မီးလျှံကို လှည့်စားယူခြင်း
Vol. 10 Ch. 120
“ကောင်းတယ်... ပက်ကျိလေး”
လီယွမ်သည် သက်ပြင်းတစ်ချက်ကို ညင်သာစွာ မှုတ်ထုတ်လိုက်သည်။
“မင်း အပျင်းမထူခဲ့လို့ တော်သေးတာပေါ့.. တောင့်ခံထားစမ်းပါဦး... ဟိုကောင့်ရဲ့ ဦးနှောက်ကို ငါတို့ အနိုင်ယူရမယ်”
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
လင်းယွဲ့မှာမူ ဆွံ့အလျက် မှင်သက်နေရတော့၏။ သူသည် ပုံရိပ်ယောင်တစ်ခုအတွင်းသို့ ရောက်ရှိနေသည်ဟုပင် ထင်မှတ်နေမိသည်။ သိုင်းလမ်းစဉ်၏ အထွတ်အထိပ် နယ်ပယ်ကို ဖွင့်လှစ်ထားပြီး နတ်ဆိုးမျိုးနွယ်စု၏ သူတော်စင်ကြီးကိုပင် သူ သတ်ဖြတ်ခဲ့သည် မဟုတ်ပါလော။ သာမန် အဆင့် (၇) ကူသခင် တစ်ဦးက မည်သို့လျှင် တောင့်ခံနိုင်ပါ့မည်နည်း။
ကူသခင် လမ်းစဉ်ဆိုသည်မှာ တကယ်ကို ကောက်ကျစ်စဉ်းလဲလှပေသည်။
လီယွမ်၏ စွမ်းအင်များမှာ လျင်မြန်စွာ ကုန်ခမ်းနေပြီး ဆန်းကြယ်ပုံရိပ်ကူကောင် တည်ဆောက်ထားသော နယ်ပယ်မှာလည်း တဖြည်းဖြည်း တိုက်စားခြင်း ခံနေရတော့၏။
(၅) ပေ၊ (၄) ပေ၊ (၃) ပေ
(၂) ပေ
ဆန်းကြယ်နယ်ပယ်လေးမှာ ပျက်သုဉ်းတော့မည့် အခြေအနေသို့ ဆိုက်ရောက်နေခဲ့လေပြီ။
“ဝုန်း”
လင်းယွဲ့၏ မျက်လုံးတစ်ဖက်မှာ ပထမဆုံး ပေါက်ကွဲထွက်သွားပြီးနောက် သန့်စင်သော နယ်မြေကြီးမှာလည်း ဟိန်းဟောက်သံနှင့်အတူ ကြေမွပျက်စီးသွားရတော့သည်။ လီယွမ် ခံစားနေရသော ဖိအားများမှာလည်း ရုတ်ချည်းပင် လျော့ပါးသွားခဲ့ရပြီး သူ၏ အဝတ်အစားများမှာလည်း ချွေးအေးများဖြင့် ရွှဲနစ်နေခဲ့တော့၏။
“ငါ့အလှည့် ရောက်ပြီဟေ့”
လင်းယွဲ့ ပြန်လည် နာလန်မထူနိုင်သေးသည့် အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ကာ လီယွမ်သည် ပြန်လည်ရှင်သန်ခြင်း ( ပြန်လည် မွေးဖွားခြင်း ) ကူကောင်၏ အစွမ်းဖြင့် လျင်မြန်စွာ အင်အား
ဖြည့်တင်းလိုက်သည်။ သူသည် အသာစီး ရယူလိုက်ပြီး သူ၏ နောက်ကျောမှ ဓားကြီး တစ်လက်ကို ဆွဲထုတ်လိုက်တော့၏။
၎င်းမှာကား အညစ်အကြေး ကင်းစင်သည့် ဓားသန္ဓေသားလောင်း၏ ကနဦး ပုံသဏ္ဍာန်ပင်။ ၎င်းမှာ လက်ရာပြောင်မြောက်မှု မရှိသေးဘဲ ကြမ်းတမ်းလှသော အစအန မထွက်သေးသည့် ဓားမည်းကြီး တစ်လက်သာ ဖြစ်ချေ၏။
“ဝှီး...”
လီယွမ်သည် ဓားဖြင့် ပြင်းထန်စွာ ခုတ်ပိုင်းလိုက်သည်။
လင်းယွဲ့၏ မျက်နှာအမူအရာမှာ ချက်ချင်း ပြောင်းလဲသွားရတော့သည်။ သူသည် အလွန်တရာ ပြင်းထန်လှသော ဘေးအန္တရာယ်ကို အာရုံခံမိလိုက်ခြင်းပင်။ ထုံထိုင်းလှသည်ဟု ထင်ရသော ထိုဓားချက်အတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော ဓားစိတ်ဆန္ဒများ ကိန်းအောင်းနေသည် မဟုတ်ပါလော။
သူသည် သူ၏ ခန္ဓာကိုယ်မှ အတင်းအကြပ် ခွဲထွက်လိုက်ရပြီး ဦးခေါင်းမှာလည်း ထပ်မံ၍ လွင့်ပျံသွားခဲ့ရသည်။ အဆင့် (၇) ကူသခင် တစ်ဦးကြောင့် ဤကဲ့သို့သော အခြေအနေမျိုး ရောက်ရှိခဲ့ရသဖြင့် သူသည် အလွန်ပင် နာကြည်းနေမိတော့၏။
“ဝူမေ့.. သူ့ကို ပိတ်ဆို့ထား”
ပင့်ကူဘုရင်မကူကောင်သည် လီယွမ်၏ ပခုံးပေါ်သို့ လျင်မြန်စွာ တက်လာခဲ့ပြီး ပင့်ကူမျှင်များကို တစ်ဖန် ရက်လုပ်လိုက်ပြန်သည်။ လွင့်ပျံနေသော လင်းယွဲ့၏ ဦးခေါင်းအား ရစ်ပတ်ထားရန် ကြိုးစားလိုက်ခြင်းပင်။
“ငါ့ရှေ့က ဖယ်စမ်း”
လင်းယွဲ့က ဟိန်းဟောက်လိုက်ရင်း သူ၏ နတ်ဘုရားစွမ်းအားများကို ထုတ်ဖော်ကာ ပင့်ကူမျှင်များအားလုံးကို ဖြိုခွဲပစ်လိုက်သည်။ သူ၏ ကျန်ရှိနေသော မျက်လုံးတစ်ဖက်မှာလည်း ပေါက်ကွဲထွက်သွားခဲ့ရတော့၏။
‘နဝမနယ်ပယ်ရဲ့ အဟန့်အတားကို ထိတွေ့ခဲ့တဲ့ နတ်ဆိုးဧကရာဇ် ဆိုတော့လည်း မဆိုးဘူးပဲ.. ဒီလို အခြေအနေမှာတောင် အသက်ရှင်နိုင်သေးတာကိုး’
လီယွမ်မှာ အံ့အားသင့်နေသော်လည်း သူ၏ လက်များမှာကား ရပ်တန့်မသွားပေ။ သူသည် ဆက်တိုက်ဆိုသလိုပင် ခုတ်ပိုင်းနေခဲ့သည်။
“မင်း အစွမ်းထက်လေလေ... ငါ မင်းကို လွှတ်မပေးနိုင်လေလေပဲ”
သာမန် နည်းလမ်းများဖြင့် လင်းယွဲ့၏ ဦးခေါင်းခွံကို ခွဲရန် မလွယ်ကူသော်လည်း အညစ်အကြေးကင်းစင်သည့် ဓားသန္ဓေသားလောင်းမှာမူ ထိုအလုပ်အတွက် အသင့်တော်ဆုံးပင် ဖြစ်တော့၏။
“ချွင်... ချွင်... ချွင်”
လီယွမ်၏ အညှာတာမဲ့သော တိုက်ခိုက်မှုများအောက်တွင် လင်းယွဲ့မှာ ကမောက်ကမ ဖြစ်နေရရှာတော့သည်။ သူ၏ စိတ်အာရုံများမှာလည်း ဝေဝါးနေခဲ့ပြီး ကျယ်ပြန့်လှသော ဓားစိတ်ဆန္ဒများကြောင့် လမ်းပျောက်နေသကဲ့သို့ ခံစားနေရသည်။
“မင်း တကယ်ပဲ ကူသခင် တစ်ယောက်လား”
လင်းယွဲ့မှာ လုံးဝကို တွေဝေသွားခဲ့ရတော့၏။
“ငရဲမီးလျှံကို ခုချက်ချင်း ပေး”
လီယွမ်က ထပ်မံ၍ တိုက်ခိုက်ရင်း အမိန့်ပေးလိုက်သည်။
“ငါ့ကို အရင် လွှတ်ပေးစမ်းပါဦး”
လင်းယွဲ့မှာ အထိနာနေသော်လည်း ခြိမ်းခြောက်ရန်တော့ မမေ့သေးပေ။
“ဒါမှမဟုတ်ရင်တော့... ငါ ဒီငရဲမီးလျှံကို အစွမ်းကုန် ပေါက်ကွဲပစ်လိုက်မယ်.. ဒီတောင်တန်းတစ်ခုလုံးကို မြေလှန်ပစ်ပြီးတော့ ငရဲဘုံအဖြစ် ပြောင်းလဲပစ်လိုက်မယ်.. အဲဒီအခါကျရင် ဘယ်သူမှ အသက်ရှင်မှာ မဟုတ်ဘူး”
အကယ်၍ သူသာ အသက်ရှင်ခဲ့မည်ဆိုလျှင် ကြာပန်းနက် နတ်ဆိုးဧကရာဇ်၏ အကူအညီဖြင့် သူ၏ ခန္ဓာကိုယ်ကို ပြန်လည် တည်ဆောက်နိုင်မည် ဖြစ်သည်။ သူ လုပ်ဆောင်ရမည့် ကိစ္စကြီးများ ကျန်ရှိနေသေးသည် မဟုတ်ပါလော။
သူ သေလို့ မဖြစ်သေးပါ။
ထိုသို့ တွေးမိသည်နှင့် လင်းယွဲ့သည် ရှင်သန်နိုင်မည့် လမ်းစတစ်ခုကို တွေ့ရှိသွားသည့်အလား ဆိုလိုက်သည်။
“မင်းက ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ပါရမီ ထူးလှတာပဲ.. မင်းရဲ့ အနာဂတ်က တောက်ပနေဦးမှာပါ.. အခုလို ကိုယ်လက်အင်္ဂါ မစုံတော့တဲ့ သေခါနီး လူတစ်ယောက်နဲ့တော့ အသေအလဲ တိုက်ခိုက်မနေပါနဲ့ဦး”
“မင်းသာ ငါ့ကို လွှတ်ပေးမယ်လို့ ကတိပေးရင်... ငါ ငရဲမီးလျှံကို မင်းကို သေချာပေါက် ပေးပါ့မယ်”
“ဒါ့အပြင် ငါတို့ နှစ်ယောက်စလုံးက ညဇီးကွက်ဘုရင်ရဲ့ အသုံးချခံတွေချည်းပဲ မဟုတ်လား.. ငါတို့တွေက နယ်ရုပ်တွေပါပဲ.. သူက ငါ့ကိုတင် မဟုတ်ဘူး... နဝမကူနန်းတော်ကိုပါ ပစ်မှတ်ထားနေတာလေ.. အချင်းချင်း ဒုက္ခပေးမနေနဲ့တော့”
သူ မနိုင်တော့မှန်း သိမြင်သွားချိန်တွင် လင်းယွဲ့၏ ဦးနှောက်မှာ ချက်ချင်းပင် လျင်မြန်စွာ အလုပ်လုပ်လာခဲ့တော့သည်။
လီယွမ်မှာ မှင်သက်သွားရပြီးနောက် လင်းယွဲ့၏ တရားမျှတမှု ကင်းမဲ့ပုံနှင့် အတူတူ သေရအောင် ကြံစည်ပုံကို စိတ်ထဲမှ ကြိတ်ကာ ကျိန်ဆဲလိုက်မိသည်။ သူသည် တစ်ဖက်လူနှင့်အတူ အသက်စွန့်ရန် ဆန္ဒမရှိသည်မှာ သေချာလှသည်။
“မင်း ပြောတာလည်း ဟုတ်တာပဲ”
လီယွမ်သည် ချက်ချင်းပင် တိုက်ခိုက်မှုကို ရပ်တန့်လိုက်သည်။
“ငါလည်း သူတစ်ပါးရဲ့ အသုံးချခံ ဖြစ်ရတာကို အမုန်းဆုံးပဲ.. ညဇီးကွက်ဘုရင်နဲ့ကတော့ ငါ အနှေးနဲ့အမြန် စာရင်းရှင်းရဦးမှာပဲလေ”
“မှန်တာပေါ့”
လင်းယွဲ့က ထောက်ခံလိုက်သည်။
“ငါ့ရန်သူရဲ့ ရန်သူဟာ ငါ့ရဲ့ မဟာမိတ်ပဲ မဟုတ်လား.. ငါတို့ကြားက ပဋိပက္ခဆိုတာကလည်း နားလည်မှု လွဲမှားတာလေး တစ်ခုပါပဲ”
“နောင်တစ်ချိန်မှာ ငါတို့တွေ ပူးပေါင်းပြီးတော့ ညဇီးကွက်ဘုရင်ကို ဖြုတ်ချပြီး တာ့ယန်အင်ပါယာကြီးကိုပါ မြေလှန်ပစ်လို့ ရတာပဲလေ.. ဟုတ်တယ် မဟုတ်လား”
အခုတင် အသေအလဲ တိုက်ခိုက်နေကြသော သူနှစ်ဦးမှာ ယခုအခါတွင်မူ ရင်းနှီးသော မိတ်ဆွေများအလား စကားဖောင်ဖွဲ့နေကြလေပြီ။
“တကယ့်ကို ယုတ္တိတန်လှပါတယ်”
လီယွမ်က သဘောတူလိုက်သော်လည်း သူ၏ လက်များမှာကား အလုပ်ရှုပ်နေဆဲပင်။
“ငရဲမီးလျှံကို ပေးစမ်းပါ.. အဲဒါရရင် မင်းကို အခုချက်ချင်း လွှတ်ပေးလိုက်မယ်”
“ကူသခင်တွေဆီမှာ ‘ကတိသစ္စာကူကောင်’ ဆိုတာ ရှိတယ်လို့ ငါ ကြားဖူးတယ်”
လင်းယွဲ့က စမ်းသပ်သည့်အနေဖြင့် ဆိုလိုက်သည်။
“မင်းက ကတိသစ္စာ ဆိုလိုက်စမ်းပါ.. ငရဲမီးလျှံ ရပြီးရင် ငါ့ကို လွှတ်ပေးပါ့မယ်လို့ပေါ့.. ဘယ်လိုလဲ”
သူတို့အားလုံးမှာ ဝါရင့်ပုဂ္ဂိုလ်များ ဖြစ်ကြသည် မဟုတ်ပါလော။ သူသည် တစ်ဖက်လူကို လွယ်လွယ်နှင့် ယုံကြည်မည် မဟုတ်ချေ။ အကယ်၍ သူ အသည်းအသန် အခြေအနေ ရောက်သွားလျှင်ပင်... ငရဲမီးလျှံကို အစွမ်းကုန် ပေါက်ကွဲစေလျက် ဤနေရာအား ငရဲဘုံအဖြစ် ပြောင်းလဲပစ်ရန် သူ ဝန်မလေးပေ။
“ဒါကတော့...”
လီယွမ်က မျက်မှောင်ကြုတ်လိုက်သည်။
အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးနောက်တွင်မှ သူသည် အံကြိတ်ကာ သဘောတူလိုက်တော့၏။
“ညဇီးကွက်ဘုရင်ကတော့ တကယ်ပဲ မုန်းဖို့ ကောင်းတာပဲ.. သူသာ ငါ့ကို ထောင်ချောက်မဆင်ခဲ့ရင် မင်းလို လူမျိုးနဲ့ ငါလည်း မတိုက်ချင်ပါဘူး.. ငြိမ်းချမ်းစွာ အဆုံးသတ်တာကတော့ အကောင်းဆုံး ရလဒ်ပေါ့လေ”
ထိုသို့ ပြောပြီးသည်နှင့် သူသည် သူ၏ အိတ်အတွင်းမှ ကတိသစ္စာ ဘူးသီးလေးကို ထုတ်ယူလိုက်သည်။
“သေချာကြည့်ထား”
လီယွမ်သည် ကတိသစ္စာကူကောင်ကို တစ်ကျိုက်တည်း ဝါးမြိုလိုက်ပြီးနောက် အားကိုးရာမဲ့သော အမူအရာဖြင့် ကျိန်ဆိုလိုက်တော့၏။
“ငါ... ကူသခင် လီယွမ်ဟာ... လင်းယွဲ့ဆီက ငရဲမီးလျှံကို ရရှိပြီးတာနဲ့ သူနဲ့ ပတ်သက်သမျှ အရာအားလုံးကို အဆုံးသတ်ပြီး ဘာဒုက္ခမှ မပေးဘဲ သူ့ကို ဘေးကင်းစွာ ထွက်ခွာခွင့် ပြုပါ့မယ်လို့ သစ္စာဆိုပါတယ်”
“အကယ်၍ ဒီကတိကို ဖောက်ဖျက်ခဲ့မယ်ဆိုရင်... ငါ့ရဲ့ နှလုံးသားကို ကူကောင်ပေါင်း သောင်းနဲ့ချီပြီး ဝါးမြိုတာကို ခံရပါစေ ငါ့ရဲ့ သွေးကြောတွေ အကုန် ပျက်စီးပြီးတော့ သေဆုံးရပါစေ”
ကတိသစ္စာ ဆိုခြင်းမှာ ပြီးမြောက်သွားခဲ့တော့၏။
ကတိသစ္စာကူကောင်၏ ထူးခြားလှသော အငွေ့အသက်များက လေထုအတွင်း၌ ပျံ့လွင့်သွားခဲ့ရာ ကူသခင် မဟုတ်သော လင်းယွဲ့ပင်လျှင် ထိုအချုပ်အနှောင်ကို အသေအချာ ခံစားလိုက်ရသည်။
သူသည် တစ်ခဏမျှ တွေဝေသွားခဲ့၏။ အရာရာတိုင်းမှာ အဆင်ပြေလွန်းနေသည် မဟုတ်ပါလော။
သို့သော်လည်း ၎င်းမှာ ယုတ္တိတန်လှသည်ဟု သူ ယူဆလိုက်မိသည်။
ဤလူငယ် ကူသခင်၏ ပါရမီမှာ တကယ်ကို ကြောက်စရာ ကောင်းလှသည်။ သူသည် တောင်ပိုင်းနယ်စပ်တွင် ပုန်းကွယ်နေခဲ့သဖြင့် လူသိမများခဲ့ခြင်းသာ ဖြစ်ရမည်။ အမှန်တကယ် ယှဉ်ပြိုင်ကြည့်သည့် အခါတွင်မူ ဤလီယွမ် ဆိုသော ကူသခင်မှာ အလယ်ပိုင်းဒေသက ပါရမီရှင်တွေထက်တောင် အများကြီး သာလွန်နေသည် မဟုတ်ပါလော။
အနာဂတ် ခေတ်ကာလသည် ဤကဲ့သို့သော ကူလမ်းစဉ်၏ ထိပ်သီးပုဂ္ဂိုလ်များအတွက်သာ ဖြစ်ပေလိမ့်မည်။
ဤကဲ့သို့သော ပါရမီရှင် တစ်ဦးက ဘာလို့ ညဇီးကွက်ဘုရင်၏ နယ်ရုပ်အဖြစ် အသေခံပါ့မည်နည်း။
“မင်းကတော့... တကယ်ကို အံ့ဩဖို့ ကောင်းတဲ့သူပဲ”
လင်းယွဲ့က ချီးကျူးစကား ဆိုလိုက်သည်။ သူသည် တစ်ချိန်က သူ အထင်သေးခဲ့သော ကူလမ်းစဉ်မှ လူငယ်တစ်ဦးအား ပထမဆုံးအကြိမ် အလေးအနက်ထား၍ ချီးကျူးလိုက်ခြင်းပင်။
“ချီးကျူးတာ များသွားပါပြီ”
လီယွမ်က သူ၏ လက်ကို ဆန့်ထုတ်လိုက်သည်။
“အခု ငရဲမီးလျှံကို ပေးလို့ ရပြီလား”
“ကောင်းပြီလေ”
လင်းယွဲ့သည်လည်း မသေချင်သေးပေ။ လီယွမ်၏ နည်းလမ်းများမှာ အဆုံးမရှိသဖြင့် သူ အသေခံ တိုက်ခိုက်လျှင်ပင် တစ်ဖက်လူကို သတ်နိုင်ရန် မသေချာလှပေ။
လီယွမ်၏ စောင့်ကြည့်မှုအောက်တွင် လင်းယွဲ့သည် ငရဲမီးလျှံကို တစ်စစီ ခွဲထုတ်လိုက်ပြီးနောက် သေးငယ်လှသော မီးတောက်လေး တစ်ခုအဖြစ်သို့ ပြောင်းလဲလိုက်သည်။
“ရှောင်ချိုက်...”
လီယွမ်က ငါးရောင်ခြယ် မီးတောက်စပါးအုံးလေးကို ခေါ်ယူလိုက်သည်။
“ရွှီး”
ရှောင်ချိုက်မှာ အလွန်ပင် စိတ်လှုပ်ရှားနေခဲ့ပြီး ထိုငရဲမီးလျှံကို တစ်ငုံတည်းဖြင့် မြိုချပစ်လိုက်တော့၏။
“မင်းရဲ့ နာမည်က လီယွမ်... ဟုတ်တယ် မဟုတ်လား”
လင်းယွဲ့က ထပ်မံ၍ စကားဆိုလာပြန်သည်။
“ငါ့နောက်ကို လိုက်ဖို့ စိတ်ဝင်စားလား.. ငါ မင်းကို အစွမ်းကုန် ပြုစုပျိုးထောင်ပေးပါ့မယ်.. မင်းရဲ့ ပါရမီနဲ့ဆိုရင် နောင်တစ်ချိန်မှာ ညဇီးကွက်ဘုရင်ထက် မညံ့တဲ့သူ ဖြစ်လာမှာပါ”
“ငါကတော့ အကျိုးအမြတ်ကို အရမ်းကြည့်တတ်တဲ့ သူ”
လီယွမ်က ဖောက်သည်တစ်ဦးနှင့် စကားပြောနေသည့်အလား ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။
“မင်းရဲ့ စိတ်ရင်းကို အရင်ပြရမှာပေါ့.. မင်းနောက် လိုက်ရင် ဘာတွေ ရဦးမှာလဲ”
“ငါ မင်းကို လွတ်လပ်မှု ပေးနိုင်တယ်”
လင်းယွဲ့က လေးနက်သော အသံဖြင့် ဆိုလိုက်၏။
“တောင်ပိုင်းနယ်စပ်မှာဆိုရင် မင်းဟာ အမြဲတမ်း ညဇီးကွက်ဘုရင်ရဲ့ ဖိနှိပ်မှုကို ခံနေရမှာပဲ.. တာ့ယန်အင်ပါယာ ဆိုတာက ကောင်းကင်ကြီးလိုပဲလေ.. မင်း ဘယ်လောက် ပါရမီရှိရှိ... ဟို မင်းသားလေးရဲ့ မြင့်မြတ်တဲ့ သွေးမျိုးဆက်ကိုတော့ ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး”
“ပြောစမ်းပါဦး... အဲဒီ မင်းသားလေးမှာ လောကကြီးကို အုပ်စိုးနိုင်လောက်တဲ့ ဘယ်လို အရည်အချင်းမျိုး ရှိလို့လဲ မင်းသာ အဲဒီနေရာမှာ ထိုင်မယ်ဆိုရင် သူ့ထက် အများကြီး ပိုပြီး လေးစားစရာ ကောင်းဦးမယ်”
“နတ်ဆိုးနယ်မြေမှာတော့ အခြေအနေတွေက မတူဘူး.. နတ်ဆိုးနယ်မြေ ဆိုတာက စွမ်းအားရှိသူသာလျှင် အထွတ်အထိပ် ဖြစ်တဲ့ လွတ်လပ်တဲ့ ကမ္ဘာကြီးပေါ့.. မင်းသာ အစွမ်းထက်မယ်ဆိုရင် နတ်ဆိုးတွေ အားလုံးက မင်းကို သူတို့ရဲ့ အရှင်သခင်အဖြစ် လေးစားကြလိမ့်မယ်”
“မွေးကတည်းက ရှုံးနိမ့်နေပြီးတော့ ဘာမှ ပြန်လှန်လုပ်ပိုင်ခွင့် မရှိတဲ့ တာ့ယန်အင်ပါယာလို မဟုတ်ဘူးလေ”
“မင်းပြောတာတွေ အားလုံးကို ငါ နားလည်ပါတယ်”
လီယွမ်က အလွန်ပင် ထောက်ခံသည့် အမူအရာဖြင့် ဆိုလိုက်သည်။
“ဒါဆို ငါနဲ့ အတူတူ လိုက်မလား”
လင်းယွဲ့က စမ်းသပ်သည့်အနေဖြင့် မေးမြန်းလိုက်၏။
လီယွမ်က သွားများကို ပေါ်အောင် ဖြဲပြလျက် မဲ့ပြုံး ပြုံးလိုက်သည်။
“မင်းပြောတာတွေ အားလုံးကို ငါ နားလည်နေလို့ပဲ... ငါ မလိုက်နိုင်တာပေါ့”
စကားပြောနေရင်းမှာပင် လီယွမ်သည် သူ၏ လက်ထဲရှိ ဓားမည်းကြီးကို ပြန်လည် မြှင့်တင်လိုက်တော့၏။