အားကိုးရာမဲ့စွာဖြင့် ရေရွတ်လိုက်သည်။

“ရှောင်ချိုက်... မင်း ဘာလို့ ဒါကို ဒီလောက်တောင် လိုချင်နေရသလဲဆိုတာ မဆန်းတော့ပါဘူး.. ငရဲမီးလျှံဆိုတာ တကယ်ကို ကောင်းတဲ့အရာပဲ”

“ဝုန်း”

တိုက်ပွဲနှင့် ဝေးကွာနေသည်မှာ ကြာပြီဖြစ်သော ဘီလူး ဝိညာဉ်ကူကောင်သည် တိုက်ခိုက်လိုစိတ်များ ပြင်းပြနေခဲ့တော့၏။ သူသည် ချက်ချင်းပင် လီယွမ်၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ပူးကပ်လိုက်ပြီး အစကတည်းက အစွမ်းကုန် ထုတ်ဖော်တိုက်ခိုက်တော့၏။

ဆံပင်များမှာ ထောင်မတ်လာခဲ့ပြီး သွေးစွမ်းအင်များမှာလည်း ပန်းထွက်လာခဲ့ချေပြီ

“မင်းကတော့ သာမန် ကူသခင်တွေနဲ့ မတူဘူးပဲ”

လင်းယွဲ့သည် သူ၏ ဦးခေါင်းကို လှည့်ပတ်လိုက်ပြီး အဆင့် (၇) နတ်ဆိုးတစ်ကောင်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်စေကာ ထိုခန္ဓာကိုယ်ကို ထိန်းချုပ်လိုက်သည်။ ထို့နောက် လီယွမ်နှင့် လက်သီးချင်း ပြင်းထန်စွာ ရိုက်နှက်လိုက်တော့၏။

တစ်ပြိုင်နက်တည်းမှာပင် ဝူမေ့သည်လည်း သူမ၏ နတ်ဘုရားစွမ်းအားကို ထုတ်ဖော်လိုက်သည်။ ပင့်ကူမျှင်များသည် ထက်မြက်လှသော ဓားများနှယ် နတ်ဆိုးများ၏ ရင်ဘတ်နှင့် ဝမ်းဗိုက်များကို ထိုးဖောက်သွားခဲ့ပြီး အဆင့်နိမ့် နတ်ဆိုးအုပ်စုကို ဂျုံပင်များကို ရိတ်သိမ်းသကဲ့သို့ အလွယ်တကူပင် သတ်ဖြတ်ပစ်လိုက်တော့၏။

“မင်းလည်း ထူးခြားတာပါပဲ”

လီယွမ်က လှောင်ပြောင်လိုက်သည်။

“ခေါင်းတစ်လုံးတည်း ကျန်တာတောင် အသက်ရှင်နေတဲ့သူကို ငါ ပထမဆုံး မြင်ဖူးတာပဲ.. ညဇီးကွက်ဘုရင်က မင်းရဲ့ ခွေးခေါင်းကို ဘာလို့ ရိုက်မခွဲပစ်ခဲ့တာလဲ မသိဘူးနော်”

“မင်း သေချင်နေတာပဲ”

ညဇီးကွက်ဘုရင်၏ အကြောင်းကို ကြားလိုက်ရသည်နှင့် လင်းယွဲ့၏ ရင်ထဲတွင် ဒေါသများ ဟုန်းခနဲ ထလာခဲ့တော့၏။

သူတို့နှစ်ဦးမှာ အပြန်အလှန် တိုက်ခိုက်နေကြပြီး တစ်ဦး၏ ထူးခြားလှသော စွမ်းရည်များကို တစ်ဦးက အံ့ဩနေကြသည်။

စကားပုံတစ်ခု ရှိသည် မဟုတ်ပါလော... ‘ငတ်ပြတ်နေတဲ့ ကုလားအုတ် တစ်ကောင်ဟာ မြင်းတစ်ကောင်ထက် ပိုပြီး ကြီးမားတယ်’ ဟူ၍။ ယူဘုရင်တွင် ဦးခေါင်းတစ်လုံးသာ ကျန်တော့သော်လည်း သူသည် မိမိနှင့် မသက်ဆိုင်သော နတ်ဆိုးခန္ဓာကိုယ်ကို အတင်းအကြပ် ထိန်းချုပ်ကာ အဆင့် (၈) နယ်ပယ်နှင့် တန်းတူညီမျှသော စွမ်းအားများကို ထုတ်ဖော်နေခြင်းပင် ဖြစ်တော့၏။

တိုက်ကွက်ပေါင်း ဒါဇင်ချီ အပြန်အလှန် နှီးနှောပြီးနောက် လီယွမ်မှာ တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိပြုမိသွားသည်။

လင်းယွဲ့၏ စွမ်းအားမှာ အလွန်ပင် တည်ငြိမ်ပြီး ခန္ဓာကိုယ်အတွင်း၌ ပုန်းကွယ်နေလေ၏။ သူ မည်မျှပင် အားစိုက်ပါစေ.. တစ်ဖက်လူ၏ ကာကွယ်ရေးကို ဖောက်ထွက်ရန် မလွယ်ကူပါ။ ထက်မြက်လှသော လက်နက်တစ်ခု ရှိမှသာ ဖြစ်နိုင်ပေလိမ့်မည်။

“ကောင်လေး... မင်းမှာ ကြီးမားတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိနေတာပဲ”

လင်းယွဲ့၏ အကြည့်များမှာ နက်ရှိုင်းလှသည်။

“အဲဒီလျှို့ဝှက်ချက်က မင်းကို ယုံကြည်ချက်တွေ ပေးစွမ်းနိုင်ပေမယ့်... မင်းရဲ့ တိမ်လှတဲ့ အမြင်တွေကိုတော့ ကျယ်ပြန့်အောင် မလုပ်ပေးနိုင်ခဲ့ဘူး.. ဧကရာဇ် တစ်ပါးဆိုတာ မင်းလိုလူမျိုး လှုပ်ခါနိုင်တဲ့ အရာ မဟုတ်ဘူးကွ”

“မင်းကတော့ တကယ်ကို ကြွားတတ်တာပဲ”

လီယွမ်က သွားများကို ပေါ်အောင် ဖြဲပြလျက် ရယ်လိုက်သည်။

“ကိုယ့်ကိုယ်ကိုယ် ဧကရာဇ်လို့ ခေါ်နေတာလား.. ငါ့အမြင်မှာတော့ မင်းက ဂျူနီယာညီလေး တစ်ယောက်နဲ့ ပိုတူပါတယ်”

စွမ်းအားကို ပြီးပြည့်စုံစွာ ထိန်းချုပ်နိုင်စွမ်းရှိသော လင်းယွဲ့ကို ကြည့်ရင်း လီယွမ်မှာ တကယ်ပင် ထိတ်လန့်နေမိတော့၏။ ဘီလူး ဝိညာဉ်ကူကောင်၏ ပေါက်ကွဲထွက်လာသော စွမ်းအားမှာ များစွာ အားကောင်းလှသော်လည်း တစ်ဖက်လူကမူ ကျွမ်းကျင်စွာပင် ချေဖျက်နိုင်နေခဲ့သည်။ သို့သော်လည်း လီယွမ်သည် နှုတ်တိုက်ပွဲတွင်တော့ အရှုံးမပေးနိုင်ပေ။

အထူးသဖြင့် ဘီလူး ဝိညာဉ်ကူကောင်၏ အစွမ်းထက်နေသော အခြေအနေတွင် သူ၏ ပါးစပ်မှာ အပြင်းထန်ဆုံးသော တိုက်စစ်လက်နက်ပင် မဟုတ်ပါလော။

လီယွမ်သည် ဓားနတ်သမီးကို ထုတ်ဖော်ပြသရန် မဝံ့ရဲသေးပေ။

ဤသည်မှာ သူ၏ လျှို့ဝှက်လက်နက်ဖြစ်သလို အကြီးမားဆုံးသော လျှို့ဝှက်ချက်လည်း ဖြစ်သည်။ လင်းယွဲ့ကို သေချာပေါက် သတ်ဖြတ်နိုင်မည်ဟု မယုံကြည်မချင်း သို့မဟုတ် သူကိုယ်တိုင်.. သေရေးရှင်ရေး အခြေအနေသို့ မရောက်မချင်း ၎င်းကို အသုံးမပြုနိုင်ချေ။

လင်းယွဲ့မှာလည်း ထပ်တူပင် ထိတ်လန့်နေခဲ့သည်။

နဝမကူနန်းတော်မှ ထိပ်သီးပညာရှင်များနှင့် ဆုံတွေ့မည်ကို စိုးရိမ်သဖြင့် သူ အချိန်အကြာကြီး မဆွဲဝံ့ပေ။ ယခု အခြေအနေနှင့် ဆိုလျှင် သူ ထိုသူတို့ကို ယှဉ်နိုင်မည် မဟုတ်သည်မှာ သေချာလှ၏။

သို့သော်လည်း ရှေ့မှ လူငယ်ကူသခင်မှာမူ အလွန်ပင် ဇွဲကောင်းလှသည်။ သူ၏ နည်းစနစ်များမှာ လင်းယွဲ့နှင့် ယှဉ်လျှင် အများကြီး နောက်ကျနေသော်လည်း သူ၏ ခန္ဓာကိုယ်မှာမူ သန်မာမှုကို အဓိက ကျင့်ကြံထားသော သိုင်းပညာရှင် တစ်ယောက်ထက်ပင် ပိုမို ကြံ့ခိုင်နေသည်။

နှစ်ဖက်စလုံးမှာ ဒေါသများကို အံကြိတ်ကာ ထိန်းထားကြရလေ၏။

“ရွှီး...”

ငါးရောင်ခြယ် မီးတောက်စပါးအုံးလေးမှာလည်း ပျာပျာသလဲ ဖြစ်နေရှာတော့သည်။ သူမသည် မျှော်လင့်ချက်ရော ကြောက်ရွံ့မှုပါ ပြည့်နှက်နေခဲ့တော့၏။ ငရဲမီးလျှံ၏ ဖိနှိပ်မှုကို ခံထားရသဖြင့် သူမသည် လီယွမ်အား ဘာမှ မကူညီနိုင်တော့ပေ။

ဤအခြေအနေတွင် ပင့်ကူဘုရင်မကူကောင်၏ ပင့်ကူမျှင်များမှာလည်း သတ်ဖြတ်ရန်အတွက် မလုံလောက်တော့ဘဲ အကူအညီပေးသည့် ကိရိယာ တစ်ခုအဖြစ်သာ အသုံးဝင်တော့၏။

“ခရမ်းရောင်မီးလျှံ ကုန်းပြင်မြင့်”

နောက်ဆုံးတွင်တော့ လင်းယွဲ့မှာ ထပ်မံ၍ အောင့်မထားနိုင်တော့ပေ။

“ဝုန်း”

သူ၏ မျက်ဝန်းအိမ်များမှ သွေးမျက်ရည်များ စီးကျလာခဲ့ပြီး ကောင်းကင်ဖြစ်စဉ် စွမ်းအားများကို အတင်းအကြပ် အသက်သွင်းကာ သန့်စင်သော နယ်မြေကို ဖွင့်လှစ်လိုက်တော့၏။

လက်ရှိ အခြေအနေတွင် သူသည် ကောင်းကင်ဖြစ်စဉ်ကြောင့် ခန္ဓာကိုယ်အပေါ် သက်ရောက်လာမည့် ကြောက်မက်ဖွယ် ဝန်ထုပ်ဝန်ပိုးကို မခံနိုင်တော့ပေ။ သူသည် ၎င်းကို တစ်ကြိမ်သာ သုံးနိုင်ပြီး အကြာကြီး တောင့်ခံထားနိုင်မည် မဟုတ်ချေ။

မူလကမူ သူသည် ၎င်းအား အသေအလဲ တိုက်ပွဲတွင်မှ အသုံးပြုရန် ကြံစည်ထားသော်လည်း ယခုအခါတွင်မူ ထပ်ပြီး အချိန်မဆွဲရဲတော့ပေ။

အဆင့် (၇) ကူသခင်တစ်ဦးကို သန့်စင်သော နယ်မြေဖြင့် သတ်ဖြတ်ရမည်ဆိုလျှင် ထိုသူ၏ တိုက်ကွက်များမှာ မည်မျှပင် အံ့ဩစရာ ကောင်းနေပါစေ... လင်းယွဲ့အနေဖြင့် အသက်ရှူ (၃) ကြိမ်အတွင်းမှာပင် အခြေအနေကို ဖြေရှင်းနိုင်မည်ဟု ယုံကြည်ချက် အပြည့် ရှိနေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ပင့်ကူမျှင်များမှာ လောင်ကျွမ်းပျက်စီးသွားခဲ့ရလေပြီ။

တောက်လောင်နေသော မီးလျှံများကြားတွင် ခရမ်းရောင် ကုန်းပြင်မြင့်ကြီးတစ်ခုမှာ မြေပြင်မှ ထိုးထွက်လာခဲ့တော့၏။

“ကျွီ ကျွီ...”

ပူပြင်းလှသော အပူရှိန်ကြောင့် ပင့်ကူဘုရင်မကူကောင်မှာ အလွန်အမင်း နာကျင်မှုကို ခံစားလိုက်ရသည်။

“ဝူမေ့... ပြန်လာတော့”

လီယွမ်သည် ပင့်ကူဘုရင်မကူကောင်ကို သူ၏ ရင်ခွင်အတွင်းသို့ ချက်ချင်းပင် ပြန်သိမ်းလိုက်သည်။ လောကကြီးတွင် သူ့အား စိတ်နှလုံး နာကျင်စေမည့် အရာများစွာ မရှိသော်လည်း... ပင်မကူကောင်များ ဒဏ်ရာရရှိခြင်းမှာကား ထိုအရာများထဲမှ တစ်ခုပင် ဖြစ်တော့၏။

၎င်းမှာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ နှစ်ဆသော နာကျင်မှုပင်။

“ဒုန်း”

ကုန်းပြင်မြင့်ထက်တွင် ကြယ်တာရာများ ကြွေကျလာခဲ့တော့၏။

လီယွမ်သည် ပြင်ပကမ္ဘာနှင့် အဆက်အသွယ် လုံးဝ ပြတ်တောက်သွားခဲ့ရပြီး မလှမ်းမကမ်းတွင် လက်ကလေးနှစ်ဖက်ဖြင့် မေးထောက်ကာ ထိုပွဲကို ငေးမောကြည့်နေသော ဓားနတ်သမီးလေးနှင့်သာ သေးငယ်သော ဆက်သွယ်မှုလေးတစ်ခု ကျန်ရှိနေတော့၏။

“အကုန်လုံးကို လောင်ကျွမ်းပျက်စီးစေရမယ်”

လင်းယွဲ့က တိုးညင်းစွာ ဟိန်းဟောက်လိုက်သည်။

အဆုံးမရှိသော စည်းမျဉ်းမီးလျှံများက လီယွမ်၏ ချီသွေးများကိုပင် လောင်ကျွမ်းစေနိုင်၏။ ဘီလူး ဝိညာဉ်ကူကောင်မှာလည်း မကြုံစဖူးသော ရှုံးနိမ့်မှုနှင့် ရင်ဆိုင်ရကာ အင်အားကုန်ခမ်းသွားသဖြင့် လီယွမ်က ပြန်လည် သိမ်းဆည်းလိုက်ရတော့သည်။

“ဟမ့်..စစ်မှန်တဲ့ စွမ်းအားရှေ့မှာတော့... မင်း လုပ်ဆောင်သမျှ အရာအားလုံးက အချည်းနှီးပဲ”

ထိုအခိုက်အတန့်တွင် လင်းယွဲ့သည် သူ၏ ယုံကြည်ချက်များကို ပြန်လည် ရရှိသွားခဲ့လေပြီ။

နဝမနယ်ပယ်သို့ တက်လှမ်းနိုင်ခဲ့ရုံသာ ရှိသေးသည်... ညဇီးကွက်ဘုရင်၏ လက်ထဲတွင် အညှာတာမဲ့စွာ ခြေမွခံခဲ့ရသဖြင့် လောကတွင် ပြိုင်ဘက်ကင်း ဖြစ်ရသည့် အရသာကို ခံစားရန်ပင် အချိန်မရလိုက်ခဲ့ပေ။ ယခုမှသာ သူသည် ကျေနပ်မှုကို ခံစားလိုက်ရတော့၏။

လီယွမ်မှာမူ အလွန်တရာ ဒုက္ခရောက်နေခဲ့တော့သည်။

သန့်စင်သော နယ်မြေအတွင်း၌မူ သူ အသုံးချနိုင်သည့်အရာ ဘာမှ မရှိတော့သလို... လေဟာနယ်ချီစွမ်းအားများပင်လျှင် အခြားသော အရှင်သခင် တစ်ဦး၏ သိမ်းပိုက်ခြင်းကို ခံထားရလေပြီ။

‘ပက်ကျိ... အပျင်းမထူနဲ့တော့ မင်း အလှည့်ရောက်ပြီ’

လီယွမ်သည် သူ၏ စွမ်းအားအားလုံးကို ဆန်းကြယ်ပုံရိပ်ကူကောင်အပေါ်သို့ စုစည်းလိုက်ပြီး ၎င်း၏ စွမ်းအားကုန်ကို ထုတ်ဖော်လိုက်တော့၏။

ထိုအခိုက်အတန့်မှာ ဆန်းကြယ်ပုံရိပ်ကူကောင်သည် သေးငယ်လှသော ပက်ကျိလေးများ အမြောက်အမြားအဖြစ် ကွဲထွက်သွားလေတော့၏။ ၎င်းတို့မှာ ခရမ်းရောင်မီးလျှံ ကုန်းပြင်မြင့်ကြောင့် လောင်ကျွမ်း

ပျက်စီးသွားကြရသော်လည်း ဆက်လက်၍ ကွဲထွက်နေဆဲ ဖြစ်ပြီး လျှို့ဝှက်ချီစွမ်းအား အစုများအဖြစ်သို့ ပြောင်းလဲသွားကြသည်။

“တောင့်ခံထားစမ်း”

လီယွမ်သည် အံကြိတ်ကာ အသေအလဲ တောင့်ခံထားသည်။

ဤသည်မှာ တိုက်ပွဲတစ်ခုအတွင်း သူ ဆန်းကြယ်ပုံရိပ်ကူကောင်နှင့် ဤမျှအထိ နီးကပ်စွာ ပူးပေါင်းရခြင်းမှာ ပထမဆုံးအကြိမ်ပင် ဖြစ်တော့၏။ တဖြည်းဖြည်းနှင့် ပူပြင်းလှသော အပူရှိန်များမှာ လျော့ပါးလာလေပြီ။

သူ့အား ဝန်းရံလျက် ပက်ကျိလေးများ အသွင်ပြောင်းထားသော လျှို့ဝှက်ချီစွမ်းအားများက (၅) ပေခန့် ကျယ်ဝန်းသည့် သေးငယ်သော စက်ဝိုင်းတစ်ခုကို ဖန်တီးလိုက်သည်။

ဤသေးငယ်လှသော စက်ဝိုင်းလေးသည် အံ့ဩစရာကောင်းလောက်အောင်ပင် သန့်စင်သော နယ်မြေ၏ ရိုက်ခတ်မှုများကို တောင့်ခံထားနိုင်ခဲ့လေပြီ။

ဒါကလည်း ဆန်းကြယ်ပုံရိပ်ကူကောင်၏ စွမ်းရည်များထဲမှ တစ်ခုပင် ဖြစ်လေသည်။

အသည်းအသန် အခြေအနေအတွင်း၌ သေးငယ်လှသော နယ်ပယ်တစ်ခုသည် ရှင်သန်နိုင်မည့် လမ်းစတစ်ခုကို ဖော်ဆောင်ပေးလိုက်တော့၏။

All Chapters