အစီအမံအတွင်းမှ အစီအမံ
Vol. 10 Ch. 121
“မင်း... ဘာလုပ်နေတာလဲ”
ဦးခေါင်းတစ်ခုတည်းသာ ကျန်တော့သည့် လင်းယွဲ့မှာမူ အသိဉာဏ်များပင် ထုံထိုင်းနေခဲ့တော့၏။
လီယွမ်ကမူ ဘာကိုမျှ ပြန်မပြောဘဲ သူ၏ ဓားမည်းကြီးကို မြှောက်ကာ အားပါပါဖြင့် တစ်ချက် ထပ်မံ ထုနှက်လိုက်သည်။
“ဒုန်း”
“မင်း... မင်းက ကတိကို ဖောက်ဖျက်ရဲတာလား”
လင်းယွဲ့၏ မာကျောလှသော ဦးခေါင်းခွံမှာ မြေပြင်အတွင်းသို့ ချိုင့်ဝင်သွားရတော့၏။
“ဝေါ့...”
လီယွမ်သည် သွေးတစ်လုတ်ကို အန်ထုတ်လိုက်လေရာ သူ၏ သွားများမှာ သွေးရောင်များဖြင့် နီမြန်းသွားခဲ့ရတော့သည်။ သူ၏ အေးစက်လှသော အပြုံးမှာလည်း ပိုမို ကြောက်မက်ဖွယ် ကောင်းနေတော့၏။
“ကူသခင်တွေဆိုတာ အကောက်ကြံရာမှာတော့ အတော်ဆုံးပဲဆိုတာ မင်း မသိဘူးလား”
ကတိသစ္စာကူကောင်၏ ချုပ်နှောင်မှုစွမ်းအားက တကယ်ပင် ပြင်းထန်လှသည်။ နဝမနယ်ပယ်အောက်ရှိ မည်သည့် သိုင်းသမားမျှ ထိုအချုပ်အနှောင်ကို မချိုးဖျက်နိုင်သော်လည်း လီယွမ်ကမူ အမြဲတမ်း ခြွင်းချက် ဖြစ်နေခဲ့သည် မဟုတ်ပါလော။
သူ၏ နှလုံးသားအတွင်း၌ကား ပိုမို အစွမ်းထက်သော ကူကောင်တစ်ကောင် ရှိနေခဲ့၏။ ဒါက အခြားမဟုတ်... ထူးခြားကူကောင် ဖြစ်သည့် ပြန်လည်ရှင်သန်ခြင်းကူကောင် ပင် ဖြစ်တော့၏။
ကတိသစ္စာကို ဖောက်ဖျက်လိုက်ခြင်းကြောင့် ဖြစ်ပေါ်လာသော ပျက်စီးမှုနှုန်းမှာ ပြန်လည်ရှင်သန်ခြင်းကူကောင်၏ ပြုပြင်မှုနှုန်းထက် များစွာ နှေးကွေးလှသည်။ လုံးဝ သာလွန်နေသော ဤစွမ်းအားကြောင့် လီယွမ်အပေါ်တွင် ထိခိုက်မှုမှာကား အလွန်ပင် သေးငယ်လှ၏။
ထို့ကြောင့်ပင် သူသည် လင်းယွဲ့၏ တောင်းဆိုမှုကို ဝံ့ဝံ့ရဲရဲ သဘောတူခဲ့လေ၏။ မဟုတ်ပါက ကျားကို တောင်ပေါ်သို့ ပြန်လွှတ်မည့်အစား ငရဲမီးလျှံ ပေါက်ကွဲသည်ကိုသာ သူ ရွေးချယ်ပေလိမ့်မည်။
“ကတိသစ္စာက မင်းအပေါ်မှာ သက်ရောက်မှု မရှိတာလား”
လင်းယွဲ့မှာ အံ့ဩတုန်လှုပ်လျက် ရှိနေတော့၏။
“မင်းတောင် နတ်ဆိုးလမ်းစဉ်နဲ့ သိုင်းပညာ အဟန့်အတားကို ချိုးဖြတ်နိုင်သေးတာပဲ... လောကမှာ ဖြေရှင်းလို့ မရတဲ့ နည်းပညာဆိုတာ မရှိဘူးဆိုတာ မင်း သိထားသင့်တာပေါ့.. လမ်းကြောင်းတွေ မတူပေမယ့် ပန်းတိုင်ကတော့ အတူတူပဲလေ”
လီယွမ်သည် ဓားမည်းကြီးဖြင့် နောက်ထပ် တစ်ချက် ပြင်းထန်စွာ ထုနှက်လိုက်ပြန်သည်။
ပြင်းထန်လှသော ထုနှက်မှုများအောက်တွင် လင်းယွဲ့၏ ဦးခေါင်းခွံမှာ ကွဲအက်သွားခဲ့ရပြီး ခရမ်းရောင် အလင်းတန်းတစ်ခုမှာ ထိုအက်ကြောင်းကြားမှ လွင့်ပျံထွက်ပေါ်သွားတော့၏။
“ဒီလို လှည့်ကွက်တွေနဲ့တော့ ငါ့လက်ထဲက မင်း လွတ်မှာ မဟုတ်ဘူး”
လီယွမ်က ကြိုတင် ပြင်ဆင်ထားခဲ့သည် မဟုတ်ပါလော။
“ဓားနတ်သမီး... သူ့ကို သတ်..”
မလှမ်းမကမ်းတွင် စောင့်ဆိုင်းနေသော ဓားနတ်သမီးသည် ထိုအမိန့်ကို ကြားသည်နှင့် တစ်ပြိုင်နက် ပျောက်ကွယ်သွားခဲ့လေပြီ။ လေထုအတွင်း၌ နှင်းပွင့်လေးတစ်ပွင့် လွင့်ပျံလာခဲ့၏။
ခရမ်းရောင် အလင်းတန်းမှာ ချက်ချင်းပင် အပိုင်းပိုင်း ပြတ်တောက်သွားခဲ့ရတော့သည်။ ဖြူလွလွ ဂါဝန်ရှည်ကြီးကို ဝတ်ဆင်ထားသော ဓားသူရဲကောင်းမလေးသည် လီယွမ်၏ ဘေးနားတွင် ပြန်လည် ရုပ်လုံးပေါ်လာခဲ့တော့၏။
“မင်း... မင်းက.......”
ခရမ်းရောင် အလင်းတန်းများ ပျောက်ကွယ်သွားချိန်တွင် လင်းယွဲ့၏ ဝိညာဉ်ပုံရိပ်လေး ပေါ်ထွက်လာခဲ့သည်။ သူသည် လီယွမ်၏ ဘေးနားရှိ ဓားနတ်သမီးအား အသေအချာ စိုက်ကြည့်ရင်း အံ့ဩတုန်လှုပ်နေတော့၏။
သူသည်လည်း လောက၏ ထိပ်သီးပညာရှင် တစ်ဦး ဖြစ်သည့်အလျောက် လင်းရှောင်ဓားဂိုဏ်းနှင့် ရင်ဆိုင်ဖူးသလို ဒဏ္ဍာရီလာ နတ်ဓား (၇) လက်၏ ပုံတူများကိုလည်း မြင်ဖူးထားသူ ဖြစ်သည်။ ‘ဓားနတ်သမီး’ ဟူသော အမည်နာမကို သူ မသိဘဲ မနေနိုင်ပေ။
လွန်ခဲ့သော နှစ်အနည်းငယ်က နှစ်ပေါင်း (၃၀၀၀) တိုင်တိုင် အိပ်မောကျနေခဲ့သော ကူအင်မော်တယ်၏ သမီးတော် ပြန်လည် နိုးထလာသည့် ဖြစ်ရပ်မှာ တောင်ပိုင်းနယ်စပ် တစ်ခွင်၌ အလွန်ပင် ကျော်ကြားခဲ့သည် မဟုတ်ပါလော။
လောကသားတို့ သိထားသည်မှာ ဓားနတ်သမီးသည် သေရာမှ ပြန်လည် နိုးထလာပြီး တောက်လောင်နေသော နေမင်းကြီးနှင့် နှင်းပွင့်ကြွေများအဖြစ် အသွင်ပြောင်းကာ နတ်ဆိုးသူတော်စင် တစ်ကောင်အား ဓားတစ်ချက်တည်းဖြင့် အပြင်းအထန် ဒဏ်ရာရစေခဲ့ပြီးနောက် ခြေရာလက်ရာ မကျန် ပျောက်ကွယ်သွားခဲ့ခြင်းပင် ဖြစ်တော့၏။
နှစ်များစွာ ကုန်ဆုံးခဲ့သဖြင့် ထိုအကြောင်းကို ပြောဆိုသူ နည်းပါးသွားခဲ့သော်လည်း... ယခုအခါတွင်မူ ထိုဒဏ္ဍာရီလာ ဓားနတ်သမီးသည် သူ၏ မျက်စိရှေ့မှောက်သို့ အမှန်တကယ် ရောက်ရှိနေခဲ့ချေပြီ။
နတ်ဘုရားမ တစ်ပါးနှယ် ထည်ဝါလှသော ဟန်ပန်.. လွင့်ပျံနေသော နှင်းပွင့်များအလား အေးစက်လှသော နတ်ဓား..။
ဒါက ဓားနတ်သမီးမှလွဲ၍ အခြား မည်သူ ဖြစ်နိုင်ပါဦးမည်နည်း။
“ဓားနတ်သမီး... မင်းဟာ နှစ်ပေါင်း သုံးထောင်တိုင်တိုင် အိပ်စက်နေခဲ့တာလေ.. လောကရေးရာတွေကို ကျောခိုင်းပြီး ဘယ်တော့မှ ပြန်မလာတော့ဘူးလို့ ပြောခဲ့ဖူးတာ မဟုတ်လား.. ဘာဖြစ်လို့ ကျွန်တော့်ရဲ့ ကိစ္စတွေကို ဝင်ရောက် စွက်ဖက်နေရတာလဲ။ ဘာလို့ ကူသခင် တစ်ယောက်ကို ကူညီနေရတာလဲ”
ရှင်သန်လိုစိတ် ပြင်းပြနေသဖြင့် လင်းယွဲ့မှာ ထိုမေးခွန်းကို မမေးဘဲ မနေနိုင်တော့ပေ။
ဓားနတ်သမီးမှာမူ ဘာမှ ပြန်မပြောဘဲ လီယွမ်ကိုသာ စူးစိုက်ကြည့်နေသည်။ ထိုအခါမှသာ လင်းယွဲ့သည် ဓားနတ်သမီး၏ မျက်လုံးများမှာ ဗလာကျင်းနေပြီး နတ်သမီးတစ်ပါးနှင့် မတူဘဲ အသိဉာဏ်မဲ့သူ တစ်ဦးနှင့်သာ ပိုတူနေကြောင်း သတိပြုမိသွားတော့၏။
‘ဒါ... ဒါဆိုရင်...’
သူ၏ စိတ်ထဲတွင် ရဲတင်းလှသော အတွေးတစ်ခု ပေါ်လာခဲ့လေပြီ။
ဓားနတ်သမီးသည် လုံးဝ ပြန်လည် နိုးထလာခဲ့ခြင်း မဟုတ်ပေ။ အမှန်တကယ်တွင်မူ ရှေ့မှ လူငယ်ကူသခင်က သူမအား ခိုးယူသွားပြီး အလောင်းထိန်းကူကောင် တစ်ကောင်အဖြစ် ပြောင်းလဲပစ်ခဲ့ခြင်းသာ ဖြစ်ရမည်..။
အညစ်အကြေးကင်းစင်သော ဓားသန္ဓေသား ကိစ္စမှာလည်း လီယွမ်၏ ကြံစည်မှုသာ ဖြစ်ပေလိမ့်မည်..။
တွေးကြည့်ရုံနှင့်ပင် ကျောချမ်းစရာ ကောင်းလှ၏.. အမှန်တရားကို သိရှိသွားသော လင်းယွဲ့မှာ အလွန်တရာ ထိတ်လန့်သွားရတော့သည်။ တစ်ဖက်လူမှာ အလွန်ပင် လျှို့ဝှက်လွန်းလှသဖြင့် သူ၏ ဝိညာဉ်ပင်လျှင် တုန်ရင်နေခဲ့တော့၏။
၎င်းအပြင် တစ်ဖက်လူ၏ နည်းလမ်းများမှာလည်း သူ သိထားသော ကူသခင်များ၏ အဆင့်ထက် များစွာ သာလွန်လှသည်။ ကူကောင် တစ်ကောင်ချင်းစီမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်နေခဲ့ကြသည် မဟုတ်ပါလော။
အတွေးများအတွင်း နစ်မြုပ်နေစဉ်မှာပင် လီယွမ်သည် လင်းယွဲ့၏ ဝိညာဉ်ပုံရိပ်လေးအား လှမ်း၍ ဖမ်းဆုပ်လိုက်သည်။
“ဟင့်အင်း... ကျွန်တော့်ကို မသတ်ပါနဲ့..”
လင်းယွဲ့က အော်ဟစ်လိုက်သည်။
“ကျွန်တော့်ကို သတ်လိုက်ရင် ကြာပန်းနက် နတ်ဆိုးဧကရာဇ်က မင်းရဲ့ သတင်းအချက်အလက်တွေကို သေချာပေါက် ရသွားလိမ့်မယ်.. အဲဒီအခါကျရင် မင်းကို သူ ဘယ်တော့မှ လွှတ်ပေးမှာ မဟုတ်ဘူးနော်”
“ဪ... ဟုတ်လား”
လီယွမ်က မျက်ခုံးပင့်လိုက်သည်။
“ငါက အခြောက်တိုက် ကြောက်တတ်တဲ့သူလို့ မင်း ထင်နေတာလား”
အမှန်တကယ်တွင်မူ သူ အနည်းငယ်တော့ ထိတ်လန့်သွားမိသည်။
သူ၏ မူလ အစီအစဉ်အရဆိုလျှင် လင်းယွဲ့သည် ညဇီးကွက်ဘုရင်၏ လက်ချက်နှင့်သာ တိုက်ရိုက် သေဆုံးသွားသင့်လေ၏။ ညဇီးကွက်ဘုရင်၏ နည်းလမ်းများအရဆိုလျှင် ဘာအမှားအယွင်းမှ ရှိလိမ့်မည် မဟုတ်ပေ။
ထို့အပြင် လင်းယွဲ့မှာ ကြာပန်းနက် နတ်ဆိုးဧကရာဇ် မွေးမြူထားသော ‘စမ်းသပ်ခံ’ တစ်ဦးနှင့်လည်း တူနေသည် မဟုတ်ပါလော။
ထျန်းယွမ်တိုက်ကြီး၏ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ကြီး နှစ်ဦးစလုံးက လင်းယွဲ့အပေါ်မှာ လက်လှမ်းထားခဲ့ကြသည်ဆိုလျှင်... သူတို့ဆီမှာ နောက်ယောင်ခံလိုက်နိုင်မည့် နည်းလမ်းအချို့ ရှိနေနိုင်သည်မှာ သေချာလှသည်။
“ရှောင်ချိုက်... မင်းကတော့ ငါ့ကို တကယ်ပဲ အလုပ်ပေးလိုက်တာပဲ”
မှားယွင်းသော တွက်ဆချက်တစ်ခုကြောင့် ရှောင်ချိုက်သည် လင်းယွဲ့နှင့် သွားရောက် ထိပ်တိုက်တွေ့ခဲ့လေ၏။ တိုက်ပွဲကတော့ ပြီးသွားပါပြီ... ဒါပေမဲ့ အထောက်အထားတွေကို ဘယ်လို ဖျောက်ဖျက်ရမလဲ ဆိုတာကတော့ ပြဿနာတစ်ခုပဲ မဟုတ်လား..
ငရဲမီးလျှံကို စားသုံးပြီးနောက် ရှောင်ချိုက်သည်လည်း ချက်ချင်းပင် နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့တော့၏။
လီယွမ်သည် ဆန်းကြယ်ပုံရိပ်ကူကောင်၏ စွမ်းရည်များကို ထပ်မံ အသက်သွင်းလိုက်ပြီး သတင်းအချက်အလက်များ အားလုံးကို ဖုံးကွယ်ထားလိုက်သည်။ သူသည် လင်းယွဲ့၏ ဝိညာဉ်ကို စစ်ဆေးကြည့်သော်လည်း ဘာသဲလွန်စမှ မတွေ့ရပေ။ နဝမနယ်ပယ်ရှိ သက်ရှိတို့၏ ရှင်သန်နိုင်စွမ်းကိုသာ သူ ချီးကျူးနေမိတော့၏။
အဆင့် (၉) အတုအယောင် တစ်ယောက်တောင်မှ ဒီလောက်အထိ အစွမ်းထက်နေသည် မဟုတ်ပါလော။
“မသတ်ပါနဲ့... မသတ်ပါနဲ့ဦး... အား.......”
လင်းယွဲ့ကို အသက်ရှင်ခွင့် ပေး၍ မရပေ။ သေချာပေါက် သတ်ပစ်ရမည်သာ။ အကျိုးဆက်များကိုတော့ နောက်မှသာ သူ ဆက်လက် ဖြေရှင်းလိုက်တော့မည်။
“ဝုန်း..”
လီယွမ်က လက်သီးကို တင်းကြပ်စွာ ဆုပ်လိုက်သည်နှင့် လင်းယွဲ့၏ ဝိညာဉ်ပုံရိပ်လေးမှာ လုံးဝ ကြေမွပျက်စီးသွားရလေတော့၏။ ထိုသို့ ပျက်စီးသွားသည့် အခိုက်အတန့်မှာပင် အလင်းလုံး (၂) လုံးမှာ ဘွားခနဲ ပေါက်ကွဲထွက်ပေါ်လာခဲ့တော့၏။
ကြာပန်းနက် တစ်ပွင့်နှင့် ညဇီးကွက်၏ ပုံရိပ်ယောင် တစ်ခုတို့ပင် ဖြစ်တော့၏။
“တကယ်ပဲကိုး..”
လီယွမ်၏ မျက်နှာမှာ မည်းမှောင်သွားရတော့၏။ သူ အဆိုးဆုံးဟု ထင်ထားသည့် အရာက တကယ် ဖြစ်လာခဲ့တော့၏။
ညဇီးကွက်ဘုရင်သည် ကျားကို တောင်ပေါ်သို့ ဘယ်တော့မှ ပြန်လွှတ်မည့်သူ မဟုတ်ကြောင်း သူ သိထားခဲ့သည်။ လင်းယွဲ့မှာ နဝမနယ်ပယ်သို့ ရောက်ရှိရန် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း... သေဆုံးသွားသည်အထိ သူသည် နယ်ရုပ်တစ်ရုပ်သာ ဖြစ်ခဲ့ရရှာသည် မဟုတ်ပါလော။
သူသည် အစကတည်းက ညဇီးကွက်ဘုရင်နှင့် ကြာပန်းနက် နတ်ဆိုးဧကရာဇ်တို့၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိနေခဲ့လေ၏။
ဤအချက်က လီယွမ်အား ထိတ်လန့်သွားစေခဲ့သည်။ လင်းယွဲ့ကဲ့သို့သော ပုဂ္ဂိုလ်မျိုးပင်လျှင် ငါးစာအဖြစ် အသုံးချခံနေရသည်ဆိုပါက... သူကိုယ်တိုင်ကော ထိုထောင်ချောက်အတွင်းသို့ ရောက်ရှိနေပြီလား ဆိုသည်ကို သူ မသေချာတော့ပေ။
သူ့ကို တိတ်တဆိတ် စောင့်ကြည့်နေသော မျက်လုံးတစ်စုံ ရှိနေပြီလား..
“တကယ်ကို ကြောက်စရာ ကောင်းတာပဲ”
လီယွမ်မှာ တစ်ကိုယ်လုံး တုန်ရီသွားရတော့၏။ သူသည် ပေါ်ထွက်လာသော ကြာပန်းနက်နှင့် ညဇီးကွက် ပုံရိပ်ယောင်တို့ကို စိုက်ကြည့်လိုက်သည်။
“မင်းတို့က ငါ့ကို ခြိမ်းခြောက်နေမှတော့... ငါလည်း မင်းတို့ကို သတ်ပစ်ရုံပဲ ရှိတော့တာပေါ့.. ဓားနတ်သမီး... တစ်ယောက် တစ်ခုစီ တိုက်ကြမယ်ဟေ့..”
စကားအပိုများ မပြောတော့ဘဲ လီယွမ်သည် သူ၏ ဓားမည်းကြီးကို မြှောက်ကာ ညဇီးကွက် ပုံရိပ်ယောင်ထံသို့ ပြင်းထန်စွာ ခုတ်ပိုင်းလိုက်သည်။
“ချွင်.....”
ညဇီးကွက် ပုံရိပ်ယောင်မှာ ဝတ်ရုံခြုံထားပြီး မျက်နှာဖုံး စွပ်ထားသော မြင့်မားလှသော ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့လေပြီ။
ဒါကကား ညဇီးကွက်ဘုရင် ပင် ဖြစ်တော့၏..
သူသည် နဂါးဟောက်သံ ကျားဟိန်းသံများနှင့်အတူ လက်သီးချက် တစ်ချက်ကို လီယွမ်ထံသို့ တည့်တည့်မတ်မတ် ပစ်လွှတ်လိုက်သည်။
“ကောင်းကင်တုန်ဟိန်း နတ်ဘုရားလက်သီးလား”
“ဝုန်း..”
ယောကျ်ားဆိုရင်တော့ တိုက်ရမှာပေါ့လေ..။
ဘီလူး ဝိညာဉ်ကူကောင်၏ အစွမ်းများဖြင့် လီယွမ်သည်လည်း နဂါးဟောက်ကျားဟိန်း လက်သီးချက် တစ်ချက်ကို ပစ်လွှတ်ကာ ညဇီးကွက်ဘုရင်၏ ပုံရိပ်နှင့် ထိပ်တိုက် ရင်ဆိုင်လိုက်လေတော့၏။
“တော်သေးတာပေါ့”
တိုက်ကွက်တစ်ခု ဖလှယ်ပြီးနောက် လီယွမ်မှာ သက်ပြင်းချနိုင်သွားခဲ့သည်။ ၎င်းက ညဇီးကွက်ဘုရင်၏ သိုင်းပညာ အနှစ်သာရ အနည်းငယ်ဖြင့် ဖွဲ့စည်းထားသော ပုံရိပ်ယောင်တစ်ခုသာ ဖြစ်ပြီး အသိဉာဏ် မရှိကြောင်း သူ အတည်ပြုနိုင်ခဲ့လေပြီ။
အညှောက်ပေါက်ကာစမှာတင် ဖျက်ဆီးပစ်နိုင်မည်ဆိုလျှင် လျှို့ဝှက်ချက်မှာ ပေါက်ကြားသွားမည် မဟုတ်ပေ။
“ထပ်ပြီး လာစမ်းပါဦး..”
ညဇီးကွက်ဘုရင်မှာ ခေတ်ပြိုင် သိုင်းလောက၏ ထိပ်သီးပညာရှင် ဖြစ်သည်မှာ မှန်သော်လည်း... ပုံရိပ်ယောင် တစ်ခုတည်းနှင့်တော့ လီယွမ်အား ကြောက်လန့်အောင် မလုပ်နိုင်သေးပေ။ ၎င်းအား သူက လေ့ကျင့်ခန်း တစ်ခုအဖြစ်သာ သတ်မှတ်လိုက်သည်။
အနှေးနှင့် အမြန် ညဇီးကွက်ဘုရင်နှင့် သူ ထိပ်တိုက် ရင်ဆိုင်ရဦးမည် မဟုတ်ပါလော။
အခြားတစ်ဖက်တွင်မူ ဓားနတ်သမီးမှာလည်း အေးစက်ရက်စက်လှသော ဓားသမားတစ်ဦးနှယ် ကြောက်ရွံ့မှုဟူသည်ကို မသိဘဲ တိုက်ပွဲဝင်နေလေ၏။ သူမ၏ ကိုယ်ပေါ်တွင်မူ ပြိုင်ဘက်ကင်းလှသော အရှိန်အဝါများက ဖုံးလွှမ်းလျက် ရှိတော့၏။
ငါဟာ... လောကက ရန်သူအားလုံးကို သုတ်သင်မယ့် ဓားနတ်သမီးပဲ..